Wednesday, October 19, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၂)မျိုးမြင့်ချို

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း ၃၂) အောက်တိုဘာ ၁၂ ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေကလွှင့်ထုတ်ပြီးဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်လူထုအုံကြွမှုကြီးမှာတတိုင်းပြည်လုံး ကသောင်းကနင်းဖြစ်ရသလို ကျနော်တို့မြို့ကလေးလည်း ဖြစ်ခဲ့တာပါပဲ။ အုပ်ချုပ် ရေးယန္တရားကြီးတခုလုံးလည်းပြိုလဲ၊ သပိတ်တိုက်ပွဲနဲ့တန်ပြန်သပိတ်ဖြိုခွဲရေးတွေလည်း ဒွေးရောယှက်တင်ဖြစ်နေသလို အဖိနှိပ်ခံလူထုရဲ့ ဒေါသရေချိန်လည်း အမြင့်ဆုံးရေမှတ်ကို ရောက်နေတာဖြစ်ပါတယ်။ အဲသလိုအခြေအနေအောက်မှာ အချိန်နဲ့အချက်အလက်စုံတဲ့အထိ စောင့်လုပ်ရတာထက် လက်တွေ့ကျကျနဲ့အပြေလည်ဆုံးဖြစ်ရေးကို ဦးစားပေးပြီးဖြေရှင်းတဲ့ကြားကပဲ လွဲချော်ခဲ့ရတာတွေရှိခဲ့ပါတယ်။
နိုင်ငံရေးတောင်းဆိုသံတွေကြားမှာ ပုဂ္ဂိုလ်ဆန်ပြီးဒေါသစွက်တဲ့လက်စားချေရေးဆိုတာတွေလည်း    ကြိုကြားကြိုကြားထွက်ထွက် လာပါတယ်။ ဒါကိုအပြစ်လည်းမဆိုသာသလို သွားတားဖို့ဆိုတာလည်း အန္တရာယ်အလွန်ကြီးပါတယ်။ ဒေါသထွက်နေတဲ့လူထုကို သွေးဆူတဲ့လူအုပ်ကြီးဖြစ်ရေး လုပ်ရလွယ်သလောက် တည့်မတ်တဲ့လမ်းကြောင်းပေါ် တွန်းတင်ဖို့ဆိုတာအလွန်ခက်ပါတယ်။ လူဟာ သွေးဆူလာရင် အချိန်အဆနည်းတတ်တဲ့ သဘာဝရှိပါတယ်။ အဲဒါရဲ့ အကျိုးဆက်က ကြီးမားတဲ့ဆုံးရှူံးမှုဆီ ရောက်သွားတတ်ပါတယ်။ ဆုံးရှူံးပြီဆိုရင် နစ်နာရပါတယ်။ နစ်နာမှုအတွက်အပြစ်ဖို့ရင်း ညီညွတ်ရေးပါလာထိခိုက်တတ်ပြန်ပါတယ်။ ဒါဆိုရင် ရည်မှန်းချက် ပေါက်ဖို့ဆိုတာ အလှမ်းဝေးသွားတတ်ပါတယ်။ အာဏာကိုကျားကုပ်ကျားခဲကာကွယ်နေတဲ့ မဆလကလည်း အဲသလိုအခြေ အနေတွေမဖြစ်ဖြစ်အောင် တန်ပြန်သပိတ်ဖြိုခွဲရေးနဲ့ လူထုကြားသွေးလန့်ခြောက်ခြားမှုတွေကို စနစ်တကျလုပ်ခဲ့တယ်ဆိုတာ မငြင်းသာတဲ့ကိစ္စလို့ထင်ပါတယ်။
