Wednesday, August 31, 2011

ဘဝတူသူတွေအရေးဆွေးနွေးခဲ့တဲ့ ညီလာခံနဲ့စပ်လို့ (၁) (မျိုးမြင့်ချို)

0 comments

Fort Wayne News-Sentinel: Former Burmese political prisoner chosen for U.N. input – Ellie BogueMon 1 Aug 2011 (အဲဒါကို ဆီလျော်အောင်ပြန်ပါတယ်) မျိုးမြင့်ချို
(ကိုယ့်အကြောင်းကိုယ်ပြန်ရတာဆိုတော့ အတော်ခက်ပါတယ်။ ကျနော်အဲဒီညီလာခံတွေမတက်ခင်ကလေးက အဲဒီအကြောင်းကျနော့်ကို သတင်းစာ ၂ စောင်နဲ့ရုပ်မြင်သံကြားအစီအစဉ်တခု လာရိုက်ပါတယ်။ သတင်းစာတစောင်ကရေးတာကို ဘာသာပြန်လိုက်တာပါ။ ကျန်တာတွေလည်း ပြန်ပါမယ်။ နောက်ပြီး အဲဒီညီလာခံတွေမှာ ကျနော် ဘာတွေပြောဆိုဆွေးနွေးဖြစ်ခဲ့တယ် ဆိုတာတွေလည်း ဆက်ရေးသွားပါမယ် ခင်ဗျား)
လက်ရှိ အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့မှာ နေထိုင်နေတဲ့ ဗမာပြည်သားနိုင်ငံရေးဒုက္ခသည် မျိုးမြင့်ဟာ လာမယ့်အပတ် ဝေါ်ရှင်တန်ဒီစီမှာကျင်းပမယ့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကွန်ဂရက်စ်ကို သွားတက်ဖို့အရွေးချယ်ခံရပြီးဖြစ်ပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက ဒုက္ခသည်တွေအတွက် ပထမဆုံးအကြိမ်အဖြစ် ဒီကွန်ဂရက်စ်ကိုကျင်းပ တာဖြစ်ပါတယ်။ ဒီကွန်ဂရက်စ်ဟာ လွန်ခဲ့တဲ့ အနှစ် ၆၀ ကစလို့ အမေရိကန်ပြည်ထောင်စုအတွင်းမှာ အကာအကွယ်ရယူနိုင်ခဲ့တဲ့ ဒုက္ခသည် ၃ သန်းလောက်ရဲ့ သဘောထားအမြင်တွေကို ထုတ်ဖေါ်မှုတခုအဖြစ် ဆောင်ရွက်သွားမှာဖြစ်ပြီး ၁၉၅၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တဲ့ ဒုက္ခသည်များဆိုင်ရာသဘောတူညီချက်စာချုပ် အနှစ် ၆၀ ပြည့်အခမ်းအနားကိုလည်း တပါတည်းကျင်းပသွား ပါလိမ့်မယ်။ ကွန်ဂရက်စ်ကျင်းပမယ့် ၂ ရက်အတွင်းမှာ ဒုက္ခသည်ရေးရာကိစ္စအများအပြားကို ဦးတည်ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပြီးတော့ နည်းလမ်းရှာအဖြေထုတ်သုံးသပ်မှုတွေ လုပ်ကြမှာလည်းဖြစ်ပါတယ်။ ဒီကွန်ဂရက်စ်ကနေထွက်လာမယ့် ဆွေးနွေးအဖြေ ရှာကြံဆမှုတွေကို လာမယ့်လတွေမှာ ဂျီနီဗာမှာကျင်းပမယ့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကလုပ်တဲ့ အစိုးရ အဆင့်ဝန်ကြီးများဆွေးနွေးပွဲတွေမှာ၊ အမေရိကန်အစိုးရအဖွဲ့အတွင်းမှာ၊ ကွန်ဂရက်စ်လွှတ်တော်အတွင်းမှာနဲ့ ဒုက္ခသည်များအရေး ဆောင်ရွက်နေတဲ့ အခြားသောအဖွဲ့အစည်းတွေမှာ၊ အစီအစဉ်တွေမှာ တင်သွင်းကြမှာလည်းဖြစ်ပါတယ်။ ဒုက္ခသည်အဖြစ်နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာကြသူတွေထဲက တပြည်နယ်တယောက်နှုန်းနဲ့ ကိုယ်စားလှယ် ၅၀ ဦးက ဒီကွန်ဂရက်စ်ကို တက်ရောက်ကြရတာဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားလူသိများတဲ့ ဒုက္ခသည် ၁၀ ဦးလည်းတက်ရောက်မှာဖြစ်ပါတယ်။

