Friday, September 9, 2011

လေယာဉ်ပျံကြီးစီးကာသွား ရေကူးပြီးကျွန်တော်ပြန်လာခဲ့ (ခရမ်းပြာထက်လူ)

0 comments

မြန်မာနိုင်ငံပြင်ပနိုင်ငံများသို့ သွားရောက်ပြောင်းရွေ့ကာ အလုပ်အကိုင်အမျိုးမျိုးတို့ကို လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားဦးရေ တနေ့တခြားတိုးပွါးလာသည့်နည်းတူ ထိုနိုင်ငံပြင်ပအလုပ်သမားများ ဘ၀ကိုဖေါ်ကျူး သော ကဗျာ၊ ၀တ္တုတို ၊ အက်ဆေး၊ ဆောင်းပါးများကို မြန်မာစာပေနယ်ပယ်တွင် အတွေ့ရများလာနေပါသည်။ ယခုဖေါ်ပြမည့်ကဗျာဆရာ ခရမ်းပြာထက်လူ၏ လေယဉ်ပျံကြီးစီးကာသွား  ကဗျာရှည်မှာစာပေသမိုင်းတလျောက်တွင် ပြင်ပရောက်မြန်မာနိုင်သားအလုပ်သမားများဘ၀ကို အဖေါ်ကျူးနိုင်ဆုံးကဗျာရှည်တပုဒ်ဖြစ် ပါသဖြင့်ကောင်းကင်စာပေပရိတ်သတ်များအတွက် အထူးဖေါ်ပြလိုက်ပါသည်။ ကဗျာကို ပထမဆုံးဖေါ်ပြခဲ့သော ပိတောက်ပွင့်သစ်မဂ္ဂဇင်းနှင့် အချိန်ယူကာသရုပ်ဖေါ်ပုံများရေးဆွဲပေးသော ပန်းချီအောင်လတ်နှင့်ဆရာ ခရမ်းပြာထက်လူတို့အားကျေးဇူး အထူးတင်ရှိပါကြောင်း။
လေယာဉ်ပျံကြီးစီးကာသွား ရေကူးပြီး ကျွန်တော်ပြန်လာခဲ့
သိပ်သည်းတဲ့ညအမှောင်ရဲ့ရွှံစေးနုန်းနဲ့နွံထဲက
ကုန်းရုန်းထလာတဲ့ မော်တော်ကားများ၊
အတောင်ပံများနဲ့ဝဋ်ကြွေးများ
ဝဖိုင့်ဖိုင့်မြက်ခြောက်လို
နလံထကာစ မီးတောက်လို
မြို့တွေ မြစ်တွေ ပင်လယ်နဲ့တောင်တန်းတွေ
နယ်နိမိတ်မျဉ်းကြောင်းတွေဖြတ်ကျော်လို့
ဒုက္ခတွေ တာလွှတ်လိုက်သလို မြင်းတွေမောင်းသွင်းလိုက်သလို
ငါတို့လာခဲ့ကြ။

ဒီလိုတော့မဟုတ်ဘူး
စပိန်တွေ ပြင်သစ်တွေ အင်္ဂလိပ်တွေ ဂျာမန်တွေစတဲ့
အဖြူကောင်တွေ ရေကြောမြေကြော ရေနံကြောရှာသလို
ဒီလိုတော့မဟုတ်ဘူး
သွားဆရာဝန်နဲ့တွေ့ဖို့
အာဟာရချို့တဲ့ မမွေးနိုင်မဖွားနိုင်ဖြစ်သမို့
အင်ဒိုတွေ မလေးတွေ ဘင်္ဂလားတွေ ဖိလစ်ပင်းတွေလာသလို
ငါတို့လာခဲ့ကြ။

မျှော်လင့်ချက်ဟာ မျှော့နက်ကြီးလည်း မကြောက်
အုန်းလက်နွားလေးထားလို့ ငါတို့လာခဲ့ကြ
လရာင်ကိုလောင်နေတဲ့မီးကို ဒီအတိုင်းထားခဲ့
နေကြာပန်းတစ်ပွင့်ရဲ့ အပျိုရည်ပျက်ကျမှုကို ဥပက္ခာပြုခဲ့
ငါတို့ကို ငါတို့လို့မထင်တဲ့အရပ်တစ်ခုဆီက ငါတို့လာခဲ့ကြ
အလေအလွင့်သစ်ရွက်လို
“ငါ့အရှေ့က ထွက်သွားစမ်း”
မင်းဟာ သစ်သားထဲ မြုပ်ဝင်နေတဲ့ သံပဲ
“ရှေ့သံမံတလင်းပေါ် လဲသေနေတဲ့ ဟေ့ငရဲသား”
မင်းဟာ မီးတောက်ကို လှမ်းလှမ်းဟပ်နေတဲ့ထင်းရှုးသားပဲ
ငါးပြားစေ့၊ ငါးမူးစေ့၊ ငါးကျပ်တန်တစ်ရွက်လို
ငါဟာ လိမ့်သွားပေါ့၊ ငါတို့ဟာ လွင့်သွားပေါ့။

ငါ့မျက်ရည်တွေပေါ်မှာ လှေတွေမှောက်နေတယ်
ငါ့ပါးပြင်တောင်ကုန်းတွေပေါ်မှာ သစ်ပင်တွေ တဘိုင်းဘိုင်းလဲကျ
ငါ့ပါးစပ်ထဲက ရေတွေ၊ မီးတောက်တွေ တဝေါဝေါအန်ထွက်
ငါ့ဆံပင်တွေထဲက ဒုက္ခတွေ သန်းနဲ့ချီသန်းတွေလို
တရွရွသွားလာလို့
ငါ့ပခုံးပေါ်မှာ ကမ္ဘာကြီး နေလုံးကြီးလိုလည်ပတ်လို့
ငါလာခဲ့တယ် ငါနဲ့ငါတွေလာခဲ့ကြ အဲဒီနေရာက။

