ဒီနေရာက ယူပါတယ် http://www.shwezinu.com/2011/10/blog-post_3496.html ယမကာညနေခင်း (၁)ဆိုဗီယက်ခေါင်းဆောင်ကြီး ဂေါ်ဘာချော့ဗ်က ဂလက်စ်နော့ လုပ်ကောင်းလုပ်မည်။ ဟုတ်ကောင်း ဟုတ်မည်။ သူ့ဂလက်စ်နော့မှာ ပွင့်ပွင့်လင်းလင်းပြောစေလိုခြင်း အရင်း ခံသည်။ မြန်မာပြည်တွင်မူ မောင်သော်ကတို့ လူတစ်စုဟာ ဂလက်စ် စမော့လုပ်နေသည်မှာ ကြာပြီဖြစ်သည်။ ဂလက်စ်မော့ဟူသည်မှာ အလျဉ်းသင့်ရာဖန်ခွက်တွင် မော့ဝီစကီ သို့မဟုတ် အလျဉ်းသင့်ရာယမ ကာကို ဆိုဒါ သို့မဟုတ် သဘာဝရေနှင့်ရောစပ်ကာ ညနေခင်းမော့ကြ သည်ဖြစ်ခြင်းကြောင့် ဂလက်စ်မော့(ဝါ) ဖန်ခွက်မော့ ညနေခင်းဟုခေါ်စမှတ်ပြုသည်။ ပွင့်ပွင့်လင်းလင်းပြော ကြားကြရန်ကိုမူ တိုက်တွန်းလှုံ့ဆော်ရန်ပင်မလို၊ သူ့အလိုလို ပွင့်ထွက်လာမည်မှာ စိတ်ချယုံကြည်ရသည်။
မောင်သော်က၏ ဂလက်စ်မော့ညနေခင်းမှာ လူစုံသည်။ လူစုံသည်ဆိုသော်လည်း သုံးယောက်ထက် မည်သည့် အခါမျှမပို။ မောင်သော်ကသည် တစ်ယောက်တည်းမူငြီးငွေ့၏။ နှစ်ယောက်ဆိုသော် ပျော်မွေ့၏။ သုံးယောက်ဆိုလျှင် လူစုလူဝေးပင်ဟု သတ်မှတ်ထားသည့်အတိုင်း သုံးယောက်ထက်ပိုသော်ရှောင်ကြဉ်၏။ သို့သော် လူစုလူဝေးသည်ပင် အလှည့်ကျစုဝေး၍ရှိသည်။ ပင်တိုင်အားဖြင့်လျှင် တပ်မတော်မှအငြိမ်းစား အရာရှိတစ်ဦးနှင့် စာရေးဆရာ၊ အယ်ဒီတာတစ်ဦးတို့ဖြစ်သည်။ ရံဖန်ရံခါမူ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ တစ်ဦး၊ တေးသံသွင်းပိုင်ရှင်တစ်ဦး၊ မှောင်ခိုလုပ်ငန်းနှင့်ကြီးပွားနေသူတစ်ဦး၊ ကျူရှင်ဆရာတစ်ဦးတို့ ရောက်လာဝိုင်းဖွဲ့တတ်ကြသည်။
ယနေ့ညနေတွင် တပ်မတော်ပင်စင်နာနှင့်အယ်ဒီတာတို့ ရောက်လာကြသည်။ အယ်ဒီတာ၏လက်တွင် အထုပ်တစ်ထုပ်၊ ပင်စင်နာကြီးလက်တွင် မန္တလေးရမ်တစ်ပုလင်း ကိုင်ဆောင်လာကြသည်ကြောင့် ဝမ်းသာ လှိုက်လှဲစွာ ဆီးကြိုရသည်။ သည်နေ့အချိန်တွင် သည်လိုသိတတ်သူများ အလွန်ရှားပါးသည်။ မောင်သော်က အိမ်မှာ ဖန်ခွက်နှင့်သဘာဝရေမတတ်နိုင်ခြင်းကြောင့် ချိုးဖြူရေကို စိုက်ထုတ်ကုန်ကျခဲ့ရသည်။ ဖန်ခွက်မှာမူ အစုံများပဲ့ကုန်ပြီဖြစ်သည့်အတွက် ဖန်ခွက်သုံးလုံး ပုံစံသုံးမျိုးပင် မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။
(ကဲ လာကြဗျာ၊ လာကြ၊ အယ်ဒီတာကြီးလည်း မတွေ့ရတာကြာပြီဗျာ) ကျွန်တော်က ဆီးကြိုပြောရသည်။
(မတွေ့တာကြာဆို သင်တန်းတက်နေရသကိုးဗျ။ စနေ၊ တနင်္ဂနွေနေ့မှာပဲအားတယ်)ဟု ရှုံ့တွတွပြောသည်။ ကုန်းချိချိလည်း ဖြစ်နေပေသည်။
ပင်စင်နာကြီးက
(အေးဗျာကျုပ်လည်း အခုမှ သူ့ကိုကြည့်ပြီး စောစောစီးစီးပင်စင်သွားရခြင်းရဲ့ ကောင်းကျိုးချမ်းသာမင်္ဂလာကို သိရတော့တယ်) ဟု ပြော၏။ အားလုံးထိုင်မိကြသည်တွင် ကိုယ်ဖန်ခွက်တွင် ကိုယ်လိုသလောက်ဖြည့်ကာ ဂလက်စ်မော့ခြင်းကို တစ်တောင်ဆစ်ကွေး ယဉ်ကျေးမှုနယ်ပယ်၏ထုံးစံအရ ချီးယားစ်ပြုပြီး တစ်ငုံစီလီ၍ မြုံကြသည်။
(ကဲ ခင်ဗျားလည်း အခု ဘာတွေရေးနေသလဲ) ဟု အယ်ဒီတာကြီးကမေးသည်။ ဤသည်မှစကာ ဂလက် စမော့ ဆွေးနွေးပွဲဖြစ်သွားတော့သည်။
သော်။ ။ မရေးအားဘူးဗျ။ စာအုပ်တစ်အုပ်ရလို့ ဖတ်ကြည့်နေတယ်။
ပင်။ ။ ဘာစာအုပ်များလဲဗျ။
သော်။ ။ သချိန်းဂျင်းအော့ဖ် ကင်းစ်တဲ့ဗျ၊ မြန်မာလိုတော့ မင်းပြောင်းမင်းလဲကာလကျပ်ကြီးလို့ စာရေး သူက သူ့စာအုပ်ကို အမည်ပေးထားထယ်။
အယ်။ ။ ဘယ်သူရေးတာလဲဗျ။
သော်။ ။ စစ်မဖြစ်ခင်က မြန်မာပြည်မှာလာပြီး အိုင်ဒီအက်စ်အရာရှိလုပ်သွားတဲ့ လက်စလီဂလက်စ်ဆိုတဲ့ ပုဂ္ဂိုလ် ပဲ။ ၁၉၃၉-၁၉၄၉ အမှတ်တရမှတ်တမ်းလို့ ဆိုထားတယ်။
ပင်။ ။ ဟင်း ခင်ဗျားကလည်း အိုင်စီအက်စ်ကို အခုထက်ထိ အထင်ကြီးတုန်းပါလားဗျ။
သော်။ ။ ကြီးစရာရှိလည်း ကြီးရပေမှာပဲကိုယ့်လူ။ ဒီပုဂ္ဂိုလ်ဟာ အသက်ငယ်ငယ်ရွယ်ရွယ်မှာ မြန်မာပြည်ကိုရောက်လာတဲ့ အိုင်စီအက်စ် မိုးကျရွှေကိုယ်ပေမယ့် မြန်မာပြည်၊ မြန်မာ့စရိုက်တွေကို ခရေစေ့ တွင်းကျ လေ့လာပြီးရေးသားထားတာပါ၊ မောရစ်ကောလစ်လို ပုဂ္ဂိုလ်ပါ၊ အဲရစ်ဘလဲယား ခေါ်တဲ့ ဂျော့အော် ဝဲလို အမြင်မျိုးနဲ့ရေးတာမဟုတ်ဘူး။
