အီတလီဖွား နယ်သစ်ရှာသူ ခရစ္စတိုဖာကိုလံဘာ့စ်ကို မသိသူရှားမည်ထင်သည်။ သူက စပိန်ပြည့်ရှင်အား အာရှက ရွှေနဲ့မဆလာသွားရှာပေးမည်ဟု အတိတ်စိမ်းပေးပြီးနောက် အထောက်အပံ့နှင့်အခွင့်အာဏာအရင်ခံ၏။ ထို့နောက် အိန္ဒိယနှင့်တရုပ်သို့မှန်းပြီး လက်ရွေးစင်တသိုက်နှင့်ရွက်တိုက်တော့၏။ အောက်တိုဘာ ၁၂ ရက် ၁၄၉၂ တွင် ကမ်းကပ်၏။ ကြည့်လိုက်တော့ တရုပ်နှင့်အိန္ဒိယားမဟုတ်။ ဘဟားမားစ်။ အမေရိက တိုက်ကို ဥရောပသားတွေ ပထမဆုံးခြေချခဲ့ရာအရပ်။ ကျူးဘားကိုမြင်တော့ ပြည် မကြီးလို့ထင်ပြီး ဟစ်စပန်နီယိုလာကိုလည်း ဂျပန်လို့ထင်မှတ်မှားခဲ့၏။ ဘာပဲဖြစ်ဖြစ် ဒါ ငါတို့တွေ့တဲ့မြေ၊ ငါတို့အပိုင်ဆိုပြီး အောင် လံစိုက်ခဲ့သည်က တိုက်ဖော် ၃ ကျိပ်နှင့် ၉ ယောက်။ ဤတွင် ဒေသခံနှင့်နယ်သစ်ရှာသူတို့ စစ် စ၏။ ဒေသခံတို့ထက် လက်နက် မှစ၍အဘက်ဘက်တွင်သာရုံမက ရက်စက်ရာတွင်လည်း ကမ်းကုန်ခဲ့သူတို့၏အောင်ပွဲဆက်များ။ ၁၄၉၃ ခု ပြည်တော် ဝင်တော့ ရွှေ၊ မဆလာနှင့်အတူ လူတွေပါဖမ်းခေါ်လာပြီး စပိန်ပြည့်ရှင်အား ပဏ္ဏာဆက်တော့၏။ ဤတွင်အမေရိကား၏ သမိုင်းကားလိပ် ပွင့်တော့၏။
၁၇၉၂ ခုနှစ်ရောက်တော့ နူးယော့ခ်က ကိုလမ်ဘာ့စ်အဆက်များဟု ဆိုသူတွေက Tammany Hall မှာ ယင်းသမိုင်းဝင်ခြေချမှု အနှစ် ၃ဝဝ မြောက်အထိမ်းအမှတ်ကို စနွှဲခဲ့ကြ၏။ သူ့၏ ချက်မြုတ်ရာနှင့်ယုံကြည်ရာကို ဂုဏ်ပြုသည့်အရေးအား ကက်သိုလစ်ဘာသာဝင်များ အီတလီနွယ်ဖွားများက စစ်ချီတေးနှင့်အတူ ဘာသာရေးအခမ်းနားများပါ စလုပ်လာကြခြင်းဖြစ်၏။ ၁၉၈၂ ခုတွင် သမ္မတဘင်ဂျမင်ဟာရီဆန်က “ဒီနေ့ ဟာ ညှဉ်းဆဲခြင်းဘေးကလွတ်ပြီး ယုံကြည်ရာကိုကိုးကွယ်ဖို့အရေး တို့တွေကိုဆောင်ကျဉ်းပေးခဲ့ကြတဲ့ နယ်သစ်ရှာသူတွေကိုဂုဏ်ပြုဖို့၊ သူတို့ကိုတန်ဖိုးထားတတ်ဖို့” ဟုဆိုကာ အနှစ် ၄ဝဝမြောက် ပွဲကို ဝှဲချီးကျင်းပခဲ့၏။ ၁၉၃၇တွင် သမ္မတဖရန်ကလင် ဒီ ရုစ်ဗဲ့လ်က ပြည့်မျက်နှာဖုံးတွေနှင့်တိုင်ပင်ပြီး နှစ်စဉ်အောက်တိုဘာလ ဒုတိယပတ်တနင်္လာနေ့ကို ကိုလမ်ဘာ့စ်နေ့အဖြစ်သတ်မှတ်ပြီး ရုံးပိတ်ရက်အဖြစ်ကြေညာခဲ့၏။ အမေရိကန်အချို့က