Monday, October 17, 2011

အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့်ကျနော်(မျိုးမြင့်ချို)

0 comments

(အာဏာပါးကွက်၊ ခရစ္စတိုဖာဂါးနက်နှင့်ကျနော်) အင်္ဂလန်က မြန်မာ့ အရေးဆောင်ရွက်နေသူ ဓါတ်ပုံဆရာ James Mackay က တရက်တွင် ကျနော့်ကို အီးမေးလ်ပို့ပြီးဆက်သွယ်လာ၏။ သူက နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး အတွက် ဓါတ်ပုံကမ်ပိန်းတခုလုပ်နေသည်။ သူ့အီးမေးလ်တွင် မကြာခင် သူ အမေရိ ကန်က ဖို့ဝိန်းမြို့ကလေးကိုလာမည်။ ဒီက နိုင်/ကျဉ်းဟောင်းတွေနှင့်တွေ့ချင်သည်။ မိမိလွတ်စေ့ချင်သူ နိုင်/ကျဉ်းတဦးဦး၏ အမည်ကိုလက်ဖဝါးတွင်ရေးပြီးဓါတ်ပုံရိုက်မည်။ ပြီးလျှင် ထိုပုံတွေကိုစုပြီး ဓါတ်ပုံပြပွဲလုပ်မည်။ ပြီးလျှင်စာအုပ်ထုတ်မည်။ စီစဉ်ပေးနိုင်ပါ သလားဟုမေး၏။ ကျနော်က အတတ်နိုင်ဆုံးအဆင်ပြေအောင်ကူညီမည်။ လာသာလာခဲ့ ပါဟု အကြောင်းပြန်လိုက်၏။ ထို့နောက် ကျနော်လည်း ဒီမှာရှိသည့် လက်လှမ်းမီသမျှနိုင်/ကျဉ်းဟောင်းတွေကို အသိပေး၏။ ဖိတ်ခေါ်၏။ တချို့လည်း ပါကြသလို တချို့လည်းမပါ။ သူ့အကြောင်းနှင့်သူ ရှိကြလိမ့်မည်။ နောက်တော့ သူရောက်လာ၏။
လက်ဖဝါးပေါ်တွင်နံမည်ရေးပြီးဓါတ်ပုံအရိုက်ခံဖို့ မိမိလွတ်စေ့ချင်သူတဦး၏နံမည်ရွေးပါဆိုတော့ စိတ်တွေမွန်းကျပ် ရတော့သည်။ ဖြစ်နိုင်လျှင် ထောင်ထဲကနိုင်/ကျဉ်းတွေအားလုံး၏အမည်ကို ရေးချလိုက်ချင်၏။ သို့သော်မဖြစ်။ သူ့ကမ်ပိန်းက သူ့ အစီအစဉ်သာဖြစ်သည်။ သူမလာခင်ကတည်းက လူဆယ်ဦးအမည်ကိုရွေးထုတ်ထားခဲ့၏။ ထိုသူတွေထဲမှ တဦးဦးကိုကျနော်ရွေး မည်။ သူများရွေးပြီးသူကို ထပ်ရွေးခွင့်မရှိဆိုတော့ ထိုဆယ်ဦးတွင် အနည်းဆုံးတဦးတော့ သူများမရွေးရသေးသူဖြစ်ပါစေဟု ဆန္ဒဖြစ်မိ၏။ သူ့စာရင်းတွေထဲက မိမိတေးထားသူတွေကိုလိုက်ရှာ၏။ တယောက်ကြည့်လည်းရွေးပြီးသား။ နောက်တယောက် လည်းရွေးပြီးသား။ ဒီလိုနှင့် ကျနော့်ဆယ်ဦးက ကုန်လုကုန်ခင်မှာပဲ တယောက်ကိုသွားတွေ့သည်။ ဘယ်သူမှ မရွေးရသေး။ သို့နှင့် ကျနော်သူ့ကိုရွေးလိုက်၏။ ကျနော့်လက်ဖဝါးတွင် သူ့နံမည်ကိုတင်ပြီးဓါတ်ပုံရိုက်၏။ သူက ဦးနေမင်း (ခေါ်) ဦးဝင်းရွှေ။
