Wednesday, September 28, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃ဝ) (မျိုးမြင့်ချို)

0 comments

စ်မြေပြင်မှပုံရိပ်များ (အပိုင်း၃ဝ) လပိုင်း ၂၈ ရက်၂ဝ၁၁ ခုနေ့က 
အာရ်အက်ဖ်အေက ထုတ်လွှင့်ပြီးဖြစ်ပါတယ်။
ဒီလိုနဲ့ ၈၈ အရေးတော်ပုံကြီးရဲ့မီးလျှံတွေအောက်မှာ ကျနော်တို့လည်းလူထုနဲ့ အတူပါနေခဲ့ပါတယ်။ လောကမှာ ဘယ်အရာမဆိုအသွားနှစ်ဘက်ရှိစမြဲ၊ အလင်းအမှောင်ရှိစမြဲပါ။  လွတ်မြောက်ရေးအတွက် နှလုံးရည်နဲ့တိုက်ကြရတဲ့ ၈၈ အရေးတော်ပုံကြီးမှာလည်း ဒီသဘောတွေမကင်းခဲ့ပါဘူး။ အဲသလို မကင်း ခဲ့လို့ဒီအရေးတော်ပုံကြီးရဲ့တန်ဖိုးကိုလျှာ့ချပစ်လို့မရပါဘူး။ ဘယ်လူ့အဖွဲ့ အစည်းမှာမဆို လူထုဆန္ဒပြလှုပ်ရှားမှုနဲ့အကြမ်းဖက်မှုတွေကြား ခြားထားတဲ့နံရံဟာပါးပါးလေးပဲရှိတာပါ၊ အချိန်မရွေး ပေါက်ထွက်သွားနိုင်ပါတယ်။  ဖိနှိပ်ထားတဲ့အာဏာရှင်နိုင်ငံတွေမှာဆိုရင် ပိုပြီးထင်ရှားပါတယ်။

အရေးတော်ပုံအတွင်းလှုပ်ရှားရင်းနဲ့ နံရံပေါက်သွားတဲ့အခြေအနေမျိုးနဲ့ ကျနော်တို့တွေ့ကြုံခဲ့ရပါတယ်။ ခေတ်ကလည်း ပျက်နေပြီ။ အုပ်ချုပ်ရေးယန္တရားကြီးတခုလုံးလည်း ကသောင်းကနင်းဖြစ်နေပြီ။ တသက်လုံးအဖိနှိပ်ခံလာခဲ့ရသူတွေရဲ့ ဒေါသအမျက်ကလည်း ဆည်ကျိုးရေလိုဖြစ်နေပြီ။ ဒီကြားထဲ လက်ခမောင်းထခတ်တဲ့ တောကြောင်တွေလည်း ပေါ် လာနေပြီ။ ထောင်တွေဖွင့်ပေးလိုက်လို့ အပြင်ရောက်လာတဲ့ရာဇဝတ်သားတွေနဲ့ အပြင်မှာရှိနေတဲ့လူဆိုးလူမိုက်တွေေ ပါင်းမိ၊  လူငယ်တချို့ကိုစည်းရုံးသိမ်းသွင်း၊ သွေးထိုးပြီးလူမိုက်ဂိုဏ်းဖွဲ့နေတာတွေလည်းမြင်နေရပြီ။ ဒီလိုအခြေအနေ မှာ  ကိုယ့်အရပ်သူအရပ်သားချင်း၊ ကိုယ့်မြေမှာသွေးမစွန်းစေချင်လို့ ဝင်ထိန်းခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ အဲသလို ဝင်အထိန်းကောင်းလို့ အသက်နဲ့ကိုယ်အိုးစားကွဲရမယ့်ကိန်း ဆိုက်ရတာတွေလည်းရှိခဲ့ပါတယ်။

