Friday, August 5, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၂၂) မျိုးမြင့်ချို

0 comments
စစ်မြေပြင်မှပုံရိပ်များ (အပိုင်း၂၂)အာရ်အက်ဖ်အေအပတ်စဉ်အသံလွှင့်
အစီအစဉ်ကနေ ၈ လပိုင်း ၃ရက် ၂ဝ၁၁နေ့မှာထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။
အရင်တပတ်က စစ်တပ်မှာနိုင်ငံရေးအာဏာယူခွင့်ရှိတယ်ဆိုတဲ့အယူအဆမျိုး စစ်သည်တွေရဲ့ခေါင်းထဲစွဲလာအောင် စနစ်တကျ ပြင်ဆင်မှုရှိရှိလုပ်ယူပုံကို တင်ပြခဲ့ပါ တယ်။ အခုတပတ်တော့ အမျိုးသားရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေ မူမမှန်တဲ့မျိုးချစ်စိတ်ကို တပ်ထဲမှာသွတ်သွင်းပေးပုံကို တင်ပြပါ့မယ်။

တိုင်းပြည်တပြည်ရဲ့အချုပ်အခြာအာဏာကို၊ ပိုင်နက်နယ်မြေကို၊ လွတ်လပ်ရေးကိုထိပါးလာရင် ကာကွယ်တွန်းလှန်ရာမှာ အမျိုးသားရေးစိတ်၊ အမျိုးသားရေးဝါဒဟာ မရှိမဖြစ်လိုအပ်ပါတယ်။ အမျိုးသားရေးဝါဒကနေမှ မျိုးချစ်စိတ်ပြည်ချစ်စိတ်ဆိုတာက ဖြစ်ထွန်းလာရတာပါ။ မျိုးချစ်စိတ်ပြည်ချစ်စိတ်ရှိမှလည်း တိုင်းပြည်အတွက်လူမျိုးအတွက် စွန့်လွှတ်စွန့်စားမှုတွေ လုပ်နိုင်တာဖြစ်ပါတယ်။ စစ်မှန်တဲ့အမျိုးသားရေး ဝါဒဟာ တိုင်းနိုင်ငံတခုအတွင်းမှာ အတူနေထိုင်ကြတဲ့လူမျိုးပေါင်းစုံရဲ့ အစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့အခွင့်အရေးတွေကို အပြန် အလှန်နားလည်သဘောပေါက်၊ အပြန်အလှန်တန်ဖိုးထားအသိအမှတ်ပြုပြီး အချင်းချင်းကြားမှာ ငြိမ်းချမ်းညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ရင်း တတိုင်းပြည်လုံးနဲ့ပတ်သက်တဲ့အရေးတွေမှာ အတူတကွရင်ဆိုင်ဖြေရှင်းကြတာပဲဖြစ်ပါတယ်။ ဒါပေမယ်လို့ အမျိုးသားရေးစိတ် အမျိုးသားရေး ဝါဒ အစွန်းရောက်လာပြီဆိုရင်တော့ လူ့အဖွဲ့အစည်းအတွက် အန္တရာယ်အလွန်ကြီးပါတယ်။

အမျိုးသားရေးအစွန်းရောက်ဝါဒီတွေဟာ ပြည်ပကိုကျူးကျော်နိုင်လောက်တဲ့အင်အား မရှိသေးဘူးဆိုရင် ပြည်တွင်းမှာပဲ မဟာလူမျိုး ကြီး အမြင်ကိုအခြေခံ၊ လူမျိုးစုငယ်တွေအပေါ် အနိုင်ကျင့်ခြယ်လှယ်ပြီး စစ်တပ်ကျောထောက်နောက်ခံ အာဏာရှင်စနစ်နဲ့သွားချင်သွား၊ ဒါမှ မဟုတ် စစ်အာဏာကိုအတိအလင်းထူထောင်ပြီး သွားရပါတယ်။ ပြည်တွင်းမှာ လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံကိုလည်း ဘက်ပေါင်းစုံ ကနေ နာလန်မထူနိုင်အောင် နှိပ်ကွပ်ထားရပါတယ်။ အဲ…သူတို့မှာ လက်နက်ဗိုလ်ပါ တောင့်တင်းလာပြီဆိုရင်တော့ တိုင်းတပါးကိုကျူးကျော် တိုက်ခိုက်သိမ်းပိုက်ကြတော့တာပါပဲ။ အဲဒီ အစဉ်အလာတွေကို ကျနော်တို့ တွေ့ခဲ့ကြပြီးပါပြီ။ ဆိုတော့ အမျိုးသားရေးဝါဒဆိုတာ အစွမ်း ထက်မြက်၊ အမြင်လှပြီး နူးညံ့သိမ်မွေ့သလောက် အစွန်းရောက်ပြီဆိုရင်တော့ အန္တရာယ်ကြီးပြီး ကြောက်စရာကောင်းလှပါတယ်။

ဗမာ့တပ်မတော်ကို အမျိုးသားရေးဝါဒအပေါ်အခြေခံပြီး ထူထောင်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့မျိုးချစ်တပ်မတော်ဆိုပြီးခေါ်ခဲ့ရတာပါ။ ဗမာ့တပ်မတော်ကို စတင်ဖွဲ့စည်းထူထောင်ခဲ့ကြတဲ့ မျိုးချစ်ခေါင်းဆောင်တွေဟာ အစွန်းမရောက်တဲ့အမျိုးသားရေးဝါဒနဲ့ပြည်ချစ်စိတ်ကို တပ်မတော်တွင်းမှာကျင့်သုံးစေခဲ့ပါတယ်။ စစ်တပ်နဲ့ နိုင်ငံ ရေးအဆောက်အဦကို ခွဲခြားထားခဲ့ပါတယ်။ လူထုကရွေးချယ်တင်မြှောက်ထားတဲ့အစိုးရနဲ့၊ လူထုကိုယ်စားလှယ်တွေကရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လိုက်နာနာခံရခြင်း၊ နိုင်ငံတော်အချုပ်အချာအာဏာကိုကာကွယ်ရခြင်း၊ လူထုရဲ့အသက်အိုးအိမ်စည်းစိမ် ကိုကာကွယ်ရခြင်း စတာတွေကို တပ်မတော်တရပ်ရဲ့ စစ်မှန်တဲ့အမျိုးသားရေးတာဝန်နဲ့ ပြည်ချစ်ဝါဒအဖြစ်ကျင့်သုံးစေခဲ့ပါတယ်။

လွတ်လပ်ရေးနောက်ပိုင်းခေတ် ဗမာ့တပ်မတော်ထဲမှာတော့ အတုအယောင်အမျိုးသားရေးဝါဒနဲ့ မူမမှန်တဲ့မျိုးချစ်စိတ်တွေကို စစ်သီချင်းတွေကတဆင့်၊ သင်တန်းတွေကနေတဆင့် ပုံစံမျိုးစုံနဲ့ တစတစ သွင်းယူလာခဲ့တော့တာပါပဲ။ စစ်ချီတေးဆိုတာမျိုးက ကြားရဆိုရသူ တွေအတွက် စစ်စိတ်စစ်မာန်နဲ့စစ်သွေးကြွချင်စရာ အလွန်ကောင်းပါတယ်။ စစ်ချီတေးတချို့မှာ ရှေးက လက်နက်နိုင်ငံတော်တွေ ထူထောင် ခဲ့ကြ၊ တိုင်းတပါးကိုကျူးကျော်ခဲ့ကြ၊ နယ်ပယ်ဒေသတွင်းမှာ တန်ခိုးထွားဓါးထက်ခဲ့ကြတဲ့ စစ်ဘုရင်စစ်ဝါဒီတွေကိုပဲ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ လိုလို၊ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်ကြီးတွေလိုလို ထင်မှတ်မှားစေမယ့်အသုံးအနှုန်းတွေနဲ့ ဘုန်းတော်ဘွဲ့ ဖွဲ့ပေးထားလိုက်ပါတယ်။

ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဆိုပြီး ကြွေးကြော်သံတင်ခဲ့ကြရတာတွေဟာ တိုင်းပြည်နဲ့လူထုကို အမျိုးသားရေးစိတ်နှိုးဆွပေးဖို့၊ ကိုယ့်မင်းကိုယ့်ချင်းနေခဲ့တဲ့၊ လွတ်လပ်တဲ့လူမျိုးတမျိုးရဲ့ ဇာတိပုညဂုဏ်မာနကို မမေ့စေဖို့အတွက် ရည်ရွယ်ရင်းပဲဖြစ်ပါတယ်။ ပဒေသရာဇ် စနစ်ကိုပြန်ထူထောင်ပြီး ကျေးတော်မျိုးကျွန်တော်မျိုးဘဝ ပြန်ရချင်၊ ရောက်ချင်စိတ်ကြောင့် မဟုတ်ကြပါဘူး။ ဒါပေမယ့် တပ်ထဲမှာတော့ အဲဒီ စစ်ပဒေသရာဇ်ဘုရင်ကြီးတွေဟာ သူရဲကောင်းကြီးတွေ၊ နိုင်ငံတော်ထူထောင်ခဲ့ကြသူကြီးတွေလို့ ထင်လာအောင်၊ ဒူးထောက်ဦးညွှတ်ပြီး သစ္စာခံချင်စိတ်ပေါက်လာအောင် ပုံဖေါ်ထားလိုက်ပါတယ်။ ပြီးတော့ သစ္စာခံခြင်းနဲ့သစ္စာထားခြင်းဆိုတာကိုလည်း လုံးထွေးဝေဝါးသွားအောင် လုပ်ပစ်လိုက်ပါတယ်။

သစ္စာထားခြင်းဆိုတာက ရည်မှန်းချက်တခုခုကိုပြီးမြောက်အောင်မြင်တဲ့အထိ သေအတူရှင်မကွာတောင်ရွက်ကြမယ်ဆိုပြီး အချင်း ချင်းကြားမှာ ကတိပြုကြ၊ တိုင်တည်ကြတဲ့သဘောဖြစ်ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေ ယိုးဒယားမှာ လက်မောင်း သွေးကိုဖေါက်သောက်ပြီး သစ္စာဆို၊ ကတိစကားထားခဲ့ကြတာမျိုးဖြစ်ပါတယ်။ သစ္စာခံတယ်ဆိုတာကတော့  လူတွေရဲ့အသက်ကို၊ ဦးခေါင်းကို၊ ဆံပင်ကိုပါပိုင်တယ်ဆိုတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်တပါးထံမှာ ကျေးကျွန်တယောက်က အသက်ပေးပြီးဦးဆွေးဆံမြေ့ အမှုထမ်းပါ့မယ်လို့ ဆိုတဲ့ သဘောပါပဲ။

မူမမှန်တဲ့မျိုးချစ်စိတ်နဲ့ အကြီးအကဲတွေအပေါ်သစ္စာခံခြင်းနဲ့အသားကျလာတဲ့ စစ်သည်တွေရဲ့စိတ်ထဲမှာ ကြာလာတော့ စစ်ခေါင်း ဆောင် တွေပေါ်မှာသစ္စာခံရတာနဲ့ တိုင်းပြည်အပေါ်မှာသစ္စာထားရတာဟာ အတူတူပဲလို့ထင်မြင်လာပါတယ်။ မဟာလူမျိုးကြီးဝါဒ ကျင့်သုံးပြီး ဗိုလ်ကျရတာကို မျိုးချစ်စိတ်လို့ထင်လာပါတော့တယ်။ အဲဒီအထင်အမြင်တွေကို ကိုယ်ကျိုးစီးပွားဆိုတာနဲ့ကပ်ပေး၊ ထပ်ပေးလိုက်တဲ့အခါ မတော့ ပီပီပြင်ပြင်ပေါ်ပေါက်လာတဲ့ပုံရိပ်ဟာ  ဒီကနေ့ ဗမာ့တပ်မတော်ပဲ ဖြစ်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်

0 comments:

Post a Comment