စစ်မက်သူ၊ မိတ်ဆွေရန်သူနဲ့ ငြိမ်းချမ်းရေးကိစ္စ (မျိုးမြင့်ချို) (၉၊၈၊၂ဝ၁၁)
နောက်အစိုးနဲ့မှ ငြိမ်းချမ်းရေးကိစ္စဆက်ပြောတာပေါ့ လောလောဆယ်တော့ ကိုယ့်တပ် ကိုယ့်သေနတ်နဲ့ကိုယ့်အရပ်မှာ ဈေးတည်၊ လမ်းဖေါက်၊ ကျောင်းဆောက်၊ ဘုရားတည်ရင်း ငြိမ်ငြိမ်နေကြဦးသဘောတူချက်အတိုင်းနေလာသူတချို့နဲ့ စစ်အစိုးရရဲ့တကြော့ပြန်သေနတ် သံတွေအောက်မှာ ငြိမ်းချမ်းရေးကြွေးကြော်သံတွေ ပြန်ဟိန်းထွက်လာတာ ကြိုဆိုအပ်တဲ့ကိစ္စရပ်လို့ ယုံပါတယ်။
တချို့က “ငြိမ်းချမ်းရေးလိုချင်လို့ စစ်တိုက်နေတာ၊ ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေတာ” လို့ဆိုပါတယ်။ ကျနော်ကတော့ “ငြိမ်းချမ်းရေးမရှိလို့ ငြိမ်းချမ်းရေးအာမခံချက်မရှိလို့” စစ်တိုက်နေရတာလို့မြင်ပါတယ်။ လက်ခံနိုင်မယ့်ဥပဒေလည်းရှိမယ်။ ဥပဒေအတိုင်းလည်း တည်မယ်ဆိုရင် လက်ထဲကသေနတ်တွေကို လူတိုင်းလွှတ်ချလိုက်မှာပါပဲ။ ဘယ်သူမှ မသေချင်မသတ်ချင်ကြပါဘူး။ စစ်အမုန်းဆုံးလူတွေကို တန်းစီပြီးစာရင်းချရေးပြရရင် “မတိုက်ချင်ပဲတိုက်ရတဲ့စစ်ပွဲထဲကစစ်သားတွေ” ရှေ့ဆုံးနေရာမှာရှိနေမှာပါ။ သူတို့လည်း ငြိမ်းချမ်းရေးကို ချစ်ကြသူတွေ စစ်ကိုမုန်းကြသူပဲဖြစ်ပါတယ်။
လူတိုင်းလူတိုင်း စစ်ကိုမုန်းတယ်။ လူတိုင်းလူတိုင်း ငြိမ်းချမ်းရေးကိုချစ်တယ်လို့တော့ ကျနော်မယုံပါဘူး။ စစ်ကြောင့်စီးပွားဖြစ်သူ၊ စစ်နဲ့အကျိုးဖြစ်ထွန်းနေသူတွေအတွက် စစ်ဟာမက်စရာပါ။ အဲဒီ့ စစ်မက်သူတွေကြောင့်ပဲ စစ်မက်တွေဖြစ်ကြတာဖြစ်ပါတယ်။ စစ်မက်တွေဖြစ်ပလားဟေ့ဆိုရင် ငြိမ်းချမ်းရေးလှုပ်ရှားမှုလည်း ဒွန်တွဲပါလာရပါတယ်။ စစ်မက်သူနဲ့စစ်မုန်းသူတွေကြားမှာ အားပြိုင် မှုတွေလည်းရှိလာရပါတယ်။ အဲဒီအားပြိုင်မှုဟာ အာဏာရှိနဲ့အာဏာမဲ့၊ အစိုးရနဲ့လူထု၊ ဖိနှိပ်သူနဲ့အဖိနှိပ်ခံကြားကအားပြိုင်မှုလို့ ကျနော် နားလည်ထားပါတယ်။
ဒီနေရာမှာ ငြိမ်းချမ်းရေးချစ်သူ၊ စစ်မုန်းသူတွေမှန်ပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကြိုးစားကြရာမှာ မတူတဲ့ဘဝဖြတ်သန်းမှုတွေ၊ မတူတဲ့အတွေ့အကြုံတွေ၊ မတူတဲ့စိတ်အနေစိတ်အထားတွေ၊ မတူတဲ့လောကအမြင်တွေကနေ မတူတဲ့အပြောအဆိုအကောက် အယူတွေ ထွက်လာပါတယ်။ ဒါဟာ အလွန်သဘာဝကျတဲ့ကိစ္စလို့ မြင်ပါတယ်။ “စစ် ဘာ့ကြောင့်ဖြစ်” ဆိုတာကိုမြင်ရာမှာတော့ တူတယ်လို့ ထင်ချင်ပါတယ်။ စစ်ဟာ နိုင်ငံရေးပြဿနာကို လက်နက်နဲ့ရှင်းကြတာဖြစ်တယ်ဆိုတဲ့ အမြင်မှာလည်းတူတယ်လို့ ထပ်ထင်ချင်ပါသေးတယ်။