ထိုနေ့အား သူ့နေ့ဆိုပြီးရုံးပိတ်ရက်အဖြစ် သတ်မှတ်သည်ကိုမကြိုက်။ “ငါတို့မြေမှာတခြားလူတွေ လာနေတာမကြိုက်” ဆိုသည့် အစုက ကက်သိုလစ်ဘာသာရေးနဲ့တွဲနေလို့ဆိုသည့် အကြောင်းပြချက်ဖြင့်ကန့်ကွက်၏။ အမေရိကန်ချက်မြုတ်များနှင့်အုပ်စုတချို့က တို့အမေရိကန်တွေသွယ်ဝိုက်ပြီး ကိုလိုနီအလုပ်ခံရတာ၊ ကျောက်ရောဂါနဲ့တုတ်ကွေးတွေကူးပြီး သန်းနဲ့ချီတဲ့ဥရောပသားတွေသေခြင်းဆိုးနဲ့သေရတာ၊ နယ်ချဲ့တွေနဲ့ အမေရိကားချက်မြုတ်တွေဖြစ်တဲ့စစ်မှာ တိုင်းရင်းသားတွေဘဝတုံးရ မျိုးကန်းရတာတွေကိုဂုဏ်ပြုနေတာပဲလို့ ပြောသည်လည်းရှိ၏။ ရက်ဒ်အင်ဒီးယန်းတွေကို နှိပ်စက်ညှဉ်းပမ်း၊ သတ်ဖြတ်၊ ကျွန်ပြုခဲ့တာကိုပဲ ဇမ္ဗူတလူလုပ်ပြနေတာလား၊ ဇန်းတင်နေတာ လားဟု ဆိုသူလည်းဆို၏။ လက်တင်အမေရိကနိုင်ငံတွေကတော့ ထိုနေ့ကို လူမျိုးစုများနေ့ဟု မြင်ကြဆင်ယင်ကျင်းကြ၏။ ဗင်နီဇွဲလားက ထို နေ့သည် “လူမျိုးစုခုခံရေးစစ်ပွဲနေ့”ဟု သတ်မှတ်၏။ အမေရိကန်မြို့တချို့နှင့်ပြည်နယ်တချို့က ထိုနေ့ကိုအမည်ပြောင်းကြ၏။ ဘာကလေစီးတီးက “လူမျိုးစုပြည်သူများနေ့”အဖြစ်၊ ဟာဝိုင်ယီက “နယ်သစ်ရှာသူများနေ့”အဖြစ်၊ တောင်ပိုင်းဒါကိုတာပြည်နယ်က “ဇာတိဖွားအမေရိ ကန်များနေ့” အဖြစ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့အမေရိကားတွင် ကိုလံဘာ့စ်တို့ဓါးစမ်းရာ ရက်အင်ဒီးယန်းတွေ မျိုးတုန်းပျောက်ကွယ်လုနီးပါး။ တချို့ဒေသတွေမှာတော့ သူတို့ဘဝတွေကို ရှေးအနေမပျက်ထိန်းသိမ်းပေးထားကြသည်။ ထိုဒေသနှင့်ထိုသူတို့အား ပြည်တွင်းပြည်ပမှ ခရီးသည်များ လာလာကြည့်ကြ၏။ လာလာကြည့်တော့ စီးပွားရေးသမားတွေမျက်စေ့ကျ၏။ မျက်စေ့ကျတော့ ပိုက်ဆံရှာသည့် ဂွင်လိုဖြစ်လာ၏။ ပဒေါင်တွေ ယိုးဒယားမှာအပြအစားခံရသလိုမဖြစ်ပါစေနဲ့ဟုသာ ဆုတောင်းမိ၏။ လူနီရိုင်းတွေနှင့်နဖူးတွေ့ဒူးတွေ့ကား မရှိသေး။ တွေ့လျှင် အမေးချင်ဆုံးမေးခွန်း တခုကျနော့်တွင်ရှိ၏။ ထိုနေ့ကိုစောင့်နေမိ၏။ ယခု ထိုနေ့သည် သည်နေ့ပင်ဖြစ်တော့၏။ ကျနော် သူတို့နှင့်တွေ့ဖို့ အကြောင်းဖန်လာ၏။ တွေ့ဖို့ဖြစ်လာ၏။ တွေ့ရ၏။ စကားပြောဖြစ်၏။ မေးချင်သည့်မေးခွန်းလည်း မေးဖြစ်ခဲ့၏။ ခွင့်တောင်းပြီး ဓါတ်ပုံပါအတူရိုက်ဖြစ်၏။