အယ်။ ။ ခင်ဗျားသဘောကျတဲ့အချက်ကို ပြောစမ်းပါဦး။
သော်။ ။ ဒီလူက ပထမဆုံး မုံရွာကို အလုပ်သင်အဖြစ် အပို့ခံရတယ်။ အဲဒီကနေ ဟိုနယ်စွန်နယ်ဖျား ကချင်ပြည်နယ် ဆင်လုံကမ္ဘာကို အပို့ခံရတယ်။ နောက် မန္တလေး၊ သာယာဝတီ စသည်ဖြင့်ပေါ့ဗျာ နေရာအနှံ့ပဲ။
အယ်။ ။ ဒါတော့ဗျာ သူတို့ခေတ်က မျက်နှာဖြူ အိုင်စီအက်စ်တွေ ဘယ်လောက်များများရတယ်ဆိုတာ သိတယ်မဟုတ်လား။ ရှားရှားပါးပါး မြန်မာအိုက်စီအက်စ်တောင် သမက်ဖမ်းချင်သူအပေါသား။
သော်။ ။ လခကြီးရတာကတစ်ပိုင်း သူတို့ခက်ခဲပင်ပန်းကြီးစွာ အလုပ်တာဝန်ကိုဆောင်ရွက်မှုက တစ်ပိုင်း စီထား ပြောရလိမ့်မယ်။ သူဟာ မြန်မာအရာရှိတွေ လက်အောက်မှာလုပ်ရလုပ်ရ ဘယ်လိုမှသဘောမထား ဘူး။ သူ့အလုပ်ကို သူလုပ်၊ သူ့ထက်အရာရှိကို အထက်အရာအနေနဲ့ လေးစားတတ်တယ်။ ကျွန်တော်အံ့သြ တာက ဟိုတုန်းက ကျွန်တော် ဘယ်လိုမှအထင်မကြီးခဲ့တဲ့ ကြေးတိုင်နှင့်မြေစာရင်းမင်းကြီးဌာနမှာ သူဆောင်ရွက်ခဲ့ပုံတွေကို ရေးသားထားတာပဲ။
ပင်။ ။ ဘယ်လိုများလဲ၊ သဘောလောက်ပြောပြစမ်းပါဦး။
သော်။ ။ အပင်ပန်းခံတာတော့ ပြောမနေနဲ့ဗျာ။ နေလောင်မခံနိုင်တဲ့ ဥရောပတိုက်သား အသားအရေကြောင့် နံနက်အစောကြီးထပြီး ကွင်းဆင်းရတယ်၊ လယ်မြေတွေကို သံကြိုးတိုင်းရတယ်၊ မြေ အမျိုးအစားသတ်မှတ်ရတယ်၊ စိုက်ပျိုးလို့သင့်တဲ့သီးနှံကို လေ့လာရတယ်၊ ဒီမြေယာမှာဒီသီးနှံ စိုက်ပျိုးလို့ဖြစ် ထွန်းမယ်ဆိုတာကို အကြံပြုရတယ်။
အယ်။ ။ နောက်ပြီးတော့ကော။
သော်။ ။ နောက်ပြီးတော့ စပါးဈေးသတ်မှတ်တာ သူတို့ကအဓိကဗျ။ ဒီမြေကွက်မှာ ထွန် ဘယ်နှစ်ရှဉ်း ဝင်ရမယ် ကောက်စိုက်ခ၊ ပျိုးနုတ်ခ၊ ရိတ်သိမ်းခ၊ စပါးလှေ့စပါးနယ်မယ့်လုပ်အားခနဲ့ အချိန်ကစပြီး လယ်သမားတစ်ယောက်ရဲ့လုပ်အား၊ အချိန်ကုန်ကျစရိတ်ပေါ်မူတည်ပြီးမှ စပါးဈေးနှုန်းသတ်မှတ်တာဗျ။ အရမ်းကာရော သတ်မှတ်တာမဟုတ်ဘူး။ ဒီအင်္ဂလိပ်တွေဟာ ဘာမဆို လုပ်ရင်သိပ်သေချာတယ်။ ကန်သင်းရိုးပေါ်မှာ မိုးကျရွှေကိုယ်လာလုပ်ပြီး လက်ညှိုးထိုးတာမဟုတ်ဘူး။
