Wednesday, December 28, 2016

(သတင်းနဲ့မှတ်ချက်) အရေးတော်ပုံဂျာနယ်မှ

0 comments
(သတင်းနဲ့မှတ်ချက်)၂၅-၁၂-၂၀၁၆ ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုး နောက်မရတော့ဘူးလို့ သမ္မတရုံးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့က အစိုးရသစ်က အပစ်အခတ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ၂၁ ရာစု ပင်လုံညီလာခံကို ကြိုးစားဆောင်ရွက်နေတဲ့အချိန် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမထားသေးတဲ့လက်နက်ကိုင်များနဲ့တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားနေတာနဲ့စပ်လျဉ်းပြီး ဒီလို ပြောဆိုလိုက်တယ်လို့ဆိုပါတယ်။

...သူ့လက်ထက်မှာ မဆွေးနွေးဘူးဆိုရင် နောက်ဘယ်သူနဲ့ဆွေးနွေးချင်လဲ။ ဒီခေါင်းဆောင်မျိုးနဲ့မှ ဖက်ဒရယ်မရဘူးလို့ယုံကြည်ထားရင် ဘယ်သူနဲ့ရမယ်လို့ယုံကြည်ထားလဲ။..ဆိုပြီးလည်း ထပ်မံ ပြောဆိုလိုက်ပါသေးတယ်။
 

ဒီပြောဆိုချက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ အကောင်းမြင်ရပ်ခံချက်လို့ တချို့က ထင်မြင်ယူဆပြီး သဘောကျနေတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒီပြောဆိုချက်ဟာ အန္တရာယ်ကြီးပါတယ်။ လောင်းကစားပွဲမှာ ဒိုင်လုပ်သူ မြိုးမြိုးမြက်မြက်စားရအောင် အခွင့်သာတုန်း ထိုးလိုက်ပါလား-ဆိုတဲ့ အလံရှူးစကားမျိုးပါ။ ခွင့်သာခိုက်မှ မလိုက်ချင်ရင် အမိုက်နင့်ပြင် ရှိသေးရဲ့လားလို့ပြောလိုက်တဲ့စကားပဲ ဖြစ်ပါတယ်။
 

ဒီစကားဟာ ကာချုပ်နဲ့စစ်တပ်ဘက်က ရပ်တည်ပြောကြားတာ ဖြစ်ပါတယ်။ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့အဖွဲ့အစည်းတွေ လက်မှတ်ထိုးလာအောင်၊ လက်နက်ကိုင်လမ်းစဉ်စွန့်လွှတ်ပြီး ဆွေးနွေးလာအောင် ဒေါ်အောင်ဆန်းစုကြည်ကိုဗန်းပြပြီး ပြောလိုက်တဲ့စကားသာ ဖြစ်ပါတယ်။
ဒါကြောင့် အရှင်းလင်းဆုံးဖြစ်အောင်တင်ပြပါမယ်။
 

- လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ကိုင်လမ်းစဉ်စွန့်မှ တနည်း လက်နက်ချမှ စေ့စပ်ဆွေးနွေးနိုင်မယ်ဆိုတဲ့သဘောထား ကာချုပ်နဲ့စစ်တပ်ဘက်က မစွန့်လွှတ်သေးသရွေ့-
- အစစ်အမှန် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပြည်တွင်းစစ်ရပ်စဲရေးသဘောထား ကာချုပ်နဲ့စစ်တပ်မှာ မရှိသေးသရွေ့-
- ပြည်တွင်းစစ်နဲ့ကျိကျိတက်ချမ်းသာရေးလုပ်ပြီး ပြည်တွင်းစစ်ကို မွေးထားရေးသဘောထား စစ်အုပ်စုမှာ ရှိနေသေးသရွေ့
- စစ်အုပ်စုမှာ လူမျိုးကြီးဝါဒနဲ့အပေါ်စီးကဆက်ဆံရေးသဘောထား ဆုပ်ကိုင်ထားသရွေ့-
- စေ့စပ်ဆွေးနွေးရေးလုပ်ဖို့ တန်းတူရေးသဘောထား၊ ရိုးသားမှန်ကန်တဲ့သဘောထား၊ ပွင့်လင်းမှုရှိစေရေးသဘောထား စစ်အုပ်စုမှာမရှိသေးသရွေ့- ကာချုပ်မူ ၆ ချက်ကို အသေကိုင်ထားသရွေ့
ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ပြည်တွင်းငြိမ်းချမ်းရေးကို ဘယ်လောက်ပဲကြိုးစားနေနေ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်ပေါ်မလာနိုင်ပါဘူး။ 


ဓားပြဗိုလ်က ရပ်ကွက်ကို လှည့်ဖျားချင်လို့ ငွေကုန်ကြေးကျခံပြီး ဘုရားကိုးဆူပွဲဖိတ်ကျွေးတာမျိုးလိုသာ ဖြစ်နေမှာပါ။
 

ကုန်ကုန်ပြောလိုက်မယ်။ စစ်အုပ်စု၊ ကာချုပ်နဲ့စစ်တပ်ဘက်က ဒီသဘောထားတွေ ပြင်ဖို့ မကြိုးစားသရွေ့ သိကြားမင်းကြီး နားကင်းနဲ့ဆင်းလာပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လာဦးစီးရင်တောင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာ ဘယ်လိုမှ ဖြစ်မလာနိုင်ပါဘူး။

ဖြစ်နိုင်တာတွေဖြစ်ကြပါစေ(မျိုးမြင့်ချို)

0 comments
ဒီနေ့ ဒီမှာ ခရစ္စမတ်စ်နေ့ပါ။

လွန်လေပြီးတဲ့ နှစ်ထောင်ဂဏန်း ခုလိုအချိန် ခုလိုနေ့မယ် ယေရှုခရစ် တကယ်မွေးခဲ့မမွေးခဲ့တို့၊ အပျိုစင်က ဘယ်သူနဲ့မှ လိင်မစပ်ယှက်ပဲကိုယ်ဝန်ဆောင်ပြီး ကလေးရတယ်ဆိုတာ မဖြစ်နိုင်ဘူးတို့ဘာတို့နဲ့ ပုတ်ခတ်နေမယ့်အစား ကိုယ့်ဘာသာ ကိုယ်ယုံကြည်ရာက စူပါစတီးရှင်န်းတွေကို
စိစစ်ကြည့်ကြတာ ပိုမကောင်းဘူးလား။

မစိစစ်ခင် မသေမချင်းမှတ်ထားရမှာက ဘာသာယုံကြည်မှုမှာ
အကုန်ဖြစ်နိုင်တာချည်းပဲ၊
မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုတာပဲ။
နတ်ပြည်တက်တရားဟောတာလည်း ဖြစ်နိုင်တယ်။

ပြန်လည်ရှင်သန်ထမြောက်တာလည်း ဖြစ်နိုင်တယ်။
ကောင်းကပင်ဘုံခရီးလည်း ဖြစ်နိုင်တယ်။
ဗြဟ္မာတွေမြေသင်းစားလို့ ကမ္ဘာမြေချစ်ခြင်းမှာ
“တည်“တာလည်း ဖြစ်နိုင်တယ်။


၃၁ ဘုံရော။ ကောင်းကင်ဘုံ ငရဲဘုံရော၊ ဂျန္နတ်သ် ဂျဟနမ်ရော
အကုန်ရှိတာ ဖြစ်နိုင်တယ်။
လူတွေမှာ ရွေးချယ်စရာဘုရားတွေ များတယ်။
ကိုယ်ကြိုက်တာ ကိုယ်ရွေးရုံ ရွေးယုံကြည်ပါပဲ။
တခုကနေတခု ပြောင်းချင်လည်း ပြောင်းလဲပြောင်းလို့ရတာပါပဲ။
ဘာတခုမှ အယုံအကြည်မရှိလည်း ဖြစ်တာပါပဲ။
လူကျင့်တရားမှာ “တည်“တဲ့သာသနာကတော့
မဖြစ်နိုင်တာတွေ ဖြစ်နိုင်တာတွေထက်
ဖြစ်ရတဲ့ကိစ္စတွေကို ဖြစ်အပ်တဲ့ကိစ္စတွေလို့ပဲ ကြည့်ပါတယ်။
ဒီဇင်ဘာ ၂၅၊ ၂ဝ၁၆

၈၈ မျိုးဆက်ဆိုတာတော့ တော်လောက်ပြီ(မျိုးမြင့်ချို)

0 comments
“၈၈ မျိုးဆက်“ဆိုတာတော့ ပါတီအမည်ရှေ့မှာ မတပ်ပါနဲ့)
ငြိမ်းပွင့်တွေ ပါတီထောင်မယ်ဆို ထောင်ပါ။ မထောင်လည်း ၂ဝဝ၈ အောက်ကသွားနေရတာမို့ ထမ်းပိုးနဲ့လှည်းတုတ်ရွေးရတဲ့ သဘောပါပဲ။

ဗုံမဟုတ်ပတ်မဟုတ်အဖြစ်က ကိုယ့်ဘာသာချွတ်မှ ကျွတ်တမ်းဝင်မှာပါ။

နို့မိုဆို ခေါစာပဲပစ်ရမှာလိုလို ဘုရားစင်နားပဲထားရတော့မလိုလိုပါ။

ပါတီထောင်ထောင် မထောင်ထောင် နိုင်ငံရေးပီပီလုပ်ကြမယ်လို့ မျှော်လင့်ချက်နဲ့အတူ“အဘိယာစက“လုပ်ဖူးပါတယ်။ ပါတီထောင်တာမလွယ်ကြောင်း၊ ရေရှည်နိုင်ငံရေးအရရပ်တည်ဖို့ ပိုခက်ခဲကြောင်း၊ လူထုထောက်ခံမှုအနိမ့်အမြင့်၊ နိုင်ငံရေးစည်းရုံးရေးရေချိန်အတက်အကျတွေ ဂရုတမထားကြဖို့၊ စစ်အုပ်စုအနေနဲပ ဘယ်လိုမှ မတတ်သာတော့လို့ လူထုအားမလွန်ဆန်ဝံ့လို့ လိုက်လျောလိုက်ခဲ့ရတဲ့ ပါတီစုံစနစ်အောက်မှာ “ထောင်“တဲ့ပါတီဆိုတာ သူ့လက်ချက်ကြောင့်ဖြစ်ဖြစ် ကိုယ့်ဘာသာဖျက်လို့ဖြစ်ဖြစ်ဖျက်သိမ်းခံရဖို့ ပျက်သွားဖို့ အလွန်လွယ်ကူကြောင်းတွေလည်း မျက်နှာပူပူနဲ့ရေခင်းပြဖူးပါတယ်။

ကိုယ်နဲ့ခေတ်ပြိုင် ခံဘော်ခံဖက်တွေ လုပ်ဖော်ကိုင်ဘက်တွေကို ကိုယ့်ခေါင်းဆောင်တွေအဖြစ် တိုင်းပြည့်ခေါင်းဆောင်တွေအဖြစ် မြင်ချင်တဲ့အာလျရှိကြောင်း
အကြိမ်မနည်းပြောဖူးပါပြီ။

ထောင်ပါ။ ပါတီထောင်ပါ။ နိုင်ငံရေးပီပီလုပ်ကြပါ။ ထမ်းပိုးနဲ့လှည်းတုတ်ကို ရနိုင်သမျှ ကူရိုက်ချိုးကြပါ။
တခုပဲပြောပါရစေ
ပါတီအမည်ရှေ့မှာ “၈၈ မျိုးဆက်“ဆိုတာတော့မထည့်ပါနဲ့။

ဖြစ်သမျှဒဏ် ကျန်တဲ့ငဝက်တွေမခံရပါစေနဲ့။
ငါးတစုယိုတဲ့ချီး ပုဇွန်တိုင်းရဲ့ခေါင်းထဲ မထည့်ကြပါနဲ့။
ဒီဇင်ဘာ ၂၃၊ ၂ဝ၁၆

မျက်ရည်ခံလေးထိုးပေးပါ သမ္မတခင်ဗျာ(မျိုးမြင့်ချို)

0 comments
ဦးထင်ကျော်ရယ် စစ်ဗိုလ်တွေကို ပြောလို့ရရင် ပြောပေးပါလားဗျာ။ ကျနော့်အတွက်မဟုတ်ပါဘူး။ ကျနော့်အတွက်လည်း ကျနော် ဘယ်တော့မှမပြောသလို ဘယ်တုန်းကမှလည်း မပြောဖူးပါဘူး။ ခုဟာက ကျနော်တို့တွေအတွက်မို့လို့ပါ။

ဒီလိုပါ ကိုမိုးသီးဇွန်အပါအဝင် ပြန်ချင်သူတွေကို ပြန်ဝင်ခွင့်ပေးဖို့လေးပါ။ အဲ့ဒါသူတို့အတွက် ကျနော်တို့ကပါ ကြားကဝင်ပြီးမေတ္တာရပ်ခံတာပါ။

ကျနော်တို့အတွက်လည်း ကျနော်တို့ မေတ္တာရပ်ခံပါရစေ။ အဲ့လူတွေကို ဝင်ခွင့်ပေးပြီးရင် ပြန်ထွက်ခွင့်လည်း မပေးပါနဲတော့ဗျာ။ တခါတည်း အပြီးသာသိမ်းထားလိုက်ပါတော့ဗျာ။ ဒီမှာ နားတွေ ပူလွန်းလို့ပါ။

ဒီလောက်တောင် နန့်နန့်တက်ပြန်သွားချင်နေတာ ပေးဝင်တုန်းက နေလိုက်ပေါ့။ အမေရိကန်သံရုံးသွား။ ဖောင်တခုဖြည့်။ ပါ့စ်ပို့တ်ပြန်အပ်ပြီး ဗမာနိုင်ငံသား ပြန်လျှောက်ထားပေါ့။ ရတာမရတာက တပိုင်းပေါ့။ ပြောလာရင် ဒီလိုပြန်ပြောပေါ့..တခြားနိုင်ငံသားလည်း စွန့်လွှတ်ပြီးပြီ။ ဗမာနိုင်ငံသားလည်း ပြန်မဖြစ်သေးဘူး။ ငါ့နိုင်ငံ ငါနေဖို့ပြန်လာတာဆိုပြီး ပေကပ်နေပေါ့။
သိန်းစိန်အစိုးရ ဘာလုပ်လို့ရမလဲ။ ဘယ်နေရာ ဘယ်နယ်စပ်မှလည်း သွားသွန်လို့မရဘူး။ ဘယ်လေယဉ်ပေါ်မှလည်း ပြန်တင်ပေးပြီး ဘယ်နိုင်ငံမှလည်း ပြန်ပို့လို့မရဘူး။ အလွန်ဆုံးလုပ် ထောင်ထဲထည့်ထားရုံပေါ့။ ထည့်ထားလည်း နေပေါ့။ ဘာဖြစ်လဲ တော်လှန်ရေးသမားတွေပဲဟာ။ ထောင်လောက်တော့ အပျော့ပေါ့။ သိန်းစိန်အစိုးရကရော ဘယ်လောက်ခံမှာမို့လို့လဲ။ ဘာပုဒ်မနဲ့ရော
ကိုယ့်ကိုထောင်ထဲမှာ ဘယ်လောက်ကြာကြာ ထားလို့ရမှာမို့လို့လဲ။
အဲ့ဒီတုန်းကတော့ ဟိုကပြန်ဆိုတော့ ခေါင်းငိုက်စိုက်ချပြန်လာပြီး ခုမှ နောက်တခါပြန်မဝင်ရလို့ တကျီကျီလုပ်နေကြတာဗျ ဦးထင်ကျော်ရဲ့။

ခင်ဗျားတို့က အဝေးကြီးမှာနေတာ။ ဘာမှကြားရမြင်ရသိရတာမဟုတ်ဘူး။ ကျုပ်တို့မှာတော့ နားတွေငြီးလှပြီ။ စိတ်တွေညစ်လှပြီ။
ဒီဇင်ဘာ ၂၄၊ ၂ဝ၁၆

မကြောက်ကြနဲ့ဆိုပဲ(မျိုးမြင့်ချို)

0 comments
ပြည်သူတွေကြောက်ရင် ခင်ဗျားတို့ ခုလို မဖြစ်စလောက်အာဏာ၊ မသဓာရေစာဒီမိုကရေစီနဲ့ ထမင်းတလုပ်တုတ်တချက်လွှတ်တော်ထဲတောင် ရောက်မလာဘူး။

အာဏာပြခြိမ်းခြောက်မှု၊ မက်လုံးပေးမြှူဆွယ်မှု၊ အခွင့်အရေးပေး
ဖျားယောင်းသွေးဆောင်မှုအမျိုးမျိုးကြားက မျှော်လင့်ကိုးစား ယုံကြည်မှုတွေပိုက်ပြီးလက်သန်းမင်ပြာဆွတ်မဲရုံတွေထဲဝင် ထောက်ခံမဲပေးခဲ့ကြလို့ “မယ့်တမျက်နှာ“နဲ့
ခင်ဗျားတို့ ပန်းပုဆရာအမည်ခံ သူကောင်းအပြုခံ နေ့ခြင်းကြီး နိုင်ငံရေးနတ်ရေကန်ထဲ အချခံကြရတယ်ဆိုတာ မမေ့ပါနဲ့။

“ပြည်သူ“တွေ ခေတ်အဆက်ဆက်မှာ တာဝန်ကျေရုံမက
ခေါင်းဆောင်“ဆိုသူ“တွေရဲ့ ဝန်ထုံ့ဝန်ပိုတွေကိုပါ ထမ်းပေးခဲ့ကြတယ်။
“ပြည်သူ“တွေဟာ ဘယ်လိုဖိနှိပ်မှုမျိုးကိုမှ ခေါင်းငုံ့ခံခဲ့ကြတာမရှိ၊
ရတဲ့နည်း ဖြစ်တဲ့နည်းနဲ့ တွန်းလှန်ဖယ်ရှားပြီး “ခေါင်းဆောင်“ဆိုသူတွေကို “အာဏာပလ္လင်“ထက် တွန်းတင်ပေးခဲ့ကြတယ်။

ပြည်သူတွေကြောက်နေရင် “လွတ်လပ်ရေး“ဆိုတာတောင် မရခဲ့ဘူး။
ပြည်သူတွေကြောက်နေရင် “မဆလ“ခွေးသေဝက်သေ မသေခဲ့ဘူး။
ပြည်သူတွေကြောက်နေရင် ခင်ဗျားတို့ရနေတဲ့ စစ်ဇာတ်စီးဒီမိုကရေစီ၊

ခင်ဗျားတို့ လေးစားလိုက်နာကာကွယ်စောင့်ရှောက်နေတဲ့ စစ်ကျွန်ပြုဖွဲ့စည်းပုံ။
ခင်ဗျားတို့ ဆယ်သိန်းစားငိုက်မြည်းနေတဲ့ စစ်တမတ်သားလွှတ်တော်၊
ခင်ဗျားတို့ ဘာအစိုးမှမရတဲ့ စစ်တပိုင်းအစိုးရဆိုတာတွေတောင် ဖြစ်မလာဘူး။

သတ္တိရှိတဲ့ မကြောက်တဲ့ပြည်သူတင်လို့မှ စစ်ပလ္လင်ခြေခွေးကတက်နားလေး
ကပ်ခွေရရုံ၊ စစ်ပြာပုံတိုးရရုံရှိသေး ပြည်သူတွေမကြောက်ပါနဲ့တဲ့လား။
မှတ်ထားပါ
“ခင်ဗျားတို့“ ကြေက်ရွံ့နာခံနေတဲ့စစ်အာဏာရှင်စနစ်ကို
“ပြည်သူတွေ“က စက္ကန့်တိုင်းမှာ ဘဝနဲ့ရင်းပြီး သတ္တိဗျတ္တိ၊ သတိဝီရိယနဲ့
ဆန့်ကျင်တိုက်ဖျက်နေတယ်ဆိုတာ မှတ်ထားပါ။
ဒီဇင်ဘာ ၂၅၊ ၂ဝ၁၆

ဝါဒဖြန့်သချိုံင်း(မျိုးမြင့်ချို)

0 comments
အိန္ဒိယက သီပေါသချိုံင်းသွားတာရော ရန်ကုန်က ဇဖါးရှားအုတ်ဂူသွားတာရောက သူတို့ကိုယ်သူတို့ မျိုးချစ်တွေနယ်ချဲ့ဆန့်ကျင်ရေးသမားတွေလို့ ပုံဖော်နေတာဟ။

သီပေါဟာ ဗမာပြည်ရဲ့ကျန်ဖြတ်ပဒေသရာဇ်ဖြစ်သလိ ဇဖါးရှားဟာ အိန္ဒိယရဲ့နောက်ဆုံး ဧကရာဇ်ပဲ။ နယ်ချဲ့သမားက ဒီကတယောက်ကို ဟိုပို့၊ ဟိုကတယောက်ကို ဒီပို့ပြီး သူ့လူတွေနဲ့ သူတို့ဥသျှောင်ကို အဆက်ဖြတ်တာ။

တကယ့်လက်တွေ့မှာ အဲ့ဒီနယ်ချဲ့တွေဆီကနေ လက်ဝါးဖြန်တောင်ရမ်းစားသောက်ရင်း ကြီးပွားနေတာ၊
တိုင်းပြည်ကို နယ်ချဲ့လက် တဘက်လှည့်နဲ့ရောင်းစားနေတာဟ။

သူတို့တောင်းရတာနဲ့တင် ဗိုက်မဝသေးတော့ ဒေါ်အောင်ဆန်းစုကြည်ပါ အငှားသူတောင်းစား လုပ်ခိုင်းနေတာဟ။ ဗိုက်ဝရင်ဘာဖြစ်မလဲ သိဖို့ကောင်းတယ်။

တိုင်းပြည်ကလိုနေတာ မျိုးချစ်စိတ်ရှိသူတွေမဟုတ်ဘူး။ တိုင်းချစ်ပြည်ချစ်စိတ်ရှိသူတွေပါ။
မျိုးချစ်စိတ်ဟာ ကျဉ်းမြောင်းသလောက် တရားသေဆန်ပြီး တဇောက်ကန်းနဲ့ အကြမ်းဖက်မှုဆီဦးတည်တယ်။

တိုင်းချစ်ပြည်ချစ်စိတ်ရှိသူမှာ ဘာသာလူမျိုးခွဲခြားမှုကင်းစင်တယ်။ တပြည်ထဲနေသူအချင်းချင်း ယိုင်းပင်းတယ်။ တိုင်းပြည်အပေါ်ကျလာတဲ့ ရန်မှန်သမျှ ပူးပေါင်းလက်တွဲဖြေရှင်း ရင်ဆိုင်ကြတယ်။

ဗမာမွတ်စလင်မ်တွေထဲမှာလည်း စောက်ရူးတွေရှိတယ်။ နလပိန်းတုံးတွေရှိတယ်။ ရိုးလွန်းလို့ အတဲ့လူတွေရှိတယ်။ လှည့်သမျှ လည်ထွက်သွားသူတွေရှိတယ်။ ကြောက်ရလွန်းလို့ လိုက်ထောက်ခံသံပေးနေသူတွေရှိတယ်။ အတော်များတယ်။ စစ်အုပ်စုဒလန်တွေလည်း မနည်းဘူး။ သူတို့အတွင်းထဲ ဝင်အောင်းနေတဲ့ ပွေးတွေလည်း တပုံကြီးဘဲ။

မင်းအောင်လှိုင် ဇဖါးရှားအုတ်ဂူသွားတာပဲ ကိုယ့်အမေ့လင်သချိုံင်းသွားပြီး ဇေယာရတ်သ်လုပ်တော့မှာမို့ ပျော်နေတာလိုလို၊အိန္ဒိယရဲ့ နောက်ဆုံးဘုရင်မွတ်စလင်မ့်ဂူကိုသွားတာမို့
ဗမာမွတ်စလင်မ်တွေကိုပဲချီးမြှင့်တာလိုလို စစ်ဝါဒကူဖြန့်ပေးနေတဲ့ ဗမာမွတ်စလင်မ်အမည်ခံတွေ ချီးစားကြဖို့ကောင်းတယ်။
ဒီဇင်ဘာ ၂၇၊ ၂ဝ၁၆

စောက်ကျိုးနည်း(မျိုးမြင့်ချို)

0 comments
အရွယ်ရောက်ပြီးသား စိတ်ပုံမှန်အခြေအနေ ကျန်းမာရေးလည်းကောင်း နှစ်ဦးလည်းသဘောမျှတယ်ဆိုရင် ယောက်ျားနဲ့မိန်းမပဲ လက်မထပ်ပဲအတူနေတာ မနေတာက သူတို့ရွေးချယ်ပိုင်ခွင့် သူတို့အခွင့်အရေး သူတို့ခန္ဓာနဲ့သူတို့ဘဝကိစ္စပဲ။

အစိုးရက ဘာကိစ္စ လူ့ပေါင်ခြံကြားထဲအထိ လိုက်ဆင်းရသတုန်း။ အစိုးရမှာ လူတွေကို နတ်ပြည်တို့နိဗ္ဗန်တို့ရောက်ရေး ရရေးအလုပ်မပါသလို လိင်အင်္ဂါကြားထဲလည်းဝင်ပြဌာန်းဖို့ အခွင့်မရှိဘူး။

စောက်ကျိုးနည်းကွာ လက်မထပ်ပဲအတူနေရင် ထောင်ချရမယ်လို့။ တိုင်းပြည်ကို ဥရောပအမှောင်ခေတ်ဆီ ပြန်တွန်းထည့်နေတာပဲ။

မျိုးစောင့်ဥပဒေဆိုတာနဲ့ ဘာသာမတူလူမျိုးမတူသူတို့ရဲ့ လူ့ချစ်ခြင်းအကြား လက်ထပ်တဲ့ကိစ္စအကြားမွှေပြီးသွားလို့ လက်မထပ်အတူနေဘက်ပါ လှည့်လာတာ။ ငြိမ်ခံနေကြလို့ လုပ်လို့ရမှန်းသိလို့ အတင့်ကပိုရဲရဲလာတာပဲ။

ဒီအတိုင်းသာဆက်သွား နောက်ဆို လင်နဲ့မယား ဘယ်နှရက်မှာ ဘယ်နှကြိမ်ပဲလိင်ဆက်ဆံရမယ်တို့၊ ဘယ်ပုံစံနဲ့ပဲဆက်ဆံရမယ်ဆို့ မဆက်ဆံရဘူးတို့။ မဆက်ဆံခင်မှာ ဘာပဲလုပ်ပေးရမယ် ဘာတွေလုပ်မပေးရဘူးတို့ပါ လာတော့မယ်ထင်တယ်။
ဒီဇင်ဘာ ၂၈၊ ၂ဝ၁၆

(သတင်းနဲ့ မှတ်ချက်)

0 comments
(သတင်းနဲ့ မှတ်ချက်)၂၈-၁၂- ၂ဝ၁၆) ဘတ်စ်ကားများမှ ရမ်းကားတဲ့ယာဉ်မောင်း ယာဉ်လိုက်ဆိုးများကို ဆုံးမနှိပ်ကွပ်ရေးလူထုအဖွဲ့အစည်းများ ဖွဲ့နေကြပြီ။


ဒီကိစ္စဟာ အလုပ်သမားနဲ့ဝန်ထမ်းတွေအပါအဝင် သိန်းသန်းချီရှိတဲ့ ရန်ကုန်ပြည်သူလူထုရဲ့ နေ့စဉ်အကျိုးစီးပွားတွေနဲ့ဆက်စပ်နေတာမို့ လျစ်လျူရှုလို့ မရဘူး။

