Wednesday, August 31, 2011

ဘဝတူသူတွေအရေးဆွေးနွေးခဲ့တဲ့ ညီလာခံနဲ့စပ်လို့ (၁) (မျိုးမြင့်ချို)

0 comments

Fort Wayne News-Sentinel: Former Burmese political prisoner chosen for U.N. input – Ellie BogueMon 1 Aug 2011 (အဲဒါကို ဆီလျော်အောင်ပြန်ပါတယ်) မျိုးမြင့်ချို
(ကိုယ့်အကြောင်းကိုယ်ပြန်ရတာဆိုတော့ အတော်ခက်ပါတယ်။ ကျနော်အဲဒီညီလာခံတွေမတက်ခင်ကလေးက အဲဒီအကြောင်းကျနော့်ကို သတင်းစာ ၂ စောင်နဲ့ရုပ်မြင်သံကြားအစီအစဉ်တခု လာရိုက်ပါတယ်။ သတင်းစာတစောင်ကရေးတာကို ဘာသာပြန်လိုက်တာပါ။ ကျန်တာတွေလည်း ပြန်ပါမယ်။ နောက်ပြီး အဲဒီညီလာခံတွေမှာ ကျနော် ဘာတွေပြောဆိုဆွေးနွေးဖြစ်ခဲ့တယ် ဆိုတာတွေလည်း ဆက်ရေးသွားပါမယ် ခင်ဗျား)
လက်ရှိ အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့မှာ နေထိုင်နေတဲ့ ဗမာပြည်သားနိုင်ငံရေးဒုက္ခသည် မျိုးမြင့်ဟာ လာမယ့်အပတ် ဝေါ်ရှင်တန်ဒီစီမှာကျင်းပမယ့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကွန်ဂရက်စ်ကို သွားတက်ဖို့အရွေးချယ်ခံရပြီးဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ဒုက္ခသည်တွေအတွက် ပထမဆုံးအကြိမ်အဖြစ် ဒီကွန်ဂရက်စ်ကိုကျင်းပ တာဖြစ်ပါတယ်။ ဒီကွန်ဂရက်စ်ဟာ လွန်ခဲ့တဲ့ အနှစ် ၆၀ ကစလို့ အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကာအကွယ်ရယူနိုင်ခဲ့တဲ့ ဒုက္ခသည် ၃ သန်းလောက်ရဲ့ သဘောထားအမြင်တွေကို ထုတ်ဖေါ်မှုတခုအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ၁၉၅၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်စာချုပ် အနှစ် ၆၀ ပြည့်အခမ်းအနားကိုလည်း တပါတည်းကျင်းပသွား ပါလိမ့်မယ်။ ကွန်ဂရက်စ်ကျင်းပမယ့် ၂ ရက်အတွင်းမှာ ဒုက္ခသည်ရေးရာကိစ္စအများအပြားကို ဦးတည်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပြီးတော့ နည်းလမ်းရှာအဖြေထုတ်သုံးသပ်မှုတွေ လုပ်ကြမှာလည်းဖြစ်ပါတယ်။ ဒီကွန်ဂရက်စ်ကနေထွက်လာမယ့် ဆွေးနွေးအဖြေ ရှာကြံဆမှုတွေကို လာမယ့်လတွေမှာ ဂျီနီဗာမှာကျင်းပမယ့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလုပ်တဲ့ အစိုးရ အဆင့်ဝန်ကြီးများဆွေးနွေးပွဲတွေမှာ၊ အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ၊ ကွန်ဂရက်စ်လွှတ်တော်အတွင်းမှာနဲ့ ဒုက္ခသည်များအရေး ဆောင်ရွက်နေတဲ့ အခြားသောအဖွဲ့အစည်းတွေမှာ၊ အစီအစဉ်တွေမှာ တင်သွင်းကြမှာလည်းဖြစ်ပါတယ်။ ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြသူတွေထဲက တပြည်နယ်တယောက်နှုန်းနဲ့ ကိုယ်စားလှယ် ၅၀ ဦးက ဒီကွန်ဂရက်စ်ကို တက်ရောက်ကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားလူသိများတဲ့ ဒုက္ခသည် ၁၀ ဦးလည်းတက်ရောက်မှာဖြစ်ပါတယ်။

ကွန်ဂရက်ကလုပ်မယ့်အစီအစဉ်တွေထဲမှာ အလုပ်ရုံဆွေးနွေးပွဲ ၄ ခုပါဝင်ပါလိမ့်မယ်။ ကိုယ်စားလှယ်တွေက ဒီအလုပ်ရုံဆွေးနွေးပွဲ တွေကိုတက်ကြပြီး ဒုက္ခသည်များပြန်လည်နေရာချထားရေးကိစ္စတွေမှာ၊ နယ်ပယ်တွေမှာ ခွဲပြီးဆွေးနွေးကြပါလိမ့်မယ်။ အဲဒါတွေ ကတော့ ဒုက္ခသည်စခန်းအသီးသီးကနေ တတိယနိုင်ငံတွေကိုထွက်ခါနီးနဲ့ တတိယနိုင်ငံတွေကို ရောက်စဦးလိုအပ်ချက်များ အရေးကိစ္စ။ ရောက်ပြီးနောက် အမေရိကန်မှာနေထိုင်စဉ်လူမှုရေး၊ စီးပွားရေးနဲ့ယဉ်ကျေးမှုများ ပေါင်းစုံစုစည်းခြင်းဆိုင်ရာ အရေး ကိစ္စ။  အမေရိကန်ပြည်ထောင်စုပြင်ပရှိ (အမေရိကန်မရောက်သေးတဲ့) ဒုက္ခသည်တွေကို ကာကွယ်ကူညီပေးရေးကိစ္စ။ ကွန် ဂရက်စ်နဲ့ကွန်ဂရက်စ်ပြီးနောက် အမေရိကန်ပြည်ထောင်စုရောက် ဒုက္ခသည်များရဲ့သဘောထားအမြင်များကိစ္စ စတာတွေဖြစ်ပါ တယ်။

