Thursday, September 22, 2011

ရှိတ်ကားစ်ရွာ၊ သာကီဝင်နှင့်မျိုးဖျောက်ချင်သူများအကြောင်း(၂) (မျိုးမြင့်ချို)

0 comments
ရှိတ်ကားစ်များအကြောင်းကိုပြောမည်ဆိုလျှင် ဓမ္မသစ်ကျမ်း တမန်တော်ဝတ္ထု၊ အခန်းကြီး၂၊ အခန်းငယ် ၃-၄ မှစရမည်ထင်၏။ ယခုကျနော်ပြောချင်သည်က ကင်တပ်ကီ မောင့်ပလဲဆင်န့်က ရှိတ်ကားစ်များကိစ္စဖြစ်သဖြင့် Ann Lee အန်းလီးအကြောင်းကစပါမည်။ သူ့ကို ဖေဖေါ်ဝါရီ ၂၉၊ ၁၇၃၆ တွင် အင်္ဂလန်မန်ချက်စတာမြို့၌မွေးပြီး စက်တင်ဘာ ၈၊ ၁၇၈၄ တွင်ကွယ်လွန်၏။။ အဖေကပန်းပဲဆရာ ဂျွန်လီးစ်။ အမေက ဘာသာရေးကိုင်းရှိုင်း သူ။ သူ ၆ နှစ်သမီးအရွယ်တွင်ဗတ္တိဇံခံ၏။ အပျိုဖော်ဝင်စကစပြီး ချစ်မှုရေးရာတွေသိတ်မဝင်စား။ မိဘတွေဇွတ်နားချ၍ အိမ်ထောင်ကျ၏။ ကိုယ်ဝန် ၈ကြိမ်ဆောင်ကာ လေးယောက်အသေမွေးပြီး ၄ ယောက်အဖတ်တင်သော်လည်း အားလုံး ၆ နှစ်ထက်ပိုမခံကြ။ လင်ယူသားမွေးမှု သည် လူလူချင်း ကျား/မ ခွဲပြီးချိုးနှိမ်သည့် ပင်ပမ်းဆင်းရဲဟုမြင်၏။ နဂိုအခံကလည်း ပုထုဇဉ်တို့ကို ကာမဘုံသားဆုံလည်နွားတွေလို့ ထင်ထား ၏။ ဘုရားသ္ခင်အထံတော်တွင် ကျား/မ တန်းတူ၏ဟုမြင်ပြီး လူတို့ပြုသမျှအပြစ်တွင် လိင်ဆက်ဆံခြင်းသည် အကြီးတကာ့အကြီးဆုံးဟု ယုံ၏။ သို့ဖြင့် ဝိဉာဉ်၏စင်ကြယ်ရာကိုရှာရင်း ဝေါ့ဒ်လေးစ်ဇနီးမောင်နှံနှင့် ၁၇၈၅ တွင်ချိတ်မိ၏။ ဤတွင် ရှိတ်ကားစ်အယူအဆ သန္ဓေတည်မိ၏။ ဝေါ့ဒ်လေးတို့က “လိင်မှုရှောင်ခြင်းဖြင့် ပြည့်စုံသောမြင့်မြတ်စင်ကြယ်မှုကိုရ၏” ထို့ပြင် “ဓါတ်စီးပြီးတကိုယ်လုံးယိမ်းထိုးလာရခြင်းသည် လူတို့အားသန့်ရှင်းစင်ကြယ်စေရန်အလို့ငှာ ဆေးကြောတော်မူသော ဘုရားသ္ခင်ဝိဉာဉ်တော်စွမ်းကြောင့်”ဟုဆို၏။ ဝိဉာဉ်တော်ပူးဝင်ပြီး ထိုသို့ Shaking ဖြစ်လာသူတို့ Shakers များဟု ခေါ်၏။ အမေရိကားတွင် သူတို့ကို