ဥပမာလေးတစ်ခု ပြောပြချင်ပါတယ်။ မဆလတန်ခိုးထွားစဉ်က ဘယ်သူ့မှလူမထင်ဘူးဆိုတဲ့အချိုးနဲ့ လူထုအပေါ် မောက်မာဗိုလ်ကျခဲ့၊ ကိုယ်ကျိုးရှာခဲ့တဲ့ မဆလအမာခံတစ်ဦးကို မိသားစုလိုက်ကြိုးတုတ်ပြီး အိမ်ပါမီးတင်ရှို့မယ်ဆိုတဲ့ အသံတွေထွက်လာပါတယ်။ အမှန်ပြောရရင် ကျနော်တို့ကိုယ်တိုင်လည်း အရင်ကတည်းက ဒီလူရဲ့စရိုက်ကို မကြိုက် ခဲ့ပါဘူး။ အာဏာရှိချိန်မှာ သူတပါးကိုတတောင်နဲ့ထောင်းဖို့ဝန်မလေးသူဟာ အာဏာလက်မဲ့ဖြစ်ပြီဆိုရင် ဒူးထောက်ဖို့ လည်းအပမ်းမကြီးတတ်ပါဘူး။ ဒီလူက အဲသလိုလူစားပါ။ အခု သူ ဒူးထောက်နေပါပြီ။ ဒူးတုန်နေပါပြီ။ သတင်းတွေ ကလည်း ဘယ်နေရာမှာ ဘယ်သူ့ကို ဘယ်လိုသုတ်သင်လိုက်ပြီဆိုတာတွေ တလစပ်ဝင်နေတာကိုး။ ဒီလူ အိမ်ထဲက အိမ်ပြင်မထွက်ရဲတဲ့ဘဝ ရောက်နေပါပြီ။ သူ့အိမ်တဝိုက်မှာလည်း သူတို့မိသားစုလွတ်ထွက်မသွားအောင် နေ့ည မပြတ်စောင့်ကြည့်နေသူတွေလည်း ရှိနေတာကိုး။ တချို့ဆို တမင် ကြားအောင်ကို ဓါးကြိမ်းကြိမ်းနေတယ်လို့ ဆိုပါ တယ်။ အဲဒီမှာတင် အဲဒီပုဂ္ဂိုလ်က သူနဲ့သူ့မိသားစုကို အကာအကွယ်ပေးပါ။ သူမှားခဲ့ပါတယ်။ သူ လူထုကိုတောင်းပန် ပါတယ်။ ကျနော်တို့ကို အားကိုးပါတယ် ဘာညာ စာရေးပြီး ကြားလူကတဆင့် စာခိုးပို့လာပါတယ်။

ကျနော်တို့ အကျပ်ရိုက်ရတဲ့ကိစ္စဖြစ်လာပါပြီ။ အမြင်ကပ်ကပ်နဲ့ မသိချင်ယောင်ဆောင်ပြီးလွှတ်ပေးလိုက်ရင် တမိသား စုလုံးအရှင် လတ်လတ်မီးတိုက်ခံရပြီး အသေဆိုးနဲ့သေတော့မယ်။ သူ့အိမ်ကိုရှို့တဲ့မီးက မနိုင်ရင် ရပ်ကွက်ပါပြာကျ မယ်။ တခါ လုပ်မယ်တကဲကဲဖြစ်နေသူတွေကို သွားတားပြန်ရင်လည်း သူတို့ဒေါသက ကိုယ့်ဘက်လှည့်လာဦးမယ်။ အဲဒီထဲမှာ တကယ့်လက်ရဲဇက်ရဲ ရာဇဝင်လူဆိုးတချို့လည်း ပါနေတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ ဒီမိုကရေစီရေး အတွက်တိုက်ပွဲဝင်နေချိန်မှာ လူမိုက်လုပ်ရပ်မျိုးတွေ ခေါင်းမထောင်စေချင်ပါဘူး။ ဒီတော့ ကျနော်တို့ တဖြည်းဖြည်း ချင်းညှိယူရပါတယ်။ ဟိုမိသားစုကိုလည်း ကျနော်တို့မသိဘဲထွက်မပြေးဖို့၊ ကြားဝင်ပေးနေချိန်မှာ ဘာတုန့်ပြန်မှုမှ မလုပ်ပဲ အေးအေးဆေးဆေးနေဖို့ပြောပြီး၊ နောက်တဘက်ကိုလည်း အရင်ဆုံး အိမ်ကိုမီးတင်ရှို့တာမလုပ်ဖို့ ပြောရပါ တယ်။ အဲဒီအဆင့်ကို နှစ်ဘက်လုံးက သဘောတူပြီဆိုတော့မှ နောက်တဆင့်တက်ရပါတယ်။ ဒီလူလုပ်ခဲ့တာတွေ ဟာ မကျေနပ်စရာကောင်းပေမယ့် သူ့ကြောင့် ဘာအပြစ်မှမရှိတဲ့ တမိသားစုလုံးသေရမယ်ဆိုတာတော့ သဘာဝမ ကျကြောင်းပြောပြရ ပါတယ်၊  ဒီအဆင့်ကိုသဘောတူပြီဆိုတော့မှ  အခု လောလောဆယ်မှာ တမိသားစုလုံးလည်း ကြေက်နေကြပြီ၊ ထွက်လည်းမပြေးဖို့ ကတိလည်းရထားပြီပဲ၊ ဒါကြောင့် သူ့အိမ်ကိုစောင့်ကြည့်တာ၊ ဓါးကြိမ်းကြိမ်း တာတွေမလုပ်ဖို့ ပြောရပါတယ်။

ဒီလိုနဲ့ ရက်လောက်အတွင်းမှာ ကျနော်တို့ရော နှစ်ဘက်လုံးကလူတွေပါ ခေါင်းနည်းနည်းအေးလာကြပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်ကတော့ရှိနေတုန်းပါပဲ။ ကျနော်တို့သဘောထားကတော့ သွေးမြေမကျရေးနည်းနဲ့ ဖြစ်နိုင် သလောက်သွားရေးပါပဲ။ တစ်ရက်မှာ သမဂ္ဂပေါင်းစုံသပိတ်ချီတက်ပွဲ တနေကုန်လုပ်ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ အစည်းတွေကလူတွေရော၊ ရပ်ကွက်ထဲကလူတွေပါ ခြေကုန်လက်ပမ်းကျ မောမောနဲ့အိမ်ပြန်အိပ်နေချိန်။ ညလူခြေ တိတ်ချိန်ကျတော့မှ ကျနော်တို့ထဲကလူတယောက်ရဲ့အစီအမံနဲ့ အဲဒီတမိသားစုလုံးကို ကားငှားပြီးအပြင်ခိုးထုတ်ပေး လိုက်နိုင်ခဲ့ပါတယ်။ သူတို့လွတ်သွားကြပြီဆိုပြီး စိတ်အေးရပေမယ့် ဒါ ကျနော်တို့လက်ချက်ဆိုတာ တဘက်ကလူတွေ သိရင် မိုး မီးလောင်မယ်ဆိုတာတွေးမိပြီး လန့်တော့လန့်နေကြပါတယ်။ တညလုံးလိုလိုလည်း ကျနော်တို့တွေ အိပ် မပျော်နိုင်ပါဘူး။

မနက်လင်းချိန် အိမ်ထဲကဘာအသံဗလံမှမကြားလို့ ကျနော်တို့တက်ကြည့်တော့မှ တမိသားစုလုံးလစ်ထွက်သွား တာကို သိရသလိုမျိုးလုပ်ပြနိုင်ခဲ့ပါတယ်။ ဟိုလူတွေ ဒေါသထွက်တာများမပြောပါနဲ့။ မင်းတို့ကြောင့်၊ မင်းတို့ကြောင့် ဆိုပြီး ဓါးကြိမ်းကြိမ်းရုံတင်မက ဂျင်ဂလိတွေ၊ ပုဆိန်တွေထုတ်ပြီး ကျနော်တို့ကို ခုတ်မယ်ထစ်မယ်တကဲကဲ လုပ်သူက လုပ်ကြပါသေးတယ်။ ကျနော်တို့လည်းလန့်နေပေမဲ့ ဟန်ကိုယ့်ဖို့ပုံဖမ်းပြီး တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြ ပါတယ်။ နောက်ဆုံး အဲဒီလူကိုမသတ်ရရင် အိမ်ကိုမီးတင်ရှို့မယ်ဆိုပြီး ဖြစ်လာတာကိုတော့ အိမ်မီးတင်ရှို့ရင် ရပ်ကွက် ပါအန္တရာယ်ရှိတယ်ဆိုတာအကြောင်းပြပြီး အိမ်ထဲကပစ္စည်းတွေအကုန် ဖျက်ဆီးချင်ရင်ဖျက်ဆီးပါ။ အိမ်ပါဖြိုချချင်ရင် ဖြိုချကြပါလို့ ညှိကြပါတယ်။ နောက်ဆုံးတော့ တမိသားစုလုံးလည်းလွတ်၊ ပစ္စည်းတွေလည်းမပျက်စီး၊ အိမ်လည်းမီး မလောင်နဲ့ ကိစ္စတစ်ခုပြီးငြိမ်းသွားခဲ့ပါတယ်။

၈၈ အပြီး ပါတီတွေထောင်စမှာ အဲဒီမဆလဟောင်းဟာ တစည ခဏဖြစ်လိုက်ပါသေးတယ်။ တစညအခြေအနေ ဟန်ပုံမပေါက်တော့တဲ့အချိန်လည်းရောက်ရော ကြံ့ခိုင်ရေးအသင်းကိုပြောင်းဝင်ပြီး အရပ်ထဲမှာ လူတွင်ကျယ်ပြန်လုပ်၊ ကိုယ်ကျိုးပြန်ရှာ၊ လူထုအပေါ် ဗိုလ်ကျတဲ့သူ ပြန်ဖြစ်လာပြန်ပါတယ်။

ကျနော် ထောင်ထဲကနေ အပြင်ပြန်ရောက်တော့ ရပ်ကွက်ထဲကလူတယောက်ကအဲဒါမင်းတို့ကြောင့်လို့ အပြစ် တင်တာခံရပါတယ်။ ကျနော့်စိတ်ထဲမတော့ ဒေါသမာန်တွေကြားမှာ သွေးမြေမကျရေး၊ ငြိမ်းချမ်းရေးတည်ဆောက် ရတဲ့စစ်မြေပြင်ဟာ  နှစ်ဘက်အသေအကြေ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်ကြတဲ့ စစ်မြေပြင်တွေထက် ပိုပြီးခက်ခဲပါ လားလို့တွေးတောနေမိပါတော့တယ်။  
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment