Friday, August 26, 2011

ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊ (မျိုးမြင့်ချို)

0 comments
ယူအက်စ်စီဘီ၊ ပေါ်လစီဒါရိုက်တာနှင့်၊ ကဗျာရေးတဲ့ ဒတ္ထ၊
၂ဝ၁၁ ဧပြီလ၂ ရက်နှင့် ၃ ရက်နေ့များတွင် ယူအက်စ်ကမ်ပိန်းဖေါ်ဘားမား (USCB) ၏ နိုင်ငံလုံးဆိုင်ရာစည်းရုံးရေးအစည်းအဝေး (2011, National Organization Meeting- USCB)ကို ဝေါ်ရှင်တန်ဒီစီတွင် ကျင်းပခဲ့၏။ ထိုအစည်းအဝေးတက်ရောက်ရန် ဖိတ်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရ၏။ ဝေါ်ရှင်တန်ဒီစီသို့ တတိယအကြိမ် ရောက်ခြင်းဖြစ်၏။ (USCB) မှ အစစအရာရာ စီစဉ်ဆောင်ရွက်ပေး၏။ ကျေးဇူးတင်ရသလို အားလည်းနာမိ၏။

အစီအစဉ်များက ၈ နာရီခွဲမှ ၉ နာရီ ၁၅ မိနစ်အထိ တက်ရောက်လာသူများမှတ်ပုံတင်ခြင်းနှင့်မနက်စာဧည့်ခံခြင်း။ ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃ဝ အထိ USCB Board of Directors များ၏ တွဲဘက်ဥက္ကဋ္ဌက အဖွင့်စကားပြော၏။ ၉ နာရီ ၃၅ မိနစ်မှ ၄ဝ အထိ ဒေါ်အောင်ဆန်းစုကြည်မှပေးပို့သည့် ဗီဒီယိုအမှာစကားကိုပြပေး၏။ ၉ နာရီ ၄ဝ မှ ၅ဝ အထိ မူဝါဒရေးရာညွှန်ကြားရေးမှူး ကိုအောင်ဒင်က အမှာစကားပြော၏။

၉ နာရီ ၅ဝ မှ ၁၁ နာရီ ၅ မိနစ်အထိ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေ (Situation on The Ground) ခေါင်းစဉ်အောက်မှ ဗမာပြည်တွင်လက်ရှိဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများအကြောင်း (Panel Discussion) ဖြစ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် USCB မှ Patrick Cook-Deegan ကဆောင်ရွက်ပြီး Panelists များအဖြစ် USCB မှ မိုင်ရာဒါဖေါ၊ ဒေါက်တာ ပါဗင်န်းပါမာ Dr. Parveen Parmar(Associate Director of Brigham and Women’s Hospital, International Emergency Medicine Fellowship and Physicians for Human Rights)၊ ဒေါက်တာသောင်းထွန်း (The Burma Fund-UN Office) နှင့်ကျနော် (Myo Myint, Former Burmese Soldier, NLD Member and Former Plitical Prisoner) တို့က ထိုင်ပေးရ၏။  

၁၁ နာရီ ၁ဝ မိနစ်မှ ၂၅ မိနစ်အထိ အမေရိကန်အစိုးရ၏ နိုင်ငံတကာမူဝါဒနှင့် ဗမာပြည်အပေါ်အရေးယူဆောင်ရွက်ချက် (International Policy and Action on Burma) ခေါင်းစဉ်ဖြင့် နောက်ထပ် Panel Discussion တခုလုပ်၏။ ထို Panel Discussion တွင် အလယ်ထိုင်လူအဖြစ် (USCB) မှ  Jennifer Quigley ကဆောင်ရွက်ပြီး ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း(Joseph Yun, Deputy Assitant Secretary of State-Bureau ofr East Asia and Pacific) နှင့် သမ္မဘုရှ်လက်ထက် အမျိုးသားလုံခြုံရေး ကောင်စီဝင်နှင့် ဂျော့ခ်ျတောင်းတက္ကသိုလ်တွဲဘက်ပါမောက္ခ ဒေါက်တာမိုက်ဂရင်း(Dr. Mike Green,Former Senior Director for Asia at National Security Council,Associate Professor at Gorgetown University and Senior Advisor and Japan Chair,CSIS) နှင့် ဒီမိုကရေစီရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာစီမံချက်ညွှန်မှူး မစ္စ ဒေါ့က်ဟီ ဖက်စီဟီရန် (Ms. Dokhi Fassihian, Executive Director, The Democracy Coalition Project) တို့က Panel ထိုင်ကြ၏။

နေ့လည် ၁ နာရီ ၃၅ မိနစ်ကနေ ၁ နာရီ ၅ဝ အထိက Burma Soldier documentary film  ဗီဒီယိုကားတိုလေး ၂ ခုကိုပြခဲ့၏။

