ငြိမ်းချမ်းရေးပဲ့တင်သံ အပိုင်း(၅) မျိုးမြင့်ချို၊ ၂ဝ၁၂ ဇွန် (၇) ရက်နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
သောတရှင်များခင်ဗျား…
ဒီတပတ်တော့ အိမ်စောင့်အစိုးရလက်ထက်က ကေအင်န်ယူလို့ခေါ်တဲ့ ကရင်အမျိုးသားအစည်းရုံးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယ အကြိမ်မြောက် ပျက်ပြယ်ခဲ့ရပုံအကြောင်း တင်ပြလိုပါတယ်။
ဖဆပလ အစိုးရအဖွဲ့အတွင်း ဂိုဏ်းဂဏအားပြိုင်မှုတွေဖြစ်လာခဲ့ကြရာမှာ ဦးဗဆွေ ဦးကျော်ငြိမ်းတို့ဦးဆောင်တဲ့ ဖဆပလဆိုရှယ်လစ်အစုအဖွဲ့နဲ့ ဦးနုနဲ့သခင်တင်တို့ဦးဆောင်တဲ့ ဆိုရှယ်လစ်မဟုတ်တဲ့ ဖဆပလအစုအဖွဲ့ဆိုပြီး ထင်ရှားခဲ့ပါတယ်။ အဲဒီအကွဲအပြဲကြောင့်ပဲ နောက်ဆုံးမှာ ဝန်ကြီးချုပ်ဦးနုက တိုင်းပြည်ကို စစ်တပ်ကထိန်းပေးပါဆိုပြီး ဗိုလ်နေဝင်းလက်အာဏာထိုးအပ်ဖို့ ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီ အိမ်စောင့်အစိုးရလက်ထက် (၁၉၅၈-၁၉၆ဝ)မှာ ကေအင်န်ယူနဲ့အိမ်စောင့်အစိုးရတို့ ငြိမ်းချမ်းရေးစကားပြောမယ် ဆိုပြီး (၄) ကြိမ်တိုင်တိုင် ကြိတ်ပြီးဆွေးနွေးခဲ့တာရှိပါတယ်။ တချို့ကလည်း (၃)ကြိမ်လို့ ဆိုပါတယ်။
စတင်ကမ်းလှမ်းတာက အိမ်စောင့်အစိုးရဘက်ကပါ။ အဲဒီအချိန်ဟာ ပြည်တွင်းစစ်သက်တမ်း (၁ဝ) နှစ်မြောက်ချိန်၊ လူထုရဲ့ ငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားမှုတွေဟာလည်း ဒီရေလိုတဟုန်ထိုး တက်နေချိန်ဖြစ်ပါတယ်။ ကေအင်န်ယူနဲ့ အခုလိုကြိတ်ပြီးစကားပြောကြတယ် ဆိုတာက အဲဒီ လူထုလှုပ်ရှားမှုအရှိန်အဟုန်ကို လျှော့ချပစ်ဖို့၊ လူထုကိုအာရုံလွှဲဖို့ဆိုတာထက် အင်အားကြီးထွားလာနေတဲ့ ဗကပရန်ကို ကေအင်န်ယူနဲ့ပေါင်းရှင်းဖို့ ကြိတ်ညှိကြံရွယ်တာလို့လည်း ဆိုကြတာတွေရှိပါတယ်။ အဲဒီအချိန်က ဗကပရဲ့ ခြေကုပ်ရာမြေဟာ မြစ်ဝကျွန်းပေါ် ဖြစ်ပြီး ပဲခူးရိုးမကတော့ အခြေစိုက်ရာဖြစ်ခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ ကရင်အမျိုးသား အများအပြားနေထိုင်ကြသလို ပဲခူးရိုးမဆိုတာ ကလည်း ကရင်ပြည်နယ်နဲ့ ဆက်စပ်နေတာပါ။ အဲဒီအချိန်မှာ ကရင့်လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ဗကပကြားမှာ နိုင်ငံရေး ကိစ္စ မကြေလည်တာတွေရှိနေတယ်ဆိုတာလည်း လူတိုင်းသိနေကြတာဖြစ်ပါတယ်။ ဒီအပေါ်မှာ အိမ်စောင့်အစိုးရက အခြေအနေအပေါ် ရသလောက်အမြတ်ထုတ်ရင်း တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘော ကြံရွယ်အကောင်အထည်ဖော်တာလို့လည်း ကောက်ချက်ဆွဲကြတာတွေရှိပါတယ်။ အိမ်စောင့်အစိုးရရဲ့ ဦးတည်ပစ်မှတ်နဲ့ အဓိကရန်သူက ဗကပ ဖြစ်တာမှန်ပေမယ့်လို့ ကရင့်လက်နက်ကိုင်တော်လှန်ရေးကိုလည်း ဗကပခြေမှုန်းဖို့အတွက် စစ်ရေးမဟာမိတ်သဘောမျိုးထားခဲ့တာ မဟုတ်ဘူးလို့တော့ ဆိုရမယ်ထင်ပါတယ်။