မျိုးမြင့်ကတော့ အမေရိကန်ပြည်ထောင်စုပြင်ပ (ဒုက္ခသည်စခန်းတွေက) က ဒုက္ခသည်တွေကို ကူညီကာကွယ်ပေးရေးကိစ္စကို အထူးသဖြင့် စိတ်ဝင်စားတယ်လို့ပြောပါတယ်။ အာဏာလက်ရှိစစ်အစိုးရက မြန်မာပြည်လို့နံမည်ပြောင်းခဲ့တဲ့ ဗမာပြည်က ဒုက္ခ သည်တွေဟာ ကမ္ဘာတဝှမ်းကနိုင်ငံတွေမှာ အမြောက်အများရှိနေပါတယ်။  တရုပ်ပြည်ဘက်မှာ၊ မလေးရှားမှာ၊ ထိုင်းမှာ၊ ဘင်္ဂလား ဒေ့ရှ်မှာ ခိုလှုံနေကြရတယ်လို့ဆိုပါတယ်။ မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ်မှာနေနေကြတဲ့ ဗမာပြည်သားဒုက္ခသည်အချို့ဟာ ဘာမှန်းမသိညာမှန်းမသိရပဲ သေနတ်နဲ့အပစ်ခံရပြီး သေကုန်တာတွေကြားတယ်လို့ မျိုးမြင့်ပြောလို့သိရပါတယ်။ နူးယော့ခ်တိုင်မ်း သတင်းစာကြီးကလည်း ဗမာပြည်သားဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေထဲမှာ ဖြစ်သလိုနေထိုင်ရတဲ့ကြားကပဲ အရိုက် အနှက်ခံရတာ နေရပ်ကိုအတင်းအဓမ္မ ပြန်အပို့ခံရတာတွေ ရှိတယ်လို့ရေးထားပါတယ်။ မလေးရှားတနိုင်ငံထဲမှာကိုပဲ ဗမာပြည် သားရွှေ့ပြောင်းအလုပ်သမား တသန်းလောက်ရှိနေတယ်လို့လည်း မျိုးမြင့်အပြောအရသိရပါတယ်။ တချို့ကတရားမဝင်အလုပ် သမားတွေ ဖြစ်တယ်လို့ဆိုပါတယ်။

စခန်းကနေမထွက်ခင်ကလေးနဲ့ ပြန်လည်အခြေချရောက်စဦးကာလကိစ္စကိုလည်း သူ စိတ်ဝင်စားမိတယ်လို့ မျိုးမြင့်ကပြောပါ တယ်။ သူ ဒီကိုမထွက်ခင်ကလေးမှာ လျှောက်လွှာတင်တာ ဖေါင်ဖြည့်တာတွေလုပ်ရသလို အမေရိကန်ပြည်ထောင်စု အမိမြေ လုံခြုံရေးဝန်ကြီးဋ္ဌာနကပုဂ္ဂိုလ်တွေနဲ့ လူတွေ့မေးမြန်းတာလုပ်ရပါတယ်။ အဲဒီမှာ ကံဆိုးချင်တော့ သူ့အတွက်ပေးထားတဲ့ ဗမာ စကားပြန်က သူ အင်္ဂလိပ်စကားတတ်တာကို မသိဘူးလို့ဆိုပါတယ်။ အလွန်အရေးကြီးတဲ့စကားတွေကို မှားမှားပြီးပြန်နေတာကို သူသိနေပါတယ်တဲ့။ သူက ဒီ "စကားပြန်တော့ တလွဲတွေပြန်နေပြီ" ဆိုတာကို သိနေပါတယ်တဲ့။ အင်တာဗျူးလုပ်သူက မင်း ဘာလို့မင်းတိုင်းပြည်ကထွက်ခဲ့ရတာလဲ။ ဘာကြောင့်လဲလို့မေးတော့ သူက "နိုင်ငံရေးအကျဉ်းသားဟောင်း" ဖြစ်ကြောင်း ပြော တယ်လို့ ဆိုပါတယ်။ ဒါကို စကားပြန်က မျိုးမြင့်ဟာ "အကျဉ်းသားဟောင်းဖြစ်တယ်" လို့ပဲပြန်ပြီး "နိုင်ငံရေး" ဆိုတာကိုဖြုတ် ထားတာ သူသိကြောင်း၊ မှားနေကြောင်း စကားပြန်ကိုပြန်ပြန်ပြောရပါတယ်တဲ့။ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားဆိုတာ ဘာကွာလဲဆိုတာကိုစကားပြန်ကို ပြန်ရှင်းပြခဲ့ရပါတယ်လို့ ပြောပါပြပါတယ်။ တကယ်လို့သာ အင်တာဗျူးလုပ်သူက အကျဉ်းသား ရိုးရိုးလို့ပဲ မှတ်ချက်ရေးလိုက်လို့ကတော့ သူနိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့ ဒီကိုရောက်လာဖို့မလွယ်ဘူး။ မဖြစ်နိုင်တော့ဘူး လို့ ဆိုပါတယ်။

မျိုးမြင့်အပြောအရတော့ ဗမာပြည်လူမျိုးတွေအပါအဝင် ဗမာပြည်ကလူမျိုးစုတွေထဲကတချို့တလေဟာ အင်္ဂလိပ်စကားမပြောနဲ့ ဗမာစကား ဗမာစာတောင် တတ်ကြရှာတာမဟုတ်ပါဘူးလို့ သိရပါတယ်။ ဒီစကားပြန်ကိစ္စဟာ တော်တော်အရေးကြီးတဲ့ ကိစ္စလို့ သူမြင်ပါတယ်။ စကားပြန်မှားလို့ ဒုက္ခသည်အဖြစ်အပယ်ခံရပြီး ဘယ်နိုင်ငံမှထွက်ခွင့်မရသူတွေလည်း ခန်းတွေမှာရှိနေတယ်လို့ ဆိုပါတယ်။

နောက်တခုက ဒုက္ခသည်တွေဟာ တတိယနိုင်ငံတွေကိုမထွက်ခင်မှာ ၅ ရက်သာကြာတဲ့ ယဉ်ကျေးမှုမိတ်ဆက်သင်တန်းဆိုတာကို စခန်းထဲမှာတက်ရပါတယ်တဲ့။ တခါ ဒီကိုရောက်လာပြီးတော့လည်း နောက်ထပ် ၅နာရီစာ ဒီသင်တန်းကို တက်ရပါတယ်တဲ့။ သူ့အတွက်ကတော့ ပြဿနာမရှိဘူး၊ သူက အရင်ကတည်းက အမေရိကန်ယဉ်ကျေးမှုကို တီးမိခေါက်မိရှိထားသူ ဖြစ်လို့ပဲလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့လိုမဟုတ်သူတွေအတွက်ကျတော့ အဲသလောက်အချိန်တိုလေးအတွင်း ဘယ့်နှယ်လုပ်ပြီး မတူတဲ့ယဉ် ကျေးမှုကြီးတခုလုံးကို နားလည်နိုင်မှာလဲလို့ ပြောပါတယ်။ မလုံလောက်ပါဘူးလို့ဆိုပါတယ်။

မျိုးမြင့်ဟာ အခုတက်မယ့် ဒီကွန်ဂရက်စ်အပြင် တနင်္လာနဲ့ အင်္ဂါနေ့တွေ့မှာ ၂ဝ၁၁ ခုနှစ် အမေရိကန်ပြည်ထောင်စု ဒုက္ခသည်များဆိုင်ရာ ပြန်လည်နေရာချထားရေးရုံးကကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲကိုလည်း တက် ရောက်မှာဖြစ်ပါတယ်။ အဲဒီ နှီးနှောဖလှယ်ပွဲမှာတော့သူက ဒုက္ခသည်တွေအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို ဒုတိယ ဘာသာစကားအဖြစ်သင်ယူဖို့ ဘယ်လောက်အရေးကြီးကြောင်းဆွေးနွေးဖို့စိတ်ကူးရှိတယ် လို့ဆိုပါတယ်။