ညီလေးရေ ခုတော့
ဒီအခန်းထဲမှာ ငါနဲ့ငါတွေ
ဆူးတွေ ဆောက်တွေ လွှတွေနဲ့
ထွင်းထု ကိုက်ဖြတ်ခံထားရတဲ့
လက်ပြတ်၊ခြေပြတ် ခေါင်းပြတ်တွေလို
မပြီးဆုံး၊ မစရသေးတဲ့ရုပ်တုတွေလိုလဲလျောင်း
ခေါက်ဆွဲခြောက်အစည်းတွေ
စုစည်းသိုလှောင်ထားတဲ့ သေတ္တာတစ်လုံးလို
ဒီအခန်းထဲ ငြိမ်ဆိတ်
သက်ပြင်းတစ်ချက် ပြုတ်ကျလာတိုင်း
ပြုတ်ထွက်နေတဲ့အရိုးဆစ်တွေ
ပူလိုက်တာကွာ ဟိုလှည့်ဒီစောင်း
ငါမြောင်းထဲရောက်ပြီလား။

ဟိုတွေးဒီတွေး ငါကမ်းနဲ့ဝေးပြီလား
ငါ့အတွေးဟာ ငါ့အသက်ကိုလုပ်ကြံဖို့အထိ ကမ်းလှမ်း
အသက်ရှုသံတွေ
လိုရာစမ်းမတွေ့တဲ့ ဒီလိုညမျိုး
ဆေးပေးမီးယူ တယ်လီဖုန်းခေါ်သံတွေနားစွင့်
ငါ့ကို သစ်ပင်ပေးပါ
ငါ့ကိုစမ်းချောင်းပေးပါ၊ ငါ့ကိုပါမစ်ပေးပါ
ငါ့ကို ငါးကင်တစ်ကောင်နဲ့ အရက်ပြင်းပြင်းတစ်ခွက်ပေးပါ
ငါ့ကို ငါ့အမေကို ခေါ်ပေးပါ။ ကယောင်ချောက်ခြား
လမ်းဟာ ကျကွဲလေပေါ့။

ငါတို့အာရုံကြောတွေ အဆမတန်ပွင့်ကာ
မျက်လုံးတွေ မီးဖွင့်မောင်းလို့
တုန်ယင်စွာ အလုပ်ကြော်ငြာ သတင်းစာကိုကိုင်လို့
ထိုင်နေသလား၊ ထနေသလား၊ လမ်းလျှောက်နေသလား
စီးကရက်ပြာကိုချွေမိသလား မသေချာ
ဆိုဖာခုံတွေနဲ့ စားပွဲခုံစောင်းတွေမှာ ငိုက်မျဉ်း
မသာကောင်တွေလို တို့လို့တွဲလောင်း
ဟိုတစ်စ ဒီတစ်စ တစ်ရှုးအသားစတွေပြန့်ကျဲကျနေသလို
အခန်းရဲ့ထောင့်မှာ
ဖဲ ၃ ချပ် ဖြတ်လမ်းနဲ့ အခြေအနေကိုဆွဲဆန့်
ဖြစ်သလို ဖြုန်းတီးပစ်နေတဲ့ ပြေရာပြေကြောင်းတွေ
ပြီးရင်ပြီးရော မူးယစ်ခြင်းကို ပြောင်းရွေ့ပစ်နေတဲ့ပေါ့ပါးခြင်းတွေ
သေမလိုရှင်မလို သွားနေတဲ့စက္ကန့်လို
ဆားလိုနေတဲ့ဆာလောင်မှုတွေ
လမ်းမကိုစူးစိုက် စိုက်ထားတဲ့အရင်းအနှီးတွေကို သတိရ
တစ်ယောက်က
သူမကြောက်ကြောင်း ပြတင်းပေါက်မှာ လေချွန်လို့
ပန်ကာလေဟာ
အခန်းရဲ့အပူချိန်ကို ကုန်အောင်မစုပ်ထုတ်နိုင်
လက်ညှိုးနဲ့လက်မကြား
ဆုပ်ကိုင်ထားတဲ့ဖောင်တိန်တစ်လက်ဟာ
ရှိသမျှသွေးတွေအန်ထုတ်
စာရွက်က စကားလုံးကို မစုပ်ယူနိုင်။

အလွမ်းဟာ တစ်ဆို့
အနာဂတ်ဟာ တစ်ဆို့ဆို့နဲ့ ရိုက်ဖွင့်လို့မရ
သစ်ရွက်တွေဟာ တွန့်လိမ်ကော့ပျံနေသလို
ခန္ဓာကိုယ်တွေ ည ၁၂ နာရီ ၁ ချက် တွန့်လိမ် ကွဲအက်
အသက်ကို ဝအောင်ရှူ
ကယောင်ကတမ်း အရက်ကိုမျှသောက်
ချောက်ချားမှုကို ဖျောက်ထားရတယ်။

လူတိုင်းလကိုကျော်ပြီး ကြည့်နေကြ
အလွမ်းကို အသင့်အနေအထားကိုင်လို့
အသက် ၃၀ကျော် ၄၀ ဝင်ကြီးက
အမေ့နို့ပိန်ကိုလွမ်း၊ အမေ့အားကို တဖြန်းဖြန်းတ
“အိမ်ပြန်ချင်တဲ့အလွမ်းစိတ်
တိတ်တဆိတ်ရောက်လာတယ်”

အဲ့ဒီလို အလုပ်အကိုင်မရှိတဲ့အခါ
၂၄ နာရီ မြေကြွက်တွေလို ခိုအောင်း
ခေါင်းကိုအခန်းထဲလှိမ့်သွင်းထား
လေမချွန်ရဲ  လက်မပြရဲ
ပြတင်းပေါက်အပြင်ဘက် အစွန်းမထွက်ရဲကြဘူး
ငါတို့ဟာ အကျယ်ချုပ်ချုပ်ခံထားရသလို
အဝတ်စုတ်တွေလို ဟိုနေရာ ဒီနေရာ
စားပြီးသားပန်းကန်တွေစုပုံထားသလို ဆန်းပုံများ။

ဆိုပါတော့
ငါတို့ဟာ တန်ဆာမဲ့ကြတယ်။
ငါတို့ဟာ ဗီဇာမဲ့ကြတယ်။
ငါတို့ဟာ လွတ်လပ်ရေးမဲကြတယ်။
ငါတို့ဟာ စိတ်လွတ်ကိုယ်လွတ် မသန်းဝေနိုင်
မိဝေး၊ ဖဝေး
စားသုတ်သုတ်၊ ပြန်သုတ်သုတ်
စုတ်တသပ်သပ် အစုတ်အပြတ်
ဆုတ်ဖြဲထားတဲ့စက္ကူအပိုင်းအစတွေလို
ဘီယာတစ်ခွက်မှာ
ကော်ဖီတစ်ခွက်မှာ စိတ်တချောက်ချောက်
နောက်ကျောဖောက်ဝင်လာမယ့်ဓား စောင့်နေရသလို
လမ်းတွေပေါ်မှာ
ကားမှတ်တိုင်တွေနဲ့ MRT ဘူတာရုံတွေမှာ
မျက်လုံးကိုချွတ်ချမထားရဲ
အမြဲကောက်စီးထားရတယ်
သတိနဲ့၊ သတိမရှိတဲ့အခါ
ဒီမှာ အငြိအစွန်းကို ဖြုတ်လို့မရ
အမေ့ရဲ့ သားကောင်းဘဝမှ
လောကသားကောင်ဘဝကို ကူးပြောင်း
ရေစီးကြောင်းပြောင်းရတယ်။