ကွန်ဂရက်ကလုပ်မယ့်အစီအစဉ်တွေထဲမှာ အလုပ်ရုံဆွေးနွေးပွဲ ၄ ခုပါဝင်ပါလိမ့်မယ်။ ကိုယ်စားလှယ်တွေက ဒီအလုပ်ရုံဆွေးနွေးပွဲ တွေကိုတက်ကြပြီး ဒုက္ခသည်များပြန်လည်နေရာချထားရေးကိစ္စတွေမှာ၊ နယ်ပယ်တွေမှာ ခွဲပြီးဆွေးနွေးကြပါလိမ့်မယ်။ အဲဒါတွေ ကတော့ ဒုက္ခသည်စခန်းအသီးသီးကနေ တတိယနိုင်ငံတွေကိုထွက်ခါနီးနဲ့ တတိယနိုင်ငံတွေကို ရောက်စဦးလိုအပ်ချက်များ အရေးကိစ္စ။ ရောက်ပြီးနောက် အမေရိကန်မှာနေထိုင်စဉ်လူမှုရေး၊ စီးပွားရေးနဲ့ယဉ်ကျေးမှုများ ပေါင်းစုံစုစည်းခြင်းဆိုင်ရာ အရေး ကိစ္စ။  အမေရိကန်ပြည်ထောင်စုပြင်ပရှိ (အမေရိကန်မရောက်သေးတဲ့) ဒုက္ခသည်တွေကို ကာကွယ်ကူညီပေးရေးကိစ္စ။ ကွန် ဂရက်စ်နဲ့ကွန်ဂရက်စ်ပြီးနောက် အမေရိကန်ပြည်ထောင်စုရောက် ဒုက္ခသည်များရဲ့သဘောထားအမြင်များကိစ္စ စတာတွေဖြစ်ပါ တယ်။

မျိုးမြင့်ကတော့ အမေရိကန်ပြည်ထောင်စုပြင်ပ (ဒုက္ခသည်စခန်းတွေက) က ဒုက္ခသည်တွေကို ကူညီကာကွယ်ပေးရေးကိစ္စကို အထူးသဖြင့် စိတ်ဝင်စားတယ်လို့ပြောပါတယ်။ အာဏာလက်ရှိစစ်အစိုးရက မြန်မာပြည်လို့နံမည်ပြောင်းခဲ့တဲ့ ဗမာပြည်က ဒုက္ခ သည်တွေဟာ ကမ္ဘာတဝှမ်းကနိုင်ငံတွေမှာ အမြောက်အများရှိနေပါတယ်။  တရုပ်ပြည်ဘက်မှာ၊ မလေးရှားမှာ၊ ထိုင်းမှာ၊ ဘင်္ဂလား ဒေ့ရှ်မှာ ခိုလှုံနေကြရတယ်လို့ဆိုပါတယ်။ မကြာသေးခင်ကပဲ ဘင်္ဂလားဒေ့ရှ်မှာနေနေကြတဲ့ ဗမာပြည်သားဒုက္ခသည်အချို့ဟာ ဘာမှန်းမသိညာမှန်းမသိရပဲ သေနတ်နဲ့အပစ်ခံရပြီး သေကုန်တာတွေကြားတယ်လို့ မျိုးမြင့်ပြောလို့သိရပါတယ်။ နူးယော့ခ်တိုင်မ်း သတင်းစာကြီးကလည်း ဗမာပြည်သားဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေထဲမှာ ဖြစ်သလိုနေထိုင်ရတဲ့ကြားကပဲ အရိုက် အနှက်ခံရတာ နေရပ်ကိုအတင်းအဓမ္မ ပြန်အပို့ခံရတာတွေ ရှိတယ်လို့ရေးထားပါတယ်။ မလေးရှားတနိုင်ငံထဲမှာကိုပဲ ဗမာပြည် သားရွှေ့ပြောင်းအလုပ်သမား တသန်းလောက်ရှိနေတယ်လို့လည်း မျိုးမြင့်အပြောအရသိရပါတယ်။ တချို့ကတရားမဝင်အလုပ် သမားတွေ ဖြစ်တယ်လို့ဆိုပါတယ်။

