စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၁) အောက်တိုဘာ ၅ ရက် ၂ဝ၁၁ နေ့က
အာရ်အက်ဖ်အေက လွှင့်ထုတ်ပြီးအသံလွှင့်ဆောင်းပါးဖြစ်ပါတယ်။
နောက်ထပ်ထူးခြားတဲ့ဖြစ်စဉ်တခုကတော့ ၈၈ ကာလတုန်းက အင်းလျားကန်ဘောင်ပေါ်ကအလောင်း (၇) လောင်းဆိုပြီး နာမည်ကြီးခဲ့တဲ့ကိစ္စဖြစ် ပါတယ်။ ကျနော်တို့မြို့ကလေးမှာ အနာကြီးရောဂါသည်တွေနေတဲ့ အစုကြီးတခုရှိ ခဲ့ပါတယ်။ ရပ်ကွက်တခုတော့ မဟုတ်ပါဘူး။ ဒေသပေါင်းစုံက အနာကြီးရောဂါ သည်တွေကိုခေါ်လာပြီး ဆေးရုံတင်ဆေးကုပေးတဲ့ အနာကြီးရောဂါကုဆေးရုံဖြစ်ပါ တယ်။ရောဂါပျောက်ရင်တော့ ဆေးရုံကဆင်းပြီး နေရပ်ပြန်ကြရပါတယ်။ ဒီရောဂါက ကူးစက်တတ်တဲ့အပြင် လူတောမတိုးဝံ့ပါ ဖြစ်ရတဲ့ရောဂါမျိုးပါ။ ဝဋ်နာကံနာလို့ပြောကြသလို လူမှုရေးရောဂါလို့လည်းဆိုနိုင်မှာပါ။
ဆေးရုံဝင်းက အတွင်းအပြင်အကူးအလူးတွေကို ကန့်သတ်ဖို့ရည်ရွယ်ပြီးဆောက်တာဆိုတော့ အရှေ့ဘက်မျက်နှာစာ ကလွဲလို့ ကျန်တဲ့သုံးဘက်ကို အုတ်ရိုးကြီးတွေကာထားပါတယ်။ ရောဂါပျောက်ပြီး ဆေးရုံဝင်းထဲ လည်းနေခွင့်မရှိ၊ ပြန်စရာနေရာ လည်းမရှိ၊ ရှိလည်း မပြန်ချင်တော့သူတွေက နောက်ကတောကိုရှင်းပြီးနေရင်းကနေ ရပ်ကွက်တစ်ခုလိုဖြစ်လာတာပါ။ အစကတော့ ရောဂါပျောက်ပြီးသူတွေလောက်သာနေကြတယ်ဆိုပေမဲ့၊ နောက်တော့ ဟိုကဒီက ရောဂါသည်တွေရော လူကောင်းတွေပါ လာနေကြတော့တာပါပဲ။ လူကောင်းတွေဆိုတာက အနာကြီးရောဂါသည်မဟုတ်ဘဲ ဒုစရိုက်မှုနဲ့အသက်မွေးဖို့ လာနေသူတွေဖြစ်ပါတယ်။ အေးအေးဆေးဆေးနေချင်သူတချို့ ရှိတာမှန်ပေမဲ့၊ ဒုစရိုက်ဝန်းကျင်ကို မလွန်ဆန်ဝံ့ကြပုံပါပဲ။
သူတို့ခမျာ လူဖြစ်လျက်နဲ့ လူ့ပတ်ဝန်းကျင်ရဲ့အပစ်ပယ်ခံဘဝ ရောက်နေရရှာရသူတွေပါ။ အဲသလိုနေရလို့ တချို့ပိုပြီး သိမ်ငယ်ကြရရှာပေမယ့်၊ အရွဲ့တိုက်ဆန့်ကျင်စိတ်နဲ့ တုန့်ပြန်သူတွေလည်းရှိပါတယ်။ တဖြည်းဖြည်းနဲ့ သူတို့နဲ့ တခြားသူတွေကြား မှာ လူမှုရေးပြဿနာ၊ ကျန်းမာရေး၊ ရောဂါကူးစက်မှု၊ ရာဇဝတ်မှုနဲ့အုပ်ချုပ်ရေးကိစ္စတွေမှာ ရှုပ်ထွေးလာပါတယ်။ ကောင်စီနဲ့ရဲစခန်း ကလည်း ဆက်ကြေးမှန်မှန်ယူထားတာဆိုတော့ သိပ်ပြီးမထိဝံ့ပါဘူး။ ကြာတော့ အရက်ပုန်း၊ လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်သားတွေရဲ့လွတ်မြောက်နယ်မြေလေးလိုဖြစ်လာပါတယ်။ ငွေလမ်းခင်းပြီး အာဏာရဲ့တရားမဝင်ကာကွယ်မှုရထားသလို၊ လက်မရွံ့တွေလည်းရှိပါတယ်။ ရန်ကုန်တိုင်းရဲ့ တောအရက်ချက်လုပ်ဖြန့်ဖြူးရေးဗဟိုလို့တောင် တချို့ကပြောကြပါတယ်။
အဲဒီအစုနဲ့မျက်စောင်းထိုး ကားလမ်းတဘက်မှာ နောက်မှပေါ်လာတဲ့ ကျူးကျော်တဲစုလေးတစ်ခုလည်းရှိပါတယ်။ အဲဒီမှာလည်း ရာဇဝတ်သားတချို့နဲ့ ဒုစရိုက်မှုအသေးစားလေးတွေရှိနေတာပါပဲ။ သူတို့ကို အနာကြီးအစုကလူတွေမြင်တာက ဒီကောင်တွေက နောက်ပေါက်တွေ၊ ငါတို့နဲ့ ခွာလာတိုင်းပြီး စင်ပြိုင်ထောင်ချင်သူတွေလို့ တွက်ပါတယ်။ ဆိုတော့ အဲဒီ အစု၂ ခုဟာ တဘက်နဲ့တဘက် အမြဲလိုလို ရန်စောင်နေကြသလို၊ ပြဿနာလည်း မကြာခဏဖြစ်တတ်ပါတယ်။ ဖြစ်တိုင်းလည်း အနာကြီးရောဂါစုကလူတွေပဲ အနိုင်များပါတယ်။ ငွေတတ်နိုင်တာ၊ ရဲစခန်းကိုခါးပိုက်ထဲထည့်ထားနိုင်တာနဲ့ လူအုပ်တောင့်တာတွေကြောင့်တွေလို့ ထင်ပါတယ်။ တစုနဲ့တစု ခွင်ဝင်ရင်အပြတ်ရှင်းမယ်ဆိုတဲ့ အသံတွေထွက်နေတာလည်း ကြာပါပြီ။
ဒီလိုနဲ့ ၁၉၈၈ လူထုအုံကြွမှုကြီးဖြစ်လာပါတယ်။ တမြို့လုံးဆန္ဒပြပွဲတွေ အတူလုပ်ကြ၊ လုံခြုံရေးကိစ္စတွေအတူ ဆောင် ရွက်ကြပါတယ်။ လူငယ် လူလတ်တွေမပြောနဲ့ မြို့မိမြို့ဖတွေ၊ ရဟန်းတော်တွေတောင် မနေကြရပါဘူး။ အနာကြီးရောဂါစုက လူတွေကတော့ သူတို့မှာ ဂျင်ဂလိတပ် ဖွဲ့ထားတာရှိတယ်။ သူတို့အစုလုံခြုံရေးအတွက် သူတို့ဘာသာသတ်သတ်လုပ်မယ်ဆိုလို့ ကျနော်တို့လည်း ဘာမှမပြောသာခဲ့ကြပါဘူး။ သူတို့အစုထဲကို လူစိမ်းအဝင်မခံချင်တာ၊ မခံနိုင်တာဖြစ်မယ်လို့ထင်ပါတယ်။ သူတို့အစုကို ဦးဆောင်နေသူတွေထဲမှာ ရာဇဝတ်မှုနဲ့ထောင်ကျဖူးသူတချို့ပါနေပါတယ်။ ကျနော်တို့နဲ့ ပူးတုံခွာတုံလုပ်ရင်း မိုက်ဂုဏ်ပြခြိမ်းခြောက်သလိုလည်း လုပ်တတ်ပါတယ်။ ဘယ်နေ့ဘယ်နေရာမှာ ဒါးပြတွေဝင်တော့မယ်။ အနာကြီးရောဂါအစုကို ဒါးပြတိုက်ဖို့ကြံနေသူတွေရှိတယ် စတဲ့သတင်းတွေကို လူထုကြားထဲ သူတို့တွေက မသိမသာလွှင့်ထားပါတယ်။
တနေ့မှာ ကားတွေတားပြီးဒါးပြတိုက်သူတွေကို သူတို့ဖမ်းမိထားပြီ လိုက်ကြည့်ပါဆိုပြီး သတင်းဖြစ်လာပါတယ်။ ဒါနဲ့ ကျနော်အပါ အဝင်တခြားသူ လေးငါးယောက်ရယ်၊ မြို့မိမြို့ဖထဲက တစ်ယောက်ရယ်၊ ကျောင်းသားသမဂ္ဂထဲက ကျောင်းသား တချို့ရယ် သူတို့ရပ်ကွက်ထဲ ရောက်သွားပါတယ်။ ဟိုရောက်တော့ လူ (၇) ယောက်ကို တိုင်တွေမှာလက်ပြန်ကြိုးတုတ်ထား တာ တွေ့လိုက်ရပါတယ်။ အဲဒီလူတွေရဲ့ မျက်နှာနဲ့ကိုယ်မှာလည်း ရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့ပါ။ သေသေချာချာကြည့်တော့မှ အဲဒီ (၇) ယောက်စလုံးက အနာကြီးအစုနဲ့မတည့်တဲ့ ကျူးကျော်ရပ်ကွက်ကလူတွေချည်းဖြစ်နေတာတွေ့ရပါတယ်။ ကျနော်တို့ကိုတွေ့တော့ ဟိုလူတွေကအားတက်ပြီး ဒါးပြတိုက်တာမဟုတ်ကြောင်း၊ ဆန်ကားတွေကိုတားပြီး ဆန်တောင်းကြောင်း၊ ဒီအနာကြီးအစုကို ဒါးပြတိုက်ဖို့ကြံစည်တာမရှိကြောင်းတွေ ပြောပြပါတယ်။ အနာကြီးအစုက လူတချို့ကတော့ ဒီလူတွေက ဒါးပြတွေ၊ သူတို့အစုကိုဒါးပြတိုက်ဖို့ကြံနေတဲ့သူတွေလို့ စွပ်စွဲပါတယ်။ ဒီပြဿနာက ချက်ခြင်းရှင်းလို့မဖြစ်နိုင်ဘူး။ အနာကြီးအစုကလူတွေလက်ထဲ ဒီလူတွေကိုထားခဲ့ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးလို့အားလုံးတွေးပြီး လောလောဆယ် ဒီလူတွေကို ရဲစခန်းခေါ်သွားပြီး ချုပ်ထားမယ်။ နောက်မှ မေးမယ်မြန်းမယ်။ ဒါနဲ့ ရဲစခန်းနဲ့ကျနော်တို့ထဲကလူတစ်ယောက်မသိဘဲနဲ့ ဖွင့်မပေးရဘူးလို့သဘောတူပြီး အဲဒီ (၇) ယောက်ကို ရဲစခန်းအချုပ်ထဲထည့်ထားလိုက်ပါတယ်။ နောက်တနေ့မှာ ကျနော်တို့ အဖွဲ့က ကမကထပြုတဲ့ လူထုဟောပြောပွဲတစ်ခုကလည်းရှိနေပါတယ်။ ဒီ့အတွက်ပြင်ကြရင်း အားလုံးအလုပ်များနေကြပါတယ်။ မနက်လင်းတော့ ကျနော်အပါအဝင်တချို့လူတွေက ဟောမယ့်ပြောမယ့်သူတွေကို သွားကြိုကြ၊ ပြီးတော့ပြန်ပို့ရပါ တယ်။ ဟောပြောပွဲအပြီး ညနေစောင်းနားနေချိန်ကျတော့မှ လူတစ်ယောက်လာပြောလို့ အဲဒီလူ(၇)ယောက်လုံးကို မြို့ထဲခေါ်သွားပြီးသတ်ပစ်လိုက်ပြီဆိုတာ ကြားရတော့တာပါပဲ။
နောက်ပိုင်းမှာတော့ အဲဒီလူသတ်မှု ကျူးလွန်သူတွေ ထောင်ကျသူကျ၊ သေသူသေ ဖြစ်ကုန်ကြပါတယ်။ ကျနော့်အဖို့တော့ ဥပဒေကိုအရေးစိုက်စရာမလိုတဲ့ အခြေအနေတစ်ရပ်မှာ အင်အားကိုအခြေခံတဲ့လုပ်ပိုင်ခွင့်ဆိုတဲ့အာဏာဟာ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ လေးလေးနက်နက် သဘောပေါက်လိုက်ရပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။
0 comments:
Post a Comment