Sunday, June 24, 2012

မောင်သာနိုး (သို့မဟုတ်) ညီညွတ်ရေးကိုဖြိုခွဲသူ (သစ်ထွန်းကျော်)

1 comments
လူထုဒေါ်အမာ ”မောင်သာနိုးရယ် လက်နက်ချစရာအချိန် ဒီလောက်တောင် ရှားရသလားကွယ်” 
အပတ်စဉ်ထုတ်ဂျာနယ်တွေ ပလူပျံအောင်ထွက်နေချိန်တွင် ဂျာနယ်တချို့ကိုစောင့်ဖတ်သောအကျင့်တခု ရှိနေတတ်၏။ ကြာတော့ အခုလိုစောင့်ဖတ်ခြင်းကိုက စာရေးသူကို အလုပ်တခုလိုဖြစ်နေစေ ခဲ့သည်။ ထိုစောင့်ဖတ်ဖြစ်ခဲ့သော ဂျာနယ်များထဲမှ (၅.၆.၂ဝ၁၂) နေ့ထုတ် New Watch (စောင့်ကြည့်) ဂျာနယ်ပါ ဆောင်းပါးတပုဒ်နှင့် ပတ်သက်၍ ပြောဖို့၊ ဆိုဖို့ရာအကြောင်းတခု ဖြစ်လာခဲ့သည်။ ဆောင်းပါးအမည်က စင်ပြိုင် မင်းသားရူးများ။ ရေးသူက အခြားသူတော့ မဟုတ်၊ မောင်သာနိုး။
ဆောင်းပါးအစက ညီညွတ်ရေးနှင့် စထားခဲ့ပြီး ဆောင်းပါးအလယ်နှင့်အဆုံးတို့တွင်တော့ အဖွဲ့အစည်းအချို့နှင့် ပုဂ္ဂိုလ်တချို့ကို ပုတ်ခတ်ထိခိုက်စော်ကားထားသည်။ အကြောင်းအရာ၊ အဖြစ်အပျက်၊အခြေအနေမှန်တို့ကို ထဲထဲဝင်ဝင်မသိဘဲ လေဖမ်းဒန်းစီးပြီး တာဝန်မဲ့စွာဖြင့် ကလောင်ရမ်းကားထားသည့် ဆောင်းပါးပင်ဖြစ်သည်။ ဖတ်ပြီးလျှင်ပြီးခြင်းပင် မောင်သာနိုးကို အတော်ပင် သနားမိသွားသည်။
ပထမဦးဆုံးက မောင်သာနိုး ပုတ်ခတ်ပြောဆိုချင်သည့်အဖွဲ့အစည်းနှင့်လူပုဂ္ဂိုလ်တို့ကို နာမည်နှင့် ဗြောင်ထုတ်ပြီးပြောရဲသည့်သတ္တိ မရှိတာဖြစ်သည်။ ဒုတိယတခုက အမျိုးသားခေါင်းဆောင်နှင့် သူ့သမီး လူထုခေါင်းဆောင်ကို အောင်ဆန်းသမီးဟု ရိုင်းရိုင်းစိုင်းစိုင်း သုံးနှုန်းထားသည့်ကိစ္စဖြစ်သည်။ နောက်တချက် က အခုလိုရေးသားပြောဆိုမှုတွေဟာ ဘယ်သူ့ကိုအကျိုးရှိစေပြီး ဘယ်သူ့ကိုအကျိုးမဲ့စေသလဲ။ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဘယ်သူတွေအတွက် တကယ်လက်တွေ့မှာ ဘာတွေဆောင်ရွက် ပေးနေလဲဆိုတာကို မစဉ်းစားနိုင်လောက်အောင်နိမ့်ကျနေသည့် မောင်သာနိုး၏ဆင်ခြင်စဉ်းစားမှုပင် ဖြစ်သည်။ အမှန်တော့ မောင်သာနိုးကို ဝန်းကျင်ကြီးတခုလုံးက ဘေးမဲ့ပေးထားတာကြာပြီဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်တချို့ကိုသိရှိအောင် နောက်ကြောင်း အနည်းငယ် ပြန်လှန်ချင်သည်။