စစ်ဟာ နိုင်ငံရေးရဲ့အဆက်ဖြစ်တယ်ဆိုရင် အဲဒီအဆက်ကို ဘယ်သူ စဆက်နိုင်ပါသလဲ။ ဆက်ပြီးဆက်နေအောင်ရော ဘယ်သူ ဆက်နိုင်ပါသလဲ။ အဲဒီအဆက်ကို အဆက်ပြတ်အောင်ရော ဘယ်သူက စအဆက်ဖြတ်ရမှာလဲ။ အဖြေရှိပြီးသားပါ။ မဖြေချင်၊ မဖြေနိုင်၊ ဖြေဖို့မလိုဘူးလို့ယူသူလည်း ယူလို့ရပါတယ်။ ကိစ္စမရှိပါ။ လွတ်လွတ်လပ်လပ်ကွဲလွဲခွင့် လူတိုင်းမှာရှိပါတယ်။ ငြိမ်း ချမ်းရေးစကား ပြောကြရာမှာ အမြင်၊ လုပ်ဟန်နည်းနာတွေမှာကွဲလို့ ရန်ဖြစ်လို့ရပါတယ်။ ဘက်တဖက်တည်းမှာရှိနေသူတွေ ရန်ဖြစ်ရုံနဲ့ရန်သူဖြစ်မသွားပါ။ ဖြစ်စရာ အကြောင်းမရှိပါ။
“ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးနဲ့တွဲမြင်” သူကမြင်သလို “ခွဲမြင်” သူကလည်းမြင်နိုင်ပါတယ်။ နိုင်ငံရေးသဘောမှာက အကျိုးစီးပွား အတွက်အာဏာရယူရေး အကြိတ်အနယ်ပြိုင်ရတဲ့ သဘာဝရှိပါတယ်။ အပြိုင်လုကြရင်း ပြိုင်ဘက်ကရန်ဘက်ဖြစ်၊ မိတ်ဆွေကရန် သူဖြစ်၊ ရန်သူကမိတ်ဆွေဖြစ်၊ မိတ်ဆွေကကြားလူဖြစ်၊ ကြားလူကရန်သူဖြစ်၊ ရန်သူကကြားလူဖြစ်သံသရာမှာ နေကြရတာဖြစ်ပါ တယ်။ ငြိမ်းချမ်းရေးနဲ့အာဏာပြဿနာ တနည်းပြောရရင် ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးကိုတွဲမြင်သူမှာ ရန်သူ၊ မိတ်ဆွေ၊ ကြားလူဆိုတာ ရှိပါတယ်။ ရန်ကိုပြန်လှန်ဖို့ မိတ်ဆွေဖွဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူ့မှာ “ရန်သူမိတ်ဆွေဆိုတဲ့ဘက်သဘော” ကွဲပါတယ်။ ခွဲစရာလိုတယ်လို့ မြင်ပါတယ်။
“ငြိမ်းချမ်းရေးကိစ္စကို နိုင်ငံရေးနဲ့ခွဲမြင်သူ” ကတော့ သူ့အတွက် အာဏာမလိုဟု ဆိုနိုင်ပါတယ်။ အာဏာမလိုတဲ့အတွက် အာဏာ အတွက်ဖက်ပြိုင်စရာမလို။ ဖက်ပြိုင်စရာမလိုတော့ ပြိုင်ဘက်မရှိ။ ပြိုင်ဘက်မရှိတော့ ရန်ဘက်လည်းမရှိ။ ရန်ဘက်မရှိတော့ ရန်သူ လည်း မရှိတော့။ ရန်သူမရှိသူအတွက် မိတ်ဆွေချည်းသာဖြစ်တော့တယ်ဆိုလည်း ဆိုနိုင်ပါလိမ့်မယ်။ သူ့မှာ ရန်သူ၊ ကြားလူရယ်လို့ မရှိတော့ပါဘူး။ အားလုံးကို မိတ်ဆွေလိုသဘောထား သတ်မှတ်ဆက်ဆံနိုင်သွားပြီလို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့အာဏာပြဿနာ တနည်းပြောရရင် ငြိမ်းချမ်းရေးနဲ့နိုင်ငံရေးနဲ့ခွဲမြင်သူမှာ “ရန်သူမိတ်ဆွေဆိုတဲ့ဘက်သဘော” မကွဲပါ။ ခွဲစရာမလိုတော့ပါလို့ မြင်ပါ တယ်။
အခုတလော စစ်မက်နဲ့ငြိမ်းချမ်းရေးကိစ္စ ကျနော်တို့ကြားမှာ ပြောဖြစ်ကြပါတယ်။ အမြင်ကွဲလွဲမှုတွေလည်း ရှိပါတယ်။ ဒါပေမယ့် အမြင်ဘယ်လိုကွဲကွဲ ကျနော်တို့တွေဟာ ငြိမ်းချမ်းရေးမက်သူတွေအဖြစ် ဘက်တဖက်တည်းအတူရပ်ပြီး စစ်မက်သူတွေ နယ်ကျဉ်းအောင်လုပ်ရာမှာတော့တူနေကြ၊ လုပ်နေကြရမှာပဲဖြစ်တယ်လို့မြင်ပါတယ်။

မျိုးမြင့်ချို
0 comments:
Post a Comment