မထသ ယာဉ်လိုင်းမှ တချို့သောယာဉ်မောင်း၊ ယာဉ်လိုက်ဆိုးများ သောင်းကျန်းနေခဲ့တာတော့ ကြာပါပြီ။ ကားပေါ်မှာ တုတ်တွေ၊ သံတုတ်တွေနဲ့ လက်နက်တွေဆောင်လာတယ်။ သူတို့ စိတ်မထင်ရင် မထင်သလို ကားစီးခရီးသည်တွေပဲဖြစ်ဖြစ် တခြားယာဉ်လိုင်း၊ အိမ်စီးကားတို့ကပါလာတဲ့လူတွေကိုဖြစ်ဖြစ် လက်နက်တွေနဲ့ ရက်ရက်စက်စက် သေလုမျောပါးရိုက်နှက်တယ်။ အဖိုးအိုတောင် မငဲ့မညှာ ထိုးကြိတ်ရိုက်ပုတ်တာတွေလုပ်တယ်၊ တခြားကိစ္စတွေ ဘယ်သူ့တိုင်တိုင် ဘာမှ အရေးမယူဘူး။ အဖိုးအိုကို ထိုးကြိတ်သူကို လူအများ မကျေမနပ်ဆူပွက်လာတာတောင် ၈ ရက်ပဲဖမ်းချုပ်ပြီး ပြန်လွှတ်ပေးတယ်။

တကယ်ကတော့ ယဉ်မောင်းနဲ့ယာဉ်လိုက်အများစုဟာ မြို့နေဆင်းရဲသား လူတန်းစားတွေပါ။ သူတို့ထဲကလူနည်းစုကို မွေးထားပြီး မြှောက်ပင့်ပေးကာ ကိစ္စပေါ်ရင်အကာအကွယ်ပေးမယ်ဆိုတဲ့ နောက်ကွယ်ကလူတွေ ရှိနေပါတယ်။ သူတို့နဲ့အုပ်ချုပ်ရေးအာဏာပိုင်တွေက အလိုတူအလိုပါတွေဖြစ်နေပြီး ဥပဒေအတိုင်း တရားနည်းလမ်းကျစွာ အပြစ်ပေးအရေးယူရေးကိုဟန့်တားနေလို့ ဒီလို လူထုဆန့်ကျင်ရေး ကိစ္စတွေ ဆက်လက်ပေါ်ပေါက်နေရတာပါ။

ရန်ကုန်မှာ မထသ က ကိုင်ထားတဲ့ ဘတ်စ်ကားအရေအတွက် ၁ သောင်းကျော်ရှိတယ်။ ကားသမားတွေက နေ့စဉ် မထသကို တရားဝင် ငွေ ၆ဝဝဝ ကျပ် ပေးရတယ်။ တရားမဝင်က ၅ဝဝဝ ကျော် ပေးရတယ်။ ကားတစီး နေ့စဉ် တသောင်းကျော်။ ကားအစီးတသောင်းကျော်ဆိုတော့ မထသရဲ့ဝင်ငွေက တရက်တည်းကို သိန်းထောင်နဲ့ချီရှိနေတယ်။ ဒီလိုအကျိုးအမြတ်ကြောင့် သူတို့ ကားသမားတွေရမ်းကားနေတာကို လျစ်လျူရှုခဲ့ကြတယ်။

အခုတော့ သူတို့ မထိန်းနိုင်တော့ပါဘူးလို့ မထသက ဝန်ခံလိုက်ရပြီ။

ဒါတင်မက ကားခ ငွေ ပိုတောင်းတယ်။ မိန်းမသားတွေကို မဖွယ်မရာလုပ်တယ်။ သာမာန်လူတွေကို ရိုင်းပြစွာဆဲရေးစော်ကားတယ်။ ကားချင်း အလုအယက် ပြိုင်မောင်းတယ်။ ကားပေါ်က မြန်မြန်ဆင်းအောင် ခရီးသည်တွေကိုတွန်းချတာ လုပ်တတ်ကြတယ်။ ဒီလို တွန်းချလို့ အမျိုးသမီးတယောက် ခြေထောက်ကားကြိတ်ခံလိုက်ရတာ ဓာတ်ပုံသက်သေရှိတယ်။ ဒီလို စော်ကားတာတွေ ကြာလာတော့ ရန်ကုန်လူထု မခံနိုင်တော့ဘူး။ ဘယ်သူ့တိုင်တိုင် မထူးဘူး။ ဘယ်ထူးမလဲ။ အစိုးရကိုလည်း ငွေပေးထားရတာတဲ့။ ရဲတွေကိုဆို ပြောမနေနဲ့တော့။ ရန်ကုန်တိုင်းအာဏာပိုင်တွေက မသထဖျက်သိမ်းမယ်လို့ အစက ကြွေးကြော်ခဲ့တယ်။ လက်တွေ့မှာ မဖျက်တော့။ ဘာကြောင့်လဲ။ လူထုကတော့ ဆက်လက်သည်းမခံလိုတော့ပြီ။

ယာဉ်မောင်းဆိုး စပယ်ယာဆိုးတွေကို တပွဲတလမ်းဆုံးမလိုက်ပြီးပြီ။ ဒါသာမက- လူထုက ဘတ်စ်ကား ယဉ်မောင်း၊ ယဉ်လိုက်ဆိုးတွေကို ဆုံးမဖို့ လူထုအဖွဲ့အစည်းတွေ သက်ဆိုင်ရာနယ်မြေအလိုက် စဖွဲ့လာပြီ။ ဒီနေ့(၂၇ - ၁၂- ၂ဝ၁၆) မှာပဲ လူ ၄၄ ယောက်နဲ့ မင်္ဂလာတောင်ညွန့်မှာ ဖွဲ့လိုက်ပြီ။ တခြားမှာလည်း ဖွဲ့စည်းရေး စနေတာ ပြင်ဆင်နေတာတွေကြားနေရတယ်။ Facebook ပေါ်မှာတောင် (လူပါးဝ bus များ ရပ်) ဆိုတဲ့ အဖွဲ့ ဖွဲ့ထားပြီ။ မနထ အဖွဲ့စသဖြင့် အဖွဲ့တွေကို နာမည်အမျိုးမျိုးပေးလာကြတယ်။

ဒါပေမဲ့ ခု ဖြစ်နေတာတွေအားလုံးဟာ ခေတ်စနစ်ကြောင့် ဖြစ်ပေါ်လာရတယ်ဆိုတာလည်း မြင်ဖို့လိုပါတယ်။ အုပ်ချုပ်ရေးအာဏာပိုင်တွေက သူတို့အကျိုးစီးပွားတွေရရှိနေတဲ့အပေါ်မှာ ဥပဒေနည်းလမ်းနဲ့အညီ မှန်မှန်ကန်ကန် အပြစ်ပေးအရေးယူတာတွေမလုပ်လို့ ဖြစ်ပေါ်လာရ တာတွေပါ။ အပြစ်ရှိသူတွေအပေါ် အုပ်ချုပ်ရေးအာဏာပိုင်တွေက အကာအကွယ်ပေးပြီး အလိုတူအလိုပါဖြစ်နေလို့ ဒီကိစ္စတွေ ဆက်လက် ဖြစ်ပေါ်နေရတာပါ။ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးဆိုတာတွေကို သူတို့ပဲကြွေးကြော်ပြီး သူတို့ပဲ ဖျက်ဆီးနေတာပါ။ အများပြည်သူ့တွေရဲ့ ခရီးသွားလာရေးအတွက် သက်သာချောင်ချိအောင် ဘတ်စ်ကားများ၊ ယာဉ်များကို စနစ်တကျစီမံဖွဲ့စည်း ဆောင်ရွက်မပေးနိုင်လို့ ဒါတွေ ဖြစ်နေရတာပါ။ ဒါကြောင့် ဒီလို ရမ်းကားမှုတွေ နောင်မှာ ဆက်လက်မဖြစ်ပွားအောင် အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ တာဝန်ရှိသူတွေက ထိထိရောက်ရောက် အပြည့်အဝတာဝန်ယူဖို့တောင်းဆိုတာတွေ လုပ်ဖို့လိုပါတယ်။