လွန်ခဲ့သော (၂၄) နှစ်ကျော် (၁၉၈၈) ခုနှစ်က တပြည်လုံးအုံကြွခဲ့သော ၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်။ ဗိုလ်နေဝင်းဦးဆောင်ခဲ့သည့် မ.ဆ.လ တပါတီအာဏာရှင်စနစ်ကိုဖြုတ်ချခဲ့ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး၊ ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးတို့ကိုတောင်းဆိုခဲ့ကြသည်။ ထို (၈၈) အရေးတော်ပုံကာလအစပိုင်းနှင့် ဇာတ်ရှိန်မြင့်သည့်ကာလတခုလုံးတွင် ကျောင်းသားလူငယ်များက ဦးဆောင်ခဲ့ပြီး အသက်စတေးစွန့်လွှတ်အနစ်နာခံ၍ ပါဝင်ခဲ့ကြသည်ကို ပြည်သူကသိရှိထားပြီးဖြစ်သည်။ ပြီးခဲ့သောကာလ နိုင်ငံရေးဖြစ်စဉ်များနှင့် ယနေ့ကြုံတွေ့နေရသောနိုင်ငံရေးဖြစ်စဉ် အဖြစ်အပျက်အားလုံး တို့သည် (၁၉၈၈) ခုနှစ်အရေးတော်ပုံ၏အဆက်ပင်ဖြစ်သည်။ တနည်းအားဖြင့် မပြီးဆုံးသော ဒီမိုကရေစီရေးတိုက်ပွဲ၏ လုပ်ငန်းအဆက်လည်းဖြစ်သည်။ ထို (၈၈) အရေးတော်ပုံကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားမှုကလည်း အမြင့်ဆုံးသို့ရောက်လာခဲ့သည်။ ထိုအရေးတော်ပုံက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြားကိုလည်း မွေးထုတ်ပေးခဲ့သည်။
၁၉၈၉-၉ဝ ကျော်ကာလ ဖိနှိပ်မှုများကြောင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အများအပြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။ တချို့လည်း တနယ်တကျေး ရောက်ကုန်ကြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကျပြန်တော့လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းခံခဲ့ရသည်။ ထိုအထဲတွင် ယခု (၈၈) မျိုးဆက်ကျောင်းသားများအုပ်စုလည်း အပါအဝင်ဖြစ်သည်။
ထို့ကြောင့် သူတို့အကြောင်းကိုလည်း တစေ့တစောင်းကြည့်ဖို့လိုမည်ထင်သည်။ သူတို့ထဲမှ ခေါင်းဆောင်အများစုသည် (၁၉၈၈) အရေးတော်ပုံ၏ အစပိုင်းကာလကတည်းက ပါဝင်ခဲ့သူတွေဖြစ်သည်။ နောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင်အသီးသီးတို့တွင် နှစ်ရှည်လများ နေထိုင်လာခဲ့ကြရသူတွေဖြစ်သည်။ အနှစ် (၂ဝ) ကျော်ကြာ ဒုက္ခပေါင်းစုံကိုခါးစည်းခံရဖို့ဆိုလျှင် သာမန်ယုံကြည်မှုတွေ၊ သာမန်ခံယူမှုတွေနှင့်ကျော်ဖြတ်၍မရတော့တာသေချာလောက်သည်ဟု ထင်မိသည်။ ဘဝတွေ ဆုံးရှုံးသွားကြသည်။ အခန့်မသင့်လျှင် အသက်တွေဆုံးရှုံးသွားနိုင်သည်။ သဘောမထားတတ်လျှင် ရူးလည်းသွားနိုင်သည်။
ဒီနေရာတွင် ကိုယ့်ကိုယ်ကိုအထင်ကြီးတတ်သူ မောင်သာနိုးတစ်ယောက်သာ သူတို့လောက်နေရလျှင် ရူးသွားမှာသေချာသည်။ ယခု ပြန်လည်လွတ်မြောက်လာပြန်တော့လည်း မပြီးဆုံးသောသမိုင်းတာဝန်များကို ထမ်းဆောင်နေကြဆဲဖြစ်သည်။ သူတို့ လုပ်စရာရှိသည့်အလုပ်များကို ရဲရဲတင်းတင်း ရှေ့ထွက်လုပ်နေကြသည်။
အခြေအနေကြီးတခုလုံးက ပြောင်းဖို့တောင်းဆိုနေကြသည်ကို အားလုံးကသိနေကြသည်။ သူတို့ အတွင်းတွင် ပြဿနာတွေနှင့်ပတ်သက်၍ အမြင်တွေ၊ သဘောထားတွေ၊ တူချင်မှလည်း တူနိုင်သည်၊ တထပ်တည်း ကျချင်မှကျမည်။ သေချာတာတခုတော့ရှိသည်။ ဖိနှိပ်ချုပ်ချယ်မှုကင်းသည့် လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီလူ့ဘောင်ပေါ်ထွန်းရေးအတွက် ရည်မှန်းချက်က အားလုံးတူညီနေကြသည်။ ထို တူညီမှုအပေါ်တွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ဘယ်သူကမှ အားလို့ ထလုပ်နေကြခြင်းတော့ မဟုတ်။ ထပ်ပြောရလျှင် (၈၈) မျိုးဆက်သည် သမိုင်း၏တာဝန်ကို ဆက်ခံသော Politcal Mendate ရရှိထားသူတွေလည်းဖြစ်သည်။

(၈၈) မျိုး ဆက်ကျောင်းသားအဖွဲ့အစည်းကိုယ်၌ကိုက ယခု မြင်တွေ့နေသူတွေနှင့်သာဆိုင်သည်မဟုတ် (၈၈)
ခုနှစ် ကာလကြီးတခုလုံးတွင်ပါဝင်ခဲ့သူတွေနှင့်ပါဆိုင်သည့် ကိစ္စဖြစ်သည်။ ဒါတွေကို မောင်သာနိုးက 
မနာလိုစိတ်အခံဖြင့် မကျေမနပ်ဖြစ် နေခြင်းပင် ဖြစ်သည်။ 
သူတို့ ဒီကနေ့ လုပ်နေသည့်အလုပ်တွေက စင်ပြိုင်လုပ်နေတာလား၊ လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာလားဆိုတာကို လက်တွေ့အလုပ်တွေကို ဆန်းစစ်ကြလျှင် မြင်နိုင်သိနိုင်သည့် ကိစ္စဖြစ်သည်။ ဒီနေရာတွင် မောင်သာနိုးသိအောင် ထပ်ပြောပြရအုံးမည်။ တူညီသည့် ဘုံအကျိုးစီးပွားပေါ်တွင် ဝန်းရံထောက်ခံဖို့အတွက်တော့ လိုအပ်သည်။ ပါတီတွေ ဖြစ်ချင်ဖြစ်မည်။ အဖွဲ့အစည်းတွေလည်း ဖြစ်ချင်ဖြစ်မည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးအသင်းတွေမှာပင် အရံလူထားပြီး ကစားကြရတာရှိသည်။ ဒီအချက်တွေကို မောင်သာနိုးမသိ၍ပြောနေခြင်းလား၊ သိသိနှင့် ပြောနေခြင်းလားတော့မသိ။

မြန်မာပြည်သူတို့၏ နိုင်ငံရေးအသိက မြင့်မားသည်။ သူတို့၏ လိုအပ်ချက်ကိုဖြည့်ဆည်းပေးမည်ဆိုလျှင် ထောက်ခံ၍ သူတို့လိုအပ်ချက်ကိုဆန့်ကျင်လျှင်၊ သူ့အလိုလို ဖယ်ရှားခြင်းခံသွားရမည်။ ယခုလည်း ပြည်သူလူထုက သူတို့၏ လိုအပ်ချက်ကို တစုံတရာဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းကြောင့်သာ သွားလေရာတွင် ကြိုဆိုထောက်ခံမှုတွေနှင့် ကြုံနေရခြင်းဖြစ်သည်။ တပြိုင်နက်တည်းတွင် သူတို့၏ပေးဆပ်မှုကို အသိအမှတ်ပြုတာကြောင့်လည်းဖြစ်သည်။ ၁၉၈၉-၉ဝ ကာလ အခြေအနေများကြောင့် အချို့နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်းခံလိုက်ရတာတွေရှိသည်။ ထိုထဲတွင် မန္တလေးတွင်အခြေစိုက်သည့် အမျိုးသားနိုင်ငံရေးတပ်စုပေါင်းပါတီလည်း