Thursday, September 1, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၂၆) မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၂၆) သြဂုတ် ၃၁ ရက် ၂ဝ၁၁ နေ့တွင် အာရ်အက်ဖ်အေမှ ထုတ်လွှင့်ပြီးဆောင်းပါးဖြစ်ပါတယ်။
ကျနော် စစ်မှုထမ်းအဖြစ်နဲ့ဖြတ်သန်းရင်း သိမြင်နားလည်လာခဲ့တဲ့ တပ်ထဲက အကြောင်းတွေကို  စစ်မြေပြင်မှပုံရိပ်များခေါင်းစဉ်နဲ့ အပတ်စဉ်တင်ပြလာခဲ့ပါတယ်။ အခုတပတ်ကစပြီး လက်နက်မဲ့သူနဲ့လက်နက်ရှိသူ တနည်းအားဖြင့် အာဏာရှိသူနဲ့ အာဏာမဲ့သူကြားက စစ်မြေပြင်တွေအကြောင်း ဆက်လက်တင်ပြသွားပါ့မယ်။  

စစ်သားအဖြစ်နဲ့ ပြည်တွင်းစစ်ရဲ့အနိဋ္ဌာရုံတွေကို ကျနော် သိခဲ့ရပါပြီ။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံးပြည်တွင်းစစ်လို့ဆိုနိုင်မယ့် မြန်မာပြည်ရဲ့ လက်ရှိပြည်တွင်းစစ်ကြီးမှာ စီစီဝမ်တာပန်သားတွေလို အိုးပစ်အိမ်ပစ်နဲ့ အသိုက်အမြုံပျက်ခဲ့ရတဲ့မိသားစုတွေ၊ ရွာပုန်းရွာရှောင်တွေမှာ ကျီးလန့်စာစားဘဝနဲ့ အသက်ဆက်နေရသူတွေကို ကျနော်တွေ့ခဲ့ရပါပြီ။ တိုက်ပွဲတွေရဲ့ ဟိုဘက်မှာရော၊ ဒီဘက်မှာပါရှိနေတဲ့ မုဆိုးမတွေ၊ ဖခင်မဲ့သွားရ ရှာတဲ့သားသမီးတွေ၊ ချစ်သူအတွက်၊ လင်အတွက်၊ သားအတွက်မျက်ရည်တွေ ဘယ်လောက်တောင် ပင်လယ်ဝေနေပြီလဲဆိုတာ လည်း သိခဲ့ရပါပြီ။ နောက်ဆုံးမတော့ ကျနော်ကိုယ်တိုင်လည်း ဒီပြည်တွင်းစစ်ကြီးရဲ့သားကောင်အဖြစ် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတ ဘဝကိုရောက်ခဲ့ရပါပြီ။

ကျနော် ဒဏ်ရာတွေဗလပွနဲ့ မင်္ဂလာဒုံစစ်ဆေးရုံကြီးကိုရောက်လာပြီး နောက်တနေ့မနက်မှာ အမေရောက်လာပါတယ်။ ကျနော့မှာ ခြေလက်တွေပြတ်နေတဲ့အပြင် မျက်နှာတခြမ်းလုံးလိုလိုလည်း ဒဏ်ရာတွေရထားပါတယ်။ မျက်စေ့တဘက်ကို ဂွမ်းတွေနဲ့ပိတ်ထား သလို နှုတ်ခမ်းလည်းပြတ်ထွက်နေပါတယ်။ ပြောရရင် အဲဒီအချိန်မှာ မှန်ထဲပြန်ကြည့်ရင်တောင် ကျနော့်ကိုယ်ကျနော်မှတ်မိဖို့ မလွယ်တဲ့ အနေအထားပါ။ ဒါပေမယ့် အမေ မှတ်မိပါတယ်။ ဒီလောက်ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ကျနော့်မျက်နှာကိုတွေ့လိုက်တာနဲ့ ချက်ချင်းပဲ အမေ ဘယ်လိုမှတ်မိသလဲဆိုတာတော့ အခုချိန်ထိ ကျနော်တွေးလို့မရနိုင်ပါဘူး။