တစ်ယောက်နဲ့တစ်ယောက်တွေ့ရင်
အဆင်ပြေသလား
ဆက်ပြီးစွမ်းဆောင်နိုင်သေးလား
ကံစိတ်ဥတုအာဟာရ
ကျေနပ်စရာကျန်သေးလား
ဘုရား၊ တရားနဲ့ ဇာတိမြေနဲ့
ငါတို့ဒဏ်ရာများကို မမေ့နဲ့
တွေ့ရင်မတန်တဆ အားပေး၊
ဒီမှာ 
မတန်တဆ သွေးတွေအစုပ်ခံရတာ
မေ့ထားကြသေးတယ်။
ဒီလ ဘယ်လောက်ပို့လိုက်ပြီလည်း
ငွေစက္ကူတွေမှာ ချွေးတွေရွှဲလို့
ရွှဲနေတဲ့ချွေးတွေပေါ်မှာ
အန္တရာယ်တွေဟာ ပုန်းအောင်းလို့
ငါဒေါသဖြစ်မိတာက
လေယာဉ်ပျံကြီးစီး၊ မြို့ကြီးထဲဝင်ပြီဆိုတာနဲ့
အားလုံးအဆင်ပြေ
ဆင်တွေ မြင်းတွေ စိန်တွေ ရွှေတွေ
အသေအလိုက်ခံရသလို ဘုမသိဘမသိ
ဘင်ပေါ်က တုန်ခါနေတဲ့ဖုန်မှုန့်ရဲ့
နေခြင်းတရားကိုမသိ၊
ကွန်တိန်နာအဟောင်းထဲ
ကြွက်တွေလို ဒီမှာနေ ဒီမှာစား
ဒီမှာ ဗုံးခိုကျင်းလို
ဒီမှာ ကိုယ့်သေတွင်း ကိုယ်တူးထားသလို
နွံလည်းနစ်၊ ကျွန်လည်းဖြစ်ခဲ့တာကို မသိကြ၊
ဒါငါ့သားရဲ့ ငါ့ကားလေ
ငါ့စကားနားထောင် ငါ့နားတောင်းတပြောင်ပြောင်
ငါ့အသား အသက်ပေါင်ထားရတာ ထည့်မပြော
ခြေတစ်ဖက် ငါးမန်းအကိုက်ခံထားရသလို
ယိုဆင်းနေတဲ့နေ့များ
၁၀ထပ် ၁၅ ထပ် ဆင်းလိုက် တက်လိုက်
သံဖရိန်တွေ ဆေးပုံးတွေနဲ့ ဧရာမမှန်ချပ်ကြီးတွေ
တနင့်တပိုးသယ်တင်သယ်ချ
ဘယ်ဘဝ အဆက်လဲ
ခြေတစ်ဖက်ဟာ စစ်ပွဲမှာမိုင်းနင်းမိသလို
ကြာတော့၊ တရွတ်ဆွဲ
အခက်အလက်တွေကို
ခက်ခက်ခဲခဲထားခဲ့ကြ၊
ငါ့သားဟာ ခုဆို ဆိုသလောက်ခရီးပေါက်
ခေါက်ချရင် အရိုးမှကျန်ပါတော့မလား သူတို့မသိ
အမှတ်တမဲ့တွေးခေါ်
သေနတ်ပစ်သလို လွန်သွားတွေနဲ့
ရှေ့နံရံထုကြီးကို ထိုးဆွ
ဆွလို့ရသမျှ ဆယ်ပေါင်တူတစ်ချောင်းနဲ့
တဒိုင်းဒိုင်းမြည်အောင်ဖြိုချ
အဲယားကွန်းပိုက်လိုင်းတွေဆင်ဖို့
အပေါက်တွေဖောက်ရ
ပေါက်ထွက်လာတဲ့ ငါတို့အရေပြားအောက်ကချွေးတွေ
စောင်တစ်ထည်လိမ်ကျစ် ညှစ်ထုတ်လိုက်သလို
နဖူးကချွေး ခြေမကျ
အဲ့ဒီစကားဟာ လူရာမဝင်
ငါတို့ဟာ ကျောက်တောင်
ငါတို့နဖူးက ရေတံခွန်စီးကျလို
မချလို့မရဘူးကိုယ့်လူ
လူဆိုတာ ဖြုတ်လိုက်တပ်လိုက်
ဖြုတ်တဲ့အထဲ ငါတို့ပါသွားရင်
အစုတ်အပဲ့လို နေရေးထိုင်ရေး
သွားရေးလာရေး လမ်းဘေးပဲ
ဒါတွေလည်း သူတို့မသိ
သူတို့မသိတဲ့ငါတို့ဟာ
ပိုက်ဆံတွေလည်း မီးရှို့ရတယ်
လူသေတွေလည်း ရေချိုးပေးရ
ကျွန်းတစ်ကျွန်းပေါ်မှာ မွန်းတည့်ငရဲလည်းခံရ
ဘာသာစကားတွေဗွက်ပေါက်
တဒေါက်ဒေါက်ဖြတ်လျှောက်နေတဲ့ကြမ်းပေါ်
စကဒ်တွေလွင့်ဝဲ
ပေါင်သား ဖြူဖြူ၊ ညိုညိုတွေအောက်
လွှတိုက်လှီးဖြတ် ကော်ပတ်စား
အိမ်မှာတော့ သူဟာ အင်ဂျင်နီယာကြီးပေါ့
ခုတော့သူဟာ ရေကန်ကိုတူးလို့
မြက်ရိုင်းတွေကိုရှင်းလို့
ရပ်ကွက်ထဲမှာတော့ သူဟာ ဂုဏ်သရေရှိပေါ့
ခုသူဟာ အမှိုက်အစအနတွေကိုရှင်းလို့
အိမ်သာတွေကိုဆေးကြောလို့
တစ်ခါတစ်လေတော့ လေလွင့်ဖိတ်စင်
နိုက်ကလပ်တွေ၊ ဒစ္စကို ကပွဲတွေနဲ့
Girl Friend တွေ Country Style တွေနဲ့
မြို့ကြီးထဲကထွက်လာ မြို့ကြီးကိုဝါးမြိုတော့မယ့်အတိုင်း
ကမ္ဘာကြီးကို ရှေ့တည့်တည့်ကဝင်တိုက်တော့မယ့်အတိုင်း
ငါတို့ဟာ ငေးမော ငေါထွက်နေတဲ့နတ်ဘုံနတ်နန်းတွေ
ဘီကီနီတွေ ဝိုင်အရက်တွေ မိုးခြိမ်းသံတွေ
တရားဝင်လိင်ဆက်ဆံရေးဌာနတွေ
ကိုယ့်လူရဲ့
ဒီမှာ တစ်ည ၅ဒေါ်လာ ပေးအိပ်နေရတဲ့ကောင်တွေလည်းရှိ
ဘာသာစကား သုံး၊ လေးမျိုးနဲ့
ငိုယိုပေါက်ကွဲနေရတဲ့ကောင်လည်းရှိ
Good Bye ကျွန်တော်မရတော့ဘူး
ပြန်တော့မယ်ဆိုတဲ့ကောင်လည်းရှိ
ဒီမှာ မနက် ၅နာရီ ဝေလီဝေလင်း
သူများအသားတုံး ၊ အပေါ်ယံရှပ်လှီး
သူများအသီးအရွက်၊ သူများအဆီအသား
ရောသမမွှေ ပြေးထွက်သွားတဲ့အကောင်လည်းရှိ
ရေခဲသေတ္တာထဲမှာ ဝက်တစ်ခေါင်းလုံး ၇ ဒေါ်လာ
ပန်းသီးတစ်လုံး ဆင့်ငါးဆယ်
ကြက်ဥတကဒ် ကော်ဖီမစ်တစ်ထုပ်
အလုပ်မရှိ၊
အလုပ် ဂိမ်းတဲ့အခါ
ခေါက်ဆွဲခြောက်နဲ့ ဆီထိုး
ကိုယ့်အင်ဂျင်ကို ပြန်နိုးရတဲ့အခန်းတွေပြည့်လို့
ကံတရား
ကံတရားက ကံကစားလွန်း
အိမ်မှာ လဲမှို့တွေလိုလွင်ခဲ့သမျှ
ရေတစ်ပုံး မဆွဲ ထင်းတစ်ချောင်း မခွဲခဲ့သမျှ
ဒီမှာ သံတုံးသံခဲ လည်ပင်းဆွဲထားရသလို လေးလံ
လေးဘက်လေးတန်က အသံတွေနားထောင်
နောင်တမရှိ၊ တစ်ပဲ တစ်ရွေး လွှတ်လို့မရ
အလုပ်ရမှ အလုပ်ရှိမှ
နေ့ည အလုပ်လုပ်ရမှ
အလုပ်ရမှ ပြုတ်မကျမှာ
ဆိပ်ကမ်းမှာ ဘောတံတားမှာ
သင်္ဘောသံချေးခွာမလား  ရတယ်
ည ၉နာရီ ၁၀နာရီ ဘတ်ဒေးမှာ Part Time ဆင်းမလား
ရတယ်၊ စားပွဲထိုး၊ ကားရေဆေး ဆေးသုတ်သမား
ကုန်တင်ကုန်ချ အလုအယက်
“Yes or No” နှစ်ခုနဲ့သွား ရတယ်။