မျိုးမြင့်အပြောအရတော့ ဒုက္ခသည်စခန်းတွေထဲမှာ လူတွေကမျိုးဆက် ၂ ဆက်စာလောက်နေလာခဲ့ရသူတွေ မှန်ပေ မယ့် သူတို့ဟာ အကူအညီအထောက်အပံ့တွေအပေါ် မှီခိုပြီးနေရတာနဲ့ အသားကျနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ သဘောကတော့ ဘာမှလုပ်စရာမလိုဘူး ထောက်ပံ့ကြေးနဲ့နေနိုင်တယ် ဆိုတဲ့သဘောပါ။ သူတို့တွေ ဒီလည်းရောက် လာရော အစိုးရအထောက်အပံ့က ရက်ကိုးဆယ်ပဲပေးတာဆိုတော့ အဲဒီနောက် အလုပ်မရခင်စပ်ကြား ဆိုင်ရာအ ထောက်အပံ့ပေးတဲ့ရုံးတွေသွားပြီး အထောက်အပံ့တွေလျှောက်ရပါတယ် လို့ပြောပါတယ်။

အမေရိကန်နဲ့မတူတာက နော်ဝေကိုရောက်တဲ့ ဒုက္ခသည်တွေဟာ ၂ နှစ်တိတိနော်ဝေဘာသာစကားကို မဖြစ်မနေသင် ရတယ်လို့ဆိုပါတယ်။ အဲဒီ ၂ နှစ်အတွင်း အစိုးရကအပြည့်အဝ ထောက်ပံ့ပေးထားတယ်။ အထိုက်အလျှောက်တတ်ပြီ ဆိုမှ အလုပ်ရှာတာ၊ ပိုက်ဆံရှာတာလုပ်ရတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဒုက္ခသည်တွေက နော်ဝေစကား မသင် ချင်ဘူး ကျောင်းမတက်ချင်ဘူးလို့ ဆိုရင်တော့ တိုင်းပြည်ကနေထွက်သွားဖို့ အပြောခံရတယ်လို့ဆိုပါတယ်။ (ကျနော် သတင်းထောက်ကိုပြောတာက စာမသင်ချင်ကျောင်းမတက်ချင်ရင် အစိုးရပေးထားတဲ့အထောက်အပံ့တွေ အကုန် ပြန်ဖြတ်တယ်။ အစိုးရအထောက်အပံ့ကိုမယူထားသူ ထိုင်းကိုပြန်ချင်ရင်ပြန်လို့ရတယ်လို့ ပြောတာဖြစ်ပါတယ်။ ထားပါ တော့။ ကျနော်အင်္ဂလိပ်စကားကို သူနားလည်အောင် လိပ်ပတ်လည်အောင် မပြောတတ်တာဖြစ်ဖို့များပါတယ်) အမေရိ ကန်အစိုးရကို အဲဒီအတိုင်းလိုက်လုပ်ရမယ်လို့ ပြောတာမဟုတ်ပေမယ့် ဒေသခံတွေနဲ့လိုက်လျောညီထွေဖြစ်ဖို့ သူတို့ထဲဝင်ဆန့်ဖို့ အင်္ဂလိပ်စာသင်တန်းတွေဟာ  သိတ်ကိုအရေးကြီးတဲ့ကိစ္စလို့ သူမြင်ကြောင်း ပြောပြပါတယ်။

နောက်ဆုံးအနေနဲ့ မျိုးမြင့်က "တချို့ဒုက္ခသည်တွေကထင်နေတယ်ဗျ။ ဒီရောက်ရင်သူတို့ဘာမှ အလုပ်လုပ်စရာမလို ဘူးလို့။ မဟုတ်သေးဘူးဗျ။ အဲဒါလည်းမဟုတ်သေးဘူး။ အလုပ်ရဖို့ အင်္ဂလိပ်စကားတော့ တတ်ရမှာပေါ့။ အင်္ဂလိပ်လို တော့ပြောတတ်ရမှာပေါ့"
မျိုးမြင့်ချို ဘာသာပြန်သည်
သြဂုတ် ၃၁ ၂ဝ၁၁

Tuesday, August 30, 2011

ဖေ့စ်ဘွတ်ခ်၊မငြိမ်းအေး၏အေးငြိမ်းရာနှင့်ကချင်လွယ်အိပ်ကလေး (မျိုးမြင့်ချို)

0 comments
မနှစ်ကလောက်ဖြစ်မည်။ခင်ဗျား..ဖေ့စ်ဘွတ်ခ် မသုံးဘူးလားဗျဟု ဂျာမနီ မှ ကိုဘစောထွန်းကမေးတော့ ကျနော်ကအချိန်သိတ်မပေးနိုင်လို့အကိုရဟုပြန်ပြောခဲ့ဖူး၏။ သည်တုန်းကတကယ်လည်း အချိန်မပေးနိုင်။ လုပ်စ ရာလေးတွေကလည်း တန်းစီနေ၏။ ကျောင်းကိစ္စ၊ လူမှုရေးကူညီရေးကိစ္စ၊ ရုပ်ရှင်ကိစ္စ၊ စာရေးခြင်းကိစ္စ စသည်ဖြင့်ကိစ္စဝိစ္စတွေများနေခဲ့၏။ဖေ့စ် ဘွတ်ခ်အပါအဝင် လူမှုကွန်ယက်တွေက အလကားဟာတွေပါကွာ၊ အလကား သက်သက်အချိန်ဖြုန်းတာပါဆိုသည့်အပြောကိုတော့ စိတ်ထဲဘဝင်မကျ။ ဘယ်သူနှင့်ဘာအငြင်းမှမပွားလိုသဖြင့်သာနေလိုက်ရ၏။ မဟုတ်သေးဘူး ထင်တယ်ဟုတော့ တွေးမိသည်။

Burma Soldier မှတ်တမ်းကားထွက်လာပြီးနောက် ပြည်တွင်းပြည်ပက မိတ်ဆွေသစ်တွေ တိုးတိုး လာ၏။ တချို့ကလူကိုယ်တိုင်၊ တချို့ကစာနှင့် တချို့ကအင်တာနက်မှ။ ကျနော့် ထုတ်လုပ်သူကလည်း ဖေ့စ်ဘွတ်ခ်ကို သုံးစေချင်ကြောင်းပြောလာ၏။ ကျနော်လည်း အလုပ်နည်းနည်းပါး၍ အချိန်အား လည်းပိုကာ စိတ်အားချိန်လူနားချိန်လေးတွေလည်း ထွက်လာ၏။ ဒီလိုနှင့် ဖေ့စ်ဘွတ်ခ်ပေါ်ရောက် လာတော့၏။ သုံးရင်းသုံးရင်း လူမှုကွန်ယက်ဆိုသည့်အတိုင်း လူတွေကိုပိုက်ကွန်တခုလို ယက်ရှယ် ထားသလိုပါလားဟု သဘောပေါက်လာ၏။ ဆက်ထုံးချည်ထုံးလေးတွေနှင့် အကွက်အကွက်ဖေါက်ကာ ယက်ထားသည့် ပိုက်အုပ်တခုလို။ ဖေ့စ်ဘွတ်ခ်ပေါ်တွင် အားသန်ရာနှင့်ယုံကြည်ရာတူသည့်အစု လေးပေါင်းများစွာရှိသလို တကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့တွေလည်းရှိ၏။ ကွေ့နှင့်တက်ပြောင်း ယူသူတွေမြင်ရသလို ကျား..ကျား မီးယပ်တွေလည်းမြင်၏။ ဆန့်ကျင်ဘက်တွေပြောကြရင်းက ရင်ဘတ် ချင်းအပ်မိသွားသူတွေလည်းတွေ့၏။  ပြောရင်းပွင့်ကျပြီး စင်ထွက်သွားသူတွေလည်းမနည်း၊ ပေါင်း စည်းရင်းကျစ်လစ်သွားသူတွေလည်းတွေ့ရ၏။ အနုပညာဆန်သည့်အခါဆန်ပြီး  စစ်ဆန်သည့်အခါ လည်း ဆန်ပြန်၏။ ဘာပဲဖြစ်ဖြစ် အသွေးစုံအရောင်စုံမို့ထင်၏။ လှ၏။

အဆက်ပြတ်နေသည့်မိတ်ဆွေများနှင့် ဖေ့စ်ဘွတ်ခ်တွင်ပြန်ဆုံမိပြန်၏။ မိတ်ဆွေသစ်တွေလည်း များ သထက်များများလာ၏။ ဤတွင် စင်္ကာပူမှ မငြိမ်းအေးနှင့်ဆုံရခြင်းဖြစ်၏။ ကျနော်ရေးသည့်စာတွေ ဖတ်ပြီး ကျနော့်အားမိတ်ဖွဲ့လာ၏။ တယောက်နှင့်တယောက် အတန်ကြာခင်မင်လာပြီးနောက် သူ့ အကြောင်းကိုယ့်အကြောင်းလေးတွေပြောရင်း ရင်းနှီးလာကြ၏။ သူက ဗမာ့တပ်မတော်မှ အရာရှိကြီး ဟောင်းတဦး၏ သမီး။ စင်္ကာပူတွင် သူနာပြုဆရာမ။ သူ့အမျိုးသားက နိုင်ငံခြားသင်္ဘောမှ အရာရှိ။ သားလေးတယောက်ရှိ၏။ ရန်ကုန်တွင် အဖိုးအဖွားများနှင့်ထားခဲ့ရပြီး အဖေက သင်္ဘောပေါ် အမေက စင်္ကာပူ။ မိသားစုတကွဲတပြားဘဝ။ ရှင်ကွဲကွဲနေရသည့်မိသားစု။ သူ့အဖေတို့ ခေတ်ကတပ်နှင့် ၁၉၈၈ နောက်ပိုင်းတပ်အကြားက ခြားနားမှုတွေကို သေသေချာချာသိမြင်တတ်လာသူ။ သို့ပင်သိငြားလည်း ဘဝအရ လက်တွေ့နိုင်ငံရေးနှင့် မိုင်တသိန်းလောက်ဝေးသော်လည်း အဆိုတော်ဇေယျာသော်ပြော ဖူးသည့်အမှန်ကိုမလုပ်နိုင်သေးရင်တောင်မှ အမှားကိုမထောက်ခံမိစေနဲ့ဆိုသည့် အမြင်အတိုင်း လက်တွေ့ကျင့်ကြံနေထိုင်သူ။ ဗုဒ္ဓဝါဒကို စိတ်နှလုံးနှင့်အကြွင်းမဲ့ယုံကြည်သူ။ အေးချမ်းသူဟု မဆိုနိုင်သော်လည်း ကိုယ့်အပူကို ဗုဒ္ဓအယူနှင့်ထပ်ပြီး အေးငြိမ်းအောင်နေတတ်သူ။ သူမြင်သည့် ဗုဒ္ဓ၊ ဗုဒ္ဓဝါဒနှင့် ကျနော်မြင်သည့်ဗုဒ္ဓ၊ ဗုဒ္ဓဝါက နည်းနည်းကွဲသည်။ ကိစ္စမရှိ။ စကားတွေပြောဖြစ်၏။ စကားပြောတိုင်းလည်း တရားထိုင်တရားမှတ်တွေလုပ်ဖို့တွင်တွင် တိုက်တွန်းတတ်၏။ သူ ဘယ်လောက်ထိုင် ဘယ်လောက်မှတ်သလဲတော့ ကျနော်လည်းမသိ။ တခု ခန့်မှန်းကြည့်လို့တော့ရ၏။ တရားထိုင်တရားမှတ်ခြင်း၏အရသာနှင့် ငြိမ်းအေးမှုကိုမသိပဲနှင့် မငြိမ်းအေးက တိုက် တွန်းနေ တာတော့မဖြစ်နိုင်။

ကျနော်က ငယ်ငယ်က ကျောင်းပြေး။ နည်းနည်းကြီးတော့ အိမ်ပြေး။ အခုတော့ တိုင်းပြည်က ထွက်ပြေးလာရသည့် ပြည်ပြေး။ ပြည်တွင်းစစ်ဒဏ်ရာဒဏ်ချက်တွေနှင့် ဒုက္ခိတ။ ငြိမ်းချမ်းရေးကို အာသာငမ်းငမ်းဖြစ်နေသူ။ အစိုးရနှင့်ရန်ဖြစ်ပြီး ထောင်ကျခဲ့သည့်ထောင်ထွက်။ တအူတုံဆင်းတွေနှင့် မိခင်နှင့် ရှင်ကွဲခွဲခံနေရသူ။ ကျနော်နေခဲ့ဖူးသည့်တပ်ထဲက အဖေါက်ဖေါက်အပြန်အပြန် ဖြစ်နေသည့် ကိစ္စများအား ရသည့်နေရာရောက်သည့်နေရာမှ လူထုအားတင်ပြရင်း လက်ရှိတပ်ကို သူတို့အဖေတို့ ခေတ်ကတပ်လိုပြန်ဖြစ်အောင် တနိုင်ကြိုးပမ်းနေသူ။ စာလေးဘာလေးနည်းနည်းဖတ်သလို နည်းနည်း ပါးပါးလည်းရေးသူ။ မှန်သည်ထင်သည့်အရေးကို နည်းနည်းလုပ်နိုင်သေးသရွေ့ နည်းနည်းလုပ်နေသေး သူ။ ဗုဒ္ဓဝါဒမှမဟုတ် ဘယ်ဘာသာဘယ်အယူကိုမှမဆန့်ကျင်သူ။ သို့သော်လွတ်လပ်စွာကိုးကွယ် ယုံကြည်ပိုင်ခွင့်ရောလွတ်လပ်စွာ မကိုးကွယ်မယုံကြည်ပိုင်ခွင့်ကိုပါလူသား၏မွေးရာပါအခွင့် အရေးနှင့်ရပိုင်ခွင့်ဟု ၏ယူဆသူ။ သို့နှင့် ကျနော်တို့ မိတ်ဆွေဖြစ်လာကြ၏။ တခါတရံ ဖုန်းပြောဖြစ် ၏။