ပင်။ ။ အင်း စိတ်ဝင်စားစရာတော့ အကောင်းသား။ အဲဒီအချိန်မှာ မြန်မာပြည်ဟာ သူတို့ရဲ့ကိုလိုနီအဖြစ်ပဲ ရှိသေးပေမယ့် အခြားနယ်ချဲ့တွေရဲ့ကိုလိုနီဘဝနဲ့စာရင် အင်္ဂလိပ်ကိုလိုနီတွေဟာ အများကြီးသာတယ်ဆို တာကိုတော့ ဝန်ခံရမှာပဲ။
သော်။ ။ နေရူးလို ပုဂ္ဂိုလ်မျိုးကတောင် ကိုလိုနီနယ်ချဲ့ဝါဒကို တိုက်ပြီးသူ့တိုင်းပြည်လွတ်လပ်အောင် ဆောင်ရွက်ရပေမယ့် အင်္ဂလိပ်ကို အထူးကျေးဇူးတင်တယ်လို့ ဝန်ခံခဲ့သေးတာပဲ။ အဲဒီပုဂ္ဂိုလ်က တွဲရေးခွဲရေး ကာလာအပြီးမှာ မြန်မာပြည်ပြန်ရောက်လာကတည်းက သူ့ကိုယ်သူမြန်မာလို့သတ်မှတ်တယ် သူ့နံမည် ကိုတောင် ဦးမှန်းလို့ခေါ်မှ ကြိုက်တယ်၊ မြန်မာဆေးပေါ့လိပ်ကို စီးကရက်ထက် ပိုကြိုက်တယ်။
ပင်။ ။ မြန်မာမတွေကော မကြိုက်ဘူးတဲ့လား၊ ဟဲ...ဟဲ။
သော်။ ။ မြန်မာမတွေက ချစ်စရာကောင်းတယ်၊ သန့်ရှင်းတယ်၊ ဖော်ရွှေတယ်လို့တော့ပြောတယ်။ မြန်မာ အငြိမ့်ပွဲ ကြိုက်တယ်၊ ဒါပေမယ့် ကနေစဉ်မှာ လိပ်ပြာလေးပျံနေသလိုလှတဲ့မင်းသမီးက နားနေတဲ့အခိုက်မှာ ချွဲဟပ်ပြီး ဇာတ်စင်အောက်ကြမ်းပေါက်ကြားက ထွေးချတာကိုတော့လက်မခံနိုင်ဘူး။ နောက်ပြီး မြန်မာ ဆိုင်းဝိုင်းမှာ ဘာကြောင့် ဘော့လုံးပွဲမှာမှုတ်တဲ့ ဝီစီမှုတ်သလဲမသိဘူးတဲ့ ဒီလိုမြင်တယ်။
အယ်။ ။ သူက မြန်မာပြည်မှာ ဘယ်လောက်ကြာကြာနေသွားသလဲ။
သော်။ ။ ၁၉၃၄ ခုနှစ်က စပြီးတော့ပဲ။ စစ်ဖြစ်တော့ မုံရွာ၊ ကလေးဝ၊ တမူးကနေ အိန္ဒိယဆုတ်တဲ့အထဲ ပါသွားတယ်၊ စစ်ပြီးတော့ မြန်မာပြည် ပြန်လာတယ်။ မြန်မာပြည်မှာဖွဲ့တဲ့ ဗြိတိသျှသံရုံးမှာ အတွင်းဝန် လုပ်သေးတယ်။