ဒီမှာ အေးဂျင့်တွေ ပွဲစားတွေ
ကိုယ့်အသားထဲက ပြန်ထွက်ကျလာတဲ့လောက်တွေ
တစ်နေ့(ဒီတစ်နေ့ အကြောင်းပြန်ပြောရရင်)
ခင်ဗျားနဲ့တွေ့ရတာ ဒီနေ့အဖို့
ဘုရားသခင်နဲ့ ဆုံလိုက်ရသလိုပဲ
ဝမ်းသာအားရ သင်္ဘောသားအိုကြီး
အလုပ်မရှိ ၊ လမ်းပေါ်မှာရှာနေတုန်း
အလုပ်ရှိသူနဲ့ ပက်ပင်းတိုး
ရော့..ရှိသမျှ အစိမ်း ၁၀၀
နေစရာ ထိုင်စရာ မနက်အလုပ်ဆင်းရမယ့်နေရာ
ကဲ...Follow me ငါ့နောက်လိုက်ခဲ့
ပွဲစားက ပွဲပြတဲ့အခါ
တနေရာရာမှာ အားလုံးစုဝေး မနက်ဖြန်ကိုတွေးမျှော်၊
ပျော်ရွင်စွာ သောင်တင်နေတုန်း
ညမှာ "ယပက်လက်'' တစ်ကောင်
စားသောက်ဆိုင်မှာသောင်းကျန်း ငါတို့နေတဲ့အိမ်ခန်း
ရဲတွေ လိုက်လာဖမ်းတော့
ဗြုန်းကနဲ ဘာလုပ်ရမှန်းမသိ
သေသူရော ရှင်သူပါ ဘုရားတ Passport တွေထုတ်ပြ
“အိုင်ဘွတ်ခ် အိုင်ဘွတ်ခ်”
ရယ်ရမလိုလို ငိုရမလိုလို ရဲရှေ့မှာဒူးထောက်၊
အယောင်ယောင်အမှားမှား ပါးအရိုက်ခံရသူနဲ့ရှုပ်ထွေး
သကောင့်သားတွေရဲ့ သနားကြင်နာမှုမှာ
“ခင်ဗျားအသက်ကြီးပြီ”
စောစောက သင်္ဘောသားအိုကြီးလည်း
ကံတရားနဲ့လွတ်မြောက်မှု လမ်းပေါ်ပြန်ရောက်သွား
ဒါဘုရားသခင်ရဲ့လှည့်စားမှု
ပွဲစားက ဘုရားသခင်ကိုလူယုံလွှတ်ကာ ခိုင်းစေမှု
ဒီလိုနဲ့လူစုကွဲသွားတယ်
ခက်တာက ဒီမှာ
ရွှေရွှေချင်း ရှင်းလို့မရ
ရွှေရွှေချင်း နမ်းလို့မရ
ရွှေရွှေချင်း ဝေးဝေးနေမှ
အမြီးကျက် အမြီးစား
ခေါင်းကျက် ခေါင်းစား
ကားအစည်းပြေသလို တစ်ယောက်တစ်လမ်း
တစ်ယောက်ကိုတစ်ယောက် စမ်းတဝါးဝါးရှိကြ
အဆဲအဆိုခံ အဆုံးအရှုံးခံ
နံရံတွေ များလာတဲ့အခါ
ကျွန်တော်ပြန်တော့မယ်
ဒီထက်
လမ်းဘေးမှာ တရားမဝင် စီဒီချပ်တွေရောင်းလို့
မိုက်ကြေးခွဲ ဂိုဏ်းစတားတွေနဲ့ သတ်ပုတ်လို့
လေလွင့်ကြ
ကိုယ့်အဓိပ္ပါယ်ကို ဖျက်ဆီးကြ
တံမြက်စည်းတစ်ချောင်းလောက်မှ
ဆောက်တည် စစ်ယူလို့မရတော့တဲ့အခါ
ငါးယူမလား ငွေသာအဓိက အမှောင်မှာစွပ်မိကြ
ဘာမှမစဉ်းစားမိကြတော့ဘူး။

အဲ့ဒီလို နံရံတွေ ဒီထက် နန့်နန့်တက်လာတော့
Police Station တွေရှေ့ဖြတ်လျှောက်၊
ကိုယ့်ကိုယ်ကို အမိအရတည်ပေးလိုက်ပုံတွေ
ရေခဲသေတ္တာထဲက သစ်သီးများ
ခလုတ်တစ်ချက်နှိပ် ခေါင်းတစ်ချက်ပုတ်
ပြေးဆင်းလာတဲ့ အချိုရည်ဗူးများ၊ အရာသာမရှိ
ပြေးရလွှားရ အရသာမရှိ
အရသာများဟာ အရသာမရှိ
အရာအားလုံး အရယူဖို့ပဲစဉ်းစား အရသာမရှိ

လှပါရဲ့ မြို့တော်ဟာ
အိပ်မက်ထဲကနန်းတော်
မိန်းမတွေဟာ ဒဏ္ဍာရီထဲက နတ်သမီးတွေပဲ
လမ်းပေါ်မှာ
သစ်ရွက်လေးတရွက်ကြွေနေတာ
ကဗျာတစ်ပုဒ်ထဲက
စကားလုံးလေးတစ်လုံး ပြုတ်ထွက်နေသလိုပဲ
ဘတ်စ်ကားတွေက
ငါတို့ကို
ဘာတစ်ခွန်းမှမပြောပဲတင်သွား
ဘာတစ်ခွန်းမှ မပြောပဲ ရပ်ပေးကြ
မျဉ်းကြားမှာ အခင်းပွားစရာမရှိ
ဝန်ကြီးချုပ်ကားလည်း ရပ်ရတယ်
မြေအောက်မီးရထားတွေက ငါတို့ကို
ဘာသာစကား လေးငါးမျိုးနဲ့ လမ်းပြ
အလေးချိန်မခိုး၊ အလေအလွင့်မရှိ
အတိအကျသယ်ယူသွားကြတယ်
အမှိုက်တစ်စဟာ
လမ်းပေါ်မှာ စလိုက်ထိုးပြသလိုထင်ရှား
သူတို့ဘာကိုမှ ပြီးစလွယ်မပစ်
(စနစ်တကျသယ်ဆောင် စံနစ်တကျစွန့်ပစ်)
စည်းကမ်းကိုချစ်တယ်
ဖြစ်နိုင်ရင်
သူတို့အရိပ်တောင် သူတို့
လမ်းပေါ်မှာ မစွန်းထင်းမညစ်ပတ်စေရ။

ဒီမှာ တနင်္ဂနွေနေ့များဟာ ရွှေတုံးရွှေခဲ
ဒီမှာ တနင်္ဂနွေများဟာ ကားတိုက်မှုမရှိ
ဒီမှာ တနင်္ဂနွေများဟာ တနင်္ဂနွေများပေါ်ခုန်တက်
ကမ်းခြေ၊ ပန်းခြံနဲ့ကုန်တိုက်တွေဆီ ချီတက်
ပန်းချီကားတွေ
တစ်ခါသုံးမီးရထားစီး ကဒ်ပြားပေါ်က
ဗင်ဂိုး၊ ဂေါ်ဂင် မိုနေးနဲ့
ခေတ်ပေါ် ကမ္ဘာကျော်ပန်းချီကားတွေ
သွေးတောင်းလို့
တစ်ကဒ်ပြီးတစ်ကဒ် ငါဝယ်ပြီး
မစီးဘဲ သိမ်းထားမိတဲ့ပုံတွေ
သွားရင်းလာရင်း လမ်းဘေးမှာ
လူငယ် ၂ယောက်ထဲ Unplugged
ခင်ဗျား ကျွန်တော်တို့ အားလုံးဝင်ဆို Unplugged
ဂီတ၊ ယဉ်ကျေးမှု၊ လူငယ်နဲ့မြို့တစ်မြို့
ဘယ်လောက်လှသလဲ
မြူးဇစ်နဲ့ ယိမ်းထိုးထွက်လာတဲ့ ရေပန်းအက၊ ဟိုးအဝေး
ငါးခန္ဓာကိုယ်နဲ့ ခြင်္သေ့မျက်လုံးထဲက
ပြေးထွက်ပုံဖော်လာတဲ့ နိုင်ငံတစ်ခုရဲ့စာတန်း
ရေပန်းမှာ လာစိုက်တော့ ငါ့ပါးစပ်ဟမိ
ငါ့ပါးစပ်ဟာ ကမ္ဘာကြီးကို မိတော့တယ်
ကြယ်တွေကုန်အောင် ငါအံ့သြ
သေငယ်ဇောနဲ့မျောရတယ်
ကမ္ဘာကြီးထဲက ဒီလိုကမ္ဘာတွေ
ဒီလိုကမ္ဘာတွေထဲက ဒီလို ၁၂ မျိုးဟင်းချိုတွေ
ဒီလို လူ့အရင်းအမြစ်တွေဆီက
ပန်းထွက်လာတဲ့မြို့တွေ
ညီလေးရေ…အဲ့ဒါကိုငါဝယ်ကျွေးချင်ရဲ့
မင်းကို အကိုဝယ်ပေးချင်ရဲ့
လက်ဖဝါးပေါ်
ဘွန်ဆိုင်းပင်တစ်ပင် တက်ရပ်နေသလို
ကျွန်းတစ်ကျွန်းပေါ်
နိုင်ငံတစ်နိုင်ငံ ပေါက်ရောက်နေပုံဟာ အံ့သြဖွယ်
အရင်က
မင်တို့ငါတို့ကိုကြည့်ပြီး
သူခြယ်သခဲ့သမျှ သူမမေ့
သူ့အိမ်မှာ ငါတို့နံမည်နဲ့လမ်းတွေတွေ့တော့
ငါအံ့သြ
ဒါကြောင့်လည်း
ငါရောက်လာတာပဲလို့ငါမပြောလိုတော့ဘူး
အခုအခံမရှိ လှတဲ့ရင်သားတွေ
ကျွန်းစုတွေရဲ့ ကြောက်မက်ဖွယ် ကြွတက်နေပုံတွေဟာ
ချောက်ခြားဖွယ်
လမ်းတွေပေါ်မှာ အုပ်စုမဖွဲ့
(စနေ၊ တနင်္ဂနွေကလွဲရင် သူတို့မပျံသန်း)
တစ်ယောက်နှစ်ယောက်အသွားအလာ
၎၊၅၊၆ ယောက်မရှိ
၁ ယောက်ချင်း ကမ္ဘာကြီးကိုရင်ဆိုင်
လက်ထဲမှာ သတင်းစာတစ်စောင်
လက်နက်လို၊ ကျမ်းစာလို တရားဓမ္မလို
ကိုင်တွယ်ရင်း
ကွေ့ဝင်သွားလာနေကြပေါ့ လူတွေ
လူတွေမှာ အပူတွေမရှိ၊ အနာဂတ်ကို
စားဖို့အတွက်လူမဖြစ်
တစ်ယောက်က BMW ကားစီးဖို့
နောက်တစ်ယောက်က
သူဌေးကြီးများ စာရင်းဝင်ဖို့
တတိယလူက
ကမ္ဘာကြီးထဲဝင်ရောက်လျှောက်သွားဖို့
သူတို့ ကမ္ဘာကြီးကိုဖောက်စားနေရာက
သက်တောင့်သက်သာ
မြစ်တွေလို မြို့တွေကို မြှုပ်ထားတဲ့ရှေးဟောင်းပစ္စည်းတွေ
တဗြုတ်ဗြုတ် ပြုတ်ထွက်နေသလို
တစ်စက္ကန့်အတွင်း
ကြယ်တွေ အစုလိုက်အစုလိုက် ပွင့်ပွင့်ထွက်နေသလို
မြို့ဟာ မဟာဂီတ
မကြာခဏ
မိုက်ကယ်ဂျက်ဆင်လာတယ်
ရော့ခ်စတီးဝပ်လာတယ်
မက်ဒေါနား ခုဆို
ဘရစ်တနီစပီးယားနဲ့
အင်ဂျလီနာ ဂျိုလီတို့တောင်ရောက်နေလောက်ပြီ။

တောင်နဲ့မြောက်ဝင်ရိုးစွန်းမှာ ခုနက ဘာဖြစ်သွားရတာလဲ
ခုဒီမှာရပြီ
သူတို့လက်ထဲမှာ လက်ကိုင်ဖုန်းတွေကိုယ်စီနဲ့
ဘဝကို ဘဝနဲ့ ညီညွှတ်အောင်
Bus Stand တွေမှာ
အစိုးရအဆောက်အအုံတွေမှာ
သူတို့ရဲ့နေဝင်ချိန်တွေကို ထိန်းသိမ်းထားတယ်
ငါတို့ရပ်ကွက်တွေထဲ ဇိမ်ခံသူဌေးတွေ
ရွှေတွေညွှတ်နေသလို
သူတို့လည်ပင်း သူတို့လက်တွင်းမှာ
ရွှေတွေညွှတ်လွတ်မြောက်လို့
ငါတို့သာ ငါတို့ပညာတွေအကုန်ရပ်ထား
အတောင်ပံမဲ့မိုးသားထဲ ပျံသန်း
ပြဿနာတွေရှင်းဖို့
၇၃ ထပ်ခေါင်မိုးအထိ တက်ရတယ်
အဲ့ဒီကတစ်ဆင့်
သံမဏိကြိုးလက်သန်းလောက်နဲ့တွယ်ဆင်း
အလျား ၁၀ပေ၊ အနံ ၃ပေ ခြင်းထဲမှာ
ဘဝကိုသိပ်ထည့် လေထဲ ငှက်စာကျွေးသလို
ဘဝကိုထိုးကျွေး ကိုယ့်အသက်ကိုယ်ပြန်ရွေးနေသလို
ကားတွေ လူတွေ
ငါတို့အောက်က ဖြတ်သွားဖြတ်လာတွေ ငုံ့ကြည့်ရင်း
ငါ့အတွက် ညနေခင်းတွေ ကျန်ပါတော့မလား စဉ်းစား
စဉ်းစားရင်း ငါပြုတ်ကျတော့မလို  ငါသေတော့မလို
ငါနဲ့ငါဟာ ငါ့ကမ္ဘာထဲက လွတ်ထွက်သွားတော့မလို
အကြိမ်ကြိမ်ဖြစ်ပွား။

အင်ဒိုနီးရှားက တောမီးတွေလောင်တော့
မြို့ထဲ မီးခိုးတွေလှိမ့်ဝင်လာ အထပ် ၇၀ ကျော်မှာ
ငါနဲ့ငါ့သူငယ်ချင်းတွေ ဘေးဘီဝဲယာ ဘာတစ်ခုမှမမြင်ရ
ဝေဝါးတဲ့အနာဂတ်ဟာ ပိုပြီးထူပိန်းသွားတယ်။

ငါတို့ရှေ့မှာ နံရံ အသက်နဲ့ရင်း ထမင်းအတွက်
အဲဒီနံရံကို သန့်ရှင်းလှပအောင်ပြင်ဆင်ရတဲ့ဘဝ
ခင်ဗျားရဖူးပါရဲ့လား။