နောက်တစ်ချက်က တစ်ဘက်မှာ အစိုးရကသူနဲ့ဆန့်ကျင်ဘက်အင်အားစုတွေအားလုံးကို စစ်ရေးအရအပြုတ်တိုက်ရေးလုပ်နေသလို၊ တစ်ဘက်မှာလည်း အားလုံး လက်နက်ချအညံ့ခံလာရေးကို နိုင်ငံရေးနည်းအရ လုပ်နေတာဖြစ်ပါတယ်။ ရန်ဘက်အချင်းချင်း စစ်ရေး၊ နိုင်ငံရေးနည်းတွေသုံးပြီး သူနိုင်ကိုယ်နိုင် လုပ်ကြတာမဆန်းဘူးလို့ ပြောရင်ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးမဟုတ်တဲ့ နည်းနာတွေသုံးပြီးလုပ်ကြတာဆိုရင်တော့ လုပ်သူရော အလုပ်ခံရသူမှာပါ ဂုဏ်သိက္ခာထိခိုက်စရာတွေ ဖြစ်တတ်ပါတယ်။ အိမ်စောင့်အစိုးရ မတိုင်မီကတည်းကပဲ ဖဆပလအစိုးရဟာ လက်နက်ကိုင်အင်အားစု ခေါင်းဆောင်ပိုင်းတွေကို ဖမ်းပေးနိုင်ရင်၊ ဖမ်းမိအောင်သတင်းပေးနိုင်ရင် ဆုတော်ငွေဘယ်ရွေ့ဘယ်မျှပေးမယ်ဆိုပြီး လူဆိုးသူခိုးနဲ့ တောပုန်းဓါးမြတွေကို လုပ် သလိုမျိုး ဖမ်းဝရမ်းနဲ့စာကပ် သိက္ခာချတာတွေ လုပ်ခဲ့ပါတယ်။ အဆင့်အလိုက် ဆုငွေအနည်းအများနဲ့ သတ်မှတ်ခဲ့တာပါ။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် (၁၉၅၆) (ကျနော်အသံသွင်းချိန်မှာ(၁၉၆၅) ခုနှစ်လို့ မှားယွင်းပြောမိပါတယ်။ တကယ်က ၁၉၅၆ ဖြစ်ပါတယ်)ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဖဆပလ ပြည်ထဲရေးဝန်ကြီးရဲ့ ကြေငြာချက်မှာ ဗကပဥက္ကဋ္ဌ သခင်သန်းထွန်းအား ဆုငွေတစ်သိန်း၊ ပေါ်လစ် ဗြူရိုအဖွဲ့ဝင် သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်သန်းမြိုင်၊ သခင်ဇင်၊ သခင်ချစ်၊ သခင်ဋ္ဌေးနှင့် ဂိုရှယ် ခေါ် ရဲဘော်ဘတင်တို့အား ဆုငွေ (၅) သောင်းကျပ်ဆိုပြီး ဖော်ပြထားတာတွေ့ရမှာပါ။ နောက်ပိုင်းမတော့ ဗကပ တင်မကတော့ပဲ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက ဗဟိုကော်မတီဝင်နဲ့ အလားတူအဆင့်ရှိသူ မည်သူ့ကိုမဆိုဖမ်းပေးနိုင်ရင် ကျပ်တစ်သောင်း၊ ခရိုင် ကော်မတီအဆင့်ဆိုရင် ကျပ်နှစ်ထောင် ချီးမြှင့်မယ်ဆိုတာတွေအထိ လုပ်လာခဲ့ပါတယ်။ အစိုးရရဲ့ တကယ့်အကြံအစည်ဟာ ခေါင်းဆောင်ပိုင်း တွေကို ဖမ်းဆီးသုတ်သင်ရေးအပြင် နိုင်ငံရေးသိက္ခာချဖို့လည်း ရည်ရွယ်တာပါ။ ဒါပေမဲ့ လက်တွေ့မှာ တကယ်အရေးပါတဲ့ ထိပ်တန်း ခေါင်းဆောင်တယောက်မှ ဖမ်းမိခဲ့တာတော့မရှိခဲ့ပါဘူး။ တစ်ဖက်မှာလည်း ခေါင်းဆောင်ပိုင်းကို ချေမှုန်းတဲ့နည်းရော၊ ရတဲ့နည်းနဲ့ ရသလောက်ဖဲ့ထုတ် ရေးမူကိုပါ ဗိုလ်နေဝင်းက လက်တွေ့ချစမ်းကြည့်တာဆိုတဲ့ အမြင်လည်းရှိပါတယ်။
ကေအင်န်ယူအနေနဲ့ကတော့ ဘာသဘောပဲနဲ့ပဲခေါ်ခေါ် ခေါ်တယ်ဆိုရင်တော့ လက်ခံပြီး သွား ဆွေးနွေးရမှာပဲ။ အောင်မြင်တာ မအောင်မြင် တာကတော့ တစ်ပိုင်းဖြစ်ပါတယ်။ နိုင်ငံတကာအခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင်လည်း ဒီအတိုင်းပဲတွေ့ရမှာပါ။ လက်နက်ကိုင်အင်အားစုတွေမှာ လက်နက်ကိုင်နည်းနဲ့ အပြီးသတ်အောင်ပွဲရယူရေးဆိုတာက လမ်းစဉ်သဘောအရ ရှိကြတာမှန်ပေမယ့် အာဏာရထားသူဘက်က စလာတဲ့ ကမ်းလှမ်းချက်တိုင်းကို အစစ်အမှန်မဟုတ်ဘူးလို့သိနေဦးတောင်မှ ငြင်းပယ်လို့တော့မဖြစ်ပါဘူး။ လက်ခံဆွေးနွေးကြရတာပါပဲ။
ဒီလိုနဲ့ ကေအင်န်ယူက လျှို့ဝှက်ဆွေ့ဆုံဆွေးနွေးကိုလက်ခံလိုက်ပြီး ကိုယ်စားလှယ်အဖွဲ့ဝင်တွေ ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ ဒီနေရာမှာ လျှိုဝှက်ဆွေးဆွေးရေးလို့ ဘာ့ကြောင့်သုံးစွဲရတာလဲလို့ဆိုတာကတော့ အဲ့ဒီဆွေးနွေးပွဲဟာ တိုင်းပြည်ကိုလူထုကိုတရားဝင်အားဖြင့် အတိအလင်းချပြထုတ်ပြန်ပြီး ကျင်းပခဲ့တာမဟုတ်လို့ပါပဲ။ ကေအန်င်ယူရဲ့ကိုယ်စားလှယ်တွေကတော့ ဗိုလ်ချုပ်ကျော်မြသန်းလို့သိကြတဲ့ ဗိုလ်ချုပ်ကော်ထူး၊ စကောလယ်တော၊ ပဒို ဖိုးညော၊ ဗိုလ်ကျင်ဖေနဲ့ ဗိုလ်မြစိန်တို့ပါဝင်ပြီး၊ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရဘက်ကတော့ ဗိုလ်မှူးချုပ်အောင်ကြီး။ ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်မှူးကြီးမောင်ရွှေတို့ဖြစ်ပါတယ်။ ဗိုလ်ဘဖြူ။ ဗိုလ်စံကြည်။ ဗိုလ်မောင်လွင်တို့ကို လည်း လေ့လာသူတွေအနေနဲ့ အတက်ခိုင်းတယ်လို့ဆိုပါတယ်။ ဆွေးနွေးကြတာက ၁၉၆ဝ ခုနှစ် ဖေဖော်ဝါရီလထဲမှာပါ။ ကေအင်န်ယူဘက် က တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ ကရင်ပြည်နယ်ပေးရေးဆိုပြီးတင်တော့ ဗိုလ်အောင်ကြီးတို့ဘက်က သူတို့ကယာယီ အိမ်စောင့် အစိုးရပါ၊ ရွေးကောက်ပွဲအပြီးတက်လာမယ့် နောက်အစိုးရနဲ့ကျတော့မှ အဲဒီကိစ္စပြောပါ၊ လွှတ်တော်ထဲဝင်ပြီး အရေးဆိုပါ၊ တိုက်ပွဲဆင်ပါလို့ ပြောပီး ဖြတ်ချလိုက်တာနဲ့တာနဲ့ ရှေ့ဆက် တက်မရဘူး ဖြစ်သွားပါတယ်၊ ဒါနဲ့ပဲ တပ်ကိစ္စဆက်ပြောကြပြန်ပါတယ်။ အဲဒီကိစ္စမှာလည်း ကေအန်င်ယူဘက်က ကရင်အမျိုးသားများ လက်နက်ကိုင်တပ်မတော် ထားရှိရေးကိုတင်ပါတယ်။ အိမ်စောင့်အစိုးရဘက်က ကရင်တပ်တွေ ကတော့ လက်နက်ခဏကိုင်ထားပါဦး၊ ခေါင်းဆောင်တွေတော့ လက်နက်ချတဲ့သဘောမျိုး သေနတ်တစ်ချို့အပ်ပါဆိုပြီး တောင်းဆိုပါတယ်၊ သဘောကတော့ အောက်ခြေခဏထား ခေါင်းဆောင်တွေ အရင်လက်နက်ချရမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ ဒီအခြေအနေအောက်မှာပဲ နှစ်ဘက်စလုံး အကြိမ်ကြိမ်ဆွေးနွေးကြပေမဲ့ ဘာအဖြေမှထွက်မလာပဲ နောက်ဆုံး ဆွေးနွေးပွဲပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါကတော့ ကေအင်န်ယူနဲ့ အာဏာရအစိုးရ ငြိမ်းချမ်းရေးကိစ္စ ပြောခဲ့တာတွေထဲက ဒုတိယအကြိမ်မြောက် ပျက်ခဲ့ရပြန်တဲ့ ဆွေးနွေးမှုပဲဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော် မျိုးမြင့်ပါခင်ဗျား။
0 comments:
Post a Comment