ကျနော့်ကိုတွေ့တော့ အမေတော်တော်စိတ်ထိခိုက်သွားပုံပါပဲ။ စကားမပြောနိုင်ပဲတွေပြီး အကြာကြီး စိုက်ကြည့်နေခဲ့ပါတယ်။ နောက်တော့ ကျနော့ကိုယ်ပေါ်က ခွဲခန်းဝတ်စုံကြီးကို ဟိုလှန်ဒီလှန်လှန်ပြီး ကျနော့်တကိုယ်လုံးကိုကြည့်ပါတယ်။ အမေ့နှုတ်က ဘာသံမှ ထွက်မလာပါဘူး။ စုတ်သတ်တာလေးတောင် မလုပ်နိုင်လောက်အောင် အမေ့ရင်ထဲမှာဆို့နင့်ကြေကွဲနေပုံပါပဲ။

ခဏနေတော့ ဆေးမှူးတယောက်ရောက်လာပြီး  “ခွဲခန်းပြန်သွင်းရမယ် ခွဲတာစိတ်တာတွေ ထပ်လုပ်စရာရှိတယ်”လို့ သတိပေး တော့မှပဲ ရုတ်တရက်အသိပြန်ဝင်လာသူလို အမေ လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ “အမေ ညနေကျရင် တခေါက်ပြန်လာခဲ့မယ်နော်။ အေး.. အခုတော့..ဘာပဲဖြစ်ဖြစ် မင်း အမေ့မျက်စေ့အောက် ပြန်ရောက်လာပြီပဲ။ တကယ်လို့ မင်းအရင် အမေသေခဲ့ရင်လည်း အမေ့ကို မင်းသဂြိင်္ုဟ် ခွင့်ရပြီလေ။ အမေ့အရင် မင်းသေခဲ့ရင်လည်း မင်းကို အမေသဂြိင်္ုဟ်ခွင့်ရပြီပေါ့။ အလ္လာ့ဟ်အလိုတော်အတိုင်း ဖြစ်ရတာပဲ” လို့ပြောပြီး အမေ ပြန်သွားပါတယ်။ ကျနော် အမေ့စကားနဲ့ အမေ့တရားလက်ကိုင်ထားပုံကိုတွေးမိပြီး အံ့အားလည်းသင့်၊ စိတ်လည်းပိုထိခိုက်မိပါတယ်။ အမေပြောသလို တကယ်လည်းဟုတ်ပါတယ်။ တကယ်လို့များ ကျနော် ရှေ့တန်းမှာတင်သေသွားခဲ့ရင် သေတဲ့နေရာသဂျိုင်းအဖြစ်နဲ့ ကျနော့်အလောင်းကို မြှုပ်လိုက်ကြမှပါပဲ။ အခုတော့ ကျနော် ဒဏ်ရာအနာတရနဲ့ အမေ့မျက်စေ့အောက်ပြန်ရောက်လာခဲ့ပါပြီ။

ကျနော် ထောင်ခဲ့တဲ့မိုင်းတွေကြောင့် အရပ်သူအရပ်သားဘယ်နှယောက် သေခဲ့ရပြီလဲ။ ဘယ်နှယောက် ဒုက္ခိတဘဝရောက်ခဲ့ရပြီလဲ။ သူတို့ကျွဲနွားတိရစ္ဆာန် ဘယ်နှကောင်တောင်ဆုံးရှူံးခဲ့ရပြီလဲ။ ရန်သူလို့ဆိုတဲ့ တဘက်အင်အားစုတွေထဲမှာ ဘယ်လောက်များထိခိုက် သေကြေခဲ့ရပြီလဲ။ ဘယ်သူတွေဘယ်လောက် ဘဝပျက်ခဲ့ကြရပြီလဲ။   ကျနော်အဲဒါတွေကို ပြန်တွေးမိတိုင်းစိတ်ထိခိုက်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်ရှိသူလို ခံစားလာရပါတယ်။ အဲဒါတွေအတွက် တခုခုကိုလည်း ပြန်ပြီးလုပ်ပေးချင်လာပါတယ်။

