Wednesday, October 19, 2011

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၃) (မျိုးမြင့်ချို)

0 comments

စစ်မြေပြင်မှပုံရိပ်များ (အပိုင်း ၃၃) (မျိုးမြင့်ချို)အောက်တိုဘာ ၁၉  ရက် ၂၀၁၁ နေ့က အာရ်အက်ဖ်အေက လွှင့်ထုတ်ပြီးဖြစ်ပါတယ်။
သေနတ်သံတွေ၊ ဆဲသံဆိုသံတွေ၊ ကြေက်လန့်တကြားအော်ဟစ်သံတွေနဲ့အတူ အခြေအနေဟာ ဝရုံးသုံးကားဖြစ်သွားပါပြီ။  သေနတ်ပြောင်းဝက မီးတောက်တွေ ကိုမြင်နေရသလို ကျည်ဖူးတွေကလည်း  ကျနော့်ခေါင်းပေါ်မှာ ရွှီကနဲရွှီကနဲ ဖြတ်နေ ပါတော့တယ်။ လဲနေရာက အသာလေးခေါင်းထောင်ကြည့်လိုက်တော့ လူတွေဟာ ခြေဦးတည့်ရာတွေဆီ ဂမူးရှူးထိုးပြေးသူပြေး၊ နောက်ကြောင်းပြန်လှည့် ပြေးသူပြေး၊ လဲကျတဲ့သူကျ၊ ပြန်ထပြေးသူပြေး၊ တက်နင်းတဲ့သူတက်နင်း၊ ဆွဲထူသူကထူ၊  ပြန်ဆဲတဲ့ သူကဆဲ၊ တွေ့ရာအုတ်ခဲ ကျောက်ခဲတွေနဲ့ ပြန်ပေါက်သူကပေါက်နဲ့ ကမ္ဘာပျက်နေသလိုပါပဲ။ ပစ်နေသူတွေက ဒူးထောက်အနေအထား နဲ့ ပခုံးတင်ပစ်နေတာဆိုတော့ မတ်တပ်လျှောက်ပြေးနေရင် ထိကုန်တော့မှာပဲဆိုပြီး ကျနော် စိတ်တော်တော်ပူသွားပါတယ်။  ကျနော့် အနားရောက်လာသူ လေးငါးယောက်လောက်ကိုတော့ လျှောက်မပြေးနဲ့ ဝပ်..ဝပ်၊ ပြီးမှ ကျည်ကွယ်ရှာဆိုပြီး အော်လည်းအော် ဆွဲလည်းဆွဲမိလိုက်ပါတယ်။  
၃ မိနစ်လောက်အတွင်းမှာပဲ လူအုပ်ကြီးဟာ လမ်းပေါ်ကနေပျောက်သွားပါတယ်။ သေနတ်ကတော့ တချက်တချက် တတောင့်ချင်း လှန့်ပစ် ပစ်သံလောက်ပဲရှိပါတော့တယ်။ ရှေ့တိုးရင်း ပစ်ရှင်းရှင်းမယ့်ပုံမပေါ်တာနဲ့ အတူရှိနေသူတွေကို ငြိမ်ငြိမ်နေဖို့၊ အသံမထွက်ဖို့၊ နေရာမရွှေ့ဖို့လက်ရိပ်ပြပြီး အနေအထားကိုချိန်ဆကြည့်ပါတယ်။ ပစ်တဲ့နေရာနဲ့ ကျနော်တို့နဲ့က ကိုက် ၁ဝဝ လောက်တော့ဝေးပါ တယ်။ ကျနော်တို့က ကွမ်းရွက်ခြင်းအလွတ်တွေနောက်မှာဆိုတော့ မျက်ကွယ်ဖြစ်နေပါတယ်။ ကျည်ကွယ်ရာနေရာပြောင်းရကောင်း မလားတွေးမိပေမယ့် လှုပ်လိုက်လို့အရိပ်မြင်ပြီး လှမ်းပစ်လိုက်မှဒုက္ခလို့တွေးပြီး အသာပဲငြိမ်နေကြပါတယ်။
လမ်းမီးမှိန်မှိန်အောက်က ကတ္တရာလမ်းမပေါ်မှာတော့ လူတွေကျွတ်ကျကျန်ခဲ့တဲ့ ပုဆိုးအင်္ကျီအဝတ်အစားတချို့နဲ့အတူ  ဖိနပ် အရံပေါင်းများစွာ၊ တချို့ပက်လက် တချို့မှောက်လျက်နဲ့ မြင်မကောင်းအောင်ဖြစ်နေပါတယ်။ တချက်တချက် ထထအူလိုက်တဲ့ခွေး အူသံ၊ ငှက်ဆိုးထိုးသံတွေနဲ့အတူ ကြိုးကြားကြိုကြား သေနတ်သံတွေလောက်ကလွဲလို့ တလောကလုံး ငြိမ်သက်တိတ်ဆိတ်နေပါ တယ်။