ပင်။ ။ ဒါကြောင့် သူ့စာအုပ်ကို မင်းပြောင်းမင်းလွဲကာလကျပ်ကြီးလို့ အမည်ပေးခဲ့တာကိုးဗျ၊ တကယ့်သမိုင်း အလှည့်အပြောင်းကာလမှ မြန်မာပြည်ရောက်တာပဲ။
သော်။ ။ ဒေါက်တာဘမော်ကိုလည်း ကိုယ်တိုင်တွေ့ခဲ့ဖူးတယ်၊ ဂဌုန်ဦးစောကိုလည်း လူချင်းတွေ့ စကား ပြောဖူးတယ်၊ ဒေါက်တာဘမော်ဟာ မြန်မာအစစ်မဟုတ်ဘူး၊ အာမေးနီးယန်းကပြားလို့ဆိုတယ်။
အယ်။ ။ သူ့အမြင်က ဘယ်လိုရှိသလဲ။
သော်။ ။ ဒေါက်တာဘမော်နဲ့ သူနဲ့တွေ့တဲ့အချိန်မှာ သူဟာရေနံချောင်းမှာရှိတယ်၊ ရေနံမြေသပိတ်တိုက်ပွဲ မှာ သူကလက်ထောက်ရေနံမြေအရာရှိ၊ သပိတ်ကိစ္စကို သူကအလုပ်ရှင်အလုပ်သမားအမြင်နဲ့ပဲ ဖြေရှင်းဖို့ ကြိုးစားနေတယ်၊ ဒေါက်တာကသူ့ကို ဟေ့ဂလပ်စ် ဒါဟာ အလုပ်သမားပြဿနာမဟုတ်ဘူးကွ၊ နိုင် ငံရေးပြဿနာ၊ ရန်ကုန်က တက္ကသိုလ်ပညာတတ် သခင်ပေါက်စတွေလာပြီး မြှောက်ပေးနေတာ၊ နောက် ကွယ်က နိုင်ငံရေးသွေးထိုးမှုကို မင်း မြင်တတ်ရမယ်လို့ ပြောသွားတယ်ဆိုပဲ။
အယ်။ ။ ဂဌုန်ဦးစောကိုကော။
သော်။ ။ ဦးစောကို နန်းရင်းဝန်ဖြစ်စဉ်က သာယာဝတီလာတော့ သူမီးရထားပေါ်မှာသွားတွေ့တယ်၊ အမယ် ဆာ လို့ ရိုရိုသေသေထားပြီး စကားပြောသားပဲ၊ သူကမီးရထားပေါ်ရောက်တော့ (ဟေ့ ဂလပ်စ် အရက်သောက်ကွာ)လို့ ဖိတ်မန္တကပြုတယ်။ အဲဒီတော့ ဂလပ်စ်က (ဟုတ်ကဲ့ဝန်ကြီးချုပ်၊ ဘာသောက်နေပါ သလဲ) လို့မေးတော့ ဦးစောက (မျောက်သွေးနဲ့ရမ် ရောသောက်နေတယ်။ ကောင်းတယ် သောက်ကြည့်ပါ လား၊ သိပ်အားရှိတယ်) လို့ပြောတယ်။ ဂလပ်စ် က (တော်ပါပြီ ဝန်ကြီးချုပ်၊ ကျွန်တော် ဝီစကီပဲ သောက်ပါ ရစေလို့) တောင်းပန်ယူရတယ် ဆိုပဲ။
ပင်။ ။ ဂျပန်ခေတ်အတွင်းက သူအိန္ဒိယ ရောက်နေခဲ့မှာပေါ့။
သော်။ ။ ဟုတ်တယ်၊ ဂျပန်ခေတ်က အိန္ဒိယပြည်မှာ မြန်မာအစိုးရရုံးစိုက်တဲ့ ဆင်းမလားမှာရှိတယ်။ နောက် မောင့်ဘက်တန်ရဲ့ဋ္ဌာနချုပ် ကန္ဒီမှာ၊ နောက်မြန်မာလို ထုတ်ဝေရိုက်နှိပ်ပြီး လေယာဉ်ပျံပေါ်ကနေကြဲ တဲ့ လေနတ်သားစာစောင်မှာ ဦးသိန်းဖေမြင့်တို့နဲ့တွဲပြီး