နိုင်/ကျဉ်းတွေလွှတ်ပေးမည်ဟု အသံတွေထွက်လာကတည်းက လွတ်လာလေမလားဟုစိတ်မောမောနှင့် ကျနော် မျှော်မိ သူများထဲတွင် ကိုစိုးမြင့်(ဆရာစိုး)နှင့် သူလည်းထိပ်ဆုံးကပါခဲ့၏။ ဆရာစိုးကို မျှော်မိသည်က တဘဝလုံးတွင် ထောင်ထဲကုန်ရသည့် အချိန်ကပိုများသူဖြစ်နေ၍။ ဦးနေမင်းကိုမျှော်မိသည်က “ငါနံမည်ရွေးထားသူလွတ်ပါစေ” ဆိုသည့် စိတ်အခံကြောင့်ဖြစ်သည်ကို လည်း မိမိဘာသာသိနေ၏။ ဆရာစိုးနှင့်ကျနော်က သာယာဝတီထောင်တွင် တခန်းတည်း ၅ နှစ်ခန့်အတူနေခဲ့သူမို့ လက်ပွန်းတတီး ရှိသော်လည်း ဦးနေမင်းအကြောင်းတော့ ကျနော့်အနေနှင့် များများစားစားမသိ။ သို့သော် ထောင်တွင်းမတရားမှုများစွာအနက်မှ တခုတွင် သူနှင့်ကျနော်အတူတိုက်ခဲ့ကြဖူးသဖြင့် စိတ်အမှတ်တွင် ထင်း နေသူဖြစ်၏။ သူက ဗဟိုတရားရုံးရှေ့နေ၊ ၁၉၈၈ အစမှအဆုံး တိုင်အောင် ပြည်ပမီဒီယာများနှင့်ဆက်သွယ်ပြီး နိုင်ငံတကာနှင့်ပြည်တွင်းကို ဖော်ထုတ်တင်ပြသတင်းမျှခဲ့သူ၊ တချို့က သူ့ကို ခရစ္စ တိုဖာဂါးနက်ဟုခေါ်၏။ လူပုံက ပုပြတ်ပြတ် သေးသေးညှက်ညှက်၊ ယုံကြည်ရာတွင် ပြတ်ပြတ်သားသားရှိသူ၊ စကားပြောလျှင် ဋ္ဌာန်နှင့်မာန်နှင့်ပြောတတ်သူ၊ အပြုံးပိုတွေနှင့်လူမှုရေးကောင်းအောင် တည်ဆောက်တတ်သူတော့မဟုတ်။  ကျနော်သူနှင့်အတူ လုပ်ခဲ့သည့်ကိစ္စကို ရေးမည်ရေးမည်ဟု စိတ်တွင်ရှိနေသော်လည်း မရေးဖြစ်ခဲ့။ အကြောင်းရှိ၏။ သူ့ကိုထောက်ရ၏။ သူက ထောင် ထဲမှာရှိနေဆဲမို့ဖြစ်၏။ ခုတော့ချရေးဖြစ်၏။ ဘယ်တော့ပြန်အဖမ်းခံရဦးမည်မဆိုနိုင်သော်လည်း ယခု သူ နောက်တကြိမ် လွတ်လာပြန် ပြီ။ ဒါကတချက်။ နောက်တချက်က လွန်ခဲ့သည့် အနှစ် ၂ဝ ကျော်က ထောင်တွင်းမှာဖြစ်ခဲ့သည့်ကိစ္စအတွက် သူပြန်အဖမ်းခံရစေဦး အာဏာပိုင်တို့အညှိုးအတေးပြေပြီး လက်စားချေမှုလည်း မပြုတန်ကောင်းရဲ့ဟု တွေးမိတာလည်းပါ၏။