ငါ့တို့အိမ်မှာ ငါတို့ဟာသခင် ငါတို့ဟာဘုရင်
ငါတို့ဟာ ဘဝင်နဲ့
သင်ယူစရာ သတ်သေစရာမရှိပေမယ့်
ငါတို့ဟာ အရှင်ပဲ
ဘာအတွက်ဘာတွေချွတ်ပြီး
ဘာတွေမက်၊ ဘာတွေဖက်လို့
ဘာတွေ ဘယ်သူ့ကိုဆက်ဖို့ ရောက်လာသလဲ
ဒီနေရာ ငါပြန်ကြည့်
ငါပြန်ကြည့်တော့ ငါ့နေရာ ငါမရှိ
မရှိတဲ့ငါ့နေရာ ငါ့မိသားစုလည်းမရှိ
ငါ့ကိုယ်ငါ ဈေးကွက်ထဲထိုးသွင်း
ကျွန်လို ကျွန်တံဆိပ် ရင်ဘတ်ထဲရိုက်သွင်း
ဒါမင်းကြောင့်
မင်းအချစ် မင်းမေတ္တာတရား မင်းခန္ဓာကိုယ်တရားဆီက
ဘာတစ်ခုမှ စီးဆင်းမလာတဲ့အခါ
ငါ့အသွေး အသားနဲ့ ငါ့အနာဂတ်ကိုဖောက်ချ
မင်းဦးနှောက်ယိုစီးမှုကို
ငါက အရူးလိုတုန့်ပြန်
ပတ်ဝန်းကျင်နဲ့မြို့တစ်မြို့က ရိုက်ထုတ်လိုက်တဲ့လွင့်စင်မှု
ကလေကချေလို ဂျစ်ပစီလို
ပင်လယ်ဓါးပြလို ကိုလံဘတ်လို
ဂျက်လေယာဉ်နောက် ကျော်ကျန်ခဲ့တဲ့မီးခိုးတန်းလို
ငါတို့ဟာ ထွက်သွားခဲ့ရ။

ခုတော့ ငါပြန်လာပြီ၊
ခဲလည်းမှန် ဗုံးလည်းမှန် အမှန်တရားကိုလည်းထိမှန်
လစာမပေးလို့
ဖိတ်ခေါ်ရာ မှန်ချပ်တွေ အထပ်လိုက်ရိုက်ခွဲပစ်ခဲ့ရာ 
ဖိတ်ခေါ်ရာ ကြမ်းပြင်ပေါ်ဆေးပုံးတွေသွန်ချပစ်ခဲ့ရာ
ဖိတ်ခေါ်ရာ တွေ့သမျှဝါယာတွေလှီးဖြတ်
ဖိတ်ခေါ်ရာ တရားမဝင်အလုပ်သမားတွေရှိနေပါတယ်
တရားမဝင်အလုပ်သမားတစ်ယောက်ရဲ့
တရားမရှိ အလုပ်ရှင်တစ်ယောက်ကို တိုင်တန်းရာ
ငါ့ကြွက်သား ငါ့ဂုတ်သွေးတို့ တစ်စက်စက်ထွက်ကျရာ
ငါ့ဂုဏ်သိက္ခာ ငါ့လည်ဆံမွေးတို့ တဖွားဖွားလွင့်ကျရာ
ငါကျဆုံးရာ ငါ့သင်္ချိုင်းငါ့စစ်မြေပြင်က ငါကုန်းထ
အခုငါပြန်လာပေါ့
ငါ့မြေ ငါ့ဇာတိ ငါ့အမေ ငါ့နှမ ငါ့ဘဝကိုငါပြန်သိမ်းဖို့
ငါ့ကိုယ်ငါနဲ့ ငါတိုင်းပြည်ငါပြန်ရွေးဖို့ ငါပြန်လာခဲ့ပြီ။

ငါပြန်လာခဲ့
ဘာသာစကားမတူ ခင်ဗျားဘာသားနဲ့ထုထု
ဂရုမစိုက်ဘူး
ကျုပ်စိုက်သမျှဓားဟာ အနီရောင်ပဲပွင့်တယ်
ပခုံးပေါ်မှာ စိုက်ထားတဲ့ဦးခေါင်း
နေကြာပန်းလိုပဲ နေကိုပဲစိုက်ကြည့်
ထစ်ခနဲဆို
မှားသလား မှန်သလား အချိန်မရ နာရီမကြည့်
စပြီးဦးဆောင် စပြီးဖြိုခွဲ
ရွှေ ဆိုရင်  ရှဲ  ကြတဲ့ အရပ်က ငါပြန်လာခဲ့ပြီ
အသက်ကို စက်ထဲပစ်ထည့်
ကိုယ့်ကိုယ်ကို နံရံထဲမြုပ်ပစ်ခဲ့ရာ
သေဘေးနဲ့ အကြိမ်ကြိမ်ဝင်ဆောင့်
ဆောက်တည်ရာမရ
မြေအောက်စတိုခန်းမှာ
ဒီကောင်ကျနော့်သွေးကို စုပ်တယ်
ဒီကောင်ကို ကျွန်တော်လျှော့ပစ်မယ်
ငါးလူးငါးပျံ ငန်းဖမ်းသလို တစ္ဆေပူးသလို
ဒုစရိုက်အငိုက်မိ
ငါ့သူငယ်ချင်းက ငါ့စိတ်ကိုဖြုတ်ထုတ် ပြန်ဆွဲနုတ်ခဲ့ရာ
အရုပ်ကြိုးပြတ်နေရာက ငါပြန်လာခဲ့ပြီ
တစ်ချက်ငေးတစ်ချက်ထိ မြို့ကြီးမှာ
မြို့ပတ်ရထားတွေပေါ်မတ်တပ်ရပ် အိပ်လိုက်ပါ၊ ရထားအတွင်း
အဲယားကွန်းနဲ့အေးတော့ ပါလာတဲ့ ငါ့ကျောပိုးအိတ်ထောင့်တွေက
ဂျပိုးတွေ တရွရွတက်လာတာကိုငါဖိချ
ငါဟာ ဂျပိုးများတဲ့တိုင်းပြည်ကလာတဲ့
ဂျပိုးတစ်ကောင်မှန်းမသိအောင်ကာကွယ်ရ
အဲ့ဒီလိုနေရင်း
၉၆ ပါးရောဂါနဲ့ ငါ့ရှေ့မှာလူတစ်ယောက်ရှော့ခ်ရ
ဘိုင်းခနဲ ရထားကြမ်းပြင်ပေါ်လဲကျ
အရေးပေါ် ရထားလည်းရပ်၊
ရဲတွေလည်း ရောက်လာတော့
မယောင်မလည် ဘူတာထဲကတိုးထွက်
အန္တရာယ်ကို မျက်ခြေဖြတ်ရတယ်။