မတရားမှုတွေကို ဘယ်သူ့တိုင်တိုင် ဘာမှ အရေးမယူဘူး-ဆိုတာရဲ့ဇာစ်မြစ်ဖြစ်တဲ့ စနစ်ဆိုး၊ အုပ်ချုပ်ရေးယန္တရားဆိုးကြီးကို ပြည်သူတွေ ဆန့်ကျင်တိုက်ပွဲဝင်နိုင်မှ၊ ပြည်သူ့အားနဲ့တွန်းလှန်နိုင်မှ ဒီကိစ္စတွေ လုံးဝချုပ်ငြိမ်းသွားမှာပါ။
(အရေးတော်ပုံဂျာနယ်မှကူးယူဖော်ပြတာဖြစ်ပါတယ်)

Tuesday, December 20, 2016

ရုရှားသံအမတ်အလုပ်ကြံခံရရုံနဲ့....(မျိုးမြင့်ချို)

0 comments
(ရုရှားသံအမတ်အလုပ်ကြံခံရရုံနဲ့....)
တူရကီ၊ အီရန်နဲ့ရုရှားတို့ ဆီးရီးယားအရေး ဝိုင်းဖြေရှင်းကြဖို့ ကြိုးပမ်းနေချိန်မှာ တူရကီဆိုင်ရာ ရုရှားသံအမတ် အလုပ်ကြံခံလိုက်ရတယ်။ ရုရှားလေယဉ်တစီးကို တူရကီဘက်က ပစ်ချလိုက်ပြီးနောက် လေကြောင်းမပျံသန်းရဇုံကိစ္စနဲ့ တူရကီကို ရုရှားကသတိပေးခဲ့တာ သိတ်မကြာသေးဘူး။ တူရကီဘက်က ဖြေဖြေလျှော့လျှော့လုပ်ပေးလို့ ပြန်ပြေလည်သယောင်ဖြစ်သွားတယ်။

ဒါကို မရှုစိမ့်ဖြစ်တဲ့ ဒေသတွင်းနဲ့အဝေးနိုင်ငံတွေရှိတယ်။ ရုရှားနဲ့ တူရကီ ငြိကြစေချင်တယ်။ ယာလည်းညက် ကြက်လည်းမောမှ ဆီးရီးယားကိစ္စကို စိတ်ကြိုက်ကိုင်တွယ်နိုင်ဖို့အကြံနဲ့သဘောထားတွေ အစ္စရေးလ်ဘက်ကအပြောတွေမှာ ဗူးပေါ်သလိုပေါ်လာတယ်။

ပူတင်ကပါးတယ် ကေဂျီဘီဟောင်း နိုင်ငံရေးသမားဖြစ်တယ်။ အာဏာကိုဘယ်လိုထိန်းထားရင်ရမယ်မှန်းကို နောကြေအောင်သိတယ်။ လုပ်စရာရှိရင် လက်ရဲဇက်ရဲလုပ်တတ်တယ်။ ဒါကို ဗမာစစ်အုပ်စုကလည်း တွက်လို့ရတယ်။ ဒါ့ကြောင့် သန်းရွှေတို့ခေတ်စစ်အုပ်စုကနေ ခု မင်းအောင်လှိုင်ဇာတ်စီးတဲ့အုပ်စုအထိ ရုရှားကို ကာမပြန်ဝံ့ရုံမက အမေရိကန်နဲ့ကစားဖို့ ဆရာမွေးထားတာကို ကြည့်ကြစေချင်ပါတယ်။

တကယ်တမ်းတွေးရင် အမေရိကန်နဲ့ကစားဖို့ တရုတ်ဟာ စိတ်ချရတဲ့အနေအထားမဟုတ်သလို အားလည်းမရှိသေးဘူး။ သူ့စီးပွားရေးကို နည်းနည်းမှအထိအပါးမခံနိုင်တဲ့တရုတ်ဟာ စစ်တိုက်ပြီး ကိုယ့်စီးပွားကိုယ်ပြန်ဖျက်တဲ့အလုပ် ဘယ်တော့မှလုပ်မှာမဟုတ်ကြောင်း ဗမာစစ်အုပ်စုက ကောင်းကောင်းသိတယ်။ ဒါဟာ တရုတ်အမျိုးသား တယောက်ခြင်းဆီမှာရော၊ တရုတ်ကွန်မြူနတီ တနည်းပြောရရင် ချိုင်းနားတောင်းနဲ့ဘုံကျောင်း (ကြီးကြီး/သေးသေး) တည်ရှိရာဒေသတိုင်းမှာရော၊ တရုတ်ပင်မလူ့အဖွဲ့အစည်းကြီးတည်ရှိရာမှာရော လက်တွေ့ကျင့်သုံးတဲ့ ကွန်ဖြူးရှပ်လမ်းညွှန် စီးပွားရေး၊ နိုင်ငံရေး၊ မိသားစုနဲ့လူ့အဖွဲ့အစည်းဆိုင်ရာ သွန်သင်ချက်ပဲ။ တရုတ်တိုင်းလိုက်နာတယ်။

တခြားမကြည့်နဲ့ ထိုင်ဝမ်ကိစ္စကိုကြည့်။ ဟောင်ကောင်ကိစ္စကိုကြည့်။ ဒီလောက် တဇောင်းစေးနဲ့မျက်ချေးလိုဖြစ်နေပေမယ့် ကြားလူ ဘယ်လောက်ရန်ဝင်တိုက်တိုက် ကွန်မြူနစ်တရုတ်နဲ့အရင်းရှင်တရုတ် တရုတ်အချင်းချင်း စစ်ထမတိုက်ဘူး။ “သဟဇာတဖြစ်တဲ့မိသားစုသာ ကြီးပွားချမ်းသာတယ်“ဆိုတဲ့ ကွန်ဖြူးရှပ်ဒေသနာမှာ တရုတ်တိုင်း “တည်“ ကြတယ်။