ပါဝင်ခဲ့သည်။ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီသည် ၁၉၈၈ အရေးတော်ပုံကာလအပြီး တိုက်ပွဲကြားထဲကပေါ်လာသောပါတီ ဖြစ်သည်။ တော်ဘုရားလေး ဦးအောင်ဇေ၊ ဟံသာဝတီ ဦးဝင်းတင် ယခု NLD (နာယက) ရှေ့နေ ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်ဝင်း စသည့် မြို့လူထုက ယုံကြည်အားထားသော ကျောင်းသားရဲဘော်ဟောင်းတွေ၊ အလုပ်သမား ရဲဘော်ဟောင်းတွေ၊ မြို့မိ၊ မြို့ဖတွေနှင့် ပါဝင်ဖွဲ့စည်းထားသည့် ပါတီဖြစ်သည်။ နာယက (၆) ဦး၊ ဗဟိုအလုပ် အမှုဆောင် (၂၁)ဦး၊ ပေါင်း (၂၇) ဦးဖြင့် ဖွဲ့စည်းထားပြီး မန္တလေးတွင်သာမက ရန်ကုန်တွင်ပါရုံးဖွင့်ပြီး အလုပ်လုပ်ခဲ့ကြသည်။ သည့်နောက် (၁၉၈၉) နောက်ပိုင်းတွင် ပါတီရုံးအပိတ်ခံရပြီး မတရားသင်းကြေညာခြင်းခံခဲ့ရကာ နာယက၊ ဗဟိုအလုပ်အမှုဆောင်၊ အပါအဝင် (၁၆) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထိုအချိန်က ပါတီအလုပ်အမှုဆောင်အများစုနှင့် ပါတီအလုပ်အမှုဆောင်အားလုံးနီးပါး ထိန်းသိမ်းခံရသည်မှာ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီနှင့် ပြည်သူ့တိုးတက်ရေးပါတီနှစ်ခုသာ ရှိခဲ့သည်။


ထပ်ပြောရအုံးမည်။ ၁၉၈၉ မေလက ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်တွင် ”လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏” ဟု အသုံးအနှုန်းကို အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီကပင် ပထမဆုံး သုံးနှုန်းခဲ့သည်။ ထိုပါတီပျက်သွားသည့်အကြောင်းက မောင်သာနိုးပြောသလို ပျက်သွားခြင်းမဟုတ်။ သမိုင်းတကွေ့မှာ ဖုန် ထမထတော့ မသိ။ နိုင်ငံရေး မိုးကြိုးမုန်တိုင်း ဆင်ခဲ့သူတွေဖြစ်၍သာ ပါတီဖျက်သိမ်းခံလိုက်ရခြင်း ဖြစ်သည်။ ထိုထဲတွင် အချို့က ကွယ်လွန်သွားကြပြီဖြစ်သည်။ ဦးဝင်းတင်ဆိုလျှင်လည်း အခုအချိန်ထိ NLD ပါတီတွင် တာဝန်ထမ်းဆောင်နေဆဲပင် ဖြစ်သည်။ သမိုင်းအဆက်ဆက်တွင် အနစ်နာခံမှုတွေ၊ စွန့်လွှတ်မှုတွေက ထုနဲ့ထေး။ အဆိုပါ ပုဂ္ဂိုလ်တွေအနေဖြင့် အခုလို တိုင်းပြည်အတွက် ယုံကြည်မှုအတွက် စွန့်လွှတ်အနစ်နာခံ ဒုက္ခခံနိုင်သည့်အားထုတ်မှုမျိုးကို ကိုယ့်ကိုယ်ကိုအတွက် ကိုယ်ကျိုးစီးပွားကိစ္စသက်သက်အတွက်သာ ဇောက်ချဆောင်ရွက်ခဲ့မည်ဆိုလျှင် ပုဂ္ဂိုလ်တဦးချင်းအနေဖြင့် မောင်သာနိုးထက်မနည်း ချမ်းသာနိုင်သူတွေချည်းပင် ဖြစ်သည်။
