Thursday, June 14, 2012

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း(၆) မျိုးမြင့်ချို

0 comments

ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း(၆) မျိုးမြင့်ချို ဇွန် ၁၄ ရက် ၂၀၁၂ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်
သောတရှင်များခင်ဗျား..
ဒီတပတ်တော့ တော်လှန်ရေးကောင်စီလို့ခေါ်တဲ့ ဗိုလ်နေဝင်းစစ်အာဏာသိမ်းအစိုးရတက်လာပြီး ၁၉၆၃ ခုနှစ်မှာ ခေါ်ယူခဲ့တဲ့ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲမတိုင်မီ အနီးကပ်နောက်ခံအခြေအနေတွေကို အကျဉ်းချုပ်တင်ပြချင်ပါတယ်။ ဒီတင်ပြချက်တွေအပြီးမှာ တတိယအကြိမ်မြောက်ပျက်ခဲ့ရတဲ့ ကေအင်န်ယူနဲ့တော်လှန်ရေးကောင်စီအစိုးရကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲအကြောင်း ဆက်လက်တင်ပြပါမယ်။

(၁၉၆၂) ခုနှစ် မတ်လ (၂) ရက်နေ့မှာ ဗိုလ်နေဝင်းခေါင်းဆောင်တဲ့စစ်ဗိုလ်တစ်စုက ဝန်ကြီးချုပ်ဦးနုဦးဆောင်တဲ့ ပထစအစိုးရဆီကနေ ဗြောင်ကျကျအာဏာသိမ်းယူပြီးတဲ့နောက် (၁၉၆၃) ခု ဧပြီလ (၁) ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားမှန်သမျှကို လွှတ်ပေးလိုက်ပြီဖြစ်ကြောင်းနဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့ပါတယ်။ ဒီအမိန့်ဟာ စထွက်တဲ့ (၆၃) ခုနှစ် ဧပြီ (၁) ရက်နေ့ကနေ ဇူလိုင် (၁) ရက်နေ့အထိ တည်စေရမယ်လို့ဆိုထားပါတယ်။ နောက်တော့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ယူပြီး ပြည်တွင်းစစ်အဆုံးသတ်ရေးလုပ်တော့မယ်ဆိုပြီး တွေ့ဆုံဆွေးနွေး ရေးကမ်းလှမ်းဖိတ်ခေါ်ချက်ကို  (၁၉၆၃) ခုနှစ် ဇွန်လ (၁၁) ရက် ညဦးပိုင်းမှာ ရေဒီယိုကနေ  ထုတ်ပြန်ခဲ့ပါတယ်။ ဒီအသံကို ကြားကြားခြင်းတော့ လူတွေဟာ ကိုယ့်နားကိုယ် မယုံနိုင်အောင်ပဲဖြစ်ခဲ့ရပေမဲ့နောက်နေ့ နောက်နေ့တွေမှာလည်း တွေ့ဆုံဆွေးနွေးရေးတွေကို မျက်နှာစုံညီလုပ်ကြမယ်၊ မျက်နှာချင်းဆိုင်စကားပြောကြမယ်ဆိုတာတွေကို အကြိမ်ကြိမ်ကြေညာလာတာဆိုတော့ ငြိမ်းချမ်းရေးဆောင်ရွက်နေသူတွေ၊ လိုလားသူတွေ၊ အဖွဲ့အစည်းတွေအပါအဝင် ပြည်သူတစ်ရပ်လုံးက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ တိုင်းပြည်အေးချမ်းတော့မယ်ဆိုပြီး အားတက်သရော ထောက်ခံခဲ့ကြပါတယ်။

