Sunday, September 25, 2011

သမဂ္ဂတွေပေါ်ပေါက်ရေး ဘယ်လောက်နီးပြီလဲ(ရဲဘော် ဖိုးသံချောင်း)

0 comments

သမဂ္ဂတွေပေါ်ပေါက်ရေး ဘယ်လောက်နီးပြီလဲ
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ရက်နေ့ထုတ်မြန်မာ့အလင်းသတင်းစာထဲက ကြပ်ပြေးလွှတ်တော် ထဲမှာဗိုလ်ကျော်ဆန်းပြောသွားတဲ့ သမဂ္ဂသုံးမျိုးနဲ့ပတ်သက်တဲ့စကားတွေကိုဖတ်ရတော့မှ ဗိုလ်ချုပ် ဦးသိန်းစိန်အစိုးရရဲ့ အကြံအစည်တွေ၊ ဆင်ခြေတွေကိုအထင်းသားမြင်လိုက်ရပါတယ်။
သူပြောတာက တခေတ်ကပေါ်ခဲ့တဲ့ လယ်သမားအဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့သြဇာတွေသက်ဝင်ခဲ့လို့ ဘာဖြစ် တယ်ညာဖြစ်တယ်၊ ဒါကြောင့်မို့ လယ်သမားအဖွဲ့အစည်းကို အခြေအနေ အရပ်ရပ်ကိုလေ့လာပြီး မှသာ ဥပဒေပြဋ္ဌာန်းပြီးဖွဲ့စည်းရမယ် စသဖြင့် အချက်အလက်တွေ အမှားမှားအယွင်းယွင်းနဲ့ပြော သွားပါတယ်။ အချက်အလက်အမှားဆိုတာက “ပမညတက ဗကသများအဖွဲ့ချုပ်”ကိုဖွဲ့စည်း ခဲ့တယ်လို့ပြောတာမျိုးပါ။
ဒီလိုပြောကြားချက်ကနေ ပြသနေတဲ့အရေးကြီးတဲ့အချက်တခုက ဒီကြံ့ဖွတ်အစိုးရဟာ ၁၉၆၂ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့ ဗိုလ်နေ၀င်းအစိုးရကစလို့ ဗမာပြည်ကိုရာစုနှစ်တ၀က်အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်အစိုးရအဆက်ဆက်ရဲ့ အခြေခံတွေးနည်းခေါ်နည်း၊ ရှုမြင်နည်းတွေကိုတသွေမတိမ်းဆက်ခံ၊ လက်ခံထားတယ်ဆိုတာပါပဲ။ အဲဒီတွေးခေါ်နည်းဆိုတာက တပ်ထဲမှာ တသွေး၊ တသံ၊ တမိန့်တည်ရသလို နိုင်ငံထဲမှာလည်း တသွေး၊ တသံ၊ တမိန့်တည်စေချင်တာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတရပ်ကို စစ်တပ်လိုကြည့်မြင်၊ ချုပ်ကိုင်ချင်တာနဲ့ သူတို့တတွေဟာ လူ့အဖွဲ့အစည်းကိုကြည့်မြင် နားလည်ရာမှာလည်းမှားကုန်တာဖြစ်ပါတယ်။
လောကမှာဘယ်လူ့အဖွဲ့အစည်းမှ (နိုင်ငံတခုမဆိုထားနဲ့) လူတမျိုးထဲနဲ့ပါဝင်ဖွဲ့စည်းထားတာမဟုတ်ပါဘူး။ လူမျိုးမတူတာ၊ ဘာသာမတူတာတွေ အပြင် မတူတဲ့နိုင်ငံရေးအယူအဆကိုကိုင်ဆွဲထားသူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒါ့အပြင် လူတန်းစားလူ့အလွှာတွေ၊ ကိုယ်စားပြုတာတွေကလည်း ကွဲကြတာဆိုတော့ လူတွေရဲ့လိုလားချက်တွေဟာမတူကွဲပြားပြီး (တချို့နေရာတွေမှာ အလုပ်သမားတွေရဲ့လိုလားချက်နဲ့ လယ်သမားတွေရဲ့လိုလား ချက်တွေ ပဋိပက္ခဖြစ်နေတာတောင် ရှိတတ်ပါတယ်) အကျိုးစီးပွားတွေကလည်းကွာခြားကြပါတယ်။ ဒါဟာသဘာဝကျတဲ့ လူ့အဖွဲ့အစည်းတရပ်ရဲ့ လက္ခဏာဖြစ်ပါတယ်။