ကျနော် ဒုတိယအကြိမ်ပြန်အဖမ်းခံရပြီး သြဂုတ်လထဲတွင် အင်းစိန်ထောင် ၁ တိုက်သို့ ပုဒ်မ ၁ဝ (က)နှင့်ရောက်လာ၏။ ၁ တိုက်တွင် သူရှိနေပြီ။ ထိုအချိန်ကား အဖမ်းအဆီးကြမ်းသလောက် စိတ်လည်းစိတ်၏။ အနှိပ်အကွပ်လည်းပြင်း၏။ တနေ့တနေ့ ထောင်ကိုရောက်သည့် နိုင်ငံရေးမှုဘယ်လောက်များသလဲဆိုလျှင် ဝါဒါတွေကပင် “၅ (ည)တွေကလည်း ကျိုင်းကောင်အုပ်ကျနေ သလိုပါပဲလား” ဟုပြောရလောက်အောင်ဖြစ်နေ၏။ ရောက်လာသည့်သူအများစုကို တိုက်ဝင်းထဲပို့၏။ တိုက်ဝင်းထောင်မှူးများ ကလည်း စစ်ထောက်လှမ်းရေးအလိုကျ ၅(ည)တွေကို ပယ်ပယ်နယ်နယ်နှိပ်ကွပ်ပေး၏။ ၅ (ည) ဟုဆိုရာတွင်လည်း စီးပွားရေး ၅(ည)ဟု ဆိုသည့်သူများလည်းပါ၏။ ထိုသူတွေက ငွေးကြေးတတ်နိုင်၏။ ထောင်မှူးထောင်ပိုင်တွေကို ဝယ်နိုင်၏။ ဝယ်လည်းဝယ်ထား ၏။ ထောင်နှင့်ထောက်လှမ်းရေးအမြင်တွင် ထိုသူများသည် ကိုင်တွယ်ရလွယ်ပြီး အန္တရာယ်နည်းသူများဖြစ်၏။ ထောင်ဘက်ကလည်း ၅(ည)ချင်းအတူတူ နိုင်ငံရေး၅(ည)နှင့် စီးပွားရေး၅(ည)ကို အတူထားသော်လည်း ခွဲခြားကိုင်တွယ်ဆက်ဆံ၏။  တချို့စီးပွားရေး သမားများကား နိုင်ငံရေးနှင့်နွယ်၍သာ ထောင်ထဲရောက်လာသည်မှန်သော်လည်း နိုင်ငံရေးစိတ်မဝင်စား။ အထူးသဖြင့် ထောင်တွင်း က အခွင့်အရေးနှင့်ဂုဏ်သိက္ခာအတွက် တိုက်ရသည့်တိုက်ပွဲတို့တွင် ပါလေ့မရှိကြ။ ထိုသို့မပါသဖြင့် အပြစ်မဆိုသာဟုထင်၏။ တချို့က နိုင်ငံရေးသမားကို ကူညီပင်ကူညီကြသေး၏။
ကျနော် (၁)တိုက်သို့မရောက်ခင် ရက်ပိုင်းကလေးကမှ တိုးကျော်လှိုင်အမှုတက်ထား၏။ ကိစ္စက ပုံစံစောင်ပေါ်တွင် ကဗျာရေးမှု။ တလာစီတော့ သူ့အခန်းမှာထိုစောင်ကို ထောင်မှူးမောင်ပြုံးက မိသည်ဆို၏။ ထိုအချိန်က တိုက်ဝင်းထောင်မှူးများအနက် မောင်ပြုံးနှင့်ချစ်မောင်မှာ နံမည်ကြီးအာဏာပါးကွက်သားများ။ ပုံစံစောင်ပေါ်ကဗျာရေးမှုအတွက် တိုးကျော်လှိုင်ကို ကျန် ၅ (ည)များရှေ့တွင် မြေကြီးပေါ် မှောက်ခိုင်းပြီး ထောင်မှူးမောင်ပြုံးက စိတ်ကြိုက်ရိုက်ပြလိုက်၏။ ၅(ည)တွေ မကျေမချမ်းဖြစ်ကာ အခန်းများ အတွင်းက အော်ဟစ်ဆန္ဒပြကြ၏။ မောင်ပြုံးကားမလျှော့။ မလျှော့သည့်အပြင် စစ်ခွေးတိုက်သို့ပါ ပို့လိုက်သေး၏။ ပါးစပ်ကလည်း “မင်းတို့ချစ်တဲ့တိုးကျော်လှိုင် အခုတော့ဘာဖြစ်သွားပြီလဲ” ဟုဆိုကာ မထေမဲ့မြင်ပင်ဆိုသေး၏။ တိုးကျော်လှိုင်ကား ထောင်တွင်း အတူနေ ၅(ည)များအတွင်း လူချစ်လူခင်များသူဖြစ်တော့ မောင်ပြုံးအပေါ် ၅(ည)တို့အမျက် နှစ်ထပ်ကွမ်းသင့်၏။ သင့်လည်းသင့် ထိုက်သည်မြင်၏။
ကျနော်ရောက်တော့ တခန်းတည်းအတူနေ ကိုတင်ဆန်း (ရကသ) ကထိုအကြောင်းပြောပြရင်း မျက်ရည်လည်သည်ကို လည်းကောင်း၊ ကိုအောင်လွင့်(မင်းသား၊ဒါရိုက်တာ)မျက်နှာပေါ်တွင် ကျိတ်မနိုင်ခဲမရ အမျက်ရိပ်တို့ ဖျတ်ဖျတ်ထနေသည်ကို လည်းကောင်း၊ စစ်ကိုင်းတင်ဝင်းနှုတ်မှ “ဒီကောင့်ကို တခုခုတော့ပြန်လုပ်မှဖြစ်မယ်” ဟု အံကြိတ်ပြောသံကိုလည်းကောင်း ယခု တိုင်မှတ်မိနေသေး၏။ ကျနော်လည်း ကိုယ်တိုင်သာမတွေ့လိုက်ရသော်လည်း လက်သဲဆိတ်တော့လက်ထိပ်နာ၏။ သို့နှင့် ထောင်မှူးမောင်ပြုံးအား တနည်းနည်းဖြင့် တုန့်ပြန်ရေး အတွက်တွေးမိကြ၏။
ထိုစဉ်က (၁) တိုက်တွင် ဦးရဲထွန်းအမှုတွဲ ဒါဝတ်ဂျင်းဝါးလား(ဒါဝတ်ဂျမားဟုလည်း တချို့ကဆိုသည်) ဟုဆိုသည့် စူရတီ မွတ်ဆလင်မ်အဖိုးကြီးတဦးလည်းရှိနေ၏။ ကျန်းမာရေးသိတ်မကောင်းလှ။ ဆေးဝါးအစုံမှီဝဲနေရသူဖြစ်၏။ သူက စီးပွားရေးသမား မှန်သော်လည်း နိုင်ငံရေးနှင့်နွယ်ပြီး ထောင်ထဲရောက်လာသူ။ သူနှင့်တခန်းတည်းတွင် နိုင်ငံရေး ၅(ည) ၃ ဦးလည်းအတူနေရ၏ (အမည်များမမှတ်မိတော့ပါ၊ မှတ်မိသူများရှိပါက ပြန်ဖော်ပေးပါရန်မေတ္တာရပ်ပါသည်) သူလည်း အခြား ၅(ည)များနည်းတူ ထောင်ဝင်စာတွေ့ခွင့်မရှိ။ တပတ်တကြိမ် အိမ်မှလာပေးသည့် ပါဆယ်လ်ကိုသာရနေ၏။ သို့သော် ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်က သူ့အိမ်သို့အဝင်အထွက်လုပ်ကာ သူလိုသမျှပစ္စည်းတွေကို ဒိုင်ခံသွင်းပေးထားသဖြင့် သူ့တွင်ဆေးဝါးအစားအသောက်တင်မက ဖတ်စရာစာအုပ်တွေပါရှိနေ၏။ သူ  အဆင်ပြေနေ၊ စားနေဖတ်နေရသည့်အတွက် ကျနော်တို့တွင် မကျေမနပ်ဖြစ်စရာအကြောင်း လည်းမရှိ။ သူ့အပေါ်လည်း အားလုံးက စာနာနားလည်ကြ၏။ သူကလည်း ဘယ်သူ့ကိုမှ ဒုက္ခမပေး။ မပေးသည့်အပြင် ကူညီပါကူ ညီသေး၏။ ထောင်မှူးမောင်ပြုံး၏ခွဲခြားဆက်ဆံမှုနှင့် လာဘ်ပေးလာဘ်ယူမှုကို ဖွင့်ချပြီးမှတိုက်ရမည်ဆိုလျှင် သူပါမောင်ပြုံးနှင့် အမှုတွဲသွားနိုင်သဖြင့် ဘာမှမလုပ်ပဲနေနေကြ၏။ သို့သော် ယခုကား အခြေအနေပြောင်းသွားပြီ။ မောင်ပြုံးအပေါ်အမျက်သင့်မှုက ကြီးသထက်ကြီးသွားပြီ။ သူ့ဖိနှိပ်မှုကလည်း အမြင့်ဆုံးစော်ကားမှုသို့ရောက်သွားပြီ။ တခုခုပြန်လုပ်ဖို့  နည်းလမ်းရှာတော့ဒါဝတ် ဂျင်းဝါးလားကြီးနှင့်ကိစ္စကို တည်ပြီးတိုက်မှရတော့မည်။ ဟိုလူကြီးပါ ငြိသွားနိုင်သည်။ မတတ်နိုင်။ လုပ်တာကတော့ လုပ်ရတော့မည်။ အားလုံးအကျိုးစီးပွားအတွက်ဆိုတာကိုသာ မျက်နှာမူရတော့မည်။ ရွေးစရာအခြားနည်းလမ်းကမရှိ။ ဆိုတော့ စစ်ထောက်လှမ်းရေးကို ပြောရတော့မည်။ ထောင်အာဏာပိုင်ကိုတိုက်ဖို့ သူတို့နှင့်ပူးရမည်။ ဒါကလွဲလို့အခြားမရှိ။
ကျနော့်သဘောအမှန်အတိုင်းဆိုရလျှင် ထောင်အာဏာပိုင်ကိုတိုက်ဖို့ ထောက်လှမ်းရေးနှင့်ပူးရမည်ဆိုသည့် အမြင်ကို လက်ခံလို့မရ။ လက်ခံလို့မရသည်မှန်သော်လည်း လောလောဆယ်မှာသည်လမ်းပဲရှိနေ၏။ ထောင်အာဏာပိုင်ဆိုသည်က စစ်ထောက်လှမ်းရေးက ခိုင်းသည့်အတိုင်းလုပ်ရသူများ။ သူကြီးခိုင်းလို့ ဆယ်အိမ်ခေါင်းက ရွာသားကိုရိုက်၏။ ကျော်မကောင်းကြား မကောင်းနှင့် ဖုံးမနိုင်ဖိမရတွေဖြစ်လာ၏။ ဒီတွင် ရွာသားက သူကြီးကိုတိုင်၏။ အဖြေက ဘယ်လိုထွက်လာမည်နည်း။ ရှင်းနေသည်။ သူကြီးက ဆယ်အိမ်ခေါင်းကို ကာနိုင်သမျှကာမည်။ ဖေးမမည်။ မကာနိုင်ဖေးလို့ပင်မရနိုင်တော့လျှင် ဆယ်အိမ်ခေါင်းကို ထိုးကြွေးပြီး သူတော့ အလွတ်ရုန်းမည်။ ဒါက ဥပဒေမဲ့သူတို့ လုပ်နေကြ။ ကျနော်တို့က သူကြီးတိုက်ရင်းထောင်ထဲရောက်လာသူတွေမှန်သော် လည်း လက်ရှိအနေအထားက သူကြီးကိုအပြုတ်မတိုက်နိုင်သေး။ ဆိုတော့ ဆယ်အိမ်ခေါင်းကိုတိုက်ရင်း သူကြီးကိုဖွင့်ချရတော့မည်။   လောလောဆယ်မှာ ဆယ်အိမ်ခေါင်းပြုတ်လျှင်ပဲ တော်လှပြီ။ နည်းလမ်းတော့ရပြီ။ ဘယ်သူတွေလုပ်ကြမလဲဆိုသည့် အမေးထပ် ထွက်လာ၏။ လက်သဲကြားအပ်စိုက်ပြီးရွေးရမည့်အနေအထားလည်းမဟုတ်ဆိုတော့ ကျနော်လုပ်မယ်ဟု ဦးနေမင်းနှင့်တိုင်ပင်ဖြစ်၏။ လက်ပေါ်လျှင် နည်းနည်းတော့နာမည် ဆိုသည်ကိုလည်း ၂ ယောက်စလုံးတွက်ထားကြ၏။ တချို့လူတွေကိုသာ အသိပေးထားသော် လည်း အများစုကိုတော့လုံးဝအသိမပေး။ ပေးလို့လည်းမဖြစ်ဟုသေးထင်၏။
သို့နှင့် ဦးနေမင်းက စစ်ထောက်လှမ်းရေးနှင့်တွေ့ချင်သည်ဟု ထောင်ကိုတောင်းဆိုလိုက်၏။ တွေ့တော့ သူက အခြေအနေ အချို့ကို အရိပ်အမြွက်ပြောပြီး ကျနော်က ထောက်လှမ်းရေးကိုပြောစရာရှိနေဆိုကာ တည်ပေးလိုက်၏။ နောက်တော့ ကျနော့်ကို စစ်ထောက်လှမ်းရေးက ခေါ်၏။ ကျနော်က (၁)တိုက်တွင်းမှ ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင်တို့အကြောင်း သိထားသမျှအချက် အလက်တွေအကုန်ဖွင့်ချလိုက်၏။ “ကျုပ်တို့နိုင်ငံရေးသမားတွေကို ထောင်ကနှိပ်စက်နေတာတွေအတွက် အရေးယူပေးဖို့ လာပြောတာမဟုတ်ကြောင်း၊ ၅(ည)ချင်းအတူတူ ခွဲခြားဆက်ဆံတာနဲ့လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ရေရှည်မှာထောင်အုပ် ချုပ်ရေးမှာပါ ပြဿနာတွေပေါ်လာနိုင်စရာရှိကြောင်း” အတိအလင်းပြောပြလိုက်၏။ ဒီတော့  စစ်ထောက်လှမ်းရေးက “ပြောသလို မဟုတ်ရင် မင်းလည်းအရေးယူခံရမယ်” ဆိုပြီး ခြိမ်းခြောက်၏။ မမှန်သတင်းပေးမိလျှင် အရေးယူခံပါမည့်အကြောင်း ခံဝန်လက်မှတ် လည်းထိုင်းခိုင်း၏။ ကျနော် ချက်ခြင်းထိုးပေးလိုက်၏။
နောက်တနေ့မနက်မှာ စစ်ထောက်လှမ်းရေးနှင့်ထောင်အာဏာပိုင်တချို့တိုက်ထဲပေါက်ချလာပြီး ဦးဒါဝတ်အခန်းကို တလာစီတော့၏။ ဒီတော့မှ ထောင်မှူးမောင်ပြုံးနှင့်ချစ်မောင် လိုင်းဝင်ပြီးသွင်းထားပေးသည့်ပစ္စည်းတွေ တပုံတခေါင်းကြီးထွက်လာ ၏။ အများရှေ့မို့ ဘာတခုမှလက်စဖျောက်ချိန်မရတော့။ ကိစ္စကတော့ပြတ်ပြီ။ သို့သော် နောက်ဆက်တွဲကား ကျန်နေသေး၏။
