ကွပ်ပျစ်ဝါဒ ပေါ်ထွန်းခြင်း
SUNDAY, 14 AUGUST 2011 12:05 သူရိယမျိုး
အကြောင်းတိုက်ဆိုင်လျှင် ကွပ်ပျစ်စကားဝိုင်းများ ပြန်လည်ပေါ် ထွန်းစေချင်သည်။ ခပ်ငယ်ငယ်တုန်းကတော့ ရှေးလူကြီးများ၏ ကွပ်ပျစ်စကားဝိုင်းများအကြောင်း ဖတ်ခဲ့ရဖူးပါသည်။
အထူးသဖြင့် လသာသောညများတွင် ကျယ်ပြန့်၍သက်သောင့် သက်သာရှိသော ကွပ်ပျစ်များပေါ်၌ ရေနွေးကြမ်း၊ ထန်းလျှက်အစ ရှိသော အချိုတည်းစရာများဖြင့် စကားဝိုင်းများခင်းကျင်း ဆွေးနွေးကြပုံတို့ ဖြစ်သည်။
ပြောဆိုတင်ပြကြသောအကြောင်းအရာက အခြေအနေပေါ်မူတည်မှာသေချာသည်။ တခါတရံ စပါးဈေး ငါးဈေးနှင့် အမတော်ကြေးအကြောင်း ဖြစ်မည်။ တခါတရံ မိုးလေ၀သနှင့်တိုင်းရေးပြည်ရေးကိစ္စ ဖြစ်မည်။ တခါတရံ သားရေးသမီးရေးနှင့်သာရေးနာရေး ဖြစ်မည်။ တခါတရံတော့ တရားဓမ္မနှင့်စာအကြောင်း ပေအကြောင်း ပြောချင်ပြောကြမည်။
မည်သည့်အကြောင်းကိစ္စကို ပြောဆိုဆွေးနွေးကြသည်ဖြစ်စေ...၊ အပြန်အလှန်လေးစားမှုမှအပ ကြိုတင် သတ်မှတ်ထားသောစည်းကမ်းများ ရှိချင်မှရှိလိမ့်မည်။ ဘယ်သူက ဘာမပြောရဟု တားမြစ်ထားတာမျိုး၊ ဘယ်သူက ဘယ်နှစ်ခွန်းထက်ပိုပြီးမတင်ပြရဟု ကန့်သတ်ထားတာမျိုးရှိနိုင်မည်မဟုတ်။ ထို့အပြင် ကွပ်ပျစ်ဝိုင်းသို့ အပြင်လူမလာရ၊ မှတ်တမ်းမတင်ရဆိုသည်မျိုးလည်း တွေ့ရမည်မဟုတ်ပါ။
စကားဝိုင်းလုပ်သည့်နေရာကိုက နေအိမ်တစ်ခုခု၏အပြင်ဘက်မှာရှိပါသည်။ အကာအရံမရှိသည့် လွတ် လပ်သောကွပ်ပျစ်ပေါ်မှာ စုဝေးကြခြင်းဖြစ်သည်။ စကားဝိုင်းကိုဦးဆောင်သည့်ပုဂ္ဂိုလ်များသည် ကွပ်ပျစ်ပေါ် သို့ ရောက်လာသောအကြောင်းအရာတိုင်းကို နေရာထိုင်ခင်း၏လွတ်လပ်ပွင့်လင်းမှု သဘာဝအပေါ် အခြေခံ၍ ပြောဆိုကြမည်ဖြစ်သည်။
ကွပ်ပျစ်စကားဝိုင်းသည် တံခါးပိတ်အစည်အဝေးမဟုတ်သည့်အတွက် သတင်းပေါက်ကြားမှာ စိုးရိမ်စရာ မရှိပါ။ ထို့ပြင် ငါ့စကားနွားရပြောခြင်းမျိုးလည်းမဟုတ်သဖြင့် ခေါင်းငြိမ့်ခေါင်းခါသက်သက်ပဲ တုန့်ပြန်စရာ မလိုပါ။
ကွပ်ပျစ်စကားဝိုင်းသို့တက်ရောက်သူများသည် မိမိတို့၏အသိဥာဏ်တံခါးကို ဖွင့်ထားရန်သာ လိုအပ် သည်။ စကားဝိုင်းအတွင်းသို့ ဗဟုသုတတစုံတရာ ဆောင်ယူလာရန်( သို့မဟုတ် ) စကားဝိုင်းမှ ပြန်သွား သည့်အခါ ဗဟုသုတတစုံတရာ သယ်ယူသွားရန်သာ အဓိကကျပါသည်။