“ဒီနေ့အမေရိကား” ဖြစ်လာဖို့ အရင်လူတွေ၏ပခုံးပေါ်ကျော်ကြည့်ပြီး အဖေထက်သားတလကြီးခဲ့ရခြင်းဆိုသည်ကိုမူ မည်သူမျှမငြင်းကြ။ အမေရိကားသို့ အရင်လူတွေယူလာခဲ့သည့်အရာများတွင် ပန်းသီးပါမပါမည်သူမျှမသိ။ သမ္မာကျမ်းစာပါ ဧဒင်ဥယျာဉ်၌ဘုရားသခင် ပေါက်စေတော်မူသောအသက်ပင်သည် ပန်းသီးပင်ဟုတ်မဟုတ် ဘယ်သူမှအတိအကျမပြောနိုင်။ သို့သော် ထိုအပင်မှအသီးသည် စားကောင်းခြင်း၊ လှခြင်း၊ အသိရစေခြင်း၊ နှစ်သက်ဘွယ်ရှိသည့်အပင်ဖြစ်သည်ဆိုခြင်းကို လူတိုင်းသိ၏။ ဧဝသည် ထိုအပင်မှ အသီးကိုဦးစွာစား၏။ ထို့နောက် မိမိခင်ပွန်းအားလည်းပေး၍ သူလည်းယူ၍စား၏ဆိုသည်ကိုလည်း လူတိုင်းသိကြ၏။ ထို့အတူ အမေရိကားတွင် ပန်းသီးဘယ်အချိန်က စရှိခဲ့သည်ကို မည်သူမှတပ်အပ်မပြောနိုင်သော်လည်း အီလီနွိုင်း၊ အိုဟိုင်းယိုး၊ ကင်တပ်ကီ၊ ပင်န်ဆယ်လ်ဗေးနီးယားနှင့်အင်ဒီယားနားတို့တွင်မူ ဂျွန်နီအဲ့ပယ်လ်စိဒ် ဟုဆိုလျှင် ပန်းသီးပင်နှင့်တွဲမြင်ကြ၏။ ထိုနယ်များရှိ ပန်းသီးခြံကြီးမှပန်းသီးပင်တို့သည် သူပျိုးခဲ့သည် ပန်းသီးပျိုးပင်များ၊ သူကြဲဖြန့်ခဲ့သည့်ပန်းသီးစေ့များမှ ဆင်းသက်ပေါက်ဖွားခဲ့သည့် သားစဉ်မြေးဆက်များဖြစ်၏။ ပန်းသီးကြိုက်သည့်အမေရိကန်တွေအတွက် သူသည် ဟီးရိုး။ ဒဏ္ဍာရီထဲက လူစွမ်းကောင်း။
သူ့အမည်အရင်းက ဂျွန်ချက်ပ်မင်န်း။ နာသန်နီရယ်လ်နှင့်အဲလဇ္ဇဘက်ချက်ပ်မင်န်းတို့ ၁၇၇၄ စက်တင်ဘာ ၂၆ တွင်မွေးဖွားခဲ့သည့် ဒုတိယ မြောက်သား။ အဖေက အမေရိကန်တော်လှန်ရေးကာလတွင် လယ်တွေဆုံးရသည့်ဆင်းရဲလယ်သမား။ သားကို နည်းနည်းအရွယ်ရောက်တော့ ပျိုးခြံတခြံမှာအလုပ်သင်အဖြစ်သွင်းပြီး ပိုက်ဆံရှာခိုင်းရ၏။ အပင်ပျိုးသည့်အလုပ်လုပ်ရင်း ပျိုးပင်လေးတွေကိုချစ်တတ်လာသူ။ သူနှင့်စပ်၍ ယုံတမ်းစကားနှင့်ကြားဖူးနားဝတွေလည်းများ၏။ အမိုးအောက်မှာ မအိပ်စက်ခဲ့သူ။ ဘယ်တော့မှ ဖိနပ်စီးပြီးလမ်းမလျှောက်သူ။ တခါက သူအိပ်နေတုန်း ခလောက်မြွေတကောင် သူ့ကိုပေါက်ဖူး၏။ ဆင်သားရေလိုထူသည့် သူ့ခြေထောက်ကိုမြွေစွယ်ကမဖေါက်နိုင်ဟုဆိုသူ။ အဝတ်အစားကိုခြေအိပ်တွေနဲ့ ချုပ်ဝတ်သူ။ သံဖြူနှင့်လုပ်သည့် ဦးထုပ်ဆောင်းသူ။ ထို ဦးထုပ်ကို ချက်ပြုတ်ရာနှင့်ရေတဂေါင်းအဖြစ်သုံးသူ။ သတ်သတ်လွတ်သမား။ သတ္တဝါဆိုလျှင် အင်းဆက်ကအစ သနားကြင်နာတတ်သူ။ သူလှုံဖို့ ဖိုသည့်မီးပုံထဲ ခြင်တွေဝင်တိုးပြီးသေတာမြင်တော့ ကမန်းကတမ်းမီးကိုထငြှိမ်းပြီး သူမွှေးမိတဲ့မီးကြောင့်ခြင်တွေသေရတာအတွက် ခွှင့်လွှတ်တော်မူပါဟု ဘုရားထံဆုတောင်းဖူးသူ။ သာသနာပြုအဖြစ်လည်း ကျင်လည်ခဲ့ဖူးသူ။ ဘာလို့ အိမ်ထောင်မပြုတာလဲဟု မေးသူတိုင်းအား သူ “ဒီဘဝမှာမိန်းမယူပဲနေခဲ့ရင် နောက်ဘဝကျတော့ နတ်သမီး၂ပါးကိုမယားအဖြစ်ရမယ်” လို့ပြန်ဖြေတတ်သူ။ အုံ့ပုန်းချစ်နဲ့တဘက်သတ်ဇာတ်လမ်းတွေရှိသည်ဟု တခြားသူတွေကထင်သူ။ သူ့ အိပ်မက်က ပန်းသီးပင်တွေလွှမ်းနေသည့်မြေကမ္ဘာ။ ပန်းသီးစားရဖို့အရေး ဘယ်သူမှတွေးမပူစေချင်သူ။ သူ့ခြေဖြင့်ထိပြီးပျော်သွားသည့် နှင်း စက်ရည်ကိုသာ သောက်သူ။ သွားလေရာမှာ တွေ့သမျှလူတွေ၏မေတ္တာကိုခြုံသူ။ ရက်ဒ်အင်ဒီယန်းတွေနှင့် ခင်ခင်မင်မင်နေသူ။ သူအမြတ်နိုးဆုံးစာအုပ်က သမ္မာကျမ်း။ အပ်ကြောင်းဘယ်လောက်ထပ်ထပ် သူ့အကြောင်းပြောလျှင် လူတိုင်း၏မေတ္တာစိတ်ဖြင့် ပြောသံသာကြားရ၏။ သူ့ကား ပြောမဆုံးပေါင်တောသုံးတောင် ဖြစ်မည်ထင်၏။
နောက်လူတွေက လူကြီးရောဂါတခုခုဖြင့် သိတ်ကြာကြာမခံစားလိုက်ပဲ သူသေသွားသည်ဟုသာဆိုနိုင်ကြတော့၏။ သေချာသည်ကတော့ တဘဝလုံးလမ်းလျှောက်ရင်း ပန်းသီးမျိုးစေ့တွေဖြန်ကြဲခဲ့၊ ရှင်သန်စေခဲ့သူဖြစ်၏။ သူ့ကို လူတွေကချစ်ကြ၏။ သူကလည်း လူတွေအပါအဝင် ပန်းသီးပင်တွေကိုမြတ်နိုးခဲ့၏။ စိုက်ပျိုးခဲ့၏။ သူ့လက်ဖြင့်စိုက်ခဲ့သည်ဆိုသည့် ပန်းသီးပင်အိုကြီးများ ယခုတိုင်ရှိနေ၊ ရှင်နေသေးဟုဆို၏။ သူကား ကွယ်လွန်ခဲ့ပြီဖြစ်၏။ သို့သော် သူကား မသေသေး။ သူ့ကွယ်လွန်ရက်စွဲနှင့် သူ့အလောင်းဘယ်မှာမြှုတ်ဆိုသည်ကား ယခုတိုင်အငြင်းပွားနေကြဆဲ။ တချို့က သူ ၁၈၄၇ နွေရာသီတွင်ဟုဆိုပြီး၊ ၁၈၄၅ ခုနှစ် မတ်ခ်ျလ ၂၂ နေ့ထုတ် ဖို့ဝိန်းနူးစ်စန်တီနယ်လ်သတင်းစာတွင် သူ့ နာရေးကြော်ငြာကိုတွေ့ရပြီး နာရေးသတင်းတွင် မတ်ခ်ျလ ၁၈ ရက် ၁၈၄၅ ၌ ကွယ်လွန်သည်ဟုဆိုထား၏။ ထို့အတူ သူ့သင်္ချီုင်းနေရာလည်း ကွဲလွဲနေပြန်၏။ တချို့က ယခုနေရာအမှန်ဟုဆိုပြီး တချို့ကအခြားတနေရာဟုပြောကြသည်။ မည်သို့ပင်အငြင်းပွားပွား အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကလေးတွင် နှစ်စဉ် စက်တင်ဘာလ၏ တတိယပတ်စနေနှင့်တနင်္ဂနွေတွင် သူ့အထိမ်းအမှတ်ပွဲတော်ကို ကျင်းပလေ့ရှိ၏။ နှစ်စဉ် လူ ၂ သိန်းခန့်လာရောက် နွှဲပျော်ကြ၏။ လွန်ခဲ့သည့် နှစ် ၂ဝဝ ကျော်က အမေရိကန်တွေ ဘယ်လိုနေခဲ့ကြသည်ကို ဟိုတုန်းကအ အဝတ်အစားတွေ၊ ဟိုတုန်းက ဂီတတွေ၊ ဟိုတုန်းက အစားအသောက်တွေ၊ ဟိုတုန်းကခံစားမှုတွေနှင့် ဒီနေ့အမေရိကန်တွေပြ၏။
သည်မှာ ကျနော် ဝက်ဝံကလေးလူနီရိုင်းနှင့်ဆုံ၏။ ကျနော်သူ့ကို မိတ်ဆက်တော့ အင်္ဂလိပ်လိုမိတ်ဆက်၏။ သူလည်း အင်္ဂလိပ်လိုအရင် နှုတ်ဆက်၏။ နောက်တော့ သူ့ဘာသာစကားဖြင့်ထပ်နှုတ်ဆက်ပြန်၏။ ကျနော်နားမလည်။ ကိစ္စမရှိ သူစကားကောင်းပြောနေခြင်း မင်္ဂလာရှိသောစကားဆိုနေခြင်းဖြစ်ကြောင်း သူ့မျက်နှာနှင့် လေယူလေသိမ်းတွင်ထင်ရှား၏။ နောက်တော့ အင်္ဂလိပ်လိုပဲစကားဖေါင်ဖွဲ့ဖြစ်၏။ သူ့အမည်က ရက်ဒ်အင်ဒီးယန်းစကားဖြင့် ဝက်ဝံကလေး။ စကားပြောတော့ အသံပြတ်ဖြင့်ဝါကျတိုတို။ လူကောင်က သေးသေးကျစ်ကျစ်။ အသားပိုအဆီပိုမရှိ။ အရပ်က ၅ ပေ ၆ လက်မခန့်။ အသားအရေက ကြေးနီရောင်။ သူတို့အနွယ်၏ခေါင်းဆောင်များဝတ်သည့် ဝတ်စုံနှင့်။ လက်တဖက်တွင် သူ့အဘီလက်ထက်ကကိုင်ခဲ့သည့် သံအသွားတပ်လှံတံနှင့်။ နောက်တဖက်တွင် နွားရိုင်းချိုတပ်လက်ကိုင်တုတ်နှင့်။ လက်မောင်းနှင့်လည်တိုင်တွင် ရောင်စုံကျောက်ပုတီးစေ့ ဘယက်ဒွာဒယာတွေနှင့်။ ခေါင်းတွင် ငှက်မွှေးငှက်တောင်ယက် ဦးဆောင်းထောင်နှင့်။ ကျောတွင် ငှက်မွှေးသားမီးယပ်လို အဆင်တန်ဆာနှင့်။ မျက်နှာတွင် ဆေးရောင်စုံတွေ ဒေါင်လိုက်အလျားလိုက် ခြယ်ကာသကာနှင့်။ သူ့ကြည့်ပြီး ကျနော်စိတ်တွင် သူ ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငန်းများ ပြန်အမှတ်ရနေမလားဟု တွေးမိသေး၏။ သို့သော်မမေးရက်။ မမေးဖြစ်။ သူ့ အဘီနှင့်အဘေးတို့က အစုခေါင်းဆောင်များဖြစ်ခဲ့ကြောင်း၊ သူ့အဖိုးက ဆေးဆရာဖြစ်ခဲ့ကြောင်း၊ သူနှင့်သူ့အဖေက မုဆိုးကျော်တွေဖြစ်ကြောင်း၊ သူတို့ရွာ ဘယ်မှာရှိပြီး ဘယ်လိုသာယာအေးချမ်းခဲ့ကြောင်း၊ သူ့မိသားစုအကြောင်းတွေပြောပြ၏။ သိလိုသည့်အခါများတွင် တချက်တချက်ဖေါက်ပြီး နည်းနည်းပါးပါးမေးသည်မှအပ ကျနော်က နားထောင်သမား။ သူတို့ဘိုးစဉ်ဘောင်ဆက်ဘဝတွေ ဘယ်လိုတည်ဆောက်ပြီး ဘယ်လိုကြေမွခဲ့ရကြောင်းတွေပြန်ပြောစဉ် သူ့မျက်နှာတွင် တချက်တချက် ကြေကွဲရိပ်၊ တချက်တချက် လွမ်းဆွေးရိပ်၊ တချက်တချက် ဒေါသရိပ်၊ တချက်တချက် မာနရိပ်၊ တချက်တချက် ပျော်ရွှင်ရိပ်၊ တချက်တချက် နာကျည်းရိပ်စသဖြင့် အရိပ်ပေါင်းစုံဖြတ်ဖြတ်သွားသည်ကို သတိထားမိ၏။ သူ့စကားတွေဆုံးတော့ ကျနော်မေးချင်သည့်မေးခွန်းကို မေးဖြစ်အောင်မေးမိ၏။ “မင်းတို့အပေါ် အဲဒီကျူးကျော်သူတွေက စစ်ပွဲတွေနဲ့မတရားတွေလုပ်၊ လူကိုသုတ်သင်၊ မြေကိုလုယက်၊ ယဉ်ကျေးမှုပျက်စီးခဲ့တာတွေအပေါ် မင်းဘယ်လိုမြင်သလဲ” ဟု မေးကြည့်မိ၏။ သူက “ငါ အခု အသက် ၇ဝ ရှိပြီ။ ငါတို့ရဲ့လုယက်ဖျက်ဆီးခြင်းခံခဲ့ရတဲ့ အရာတွေအတွက် ငါ့ရှေ့ကမျိုးဆက်တွေရော ငါရော တောက်လျှောက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ရတာပဲ။ အခု ငါ ဒီမှာ ဒီလိုဝတ်ပြီးဒီလိုပြောနေလုပ်နေတာလည်း တိုက်ပွဲတခုပဲဖြစ်တယ်။ တချို့ကတော့ တမျိုးတမည်ထင်ချင်ထင်မှာပေါ့လေ။ ဒါပေမယ့် ဒါဟာတိုက်ပွဲပါ။ ငါ့နောက်ကမျိုးဆက်တွေလည်း ဆက်တိုက်နေရဦးမှာပါပဲ။ တကယ်တော့ ငါတို့လုယက်ဖျက်ဆီးခံလိုက်ရတာ မြေနဲ့ယဉ်ကျေးမှုသက်သက်မဟုတ်ပါဘူး။ လူသားမျိုးနွယ်စုကြီးတခုလုံးပါ။ ငါ့နောက်က မျိုးဆက်တွေဟာ သူတို့ကိုယ်သူတို့ ရက်ဒ်အင်ဒီးယန်းတွေအဖြစ်ဂုဏ်ယူနေတတ်သရွေ့ ငါတို့တိုက်ပွဲဆက်ရှိနေဦးမှာပဲဆိုတာ ငါယုံတယ်။ အတိတ်ကအဖြစ်အပျက်တွေ၊ နာကျည်းကြေကွဲစရာတွေဟာ ငါတို့တိုက်ပွဲအတွက်အားဆေးတွေပါပဲ။ အဲဒါတွေကို ပြီးတာတွေလည်းပြီးခဲ့ပါပြီဆိုပြီး ထားလိုက်ဖို့မဖြစ်နိုင်ဘူး။ သူများတွေက မေ့လိုက်ပါဆိုလည်း ငါတို့မမေ့ပါဘူး။ မေ့လို့လည်းမရဘူး။ မေ့လိုက်ရင် ငါတို့ဘိုးဘေးတွေက သေရာကနေငါတို့ကိုကျိန်ဆဲမှာပဲ။ အဲဒါတွေကိုပြန်ပြောပြီး နောက်မျိုးဆက်တွေရဲ့ တိုက်ပွဲခေါ်သံတွေကို ငါတို့မြှင့်ပေးနေရတယ်။ သူတို့ရဲ့ ဒေါသစိတ်တွေကို ငါတို့မီးထိုးပေးနေတာမဟုတ်ဘူး။ လက်စားပြန်ချေဖို့ ငါတို့လုပ်နေတာမဟုတ်ဘူး။ လက်စားချေဖို့လုပ်နေတာ မဟုတ်ဘူး လို့ပြောလိုက်တာနဲ့ သင်ပုန်းချေပစ်လိုက်တယ်လို့ အဓိပ္ပါယ်မထွက်ပါဘူး။ သင်ပုန်းချေနိုင်ရင် ငါဒီနေရာမှာ ဒီလိုလာရပ်ဖို့လိုပါ့မလား။ အေး.. လက်စားချေချေ သင်ပုန်းချေချေ အဲ့ဒါ တယောက်တည်းလုပ်ရမယ့်ကိစ္စမဟုတ်သလို တယောက်တည်းတတ်နိုင်တဲ့ကိစ္စလည်းမဟုတ်ဘူး။ ဒါကြောင့် ငါဝင်ပါနေရမှာပဲ။ ဝင်လည်းပါခွင့်ရှိတာပဲ။ မတရားမှုကိုတော့ခေါင်းငုံ့မပေးနိုင်ဘူး။ ငါတို့အတွက် တရားမျှတမှုလိုပါတယ်။ ငါတို့ အတွက်မှမဟုတ်ပါဘူးလေ ကမ္ဘာမြေပေါ်မှာဘယ်နေရာမှာမှ မတရားမှုတွေမရှိစေချင်ပါဘူး။ မတရားမှုတွေအတွက် တရားသဖြင့်ဖြစ်ရမှာပါပဲ” ဟု ပြန်ဖြေ၏။
သူ့အဖြေကိုနားထောင်ပြီး ကျနော့်အတွေးတို့က ကိုလံဘာ့စ်ဆီရောက်လိုက်၊ နူးရင်ဘာ့ဂ်နှင့်တိုကျိုတရားရုံးရောက်လိုက်၊ သည်ဟိဂ်မြို့ကိုရောက်လိုက်၊ ဆက်ဒမ်ဟူစိန်တက်ခဲ့ရသည့်ကြိုးစင်ဆီရောက်လိုက်၊ ထောင်ထဲကသူငယ်ချင်းတွေဆီရောက်လိုက်၊ ၈၈ အရေးတော်ပုံကြီးဆီရောက်လိုက်၊ လစ်ဗျား၊ တူနီးရှား၊ အီဂျစ်နှင့်နယ်လ်ဆင်မင်န်ဒဲလားဆီရောက်လိုက်၊ ဝန်ကြီးချုပ်ဟောင်းဦးနုဆီရောက်လိုက်၊ ၂ဝဝ၈ ဖွဲ့စည်းပုံဖြင့် အလိုအလျှောက်လွတ်ငြိမ်းချမ်းသာခွင့် ယူထားသူတွေဆီရောက်လိုက်၊ …………………ရောက်လိုက်၊ ………………..ရောက်လိုက်တွေနှင့် စိတ်သည်အငြိမ်မနေတော့။
သို့သော် ဝက်ဝံကလေးလူနီရိုင်း၏ “လက်စားချေချေ သင်ပုန်းချေချေ ထိုကိစ္စသည် တဦးချင်းတယောက်ချင်းဆိုင်ရာကိစ္စမဟုတ်” ဆိုသည်ကိုကားလေးနက်နေမိ၏။
မျိုးမြင့်ချို
၉/၁၉/၂ဝ၁၁
0 comments:
Post a Comment