အဲဒီလို ကျီးလန့်စာစား
ငါဟာ အိပ်ခဲ့ ငါ့မျက်လုံးထဲငါဝင်ကာ
ငါဟာအိပ်ခဲ့၊  နှစ် ၂၀ ကျော်မှာ အိမ်မှာအိပ်ခဲ့သမျှ
ဘူတာ ၂၀ ကိုဖြတ်ဖို့ ငါဟာ
အလုပ်ကို ညနေ ၅နာရီမှာ အိမ်ကစထွက်
ဘူတာ ၂၀ အဖျားမှာ
စက်ရုံဆီ ၄၅မိနစ် ဘတ်စ်ကားဆက်စီး
ည၈နာရီမှာ အလုပ်ထဲဝင်အလုပ်ကိုစ
နှစ်ယောက်သုံးယောက်စာအလုပ်ကို တစ်ယောက်တည်းနဲ့စ
ည ၁၂နာရီ ၁ ချက်မှာ Red Bull အချိုရည်တစ်ဗူးနဲ့
မျက်လုံးကိုတွန်းကန် ဒီလို မတန်တဆ
မတန်တဆ မရတဲ့အလုပ်မျိုး
(ဘယ်လို လူမျိုးမှ ၃၊၄ ရက်ထက်မခံ)
ငါဟာ တစ်လခံတဲ့သတ္တိနဲ့ဆက်လုပ်
မနက် ၈နာရီ ဂျူတီချိန်း
ငါပြန်တော့ ငါ့အိမ်မှာ ဘယ်သူမှမရှိ၊
မရှိတဲ့အခန်းမှာ စားစရာလည်းအဆင်သင့်မရှိ၊
ယိုင်တိယိုင်ထိုး ရေမိုးချိုး
ကော်ဖီတစ်ခွက် ကြက်ဥကြော်၊ ခေါက်ဆွဲခြောက်ပြုတ်
တစ်ခုခုနဲ့ လည်ချောင်းထဲတွန်းချ
မနက် ၁၁နာရီကျော်မှာ ငါဟာ အိပ်ရာကိုဝင်
ပျော်သလား မပျော်သလား ငါမသိ
ညနေ ၅နာရီမှာ
ငါ့သူငယ်ချင်းတွေနဲ့ ငါတေ့လွဲ လွဲ
စက်တွေက ငါ့အိပ်ယာနဲ့ငါ့မိတ်ဆွေတွေကို
လုယူသွားကြတယ်။
ညမှာ
စက်ရုံရဲ့တဒီဒီးအော်မြည်သံတွေ အစားခံလို့
ငါတစ်ယောက်တည်း တွင်းနက်ကြီးထဲဝင်ခဲ့ရ
ငါတစ်ယောက်တည်း နေ့ခင်းတစ္ဆေအခြောက်ခံခဲ့ရ
စိန်ကျောက်၊ နီလာ ပတ္တမြား
မြို့ကြီးရဲ့ လမ်းမကြီးပေါ်မှာ ငါမတတ်နိုင်အား
ငါ့ကိုယ်ငါ ခုတ်လှဲထားရတယ်။
အခုတော့ အဲ့ဒီခုတ်သားစတွေ ငါပြန်ယူ
ငါကိုယ်ငါစုပြီး ငါပြန်လာခဲ့ပြီ။

ခန္ဓာမှာဆားပွင့်တွေ တလက်လက်
ပင်လယ်က ပက်ထုတ်လိုက်တဲ့ငါး
ကန္တာရာပါးစပ်ထဲ ထိုးကျသွားသလို
ငါပြန်လာခဲ့ပြီ။

အတောင်ပံတွေ တောင်နဲ့ငြိစွန်း
သွေးများသွန်ဆင်းရာ
အသက်ထက်အရေးကြီးတာ အသက်ပဲရှိ
ရှိတဲ့အသက်လေး ဖက်နဲ့ထုပ် ငါပြန်လာခဲ့ပြီ။

ကျောက်ဆောင် ပင်လယ်ဓားပြ
မုန်တိုင်းများနဲ့မိုင်းတွင်းများ ထွန်းကားရာ
ကိုယ်လေးလက်ဝန် စက်လှေတစ်စီးရဲ့ မီးနေခန်း
ယောက်ျားဖောင်စီး ငါပြန်လာခဲ့ပြီ။

ငါပြန်လာတော့ ငါ့အမေဟာ ငါ့အသံကိုမမှတ်မိ
“ပျောက်သွားလိုက်တာ သားရယ်….”
အမေ့ မျက်ရည်မှာ  ဒဏ်ရာတွေနဲ့
‘အမေ..ကျွန်တော် ဘာတစ်ခုမှ…”
အမေဟာ ကျွန်တော့ပါးစပ်ဖျားကို သူ့လက်ဖဝါးနဲ့ပိတ်
“ငါ့သားကို ငါ့ပြန်ရတဲ့အောင်ပွဲ”
အမေဘာနဲ့လဲမလဲတဲ့။

တကယ်တော့
ကောင်းကင်ကြီးက ကြယ်တွေကို
ကျွန်လိုမဆက်ဆံဘဲ
ကြယ်တွေက ကောင်းကင်ကြီးကို
ကျွန်လိုဆက်ဆံတဲ့နေရာ
ကျွန်တော်ပြန်ရောက်လာတာပဲ။

ဒါဟာ တကယ့်ကြောက်စရာ
ကြောက်တွင်းကြီးတစ်ခုပါပဲ
ဆင်ခြေများ ဆက်ရာများ
အချက်အလက်ဒေတာများ ပေးစရာမရှိ
ကျွန်တော်လေယာဉ်ပျံကြီးစီးကာသွား
ရေကူးပြီးပြန်ခဲ့ကြောင်း၊
ကျွန်တော့်သူငယ်ချင်းတွေကို
ခေါင်းလောင်းထိုး နှိုးလိုက်ရုံပါပဲ။ (ခရမ်းပြာထက်လူ)                               

0 comments:

Post a Comment