စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၂၃) သြဂုတ် ၁ဝရက် ၂ဝ၁၁ နေ့က အာရ်အက်ဖ်အေ ကနေအပတ်စဉ်ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ဒီတပတ်တော့ သစ္စာခံခြင်းကိုအထွဋ်တင်ပေးတဲ့ အကောက်အယူတခုအကြောင်း တင်ပြချင်ပါတယ်။ စစ်သားဆိုတာ အမိန့်နာခံရပါတယ်။ စစ်တပ်ဆိုတာအမိန့်နာခံမှုနဲ့ ဖွဲ့စည်းထားရတာဖြစ်ပါတယ်။ အမိန့်နာခံမှုမရှိပဲ စစ်တိုက်လို့မရပါဘူး။ သူလည်းလူ၊ ကိုယ်လည်းလူ၊ သူလည်းသေနတ်၊ ကိုယ်လည်းသေနတ်ကိုင်ထားကြတာချင်းအတူတူ ဘာဖြစ်လို့ တယောက်ကိုတယောက်အသက်နဲ့လဲပြီး လိုက်နာနေကြရ သလဲဆိုတာရဲ့ အဖြေက အမိန့်နဲ့အမိန့်နာခံတတ်မှုပါပဲ။ ဘယ်တပ်မတော်မှာပဲဖြစ်ဖြစ် စစ်တိုက်နေတဲ့ အချိန် စစ်မိန့်မနာခံခြင်းဟာ စစ်သားတစ်ယောက်အတွက်အကြီးလေးဆုံး အပြစ်ချိုးဖေါက်မှုပါ။ သေဒဏ်တောင် သင့်နိုင်တဲ့ကိစ္စဖြစ် ပါတယ်။
အမိန့်နာခံတတ်မှုဆိုတာမှာလည်း စစ်တိုက်ချိန်စစ်မိန့်နာခံရတာ၊ စစ်သားအဖြစ် စစ်စည်းကမ်းလိုက်နာရတာ၊ တိုင်းပြည်ကို၊ လူထုကို၊ အစိုးရကို၊ ဖွဲစည်းပုံအခြေခံဥပဒေကို နာခံရတာတွေအားလုံးဟာ အမိန့်နာခံရတာတွေချည်းပါပဲ။ တကယ်တော့ စစ်သားဖြစ် လို့အမိန့်နာခံရတာနဲ့ အထက်ကိုသစ္စာခံရတာဟာ မတူပါဘူး။ ဒါပေမဲ့ ဒီကနေ့မြန်မာ့တပ်မတော်ထဲမှာတော့ အမိန့်နာခံနဲ့အထက်ကို သစ္စာခံတာကို မျဉ်းတပြေးတည်းဆွဲထားသလိုဖြစ်နေပါတယ်။
ဒီကနေ့ ကမ္ဘာအရပ်ရပ်က Professional Army လို့ဆိုတဲ့ ခေတ်မီတပ်မတော်တွေမှာ သစ္စာခံသူ သူကောင်းပြုရေးခေတ် မရှိတော့ပါဘူး။ လူတော်တွေကိုနေရာပေး၊ တာဝန်ပေးစေခိုင်းမှုပုံစံကိုပဲ ကျင့်သုံးနေကြတာပါ။ ဗမာပြည်မှာတော့ စစ်တပ်ကနိုင်ငံရေး အာဏာကို လက်ဝါးကြီးအုပ်လိုက်ချိန်ကတည်းကစပြီး သစ္စာခံသူ သူကောင်းပြုရေးအစဉ်အလာကို စတင်ကျင့်သုံးလာခဲ့ကြတာဟာ ဒီနေ့တိုင်ပဲဖြစ်ပါတယ်။ ဒီအစဉ်အလာကို ခိုင်မာသထက်ခိုင်မာအောင်လည်း စနစ်တကျတည်ဆောက်ပေးထားပါတယ်။ အဲသလို တည်ဆောက်ယူဖို့အတွက် အစဉ်အဆက်ကပြောဆိုသုံးစွဲလာခဲ့တဲ့ စကားလုံးတွေ၊ အသုံးအနှုန်းတွေကိုပါ ပြင်တန်တာပြင်၊ ဖျက်တန် တာဖျက်၊ ပြောင်းတန်တာပြောင်းတွေ လုပ်ရပါတယ်။