ဘယ်သူ့လက်ချက်ဆိုတာ သူတို့ရိပ်မိသွား၏။ ကျနော်တို့ထဲက တယောက်ကလည်း ရလာဒ်တောင်အပီအပြင် မထွက်လာသေး ဖြစ်သလောက်ပေါ်မှာ အားရစိတ်ဖြင့် “၅(ည)တွေကိုလုပ်ရင် ခုလိုခံရမယ်”ဆိုကာ အနည်းငယ်ဝင့်ဝါလိုက်၏။ ဤတွင် နောက်နေ့မနက် ကျနော်တို့အခန်းသို့ ထောင်မှူးမောင်ပြုံးရောက်ချလာက “အကျဉ်းထောင်လက်စွဲဥပဒေအရ” ဟု ဆိုပြီး ကျနော့် ဂျိုင်းထောက်တွေ သိမ်းသွားတော့၏။ ကျနော်လည်း အခန်းတွင်း အပေါ့အလေးသွားသည့်အခါ ဖင်ရွှေ့ဖင်ရွှေ့ဖြင့်သွားရတော့သလို  အခန်းပြင်ထွက်ရေချိုးရသည့်အခါလည်း ကိုအောင်လွင်၊ စစ်ကိုင်းတင်ဝင်းနှင့်ကိုတင်ဆန်းက ကျနော့်ဂျိုင်းထောက်အဖြစ် ရောက်ကြတော့၏။ ရေချိုးဖွင့်ချိန် ၄၅ မိနစ် သူများတွေ လမ်းလျှောက်ကြတော့ ကျနော်က သစ်သားကွပ်ပြစ်ကလေးပေါ်က ထိုင်ငေးနေရ၏။ ဦးနေမင်းအပါအဝင်အားလုံး စိတ်မကောင်းကြ။ ကျနော်လည်း မသက်သာ။
ဒီလိုနှင့် ၅ ပတ်လောက်အကြာမှာ မောင်ပြုံးနှင့်ချစ်မောင်ပြုတ်သွား၏။ ကျနော်လည်းဂျိုင်းထောက်တွေပြန်ရ၏။ ထိုတော့မှ သက်ပြင်းလည်း ရဲရဲချနိုင်တော့၏။ ဦးနေမင်း၏ “အဲဒါပဲ ကိုမျိုးမြင့်၊ ခံနေလို့ကတော့ ခံနေရမှာပဲ၊ နာနာဆိုတဲ့စိတ်နဲ့ ပြန်ချတော့လည်း ထိသင့် သလောက်တော့ထိတာပါပဲဗျ” ဆိုကာ ရေချိုးရင်းလက်မထောင်ပြသည်ကို ပြန်ပြုံးပြမိ၏။
အခု သူပြန်လွတ်လာပြန်ပြီ။ ခြင်းထဲကကြက်တကောင်ခြံထဲထွက်လာသလို ထွက်လာပြန်ပြီ။ ဘယ်အချိန်ခြင်းထဲပြန်ရောက် မည် မပြောတတ်။ ကျနော်တောင်းလို့ သူလွတ်တာမဟုတ်သော်လည်း သူလွတ်ရေးအတွက် ကျနော့်လက်ဖဝါးပေါ်တွင် သူ့အမည်ကို ကမ္ဗည်းတင်ကာ တောင်းခဲ့ဖူးပါသည်ကိုကား သူသိစေချင်ပါ၏။ သူသိလျှင် ကျနော့်ကိုလည်း ပြန်အမှတ်တရရှိလိမ့်ကိုလည်း ယုံနေ မိ၏။ ကျနော်ကား သူ့ကို အမှတ်တရရှိနေဆဲ။
မျိုးမြင့်ချို

0 comments:

Post a Comment