အဲဒါနဲ့စပ်လို့ ကျနော်တို့ဆီမှာဖြစ်ခဲ့တာတခုကို ဥပမာတခုထားပြီးတင်ပြချင်ပါတယ်။ အချိန်က တိုင်းပြည်ရဲ့ဒေါသရေဆူမှတ် အမြင့် ဆုံးအချိန်လို့ ပြောရမယ်ထင်ပါတယ်။ ကျနော်တို့ဆီမှာလည်း အခြားသူတွေရဲ့စုဖွဲ့လှုပ်ရှားမှုတွေက အားကောင်းလာတာနဲ့အမျှ အထွေ ထွေသပိတ်တိုက်ပွဲဖော်ထုတ်ရေး ဆွေးနွေးနေကြချိန်လည်းဖြစ်ပါတယ်။ တဦးချင်းထွက်လာသူတွေလည်း ရပ်ကွက်နဲ့အလုပ်နယ် ပယ်တူရာစုမိပြီးမြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာကြပါတယ်။ အထွေထွေသပိတ်ရဲ့ဦးဆောင်မှုအပိုင်းနဲ့အသေးစိတ်ကိစ္စတွေ တိုင်ပင်နေတုန်း မှာပဲ စိတ်မရှည်နိုင်တော့ဘူးဆိုတဲ့ အသံတွေထွက်လာပါတယ်။ ကျနော်တို့ဘက်မှာလည်း အားလုံးပါဝင်လာနိုင်ရေး ဇောင်းပေးပြီး လုပ်ရတာဆိုတော့ အချိန်က ထင်တာထက်ပိုကြာနေတာလည်းအမှန်ပါပဲ။ အဓိက ကတော့ ရဲတပ်ဖွဲ့ဝင်တွေပါ။ သူတို့လည်း လူထုနဲ့ အတူပါဝင်လာရေးဖြစ်နေလို့ အချိန်ပေး နေရတာဖြစ်ပါတယ်
ဖြစ်ခဲ့တဲ့ရက်ကို အသေအချာမမှတ်မိတော့ပေမယ့် ဦးစိန်လွင်လက်ထက်မှာ ဆိုတာကတော့သေချာပါတယ်။  တညနေမှာ “ဒီည မှောင်တာနဲ့ တမြို့လုံးမီးမှောင်ချလိုက်ပြီး လူတွေလမ်းပေါ်ထွက်မယ်။ ဆန္ဒပြရင်းအရှိန်ရလာရင် ရဲစခန်းဝင်စီးပြီးလက်နက်တွေသိမ်း မယ်။ ပြီးရင် မြိုဝင်ကြေးဂိတ်က စစ်တပ်ကိုဝင်စီးမယ်” ဆိုတဲ့အသံတွေကြားရပါတယ်။ ရဲစခန်းက မြို့လည်ကောင်က လမ်းဆုံတည့် တည့်မှာရှိပါတယ်။ ညနေမစောင်းခင်မှာပဲ အဲဒီလမ်းဆုံနေရာကို စစ်ကားတချို့ရောက်လာပြီး ရဲစခန်းဝင်းထဲမှာတပ်စွဲ နေရာယူလိုက် ပါတယ်။ သဲအိပ်ချ၊ ကတုတ်လုပ်၊ ပစ်ကျင်းတူးတွေလည်း လုပ်ပါတော့တယ်။  ရပ်ကွက်နီးနားတွေလည်းလန့်ပြီး ဟိုပြောင်းဒီပြောင်းနဲ့ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ကုန်ပါတယ်။ ကျနော်တို့လည်း ဖြစ်လာနိုင်စရာကို တွက်ဆမိလိုက်ပါပြီ။ အခြေအနေကတော့ သိကြားမင်းဆင်း တားတောင် မရနိုင်တော့ပါဘူး။ ကျနော်တို့သဘောထားကတော့ “စနစ်တကျဖြစ်ရေး၊ ကိုယ့်ဘက်ကစပြီးအကြမ်းမဖက်ရေး” ပဲဖြစ်ပါ တယ်။ ဒီပွဲမှာ စစ်တပ်နဲ့လူထု သူ့ဘက်ကိုယ့်ဘက် အားစမ်းကြည့်ရင်း နောက်ပွဲတွေအတွက်ပြင်ဆင်စရာတွေ ရလာမယ်လို့လည်း တွက်နေမိပါတယ်။
ကျနော်တို့အစီအစဉ်က လူတွေထွက်လာတာနဲ့ လမ်းဆုံရှေ့မရောက်ခင်တနေရာမှာ စုပြီးတရားဟောမယ်။ လမ်းဆုံကိုကွင်းပြီး ရပ် ကွက်တွင်းလမ်းတွေကနေ မြို့မြောက်ပိုင်းကိုချီတက်မယ်။ လမ်းတလျှောက် ကြွေးကြော်သံတွေတိုင်မယ်။ မြောက်ပိုင်းက စုရပ်မှာ တရားပွဲလုပ်မယ်။ ပြီးရင်  လူစုခွဲအိမ်ပြန်မယ်ပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်းမှောင်စပြုလာပါပြီ။ ခနနေတော့ “ဖြောင်း”ကနဲအသံနဲ့အတူ တမြို့လုံး မီးမှောင်ကျသွားပြီး ဟိုကဒီက ကြွေးကြော်သံတွေထွက်ချလာပါတယ်။ ကျနော်တို့လည်း နဂိုအစီအစဉ်အတိုင်းဖြစ်ရေး အတွက် လုံးပမ်းကြပါတယ်။ ဒါပေမယ့် နောက်ကျသွားပါပြီ။ ကျနော်တို့တွက်သလို ဖြစ်ဖို့အခြေအနေကဝေးသွားပါပြီ။ လမ်းပေါ်မှာ လူတွေပြည့်နေပြီး တယောက်တပေါက်တွေနဲ့ ထိန်းရခက်သွားပါပြီ။ ကျနော်က လူအုပ်ကြီးရဲ့အစွန် လမ်းဆုံနားနီးတဲ့ဘက်ရောက်လာ အကဲခတ်ကြည့်လိုက်တော့ လက်နှိပ်ဓါတ်မီးရောင်တွေ၊ အော်ဟစ်အမိန့်ပေးသံတွေ ကြားနေရပါတယ်။
ကျနော် ထူပူသွားပါတယ်။ နေရာယူနေကြတာက စစ်သားတွေပါ။ ကိုင်ထားတာက မောင်းပြန်သေနတ်တွေပါ။ သေနတ်အကြောင်း ကျနော်ကောင်းကောင်းသိသူပါ။ ဂျီသရီးတလက်ရဲ့ပစ်အား ဘယ်လောက်ရှိကြောင်း ကျနော်သိပြီးသားပါ။ အခု လူတွေ ဒီဘက်ကို တက်လာကြတော့မှာပါ။ တက်လာတာနဲ့ ဘာမပြောညာမပြော လူအုပ်ထဲကိုပစ်ကြတော့မှာပါ။ လူတွေ ရှေ့ဆက်မတက်ရေး၊ ရောက် တဲ့နေရာ ရပ်နေရေးပြောမယ်ဆိုပြီး  ကျနော် လူအုပ်ထဲပြန်တိုးဝင်လာတဲ့အချိန်မှာတော့  “ဘာမှမဖြစ်ဘူး၊ ဒီကောင်တွေမပစ်ရဲဘူး၊ ပစ်လည်းဘာမှ မဖြစ်ဘူး၊ ငါတို့က ထောင်ချီနေတာ၊ လေးငါးရှစ်ယောက်လောက်တော့ မှုစရာမလိုဘူး၊ အသေခံချမယ်” စတဲ့ အသံတွေ။ “ဟုတ်တယ်၊ ချမယ်၊ ချမယ်၊ တက်မယ်၊ တက်မယ်” ဆိုတဲ့အသံတွေကြားမှာ၊ ကျနော့်ပါးစပ်က “ခင်ဗျားတို့တို့မှုရမှာ လူတွေမဟုတ်ဘူး၊ သေနတ်တွေ၊ မောင်းပြန်သေနတ်တွေ၊ ဘာဆင်ခြင်တုံတရားမရှိတဲ့ မူးနေတဲ့စစ်သားတွေ၊ မတက်ကြနဲ့၊ မတက် ကြပါနဲ့” လို့ သွေးရူးသွေးတမ်း အော်သံကိုတော့ ဘယ်သူမှမကြား တော့ပါဘူး။
လူတွေဟာ ကြွေးကြော်သံတွေနဲ့အတူ သေနတ်ပြောင်းဝတွေဆီကို ချီတက်သွားကြပါပြီ။ လမ်းဆုံဘက်က အမိန့်ပေးသံတွေနဲ့အတူ မောင်းပြန်သေနတ်တွေရဲ့ ဖြောင်းကနဲဖြောင်းကနဲ ကျည်ထိုးသံတွေလည်းကြားနေရပါပြီ။ ကျနော်လည်း ကမူးရှုးထိုးနဲ့ လူတွေနောက် က လိုက်လျှောက်အော်ရင်း မှောင်ထဲမဲထဲခလုပ်တိုက်လိုက်၊ လဲကျလိုက်ပြန်ထလိုက် ဖြစ်နေပါတယ်။ နောက်ဆုံး ကျနော် ဂျိုင်းထောက်တခြား လူတခြားလဲကျသွားပြီး ပြန်အားယူထလိုက်တယ်ဆိုရင်ပဲ “ပစ်” ဆိုတဲ့အသံနဲ့အတူ သေနတ်သံတွေ ညံထွက် သွားပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment