တပ်ကိုကိုင်ပြီးတိုင်းပြည်ကိုနှိပ်ကွပ်မယ်ဆိုရင် တပ်ကိုအရင်နှိပ်ကွပ်ရတယ်ဆိုတဲ့ စစ်အာဏာထူထောင်ရေးသဘောတရား ရှိပါတယ်။ စစ်အာဏာရဲ့သဘာဝမှာက တပ်ကိုင်ပြီး တိုင်းပြည်ကိုနှိပ်ကွပ်မယ်ဆိုရင် တပ်ကိုအရင်ဆုံး တလက်ကိုင်တပ်၊ ခေါင်းဆောင်မှုကို အကြွင်းမဲ့နာခံတဲ့တပ်ဖြစ်အောင် လုပ်မှရပါတယ်။ တပ်ကိုမကိုင်နိုင်ဘဲနဲ့ စစ်အာဏာ ထူထောင်လို့မရပါဘူး။ အဲသလို စစ်အာဏာထူထောင်ဖို့ တပ်ကိုနှိပ်ကွပ်ရတာကြောင့်ပဲ တပ်တွင်းမကျေနပ်ချက်တွေပေါ်ပေါက်လာပြီး အစုအဖွဲ့တွေကွဲလာရပါတယ်။
ဗမာ့တပ်မတော်စတင်ထူထောင်ခဲ့ကြတဲ့ ထိပ်ပိုင်းခေါင်းဆောင်အားလုံးလိုလိုဟာ နိုင်ငံရေးအသွေးအရောင်နဲ့ သမိုင်းနောက် ခံတွေမှာသာမတူကြပေမယ့် နိုင်ငံရေးထဲကနေမှ တပ်ထဲကိုရောက်လာကြသူတွေဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဗမာ့တပ် မတော်ဟာ နိုင်ငံရေးလက္ခဏာရှိတဲ့တပ်လို့ ဆိုနိုင်မှာပါ။ ဒါပေမယ်လို့ လွတ်လပ်ရေးရပြီးတဲ့အခါမှာတော့ တပ်ကိုနိုင်ငံရေးအဆောက် အဦနဲ့ခွဲခြားထားချင်တဲ့အမြင်၊ တပ်ကို ကာကွယ်ရေးဝန်ကြီးအောက်မှာထားပြီး၊ ဖွဲ့စည်းအုပ်ချုပ်ပုံကို နာခံတဲ့၊ လူထုအစိုးရကိုနာခံတဲ့၊ တိုင်းပြည်ကိုနာခံတဲ့တပ်အဖြစ် ပြောင်းယူရမယ်ဆိုတဲ့ အမြင်တွေကတော့ ရှိထားပြီးဖြစ်ပါတယ်။ ဒီအမြင်နဲ့ဆန့်ကျင်ဘက်အမြင်ရှိတဲ့ တပ်မှူးတွေလည်း ရှိနေခဲ့ပါတယ်။တပ်နဲ့နိုင်ငံရေးအာဏာ တနည်းပြောရရင် တပ်နဲ့နိုင်ငံရေးအဆောက်အဦကို ခွဲထားရမယ်ဆိုတဲ့အမြင်ကို ဗိုလ်ချုပ်အောင် ဆန်းက လက်တွေ့နဲ့သာဓကပြခဲ့ပါတယ်။ ဖဆပလ အဖွဲ့ကြီးကိုဦးဆောင်ပြီး နိုင်ငံရေးထဲဝင်တော့မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဗိုလ်ချုပ်ဟာ တပ်ကနေတရားဝင်နှုတ်ထွက်ခဲ့ပါတယ်။ ဗိုလ်ချုပ်တို့ကျဆုံးသွားပြီးနောက် ဖဆပလ၊ ပထစ စတဲ့အစိုးရတွေကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသက်ပေးပြီးကာကွယ်သွားမယ်လို့ အတိအလင်းပြောခဲ့ကြပါတယ်။ ဖွဲစည်းပုံဥပဒေအရ တပ်ဟာ ကာကွယ်ရေးဝန်ကြီးရဲ့လက်အောက်မှာရှိပြီး နိုင်ငံရေးထဲဝင်စွက်ခွင့်မရှိပါဘူး။ ဒါကို မကြိုက်တဲ့တပ်မှူးတွေရဲ့ မကျေမနပ်အသံတွေ တပ်ထဲမှာရှိတန်သလောက် ရှိနေခဲ့ပါတယ်။
တပ်ဟာ နိုင်ငံရေးထဲဝင်စွက်ရုံတင်မက တပ်ကိုယ်တိုင်က နိုင်ငံတော်အာဏာယူရမယ်ဆိုတဲ့ တပ်မှူးကြီးများအစုမှာတော့ ဗိုလ်နေဝင်းက ထိပ်ဆုံးကရှိနေခဲ့ပါတယ် ဒါကို လက်တွေ့ပြတဲ့အနေနဲ့ ၁၉၆၂ ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ပထစ အစိုးရဆီကနေ စစ်အာဏာသိမ်းလိုက်ပါတယ်။ ဒီ့နောက်တော့ သူနဲ့ကြံရာပါတပ်မှူးကြီး/ငယ်တွေကို တစတစဖြုတ်ထုတ် ရှင်းပြီး တပ်ကို သူ့တလက်ကိုင်တပ်အဖြစ် စနစ်တကျအသွင်ပြောင်းယူလိုက်ပါတယ်။ ၁၉၇၄ လောက်ရောက်တော့ တပ်ကို သူ ကိုင်နိုင်သွားပြီလို့ သေချာသွားတဲ့အခါ ဖွဲ့စည်းပုံအတည်ပြုတာ၊ ရွေးကောက်ပွဲလုပ်ပေးတာ၊ လွှတ်တော်ခေါ်တာ၊ အစိုးရဖွဲ့တာတွေ ရဲရဲတင်းတင်းလုပ်ယူလိုက်ပါတယ်။ တပြိုင်တည်းမှာပဲ မဆလကို အမြုတေပါတီကနေ ပြည်သူ့ပါတီဆိုပြီး ပြောင်းယူပြန်ပါတယ်။
တပ်ထဲမှာလည်း သူ့ကိုပြိုင်နိုင်၊ ပြိုင်ဝံ့သူ မရှိသလောက်ဖြစ်သွားသလို ပါတီတွင်းမှာလည်း ပါတီသန့်စင်ရေးဆိုတာတွေ အကြိမ်ကြိမ်လုပ်ပြီး ပြိုင်ဘက်တွေအကုန်လုံး ခေါင်းမထူနိုင်အောင်လုပ်ထားလိုက်ပါတယ်။ တပ်ရော ပါတီကိုပါ တဦးတည်း အကြွင်း မဲ့အာဏာနဲ့ကိုင်နိုင်ပြီလို့ တွက်မိတဲ့အခါမှာတော့ သူ့အပေါ်သစ္စာခံတဲ့သူရဲ့လက်ထဲ တပ်ကိုထိုးအပ်၊ သမ္မရာထူးကို လက်လွှဲ လက်ပြောင်းလုပ်၊ ပြီးတော့မှ ပါတီဥက္ကဋ္ဌကြီးဆိုပြီး အားလုံးရဲ့အထက်ကနေ ထိုင်ထားလိုက်ပါတယ်။ တပ်တွင်းမှာ၊ ပါတီတွင်းမှာ၊ အစိုးရအဖွဲ့တွင်းမှာ ဘယ်လိုပဲမကျေနပ်မှုတွေ ရှိခဲ့ပေမဲ့ ၁၉၈၈ လူထုအုံကြွမှုကြီးမတိုင်မီအထိတော့ နိုင်နိုင်နင်းနင်းကိုင်ထားနိုင်ခဲ့ တယ် ဆိုရမှာပါပဲ။
ဦးနေ၀င်းဟာ တလျှောက်လုံး သူ့အာဏာအတွက် ဘယ်သူ့ကိုမဆို အပြတ်ရှင်းခဲ့တာချည်းပါ။ တဘက်က အပြတ်ရှင်းရင်း တဘက်က သစ္စာခံသူ သူကောင်းပြု၊ လက်သင့်ရာစားတော်ခေါ်၊ ဆရာမွေးတပည့်မွေး၊ ရာထူးတူသူတွေကြားမှာ မတူတဲ့လုပ်ပိုင်ခွင့်နဲ့ ခံစားခွင့်ဆိုတာတွေပေးထား၊ ခွင့်ပြုထားပြီး စိတ်ဝမ်းကွဲပြားအောင် လုပ်ယူထားပါတယ်။ ဒီတော့ သူ့လက်အောက်ငယ်သားတွေ ကလည်း အချင်းချင်းစိတ်ဝမ်းကွဲပြီး ဗိုလ်နေဝင်းဆီမှာ အလုအယက်သစ္စာခံပြ သစ္စာရှိပြကြတော့တာပါပဲ။ ဗိုလ်နေဝင်းရဲ့ သူကောင်း အပြုခံရရေးအတွက် အချင်းချင်းနောက်ကျောဓါးနဲ့ထိုးတာတွေ၊ အဆင်းဘီးတပ်ပေးလိုက်တာတွေ၊ ခြေထိုးတာတွေ၊ ဂျောက်တွန်း ဂျောက်ချတာတွေလည်း ဒုနဲ့ဒေးဆိုသလိုဖြစ်လာခဲ့ပါတယ်။
