ဟင်နရီကလေး၊ ကျွန်ဈေး၊ ကြိမ်ဒဏ်နှင့်ကြက်ကြော်တဲ့မြို့ (၂)
ဂစ်တာသမားကိုနှုတ်ဆက်ပြီးပြန်ထွက်တော့ မလှမ်းမကမ်းကဆိုင်းဘုတ်ကြီးတခုဆီ မျက်စေ့ကရောက်သွား၏။ ဘာပါလိမ့်ဆိုပြီး အနားကပ်အသေအချာဖတ်မိတော့ အခုနဖြစ်ခဲ့သည့် စိတ်မသက်မသာနာကျင်မှုကိုထပ်ပိုးပေးသည့်အရာမှန်းသိရတော့၏။ စိတ်တွင် ဗူးလေးရုံဆင့်မိပြန်ပါပကောလားဟုထင်မိ၏။ ဆိုင်းဘုတ်က ဤသို့ဆို၏(ည ၇နာရီနောက်ပိုင်း လမ်းပေါ်ထွက်သည့်ကျွန်များအား ကြိမ်ရိုက်ပြစ်ဒဏ်ပေးရန် ဤနေရာတွင်ကြိမ်ရိုက်စင်ကို ၁၈၄၇ ခုနှစ်ကတည်ဆောက်ခဲ့၏။ ဤကြိမ်ရိုက်စင်သည် ဖေယက်ခရိုင်အရှေ့မြောက်ဒေသ တရားရုံးမြက်ခင်းပြင်ပေါ်တွင်ရှိ၏။ ၁၈၆၀ ခုနှစ်များ တဝိုက်က ဖေယက်ခရိုင်သည်ကင်တပ်ကီပြည်နယ်တွင် ကျွန်အများဆုံးရှိသည့်ခရိုင်ဖြစ်၏။ လက်ဇင်တန်မြို့သား ၄ ဦးအနက်တဦးမှာ ကျွန်များဖြစ်၏) တဲ့။ ကျနော့်စိတ်သည် လင်ကွန်းပြတိုက်တွင်မြင်ခဲ့ သည့် သားရေကျာပွတ်ကြီးများဆီ ရောက်သွားပြန်၏။
ကျနော် ဒီရောက်ပြီး ၄ ရက်မြောက်နေ့တွင် ကျနော်နေသည့်မြို့က လင်ကွန်းပြတိုက်သို့ရောက်၏။ အမေရိကန်ပြည်ထောင်စုတွင် လင်ကွန်းပြတိုက်မရှိသည့်ပြည်နယ် မရှိသလောက်ဖြစ်၏။ မြို့ကြီးတိုင်းလိုလို လင်ကွန်းပြတိုက်ရှိ၏။ ပြတိုက်တိုင်းတွင်လည်း လင်ကွန်းအထိမ်းအမှတ်များ၊ အသုံးအဆောင်များ၊ အမေရိကန်ပြည်တွင်းစစ်နှင့်ဆိုင်သည့် အထောက်အထားများ၊ စာချုပ်စာတမ်းများ၊ ကျွန်စနစ်ဖျက်သိမ်း ကြောင်းကြေညာချက် လက်ရေးမူများ။ ဓါတ်ပုံများ၊ ပန်းချီကားများ၊ အသုံးအဆောင်များ၊ ပစ္စည်းပစ္စယများနှင့် ဝေဝေဆာဆာလည်းရှိကြ၏။ ပြထားကြ၏။ တောင်ပိုင်းပြည်နယ်များရှိ ကျွန်ဈေးများ၊ ကျွန်ရောင်းကျွန်ဝယ် လုပ်ရာဋ္ဌာနများ၊ မြို့များ၊ နာမည်ကျော်ကျွန်ပိုင်ရှင်ကြီးများ၊ ကျွန်တို့၏ဘဝများ၊ ထိတ်တုံးများ၊ လက်ထိတ်များ၊ သံလုံးကြီးတွေတွဲထားသည့် သံကြိုးကြီးများ၊ သံချေကျဉ်းများ၊ ချေကျဉ်းခတ်သည့်ပေတုံးကြီးများ၊ ကျွန်ပစ်သေနတ်ဟုဆိုနိုင်မည့် အမဲလိုက်သေနတ်များ၊ မှောင်မဲကျဉ်းကျပ်လှသည့် သစ်လုံးအိမ်လေးများ၊ ချုပ်နှောင်ရာမြေအောက် တိုက်ခန်းများ၊ စသည်ဖြင့်စုံလှ၏။
ကျနော်စိတ်အဝင်စားဆုံးမှာ ကြိမ်စင်နှင့်ကျာပွတ်ဖြစ်၏။ ကြိမ်စင်ကိုကြည့်တော့ သစ်သားတန်းကြီး များကိုဘောင်လေးဘက်ခတ်ထားပြီး လက်ခြေထားရမည့်နေရာများတွင် သံကြိုးတွဲထားသည့်သားရေပြား ကြီးများတွဲလောင်းကျနေ၏။ ကျာပွတ်သည်သားရေကို ထစ်နေအောင်ကျစ်ထားသည့်ကြိုး။ လက်ကိုင်နေရာ မှတပါး တချောင်းလုံးသည် ပျော့နွဲ့နေ၏။ ကြိမ်စင်နှင့်ကျာပွတ်ကိုကြည့်ရင်း ထောင်ထဲမှာအရိုက်အနှက်ခံ ခဲ့ရတာတွေကိုပြန်တွေးမိ၏။ စိတ်တွင်ဆတ်ကနဲ တချက်ဖြစ်မိ၏။ ခါးတွင်မျက်ကနဲ တချက်ဖြစ်မိ၏။ ထောင်ထဲတွင် ကျာပွတ်နှင့်မရိုက်။ ဂန်းပိုက်ဟုခေါ်သည့် ရာဘာအုပ်ခေါင်းပွတုတ်နှင့်ရိုက်၏။ နံပတ်တုတ်ဟု ဆိုသည့် သစ်မာသားတုတ်နှင့်ရိုက်၏။ ဝါးဆစ်ပိတ်နှင့်ရိုက်၏။ ရိုက်ရာတွင်လည်း နေရာမရှောင်နေရာမရွေး ရိုက်၏။ ခေါင်းထိလျှင်ကွဲ၏။ အရိုးထိလျှင်ကျိုးပြီး အသားထိလျှင်ကြေ၏။ အချက်ရေနှင့်အချိန်အဆမရှိ။
အင်္ဂလိပ်က ကြိမ်စင်တင်ပြီး ကျွမ်းကျင်ကြိမ်ရိုက်သမားနှင့်စနစ်တကျရိုက်သည်ဆို၏။ ကြိမ်စင်ပေါ်မှောက်ခိုင်းပြီး လက်ခြေတို့မလှုပ်နိုင်အောင်အရင်တုတ်၏။ ပြီးတော့ တကိုယ်လုံးချွတ်ပြီး အသားရှိသည့်နေရာ(ကြိမ်ရိုက်ရန်သတ်မှတ်ထားသည့်နေရာများကို) ဆီပါးပါးအရင်သုတ်၏။ တင်ပါး၊ ခြေသလုံးနှင့်ပေါင်နောက်ဘက်ပိုင်းများ။ ပြီးတော့ အသားပေါ်တွင်အဝတ်ပါးအုပ်၏။ ပြီးတော့မှ သတ်မှတ် ကြိမ်ဒဏ်အရေအတွက်အတိုင်း အတိအကျရိုက်၏။ ရိုက်ရာတွင်လည်း အချက်ရေနှင့်ရိုက်သူ၏ လက်အချိန် အဆအလေးအပေါ့ကို အတိအကျသတ်မှတ်ထား၏။ ဘေးချော်ရိုက်လို့မရ။ အချက်ရေပိုရိုက်လို့မရ။ ရက်ခွဲရိုက်ရမည့်သူကို ရက်ခွဲပြီးရိုက်သည်ဆို၏။ တောင်ငူထောင်တွင် မသုံးတော့သည့်ကြိမ်စင်ကို ဂိုဒေါင်တခုအတွင်း ဖုန်အလိမ်းလိမ်းနှင့်ကြည့်ဖူး၏။ ကြိမ်စင်ကိုကြည့်ရင်း အရိုက်ခံရတာချင်းအတူတူ စနစ်တကျအရိုက်ခံရသည်ကတော်သေး၏ဟု စိတ်တွင်ထင်မိ၏။ အမှန်က လူသည် ဘယ်သူ့ဘယ်သူမှ ရိုက်စရာမလိုသောသတ္တဝါသာဖြစ်သင့်၏။ လူသား၏ယဉ်ကျေးမှုသည် လူလူချင်းရိုက်နှက်ညှဉ်းပမ်းခြင်းဖြင့် အရုပ်ဆိုးအကျည်းတန်ရ၏။