နောက် ၅ မိနစ်လောက်ရှိတော့ သေနတ်သံတွေတိတ်ကျသွားပြီး၊ စစ်သားတွေရဲစခန်းထဲကို ပြန်ဝင်သွားကြပါတယ်။ ဒီတော့မှ ကျနော်တို့အားလုံး ၆ ယောက်ဖြစ်မှန်း၊  ၁၅ နှစ်ရွယ်ကလေးတယောက်ပါမှန်း၊ တယောက်မှသေနတ်ထိတာမရှိမှန်း သိကြရတာဖြစ်ပါ တယ်။ လူစုခွဲပြီးပြန်မယ်ဆိုထလိုက်တော့မှ ကျနော့်လက် တော်တော်နာနေတာ သတိထားမိပါတယ်။ လဲကျတုန်းက ခိုက်မိတာလား၊ လူအနင်းပဲခံရသလားတော့ မပြောတတ်ပါဘူး။ လူစုမခွဲခင်ကလေးမှာ တယောက်က အသံကတုန်ကယင်ကြီးနဲ့  “လေးငါးယောက် ဗျာ..ကျနော့်ရှေ့တင် ပုံကျသွားတာ၊ တခြားထိတာတွေလည်းရှိသေးတယ်။ တော်တော်ရက်စက်မိုက်ရိုင်းတဲ့ကောင်တွေဗျာ။ လုပ်ရက် တယ်ဗျာ။ လူအုပ်ထဲကို အတွဲလိုက်ပစ်ထဲ့တာဗျ။ သူလက်နက် ကိုယ်လက်နက်ဆိုလည်း ထားပါဦး။ အခုဟာက အသားလွတ်ကြီးဗျာ။ ပြန်ချမှရမယ့်ကောင်တွေဗျ။ ပြန်ချရမယ့်ကောင်တွေဗျ” ဆိုပြီး ပြောနေတာလိုလို၊ ရေရွတ်နေတာလိုလို၊ တိုင်တည်နေတာလိုလို မသဲမကွဲတွေပြောနေပါတယ်။
အိပ်ယာထဲသာလှဲနေခဲ့ပေမယ့် အဲဒီညတစ်ညလုံး ကျနော်မအိပ်ခဲ့ပါဘူး။ ကြွေးကြော်သံတွေတိုင်ရင်း သေနတ်ပြောင်းဝတွေဆီ မတွန့် မရွံ့ တိုးတက်သွားနေတဲ့လူတွေ။ ပြောင်းဝကမီးတောက်တွေ။ သေနတ်သံတွေ။ လဲသံပြိုသံတွေ။ ညည်းညူသံတွေ။ ထိတ်လန့်တ ကြား အော်သံတွေ။ ဆဲသံဆိုသံတွေ။ ပြေးလွှားနေတဲ့ခြေသံတွေနဲ့ ပုံရိပ်တွေ ဝဲလည်နေပါတယ်။ စိတ်တွေလည်းလေးလံဖိစီးနေ ပါတယ်။ တခါ မနက်ကျရင် ဘာဆက်လုပ်ကြမလဲဆိုတာထက် ဘာများဆက်ဖြစ်ဦးမလဲဆိုတာကိုပဲ တွေးနေမိခဲ့ပါတယ်။ မိုးလင်း တာနဲ့ တနေရာရာသွားရှောင်နေရင် ကောင်းမလား။ ရှောင်ဖို့ရော သင့်သလား။ မရှောင်ရင်ကော ဘာဖြစ်မလဲ။ အဖမ်းအဆီးတွေများ လာမလား။ အခုဖြစ်ခဲ့တာတွေအတွက် လူတွေကငါတို့ကို အပြစ်တင်တော့မလား။ ငါတို့တရားခံဖြစ်ရပြီလား။  ငါတို့မြို့လေးရဲ့ လူထု လှုပ်ရှားမှု ခုလို အဖြိုခွဲခံလိုက်ရလို့ ပြီးသွားပြီလား။ ရပ်သွားပြီလား။ လူတွေလန့်ပြီး ဆက်မလုပ်ကြ ဆက်မပါကြတော့ရင်ကော ဘယ်လိုဆက်လုပ်ကြမလဲ။ တကယ်ပြောရရင် ကျနော်လည်း သွေးပျက်သလိုဖြစ်ပြီး ဘာကိုမှ မှန်မှန်ကန်ကန်မတွေးနိုင်ခဲ့ဘူး ဆိုတာလောက်ပဲ မှတ်မိပါတယ်။