အဲသလိုအခြေအနေအောက်ကနေ တပ်ထဲမှာမကျေမနပ်ဖြစ်လာတဲ့ အစု ၂ စု ထပ် ထွက်လာပြန်ပါတယ်။ ပထမ တစု ကတော့ ကိုယ်ကျိုးနဲ့ယှဉ်တဲ့ အစုအဖွဲ့ဖြစ်ပါတယ်။ “အနာသာခံပြီးအသာမစံရ”အစု လို့ခေါ်နိုင်ပါလိမ့်မယ်။ သူတို့အမြင်မှာ သူတို့ဟာ သစ္စာလည်း ခံနေရတယ်။ ပြောသမျှလည်းလိုက်လုပ်နေရတယ်။ ရှေ့တန်းမှာလည်း တိုက်နေရတယ်။ ဒါပေမဲ့ ဘာခံစားခွင့်မှ ဆုပ်ဆုပ် ကိုင်ကိုင် မည်မည်ရရ မခံစားရလို့ ခံစားနေရသူတွေပါ။ နောက်တစုကတော့ နိုင်ငံရေးအရ မှန်မှန်ကန်ကန်သိမြင်နိုင်တဲ့အစုပါ။ သူတို့ အမြင်မှာက “အခုလက်ရှိတပ်ခေါင်းဆောင်တွေ လုပ်နေကိုင်နေပုံက တပ်မတော်ဟာ တိုင်းပြည်မှာသမိုင်းတရားခံ ဖြစ်ရတော့မယ်၊ တပ်မတော် နံမည်ပျက်ရတော့မယ်” လို့တွေးမြင်ယူဆနေသူတွေပါပဲ။
အဲဒီအစုအဖွဲ့တွေ တပ်ထဲမှာ အမှန်တကယ်ရှိနေကြောင်းကို ပြနိုင်တဲ့သက်သေအထောက်အထားတွေ ၁၉၆၂ကနေစလို့ ဒီနေ့အချိန်အထိ တလျှောက်လုံးရှိနေခဲ့တာပါ။ တပ်ခေါင်းဆောင်ပိုင်းတွေကို လုပ်ကြံဖို့ကြံစည်အားထုတ်ခဲ့တာ၊ တပ်တွင်းပါတီတွင်း အာဏာသိမ်းဖို့ကြိုး စားခဲ့တာတွေဟာ လူထုကြားမှာ သိပ်မသိလိုက်ကြပေမဲ့ ဖြစ်ခဲ့တာတွေကတော့အမှန်ပါပဲ။ အဲသလိုဖြစ်တိုင်း လည်း အချိန်မီအုပ်ထိန်းလိုက်ပြီး တကယ့်အဖြစ်နဲ့ပြောင်းပြန် ဝါဒဖြန့်ချိလိုက်တာကြောင့် လူထုကြားမှာ ဇဝေဇဝါဖြစ်ခဲ့ရတာတွေ လည်းရှိပါတယ်။ ဒါပေမယ့် ဘယ်လိုမှဖုံးလို့ ဖိလို့မရအောင် သိသာပေါ်လွင်လာတဲ့အချက်ကတော့ ၁၉၈၈ လူထုအုံကြွမှုကြီးပါပဲ။
ဒီ ၁၉၈၈ ကာလတွေမှာ တပ်ထဲက အခုန ကျနော်ပြောခဲ့တဲ့အစု ၂ စုလုံးက လူတချို့ လမ်းမတွေပေါ်ထွက်လာကြ၊ လူထုနဲ့ လက်တွဲခဲ့ကြပါတယ်။ နောက်ထပ်ထွက်ဖို့ အခြေအနေအချိန်အခါကို စောင့်နေသေးသူတွေလည်း တပုံကြီးရှိနေပါသေးတယ်။ ဒါကို တပ်ခေါင်းဆောင်တွေကလည်းသိပါတယ်။ ဒီအခြေအနေကို ဒီအတိုင်းဆက်လွှတ်ထားရင် တပ်က လူထုဘက်ပါသွားတော့မယ်။ လူထုဘက်ပါသွားရင် တပ်ကိုဆက်ကိုင်ထားရေးပြဿနာက ကြီးလာတော့မယ်။ ဒါနဲ့ ဗိုလ်နေဝင်းဆီကနေတဆင့် အာဏာကုလားဖန် ထိုးပွဲလုပ်ပြီး ယူနီဖေါင်းနဲ့ဗြောင်ကျကျ ဝင်ချလာတော့တာပဲဖြစ်ပါတယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်
0 comments:
Post a Comment