တရားဝင်သုံးသည့်အမည်ကွဲတွေလည်းရှိသေး၏။ သူတို့ကျင့်စဉ်က  လိင်မှုရှောင်၊ တန်းတူလုပ်၊ တန်းတူ စား၊ ဘုံပိုင်ဆိုင်မှုဖြင့်နေ၊ ဝိဉာဉ်ဓါတ်စီးပြီး ကိုယ့်ကိုယ်ကိုစင်ကြယ်စေရေး။ ဤတွင် ကျောင်းတော် Church of England နှင့် ရန်စပေါ်ပြီး၊ သူ ထောင်ထဲရောက်သွား၏။ ထောင်ထဲတွင် “လိင်ကိစ္စသည် ဒုစရိုက်မှုအပေါင်း၏သရဖူဖြစ်၏။ ထို့ကြောင့် ထိုကိစ္စကိုပြင်းစွာရှောင်ရမည်။ ခရစ်တော် ဒုတိယအကြိမ်ပြန်ကြွတော်မူချိန်အတွက် ပြင်ဆင်ဘွယ်ရာတို့ကို သူ့အနေဖြင့်ပြုရမည်။ လောကသစ်ကိုဆောင်ကျဉ်းဖို့ရာ အသင်၏ဝတ္တရားဖြစ်၏” စသည်ဖြင့်ဗျာဒိတ်များ ထောင်ထဲတွင်မြင်ခဲ့ရ၏။ သည်လိုနှင့် ၁၇၇၄ ရောက်တော့ အန်းလီးနှင့်နောက်ပါ ၈ ဦးသား အမေရိကားသို့ပေါက်ချလာ၏။ အချိန်က အမေရိကန်တို့ တော်လှန်ရေးစိတ်ထိပ် တက်နေစဉ်ကာလ။ စစ်နဲ့ဝေးဝေး အေးရာအေးကြောင်းနေခြင်းနှင့် ယင်းတို့၏ကျင့်စဉ်ကြောင့် အရိုက်အနှက်၊ အနှိပ်အစက်၊ အဖမ်းအဆီးနှင့်ထောင်အချတွေပါခံရ၏။  ၁၇၇၄ တွင် အမေရိကား၌ ထို ၈ ဦးမှစခဲ့သည့်အယူဝါဒသည် ၁၈၂ဝ လောက်ရောက်တော့ နူးအင်္ဂလန်၊ အိုဟိုင်းယိုးနှင့်ကင်တပ်ကီတို့တွင်  သက်ဝင်သူ ၂ သောင်းကျော်ဖြင့် ရွာပေါင်း ၁၉ ရွာအထိတည်မိလာ၏။ ၁၈ဝ၅ တွင် ကင်တပ်ကီပြည်နယ် မာဆာခရိုင်မောင့်ပလဲဆင်န့်အရပ်၌  မြေဧက ၇ဝဝဝ ထောင်ကျယ်၊ ရှိတ်ကားစ် ၅ဝဝ ဖြင့် ရွာတရွာ၊ ၁၈ဝ၇ ခုတွင် လိုဂန်ခရိုင်၌ မြေဧက ၆ဝဝဝ ကျယ်၊ ရှိတ်ကားစ် ၃၄၉ ဦးဖြင့်တရွာ ၂ ရွာတည်မိ၏။ ရှိတ်ကားစ်တို့၏ နိစ္စဓူဝပြုကျင့်ဖွယ်တွင် ဝိဉာဉ်တော်၏လှုပ်အနှိုးကိုစောင့်ရင်း တိတ်ဆိတ်ငြိမ်သက်စွာတရားမှတ်ခြင်း၊ ဝိဉာဉ်တော်ဝင်ပူးပြီးဓါတ်စီးမိလျှင် အုပ်စုလိုက်ဝိုင်း ပတ်ကခုန်သီဆိုခြင်း၊ ဘာသာစကားအမျိုးဖြင့်ပြောခြင်း၊ ရှေ့ဖြစ်နောက်ဖြစ်ဟောကိန်းထုတ်ခြင်း၊ ရောဂါဝေဒနာများဘုရားကု ကုခြင်း၊ တန်ခိုးပြာဋိဟာပြခြင်း၊ စိတ်၏စင်ကြယ်ရာ၌ဈန်ဝင်စားခြင်း၊ တခါတရံတွင် ဗျာဒိတ်ရူပါရုံတို့အား အတူတကွရှူမြင်ကြခြင်းတို့ လည်းပါ၏။