နောက် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့သမီးလူထုခေါင်းဆောင်ကို အောင်ဆန်းသမီးဟု သုံးနှုန်းသည့် ကိစ္စပင်ဖြစ်သည်။ အခေါ်အဝေါ်၊ အသုံးအနှုန်းရှိပြီးသား၊ ကျပြီးသားဖြစ်သည်။ ဒါကို မောင်သာနိုးက သူနှင့်ခေတ်ပြိုင်လိုလို၊ သူ့သူငယ်ချင်းလိုလိုနှင့် ပုံဖမ်းထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်ခေတ်ပြိုင် ဆရာဒဂုန်တာရာ တို့၊ ကွယ်လွန်သွားသည့် သခင်အုန်းမြင့်တို့တောင် သခင်အောင်ဆန်း၊ ကိုအောင်ဆန်း ဟုခေါ်ဝေါ်ခဲ့သည်။ ဒါကို မောင်သာနိုး မသိ၍မဟုတ် သိသိနှင့် သုံးထားခြင်းဖြစ်သည်။ မောင်သာနိုးတွင် ဘာဂါရဝတရားမှမရှိ၊ အဂါရဝတရားသာ ရှိသည်။ မောင်သာနိုး ဂါရဝတရားထားခဲ့သည့် ကိစ္စတွေတော့ရှိသည်။ တခြားတော့မဟုတ် မြန်မာပြည်အုပ်စိုးသူ အဆက်ဆက်ကိုတော့ ဘယ်တော့မှ အဂါရဝတရားနှင့် ခေါ်ဝေါ်ဝေဖန်ရေးသားခဲ့ခြင်း တလုံးတပါဒမှ မရှိခဲ့တာဖြစ်သည်။
သည်မှာတွင် မောင်သာနိုးကို ပြန်လည်ဆန်းစစ်ဖို့ လိုမည်ထင်သည်။ မောင်သာနိုး ဘာလဲဘယ်လဲ။ ရှင်းသည်။ ဘာမှလဲ မဟုတ်၊ ဘယ်မှလဲမဟုတ်။ (၁၉၈၈)ခုနှစ် ရှေ့ပိုင်းက မောင်သာနိုး ဘာတွေလုပ်ခဲ့သလဲနှင့် (၁၉၈၈)ခု နောက်ပိုင်းကော မောင်သာနိုး ဘာတွေလုပ်ခဲ့သလဲမေးလျှင် ဖြေစရာ ဘာတခုမှ မယ်မယ်ရရမရှိ။ စစ်ကိုင်းသား၊ (၁၉၅၁) ခုနှစ်မှာ မန္တလေးတက္ကသိုလ် ရောက်ခဲ့သူ၊ ၅၁-၅၃ ကာလအတွင်း မန္တလေး ကျောင်းသားလှုပ်ရှားမှုများတွင် လမ်းကြုံ၍ ခဏတဖြုတ်ပါဖူး ရုံသာ။ (၁၉၅၃) အာက်တိုဘာ ကျောင်းတစ်လ ပိတ်ရေးကိစ္စအပါအဝင် မတော်တဆနှင့် ခဏတဖြုတ်အထိန်းအသိမ်း ခံရခြင်းမျိုးပဲ ရှိခဲ့သည်။ အထိန်းအသိမ်းခံရသည့် ခေတ်ကလည်း ဖ.ဆ.ပ.လ အစိုးရခေတ်။ မောင်သာနိုး အုတ်ရိုးအတွင်း နေထိုင်ဖူးသည့်ရက်တွေကို တွက်လိုက်လျှင် ၈၈ မျိုးဆက်ကလူတွေ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီကပုဂ္ဂိုလ်တွေ အုတ်ရိုးဘေး ရှုးရှုးထိုင်ပေါက်သလောက်တောင် ရက်မရှည်ကြာခဲ့။ ဘာနိုင်ငံရေးယုံကြည်မှုမှ ခိုင်ခိုင်မာမာ မရှိခဲ့။ ထိုခေတ်အခြေအနေကြောင့် ဝဲသလိုလို၊ ရဲသလိုလို။ တကယ်တော့ ဘာမှမဟုတ်။ ဘယ်လူထုအဖွဲ့အစည်းတွင်မှလဲ အလုပ်မလုပ်ခဲ့ဘူး။ ဘယ်လှုပ်ရှားမှုမှလဲ မပါဝင်ခဲ့သူ။ လူထုသတင်းစာတိုက်၌ ခဏတဖြုတ်အရိပ်ဝင်ခိုပြီး အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းတွင် လူလုံးဝင်ပြရုံသာ ရှိခဲ့သည်။
၁၉၇ဝ လောက်ကတည်းက မောင်သာနိုး လူထုဆန့်ကျင်ရေးစကားတွေကို တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး စတင်ပြောနေခဲ့တာဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် မောင်သာနိုး လူထုဆန့်ကျင်ရေး၊ နိုင်ငံရေးဆန့်ကျင်ရေးပြောတာတွေ ပိုများလာခဲ့သည်။ (၁၉၉၃-၉၄-၉၅) ကာလက သူ့သင်တန်းတွင် မကြာခဏ ကြုံတိုင်းပြောတာတခုရှိသည်။ ”ဒီကောင်မလေး ဒီနိုင်ငံရေးမှာ ပါဝင်လို့မရဘူးဆိုတာနှင့် ပွဲကပြီးသွားပြီ” ဆိုသော စကားဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးထိန်းသိမ်းခံနေရချိန် ဖြစ်သည်။
ကာလီနတ်သမီးဆောင်းပါးထွက်လာတော့ လူထုဒေါ်အမာကပင် ”မောင်သာနိုးရယ် လက်နက်ချစရာအချိန် ဒီလောက်တောင် ရှားရသလားကွယ်” ဟုတောင် ပြောယူရတဲ့ အဆင့်ဖြစ်လာခဲ့သည်။ ကြာလာတော့ မောင်သာနိုးကို စာပေအဝန်းအဝိုင်းနှင့် သူတပည့်တွေကပါ ဆန့်ကျင်လာကြသည်။ ဒါ့ကြောင့် သူ့အတွက် နေရာကျဉ်းလာခဲ့သည်။ သာရေး၊ နာရေးနှင့်ဧည့်ခံပွဲအချို့တွင် မလွှဲသာ၍ တွေ့ရလျှင်လည်း သူ့ကို ဆက်ဆံမည့်သူက နတ္ထိ၊ ဧည့်ခံမှုလည်းမရှိ။ အများစုကြီးက ဖယ်ကျဉ်ထားကြသည်။ ဒါကိုက မောင်သာနိုးကို သူ့အသိုင်းအဝိုင်းက ဒဏ်ခတ်ထားခြင်းပင် ဖြစ်သည်။
ချုပ်၍ပြောရလျှင် မောင်သာနိုးအနေဖြင့် မိမိကိုယ်တိုင်က ဘယ်နေရာမှာရှိနေသည်၊ ဘယ်နေရာမှာမှ မရှိတော့သည်ကို သိဖို့လိုမည်။ မောင်သာနိုးတလျှောက်လုံးထားခဲ့သည့် အရင်းခံစိတ်ထားကိုက ပြည်သူ့ဘက်မှာမရှိသည့်အတွက် အခုလို ရေးသားပြောဆိုမှုမျိုးတွေ ဆက်တိုက်လုပ်နေခြင်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေးအခင်းကျင်းကြီးထဲတွင် မောင်သာနိုးတစ်ယောက် ဘယ်ထောင့်၊ ဘယ်နေရာကမှ ပါဝင်ခဲ့ခြင်းမရှိဘဲ သုံးသပ်ဝေဖန်ခွင့်မရှိသည်ကို သိထားရန်လည်းလိုသည်။ လုပ်နိုင်သူတွေက သူ့အလုပ်ကိုသူ တာဝန်သိသိလုပ်နေကြသည်။ အလုပ်လုပ်နေကြသူအားလုံး ညီညီညွတ်ညွတ်ရှိကြဖို့ အရေးကြီးနေချိန်တွင် မောင်သာနိုး၏ဆောင်းပါးက ညီညွတ်ရေးကို ပျက်စီးလိုသည့်ဆန္ဒဖြင့် ရေးထားသည့်ဆောင်းပါး ဖြစ်သည်။ နောက်ဆုံးအနေဖြင့် မောင်သာနိုးကို သတိပေးပြောလိုသည်မှာ ကျီးဘုတ်ရိုသေမှ ဘုတ်ကျီးရိုသေနိုင်မည်။ ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် ရေးသားနေမှုကို ရပ်တန်းကရပ်ဖို့ ဖြစ်သည်။ သို့မဟုတ်ပါက စာပေတရားခွင်၊ လူမှုတရားခွင်နှင့် အမှန်တရား တရားခွင်တို့က မောင်သာနိုးကို ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ဟု ဆိုချင်သည်။
စာရှုသူ ရဲဘော်အပေါင်းတို့အား အသိပေးစေချင်သည်မှာ အသေဝနာစဗာလနံ ဟု …
သစ်ထွန်းကျော်
၆.၆.၂ဝ၁၂
(ယူတာကဒီကဖြစ်ပါတယ်)http://www.naytthit.net/?p=28419

1 comments:

Post a Comment