အဲဒီလိုမတူကွဲပြားမှုတွေတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းတရပ်(နိုင်ငံတခု)မှာ မတူကွဲပြားတဲ့နိုင်ငံရေးအယူဝါဒတွေကိုကိုယ်စားပြုတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေပေါ်ပေါက်တည်ရှိတာဟာ ဖြစ်လည်းဖြစ်သင့်၊ သဘာဝလည်းကျတဲ့အချင်းအရာ ဖြစ်ပါတယ်။ ဒီလိုမပေါ်ပေါက်ဘူးဆိုတာကမှ ထူးဆန်းတာ၊ သဘာဝမကျတာတွေဖြစ်ပေါ်နေတာလို့ ဆိုရမှာပါ။ ဒါ့အပြင် အဲဒီလိုလူ့အဖွဲ့အစည်းထဲက အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂဆိုတာတွေမှာ အဲဒီနိုင်ငံရေးအယူအဆတွေ၊ အစွဲအလန်းတွေသက်ရောက်တာ၊ ၀င်ရောက်တာဟာလည်း သဘာဝကျတယ်လို့ ပဲဆိုရမှာပါ။ လွတ်လပ်ရေးဒီဘက်ပိုင်းလို နိုင်ငံရေးအယူအဆတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အပြိုင်းအရိုင်းပေါ်ပေါက်နေချိန်မှာ သမဂ္ဂတွေထဲ ကိုဒီအဲဒီဂယက်တွေဝင်တာဟာ ဘာမှမဆန်းပါဘူး။ မ၀င်ဘူးဆိုတာကမှဆန်းတာပါ။ ဥပမာပြရရင် အဲဒီတုန်းက ပြင်ပနိုင်ငံရေးအယူအဆတွေ လုံးဝအ၀င်မခံဘူးဆိုပြီး စစ်တပ်ကိုဗိုလ်နေ၀င်းနဲ့ဆိုရှယ်လစ်စစ်ဗိုလ်တွေက သူတို့ တလက်ကိုင်စစ်တပ်အဖြစ် ပုံသွင်းထားတာမျိုးကမှဆန်းတာပါ။ ဒါကြောင့်လည်း ဒီစစ်တပ်ဟာအဲဒီလူတွေအာဏာသိမ်း ချင်တဲ့အခါတိုင်းသုံးလို့ရတဲ့ ခါးပိုက်ဆောင်တပ်၊ ကြေးစားတပ်လိုဖြစ်ခဲ့တာပါပဲ။
အထက်မှာပြောခဲ့သလို ကျောင်းသားသမဂ္ဂတွေနဲ့ပတ်သက်လို့ အချက်အလက်မှန်မသိတဲ့ ကြံ့ဖွတ်အစိုးရ၀န်ကြီး ဗိုလ်ကျော်ဆန်းကို ထပ်ပြီးထောက်ပြဖို့လိုတာက ဟိုတခေတ်ကကျောင်းသားတွေအကြားမှာ အယူအဆတွေ၊ အသင်းအဖွဲ့တွေအမျိုးမျိုးကွဲပြာနေခဲ့ပေမဲ့ ဒီအဖွဲ့တွေ အကြားမှာ ဘယ်တုန်းကမှကတောက်ကဆဖြစ်တယ်၊ နှစ်ဘက်ရိုက်ကြနှက်ကြတယ်ဆိုတာမျိုး လုံးဝမရှိခဲ့ဖူးဘူးဆိုတဲ့အချက်ဖြစ်ပါတယ်။ ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ဒီအက်စ်အို (နောင်မှာရဲခေါင်) တို့ဟာ သမဂ္ဂရွေးကောက်ပွဲမှာ တဘက်ကိုတဘက်တိုက်ခိုက်ပြောဆို ရေးသားကြတာတွေရှိပေမဲ့ ခေါင်းဆောင်တွေဟာ လူချင်းတွေ့ရင် ရင်းရင်းနှီးနှီးပြောဆိုနှုတ်ဆက်ကြပါတယ်။ အဲဒီတုန်းက တက္ကသိုလ်နယ်မြေမှာ ရုတ်ရုတ်သဲသဲ၊ ၀ရုန်းသုန်းကားဖြစ်တယ်ဆိုတာမှန်သမျှဟာ အာဏာရအစိုးရက ကျောင်းသားလှုပ်ရှားမှုတွေကို အင်အားသုံးအကြမ်းဘက်နှိမ်နင်း ကြလို့သာဖြစ်ပါတယ်။ ဥပမာ ၁၉၅၃ခုနှစ်အောက်တိုဘာအရေးတော်ပုံ၊ ၁၉၆၂ခုနှစ်ဇူလိုင်()ရက်အရေးတော်ပုံနဲ့ မန္တလေး တက္ကသိုလ်က ၁၉၆၃ခုနှစ် ဒီဇင်ဘာလတိုက်ပွဲတို့ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီတုန်းကကျောင်းသားသမဂ္ဂတွေနဲ့ပတ်သက်လို့ ပြောသင့်တဲ့ကိစ္စတခုကတော့ ကျောင်းသားသမဂ္ဂရွေးကာက်ပွဲတွေပဲဖြစ်ပါတယ်။ ပြင်ပကဘယ်အာဏာပိုင်မှမပါ၊ ဆရာဆရာမများရဲ့ကြီးကြပ်မှုအောက်မှာကျင်းပလေ့ရှိတဲ့ ရွေးကောက်ပွဲတွေဟာ အဲဒီအခါတုန်းကဗမာပြည်မှာ စည်းကမ်းအရှိဆုံးရွေးကောက်ပွဲတွေဖြစ်တယ်လို့ ပြောစမှတ်ပြုရပါတယ်။ မဲခိုးတာမရှိ၊ မဲရှုံးလို့ရမ်းတာမရှိ၊ ရှုံးလည်းပျော်ပျော်-တေးတကြော်ကြော်၊ နိုင်လည်းပျော်ပျော်-တေး တကြော်ကြော်။ မဲရေတွက်ချိန်မှာဆိုင်းတွေဗုံတွေနဲ့ ကသူက ဆိုသူဆို။ ဒီမြင်ကွင်းကိုပဲ ကြက်သရေရှိလွန်းလို့၊ မျက်စေ့ ပသာဒဖြစ်လွန်းလို့ဆိုပြီး တမင်သွားရောက်ကြည့်ရှုတဲ့လူတွေလည်း များပြားလှပါတယ်။ ဒါကြောင့်လည်း ကျောက်လှည့် ခါးကြားထိုးပြီး မဲရေတွက် သူ၊ မဲရုံကိုယ်စားလှယ်တွေကို ၄လောင်းပြိုင်၊ ၆လောင်းပြိုင်သတ်သူတွေ စိုးမိုးခြယ်လှယ်ခဲ့တဲ့ ဖဆပလအစိုးရရဲ့ ရွေးကောက်ပွဲတွေဟာ ဒီတက္ကသိုလ် သမဂ္ဂရွေးကောက်ပွဲတွေကို အတုယူသင့်လှတယ်လို့ အဲဒီတုန်းက သတင်းစာတွေက ရေးခဲ့ကြတာပါ။
အဲဒါနဲ့ပြောင်းပြန် ကျောင်းသားသမဂ္ဂတွေမရှိပဲ ဖြတ်သန်းခဲ့တဲ့မဆလခေတ်ကာလများကို ပြန်ကြည့်ပါ။ ကျောင်းသားလှုပ်ရှားမှုတွေလျော့ပါးသွား တယ်လို့ ရှိခဲ့ပါရဲ့လား။ ကျောင်းသားလောကထဲကို မူးယစ်ဆေးဝါးတွေနဲ့ လောင်းကစားတာတွေ အများအပြားလှိမ့်ဝင်လာတာဒီကာလတွေပဲ မဟုတ်ပါလား။ အဲဒီကာလတွေအတွင်း တက္ကသိုလ်နယ်မြေတွေမှာ ရုတ်ရုတ်သဲသဲဖြစ်တယ်ဆိုတာမှန်သမျှဟာလည်း စစ်အစိုးရတွေကအကြမ်း ဘက်ဝင်ရောက်လို့ချည်းပဲ မဟုတ်ပါလား။