ဗမာပြည်လောက် စီးပွားရေးမက်လုံးလေး လက်လွှတ်မစိုးလို့ တရုတ်ဟာ မိုက်မိုက်ကန်းကန်း ဘယ်နိုင်ငံနဲ့မှ စစ်ထမတိုက်ဘူး။ တရုတ်ခေါင်းဆောင်တွေ အဲ့သလောက်အမြော်အမြင်မနည်းဘူး။ ဥရောပတို့ အမေရိကတို့အပါအဝင် အခြားဒေကြီးတွေ တိုက်ကြီးတွေက တရုတ်အရင်းအနှီးနဲ့စီးပွားရေးဟာ အာရှ၊ တောင်အာရှ၊ အရှေ့တောင်အာရှနဲ့ယှဉ်တော့ ဇီးစေ့သာသာလောက်ပဲရှိတာမှန်ပေမယ့် ဒီအာရှဒေသကြီးအပေါ်မှာ နိုင်ငံရေးအရသြဇာညောင်းလိုတာ စီးပွားရေးအရမိတ်ဘက်ပြုလိုတာ လုံခြုံရေးအရ စစ်ရေးပူးပေါင်းဆောင်ရွက်လိုတာတော့ အထင်အရှားရှိတယ်။ လုပ်လည်းလုပ်နေတယ်။ ဒါပေမယ့် သိတ်ပါးနပ် သိတ်ကျင်လည်တယ်။ ဘယ်နိုင်ငံကြီးတွေနဲ့မှ အငြိကြီး အငြိမခံဘူး။

ဆိုဗီယက်-အမေရိကန် စစ်အေးခေါင်းစဉ်နဲ့ကစားတော့ အမေရိကန်ကပေးတဲ့အထူးကုန်သွယ်ဘက်နိုင်ငံ အဆင့်အတန်းကို မရအရယူပြီး ခုလောက်ကြီးပွားအောင် တစတစ အမြတ်ထုတ်လာခဲ့တာကိုကြည့်ရင် စီးပွားရေးမှာ တရုတ်တွေ ဘယ်လောက်အကွက်မြင်ကြောင်း ထင်ရှားမှာပါဘဲ။ စစ်အေးခေတ်နောက်ပိုင်း အကြမ်းဖက်မှုဆန့်ကျင်ရေးဆိုပြီး အမေရိကန်နဲ့ဥရောပက ကမ္ဘာလှည့်စစ်တိုက်နေချိန်မှာ တရုတ်က ကမ္ဘာပတ်ပြီး စီးပွားရှာနေတာ။ နောက်ဆုံး အမေရိကန်က စစ်နွံမှာနစ် စစ်ကြွေးတွေပိပြီး တရုတ်ဆီ ငွေချေးစာချုပ်တွေထုတ်ရောင်း သူ့ဘတ်ဂျက်ကိစ္စရှင်းရင်း တရုတ်ရဲ့မြီစားဘဝ ရောက်သွားရတာဘဲမဟုတ်လား။

ဒါတွေကို ဗမာစစ်အုပ်စုက ကျနော်တို့ထက်သိတယ် အကွက်လည်းမြင်တယ်။ ဒါ့ကြောင့် အမေရိကန်ခေါင်းဆောင်တဲ့အုပ်နဲ့ တခုခုငြိတော့မယ်ဆိုရင် ကစားတော့မယ်ဆိုရင် အရေးဟယ်အကြောင်းရယ်ဆို တရုတ်ကို အားကိုးလို့မဖြစ်မှန်း မရမှန်းသိတော့ ရုရှားကို လူမိုက်မွေးထားတာပဲ။ ရုရှားကလည်း အထည်ကြီးပျက်ဆိုပေမယ့် အားကမသေးလှဘူး။ မိုက်ဂုဏ်လည်းကြီးတယ်။ မိုက်သတင်းလည်းမွှေးတယ်။ ဂျော်ဂျီယာကိစ္စ၊ ချေချင်းညှာကိစ္စ၊ ယူကရိန်းကိစ္စ(ကရျိုင်းမီးယားကိစ္စတွေ)ကြည့်ပါ။ ပူတင်ဟာ ယစ်ထုတ်ကြီးဘောရစ်ယာဆင်နောက် တိုက်စားဖြိုချခံရတဲ့ ရုရှားကို ပြန်“မ“တင်တဲ့နေရာမှာ အန်ကယ်လ်ဆမ့်ဂိုဏ်းသားတွေနဲ့ အဲ့ဒီဂိုဏ်းယိမ်းသူတွေထဲကတချို့ကိုနှိပ်ကွပ်ပြီး တချို့ကိုသူကောင်းပြုတယ်။ အဲ့ဒီအထဲမှာ နိုင်ငံရေးသမား၊ သံတမန်၊ စီးပွားရေးသမား အကုန်ပါတယ်။ ခု ဖေဖေဒေါ် နိုင်ငံခြားရေးဝန်ခန့်မလို့ လျာထားခံရတဲ့ငတိဆို ပူတင်က ဆုတောင်ချထားလိုက်သေးတာ။

ဆီးယီးယားအရေးမှာလည့် ရုရှား(ပူတင်)ရဲ့ကစားကွက်ကိုကြည့်ပါ။ အမေရိကန်က ဆီးရီးယားအစိုးရကိုဖြုတ်ချပြီး သူဘက်ယိမ်းတဲ့လူကို အစိုးရတင်ဖို့လုပ်တယ်။ ဆီးရီးယားအစိုးရကို ဆန့်ကျင်တိုက်ခိုက်သူမှန်သမျှကို လက်နက်၊ ငွေကြေး၊ သတင်း၊ နည်းပညာ အကုန်ပေးတယ်။ အိုင်စစ် ISIS တွေရော အယ်ကိုင်းဒါးအစုတွေကိုပေးတယ်။ ဘာရက်အယ်အာဆာ့ဒ်ကို တိုက်ပေးရင်ပြီးရောဆိုပြီး။ ရုရှားက ပထမတော့ အသာကြည့်နေတယ် နောက်တော့ ကိစ္စကတဖြည်းဖြည်းနဲ့ အကြီးကြီးဖြစ်လာပြီး ဒေသတွင်းသာမက အပြင်ဘက်ပါ ပြန့်ထွက်လာနိုင်ခြေမြင်တော့မှ
ဆီးရီးယားပြသနာထဲ ဝင်ချလာတယ်။

ရုရှားက အမေရိကန်နဲ့ ပြောင်းပြန်ရပ်တယ်။ လက်ရှိဆီးရီးယားအစိုးကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အစ္စလာမ်မစ်နိုင်ငံတော်(အိုင်စစ်)တွေတင်မက အခြားအစွန်းရောက်လက်နက်ကိုင်မှန်သမျှကို ဆီးရီးယားအစိုးဘက်နေ ကူတိုက်ပေးတယ်။ ဆီးရီးယားအစိုးပြုတ်မကျအောင် ဆီးရီးယားနိုင်ငံမပြိုကွဲအောင် ပြသနာတွေဒေသအပြင်ထွက်ပြီး ပြန့်မသွားအောင်လည်း တဘက်ကနေလုပ်တယ်။ တဘက်ကနေလည်း သဘောထားပျော့ပျောင်းတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့ဆွေးနွေးဖို့၊ အစိုးရဘက်ကနေ လိုက်လျောသင့်တာလိုက်လျောဖို့ နိုင်ငံရေးအရဖြေရှင်းဖို့လည်း နားချတယ်။