သတင်းနဲ့ဝါဒဖြန့်ချိရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ တယ်။ အိန္ဒိယပြည်ရောက် မြန်မာအစိုးရအရာရှိအဖြစ် လုပ်ကိုင်ခဲ့တယ်။ အိန္ဒိယပြည်ရောက် မြန်မာအစိုးရ အရာရှိကြီးများနဲ့လည်း ရင်းနှီးတယ်။ သူတို့ဟာ အိန္ဒိယပြည်မှာ နွေလယ်အိမ်မက်တွေ မက်နေခဲ့တယ်။ သူတို့မြန်မာပြည်ရောက်ရင် ဘယ်လိုစနစ်များနဲ့ အုပ်ချုပ်မယ်ဆိုတာပေါ့လေ။ ဒါပေမယ့် သူတို့ရည်ရွယ် ချက်ကတော့ကောင်းကြပါတယ်။ တိုင်းပြည်ကို ပိုမိုတိုးတက်အောင်ပေါ့လေ။ စစ်ဘေးစစ်ဒဏ်ကပြန်ပြီး နာ(နွား)လန်ထူအောင်ပေါ့လေ။ သို့သော် ပြန်ရောက်တဲ့အချိန်မှာ ပကတိအချိန်တွေဟာ ပြောင်းလဲသွားပြီဖြစ် တယ်။ စစ်ပြီးစ မြန်မာပြည်သူလူထုဟာ သူတို့စွန့်ခွာခဲ့တဲ့ စစ်မဖြစ်ခင်ကမြန်မာပြည်သူလူထုမဟုတ်တော့ ဘူးဆိုတာ တွေ့ရတော့တယ်။ အဲဒီမှာထူးခြားတဲ့ ပုဂ္ဂိုလ်နှစ်ဦးကတော့ အရှေ့တောင်အာရှ စစ်သေနာပတိချုပ် လော့ဒ်လူဝီမောင့်ဘက်တန်နဲ့ ဗိုလ်ချုပ်အောင်ဆန်း ပဲတဲ့။
အယ်။ ။ သူရဲ့ထင်မြင်ယူဆချက်က ဘယ်လိုတဲ့လဲ။
သော်။ ။ တစ်စုံတစ်ရာပြောင်းလဲဖို့ဆိုရင် အကြောင်းအရာတွေဟာ တိုက်ဆိုင်လာတယ်။ စစ်ပြီး အင်္ဂလန် မှာ လေဘာအစိုးရတက်လာတယ်။ နောက်ပြီး မောင့်ဘက်တန်ကိုယ်တိုင်က မြန်မာပြည်နဲ့အိန္ဒိယပြည်ကို လုံးဝလွတ်လပ်ရေးမပေးရင်မဖြစ်တော့ဘူး။ ကိုလိုနီနယ်ချဲ့စနစ်ဟာ ခေတ်မမီတော့ဘူး။ လုံးဝလွတ်လပ် တဲ့နိုင်ငံအနေနဲ့ ဗြိတိသျှဓနသဟာယနိုင်ငံထဲမှာ ဝင်စေချင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့အုပ်စုကတော့ ဓနသဟာယနိုင်ငံထဲမှာတောင် မပါဝင်နိုင်ပဲ ဗြိတိသျှနဲ့အပြတ်ခွဲခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ် အတွင်းက လူသတ်မှုနဲ့အရေးယူဖို့ ပြင်ဆင်ပြီးကာမှ မောင့်ဘက်တန်ကိုယ်တိုင် ဝင်ရောက်စွက်ဖက်တားဆီး ခဲ့ရတယ်။
ပင်။ ။ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်လို့ကောဗျာ။