မနက်ကျတော့ အနီးစပ်ဆုံးလူတွေ အမြန်ဆုံးပြန်စုမှ ဆိုတဲ့အတွေးဝင်လာပါတယ်။ ဒါနဲ့ ကျနော်တို့တွေ အချိန်းအချက်လုပ်ပြီး မြို့စွန် နားကခြံတစ်ခြံမှာ စကားပြောဖြစ်ကြပါတယ်။ စစခြင်း အခြေအတင်အငြင်းအခုံတွေနဲ့အတူ ညကဖြစ်စဉ်အတွက် တဦးနဲ့တဦး လက်ညှိုးထိုး အပြစ်ဖို့တာတွေလည်း စိတ်မချမ်းသာစရာကြားရပါတယ်။ တချို့က ဆဲဆိုကြိမ်းမောင်းပြီး ထထွက်သွားတာလည်း ရှိပါတယ်။ ညီညွတ်ရေးကို ကြီးကြီးမားမားကြီးမဟုတ်ပေမယ်လို့ အထိုက်အလျှောက်တော့ ထိခိုက်ခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဆက်ဆွေးနွေးကြရင်း   နဂိုကတည်းက “ချမှရမယ်” ဆိုသူတွေနဲ့ “ကိုယ့်မြို့ခံတပ်ပဲကွာ ထိပ်တိုက်တိုးရင်တောင် လက် ရှောင်မှာပါ” ဆိုသူတွေလည်း “ချမှဖြစ် တော့မယ်” ဆိုတဲ့အပေါ်မှာအသံတူပြီး “တောခိုမယ်” ဆိုသူလည်းထွက်လာပါတယ်။ “စစ်တပ်နဲ့ထိပ်တိုက်တိုးမယ့် ဆန္ဒပြပွဲတွေမလုပ်ရေး” ဆိုသူလည်းဆိုပါတယ်။ “လူထုမနာအောင်ပျောက်ကြားနည်းနဲ့ ဆန္ဒပြသင့် တယ်” ဆိုသူလည်းဆိုပါတယ်။ “စစ်တပ်ကိုလူထုဘက်ပါအောင် သိမ်းသွင်းယူရမယ်” ဆိုသူလည်းရှိပါတယ်။ “ရဲတွေကိုရအောင်စည်း ရုံးပြီး စစ်တပ်ကိုမြို့ပြပျောက်ကြားပြန်တိုက်” လို့တင်သူလည်းတင်ပါတယ်။ လုပ်ဟန်နည်းနာပိုင်းတွေမှာသာ မတူကွဲပြားကြပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားမှု ဆက်သွားရေးအမြင်ပေါ်မှာတော့ တထပ်တည်းကျ တယ်လို့ဆိုနိုင်မှာဖြစ်ပါတယ်။
အဲဒီ စကားဝိုင်းကနေ တခုတည်းပေါ်မှာ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်မချနိုင်ခဲ့ပါဘူး။ ဒါပေမယ်လို့ မဲခွဲလည်းမဆုံးဖြတ်လိုက်ရ၊ ဘာမှတ်တမ်းမှလည်းမတင်လိုက်ရဘဲ အသီးသီးရဲ့စိတ်ထဲမှာ ဘုံသဘောတူညီမှုတစ်ခု ရခဲ့တယ်ဆိုရင်မမှားပါဘူး။ အဲဒါကတော့  ညကဖြစ်စဉ်ဟာ တိုက်ပွဲအဆုံးမဟုတ်ဘူး။ တိုက်ပွဲရဲ့ အစပဲဖြစ်တယ်။ အစိုးရအပေါ်၊ စစ်တပ်အပေါ် လူတွေရဲ့ခါးသီးနာကျည်းစိတ်ကို အားအဖြစ်ပြောင်းပြီးလူထုတိုက်ပွဲကို တပြည်လုံးနဲ့ဟန်ချက်ညီလုပ်မယ်။ ဘေးပတ်လည်က မြို့နယ်တွေနဲ့ အနီးကပ်ချိတ်ဆက်လှုပ် ရှားမယ်။ လူထုများနိုင်သမျှများများပါဝင်လာရေးနဲ့ အထိအခိုက်နည်းနိုင်သမျှ နည်းရေးပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ကျနော်တို့မြို့ကလေး လည်း ၁၉၈၈ လူထုလှုပ်ရှား မှုကြီးထဲ ဆက်လက်ပါဝင်နေပါတော့တယ်။
နောက်တပတ်ဆက်ပါဦးမယ်။
ကျနော်မျိုးမြင့်ပါခင်ဗျား။
မျိုးမြင့်။


0 comments:

Post a Comment