တနေ့တော့အလုပ်ကနေ ခွင့်ရတယ်။ အမျိုးသားလည်းရန်ကုန်ကိုလာစရာရှိတယ်။ သားလေးနဲ့လည်း မတွေ့ရတာကြာပြီ။ မြန်မာပြည်ပြန်မယ်။ မှာစရာရှိရင်မှာ ဝယ်လာခဲ့ပေးပါ့မယ်ဟုဆို၏။ ကျနော့်မှာ မှာစရာတွေအများကြီးရှိသည်။ သို့သော်မမှာချင်။ အားနာမိ၏။  သူက မှာလျှင်ဝယ်လာရုံတင်မက ပို့ခ ပါစိုက်မည်မှာလည်းသေချာ၏။ နောက်ဆုံးတော့စာအုပ် အုပ်နဲ့ ကချင်လွယ်အိပ်ကလေးတလုံး ဝယ်ခဲ့ပါဆိုပြီး မှာလိုက်၏။ သူလည်းမြန်မာပြည်ပြန်။ ကျနော်လည်း ခရီးတွေတောက်လျှောက်ထွက်။ ဖေ့စ်ဘွတ်ခ်လည်း မရောက်ဖြစ်။ နောက်တော့ သူစင်္ကာပူပြန်ရောက်။ ကျနော်လည်း ပြန်ရောက်လာ၏။ တနေ့ ဖေ့စ်ဘွတ်ခ်တွင်စာအုပ်၂အုပ်နဲ့ကချင်လွယ်အိပ်လေး ပို့လိုက်ပါပြီ၊ ဦးမျိုးမြင့်ရတာနဲ့ အကြောင်းပြန်ပါဆိုသည့် သူ့ မက်ဆေ့ဂ်ျကိုတွေ့၏။ နောက်တနေ့မှာပဲ ထိုပစ္စည်းတွေအိမ်ရောက် လာ၏။ ကျနော် ဝမ်းသာအားရနှင့်ချက်ခြင်းပင်အထုတ်ကိုဖြည်မိ၏။ စာအုပ်များက (ဆရာကြီး ဦးရွှေအောင်ပြုစုသည့်ဝေဒခေတ်မှ ဗုဒ္ဓခေတ်တိုင်အောင် အတ္တဝါဒမှအနတ္တဝါဒသို့ခရီးစဉ်ဖြစ်ပြီး နောက်တအုပ်ကရာဟုလာသံကိစ္စည်းရေးသည့် ဗောဒ္ဓဒဿန ကို ဆရာဆန်းထွန်း ဘာသာပြန်သည့် ဗုဒ္ဓအမြင်) ဆိုသည့်စာအုပ်များ။ ဦးရွှေအောင်စာအုပ်က ဖတ်ဖူးလေ့လာဖူးသည့်စာအုပ်။ သို့သော် လက်ဝယ်မရှိတော့။ ဦးဆန်းထွန်းစာအုပ်က မဖတ်ဖူးသေးသည့်စာအုပ်။ အုပ်လုံးက စာပေတန်ဖိုး ကြီးသလို စာအုပ်တန်ဖိုးတွေကလည်းမသေးလှ။ နောက်တော့ ကချင်လွယ်အိပ်ကလေး။ အရောင်က အနီ။ ကြိုးကအနက်။ ငွေမောင်းလေးတွေ၊ ငွေသားကြိုးကလေးတွေ၊ ငွေပြားလေးတွေနှင့်။ သုံးဖို့ မဆိုနှင့် မထိရက်မတို့ရက်စရာ။ လှလွန်းနေ၏။ စိတ်တွင် အသုံးအဆောင်ပစ္စည်းဟု မထင်ရက်တော့။ အနုပညာပစ္စည်းတခုအဖြစ်သာမြင်တော့၏။ အလှထားပြီးခံစားရမည့် ပစ္စည်းတခု။ လွယ်အိပ်လေးကို အိမ်နံရံတွင်ချိတ်လိုက်မိ၏။ ဆရာဆန်းထွန်းစာအုပ်ကို တောက်လျှောက်ဖတ်ဖြစ်၏။ ပြီးတော့ မပြီးသေး။

ကျနော်နေသည့်မြို့ကလေးတွင် လူမျိုးစုံ၏။ ဘာသာစကားစုံ၏။ ယဉ်ကျေးမှုလည်းစုံ၏။ ယဉ်ကျေးမှု မတူသူများအတူနေထိုင်ရာမှတဆင့် ဖြစ်လာတတ်သည့်ကိစ္စရပ်များအား အပြန်အလှန်နားလည် ကူညီပေးရေး၊ ယဉ်ကျေးမှုများဖလှယ်ရေးသင်တန်းများပေး၏။  ယဉ်ကျေးမှုစုံပျော်ပွဲရွှင်ပွဲများ၊ အခမ်း အနားများ၊ အထိမ်းအမှတ်နေ့များ၊ ပွဲတော်များစသည်တို့အား အတူတကွကျင်းပကြ၏။ ထို့အတွက် ယဉ်ကျေးမှုစုံကောင်စီ(Multi-Culture Council- MCC) ဆိုသည့် အလုပ်အဖွဲ့တခုရှိ၏။ ဋ္ဌာနပေါင်း စုံနှင့်အေဂျင်စီများမှ လူတွေနှင့်ဖွဲ့စည်းထား၏။ ကျနော်က ထို MCC တွင် အဖွဲ့ဝင်။ MCC အစည်း အဝေးတက်သူအတော်များများက သူတို့ရိုးရာဝတ်စုံတွေဝတ်ကြသလို ကျနော်လည်းဝတ်၏။ ကျနော်က ပုဆိုးဝတ်ရ လွယ်အိပ်လွယ်ရသည်ကိုနှစ်ခြိုက်သူ။ ကျနော့်တွင် ကချင်နှင့်ကရင်လွယ်အိပ်လေး ၂လုံးရှိ ၏။ အမြဲလည်းလွယ်၏။ တွေ့သည့် အမေရိကန်မိတ်ဆွေများကလည်း ကျနော့်လွယ်အိပ်ကလေးတွေ လှကြောင်း ချီးမွမ်းလေ့ရှိ၏။ သူတို့ချီးမွမ်းတိုင်းလည်း ပီတိဖြစ်၏။ ယခုလွယ်အိပ်ကလေးကိုမြင်လျှင် သူတို့ပိုအံ့သြကြမည်မှာသေချာ၏။ သို့သော် သူတို့မြင်ခွင့်ကားရဖို့မသေချာတော့။

ဖေ့စ်ဘွတ်ခ်အပါအဝင် လူမှုကွန်ယက်တို့သည် အချိန်ပိုနေသူတို့အတွက် အချိန်ဖြုန်းစရာဖြစ် ကောင်းဖြစ်လိမ့်မည်။ ကျနော့်အဖို့ကား ထိုသို့မဟုတ်။ အသွေးစုံ၊ အရောင်စုံ၊ မိတ်စုံ၊ အတွေးစုံ၊ လူစုံတက်စုံနှင့် စာပေယဉ်ကျေးမှု၊ အတွေးအခေါ်၊ ဒဿန၊ နိုင်ငံရေး၊ ရသ စသည်တို့ဆုံသည့် မြင်ကွင်းကျယ်ကားတချပ်။ ထိုမြင်ကွင်းကျယ်ကားတွင် ကျနော် မငြိမ်းအေးနှင့် "ဆုံ"ခဲ့၏။ စိတ်၏ ငြိမ်းအေးရာရှာရေးအတွက် မငြိမ်းအေး၏လက်ဆောင်  တရားဒဿနစာပေက အတွေးစာ (Food for Thought) အဖြစ်ပါမည်ဖြစ်သလို ကချင်လွယ်အိပ်ကလေးက အနုအလှပစ္စည်းတခုအဖြစ် စိတ်၏ ကြည်နူးရာရသကိုပေးမည့် (Food for Esthetic) အဖြစ်ရှိနေမည်ကား သေချာ၏။ မငြိမ်းအေးအား ကျေးဇူးတင်မိ၏။ မငြိမ်းအေးတယောက် ဘဝကိုအေးအေးငြိမ်းငြိမ်း ဖြတ်သန်းနိုင်ပါစေဟုလည်း  ဆန္ဒပြုဖြစ်မိ၏။
မျိုးမြင့်ချို
သြဂုတ် ၃ဝ၊ ၂ဝ၁၁

Friday, August 26, 2011

ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊ (မျိုးမြင့်ချို)

0 comments
ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊
၂ဝ၁၁ ဧပြီလ၂ ရက်နှင့် ၃ ရက်နေ့များတွင် ယူအက်စ်ကမ်ပိန်းဖေါ်ဘားမား (USCB) ၏ နိုင်ငံလုံးဆိုင်ရာစည်းရုံးရေးအစည်းအဝေး (2011, National Organization Meeting- USCB)ကို ဝေါ်ရှင်တန်ဒီစီတွင် ကျင်းပခဲ့၏။ ထိုအစည်းအဝေးတက်ရောက်ရန် ဖိတ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏။ ဝေါ်ရှင်တန်ဒီစီသို့ တတိယအကြိမ် ရောက်ခြင်းဖြစ်၏။ (USCB) မှ အစစအရာရာ စီစဉ်ဆောင်ရွက်ပေး၏။ ကျေးဇူးတင်ရသလို အားလည်းနာမိ၏။

အစီအစဉ်များက ၈ နာရီခွဲမှ ၉ နာရီ ၁၅ မိနစ်အထိ တက်ရောက်လာသူများမှတ်ပုံတင်ခြင်းနှင့်မနက်စာဧည့်ခံခြင်း။ ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃ဝ အထိ USCB Board of Directors များ၏ တွဲဘက်ဥက္ကဋ္ဌက အဖွင့်စကားပြော၏။ ၉ နာရီ ၃၅ မိနစ်မှ ၄ဝ အထိ ဒေါ်အောင်ဆန်းစုကြည်မှပေးပို့သည့် ဗီဒီယိုအမှာစကားကိုပြပေး၏။ ၉ နာရီ ၄ဝ မှ ၅ဝ အထိ မူဝါဒရေးရာညွှန်ကြားရေးမှူး ကိုအောင်ဒင်က အမှာစကားပြော၏။

၉ နာရီ ၅ဝ မှ ၁၁ နာရီ ၅ မိနစ်အထိ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ (Situation on The Ground) ခေါင်းစဉ်အောက်မှ ဗမာပြည်တွင်လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများအကြောင်း (Panel Discussion) ဖြစ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် USCB မှ Patrick Cook-Deegan ကဆောင်ရွက်ပြီး Panelists များအဖြစ် USCB မှ မိုင်ရာဒါဖေါ၊ ဒေါက်တာ ပါဗင်န်းပါမာ Dr. Parveen Parmar(Associate Director of Brigham and Women’s Hospital, International Emergency Medicine Fellowship and Physicians for Human Rights)၊ ဒေါက်တာသောင်းထွန်း (The Burma Fund-UN Office) နှင့်ကျနော် (Myo Myint, Former Burmese Soldier, NLD Member and Former Plitical Prisoner) တို့က ထိုင်ပေးရ၏။  

၁၁ နာရီ ၁ဝ မိနစ်မှ ၂၅ မိနစ်အထိ အမေရိကန်အစိုးရ၏ နိုင်ငံတကာမူဝါဒနှင့် ဗမာပြည်အပေါ်အရေးယူဆောင်ရွက်ချက် (International Policy and Action on Burma) ခေါင်းစဉ်ဖြင့် နောက်ထပ် Panel Discussion တခုလုပ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် (USCB) မှ  Jennifer Quigley ကဆောင်ရွက်ပြီး ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း(Joseph Yun, Deputy Assitant Secretary of State-Bureau ofr East Asia and Pacific) နှင့် သမ္မဘုရှ်လက်ထက် အမျိုးသားလုံခြုံရေး ကောင်စီဝင်နှင့် ဂျော့ခ်ျတောင်းတက္ကသိုလ်တွဲဘက်ပါမောက္ခ ဒေါက်တာမိုက်ဂရင်း(Dr. Mike Green,Former Senior Director for Asia at National Security Council,Associate Professor at Gorgetown University and Senior Advisor and Japan Chair,CSIS) နှင့် ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံချက်ညွှန်မှူး မစ္စ ဒေါ့က်ဟီ ဖက်စီဟီရန် (Ms. Dokhi Fassihian, Executive Director, The Democracy Coalition Project) တို့က Panel ထိုင်ကြ၏။

နေ့လည် ၁ နာရီ ၃၅ မိနစ်ကနေ ၁ နာရီ ၅ဝ အထိက Burma Soldier documentary film  ဗီဒီယိုကားတိုလေး ၂ ခုကိုပြခဲ့၏။