Burma Soldier video clips လေးတွေပြပြီးတော့ ကျနော် ၁၅ မိနစ်ခန့်စကားပြောခွင့်ရခဲ့၏။ ဗမာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖေါက်နေမှုအကြောင်း၊ ဗမာ့တပ်မတော်မှလူမျိုးစုဒေသများတွင် နိုင့်ထက်စီးနင်းလုပ်ဆောင်နေမှုများအကြောင်း၊ အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအခြေအနေနှင့် ထောင်တွင်းအခြေအနေများ၊ စစ်ကြောရေးစခန်းနှင့် ထောင်တွင်းနှိပ်စက်ညှဉ်းပမ်းမှုများအကြောင်း ခပ်တိုတိုချုပ်ပြီးတင်ပြခဲ့၏။ ထို့နောက် တက်လာသူများက မေးသည့်မေးခွန်းများအား ပြန်လှန်ဖြေကြားပြီး ဗမာပြည်ဒီမိုကရေစီရေးအတွက် တိုးတက်ပြောင်းလဲလာစေရန် လုပ်ဆောင်နိုင်မည့်အခြေအနေများ အခွင့်အလမ်းများကိုလည်း ဆွေးနွေးပြောဆိုဖြစ်ခဲ့၏။ တက်လာသူတိုင်း၏ တလှိုက်တလှဲ စိတ်ဝင်တစားရှိမှုကြောင့်လည်း အားတက်မိသလို လာရကျိုးတက်ရကျိုးနပ်သည့် အစည်းအဝေးဟုမြင်၏။

၎ ရက်နေ့ရောက်တော့ နေထိုင်ရာပြည်နယ်ရဲ့ ကွန်ဂရက်စ်လွှတ်တော်အမတ်များနှင့်တွေ့ပြီး ဗမာပြည်အရေးဆွေးနွေး တင်ပြနိုင်ရန် စီစဉ်ပေး၏။ (Dirksen Senate Office Building) တွင် အမေရိကန်ပြည်ထောင်စုတခုလုံးက ဆီနိတ်တာတွေရုံးထိုင်ကြရ၏။ ကျနော် အင်ဒီယားနားပြည်နယ် ဆီနိတ်တာရုံးသို့သွားကာ ဗမာပြည်အရေးအတွက် အမေရိကန်ပြည်ထောင်စုက ချမှတ်လုပ်ကိုင်ဆောင်ရွက်နေသည့် ပေါ်လစီဆိုင်ရာကိစ္စများအား သူနှင့်ဆွေးနွေးဖြစ်ခဲ့၏။ သူက သိချင်သည်များမေးမြန်းသလို ကျနော်ကသူသိလိုမည် ထင်သည့်ကိစ္စများအား ဆွေးနွေးဖြစ်၏။ ၄၅ မိနစ်ခန့်ကြာမည်ထင်၏။ ဗမာပြည်တွင် လူ့အခွင့်အရေးအခြေအနေ တစုံတရာတိုးတက်ပြောင်းလဲမှုမရှိမချင်း စစ်ဗိုလ် များနှင့်ယင်းတို့၏အဝန်းအဝိုင်းများအပေါ် အမေရိကန်ပြည်ထောင်စုကချမှတ်ထားသည့် ပစ်မှတ်ထားစီးပွားရေးပိတ်ဆို့မှု ဆက်လက်ထားရှိ ရေးကို ထောက်ခံကြောင်းဆွေးနွေးပြီး နိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းခြက်မရှိနှင့်အမြန်ဆုံးလွှတ်ပေးရေး၊ လွတ်လာပြီးနောက်တွင် ဗမာ့နိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်၏ အဆင့်တိုင်းတွင် ယင်းတို့အား အကန့်အသတ်အချုပ်အချယ်မရှိ ပါဝင်ခွင့်ရရေးအတွက် အမေရိကန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းပေးရေးကိစ္စများကို ဆွေးနွေးတင်ပြခဲ့၏။