သော်။ ။ အဲ စိတ်ဝင်စားစရာတစ်ချက်ပါတယ်။ စစ်ပြီးနောက်သူဟာ ကမ္ဘာအနှံ့ ရာထူးတာဝန်အမျိုးမျိုးနဲ့ သွား ရောက်ခဲ့ရတယ်။ ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ်နဲ့လည်း လုပ်ခဲ့တယ်။ တစ်နေ့တော့ အင်္ဂလန်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး မစုနဲ့တွေ့တယ်။ မစုဟာ လက်ထပ်ပြီးစဖြစ်တယ်တဲ့။ မစုက သူ့ကို (ကျွန်မ အဖေကို ရှင်တွေ့ဖူးသလား) လို့ မေးတယ်။ သူက (တွေ့ဖူးပါတယ်)လို့ ပြောတဲ့အခါ (ကျွန်မအဖေဟာ ဘယ် သူနဲ့တူသလဲ) လို့မေးတယ်။ သူလည်း အတော်အဖြေရကျပ်နေပြီးမှ (မင်း ရုပ်ရှင်ကြည့်တယ်မဟုတ်လား၊ အေးရုပ်ရှင် မင်းသား ယူလ်ဘရိုင်နာနဲ့ တူတယ်) လို့ပြောလိုက်တော့ မစုက (ဟုတ်တယ်၊ ကျွန်မ အမေက လည်း အဲဒီလိုပဲပြောတယ်)လို့ ပြောရှာသတဲ့။
ပင်။ ။ အေးဗျာ စစ်ပြီးစ မြန်မာပြည်ရဲ့အခြေအနေကို ကျုပ်တို့တွေ မီလိုက်ပေမယ့် အမှတ်တမဲ့မို့ သိပ်တိဘ တိကျကျ ဘာမှမသိရဘူး။ မောင့်ဘက်တန် အစီရင်ခံစာတစ်အုပ်ပဲ အားကိုးစရာရှိတယ်။ သမိုင်းကို ဖြစ်စဉ် အတိုင်း မော်ကွန်းတင်တဲ့ ခိုင်လုံတိကျတဲ့စာအုပ်တစ်အုပ်လောက်တော့ လက်ကိုင်ပြုစရာရှိဖို့ကောင်းတယ်။
သော်။ ။ လက်စလီဂလပ်စ်က ပုဂ္ဂိုလ်အရမှတ်မိသမျှ မီမွိုင်အနေနဲ့ရေးတာပါ။ သိပ်အလေးအနက်ထား ယူလို့ မရပါဘူး။ ဒါပေမယ့် အင်္ဂလိပ်တွေဟာ အလုပ်လုပ်တဲ့နေရာမှာ သိပ်စေ့စပ်သေချာတယ်၊ မှတ်တမ်းပြု စုတဲ့နေရာမှာ ဟာကွက်မရှိစေရဘူး။ သမိုင်းကို ဖြစ်စဉ်အတိုင်း စာပေအထောက်အထားများနဲ့ ရေးသား ထားတဲ့စာအုပ်ရှိပါသဗျာ။ လျှို့ဝှက်စာတမ်းများဥပဒေအရ နှစ်ပေါင်းသုံးဆယ်ကာလတာစောင့်ပြီး ထုတ်ဝေ လိုက်တဲ့စာအုပ်ကတော့ ဘုရင်ပုံနှိပ်တိုက်ကရိုက်နှိပ်လိုက်ပြီး ဟယူတင်ကာ ဆိုသူ တည်းဖြတ်တဲ့ မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း၊ ၁၉၄၄-၁၉၄၈ ဆိုတဲ့စာအုပ်ပါပဲ။ ပေးစာ၊ ပြန်စာ၊ အကြောင်းကြားစာ၊ အစီရင်ခံစာတွေ အတိအကျနဲ့ မှတ်တမ်းတင်ထားပါ တယ်။ အုပ်တွဲနှစ်တွဲရှိတယ်။
