စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၂၈) စက်တင်ဘာ ၁၄ ရက်
၂ဝ၁၁ နေ့က အာရ်အက်ဖ်အေကထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ကျနော်တို့စာဖတ်ဝိုင်းလေးကတော့ သန္ဓေတည်မိသွားပါပြီ။ စာအုပ်တွေပိုစုမိဖို့လုပ်ရင်းနဲ့ မင်္ဂလာဒုံဈေးထဲက ဧရာဝတီစာအုပ်ဆိုင်နဲ့ ချိတ်ဆက်မိသွားပါတယ်။ အဲဒီစာအုပ်ဆိုင်မှာက ကျနော်တို့ရှာနေတဲ့စာအုပ်ကောင်းတွေ စာအုပ်ဟောင်းတွေအများကြီးရှိနေတာကိုး။ ဒါနဲ့ ဧရာ ဝတီနဲ့ညှိတော့ လိုချင်တဲ့စာအုပ်ကြိုက်သလောက်ယူ။ တအုပ်ငှားခတလကို ၃ ကျပ်နဲ့ လိုသလောက်ရလာပါတယ်။ ခက်တာက စိတ်ဝင်စားသူ အတော့်ကိုနည်းတဲ့ပြဿနာပါပဲ။ တချို့လူငယ်ကျောင်းသားတွေထဲက ဝင်တော့ဖတ်ချင်တယ်။ ဒါပေမယ့်လန့်နေကြတယ်။ ဘာလို့လည်းဆို တော့ စာအုပ်တွေကြောင့်နဲ့ ကျနော်တို့စကားဝိုင်းကြောင့်ပါပဲ။ အဲဒီခေတ်ကစကားနဲ့ပြောရရင် ကျနော်တို့စာအုပ်တွေက အစိုးရမကြိုက်တဲ့ စာအုပ်တွေ။ ကျနော်တို့စကားဝိုင်းက အစိုးရမကောင်းကြောင်းပြောတဲ့စကားဝိုင်းဆိုပြီး ရပ်ကွက်ထဲမှာသတင်းဖြစ်နေတာကိုး။ ပါတီစိတ် ကလည်း ကျနော့်ကိုမေးသလိုမြန်းသလိုနဲ့ မသိမသာသတိပေးလာပါတယ်။ တခုခုများဖြစ်မလားဆိုပြီးစိတ်ပူနေမိပေမဲ့ မကောင်းတာလုပ်တာ မှမဟုတ်တာဆိုပြီး ယုံယုံရဲရဲဆက်လုပ်ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့တနေ့မှာ သူငယ်ချင်းတယောက်မိတ်ဆက်ပေးတာနဲ့ လူတယောက်နဲ့ဆုံပြီးစကားပြောဖြစ်ကြပါတယ်။ စာအကြောင်း ပေအ ကြောင်းကနေ ပြည်တွင်းစစ်ဆီ၊ ပြည်တွင်းငြိမ်းချမ်းရေးဆီရောက်လာပါတယ်။ သူက စာအဖတ်နာသလို အရည်လည်အောင်လည်း ပြောတတ်ဆိုတတ်သူပါ။ နောက်တော့ သူနဲ့ကျနော် စာအုပ်တွေအပြန်အလှန် လဲဖတ်ငှားဖတ်နဲ့ အတော့်ကိုရင်းနှီးလာပါတယ်။ ကျနော်က ပြည် တွင်းငြိမ်းချမ်းဆွေးနွေးပွဲတွေနဲ့ပတ်သက်တဲ့ဟာတွေ ဖတ်ချင်တယ်ဆိုလို့ ၁၉၆၃ နဲ့ ၁၉၈ဝ ခုနှစ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ မှတ်တမ်းတွေ ယူ လာပေးပါတယ်။ သူယူလာတာတွေက ကျနော်ဖတ်ဖူးဖို့မပြောနဲ့ ကြားတောင်မကြားဖူးတာတွေပါ။ ဒါတွေ ဖတ်ရင်းပြောရင်းဆိုရင်းနဲ့ သူဘယ် သူဘယ်ဝါဆိုတာ ပွင့်ပွင့်လင်းလင်းပြောလာပါတယ်။