နိုင်ငံတနိုင်ငံမှာ မတည်ငြိမ်တာတွေဟာ မတူတဲ့အမြင်တွေတည်ရှိနေလို့၊ မတူတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေတည်ရှိနလို့လုံးဝမဟုတ်ပါဘူး။ မဆလတပါတီတည်းရှိ၊ သူတို့ရဲ့အလုပ်သမားလယ်သမားအစည်းအရုံးတွေရှိ၊ ကျောင်းသားသမဂ္ဂတွေလုံးဝမရှိတဲ့ မဆလလက်ထက်တလျှောက်၊ ရှစ်လေးလုံးကာလအထိ ဒီတိုင်းပြည်မှာ မတည်ငြိမ်မှုတွေ ဘယ်လာက်တောင်များခဲ့သလဲ၊ အသတ်ခံရတဲ့ဆန္ဒပြသူတွေ ဘယ်လောက်တောင်များ ခဲ့သလဲ။ န၀တ-နအဖတို့က ဘယ်တခြားနိုင်ငံရေးအင်အားစုကိုမှ တည်ရှိခွင့်မပြုပဲ တိုင်းပြည်ကိုသံဖနောင့်တဲ့နင်းထားတဲ့ကာလမှာရော၊ ဆန္ဒပြ တာတွေ လမ်းပေါ်တက်တာတွေ မဖြစ်ခဲ့ဘူးလား။ သံဃာတွေအပါအ၀င် အသတ်ခံရခဲ့သူတွေနည်းသလား။ ရေအိုးအောက်က ကရွတ်လို အကျဉ်းထောင်တွေထဲမှာ တရိရိဆွေးမြေ့သူတွေ၊ ကျဆုံးသွားသူတွေမှတ်မိကြတယ်မဟုတ်ပါလား။
တိုင်းပြည်တပြည်ရဲ့နိုင်ငံရေးလေထု သန့်ရှင်းလန်ဆန်းဖို့ဆိုရင် မတူတဲ့အယူအဆတွေတည်ရှိစေ၊ မတူတဲ့ပါတီတွေ ထူထောင်စေ အဲဒီမတူတာတွေရဲ့ အတူတည်ရှိညီညွတ်မှုကနေ တိုးတက်မှုကိုရှာရမှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့သမိုင်းကိုက ဒီလိုပဲမတူတဲ့ဆန့်ကျင်ဘက်တွေရဲ့ ပဋိပက္ဖတွေထဲ ကနေ ရှေ့ကိုတက်လှမ်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကြံ့ဖွတ်အစိုးရ၀န်ကြီးမင်း ဗိုလ်ကျော်ဆန်းကတော့ “အတိတ်ကသင်ခန်းစာများကိုရယူပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်လိုအပ်သွားမည် ဖြစ်ပါကြောင်း”လို့ သမဂ္ဂတွေပေါ်ပေါက်ရေးကိစ္စကို စကားမျက်လှည့်ပြသွားပါတယ်။ တည်ထောင်ခွင့်၊ ဖွဲ့စည်းခွင့်ပေးမယ်လို့ တိတိကျကျမပြောပါဘူး။ အချိန်အကန့်အသတ်လည်း မပြောပါဘူး။ ဒီတော့ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄မှာ ရေးထားတဲ့“အသင်းအဖွဲ့ သို့မဟုတ်အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်”ဆိုတာကိုဘယ် လိုအနက်ဖွင့်ရမယ်ဆိုတာ စဉ်းစားစရာဖြစ်လာ ပါတယ်။ သူတို့ရဲ့ဖွဲ့စည်းပုံဥပဒေထဲကစာသားနဲ့ သူတို့ထဲက၀န်ကြီးရဲ့ စကား ဘယ်ဟာကအဓိကလဲဆိုတာ ရှင်းသွားတယ်လို့ပဲပြောရတော့မှာပါ။ ကိုယ် ရေးထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေမို ကိုယ်ကြိုက်သလိုအဓိပ္ပါယ်ဖွင့်မယ်လို့ ၀န်ခံသွားတာလို့ပဲ ထင်မိပါတယ်။

ရဲဘော်ဖိုးသံချောင်း

0 comments:

Post a Comment