စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၂၄) သြဂုတ် ၁၇ ရက် ၂ဝ၁၁ နေ့က အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
အရင်တပတ်က သစ္စာခံသူသူကောင်းပြုအစဉ်အလာအကြောင်း တင်ပြခဲ့ပါတယ်။ ခုတပတ်တော့ မြန်မာ့တပ်မတော်ကပြောတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအကြောင်း တင်ပြပါ့မယ်။ ဒီဝေါဟာရဟာ သာမန်တွေးလိုက်ရင်တော့ လက်မခံနိုင်စရာမရှိပါဘူး။ ဒါပေမယ့် စကားနဲ့စကားနောက်ကတရား ဘယ်လိုအဟပ်မိအောင် လုပ်ထားသလဲဆိုတာ အဓိကအချက်ဖြစ်ပါတယ်။ ဗမာစကားမှာ “စကားနောက် တရားပါ”ဆိုတဲ့ ဆိုရိုး ရှိပါတယ်။ စကားကတရားကိုဖေါ်ပြပါတယ်။ စကားနောက်မှာတရားဆိုတာ ရှိကိုရှိနေပါတယ်။
ပထမဆုံးက “တိုင်းရင်းသား” ဆိုတဲ့ဝေါဟာရပါ။ ဒီစကားလုံးကို ဘယ်သူက၊ ဘယ်အချိန်မှာ၊ ဘယ်လိုသတ်မှတ်ဖွင့်ဆို၊ တီထွင်သုံးစွဲ ခဲ့တာမှန်းမသိပေမယ့် စကားမြစ်ကတော့တွယ်ပြီးသား ဖြစ်နေပါပြီ။ ဒီစကားလုံးကို ကျနော့်နားလည်ထားချက်က "တိုင်း" နိုင်ငံတခုမှာ "ရင်း" နှီးချစ်ကြည်စွာနေထိုင်လာခဲ့ကြတဲ့ "သား"ချင်းများ ဒါမှမဟုတ် “အမျိုးသားများ”လို့ ဖြစ်ပါတယ်။ ဒါပေမယ်လို့ ပြဿနာက တိုင်းရင်းလို့ ပြောတာနဲ့ တိုင်းဖျားဆိုတာကပါလာပြီး “တိုင်းရင်းတိုင်းဖျား" အဆက်အစပ်ကို “ကိုင်းရင်းကိုင်းဖျား” ဆိုတဲ့စကားလုံးနဲ့ ထပ်ပြီးဟပ်ပြီးတွေးယူ တာတွေလည်း ဖြစ်လာပြန်ပါတယ်။
နောက်တခုကလည်း “တိုင်းရင်းဆေး” “တိုင်းရင်းဖြစ်” “တိုင်းရင်းမေ” “တိုင်းရင်းသူ” စတာတွေပါပဲ။ တိုင်းရင်းဆိုတဲ့ဝေါဟာရ က တချို့နေရာတွေမှာ တတိုင်းပြည်လုံးနဲ့ဆိုင်နေတာမှန်ပေမယ့် တိုင်းရင်းသူ တိုင်းရင်းသားလို့ပြောလိုက်ရင်တော့ ဗမာမဟုတ်တဲ့အခြားလူမျိုးစု တွေကိုသာ ညွှန်းကြောင်းထင်ရှားပါတယ်။ ဆိုတော့ တိုင်းရင်းသားလို့ဆိုလိုက်တာနဲ့ ကရင်၊ ကချင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသူတွေ ကိုပဲ ပြောတာလိုဖြစ်လာပါတယ်။ တဆက်တည်းမှာပဲ အဲဒီအထဲမှာ ဗမာတွေမပါဘူး၊ ဗမာတွေဟာ တိုင်းရင်းသားမဟုတ်ဘူးဆိုတဲ့သဘောမျိုး နားလည်ချက်တွေ ဖြစ်ပေါ်လာပါတယ်။
ဒါဆိုရင် ဗမာတွေကဘာလဲဆိုပြီး မေးခွန်းထွက်လာပါတယ်။ အမှန်က ဗမာဆိုတာလည်း အဓိကလူမျိုးစုကြီး ၈ ခုထဲကတစုပါပဲ။ ဒါပေမယ်လို့ မူမမှန်တဲ့မျိုးချစ်စိတ်အရင်းခံက လူမျိုးစုတစုဖြစ်တယ်ဆိုတဲ့အမြင်ကို ဖုံးကွယ်ထားတော့၊ လူများစုလူမျိုးကြီးဆိုတဲ့စိတ်တွေ ဝင် လာပါတယ်။ အဲဒီလူမျိုးကြီးစိတ်နဲ့ မဟာလူမျိုးကြီးဝါဒကို ကျင့်သုံးလာပါတယ်။ လူမျိုးစုငယ်တွေအပေါ် အထင်အမြင်သေးလာတယ်။ တန်းတူ ရည်တူဆက်ဆံလိုစိတ် ခေါင်းပါးလာတယ်။ အဲဒီစိတ်အခံနဲ့ စစ်တပ်ကပြောတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ဗမာတွေတင်မက လူမျိုးစုတွေအားလုံးလည်း ထားရာနေ၊ စေရာသွား၊ မလိုက်နာရင်တိုက်မယ်၊ အင်အားသုံးဖြေရှင်းမယ်၊ ဗိုလ်ကျစိုးမိုးမယ်ဆိုတာပဲဖြစ်ပါတယ်။
နောက်တခုက နေထိုင်ရာဒေသနဲ့ဖွံ့ဖြိုးမှုပေါ်အခြေခံတဲ့ လူမျိုးကြီးစိတ်ဖြစ်ပါတယ်။ မြန်မာအများစုဟာမြေပြန့်ဒေသ၊ လမ်းပန်းဆက် သွယ်ရေးပိုကောင်းတဲ့ဒေသ၊ ပိုပြီးဖွံ့ဖြိုးတဲ့ဒေသတွေမှာ နေတာများကြပါတယ်။ အဲဒီမှာလည်း တွေးစရာရှိပြန်ပါသေးတယ်။ ပိုပြီးကောင်းတဲ့ နေရာတွေမှာနေကြတာလား။ ဒါမှမဟုတ် နေတဲ့နေရာတွေကို ပိုကောင်းအောင်လုပ်ပေးထားတာလား ဆိုတာဖြစ်ပါတယ်။
အာဏာရအစိုးရအဆက်ဆက်တွေဟာ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဆိုတာကို အသံကောင်းဟစ်နေကြပေမယ့် တကယ့်လက် တွေ့မှာ အခြားလူမျိုးစုဒေသတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးခဲ့တာ အလွန်နည်းပါးပြီး ထိထိရောက်ရောက်လည်း မရှိလှပါဘူး။ ခေတ် အဆက်ဆက်အစိုးရတွေရဲ့ မစားရဝခမန်း စီမံကိန်းကြီးတွေဟာ အကျင့်ပျက်ခြစားမှုနဲ့ မကျွမ်းကျင်မှုတွေကြောင့် သဲထဲရေသွန်ဖြစ်ခဲ့ရ တာချည်းပါပဲ။ သဲထဲရေသွန်ခြင်းအတူတူမှာတောင်မှ ဗမာအများစုနေထိုင်ရာတွေက ကျန်ဒေသတွေထက်တော့ အရာနည်းနည်းထင်သေး တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