သက်ကြီးစကားသည် သက်ငယ်အတွက်အားတက်ဖွယ်ရာဖြစ်နိုင်သလို၊ သက်ငယ်စကားသည် သက်ကြီး အတွက် စဉ်းစားသုံးသပ်ဖွယ်ရာလည်း ဖြစ်စေနိုင်ပါသည်။ ထိုအားတက်နိုးကြားဖွယ်ရာနှင့် ဆက်လက် စဉ်းစားဆင်ခြင်ဖွယ်ရာများသည် နောက်တနေ့ ရှင်သန်ရမည့်လူမှုဘ၀အတွက် လွန်စွာအဖိုးတန်သော ရင်းနှီးမြုပ်နှံမှုများသာ ဖြစ်သည်။ တနည်းဆိုရလျှင် ကွပ်ပျစ်စကားဝိုင်းတို့မှ ထွက်ပေါ်လာခဲ့သည့် အပြန် အလှန်သဘောထား အမြင်ဖလှယ်မှုနှင့်သင်ယူမှုတို့သည် ကျွန်တော်တို့ဘိုးဘွားများ ငြိမ်းချမ်းစွာကျင့်သုံးခဲ့ သည့် နေ့တဓူဝစရိုက်လက္ခဏာနှင့် အမွေအနှစ်များသာ ဖြစ်သည်။
ကင်ညာလူမျိုးတို့၏ ရိုးရာစကားပုံတစ်ခုတွင် ကောင်းမွန်သောဆွေးနွေးခြင်းသည် လာဘ်တစ်ပါးဟုအဆို ရှိပါသည်။ ထိုစကားကို ဂျော့ခ်ျဘားနတ်ရှော ပြောခဲ့သော စကားတစ်ခုနှင့် ဆက်စပ်တွေးကြည့်ချင်ပါ သည်။
သူက အယူအဆအသစ်များသည် ရှေးဦးစွာ လူရယ်စရာအဖြစ်၊ စိတ်ကူးယဉ်အဖြစ် ပေါ်ထွက်လာတတ် ကြသည်တဲ့။ ပြီးတော့မှ မိစ္ဆာဒိဋ္ဌိအယူကဲ့သို့လည်းကောင်း၊ အစဉ်အလာဖောက်ပြန်မှုကဲ့သို့လည်းကောင်း ပြောင်းလဲကာ ပွင့်ပွင့်လင်းလင်းဆွေးနွေးရန် မေးခွန်းများဖြစ်လာကြသည်တဲ့။
နောက်ဆုံးကျမှ အခြေခိုင်မာသောအမှန်တရားအဖြစ် ပေါ်ပေါက်လာကြသည်ဟု ဆိုပါသည်။ ဤနေရာ တွင် အယူအဆအသစ်တစ်ခု ပေါ်ပေါက်လာဖို့အတွက် အခက်အခဲနှင့်အဆင့်များဖြတ်သန်းခဲ့ရပုံကို သူက ဆိုလိုခြင်း ဖြစ်သည်။
သို့သော် ကျွန်တော်ကတော့ ထိုအဆင့်များထဲတွင် ပွင့်လင်းစွာဆွေးနွေးခြင်းဆိုသည့်အချက် ပါဝင်နေခြင်း နှင့်ထိုအခြေအနေအား မလွဲမသွေကျော်ဖြတ်ဖို့လိုအပ်သည်တို့ကို အလေးအနက်ထားချင်ပါသည်။
ကျွန်တော်တို့ဘ၀တွင် မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် မှန်ကန်သောသတင်းအချက် အလက်၊ အမြင်အသိနှင့် ညာဏ်ပညာတို့လိုအပ်ပါသည်။ တစ်ဦးနှင့်တစ်ဦး တွေ့ဆုံဆွေးနွေးခြင်းများသည် ထိုအချက်အတွက် ကနဦးခြေလှမ်း စ လှမ်းခြင်းသာဖြစ်သည်။
သို့သော်လည်း ဆွေးနွေးပြောဆိုခြင်းများကို ကြောက်လန့်စိုးထိတ်ဖွယ်ရာအဖြစ်ရှုမြင်သူများ ရှိကောင်း ရှိနိုင်ပါသည်။ ထိုသူများသည် ဆွေးနွေးခြင်းမှတဆင့်ထွက်ပေါ်လာမည့် အသီးအပွင့်တို့ကို မယုံကြည်သူ များသာဖြစ်သည်။ တနည်းအားဖြင့် မလွဲမရှောင်သာကြုံတွေ့ရတတ်သည့် အမြင်ကွဲလွဲနိုင်မှုကို လက်ခံရန် ခက်ခဲသူများဟုလည်း ဆိုနိုင်ပါသည်။ အမှန်တော့ အမြင်မတူညီခြင်းသည် အမြဲတစေ အဟန့်အတား တစ်ခု မဟုတ်ပါ။
လူသားအားလုံး၏ နေ့စဉ်ဘ၀တွင် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ...၊ ဆွေးနွေးပြောဆိုမှု များ လုပ်နေကြသည်သာဖြစ်သည်။ ထိုအချက်က အသိသညာဖလှယ်ခြင်းကို ကိုယ်စားပြုပါသည်။
ကမ္ဘာ့အဆင့်မီ အစည်းအဝေးခန်းမများမှာသာမဟုတ်..။ မြို့ပေါ်က ကော်ဖီဆိုင်မှာ..၊ ဈေးထဲက စားသောက်ဆိုင်မှာ..၊ လမ်းဘေးက ပလက်ဖောင်းမှာ..၊ ကျေးလက်က ကွပ်ပျစ်ပေါ်မှာ.. (နေရာများသာ ကွဲချင်ကွဲသွားမည်) ကျွန်တော်တို့ ပြောဆိုဆွေးနွေးနေကြဆဲ ဖြစ်သည်။
ကျွန်တော်တို့၏ သဘောထားအမြင်များသည် ကိုယ့်ကိုယ်ကို သတိမထားမိနိုင်လောက်အောင် အရောင် အသွေးစုံလင်လှမှန်း အခြားသူတစ်ဦးတစ်ယောက်၏ ထင်မြင်ယူဆချက်များနှင့် တိုးထိပေါင်းစပ်ကြည့်မှ သိလာရပါသည်။
မကြာသေးမီက မိတ်ဆွေတစ်ယောက် လက်ဆောင်ပေးသော စာအုပ်တစ်အုပ်ကို အနည်းငယ် ကိုးကား ချင်ပါသည်။ စာအုပ်အမည်က စားပွဲဝိုင်းဆွေးနွေးပွဲများနှင့် ကွန်မြူနစ်ဝါဒပြိုလဲခြင်း ( The Roundtable Talks and The Breakdown of Communism by Jon Elster )..။
အဆိုပါစာအုပ်တွင် ၁၉၈၉ နှင့် ၁၉၉၀ ခုနှစ်များအတွင်း အရှေ့ဥရောပကွန်မြုနစ်အစိုးရများနှင့် အတိုက် အခံအုပ်စုတို့၏ များစွာသောစားပွဲဝိုင်းတွေ့ဆုံဆွေးနွေးပွဲများအကြောင်းကို မှတ်တမ်းတင် ဖော်ပြထားပါ သည်။
ဘူလ်ဂေးရီးယား၊ ပိုလန်၊ ဟန်ဂေရီ၊ ချက်ကိုစလိုဗက်ကီးယားနှင့် ဂျာမန်ဒီမိုကရက်တစ်ရီပက်ဗလစ်နိုင်ငံ ၅ နိုင်ငံတို့တွင် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာခြင်းအားဖြင့် အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ပြိုလဲစေခြင်း၊ (ပို၍အရေးကြီးသည်က) ဒီမိုကရေစီအုပ်ချုပ်ရေးဆီသို့ ကူးပြောင်းနိုင်ခြင်းတို့ကို လက်တွေ့ ဖြစ်ပေါ်စေခဲ့ပါ သည်။
အောင်မြင်သော စားပွဲဝိုင်းဆွေးနွေးမှုများနှင့်အတူ သင်ခန်းစာယူရန်အဖြစ် မအောင်မြင်ခဲ့သော ညှိနှိုင်းမှု အဖြေရှာမှုတစ်ခုကိုလည်း အခန်းတစ်ခုခွဲကာ တင်ပြထားပါသေးသည်။ ထိုမအောင်မြင်မှုက အခြားမဟုတ် ပါ။ ၁၉၈၉ ခုနှစ်တွင် ဖြစ်ခဲ့ရသည့် တရုတ်ကွန်မြုနစ်အစိုးရနှင့် ပြုပြင်ပြောင်းလဲရေးလိုလားသူများ အကြား က ရင်ဆိုင်တွေ့မှုပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အခန်းငယ်တစ်ခုထဲမှ စားပွဲဝိုင်းဆွေးနွေးပွဲများသည် မြို့အလိုက်၊ နိုင်ငံအလိုက် ကျယ် ပြန့်စွာ ဖြစ်ပွါးရသောစစ်ပွဲများ၊ ပဋိပက္ခများထက်ပိုပြီး သြဇာတိက္ကိမကြီးမားကြောင်း သမိုင်းက သင်ကြား ပေးခဲ့ပြီးဖြစ်သည်။