အဲဒီဖိတ်ခေါ်ကြေညာချက်မှာ အချက် (၆) ချက် ပါရှိပါတယ်။
တစ်တချက်က..  ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ဖို့ စိတ်ထက်သန်နေတဲ့တော်လှန်ရေးကောင်စီဟာ နိုင်ငံရေးအရ၊ လူမျိုးရေးအရ လက်နက်ကိုင်တိုက်ခိုက်နေတဲ့အဖွဲ့အစည်းအားလုံးနဲ့ ငြိမ်းချမ်းရေးလက်တွေ့တည်ဆောက်ဖို့ ကမ်းလှမ်းချက်ထုတ်ပြန်ရတာဖြစ်တဲ့အကြောင်း
နှစ်အချက်က.. လွတ်ငြိမ်းချမ်းသာခွင့်နဲ့တင် ငြိမ်းချမ်းရေးတည်ဆောက်ဖို့မလုံလောက်သေးဘူးဆိုရင် ဒါမှမဟုတ် တခြားအကြောင်းကိစ္စတွေ ရှိနေသေးတယ်ဆိုရင် သူတို့အနေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပြဿနာအဝဝကိုကူညီဖြေရှင်းပေးချင်တယ်လို့ ဆိုထားပါတယ်။
သုံးအချက်က..တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင် ဘယ်အချက်တွေပေါ်မှာအခြေခံပြီးဆွေးနွေးမယ်ဆိုတဲ့သဘောနဲ့ ကြိုတင်စည်းကမ်းသတ်မှတ်ချက်မျိုး မထားဖို့နဲ့ အဲသလိုထားတာဟာ လက်တွေ့မှာဘာအကျိုးမရှိတဲ့အပြင် အဟန့်အတားတောင်ဖြစ်နိုင်တယ်လို့ သူတို့မြင်ကြောင်း အတိအလင်းဖော်ပြထားပါတယ်။
နံပတ်လေးအချက်ကတော့..အဲဒါ ကို သဘောတူရင်တော့ နိုင်ငံရေးအရ၊ လူမျိုးရေးအရ တိုက်နေကြတဲ့သူတွေ ဘယ်သူနဲ့မဆို တွေ့ဆုံဖို့အသင့်ရှိနေကြောင်း။
ငါးအချက်ကတော့..တွေ့ဆုံကြရာမှာ သူတို့အနေနဲ့ကတော့ အတိတ်ကဖြစ်ခဲ့တာတွေအတွက် တဦးနဲ့တဦး အပြစ်ဖို့နေတာမျိုးကိုရှောင်မယ်၊ အမြတ်ထွက်မှဆိုတဲ့သဘောမျိုးမထားဘူး၊ အလုပ်သမား၊ လယ်သမား၊ ပြည်သူတွေအရေးကိုသာ အာရုံစိုက်ပြီးလုပ်သွားမယ်လို့ ဆိုပါတယ်။
နောက်ဆုံးအချက်ဖြစ်တဲ့နံပတ် ၆ မှာတော့..အပေါ်မှာပြောခဲ့တာတွေကို သဘောတူလို့ တောထဲကကိုယ်စားလှယ်တွေ လာဆွေးနွေးမယ်ဆိုရင် အသွားအပြန်ခရီးတစ်လျှောက် လုံခြုံရေးကိုတာဝန်ယူပေးမယ်။ ဆွေးနွေးပွဲပျက်သွားခဲ့လို့ တောထဲပြန်ချင်တဲ့ ကိုယ်စားလှယ်တွေကို တောထဲအထိပြန်ပို့ပေးမယ့်အပြင် ပျက်တဲ့နေ့ကစပြီး (၃) ရက်အတွင်း ဖမ်းဆီးတာ၊ တိုက်ခိုက်တာတွေမလုပ်ဖူးလို့ ဖော်ပြထားပါတယ်။

ဒီအနေအထားကနေကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးစကားမပြောခင်မှာ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး တောတွင်းလက်နက်ကိုင်အင်အားစုတွေထဲက လက်နက်ချချင်နေသူတွေအဖို့ လက်နက်ချဖို့အခွင့်အရေး အရင်ပေးတာလို့ပြောရမှာဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာလည်း ချသူတွေချကြပါတယ်။ တောတွင်းအဖွဲ့အစည်းတွေနဲ့ဆက်စပ်ပြီး ထောင်ကျနေကြသူတွေအပြင် အခြားသူတွေလည်းထောင်အပြင်ရောက်လာကြပါတယ်။ ငြိမ်းချမ်းရေးဖိတ်ခေါ်တော့လည်း "လွတ်ငြိမ်းချမ်းသာခွင့်နဲ့မလုံလောက်သေးရင်" ဆိုတဲ့စကားလုံးကို ရည်ရွယ်ချက်ရှိရှိထည့်သွင်းကြေညာခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ ဒီစကားလုံးထည့်သွင်းခဲ့တာကို တောတွင်းလက်နက်ကိုင်အဖွဲ့တချို့က ထောက်ပြဝေဘန်ကြပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့မလုံလောက်လို့ လာဆွေးနွေးကြမှာမဟုတ်ဘဲ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေးအမှန်တကယ်တည်ဆောက်ချင်လို့သာ လာဆွေးနွေးမှာဖြစ်တဲ့အကြောင်းရှင်းလင်းပြပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့မှမလုံလောက်သေးရင်ဆိုတာကို လက်မခံငြင်းဆန်ခဲ့ကြတာတွေလည်း ရှိခဲ့ပါတယ်။ 