Burma Soldier video clips လေးတွေပြပြီးတော့ ကျနော် ၁၅ မိနစ်ခန့်စကားပြောခွင့်ရခဲ့၏။ ဗမာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်နေမှုအကြောင်း၊ ဗမာ့တပ်မတော်မှလူမျိုးစုဒေသများတွင် နိုင့်ထက်စီးနင်းလုပ်ဆောင်နေမှုများအကြောင်း၊ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအခြေအနေနှင့် ထောင်တွင်းအခြေအနေများ၊ စစ်ကြောရေးစခန်းနှင့် ထောင်တွင်းနှိပ်စက်ညှဉ်းပမ်းမှုများအကြောင်း ခပ်တိုတိုချုပ်ပြီးတင်ပြခဲ့၏။ ထို့နောက် တက်လာသူများက မေးသည့်မေးခွန်းများအား ပြန်လှန်ဖြေကြားပြီး ဗမာပြည်ဒီမိုကရေစီရေးအတွက် တိုးတက်ပြောင်းလဲလာစေရန် လုပ်ဆောင်နိုင်မည့်အခြေအနေများ အခွင့်အလမ်းများကိုလည်း ဆွေးနွေးပြောဆိုဖြစ်ခဲ့၏။ တက်လာသူတိုင်း၏ တလှိုက်တလှဲ စိတ်ဝင်တစားရှိမှုကြောင့်လည်း အားတက်မိသလို လာရကျိုးတက်ရကျိုးနပ်သည့် အစည်းအဝေးဟုမြင်၏။

၎ ရက်နေ့ရောက်တော့ နေထိုင်ရာပြည်နယ်ရဲ့ ကွန်ဂရက်စ်လွှတ်တော်အမတ်များနှင့်တွေ့ပြီး ဗမာပြည်အရေးဆွေးနွေး တင်ပြနိုင်ရန် စီစဉ်ပေး၏။ (Dirksen Senate Office Building) တွင် အမေရိကန်ပြည်ထောင်စုတခုလုံးက ဆီနိတ်တာတွေရုံးထိုင်ကြရ၏။ ကျနော် အင်ဒီယားနားပြည်နယ် ဆီနိတ်တာရုံးသို့သွားကာ ဗမာပြည်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ချမှတ်လုပ်ကိုင်ဆောင်ရွက်နေသည့် ပေါ်လစီဆိုင်ရာကိစ္စများအား သူနှင့်ဆွေးနွေးဖြစ်ခဲ့၏။ သူက သိချင်သည်များမေးမြန်းသလို ကျနော်ကသူသိလိုမည် ထင်သည့်ကိစ္စများအား ဆွေးနွေးဖြစ်၏။ ၄၅ မိနစ်ခန့်ကြာမည်ထင်၏။ ဗမာပြည်တွင် လူ့အခွင့်အရေးအခြေအနေ တစုံတရာတိုးတက်ပြောင်းလဲမှုမရှိမချင်း စစ်ဗိုလ် များနှင့်ယင်းတို့၏အဝန်းအဝိုင်းများအပေါ် အမေရိကန်ပြည်ထောင်စုကချမှတ်ထားသည့် ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိ ရေးကို ထောက်ခံကြောင်းဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းခြက်မရှိနှင့်အမြန်ဆုံးလွှတ်ပေးရေး၊ လွတ်လာပြီးနောက်တွင် ဗမာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်၏ အဆင့်တိုင်းတွင် ယင်းတို့အား အကန့်အသတ်အချုပ်အချယ်မရှိ ပါဝင်ခွင့်ရရေးအတွက် အမေရိကန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပေးရေးကိစ္စများကို ဆွေးနွေးတင်ပြခဲ့၏။


ထိုခရီးစဉ်တွင် အထူးသဖြင့်ကိုအောင်ဒင်၏ လှိုက်လှဲပျူငှာမှုကိုကြည်နူးရ၏။ သူနှင့်ကျနော်က ၁၉၉ဝ ပြည့်နှစ်များက အင်းစိန်ထောင် တွင်အတူရှိခဲ့ဖူးသူများ။ ၁ဝ (က) ပုဒ်မနှင့်ထိန်းသိမ်းခံကာလအတွင်း (၁)တိုက်တွင် အတူရှိခဲ့ကြ၏။ သူတို့အခန်းမှာ သူရယ်၊ သဲကုန်း ကိုအောင်သန်းရယ်၊ ဒေါတ်တာမောင်မောင်ကျော်ရယ်၊ ဗိုလ်ဝေနိုင်(ဦးတင်မြင့်ဟုထင်သည်)ရယ်၊ နတ္တလင်းက ဖြိုးဝေဝင်းရယ် အတူနေသည် ဟုမှတ်မိနေ၏။ သူနှင့်ကျနော့ကြားမှာ အမှတ်ရစရာ မှတ်မှတ်ရရကိစ္စလေးတခုရှိခဲ့ကြ၏။ နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာနှိပ်စက်ကလူပြုလွန်းသည့် ထောင်မှူးမောင်ပြုံး၊ ချစ်မောင်တို့အား ကျနော်တို့အပြုတ်တိုက်စဉ်ကဖြစ်၏။  ကျနော်နှင့်ကိုနေမင်း(ရှေ့နေကိုဝင်းရွှေ) တို့ အခြားသူများနှင့်တိုင်ပင်ပြီး သူ့အရိုးနှင့်သူ့ပြန်ထိုးအစီအမံအတွက် လျှို့ဝှက်လုပ်နေရသည့်အချိန်။ ကျနော့်နှင့်ကိုနေမင်းအတွက် ထောင်တွင်း အန္တရာယ်အလွန်ကြီးနေသည့်အချိန်။ ကိစ္စမပြတ်ခင်လက်သည်ပေါ်သွားပါက အချိန်မရွေးထုတ်ရိုက်၊ ပြစ်ဒဏ်တိုက်ရောက်သွားနိုင်သည့် အနေအထား။ အရာရာသတိကြီးကြီးထားနေရစဉ်။  အထူးလျှို့ဝှက်လုပ်ကိုင်နေရသည့်ကာလ။ ကျနော့်အခန်းဖေါ်တယောက်က တိုက်ပွဲ၏ အလားအလာကောင်းမှုအပေါ် အားရစိတ်ဖြင့်ထောင်ဝါဒါတယောက်အား ဝင့်ဝါမိလိုက်၏။ ကျနော်လက်သည်ဖြစ်ကြောင်း ထောင်မှူးများ ဘက်က ဖေါ်ထုတ်ရနိုင်သည်မို့ ကျနော်အစိုးရိမ်ပိုရ၏။ သူ့ကိုလည်းမပြောသာသဖြင့် ကိုအောင်ဒင့်အား တိုးတိုးတိတ်တိတ်ပြောပြီး အကူ အညီတောင်းမိ၏။ နောက်တနေ့ရေချိုးဆင်းချိန်တွင် ကိုအောင်ဒင်ကျနော်တို့အခန်းရှေ့လာပြီး ကျနော့်အခန်းဖေါ်အား ထိုသို့မဆိုရန် ယဉ် ကျေးသိမ်မွေ့စွာ တားမြစ်ပေး၏။ ကျနော့်အခန်းဖေါ်လည်း နှုတ်ထိမ်းသွား၏။ ကျနော် သူ့ကို ထိုကိစ္စအတွက် ကျေးဇူးတင်သလို အမှတ်လည်း ရနေဆဲဖြစ်၏။ 