အယ်။ ။ လုပ်စမ်းပါဦး၊ ဒီစာအုပ် ခင်ဗျားဆီမှာရှိသလား။ ဖတ်ကြည့်စမ်းပါရစေ။
သော်။ ။ ကြံကြံဖန်ဖန် ဘယ်ကလာရှိရမှာလဲ၊ ကျွန်တော်ထင်ပါတယ်။ ဒီစာအုပ်တွဲနှစ်တွဲစလုံးဟာ မြန်မာပြည်မှာရှိလှရင် ပုဂ္ဂိုလ်သုံးလေးဦးစီမှာသာ ရှိပါတယ်။ ကျွန်တော်တို့က မ၀ယ်နိုင်ခဲ့ပါဘူး။ စာအုပ်က တစ်အုပ်ကို စတာလင်ပေါင် တစ်ရာနီးပါးကျပါတယ်။ ခု မြန်မာပြည်မှာရှိတယ်ဆိုတဲ့ စာအုပ်ကလည်း အယ်ဒီ တာလုပ်သူ ဟယူးတင်ကာက ပုဂ္ဂိုလ်အရလက်ဆောင်ပေးပို့တဲ့စာအုပ်သာ ဖြစ်ပါတယ်။
ပင်။ ။ ခင်ဗျား က ဘယ်လိုလုပ်သိသလဲ။ ဘယ်သူတွေဆီမှာရှိသလဲ။
သော်။ ။ အဲဒီ လက်စလီဂလစ်ရဲ့ မီမွိုင်မှာ ဖော်ပြထားတယ်လေ။ နောက်ပြီး အယ်ဒီတာ ဟယူးတင်ကာ ကိုယ်တိုင် တစ်လောဆီက မြန်မာပြည်လာသွားပါတယ်။ ဘယ်သူတွေဆီမှာ ရှိသလဲဆိုတာကိုတော့ ကျွန်တော် အတိအကျ မသိသေးပေမယ့် ခေတ္တငှားရမ်းဖတ်ရှုနိုင်ဖို့တော့ ကြိုးစားနေပါတယ်။
အယ်။ ။ ဘာလဲ ခင်ဗျားကလက်သိပ်ထိုး ဘာသာပြန်ဦးမလို့လား။
သော်။ ။ ထပ်သရီး၊ ကျွန်တော်က ဒါမျိုးဘာသာပြန်နိုင်တဲ့ အရည်အချင်းမရှိပါဘူး။ နောက်ပြီး ကျွန်တော်တို့ စာဖတ်ပရိသတ်ကလည်း ဒီလိုစာအုပ်ဘာသာပြန်ကို ဖတ်ချင်လောက်အောင် မရင့်ကျက်ကြ သေးပါဘူး။ နောက်ပြီးတော့ ဘာသာပြန်ရင်ကော ဘယ်မှာလဲ စက္ကူဆိုသာရုံ တစ်ပတ်ကျော်စက္ကူပွနဲ့တောင် ဈေးကြီးလွန်းလို့ တတ်နိုင်မှာမဟုတ်ပါဘူး။ စာပေငတ်မွတ်ခေါင်းပါးခြင်းတစ်မျိုးလို့ ဆိုရမှာပါပဲဗျာ။
ခင်းဗျားအတွက် အယ်လ်ကိုဟော ချို့တဲ့ခြင်းထက် ပိုလို့များဆိုနိုင်မလား၊ ပင်စင်နာ အရက်လျှောက်လွှာတင် ၀ယ်ယူနိုင်ဖို့ပဲ ပထမကြိုးစားကြည့်စမ်းပါဦးလေ၊ ကဲ ကဲ ဒီညနေ ဂလက်စမော့မှာတော့ လက်စလီဂလစ်စ်ရဲ့ မင်းပြောင်းမင်းလွဲကာလကျပ်ကြီးနဲ့ပဲ စခန်းသိမ်းကြဦးစို့ရဲ့။
ဆက်ရန်
0 comments:
Post a Comment