ထင်ရှားသိသာတဲ့ ဥပမာတခုကိုပြရရင်တော့ လူတော်လူကောင်းနဲ့ လူကောင်းလူတော်ကိစ္စဖြစ်ပါတယ်။ မြန်မာ့လူ့အဖွဲ့ အစည်းမှာ တလျှောက်လုံးသုံးစွဲလာခဲ့တဲ့ “လူတော်လူကောင်း”ဆိုတဲ့ နာမဝိသေသနကို ဦးနေဝင်းက “လူကောင်းလူတော်” ရယ် လို့ နှစ်လုံးခွဲရှေ့နောက် ပြောင်းပြန်စီလိုက်ပါတယ်။ တော်ပြီးမကောင်းတဲ့သူနဲ့ ကောင်းပြီးမတော်တဲ့သူဆိုပြီး သရုပ်ခွဲလိုက်ပါတယ်။ လူတယောက်ဟာ တော်တယ် ဒါပေမယ့် မကောင်းဘူး၊ ဒါဆို ဒီလူ လူကောင်းမဟုတ်ဘူး၊ ဘယ်တော့မှ လူကောင်းမဖြစ်နိုင် ဘူး၊ ဖြစ်အောင်လုပ်လို့မရဘူး။ လူတယောက်ဟာ မတော်ဘူး၊ ဒါပေမယ့်ကောင်းတယ်၊ ဒါဆို ဒီလူ လူကောင်းဖြစ်တယ်၊ လူတော်ဖြစ် လာနိုင်တယ်၊ တော်အောင်လုပ်ယူလို့ရတယ်ဆိုတဲ့ အမြင်တွေပါ။
ဒီတင် လူတစ်ယောက်ကို ကောင်းတယ်၊ မကောင်းဘူး ဘာနဲ့တိုင်းတာမလဲဆိုတဲ့မေးခွန်း ပေါ်လာပါတယ်။ ဒီမေးခွန်း အတွက် လူကောင်းဆိုတာရဲ့ အနက်အဓိပ္ပါယ်ကိုတော့ ဦးနေဝင်းကနှုတ်အားဖြင့် ဖွင့်ဆိုပေးမသွားခဲ့ပါဘူး၊ ဒါပေမယ့် လုပ်ရပ် အားဖြင့်တော့ လူကောင်းဆိုတာ အထက်ကိုဘယ်လောက်သစ္စာခံသလဲဆိုတာနဲ့တိုင်းတာကြောင်း ဖွင့်ဆိုပေးခဲ့တယ်လို့ပြောရမှာပါ။ အဲသလိုပြောပြီးနောက်ပိုင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှာ ဦးနေဝင်းရဲ့အယုံကြည်ခံရသူတွေက ရှေ့ရောက်လာ၊ နေရာရလာ ခဲ့ပါတော့တယ်။ အရှင်မွေးနေ့ချင်းကြီးတွေ ဖြစ်လာခဲ့ပါတယ်။
အာဏာဟာစနစ်တကျမဟုတ်တော့ဘဲ ရောက်ချင်တဲ့နေရာရောက် ဖြစ်သွားခဲ့ပါတော့တယ်။ ဦးနေဝင်းပြီးရင် အာဏာအရှိဆုံး က ထောက်လှမ်းရေးဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၈၈ ခုနှစ်မတိုင်မီမှာတော့ မြန်မာပြည်မှာပါတီဥက္ကဌ ဦးနေဝင်းကနံပါတ်ဝမ်း၊ ဦးစန်းယုက နံပါတ်တူးဆိုရင် ပါတီတွဲဘက်အတွင်းရေးမှူး ဦးစိန်လွင်က (ဝမ်း အင် ဟပ်ဖ်) တစ်နဲ့နှစ် ကြားကလူဆိုတဲ့ သတ်မှတ် ချက်ဟာ ပြည်ပမီဒီယာတွေအထိ ရောက်သွားခဲ့ပါတယ်။ ပြည်တွင်းမှာလည်း တွဲဘက်ကြီး၊ တွဲဘက်ကြီးနဲ့လူတိုင်းက ဖိန့်ဖိန့်တုန်ခဲ့ရ ပါတယ်။
တကယ်တော့ ဒါတွေဟာ ၁၉၇၇ ခုနှစ် ပါတီထိပ်ပိုင်း အကွဲအပြဲက စခဲ့တယ်လို့ဆိုကြပါတယ်။ အဲဒီနှစ် ပါတီထိပ်ပိုင်း လျှို့ဝှက်မဲပေးမှုတစ်ရပ်မှာ ဦးနေဝင်းက အဆင့်(၅)အောက်လောက်အထိ လျှောကျသွားခဲ့ပါတယ်။ အဲဒီမှာပဲ ပါတီကိုကွန်မြူနစ်တွေ အုပ်စီးနေပြီဆိုပြီး တပြည်လုံးပါတီသန့်စင်ရေးတွေလုပ်ခဲ့ရာမှာ ဘာမှန်းညာမှန်းမသိရဘဲ ရုတ်တရက်ရာထူးပြုတ်သွားကြရသူတွေ အတော်များခဲ့ပါတယ်။ အဲဒီဂယက်ဟာ ပါတီကိုသစ္စာခံထားရတဲ့ တပ်မတော်ထဲမှာလည်း အကြီးအကျယ်ရိုက်ခတ်ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ စစ်တပ်ထဲမှာပါ မတော်ရင်နေပေ့စေ၊ ကောင်းရင်ပြီးရောဆိုတာ ဖြစ်လာပါတယ်။ တော်ပေမဲ့ မကောင်း ရင် အလိုမရှိဘူး။ မတော်ပေမဲ့ကောင်းရင် သူကောင်းပြုရမယ်ဆိုတာ ထပ်ဖြစ်လာပြန်ပါတယ်။ ကောင်းတယ်ဆိုတာလည်း စောစော ကပြောခဲ့သလို အထက်အရာရှိက သူ့အတွက်အန္တရာယ်မရှိဘူးလို့ယုံကြည်ရတဲ့သူ၊ သူ့အကျိုးဆောင်ရွက်ပေးတဲ့လူကို လူကောင်းလို့ သတ်မှတ်လိုက်တာပါပဲ။ ထားရာနေစေရာသွား၊ ခေါ်ရင်သွား၊ ခိုင်းရင်လုပ်၊ ခံမပြောနဲ့၊ ရေဗူးပေါက်တာမလိုချင်ဘူး၊ ရေပါတာသာ လိုချင်တယ်..စတဲ့အပြောအဆိုနဲ့ သင်ကြားမှုတွေကို တသွေမတိမ်းလိုက်နာသူဟာ လူကောင်းဖြစ်လာပါတော့တယ်။ လူကောင်းဖြစ် လာသူတယောက်ဟာလည်း အထက်ရဲ့ သူကောင်းပြုမှုကို မျှော်လင့်လို့ရသွားပါပြီ။
“လူကတော့ လူတော်ပါကွာ၊ ဒါပေမယ့်……”ဆိုတဲ့ ချွေးသိပ်စကားလေးအောက်မှာ တိုင်းပြည်ကောင်းစေချင်တဲ့ လူတော်တွေရော၊ ခွာတိုင်းနန်းလုချင်သူတွေရော အမှည့်ကြွေအစိမ်းချွေဘဝ ရောက်ခဲ့ရတာချည်းပါပဲ။ လူတော်တချို့ ချောင်ထိုးခံ လိုက်ရတော့တာပါပဲ။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချူပ်ရေးဆိုင်ရာတွေမှာ တကယ်တော်သူတတ်သူတွေဟာ လူကောင်းဆို သူတွေရဲ့အောက်မှာ လည်စင်းခေါင်းလျှိုရတဲ့ အခြေ ကို ဆိုက်သွားတော့တာပါပဲ။ တော်သူတတ်သူတွေကို နေရာပေးတဲ့စနစ် လည်း လက်စတုံးအဖျောက်ဖျက်ခံလိုက်ရတော့တာပါပဲ။
ဒီလိုနဲ့ မြန်မာ့တပ်မတော်ဟာ သစ္စာခံသူတွေကြီးစိုးတဲ့တပ် ဖြစ်လာပါတော့တယ်။ တခါ အဲဒီတပ်ကပဲ နိုင်ငံရေးအာဏာကို ဆုပ်ကိုင် လိုက်ပြန်တဲ့အခါမတော့ တိုင်းပြည်ဟာ သစ္စာခံသူတွေမင်းမူတဲ့တိုင်းပြည် ဖြစ်လာပြန်ပါတော့တယ်။ စစ်ဘုရင်ဝါဒနဲ့အတူ သစ္စာခံသူ သူကောင်းပြုရေးဝါဒကိုကိုင်ပြီး တိုင်းပြည်ကိုကြီးစိုးနေကြောင်း အထင်ရှားဆုံးသာဓကကတော့ အခုနေပြည်တော်လို့ခေါ် တဲ့အရပ်က စစ် ပဒေသရာဇ်ကြီး ၃ ပါးရဲ့ ဧရာမရုပ်တုကြီးတွေပဲ ဖြစ်ပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်
0 comments:
Post a Comment