နောက် သူရောကျနော်ပါ ထောင်ကျသွားပြီးနောက် သူက (၅)တိုက်။ ကျနော်က (၄)တိုက်ရောက်သွားကြ၏။  ရေချိုးဆင်းချိန် တယောက်ကိုတယောက် လက်ပြနှုတ်ဆက်ရုံမှတပါး စကားပြောဆိုရန်အခွင့်မသာခဲ့ကြ။ နောက်တော့ စက်တင်ဘာ ၂၅ အပြီးမှာ ကျနော် တောင်ငူထောင်ရောက်သွား၏။ သူနှင့်မတွေ့ရတော့။ နောက် ကျနော်ထောင်ကလွတ်လာပြီး မဲဆောက်ရောက်တော့ သူအမေရိကားကနေ ထိုင်းကိုဆင်းလာတုန်း အေအေပီပီတွင်ဆုံမိပြန်၏။ တခါ ပြန်ကွဲသွားပြန်၏။ နောက် ကျနော် အမေရိကားရောက်လာပြီး ရှစ်လေးလုံး အနှစ်၂ဝ အခမ်းအနားကို နူးယော့ခ်မှာသွားတက်တော့ ခနပြန်ဆုံ၏။ သူ့လိပ်စာကဒ်ပေးပြီး ဆက်သွယ်ဖို့ဆို၏။ ကျနော်လည်း တခါတရံကိစ္စရှိသည်မှ အပ ဖုန်းမဆက်ဖြစ်။ အခုတခေါက်ပြန်ဆုံတော့ ဝေါ်ရှင်တန်ဒီစီမှာ။ သူက (USCB) ၏ မူဝါဒရေးရာညွှန်ကြားရေးမှူး(Policy Director)။ ကျနော်က အဖိတ်ခံဧည့်သည်နှင့် Panelist ဖြစ်နေ၏။ စကားတော့ သိတ်များများမပြောဖြစ်ခဲ့ကြ။ အချိန်လည်းမရ။ သူလည်း အလုပ်တွေနှင့် ပိနေပုံပေါ်၏။ လူလည်း အတန်ငယ်နွမ်းနယ်နေသယောင်ထင်၏။ သို့သော်သူသည် သူယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ခဲ့၏။ လုပ်နေ၏။ လုပ်နေဦးမည့်သူဖြစ်မည်ဟု ကျနော်ယုံ၏။
မျိုးမြင့်ချို

ဒဂုန်တာရာ၊သုခမိန်လှိုင်ကဗျာ၊မင်္ဂလာဈေးမီးနှင့်ဂြိုဟ်တုသတင်းများ(မောင်သီးသန့်)

0 comments

ရနံ့သစ်မဂ္ဂဇင်း ၂၀၁၀ စက်တင်ဘာလထုတ် အမှတ် ၂၁ ကပါခင်ဗျား
ကိုကြည်မောင်သန်းကဗျာ(မောင်သီးသန့်အမည်နဲ့ရေးတာ)
ရနံ့သစ်မဂ္ဂဇင်း ၂၀၁၀ စက်တင်ဘာလထုတ် အမှတ် ၂၁ ကပါခင်ဗျား
ကိုကြည်မောင်သန်းကဗျာ(မောင်သီးသန့်အမည်နဲ့ရေးတာ)
ညက သစ်ကောင်းအိမ်ကပြောတယ်။ မခက်မာရောက်နေပြီတဲ့။ မနက်ဖြန်(ဒီကစနေနေ့)မှာ ယူကေကကိုထိန်လင်းလာမယ်။ မစ်ရှိဂန်က ကိုအောင်ဝေးနဲ့ ပစ်ဘာ့ဂ်က မခက်မာတို့လည်းရောက်ကြတယ်။ ကဗျာရွတ်ကြမယ် ပါဖေါမင့်န်စ်အာတ်လုပ်မယ်။ ဒါနဲ့ သစ်ကောင်းအိမ်ဆီသွားပြီး မခက်မာနဲ့ စကားစမြည်ပြောတယ်။ ခနနေတော့ သစ်ကောင်းအိမ်က ကိုကြည်မောင်သန်းကဗျာလေးဗျ ဖတ်ကြည့်စမ်းပါဆိုတာနဲ့ ဖတ်တယ်။ ဖတ်ပြီးတော့ကြိုက်တယ်။ ကြိုက်တော့ သူများတွေကိုလည်း မျှချင်တယ်။ ဒါနဲ့လက်ရေးနဲ့ကူးလာတယ်။ ဒီမနက် စာပြန်ရိုက်တယ်။ အခုတင်လိုက်ပါတယ်။ ခုတလောက ပြည်တွင်းပြည်ပမှာ ပြည်တွင်းငြိမ်းချမ်းရေးအသံတွေ လျှံနေအောင်ကိုဟိန်းထလာတာ သတိပြုမိပါတယ်။ ကောင်းတဲ့လက္ခဏာလို့လည်းမြင်ပါတယ်။ ကိစ္စကောင်းလို့လည်း ခံယူပါတယ်။ တကြော့ပြန်ပြည်တွင်းစစ်သေနတ် သံတွေအောက်မှာ တိုင်းပြည်လည်း ဖွတ်သထက်ညစ်နေပါပြီ။ သေနတ်စဖေါက်သူက ပြန်လှန်ကာကွယ်ပစ်ခတ်ရ သူကို သောင်းကျန်းသူဆိုပြီး ပညတ်နေချိန်မှာ ကျနော်တို့အကြားမှာ ( နွားရိုင်းသွင်းချိန်နဲ့အကျည်းတန်လှချိန်)ကို စည်းထားပြီး ညီအကိုမသိတသိကာလတွေ မရှိစေချင်တာပါပဲ။ မျိုးမြင့်ချို


ခေါင်းစဉ်က


ဒဂုန်တာရာ၊
သုခမိန်လှိုင်ကဗျာ၊
မင်္ဂလာဈေးမီးနှင့်ဂြိုဟ်တုသတင်းများ....တဲ့


ဒီမြို့မှာ။
ကဗျာဆရာတွေပေါလည်း
ဘာအရေးလဲ
ဒီမြို့မှာ
ပြည့်တန်ဆာတွေပေါလည်း
ဘာအရေးလဲ
ဒီမြို့မှာ အသေခံဗုံးခွဲသမားတွေမရှိလို့
ကျနော်တို့ လက်ဖက်ရည်ဆိုင် အေးဆေးထိုင်နိုင်တယ်


တယ်လီဖုန်းတွေမှာ
ကြိုးမပါတာ အံ့သြစရာမဟုတ်တော့
ကင်မရာတွေမှာ
ဖလင်မပါတာ
အံ့သြစရာမဟုတ်တော့

စမူဆာတွေမှာ
အသားမပါတာ
နှစ် လေးဆယ်ကြာခဲ့ပြီ။

ရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်မယ်ဆိုရင်
လုပ်ကြည့်လေ
ရန်သူမျိုး ၅ပါးနဲ့
လက်မထပ်ပဲအတူနေခဲ့တာ
နှစ်ပေါင်းများစွာ... (မောင်သီးသန့်)