စခန်းကနေမထွက်ခင်ကလေးနဲ့ ပြန်လည်အခြေချရောက်စဦးကာလကိစ္စကိုလည်း သူ စိတ်ဝင်စားမိတယ်လို့ မျိုးမြင့်ကပြောပါ တယ်။ သူ ဒီကိုမထွက်ခင်ကလေးမှာ လျှောက်လွှာတင်တာ ဖေါင်ဖြည့်တာတွေလုပ်ရသလို အမေရိကန်ပြည်ထောင်စု အမိမြေ လုံခြုံရေးဝန်ကြီးဋ္ဌာနကပုဂ္ဂိုလ်တွေနဲ့ လူတွေ့မေးမြန်းတာလုပ်ရပါတယ်။ အဲဒီမှာ ကံဆိုးချင်တော့ သူ့အတွက်ပေးထားတဲ့ ဗမာ စကားပြန်က သူ အင်္ဂလိပ်စကားတတ်တာကို မသိဘူးလို့ဆိုပါတယ်။ အလွန်အရေးကြီးတဲ့စကားတွေကို မှားမှားပြီးပြန်နေတာကို သူသိနေပါတယ်တဲ့။ သူက ဒီ "စကားပြန်တော့ တလွဲတွေပြန်နေပြီ" ဆိုတာကို သိနေပါတယ်တဲ့။ အင်တာဗျူးလုပ်သူက မင်း ဘာလို့မင်းတိုင်းပြည်ကထွက်ခဲ့ရတာလဲ။ ဘာကြောင့်လဲလို့မေးတော့ သူက "နိုင်ငံရေးအကျဉ်းသားဟောင်း" ဖြစ်ကြောင်း ပြော တယ်လို့ ဆိုပါတယ်။ ဒါကို စကားပြန်က မျိုးမြင့်ဟာ "အကျဉ်းသားဟောင်းဖြစ်တယ်" လို့ပဲပြန်ပြီး "နိုင်ငံရေး" ဆိုတာကိုဖြုတ် ထားတာ သူသိကြောင်း၊ မှားနေကြောင်း စကားပြန်ကိုပြန်ပြန်ပြောရပါတယ်တဲ့။ နိုင်ငံရေးအကျဉ်းသားနဲ့ အကျဉ်းသားဆိုတာ ဘာကွာလဲဆိုတာကိုစကားပြန်ကို ပြန်ရှင်းပြခဲ့ရပါတယ်လို့ ပြောပါပြပါတယ်။ တကယ်လို့သာ အင်တာဗျူးလုပ်သူက အကျဉ်းသား ရိုးရိုးလို့ပဲ မှတ်ချက်ရေးလိုက်လို့ကတော့ သူနိုင်ငံရေးဒုက္ခသည်အဖြစ်နဲ့ ဒီကိုရောက်လာဖို့မလွယ်ဘူး။ မဖြစ်နိုင်တော့ဘူး လို့ ဆိုပါတယ်။

မျိုးမြင့်အပြောအရတော့ ဗမာပြည်လူမျိုးတွေအပါအဝင် ဗမာပြည်ကလူမျိုးစုတွေထဲကတချို့တလေဟာ အင်္ဂလိပ်စကားမပြောနဲ့ ဗမာစကား ဗမာစာတောင် တတ်ကြရှာတာမဟုတ်ပါဘူးလို့ သိရပါတယ်။ ဒီစကားပြန်ကိစ္စဟာ တော်တော်အရေးကြီးတဲ့ ကိစ္စလို့ သူမြင်ပါတယ်။ စကားပြန်မှားလို့ ဒုက္ခသည်အဖြစ်အပယ်ခံရပြီး ဘယ်နိုင်ငံမှထွက်ခွင့်မရသူတွေလည်း ခန်းတွေမှာရှိနေတယ်လို့ ဆိုပါတယ်။

နောက်တခုက ဒုက္ခသည်တွေဟာ တတိယနိုင်ငံတွေကိုမထွက်ခင်မှာ ၅ ရက်သာကြာတဲ့ ယဉ်ကျေးမှုမိတ်ဆက်သင်တန်းဆိုတာကို စခန်းထဲမှာတက်ရပါတယ်တဲ့။ တခါ ဒီကိုရောက်လာပြီးတော့လည်း နောက်ထပ် ၅နာရီစာ ဒီသင်တန်းကို တက်ရပါတယ်တဲ့။ သူ့အတွက်ကတော့ ပြဿနာမရှိဘူး၊ သူက အရင်ကတည်းက အမေရိကန်ယဉ်ကျေးမှုကို တီးမိခေါက်မိရှိထားသူ ဖြစ်လို့ပဲလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့လိုမဟုတ်သူတွေအတွက်ကျတော့ အဲသလောက်အချိန်တိုလေးအတွင်း ဘယ့်နှယ်လုပ်ပြီး မတူတဲ့ယဉ် ကျေးမှုကြီးတခုလုံးကို နားလည်နိုင်မှာလဲလို့ ပြောပါတယ်။ မလုံလောက်ပါဘူးလို့ဆိုပါတယ်။

မျိုးမြင့်ဟာ အခုတက်မယ့် ဒီကွန်ဂရက်စ်အပြင် တနင်္လာနဲ့ အင်္ဂါနေ့တွေ့မှာ ၂ဝ၁၁ ခုနှစ် အမေရိကန်ပြည်ထောင်စု ဒုက္ခသည်များဆိုင်ရာ ပြန်လည်နေရာချထားရေးရုံးကကျင်းပမယ့် နိုင်ငံလုံးဆိုင်ရာနှီးနှောဖလှယ်ပွဲကိုလည်း တက် ရောက်မှာဖြစ်ပါတယ်။ အဲဒီ နှီးနှောဖလှယ်ပွဲမှာတော့သူက ဒုက္ခသည်တွေအနေနဲ့ အင်္ဂလိပ်ဘာသာစကားကို ဒုတိယ ဘာသာစကားအဖြစ်သင်ယူဖို့ ဘယ်လောက်အရေးကြီးကြောင်းဆွေးနွေးဖို့စိတ်ကူးရှိတယ် လို့ဆိုပါတယ်။