ဘဝရဲ့ အကောင်းဆုံးအချိန်တွေ၊ အနုပျိုဆုံးအချိန်တွေနဲ့၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့လဲပြီးမှ ရခဲ့တဲ့အသိကတော့ အလွန့်ကို တန်ဖိုးကြီးလှပါတယ်။ ကျနော် ဘာဆက်လုပ်မလဲ။ ဘာတွေလုပ်နိုင်သေးသလဲ။ ဘဝကို ဘယ်ပုံပြန်တည်ဆောက်ယူရမလဲ။ ကျန်သေးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဘဝရဲ့လက်ကျန်အချိန်တွေကို ဘယ်လိုဖြတ်သန်းမလဲ။ ကျနော်စစ်ထဲဝင်ခဲ့တယ်။ စစ်ရဲ့အနိဋ္ဌာရုံတွေကို ကြုံခဲ့ မြင်ခဲ့သိခဲ့ရုံတင်မကဘူး။ ကိုယ်တိုင်လည်း စစ်ရဲ့သားကောင်ဖြစ်ခဲ့ရပြီ။ အခု ဒုက္ခိတအဖြစ်နဲ့ စစ်ထဲကပြန် ထွက်လာရပြီ။ လူက ဒုက္ခိတဖြစ်သွားတာမှန်ပေမယ့် အသက်အရွယ်က ရှိနေသေးတယ်။ ဘဝနောက်ကြောင်းကိုပြန်လှည့်ပြီး တွေးချိန်စဉ်းစားချိန်တွေပိုရလာပြီ။ စာဖတ်ချိန်တွေလည်း အခုဆိုပိုရလာပြီ။ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေတွေ့ရှိစ ပြုလာပြီဆို ပါတော့။ အဲဒီအတွေးတွေအမြင်တွေကပဲ ကျနော့်ဘဝကို ဂငယ်ကွေ့တကွေ့ ကွေ့ခိုင်းလိုက်ပြီလို့ပဲဆိုရမှာပါ။

စစ်မြေပြင်ဆိုတာ လက်နက်လက်နက်ခြင်း သူသေကိုယ်သေတိုက်ကြတာမျိုးမှ စစ်မြေပြင်လို့ပြောမယ်ဆိုရင် မပြည့်စုံဘူးလို့ထင်ပါ တယ်။ တကယ်တော့ လူ့သမိုင်းဆိုတာဟာ အာဏာရှိသူနဲ့မရှိသူ၊ တရားမဲ့သူနဲ့တရားရှိသူ၊ ဖိနှိပ်သူနဲ့အဖိနှိပ်ခံရသူတွေကြားက နှလုံး ရည်နဲ့ အသက်ခန္ဓာပါရင်းပြီး အသေအလဲတိုက်ရတဲ့ စစ်မြေပြင်အမျိုးမျိုးနဲ့ ပြည့်နှက်နေတဲ့ဖြစ်စဉ်ကြီးသာဖြစ်ပါတယ်။ ဓမ္မနဲ့အဓမ္မတိုက်ပွဲဆိုတာ သမိုင်းနဲ့အမျှ ဆက်ပြီးရှိနေဦးမယ့် စစ်မြေပြင်လည်းဖြစ်ပါတယ်။

ဒါကြောင့် ကျနော်ဆက်လက်အသက်ရှင်နေသရွေ့ ပြည်တွင်းစစ်ကြောင့် မိသားစုအသိုက်အမြုံတွေမပျက်ရတော့အောင်၊ သေကွဲ ရှင်ကွဲတွေ မရှိရတော့အောင်၊ ကျီးလန့်စာစားဘဝတွေ မရှိရတော့အောင်၊ ချစ်သူတွေ၊ မိခင်တွေရဲ့မျက်ရည်တွေငြိမ်းရတော့အောင်၊ ကျနော့်လို ဒုက္ခိတဘဝတွေ မရှိရတော့အောင်လုပ်တော့မယ်လို့ ပိုင်းဖြတ်ချက်ချလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ကြောင့်ပဲ လက်နက်ရှိ သူအာဏာရှိသူကို လက်နက်မဲ့တိုက်ရတဲ့၊ ဖိနှိပ်ခံရသူတွေဖက်ကဘက်လိုက်တဲ့၊ ဓမ္မနဲ့အဓမ္မတိုက်ကြတဲ့ စစ်မြေပြင်နောက်တစ်ခုထဲကို ဝင်လိုက်ရတာပဲ ဖြစ်ပါ တော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်။






           

0 comments:

Post a Comment