သူတို့က ကျား/မ၊ လူမျိုး၊ အသားရောင်ခွဲခြားခြင်းကိုလက်မခံ။ အလုပ်သဘောအရ ယောင်္ကျားအလုပ်၊ မိန်းမသားအလုပ်ဟူ၍ ခွဲခြင်းမှအပ အားလုံးတန်းတူခွင့်ကို ကျင့်သုံး၏။ လိင်မှုကိစ္စ ဝေရာမဏိသိက္ခာပဒံ။ လုပ်ငန်းခွင်မှာဖြစ်ဖြစ် ရွာထဲမှာဖြစ်ဖြစ် မိန်းမက မိန်းမသတ်သတ် ယောင်္ကျားကယောင်္ကျားသတ်သတ်။  သူတို့အယူကိုယုံ၍ ဝင်လာသည့်လူများအား ဝိုင်းဝန်းဆွေးနွေးတိုင်ပင်ပြီးမှ လက္ခံ၏။ ရှာတွေ့သမျှနှင့်ပို့လာသမျှမိဘမဲ့ကလေးများအား မွေးစားကြ၏။ မြို့နီးချုပ်စပ်တွေကလည်း သူတို့နှင့်အတူနေဖို့ မိဘမဲ့ ကလေးတွေလာပို့ကြ၏။ ကလေးတွေ အသက် ၁၈ နှစ်ပြည့်လျှင်တော့ ကိုယ့်လမ်းကိုယ်ရွေး ကိုယ့်ဘဝကိုတွေးပေတော့။ သူတို့နဲ့ဆက်နေပြီး ရှိတ်ကားစ်လုပ်လိုကလုပ်။ မလုပ်လိုက သွားလိုရာသွား။ သည့်အရင်ကမွေးခဲ့ပြီး  ရွာပြောင်းလာမိဘနှင့် အတူနေရင်း ဇာတ်ပြောင်းရှိတ်ကားစ်လေးများလည်းရှိ၏။ သူတို့မှာ ပုဂ္ဂလိပိုင်မရှိ။ လူတယောက် ရှိတ်ကားစ်ဖြစ်လာသည်နှင့် သူ့ပိုင်ဆိုင်မှုအားလုံး ဘုံကျေးရွာသို့အပ်လိုက်၏။ စိုက်ပျိုးရေးနှင့်မွေးမြူရေး အခြေခံကုန်ထုတ်လုပ်ငန်းကို ဘုံသဘောလုပ်။ မျှဝေသုံးစွဲရာတွင်လည်း ဘုံသဘော။ သူတို့ဘုံစနစ်က လူတန်းစားအခြေခံဘုံစနစ်မဟုတ်။ ဘာသာရေးအကြောင်းပြုဘုံစနစ်။ သူတို့ချင်းချင်းအမျိုးဆိုသော်လည်း သွေးစပ်၍တော်ကြသည့်အမျိုးမဟုတ်။ အမျိုးသားမှန်သမျှ ဘရာသာ (ညီနောင်) များဖြစ်ပြီး အမျိုးသမီးမှန်သမျှ စစ္စတာ(ညီအစ်မ)တွေချည်းဖြစ်၏။ တယောက်ကိုတယောက် ဘရာသာ စစ္စတာဟုသာခေါ်ရ၏။ ရိုးရိုးကုပ်ကုပ် ဘဝ မှန်သော်လည်း တီထွင်ဖန်တီးကြသူများဖြစ်၏။ မီးဖိုချောင်သုံး၊ အိမ်သုံးကိရိယာများ၊  ကြိုးလွှအဝိုင်း၊ တံမျက်စည်းပြား၊ အဦးဆုံးအဝတ်လျှော်စက်နှင့် ထွန်တုံးထယ်သွား စသည်များလည်းထွင်ခဲ့ကြ၏။ သူတို့လက်ရာသက်သက် အိမ်သုံးလက်မှု ပစ္စည်းတွေလည်းထုတ်၏။ ကျန်းမာရေးလိုက်စားပြီး အနေအထိုင်လည်းသန့်ပြန့်၏။ သွေးလွန်တုတ်ကွေး၊ တီဘီ၊ ပလိပ်၊ ကာလ ဝမ်းလို ကပ်ရောဂါတွေတခါမှ မသင့်ခဲ့။ ပြည်တွင်းစစ်ကြီးဖြစ်လာတော့ သူတို့အယူအတိုင်း အေးအေးလူလူနေကြ၏။ ဘယ်သူမှစစ်ထဲ မလိုက် စစ်မတိုက်။ ဘယ်ဘက်မှလည်း မလိုက်။ တောင်ပိုင်းမြောက်ပိုင်း ဘယ်အပိုင်းကစစ်သည်တွေဖြစ်ဖြစ် ရိက္ခာပြတ်လာလျှင် ရှိတာထုတ်ပေးခဲ့ကြ၏။ စက်မှုတော်လှန်ရေးကြီးအပြီး မြို့တွေမှာစက်ရုံတွေမှိုလိုပေါက်လာတော့ ရွာပစ်ပြီးမြို့ပြေး သူတွေတရုံးရုံးဖြစ် လာ၏။ သံဝါသနှင့်တဏှာရာဂကိုရှောင်တော့ မျိုးဆက်သစ်တွေလည်း မပြန့်ပွား။ လူသစ်တွေလည်းထပ်မတိုးသည့်ပြင် ရှိပြီးသူတွေ ကလစ်ကြဆိုတော့ ရှိတ်ကားစ်တို့အဖို့ ရှင်နည်းရာအဂ္ဂလူထွက် ဖြစ်လာတော့၏။ ဤတွင် ရှိတ်ကားစ်တို့ နိဋ္ဌိတံရန်အကြောင်း ဖန်တော့၏။ သည်လိုနှင့် ၁၈ဝ၅ ခုနှစ်က စ စည်ပင်ခဲ့သည့် မောင့်ပလဲဆင်န့်က ရှိတ်ကားစ်ရွာလေး ၁၉၁ဝ လည်းကျရော ကျီးနှင့်ဖုတ်ဖုတ်။ ရှိတ်ကားစ်အစ အန်းလီကဟုဆိုလျှင် နောက်ဆုံးရှိတ်ကားစ်မှာ မေရီဆက်တယ်လ် (၁၈၃၆-၁၉၂၃) ဖြစ်မည်။ သူက သူတို့ဘုံလူ့အဖွဲ့အစည်းတွင်ကျား/မတန်းတူခွင့်ရှိမှုအားတန်ဖိုးထားသလို သူမသေခင်မှာ အမျိုးသမီးတွေ မဲပေးခွင့်ရသည်ကိုလည်း မြင်တွေ့သွားခဲ့၏။
သူတို့မရှိတော့သည့်နောက် နေသူမဲ့ပြင်သူမဲ့အဆောက်အဦးတွေ ယိုယွင်းလိုက်လာ၏။ ပိုက်ဆံရှိသူတွေကထိုမြေနေရာတွေကိုဝယ်ပြီး အဆောက်အဦးတချို့ကို စက်မှုဇာတ်သွင်းကာ ကားဝပ်ရှော့တွေဖြစ်လာ၏။ ၁၉၆၁ ခုရောက်တော့ အစိုးရက “ဤနေသည်အမေရိ ကန်ပြည်ထောင်စု၏ သမိုင်းဝင်နေရာဖြစ်၏” ဟုသတ်မှတ်ကာ ပြုပြင်ထိမ်းသိန်းစောင့်ရှောက်တာတွေစလုပ်၏။ ကျနော်ရောက်တော့ မူလအဆောက်အဦး ၄ဝဝ ကျော်အနက်က ၄ဝ ခန့်သာအကောင်းပကတိ  ထိန်းထားသည်ကိုတွေ့ရ၏။ ထိုအထဲတွင် နဂိုရှိသည့်ရွာ ထဲကစားသောက်ဆိုင်၊ သိုးမွှေးညှပ်ရုံ၊ စိုက်ခင်းစိုက်ကွက်တချို့၊ ဘုံသုံးအဝတ်လျှော်စက်၊ အခြောက်ခံစက်နှင့်မီးပူတိုက်ရာနေရာ၊ မြင်းဆွဲဆီကြိတ်ဆုံ၊ စုပေါင်းဝတ်ပြုရာ ဘုံဘုရားကျောင်းကြီး၊ စုပေါင်းဆွေးနွေးတိုင်ပင်ဆုံးဖြတ်ရာဘုံရိပ်သာ၊ အမျိုးသမီးပစ္စည်း အရောင်းဆိုင်၊ အမျိုးသားပစ္စည်းအရောင်းဆိုင်၊ အမျိုးသားအိပ်ဆောင်၊ အမျိုးသမီအိပ်ဆောင်များ၊ ကလေးအိပ်ဆောင်များ၊ အိမ်တွင်းမှုပစ္စည်းများထုတ်သည့်အလုပ်ရုံ၊ ရွာ့နောက်ခြမ်း စုပေါင်းအိမ်ယာကြီးများ၊ သုဓမ္မာဇရပ်ကြီးများ၊ စုပေါင်းစားဖိုကြီးများ၊ စုပေါင်းစားသောက်ခန်းကြီးများ၊ ကျွဲ၊ နွား၊ မြင်းတင်းကုပ်များ၊ ကျောက်မီးသွေး သုံးသံရည်ကျိုဖိုများ။ စသည်ဖြင့်အတော်တော် များတွေ့ရ၏။ ရှိတ်ကားစ်တွေလိုဝတ်ထားသည့် ဧည့်လမ်းညွှန်တွေက လိုက်ရှင်းပြသရုပ်ဆောင်ပြကြ၏။ ပြန်ခါနီးတော့ ရွာထိမ်းသိန်းရေးတာဝန်ရှိသူတဦးက “လာရတာနှစ်သက်ပါသလား”ဟုမေးတော့ ကျနော်က နှစ်သက်ကြောင်းပြောပြီး စိတ်ဝင်စားဘွယ် ဘဝနေနည်းတခုဟုထင်ကြောင်း” ပြန်ဖြေခဲ့၏။
အပြန်လမ်းမှာ တွေးစရာတွေတပုံကြီးပါလာ၏။ သာကီဝင်များနည်းတူ ရှိတ်ကားစ်တွေလည်း အမျိုးပျောက်ခဲ့ကြ၏။ သို့သော် ရှိတ်ကားစ်တို့က သာကီဝင်တို့လို လူမျိုးတမျိုးအနွယ်တနွယ်မဟုတ်။ လူမျိုးစုံနှင့်စုဖွဲ့ထားသည့် ဘုံလူ့အစုအပေါင်း။ ဦးကျော်လှိုင် အမြင်အရ ဝိဋဋ္နူဘ၏ လက်စားချေစစ်နှင့် ဆွေမျိုးခြင်းပြန်ယူသည့်အလေ့ကြောင့် သာကီဝင်တို့အမျိုးပျောက်ရခြင်းဖြစ်၏။  စက်မှုအရင်းရှင်စနစ်နှင့်မြေယာအခြေခံစနစ်တိုက်ပွဲ၊ တသီးပုဂ္ဂလဘဝအနေနှင့်ဘုံသဘောကြားကီးမကိုက်မှု၊ လိင်ကိစ္စကိုဒုစရိုက်မှုဟု ယူကာ မျိုးဆက်ပြန့်ပွားရေးကိုတားဆီးခြင်းတို့က ရှိတ်ကားစ်တွေကို ပျောက်စေခဲ့၏။ သို့သော် သူတို့ယဉ်ကျေးမှုနှင့် အနုလက်ရာတို့ ကျန်ခဲ့၏။ နှောင်းလူတို့ သံဝေဂယူစရာတွေ ချန်ခဲ့၏။
ကျနော်တို့ဆီတွင်လည်း အမျိုးပျောက်မှာစိုးကြောက်သူတွေရှိ၏။ သို့သော် သူတို့ပျောက်မှာစိုးသည်ကား လူမျိုးမဟုတ်။ စစ်မျိုးဖြစ်၏။ ဘယ်လောက်ကြောက်ကြောက် ထိုအမျိုးပျောက်ရမည်ကားသေချာ၏။ စစ်မျိုးစစ်နွယ်အုပ်ချုပ်သူလူတန်းစားတရပ် ထူထောင်လိုခြင်း ကား ယင်းတို့၏ဆန္ဒသာဖြစ်၏။ လောကသဘောအရ ဆန္ဒရှိတိုင်း လုပ်မရသည့်၊ လုပ်မဖြစ်သည့်၊ ဖြစ်မလာသည့်ကိစ္စတွေ အမြောက် အများရှိ၏။ ပျောက်ရခြင်းတွင်လည်း အကြောင်း၂မျိုး ခံလိမ့်မည်။ အတွင်းကလာသည့် အကြောင်း(သာကီဝင်နှင့်ရှိတ်ကားစ်တို့၏ ဥပမာနှင့်ဆိုသော် ဆွေမျိုးခြင်းပြန်ယူခြင်းနှင့် လိင်ကိစ္စကိုပိတ်ပင်ခြင်း)။ ပြင်ပကလာသည့်အကြောင်း (ထို ဥပမာနှင့်ဆိုသော် စစ်ပွဲနှင့် စနစ်ပြောင်းခြင်း)။
စစ်မျိုးပျောက်မှာစိုးသူများတွင်လည်း ပျောက်ရမည့်အတွင်းအပြင်အကြောင်းများစွာရှိ၏။ အတွင်းကအကြောင်းကရှိနေပြီးသား (အာဏာမက်မှုနှင့်စားခွက်လုခြင်း)။ အပြင်အကြောင်းက(လူထုအစိုးရနှင့်လွတ်လပ်ခွင့်လိုအပ်ချက်)။ အပြင်အကြောင်းက အပြင် သူတွေကြောင့်သာဖြစ်ရမည်။ ကျနော်တို့ကား အပြင်လူတွေဖြစ်ကြ၏။ စစ်မျိုးနွယ်အုပ်ချုပ်သူလူတန်းစားကို မနှစ်မြို့သူများဖြစ်ကြ၏။
အမျိုးပျောက်မှာစိုးကြောက်ပါသည်ဟု ကြွေးကြော်ခဲ့သူပင် ယခုစစ်ညွံ့တုံးဘဝရောက်နေရပြီ။ သို့သော် စစ်အာဏာနှင့်စစ်မျိုးကား မကန်းသေး။ မပျောက်သေး။ ကျနော်တို့ အားထုတ်ဖို့လိုသေးကြောင်း သက်သေပင်ဖြစ်၏။
မျိုးမြင့်ချို (၉/၂၂/၂ဝ၁၁)

0 comments:

Post a Comment