Sunday, October 30, 2011

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၄) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ(အပိုင်း၃၄) အောက်တိုဘာ ၂၆ ရက် ၂၀၁၁ နေ့က အာရ် အက်ဖ်အေကလွှင့်ထုတ်ပြီးဖြစ်ပါတယ်။
ကျနော်အရင်တပတ်ကပြောခဲ့သလို ကျနော်တို့မြို့မှာ လူထုဆန္ဒပြတာကို ပစ်တာခတ်တာ ကတော့ အဲဒီတကြိမ်ပဲကြီးကြီးကျယ်ကျယ် ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဦးစိန်လွင် ဆင်းသွားပြီး ဦးမောင်မောင်တက်လာပါတယ်။ သူ့လက်ထက်မှာ လှုပ်ရှားနေသူတွေအတွက်တော့ ခြေ ခင်းလက်ခင်း နည်းနည်းသာလာတယ်ဆိုရမှာပါပဲ။ အစောပိုင်းတုန်းက အသာလက်လျှို ပြီးနေခဲ့သူတွေလည်း ထွက်လာကြသလို မဆလပါတီပျက် ပြီးနောက်ပိုင်းမှ သူ့အကြောင်း နဲ့သူ လူထုဘက်ပါလာသူတွေလည်း မနည်းပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေလည်း ရပ်ရွာလုံခြုံရေး အတွက် လူထုနဲ့အတူ ကူညီကင်းလှည့်တာတွေ လုပ်ပေးနေပါပြီ။  

အရှိန်တော်တော်လေးရလာတော့မှ စာစောင်တခုထုတ်ကြမယ်လို့ စိတ်ကူးကြပါတယ်။ အတူလုပ်နေသူတွေထဲကတဦးက ကျွမ်းကျင် ရုံမက  အသိုင်းအဝိုင်းနဲ့အဆက်အသွယ်လည်းရှိတော့ သူ့ကိုအားပြုပြီးလုပ်ကြမယ်လို့ သဘောရကြပါတယ်။ သူက တကယ်လည်း လုပ်နိုင်ကိုင်နိုင်သူ ဖြစ်ပါတယ်။ ထုတ်ပြီးရင် ဟောပြောပွဲတွေလုပ်မယ်။ အဲဒီမှာ ရောင်းမယ်။ အမြတ်ကို အဖွဲ့ရံပုံငွေအဖြစ် သုံး မယ်ပေါ့လေ။   ထုတ်လည်းထုတ်ဖြစ် ရောင်းလည်းရောင်းဖြစ်ပါတယ်။ ဒါပေမဲ့ မြတ်ဖို့နေနေသာသာ။ အရင်းထဲကပါ ပါသွားပါတယ်။ မိုးစိုတာနဲ့ အလကားဝေတာတွေ များသွားတာကိုး။ ဒါပေမယ့် ပျော်စရာအတွေ့အကြုံသစ်နဲ့သတင်းစာလွတ်လပ်ခွင့်ကို မြည်းစမ်း ကြည့်ခွင့်ခဲ့ရတယ် ဆိုရမှာပါ။

နောက်တော့ ဟောပြောပွဲ၂ကြိမ် လုပ်ဖြစ်ပါတယ်။ ဟောပြောပွဲတွေနဲ့ လူပုဂ္ဂိုလ်တွေအကြောင်း အသေးစိတ်မပြောလိုပေမယ့် ဘိုင်အို မင်းသစ်အကြောင်းတော့ နည်းနည်းပြောချင်ပါတယ်။ သူပြောတာနားထောင်ပြီးမှ “သြော်..အေး၊ ဟုတ်သားပဲ” ဆိုတဲ့အသံတွေ ကြားမိလိုက်လို့လည်းဖြစ်ပါတယ်။ ကျနော်တို့မြို့လေးရဲ့ ဒုတိယမြောက်ဟောပြောပွဲပါ။ လမ်းဆုံနားလေးမှာ စင်ထိုးပြီးလုပ်တာဖြစ်ပါ တယ်။ ရှေ့က လူတွေပြောအပြီး ဘိုင်အိုမင်းသစ်အလှည့် ရောက်လာပါတယ်။  စင်ပေါ်ရောက်ရောက်ခြင်း ဘာမှမပြောသေးပဲ ရှေ့ဆုံးကထိုင်နေတဲ့ကလေးတွေကို တချက်ဝေ့ဝိုက်ပြီး ကြည့်လိုက်ပါတယ်။ နောက်တော့မှ သူအခု စပြီးဟောတော့မယ့်အကြောင်း၊ သူဟောမယ့်ပရိသတ်က လူကြီးတွေမဟုတ်ကြောင်း။ ဟောဒီရှေ့ဆုံးကထိုင်နေတဲ့ အဖြူအစိမ်းနဲ့ကျောင်းသားလေးတွေ သာဖြစ်ကြောင်း၊ ဒါ့ကြောင့် လူကြီးတွေအနေနဲ့ ကလေးတွေနဲ့သူနဲ့ကိစ္စမှာ ဘာမှဝင်မပါစေလိုကြောင်း အစချီလိုက်ပါတယ်။ ပရိသတ်ကလည်း ဘာများပါလိမ့်ဆိုပြီး တိတ်သွားပါတယ်။