သူက ရန်ကုန်တက္ကသိုလ်က သင်္ချာအဓိကနဲ့ကျောင်းတက်နေတဲ့ နောက်ဆုံးနှစ်ကျောင်းသား။ ကွန်မြူနစ်ဝါဒကိုယုံကြည်သူ။ ဗမာ ပြည်ကွန်မြူနစ်ပါတီအတွက် မြေအောက်လုပ်ငန်းလုပ်နေသူ။ မာ့က်စ်ဝါဒလေ့လာရေးအစုအဖွဲ့လေးတခုရဲ့ခေါင်းဆောင်။ သူ့ကို ကျနော်နဲ့ မိတ်ဆက်ပေးသူက သူ့အစုအဖွဲ့ဝင်ဆိုတာတွေသိလာရပါတယ်။ နောက်ပိုင်းကျတော့ ၁၉၇၉ ခုနှစ် ဗကပ ဗဟိုကော်မတီအစည်းအဝေးဆုံး ဖြတ်ချက်နဲ့ (၈၅လမ်းစဉ်)ဆိုတာတွေလည်း ဆွေးနွေးဖြစ်လာပါတယ်။ ဒီ၂ခုကို ဆွေးနွေးဖြစ်ပြီးတဲ့နောက်ပိုင်းမှာ သူနဲ့ကျနော့်ကြားမှာ နားလည်မှု ပိုတိုးလာသလို ယုံကြည်စိတ်ချမှုလည်း ပိုများလာ၊ ပွင့်ပွင့်လင်းလင်းသဘောထားပေး ပြောဆိုတာတွေလည်း ရှိလာပါတယ်။
ကျနော်က မာ့က်စ်ဝါဒနဲ့ဗကပအပေါ်မှာ သံသယရှိပေမယ်လို့ ၈၅လမ်းစဉ်ရဲ့ နည်းပရိယာယ်ဆိုင်ရာအချက် ၃ ခုဖြစ်တဲ့ (ပြည်တွင်း ငြိမ်းချမ်းရေး၊ ပါတီစုံဒီမိုကရေစီရေး၊ လူမျိုးစုတန်းတူသွေးစည်းညီညွတ်ရေး)ကို သဘောကျကြောင်း၊ အဲဒီ ၃ ချက်အပေါ်မှာ ဗကပနဲ့ တွဲလုပ် နိုင်ကြောင်း၊ တွဲလုပ်လိုကြောင်းဆွေးနွေးဖြစ်ပါတယ်။ သူကလည်း ဒီ၃ချက်လုံး ဖြစ်ထွန်းလာရေးအတွက် မဆလကိုအရင်ဆုံး ဖယ်ရှားရမှာဖြစ် ကြောင်း။ မဆလမရှိတော့တဲ့အခါ လူထုအစိုးရတရပ်အောက်မှာ အမျိုးသားညီလာခံတခုခေါ်ယူပြီး တိုင်းပြည်ရဲ့ပြဿနာတွေကို ဆွေးနွေးရမှာ ဖြစ်ကြောင်းစတာတွေကို ဘုံလုပ်ငန်းစဉ်အဖြစ်ထားကြောင်း ပြန်ဆွေးနွေးပါတယ်။ ဒီလိုနဲ့ သူနဲ့ကျနော့်ကြားမှာ တော်တော်လေးပြောဖြစ် ဆိုဖြစ်တွေ ရှိရှိလာပါတယ်။ အထူးသဖြင့်ကတော့ ပြည်တွင်းစစ်ပြဿနာကပိုများပါတယ်။
စာဖတ်ဝိုင်းထဲက နိုင်ငံရေးစိတ်ဝင်စားသူတွေကြားမှာလည်း ပိုပြီးဆွေးနွေးပြောဆိုဖြစ်လာသလို ပိုပြီးတော့လည်းကျစ်ကျစ်လစ်လစ် ရှိလာပါတယ်။ ထောင်နှုတ်ခမ်းတော့နင်းမိပြီဆိုပြီး သတိပိုထားရသလို စိုးရိမ်စိတ်ကလည်းပိုပိုလာပါတယ်။ ပြီးတော့ စာဖတ်ဝိုင်းထဲကနေ အမာခံလို့ပြောပြော အနာခံလို့ဆိုဆိုလုပ်မယ့်လူ ၅ ယောက်လောက်လည်း စုမိသွားပါပြီ။ ဒီလူအားလုံးက မဆလဆန့်ကျင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအတွက်လုပ်ကြမယ်လို့ ပိုင်းဖြတ်ထားသူတွေချည်းပါပဲ။
ကျနော်တို့ကြားမှာ နိုင်ငံရေးနဲ့စီးပွားရေးလေ့လာရေးအစုအဖွဲ့ သဘောမျိုးလေးလုပ်လိုက်ဖြစ်ပါတယ်။ လက်ရှိ မြန်မာပြည်နဲ့ကမ္ဘာ့ နိုင်ငံရေးအခင်းအကျင်း၊ ဖြစ်စဉ်ဖြစ်ရပ်တွေ၊ အပြောင်းအလဲတွေ၊ ထူးခြားမှုတွေ၊ သမိုင်းနောက်ခံတွေ၊ အနာဂတ်အလားအလာတွေ၊ စီးပွားရေး ကိစ္စတွေ စတာတွေကိုလက်လှမ်းမီသလောက် ဉာဏ်မီသလောက် လေ့လာကြတာပါပဲ။ ဦးဆောင်ဆွေးနွေးမယ့်သူ အတည်မရှိလေတော့ စနစ်တကျတော့သိတ်မဖြစ်လှဘူး ထင်မိပါတယ်။ တခါတလေများ ဗိုလ်မရှိဘိတ်မရှိငြင်းကြခုန်ကြရင်း အတောမသတ်နိုင်တာတွေတောင် ရှိခဲ့ဖူးပါတယ်။
ဒါပေမယ်လို့ အကောင်းဘက်ကကြည့်ပြန်တော့ အတော်လေးတိုးတက်လာတယ်လို့ ဆိုနိုင်မှာပါ။ အရေးအကြောင်းရှိလို့ တခုခုလုပ် ရတော့မယ်ဆိုရင် တူရာလူတွေလူစုမိသွားပါပြီ။ ဆွေးနွေးပြောဆိုမှုတွေ တိုးတိုးတိတ်တိတ်လုပ်လာနိုင်ပြီ။ စာအုပ်စာတမ်းတွေရှိလာပြီ။ နိုင်ငံရေးသမားဟောင်းတချိုနဲ့ အချိတ်အဆက်ရလာပြီ။ စာပေနယ်ထဲက နိုင်ငံရေးအသွေးအရောင်ရှိသူတွေနဲ့ အဆက်အသွယ်ရလာပြီ။ ကိုယ်ပိုင်လက်ရေးစာစောင်လေးတခုတောင် လျှို့ဝှက်ထုတ်ဖို့ပြင်ဆင်နေနိုင်ပါပြီ။
အဲဒီအချိန်မှာပဲ မဆလ အစိုးရက ငွေစက္ကူတွေတရားမဝင်တော့ကြောင်း ကြေညာချလိုက်ပါတယ်။ အဲဒီလုပ်ရပ်ဟာ နဂိုကတည်းက စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးအထွေထွေမကျေနပ်ချက်တွေနဲ့ ပေါက်ကွဲလုဆဲဆဲယမ်းအိုးကြီးတခုလိုဖြစ်နေတဲ့ ဗမာ့လူ့အဖွဲ့အစည်းပေါ် မီးပွားတခုချလိုက်သလိုဖြစ်သွားခဲ့ရပါပြီ။ ကျနော်တို့ ဘာလုပ်ကြမလဲ။ ဘယ်ကစလုပ်ကြတော့မလဲဆိုတာတွေအပေါ် ခေါင်းချင်းရိုက်ကြရပါပြီ။ ကြိတ်ဝိုင်းလေးတွေလုပ်ကြရပါပြီ။ အဲဒီ ကြိတ်ဝိုင်းလေးတွေမှာ ခေါင်းချင်းရိုက်ခဲ့ကြသူတွေဟာ နောက်ဖြစ်လာတော့မယ့် ၁၉၈၈ ဒီမိုကရေစီရေး အုံကြွမှုကြီးမှာ လူထုနဲ့အတူတိုက်ပွဲဝင်ခဲ့ကြသူတွေ ဖြစ်လာကြပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား
မျိုးမြင့်
0 comments:
Post a Comment