မျိုးမြင့်အပြောအရတော့ ဒုက္ခသည်စခန်းတွေထဲမှာ လူတွေကမျိုးဆက် ၂ ဆက်စာလောက်နေလာခဲ့ရသူတွေ မှန်ပေ မယ့် သူတို့ဟာ အကူအညီအထောက်အပံ့တွေအပေါ် မှီခိုပြီးနေရတာနဲ့ အသားကျနေပြီဖြစ်တယ်လို့ ဆိုပါတယ်။ သဘောကတော့ ဘာမှလုပ်စရာမလိုဘူး ထောက်ပံ့ကြေးနဲ့နေနိုင်တယ် ဆိုတဲ့သဘောပါ။ သူတို့တွေ ဒီလည်းရောက် လာရော အစိုးရအထောက်အပံ့က ရက်ကိုးဆယ်ပဲပေးတာဆိုတော့ အဲဒီနောက် အလုပ်မရခင်စပ်ကြား ဆိုင်ရာအ ထောက်အပံ့ပေးတဲ့ရုံးတွေသွားပြီး အထောက်အပံ့တွေလျှောက်ရပါတယ် လို့ပြောပါတယ်။

အမေရိကန်နဲ့မတူတာက နော်ဝေကိုရောက်တဲ့ ဒုက္ခသည်တွေဟာ ၂ နှစ်တိတိနော်ဝေဘာသာစကားကို မဖြစ်မနေသင် ရတယ်လို့ဆိုပါတယ်။ အဲဒီ ၂ နှစ်အတွင်း အစိုးရကအပြည့်အဝ ထောက်ပံ့ပေးထားတယ်။ အထိုက်အလျှောက်တတ်ပြီ ဆိုမှ အလုပ်ရှာတာ၊ ပိုက်ဆံရှာတာလုပ်ရတယ်လို့ ဆိုပါတယ်။ တကယ်လို့ ဒုက္ခသည်တွေက နော်ဝေစကား မသင် ချင်ဘူး ကျောင်းမတက်ချင်ဘူးလို့ ဆိုရင်တော့ တိုင်းပြည်ကနေထွက်သွားဖို့ အပြောခံရတယ်လို့ဆိုပါတယ်။ (ကျနော် သတင်းထောက်ကိုပြောတာက စာမသင်ချင်ကျောင်းမတက်ချင်ရင် အစိုးရပေးထားတဲ့အထောက်အပံ့တွေ အကုန် ပြန်ဖြတ်တယ်။ အစိုးရအထောက်အပံ့ကိုမယူထားသူ ထိုင်းကိုပြန်ချင်ရင်ပြန်လို့ရတယ်လို့ ပြောတာဖြစ်ပါတယ်။ ထားပါ တော့။ ကျနော်အင်္ဂလိပ်စကားကို သူနားလည်အောင် လိပ်ပတ်လည်အောင် မပြောတတ်တာဖြစ်ဖို့များပါတယ်) အမေရိ ကန်အစိုးရကို အဲဒီအတိုင်းလိုက်လုပ်ရမယ်လို့ ပြောတာမဟုတ်ပေမယ့် ဒေသခံတွေနဲ့လိုက်လျောညီထွေဖြစ်ဖို့ သူတို့ထဲဝင်ဆန့်ဖို့ အင်္ဂလိပ်စာသင်တန်းတွေဟာ  သိတ်ကိုအရေးကြီးတဲ့ကိစ္စလို့ သူမြင်ကြောင်း ပြောပြပါတယ်။

နောက်ဆုံးအနေနဲ့ မျိုးမြင့်က "တချို့ဒုက္ခသည်တွေကထင်နေတယ်ဗျ။ ဒီရောက်ရင်သူတို့ဘာမှ အလုပ်လုပ်စရာမလို ဘူးလို့။ မဟုတ်သေးဘူးဗျ။ အဲဒါလည်းမဟုတ်သေးဘူး။ အလုပ်ရဖို့ အင်္ဂလိပ်စကားတော့ တတ်ရမှာပေါ့။ အင်္ဂလိပ်လို တော့ပြောတတ်ရမှာပေါ့"
မျိုးမြင့်ချို ဘာသာပြန်သည်
သြဂုတ် ၃၁ ၂ဝ၁၁

0 comments:

Post a Comment