နှိုင်းယှဉ်ချက်အရ အခြားလူမျိုးစုနေထိုင်ရာဒေသတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး စတဲ့နယ်ပယ်တွေမှာ ဘက်ပေါင်းစုံ နိမ့်ကျနေတာမြင်နိုင်ပါတယ်။ သူပုန်တွေကြောင့်၊ လမ်းပန်းဆက်သွယ်ရေးကြောင့်၊ ရာသီဥတုကြောင့် ဘာကြောင့်ညာကြောင့်တွေကို လက် ညှိုးထိုးအပြစ်ဖို့ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဘာမှမယ်မယ်ရရ လုပ်ပေးတာမရှိခဲ့ပါဘူး။ အကျိုးဆက်က ဘာဖြစ်လာပါသလဲ။ “ငါတို့ကိုတန်းတူ ရည်တူမဆက်ဆံဘူး၊ တဆင့်နှိမ့်ထားတယ်။ ငါတို့အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို အသိအမှတ်မပြုဘူး။ မပေးဘူး။ တောင်းယူညှိယူလို့မရ နိုင်တော့ဘူး။ တိုက်ယူမှရတော့မယ်။ တိုက်ရတော့မယ်”ဆိုတဲ့ အသိတွေကိုတွေကို သူတို့ရဲ့လက်တွေ့ဘဝကနေ ပြဋ္ဌာန်းပေးလိုက်ပါတော့ တယ်။ ဒီတင် လူမျိုးစုဒေသတွေမှာ ကပ်သုံးပါးဆိုက်တော့တာပါပဲ။
လက်ရှိဖြစ်နေဆဲ လူမျိုးစုပြဿနာတွေနဲ့ပြည်တွင်းစစ်ဟာ ပဒေသရာဇ်စနစ် သမီးကညာပဏ္ဏာဆက်ကနေ၊ နယ်ချဲ့ရဲ့သွေးခွဲသပ်လျှို အုပ်ချူပ်ရေးတွေကြောင့် သန္ဓေတည်ခဲ့ကြောင်းငြင်းလို့မရတာ မှန်ပါတယ်။ အာဏာရအစိုးရတိုင်းက လက်တွေ့ကျတဲ့ဖြေရှင်းမှုတွေကို မလုပ် တဲ့အပြင် ဒီအပေါ်ပဲနင်းပြောနေတာပါ။ ဒီကိစ္စတွေ ဒီလိုဆက်ဖြစ်နေရတာဟာ အတိတ်ကဆိုးမွေကိုဆက်ခံကျင့်သုံးနေတဲ့ အစိုးရတွေနဲ့နိုင်ငံ ရေးသမားတွေမှာရော တာဝန်မရှိတော့ဘူးလားဆိုတာ မေးစရာဖြစ်လာပါတယ်။ အနာသိဆေးလည်းရှိပါရက်နဲ့ မကုပဲထားသူက အနာရှိရ ကောင်းလားဆိုပြီး လူမမာကို တတောင်နဲ့ထောင်းနေတဲ့အဖြစ်မျိုးပါပဲ။
ချူပ်ရရင် ကျနော်တို့ဆီမှာ တချို့နိုင်ငံတွေကလို လူမျိုးစုတစုနဲ့တစု မျိုးဖြုတ်သတ်ဖြတ်နေတာ၊ စစ်တိုက်နေတာမရှိပါဘူး။ မြန်မာနဲ့ အခြားလူမျိုးစုတွေကြားမှာလည်း ညီညွတ်ရေးပြိုကွဲမနေပါဘူး။ ပြိုကွဲမယ့်အရိပ်အရောင်လည်း မမြင်မ၏ါဘူး။ တကယ်ပြိုကွဲနေတာက မြန်မာ လူမျိုးကြီးဝါဒကျင့်သုံးပြီး လူမျိုးစုငယ်တွေအပေါ် ဗိုလ်ကျမင်းမူနေတဲ့အစိုးရနဲ့ လူမျိုးစုတွေကြားကညီညွတ်ရေးသာ ဖြိုခွဲခံနေရတာဖြစ်ပါတယ်။ ကိုယ်ပိုင်အခွင့်အရေးနဲ့ပြဋ္ဌာန်းခွင့်တွေမရှိသမျှ လူမျိုးစုအားလုံးတန်းတူရည်တူ စုစည်းညီညွတ်တဲ့နိုင်ငံတော်ဆိုတာကို စိတ်ကူးလို့မရနိုင် သေးတာ ကတော့သေချာပါတယ်။
နောက်တပတ်ဆက်လက်တင်ပြပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်
0 comments:
Post a Comment