အခုလည်း ဒီနေရာမှာ လူတွေကိုလူတွေက ည၇နာရီကျော် အပြင်ထွက်လို့ဆိုပြီး ကြိမ်စင်တင်ပြီး ကျာပွတ်နဲ့ရိုက်ခဲ့ကြ၏။ လူချင်း အတူတူ ၇ နာရီကျော်လျှင် အပြင်ထွက်ခွင့်ရှိသူနှင့်မရှိသူဆိုသည်ကို ကြိမ်စင်ကျာပွတ်နှင့်သတ်မှတ်ဆုံးဖြတ်ခဲ့ကြ၏။ စိတ်က ကျွန်ခေတ်နောက်ခံ ရုပ်ရှင်ကားများဆီရောက် သွားပြန်၏။ ကျာပွတ်သည် အသွားမြည့်နေသည့်ဓါးတချောင်းနှင့်ဘာမှမခြား။ ရိုက်ချလိုက်လျှင်အသားထဲ မြုတ်ဝင်သွားပြီး ပွတ်၍ကြိတ်ဆွဲပြန်ဆွဲလိုက်လျှင် အသားဟက်တက်ကွဲ၏။ ထိချက်ရိုက်ချက်တိုင်းသည် အသားဆိုင်အသားမွှာတို့အား ကွဲပြတ်ထွက်သွားစေ၏။ သွေးဖြန်းဖြန်းပန်းကာ သွေးချင်းချင်းနီစေ၏။ မျက်နှာကိုဖြတ်ရိုက်ခံရလျှင်မူကား ဆိုဖွယ်မရှိတော့။ နာလိုက်မယ့်ဖြစ်ခြင်း။
ဆိုင်းဘုတ်ရှေ့ရပ်ရင်း နာကျင်လွန်းသဖြင့် အော်ဟစ်မြည်တမ်းသံများ၊ သနားစဖွယ်တောင်းပန်တိုး လျှိုးသံများ၊ ခါးစည်းအံကြိတ်တက်ခေါက်သံများ၊ မီးဝင်းဝင်းတောက်နေမည့်မျက်လုံးအစုံများ၊ တဟားဟားလှောင်တိုက်ရယ်မောနေသည့်မျက်နှာများ၊ အသားဆိုင်အသားစတို့ ပြတ်သတ်ထွက်သွားသည့် ဟက်တက်ကွဲကျောပြင်ကြီးများ၊ သွေးချင်းချင်းနီနေသည့်ရင်ဘတ်ကြီးများ၊ ကြိမ်စင်ကအဖြုတ်မှာ မဟန်နိုင်တော့ပဲ လဲပြိုကျသွားပုံများအား တခုချင်းတခုချင်းစိတ်မျက်စေ့နှင့် နားအာရုံတွင်ထင်လာ၏။ လူတကိုယ်လုံးချွေးပြန်လာ၏။ ကျနော် မတ်မတ်ကောင်းကောင်းမရပ်နိုင်တော့။ အဖေါ်ပါသူက ပြန်ရအောင်ဆိုသဖြင့်သာ အသိဝင်သတိဝင်ပြီး သက်သာရာရသွား၏။
ကျွန်ဈေးကနေ ဟိုတယ်လ်ပြန်၊ ရေမိုးချိုး၊ ညစာစားမယ်ဆိုပြီးအပြင်ပြန်ထွက်ခဲ့၏။ ည ၉ နာရီခန့်ရှိပြီ။ စိတ်ထဲတော့ အတော့်ကိုမသက်မသာ။ ညစာမစားခင် ဟိုနားဒီနားလည်း လျှောက်ကြည့်ချင်နေမိ၏။ လမ်းတွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ ကုန်တိုက်ကြီးတွေမှာ၊ ကုန်စုံဆိုင်တွေမှာ၊ ဘီယာအရက်ဘားတွေမှာ တွေ့သမျှလူ၏ရာခိုင်နှုန်းအများစုမှာ အာဖရိကန်အမေရိကန်ဟုခေါ်သည့် လူမည်းများကအများစု ဖြစ်နေသလိုပဲဟု စိတ်တွင်ထင်မိ၏။ လူဖြူများ၊ ပြီးတော့(သူတို့ပြောသည့်)အသားအရောင်ရှိသူများ၊ အာရှတိုက်သားများလည်း သွားလာနေကြသည်ကိုမြင်ရ၏။ အားလုံးအတူတူ။ လွတ်လွတ်လပ်လပ်။ ဝယ်ကြချမ်းကြ။ သောက်ကြစားကြ။ ပျော်ကြပါးကြ။ အနားယူကြ အပမ်းဖြေကြ။
ဤနေရာ ဤမြို့တွင် တချိန်က အခုလိုမျိုး အဖြူအမည်းအတူထိုင်အတူစားဖို့မပြောနှင့် အတူစကားပြောခွင့်ပင်မရှိခဲ့ဆိုသည်ကို ကျိန်ပြောလျှင်တောင် ဘယ်သူမှယုံစရာမရှိတော့။ ထိုတုန်းကတော့ အသားအရောင်ပေါ်တည်ပြီး၊ ဘဝအပေါ်တည်ပြီး၊ အာဏာနှင့်ငွေကြေးအပေါ်တည်ပြီး၊ ကျွန်နှင့်ကျွန်ပိုင်ရှင် သာရှိခဲ့၏။ ဆက်ဆံရေးက သခင်နှင့်ကျွန်ဆက်ဆံရေး။ ယခုကားထိုသို့မဟုတ်တော့ ဘဝအရ၊ အသား အရောင်အရခွဲခြားမှုမရှိတော့။ ကုန်ထုတ်လုပ်မှုအရ၊ ဓနဥစ္စာအရ၊ အာဏာပိုင်ဆိုင်မှုအရ အလုပ်ရှင်နှင့် အလုပ်သမား။ အရင်းရှိသူနှင့်အရင်းမဲ့သူ။ အလုပ်ရှင်နှင့်အလုပ်သမား။ ဆက်ဆံရေးက အလုပ်ရှင်အလုပ် သမားဆက်ဆံရေး။ တချိန်ကကျွန်ပိုင်ရှင်ဖြစ်ခဲ့ပြီး ယခုတော့ အရင်းမဲ့သွားရရှာသူများနှင့်အတူ တချိန်ကကျွန်ဖြစ်ခဲ့ပြီး ဘယ်တုန်းကမှလည်းအရင်းမရှိခဲ့ ယခုလည်းအရင်းမဲ့နေသေးသည့်သူများကား ယခုတော့ အရင်းရှိသူထံ လုပ်အား၊ ဉာဏ်အား၊ အချိန်များ၊ ဘဝများထိုးအပ်လိုက်ကြပြီးပြီ။ အလုပ်သမားချင်း၊ ဘဝတူချင်းဖြစ်သွားကြပြီ။ ဘဝတူချင်းမို့ ပိုရင်းနှီးလာလေသလားတော့ မပြောတတ်။ သူတို့ချင်း ချစ်ချစ်ခင်ခင်နေနိုင်လာကြ၏။ ရိုင်းပင်းလာတတ်ကြ၏။
ဆက်လျှောက်လာရင်း မြို့လည်မဏ္ဍပ်နားရောက်လာ၏။ လူအတော်စည်၏။ လမ်းဘေး ပလက်ဖေါင်းများပေါ်တွင် စားပွဲကုလားထိုင်တွေချပြီး ဘီယာသောက်ရင်း စကားပြောရယ်မောနေကြသူများ ကား လူငယ်တွေများ၏။ အရောင်စုံ၏။ ဖြူ၏။ မည်း၏။ ညို၏။ ဝါ၏။ အဖေါ် ပါလာသူက “သူတို့တွေက ဒီနားက တက္ကသိုလ်တွေကကျောင်းသားတွေလေ” ဟု ခပ်တိုးတိုးပြောပြ၏။ သူတို့ကြည့်ရသည်မှာ လွတ်လပ်ပေါ့ပါးပြီး ခင်ချင်စရာကောင်းသည်ဟု စိတ်တွင်ထင်၏။ ပုဆိုးနှင့်ချိုင်းထောက်နှင့်မို့ ကျနော့်ကို မသိမသာလေးကြည့်သည်ကလွဲ၍ စူးစူးရဲရဲဘယ်သူမှမကြည့်။ တချို့ကတော့ ထုံးစံအတိုင်း ဟိုင်းတွေ ဟယ်လိုတွေလုပ်၏။ ကျနော်လည်း အလိုက်သင့် ဟိုင်းရ ဟယ်လိုရ၏။ ထို ဟိုင်းနှင့် ဟယ်လိုတို့တွင် ကျွန်စော်မနံတော့။ ကျွန်နံ့မစွဲတော့။ ကျွန်ဝယ်ရာအဆစ်ပါစရာလည်းမရှိတော့။ သဘောက်လည်းမရှိတော့။ ၇ နာရီမကလို့ ဘယ်နှနာရီဖြစ်ဖြစ် ကျာပွတ်သံမရှိတော့။
မျိုးမြင့်ချို
0 comments:
Post a Comment