နောက်တချက်က "ကြိုတင်စည်းကမ်းသတ်မှတ်ချက်မထားရ" ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဆွေးနွေးပွဲတခုမှာ အထူးသဖြင့်တတိုင်းပြည်လုံး တမျိုးသားလုံးနဲ့ဆိုင်တဲ့အရေးကြီးတဲ့ကိစ္စတွေမှာ ဆွေးနွေးဘက်တွေဟာ နှစ်ဘက်လက်ခံနိုင်မယ့်ဆွေးနွေးပွဲတွေဖြစ်လာဖို့ မဆွေးနွေးခင်မှာဘယ်လိုအခင်းအကျင်းတွေရှိထားရမယ်၊ ဆွေးနွေးတဲ့အခါဘယ်အကြောင်းအရာကို အဓိကထားဦးတည်ဆွေးနွေးကြမယ်၊ ဆွေးနွေးပြီးတဲ့အခါ အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ တိုင်းပြည်ကို ဘာတွေဘယ်လိုချပြကြမယ်ဆိုတဲ့ ကြိုတင်သတ်မှတ်ချက်တွေထားမှရပါတယ်။ ဒါမှလည်း ဆွေးနွေးပွဲတွေဟာ လိုရင်းကိုမြန်မြန်ရောက်ပြီး အေးအေးချမ်းချမ်းနဲ့ပြီးသွားတတ်ပါတယ်။ ဒါ့ကြောင့်ကြိုတင်သတ်မှတ်ချက်တွေထားပြီးမှ ဆွေးနွေးကြရတတ်တဲ့သဘောလည်းရှိပါတယ်။ ခုတော့ တော်လှန်ရေးကောင်စီဘက်က ကြိုတင်သတ်မှတ်ချက်မထားရဘူးဆိုတော့ ပြဿနာက မ စ ခင်မှာကတည်းကကိုက 
ရှိထားပြီးသားလိုဖြစ်နေတာမြင်ရမှာ ဖြစ်ပါတယ်။ နောက်တချက်တော့ အဲဒီကြိုတင်သတ်မှတ်ချက်မထားပဲ ဆွေးနွေးရမယ်ဆိုတာကိုသဘောတူမှလာဆွေးနွေး မတူရင်မလာနဲ့ဆိုတဲ့သဘောပါပဲ။ ပြဿနာက ပိုတောင်ဆိုးသွားစေတယ်လို့ မြင်ပါတယ်။

အဲဒီဖိတ်ခေါ်ချက်နဲ့တဆက်တည်းမှာပဲ အရင်ကကြေညာထားတဲ့  လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင်တွေကို အဆင့်အလိုက် လက်ရဖမ်းပေးနိုင်ရင်၊ ဖမ်းမိအောင်သတင်းပေးနိုင်ရင် ဆုတော်ငွေချီးမြှင့်မယ်ဆိုတဲ့ ကြေညာချက်ကိုလည်း လုံးဝ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တော်လှန်ရေးကောင်စီအမည်နဲ့ ၆၃ ခုနှစ် ဇွန်လ (၁၁) ရက်နေ့မှာ အတိအလင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအချက်ကလည်း နဂိုကထဲကကိုက မလုပ်အပ်တဲ့ကိစ္စဖြစ်တာကတကြောင်း၊ ထင်သလိုရည်မှန်းချက်မပေါက်ခဲ့တာကလည်းတကြောင်း၊  သူတို့သိက္ခာပြန်ဆယ်ချင်တာကလည်းတကြောင်း စတာတွေကြောင့်ပြန်ရုပ်ပေးတာဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ပြန်ရုပ်ပေးတဲ့အတွက် ကောင်းတယ်လို့တော့ဆိုရမှာဖြစ်ပါတယ်။


အဲဒီကြေညာချက်တွေထွက်လာတော့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းအသီးသီးတွေက ထောက်ခံကြောင်း ကြေညာချက်တွေထုတ်ကြ၊ ခြိမ့်ခြိမ့်သဲသဲ လူထုထောက်ခံပွဲကြီးတွေလုပ်ကြနဲ့မို့ တတိုင်းပြည်လုံး ပျော်တပြုံးပြုံးဖြစ်ခဲ့ချိန်လို့ဆိုရင် မှားမယ်မထင်ပါဘူး။


နောက်တပတ်မှာတော့ တော်လှန်ရေးကောင်စီရဲ့ ကြေညာချက်အပေါ် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးရဲ့ ဦးစီးပဲ့ကိုင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ နှုတ်ထွက်စကားနဲ့သဘောထား၊ ထောက်ခံလှုပ်ရှားမှုတွေအကြောင်းနဲ့၊ ဆွေးနွေးပွဲမတိုင်ခင်အခြေအနေတွေကို အကျဉ်းချုပ်တင်ပြပါမယ်။ နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့် 

0 comments:

Post a Comment