အဲဒီတော့မှ သူက ကလေးတွေကို သားတို့သမီးတို့ကို ဦးဦးက မေးခွန်းမေးမယ်။ မင်းတို့မသိရင်မသိဘူး သိရင်သိတယ်ဖြေ ဒါပဲ။ ဘယ်သူလဲလို့ထပ်မေးမှ ဘယ်သူဘယ်ဝါဆိုတာဖြေ၊ ဟုတ်ပြီလားလို့ အတိုင်အဖေါက်ဖြစ်အောင် တည်ယူလိုက်ပါတယ်။ ကလေးတွေ ကလည်း ဟုတ်ကဲ့ပါ..ဟုတ်ကဲ့ပါနဲ့ ထအော်ကြပါတယ်။ လူကြီးပရိသတ်ကတော့ ခပ်ငြိမ်ငြိမ်နားထောင်နေပါတယ်။ ကလေးပရိသတ် ကတော့ သူတို့ကိုဟောမှာဆိုတော့ လှုပ်လှုပ်ရွရွလည်းဖြစ်လာသလို တချို့များဆိုလူကြီးတွေဘက်လှည့်ပြီး “ကိုယ်နဲ့မဆိုင်အသာနေ” ဆိုတဲ့မျက်နှာပေးနဲ့ ကြည့်တာတောင် တွေ့ရပါသေးတယ်။

စစချင်း ဘိုင်အိုမင်းသစ်က ကလေးပရိသတ်ကို  “မင်းတို့ ဗိုလ်မင်းရောင်ခေါ် ဗိုလ်လရောင်ကို သိကြသလား” လို့မေးတော့ အတန်းပေါင်းစုံက ကလေးတွေက “သိပါတယ် သိပါတယ်” ဆိုပြီး သံပြိုင်ပြန်ဖြေပါတယ်။ “ဒါဆို..ဘယ်သူလဲ”ဆိုတော့ကလေးတွေက “ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဖိုးပါ” လို့ပြန်ဖြေပါတယ်။ “ဟုတ်ပြီ..ဒါဆို ဦးဖါနဲ့ဒေါ်စုကိုရောသိကြရဲ့လား” ဆိုပြီးထပ်မေးပြန်ပါတယ်။ ကလေးတွေက သိပါတယ်ဆိုတော့ “ပြောစမ်းဘယ်သူတွေလဲ” ကလေးတွေက “ဗိုလ်ချုပ်အောင်ဆန်းရဲ့အဖေနဲ့အမေပါ” လို့ဖြေ ကြပါတယ်။ အဲဒီမှာ သူက ပြုံးပြီး “ကဲကွာ.. ဒါဆိုမင်းတို့ကို မေးပါဦးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ဆိုတာရောသိလား” လည်းဆို လိုက်ရော မူလတန်းကလေးတွေဆီက အသံသိတ်မထွက်ပေမယ့် အလယ်တန်း နဲ့ အထက်တန်းကလေးတွေက “ဗိုလ်ချုပ်အောင် ဆန်းရဲ့သမီးပါ” လို့ပြန်ဖြေပါတယ်။ ဒီတော့သူက ကလေးတွေကို တချက်ကြည့်ပြီး “ဟာ..မင်းတို့ ဒါလည်းသိတာပဲလား။ အင်း..ဖြစ်ရ မယ်၊ ဖြစ်ရမယ်၊ ငါတော့မှားပြီ” လို့ပြောရင်း ကိုယ့်နဖူးကိုပြန်ပြီး ဖျန်းကနဲတချက် ရိုက်လိုက်ပါတယ်။ 

