အမျိုးသားရေးဝါဒနှင့်လူမျိုးစုံဝါဒ(မြသန်းတင့်)
(ယူတာကဒီနေရာကပါ) http://www.maukkha.org/index.php/book-store/essay-maukkha/2149-maukkha-nationalism-and-multiculturism
အမျိုးသားရေးဝါဒသည် ကမ္ဘာ့ရွာကို ပျက်အောင်လုပ်နေသည်၊ ယခင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းမှသည် ချီချင်းညာအထိ ပြိုကွဲအောင် လုပ်နေသည်ဟု နိုင်ငံစုံဝါဒသမားတို့ကပြောကြသည်။ လူမျိုးစုများစုစည်းထားသည့်နိုင်ငံများသည် ပြိုလဲပျက်စီးနေကြသည်။ လူမျိုးစုခွဲထွက်ရေးဝါဒသည် အရှိန်ကောင်းနေသည်။
ယင်းမှာ ဆင်းရဲမွဲတေသည့်အာဖရိကတိုက်တွင်သာ မဟုတ်။ ချမ်းသာသည့် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်မှာပင် ရှိနေသည်။ ၂၄နာရီအတွင်း ကွန်ပျူတာဖြင့်အရောင်းအ၀ယ်လုပ်ပြီး အရင်းအနှီးများတင်ပို့နေသည့် အင်တာနက်ခေတ်တွင် ထိုအချင်းအရာသည် မည်သို့ဖြစ်နိုင်စရာရှိပါသနည်း။
ကမ္ဘာ့ဝါဒပျံနှံ့ရေးသည် ကျွန်တော်တို့ခေတ်တွင်လွှမ်းမိုးတွင်ကျယ်နေသော ဝေါဟာရတစ်ခုဖြစ်၏။ ကျွန်တော်တို့၏ အထင်အမြင်သေးသည့်သဘောထားတွင် လူမျိုးစုံဝါဒသည် ယဉ်ကျေးမှုဟူသောအဓိပ္ပါယ် ထွက်နေပြီး အမျိုးသားရေးဝါဒသည် အရိုင်းအစိုင်းဝါဒဟု အဓိပ္ပါယ်ထွက်နေသည်။
လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးအုံကြွမှုများသည် နားမလည်နိုင်စရာကောင်းသောအရာများ ဖြစ်နေဟန်ရှိ၏။ အာဏာသည် နိုင်ငံတော်မှလျှောကျသွားချိန်တွင် အချုပ်အခြာအာဏာအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေမည်နည်း။
စင်ကာပူလို မြို့ပြနိုင်ငံ၊ တောင်ပိုင်းတရုတ်ပြည်လို ဒေသ၊ မြောက်အမေရိကတိုက်လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် စသည့် တိုက်လုံးဆိုင်ရာကုန်သွယ်မှုအစီအစဉ်တို့သည် နောက်ရာစုသစ်ကြီးများ၏ ကမ္ဘာ့ပုံစံသစ်အတွက်ဆောက်လုပ်မည့် အုတ်အစိုင်အခဲများ ဖြစ်ကြသည်။ အင်တာနက်လှိုင်းလုံးကို စီးလို့ရပါလျက် ယဉ်ကျေးမှုအချုပ်အချာတည်ရှိရေးကို အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။ ကမ္ဘာ့စီးပွားရေး၏ဆက်သွယ်ရေးဘာသာစကားအဖြစ် အင်္ဂလိပ်ဘာသာစကားရှိနေပါလျက် အငယ်စားဘာသာစကားကလေးများ ထိန်းသိမ်းရေးအတွက် အဘယ့်ကြောင့် တိုက်ပွဲဝင်နေဦးမည်နည်း။
ယခုအချိန်တွင်တွင် လူမျိုးစုံဝါဒသမားတို့အဖို့ အမျိုးသားရေးဝါဒသမားတို့ကိုအထင်သေးခြင်းမှရပ်တန့်ရန် အချိန်ရောက်လေပြီ။ နောက်လေယဉ်တစ်စင်းကို စီးရန် ခပ်သုတ်သုတ်သွားနေကြသည့် နိုင်ငံတကာကုမ္ပဏီအုပ်ချုပ်ရေးမှုးများအားလုံးသည် ချမ်းသာပြီးတည်ငြိမ်သောလူမျိုးနိုင်ငံများ၏ နိုင်ငံကူးလက်မှတ်များကို ကိုင်ဆောင်ထားကြမည်မှာ သေချာပါသည်။ သူတို့အဖို့မှာမူ လူမျိုးစုံဝါဒသမားဖြစ်ရန် ကုံလုံကြွယ်ဝပါပေ၏။ နိုင်ငံကူးလက်မှတ်တစ်စောင်နှင့်အတူ အခွင့်အရေးသည် ပါလာတတ်ပါ၏။
အမျိုးသားရေးမာန်ကိုရှုတ်ချခြင်းမပြုမီ ချီချင်းညာလူမျိုးတို့အကြောင်းကို ကျွန်တော်တို့ စဉ်းစားသင့်ပါသည်။ ချီချင်းညာတို့၏မြို့တော်ရှိ သမ္မတနန်းတော်ကို ရုရှတင့်ကားများမှ အမြောက်ဖြင့်ထုရန် လူမျိုးစုံဝါဒသမားများ ဘာကြောင့် အလိုရှိနေကြပါသနည်း။
ကမ္ဘာ့ဝါဒီတို့၏ ထိုဝေါဟာရကို သေသေချာချာစဉ်းစားကြည့်ပါလေ။ ကာလီဖိုးနီးယားပြည်နယ်သားသည် သူ၏ အိမ်သုံးကွန်ပျူတာရှေ့တွင်ထိုင်ကာ တောင်ကိုးရီးယားရှိမိတ်ဆွေတဦးထံ စာတစ်စောင်ရိုက်နေစဉ်၊ အပြင်တွင်ရပ်ထားသော သူတို့ကားများကိုခိုးသွားမည်လားဟု နှစ်ယောက်စလုံး စိတ်တထင့်ထင့် ဖြစ်နေကြရသည်။ သူတို့၏ ကွန်ပျူတာအဆက်အသွယ်ကို လုံခြုံမှု ရှိမရှိကို မည်သူအာမခံပါသနည်း။
ရဲ၊ တရားရုံးများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခေတ်သစ်လူမျိုးနိုင်ငံများ၏ ပုံမှန်အဆောက်အအုံများက အာမခံချက်ပေးနေပါသည်။ ထိုအဆောက်အအုံများမရှိလျှင် ကမ္ဘာ့ရွာသည် ပရမ်းပတာနေရာကြီးအဖြစ်သို့ ရွေ့လျားသွားပေလိမ့်မည်။
ရဲ၊ တရားရုံးများ၊ လက်နက်ကိုင်တပ်ဖွဲ့များနှင့် ခေတ်သစ်လူမျိုးနိုင်ငံများ၏ ပုံမှန်အဆောက်အအုံများက အာမခံချက်ပေးနေပါသည်။ ထိုအဆောက်အအုံများမရှိလျှင် ကမ္ဘာ့ရွာသည် ပရမ်းပတာနေရာကြီးအဖြစ်သို့ ရွေ့လျားသွားပေလိမ့်မည်။
ခေတ်သစ်လူမျိုးနိုင်ငံများအား ခေတ်မမှီတော့ဟုဆိုကာ ကျော်လွှားဖယ်ရှားလို့ မရနိုင်တော့ပါ။ ခေတ်သစ်လူမျိုးနိုင်ငံများကို ပိုပြီးခိုင်မာတောင့်တင်းအောင် လုပ်ရမည်သာဖြစ်ပါသည်။ တတိယကမ္ဘာတွင်မျှသာ မဟုတ်ပါ။ ယင်းမှာ အမျိုးသားရေးဝါဒသမားတစ်ဦး၏ နားလည်ချက်ဖြစ်ပါသည်။
လူမျိုးစုံဝါဒသမားများမှာပင်လျှင် အောက်ခြေပင်မြစ်များ ရှိပါသည်။ ကျွန်တော်တို့၏ ဇာတိအရည်အသွေးသည် ကျွန်တော်တို့ကိုခွဲခြားထားသည့် သင်္ကေတကလေးများပေါ်တွင် မှီတည်နေပါသည်။ ထိုသင်္ကေတကလေးများကို စိတ်ပညာရှင်ဖရွိုက်က အသေးစားကွဲလွဲချက်ကလေးများကို ချစ်ခင်တွယ်တာသော နာစစ်ဆပ်ဝါဒဟု ခေါ်ခဲ့ပါသည်။ ထိုကွဲလွဲချက်ကလေးများသည် အလွန့်အလွန် သေးငယ်ကောင်း သေးငယ်ပါလိမ့်မည်။ အကြောင်းမဟုတ်ပါ။ ထိုကွဲလွဲချက်ကလေးများကိုပင် ကျွန်တော်တို့ ပင်ကိုယ်ဇာတိအရည်အသွေး၏ အမြုတေအဖြစ် သုံးနိုင်ပါသည်။
လူမျိုးစုံဝါဒသမားတို့က လီဗိုင်းဂျင်းအ၀တ်အထည်များနှင့် ဘင်နက်တန်ကုန်ပစ္စည်းများ၊ မက်ဒေါ်နယ် ဟမ်ဘာဂါများနှင့် အိုင်ဘီအမ်စက်မှုသိပ္ပံပစ္စည်းများကြောင့် လူမျိုးများကြားတွင်တည်ရှိနေကြသော အသေးစားကွဲလွဲမှုကလေးများသည် ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်လင့်နေကြပါသည်။ တကယ်ဖြစ်လာသည်မှာ ထိုသို့မဟုတ်။ လူများက ပိုပြီးကြီးမားသောကွဲလွဲချက်များကို အတင်းဖမ်းဆုပ်ထားကြခြင်း ဖြစ်ပါသည်။
ယူဂိုဆလားဗီးယားတွင် ဆန်းပြားပွေလီသော ဥရောပတိုက်သားများဖြင့် ပြည့်နေပါသည်။ သူတို့သည် မာစီးဒီးကားကြီးများကိုမောင်းကာ ဆွစ်ဇာလန်စတိုင် အနားယူဂေဟာများကို ပိုင်ဆိုင်နေကြပါသည်။ အပြင်ပန်းအားဖြင့်ကြည့်လျှင် သူတို့သည် ခရိုအက်များ၊ ဆာ့ဘ်များ ဘောစနီးယားမူဆလင်များ ဖြစ်နေသည်ကိုတွေ့ရပါသည်။ ခေတ်မီရေးလုပ်ငန်းသည် ကျွန်တော်တို့၏ ကြီးမားသောတွယ်တာစွဲလန်းမှုများကိုခွာချပစ်နိုင်ကြောင်း ယူဂိုဆလားဗီးယားများက ပြသနေပါသည်။
အဖိနှပ်ခံလူမျိုးများနှင့်လူမျိုးစုများက သူတို့ကိုယ်သူတို့ ကာကွယ်ခွင့်မရသေးသမျှကာလပတ်လုံး လုံခြုံရေးစိတ်ဓာတ်နှင့် အသိုက်အ၀န်းစိတ်ဓာတ်သည် တည်ရှိဦးမည်သာ ဖြစ်ပါသည်။ ကမ္ဘာ့ပြောင်းလဲမှုသည် ကျွန်တော်တို့ကို နီးစပ်လာအောင်လုပ်ပေးခဲ့သည်မှာ မှန်ပေသည်။
သို့ရာတွင် နီးစပ်လာခြင်းကြောင့်ပင် ကျွန်တော်တို့သည် ကိုယ့်ယဉ်ကျေးမှု ကိုယ့်သမိုင်းနှင့် ကိုယ့်ဘာသာစကား စသည့်ကွဲလွဲချက်များကို ပိုပြီးကာကွယ်ထိန်းသိမ်းလာခဲ့ကြပါသည်။ သို့မှ ကာကွယ်ထိန်းသိမ်းခြင်းမပြုနိုင်လျှင် လူအဖြစ်မှလျှောကျသွားတော့မည်သာ ဖြစ်ပါသည်။
၁၉၈၉ ခုနှစ်တွင် ဘောလ်တစ်ဒေသမှ လူမျိုးစုများ၊ ပိုလန်လူမျိုးစုများ၊ ချက်လူမျိုးများလွတ်လပ်ရေး ရလာသည့်အခါတွင် နိုင်ငံစုံဝါဒသမားများသည် မှန်ကန်စွာသြဘာပေးခဲ့ကြပါသည်။ ယင်းတို့မှာ အမျိုးသားရေးဝါဒတော်လှန်ရေးသမားများ ဖြစ်ကြသည်။ ၁၇၇၆ ခုနှစ်တွင် အမေရိကန်လူမျိုးများ၊ ၁၇၈၉ ခုနှစ်တွင် ပြင်သစ်လူမျိုးများကိုနှိုးဆွခဲ့သည့် လွတ်လပ်မှုနှင့်ဒီမိုကရေစီစသော မျှော်မှန်းချက်များကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ပါသည်။
အမျိုးသားရေးဝါဒတွင်မှားနေသောအချက်မှာ ကိုယ့်အိမ်တွင် ကိုယ်အရှင်သခင် ဖြစ်ချင်သောဆန္ဒ မဟုတ်ပါ။ အိမ်ကို အခြားသူများနှင့်အတူ ရောနှောမနေနိုင်ဟု ငြင်းဆန်နေသည့်ကိစ္စဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ကိုယ်ပိုင်နိုင်ငံရှိရမည်ဆိုသည့် အမှားဖြစ်ပါသည်။ လူမျိုးသန့်စင်ရမည်၊ မျိုးမနှောရဆိုသည့် အမှားဖြစ်ပါသည်။
လူမျိုးစုံဝါဒသမား ဖြစ်စေ၊ အမျိုးသားရေးဝါဒသမား ဖြစ်စေ၊ အရေပြားအောက်က သွေးထဲတွင် မျိုးနှောနေကြပါသည်။ ကျွန်တော်တို့၏ဘိုးဘေးများသည် အတူဝိုင်းဖွဲ့ပြီးအိပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ တကယ်အမှန်ပြောရလျှင် ကမ္ဘာပေါ်တွင်
သွေးမနှောသည့် လူမျိုးသန့်စင်မှုဆိုသည်မှာ မရှိနိုင်ပါ။ ကျွန်တော်တို့သည် ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့လိုမျိုးနှောသူများနှင့် ခွဲဝေမနေနိုင်ပါဟုဆိုလျှင် မည်သို့သော ကံကြမ္မာမျိုးနှင့်တွေ့ရတတ်ကြောင်းကို ယူဂိုဆလားဗီးယားက ပြသနေပါသည်။
လူမျိုးစုံဝါဒသမားများသည် အမျိုးသားရေးဝါဒသမားများအား ဘီလူးသဘက်ကြီးတွေအဖြစ်မျိုး ပြောနေခြင်းကိုရပ်တန့်သင့်ပါပြီ။ အမျိုးသားရေးဝါဒသမားများကလည်း မိမိတို့လူမျိုးတွင် မိမိတို့ကိုယ်ပိုင်နိုင်ငံတော်ရှိရမည်ဆိုသည့်အစွဲကို ဖျောက်သင့်ကြပါပြီ။
ခွဲထွက်ရေးသမားတို့၏စိန်ခေါ်မှုနှင့်ရင်ဆိုင်နေသည့်အခြေခိုင်နေသောနိုင်ငံများသည် အာဏာကိုဖြန့်ခွဲပေးဖို့ လိုပါသည်။ သို့မှသာလျှင် လူမျိုးစုများသည် ခွဲထွက်ခြင်းမပြုဘဲ သူတို့၏ယဉ်ကျေးမှုနှင့်ဘာသာစကားကို ကာကွယ်
စောင့်ရှောက်နိုင်မည် ဖြစ်ပါသည်။
အမျိုးသားရေးဝါဒသမားတို့၏စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရသည့်ဒေသများသည် (တူရကီ၊ အီရတ်၊ အီရန်နှင့် ဆီးရီးယားနယ်စပ်တစ်လျှောက်တွင်နေကြသော ကာဒ့်လူမျိုးစုများကဲ့သို့) နယ်စပ်တစ်လျှောက်တွင် တွဲနေကြရသည့်လူမျိုးစုများအား ခွဲထွက်ခြင်းမပြုဘဲနှင့် ကိုယ်ပိုင်အုပ်ချုပ်မှုပုံသဏ္ဍန်များရရှိနိုင်သည့် နည်းလမ်းများကို ရှာဖွေသင့်ကြပါသည်။
အနာဂတ်ကို လူမျိုးစုံဝါဒသမားများကလည်း မပိုင်ပါ။ သူတို့ချစ်သောနေရာများတွင် တိုက်ပွဲဝင်ရန်အဆင်သင့်ရှိသော၊ သူတို့မရောက်ဖူးသောနေရာများမှသင်ခန်းစာယူရန်အဆင်သင့်ရှိသော လူမျိုးစုံဝါဒသမားများနှင့်လူမျိုးရေးဝါဒသမား နှစ်မျိုးစလုံးဖြစ်ရန်အဆင်သင့်ရှိသော လူထုများကသာ ပိုင်ပါသည်။
ရည်ညွှန်း။ ။Time, Feb 27,1995 မှ Michel Ignatieff ၏ The State of belonging ကို ပြန်ဆိုသည်။
မြသန်းတင့်
0 comments:
Post a Comment