ထိုခရီးစဉ်တွင် အထူးသဖြင့်ကိုအောင်ဒင်၏ လှိုက်လှဲပျူငှာမှုကိုကြည်နူးရ၏။ သူနှင့်ကျနော်က ၁၉၉ဝ ပြည့်နှစ်များက အင်းစိန်ထောင် တွင်အတူရှိခဲ့ဖူးသူများ။ ၁ဝ (က) ပုဒ်မနှင့်ထိန်းသိမ်းခံကာလအတွင်း (၁)တိုက်တွင် အတူရှိခဲ့ကြ၏။ သူတို့အခန်းမှာ သူရယ်၊ သဲကုန်း ကိုအောင်သန်းရယ်၊ ဒေါတ်တာမောင်မောင်ကျော်ရယ်၊ ဗိုလ်ဝေနိုင်(ဦးတင်မြင့်ဟုထင်သည်)ရယ်၊ နတ္တလင်းက ဖြိုးဝေဝင်းရယ် အတူနေသည် ဟုမှတ်မိနေ၏။ သူနှင့်ကျနော့ကြားမှာ အမှတ်ရစရာ မှတ်မှတ်ရရကိစ္စလေးတခုရှိခဲ့ကြ၏။ နိုင်ငံရေးအကျဉ်းသားများအား လူမဆန်စွာနှိပ်စက်ကလူပြုလွန်းသည့် ထောင်မှူးမောင်ပြုံး၊ ချစ်မောင်တို့အား ကျနော်တို့အပြုတ်တိုက်စဉ်ကဖြစ်၏။  ကျနော်နှင့်ကိုနေမင်း(ရှေ့နေကိုဝင်းရွှေ) တို့ အခြားသူများနှင့်တိုင်ပင်ပြီး သူ့အရိုးနှင့်သူ့ပြန်ထိုးအစီအမံအတွက် လျှို့ဝှက်လုပ်နေရသည့်အချိန်။ ကျနော့်နှင့်ကိုနေမင်းအတွက် ထောင်တွင်း အန္တရာယ်အလွန်ကြီးနေသည့်အချိန်။ ကိစ္စမပြတ်ခင်လက်သည်ပေါ်သွားပါက အချိန်မရွေးထုတ်ရိုက်၊ ပြစ်ဒဏ်တိုက်ရောက်သွားနိုင်သည့် အနေအထား။ အရာရာသတိကြီးကြီးထားနေရစဉ်။  အထူးလျှို့ဝှက်လုပ်ကိုင်နေရသည့်ကာလ။ ကျနော့်အခန်းဖေါ်တယောက်က တိုက်ပွဲ၏ အလားအလာကောင်းမှုအပေါ် အားရစိတ်ဖြင့်ထောင်ဝါဒါတယောက်အား ဝင့်ဝါမိလိုက်၏။ ကျနော်လက်သည်ဖြစ်ကြောင်း ထောင်မှူးများ ဘက်က ဖေါ်ထုတ်ရနိုင်သည်မို့ ကျနော်အစိုးရိမ်ပိုရ၏။ သူ့ကိုလည်းမပြောသာသဖြင့် ကိုအောင်ဒင့်အား တိုးတိုးတိတ်တိတ်ပြောပြီး အကူ အညီတောင်းမိ၏။ နောက်တနေ့ရေချိုးဆင်းချိန်တွင် ကိုအောင်ဒင်ကျနော်တို့အခန်းရှေ့လာပြီး ကျနော့်အခန်းဖေါ်အား ထိုသို့မဆိုရန် ယဉ် ကျေးသိမ်မွေ့စွာ တားမြစ်ပေး၏။ ကျနော့်အခန်းဖေါ်လည်း နှုတ်ထိမ်းသွား၏။ ကျနော် သူ့ကို ထိုကိစ္စအတွက် ကျေးဇူးတင်သလို အမှတ်လည်း ရနေဆဲဖြစ်၏။ 

နောက် သူရောကျနော်ပါ ထောင်ကျသွားပြီးနောက် သူက (၅)တိုက်။ ကျနော်က (၄)တိုက်ရောက်သွားကြ၏။  ရေချိုးဆင်းချိန် တယောက်ကိုတယောက် လက်ပြနှုတ်ဆက်ရုံမှတပါး စကားပြောဆိုရန်အခွင့်မသာခဲ့ကြ။ နောက်တော့ စက်တင်ဘာ ၂၅ အပြီးမှာ ကျနော် တောင်ငူထောင်ရောက်သွား၏။ သူနှင့်မတွေ့ရတော့။ နောက် ကျနော်ထောင်ကလွတ်လာပြီး မဲဆောက်ရောက်တော့ သူအမေရိကားကနေ ထိုင်းကိုဆင်းလာတုန်း အေအေပီပီတွင်ဆုံမိပြန်၏။ တခါ ပြန်ကွဲသွားပြန်၏။ နောက် ကျနော် အမေရိကားရောက်လာပြီး ရှစ်လေးလုံး အနှစ်၂ဝ အခမ်းအနားကို နူးယော့ခ်မှာသွားတက်တော့ ခနပြန်ဆုံ၏။ သူ့လိပ်စာကဒ်ပေးပြီး ဆက်သွယ်ဖို့ဆို၏။ ကျနော်လည်း တခါတရံကိစ္စရှိသည်မှ အပ ဖုန်းမဆက်ဖြစ်။ အခုတခေါက်ပြန်ဆုံတော့ ဝေါ်ရှင်တန်ဒီစီမှာ။ သူက (USCB) ၏ မူဝါဒရေးရာညွှန်ကြားရေးမှူး(Policy Director)။ ကျနော်က အဖိတ်ခံဧည့်သည်နှင့် Panelist ဖြစ်နေ၏။ စကားတော့ သိတ်များများမပြောဖြစ်ခဲ့ကြ။ အချိန်လည်းမရ။ သူလည်း အလုပ်တွေနှင့် ပိနေပုံပေါ်၏။ လူလည်း အတန်ငယ်နွမ်းနယ်နေသယောင်ထင်၏။ သို့သော်သူသည် သူယုံကြည်ရာကို တစိုက်မတ်မတ်လုပ်ခဲ့၏။ လုပ်နေ၏။ လုပ်နေဦးမည့်သူဖြစ်မည်ဟု ကျနော်ယုံ၏။
မျိုးမြင့်ချို

0 comments:

Post a Comment