မဖြေနိုင်ဘူးထင်ပြီးမေးလိုက်မိကာမှ တလုံးမကျန်အမှန်ဖြေသွားလို့ စိတ်ဓါတ်ကျသွားတဲ့လူလို ပုံဖြစ်သွားပါတယ်။ နောက်တော့ နောက်လှည့်ပြီး ခပ်ဖြည်းဖြည်းနဲ့စင်ပေါ်ကတလှမ်းချင်း လှည့်ဆင်းတော့မလို့လုပ်ပြီးမှ ပြန်လှည့်လိုက်ပြီးမိုက်ကရိုဖုန်းကို ဇာတ်ကနဲ ဆွဲယူလိုက်ပါတယ်။ ပြီးလည်းပြီးရော  “ဒီလောက်တောင်သိတဲ့ကောင်တွေ.. ပြောစမ်းကွာ ဦးနေဝင်းဘယ်သူလဲ”  ဆိုပြီး မန်သလို မဲသလို ငေါက်သလို ငမ်းသလိုလေသံနဲ့ မေးချလိုက်ပါတယ်။ သူ့အမေးတောင်မဆုံးလိုက်ပါဘူး ကလေးတွေက  “ဥက္ကဋ္ဌကြီးပါ၊ ဥက္ကဋ္ဌကြီးပါ” လို့လည်း ဝိုင်းအော်ရော သူကြမ်းပေါ်ပစ်လဲတော့မလို ယိုင်ထိုးယိုင်တိုင် ဖြစ်နေပါတယ်။ “အေးပါကွာ...မင်းတို့ကို ငါချီးကျူးပါတယ်၊ ငါမေးမိတာ မှားပါ တယ်။ တောင်းပန်ပါတယ်။ ဒါပေမယ့် နောက်ဆုံးတခွန်းတော့ မေးပရစေကွာ။ ဒါမေးပြီး ငါလည်းပြန်မှာပါ” လို့ပြောတော့ ပရိသတ်က ဘာလဲပေါ့ဆိုပြီး ပိုစိတ်ဝင်စားလာတယ်ထင်ပါတယ်။ ပိုလည်းငြိမ်သွားပါတယ်

“ကဲ..ဟုတ်ပြီ၊ ဦးနေဝင်းတော့သိပြီ။ သူ့အဖေနဲ့အမေကရော ဘယ်သူတွေလဲ။ ပြောပါဦး” ဆိုပြီး မေးခွန်းထုတ်ချလိုက်ပါတယ်။ ကလေးပရိသတ်ဆီက ဘာသံမှထွက်မလာတော့ပါဘူး။ တုတ်တုတ်တောင်မလှုပ်ကြတော့ပါဘူး။ ကလေးအချင်းချင်း တယောက် မျက်နှာတယောက်ကြည့်နဲ့ သူသိနိုးနိုး ငါသိနိုးနိုး၊ သူဖြေနိုးနိုး ငါဖြေနိုးနဲ့ ငြိမ်ကျသွားပါတော့တယ်။ ဒီတော့မှ သူက ထီမထင်ဟန်နဲ့ အောင်ပွဲရ စစ်သူကြီးအိုက်တင်ဖမ်းပြီး “အဲဒါပြောတာပေါ့…အဲဒါပြောတာပေါ့၊ လူမှာအမျိုးကြက်မှာအရိုးဆိုတာ” လို့ပြောပြီး စင်ပေါ်ကချာကနဲလှည့် ထွက်သွားပါတော့တယ်။ ပထမတော့ ပရိသတ်လည်းကြောင်ထွက်သွားတယ်။ နောက်တော့ ချက်ခြင်းပဲ ဟေးကနဲဟားကနဲအသံတွေနဲ့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ပတ်တုတ်လို့မရအောင်ကို ဖြစ်ကုန်ပါတော့တယ်။

ဘိုင်အိုမင်းသစ်နဲ့ သူ့ရဲ့အဲဒီဟောပြောချက်ကလေးကတော့ ၁၉၈၈ အရေးတော်ပုံကာလရဲ့ လူထုတရားပွဲတွေထဲမှာ  ကျနော်မှတ်မိပြီး တွေးမိတိုင်းပြုံးရ ကြည်နူးပီတိဖြစ်ရတဲ့ အမှတ်ရစရာကလေးတခုအဖြစ်ကျနော့်ရင်ထဲမှာစွဲငြိနေပါတော့တယ်။

နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။

0 comments:

Post a Comment