ထိုအချက်သည် စိတ်ကူးယဉ်သက်သက်မဟုတ်မှန်း ယခုအခါ ဒီမိုကရေစီ၏အကျိုးကို ခံစားနေရပြီဖြစ် သည့် အဆိုပါနိုင်ငံများက သက်သေပြလျှက်ရှိပါသည်။ အရေးကြီးသည်က ညှိနှိုင်းဆွေးနွေးပွဲများသည် သမာသမတ်မရှိသောရလဒ်တစ်ခုခုအတွက် ကျော့ကွင်းထောင်ထားခြင်းမျိုး မဖြစ်စေရန်ဖြစ်သည်။
ထို့ပြင် ပုဂ္ဂိုလ်ရေးသြဇာထူထောင်ရန်အတွက် သမားဂုဏ်ပြရမည့် နေရာမျိုးမဖြစ်ရန်လည်း လိုအပ်ပါ သည်။ အပြန်အလှန် အမြင်ရှင်းလင်းမှုနှင့်နားလည်မှုတို့ကို ဖော်ဆောင်ရေးအတွက် ရိုးသားစွာ နှလုံးရည် ချင်း ပေါင်းဆုံခြင်းမျိုးသာ ဖြစ်သင့်ပါသည်။
ကျွန်တော်ကတော့ ရိုးရာအစဉ်အလာများ၏ကောင်းမွေကို ဆက်ခံသောအားဖြင့် ကွပ်ပျစ်စကားဝိုင်းများ ပြန်လည်ပေါ်ထွန်းစေချင်သည်။ ကွပ်ပျစ်၏ လွတ်လပ်သောအခင်းအကျင်းကို မြတ်နိုးစိတ် သက်သက် ကြောင့်မဟုတ်ပါ။ တစ်ယောက်နှင့်တစ်ယောက် ငြိမ်းချမ်းစွာမျက်နှာချင်းဆိုင်ဖို့ အခြေခံကျကျ လိုအပ်နေ သောကြောင့် ဖြစ်သည်။
တစ်ယောက်အားကိုတစ်ယောက်ယူဖို့ အခြေအနေအရပ်ရပ်က တောင်းဆိုနေသောကြောင့်ဟုလည်း ဆို နိုင်သည်။ အမြင်ကွဲခြင်းသည် သဘာဝဖြစ်သည်။ အမြင်မှားနေခြင်းသည်သာ သဘာဝမှသွေဖီခြင်း ဖြစ်ပါ သည်။
အဘယ့်ကြောင့် ၂၁ ရာစုခေတ်ကြီးတွင် သစ်သား (သို့မဟုတ်) ၀ါးဖြင့် ပြုလုပ်ထားသော အဆင်တန်ဆာ မရှိသည့်ကွပ်ပျစ်ကို ပွဲထုတ်ချင်ရပါသနည်း..။ ကျွန်တော်၏အဖြေသည် ကွပ်ပျစ်တစ်လုံးကဲ့သို့ပင် ရိုးစင်း ကောင်း ရိုးစင်းနိုင်ပါသည်။
ကွပ်ပျစ်၏သဘာဝအရ အားလုံးလက်ရေတပြင်တည်း စုပေါင်းဝိုင်းဖွဲ့ထိုင်နိုင်ခြင်းကို ဖော်ညွန်းပါသည်။ ကွပ်ပျစ်ပေါ်တွင် နေရာအနိမ့်အမြင့်မရှိသောကြောင့် နေရာအဆင့်အတန်းခွဲခြားမှုလည်းမရှိပြန်ပါ။
ကျေးလက်မှ ကွပ်ပျစ်တစ်လုံးပေါ်တွင် မည်သူက မည်သူ၏အထက်မှာရှိခြင်းသည် အဓိကမကျ။ မည်သူကမည်သူထက် ကြီးမြတ်သည်ဆိုခြင်းမှာ ကွပ်ပျစ်ပေါ်တွင်ပြောမည့် ကာယကံရှင်၏နှုတ်မှ ထွက်သောစကားပေါ်တွင်သာ မူတည်သောကြောင့် ဖြစ်ပါသည်။ ။
သူရိယမျိုး
0 comments:
Post a Comment