ဒါတွေက နိုင်ငံရေးအရ နိုင်ငံရေးသြဇာထူထောင်လိုမှုဆိုတဲ့ဘက်ကနေ မြင်ကြည့်တာပါ။ တကယ့်လက်တွေကနေ အရင်းစစ်ကြည့်ရင်တော့ အမေရိကန်ရော ရုရှားပါ စစ်ပစ္စည်းတွေဈေးကွက်တင်ဖို့ လက်နက်အသစ်အဆန်းတွေ စမ်းသပ်ပစ်ခတ်ပြပြီးကြော်ငြာဖို့ လုပ်ကြတာကိုမြင်ရမှာပါ။

တရုတ်က သူ့စစ်ပစ္စည်းစစ်လက်နက်ကိုရောင်းပေမယ့် အမေရိကန်တို့ရုရှားတို့လို
စစ်နဲ့ဖြုန်းပြီးရောင်းတဲ့နည်းကိုရှောင်တယ်။ အမေရိကန် ရုရှားတို့က တိုင်းပြည်နဲ့ လူထုကို အကြွေးတင်ခံခိုင်းပြီး စစ်လက်နက်ပစ္စည်းကုမ္ဗဏီပိုင်ရှင်သူဌေးကြီးတွေနဲ့ အဲ့ဒီလုပ်ငန်းကြီးတွေမှာ အစုရှယ်ယာဝင်ထား ဝယ်ထားသူတွေကောင်းစားဖို့ ကြီးပွားဖို့လုပ်တဲ့သဘောဖြစ်တယ်။ တရုတ်က စစ်ကြွေးဘယ်သူ့ဆီမှအတင်မခံ၊ တိုင်းပြည်နဲ့လူထုလည်း စစ်နွံမနစ်၊ စစ်ကြွေးမပိစေတဲ့နည်းနဲ့ လက်နက်ရောင်းတယ်။ ရေရှည်မှာ တရုတ်နဲ့ အမေရိကန်တို့ ရုရှားတို့ဟာ အပုံကြီးကွာကုန်ကြတယ်။ ဒါကိုပဲ တရုတ်ပုံစံဆိုရှယ်လစ်စနစ်ချီတက်နေတာလို့ ဆိုသူတွေဆိုတယ်။ ကြည့်ရမှာပါပဲ။ ဘာမှတော့ ယတိပြတ်ပြောမရသေးပါ။ သူအောင်မြင်ရင် ကိုယ်တွေ နမူနာရမှာဖြစ်ပြီး သူကျဆုံးရင်တော့ သင်္ခန်းစာယူရမယ်ထင်ပါတယ်။

တူရကီဆိုင်ရာ ရုရှားသံအမတ်လုပ်ကြံခံရတဲ့ကိစ္စကို ပူတင်(ရုရှား)ဘက်က တုန့်ပြန်တာ အတော်ပိရိသေသပ်ပြီး ပါးနပ်တယ်လို့ဆိုရမယ်ထင်တယ်။ ထပြီး ဝုန်းဒိုင်းကြဲသောင်းကြမ်းတော့မယ် စစ်ကြေညာတော့မယ်ထင်တားသူတွေ မင်သက်မိကုန်တယ်။

အဲ့သလိုဖြစ်စေ့ချင်သူတွေ(ဗမာပြည်သားတွေအပါအဝင်)နိုင်ငံတကာမှာ သိတ်မနည်းလှဘူး။ တူရကီဟာ အစ္စလာမ်ဘာသာဝင်အများစုနိုင်ငံဆိုပေမယ့် တူရကီဟာ ဘယ်လိုနိုင်ငံ၊ ကမဲလ်အတာတာ့ခ်လက်ထက် ဘာသာရေးနိုင်ငံရေးပြုပြင်ပြောင်းလဲမှုဘာဆိုတာဘာ၊ ဘာဆိုဘာမှမသိကြတဲ့ ဗမာပြည်တွင်းပြည်က အမျိုးဘာသာသာသနာအသံကောင်းဟစ်နေတဲ့လူတွေ ဒီကိစ္စအကြောင်းပြုပြီး တူကီကို ရုရှားကဆော်စေ့ချင်မှန်း မထိန်းနိုင်မသိမ်းနိုင်တွေ ပွင့်ထွက်လာကြတယ်။

သူ့သံအမတ်အသတ်ခံရရုံလောက်နဲ့ တူရကီနဲ့သူနဲ့ကြား။ ရုရှား၊ တူရကီ၊ အီရန် ၃ ဦး ၃ ဖလှယ်ကြားက ဆီးရီးယားဆိုင်ရာအကျိုးစီးပွားကြီးကို ပူတင့်အနေနဲ့ အထိခိုက်မခံလောက်ဘူးလို့ ယူဆရပါတယ်။

မိုက်တယ်ဆိုပေမယ့် ပူတင်ဟာ မိုက်လုံးမကြီး၊
မိုက်တွင်းမနက်သလို သေတွင်းလည်းမတူးပါဘူး။ ဒါလေးအကြောင်းပြပြီး ဘာစစ်မှ ထမဖြစ်အောင် ဘာပြသနာမှ အစထွက်မလာအောင် ပူတင်ရပ်တည်ပုံ ပြောပုံဆိုပုံက အတော်ပိရိသေသပ်လို့ ပြသနာဖြစ်စေ့ချင်သူတွေ သြချကုန်ကြတယ်လို့
ထင်ပါတယ်။

ချုပ်ရရင် ပူတင်ဟာ မိုက်ပါတယ်။ မိုက်မိုက်ကန်းကန်းလည်း လုပ်တတ်ပါတယ်။ ဒါပေမယ့် မိုက်မဲသူမဟုတ်သလို မိုက်မိုက်မဲမဲလည်း မဟုတ်ပါ။ ကျနော်တို့ကို သူနဲ့ ဆန့်ကျင်ဘက်သမားတွေရဲ့မီဒီယာတွေကနေ သူ့ကိုမြင်စေချင်လို့ ပုံဖော်ပေးနှပ်ကြောင်းပေးတဲ့အတိုင်း သက်သက်လောက်ပဲ သူ့နဲ့ရုရှားကိုကြည့်ရင် ကျနော်တို့ သူ့ကို သူ့ရုရှားကို မမြင်နိုင်ပါဘူး။ ကျနော်တို့ဟာ အခြားဘက်တွေကနေလည်း ရှာတတ်ကြည့်တတ် မြင်တတ်ဖို့လိုပါတယ်။

ကျနော်တို့ ကြည့်ကြရမှာပါ။ ကျနော်တို့ မြင်ကြရဦးမှာပါ။
ဒီဇင်ဘာ ၂ဝ၊ ၂ဝ၁၆

လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ တည်ဆောက်ခြင်း State - Nation နဲ့ ဗိုလ်ချုပ်ရဲ့ပင်လုံမူ (စိုင်းထွန်းအောင်လွင်)

0 comments

လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ တည်ဆောက်ခြင်း State - Nation နဲ့ ဗိုလ်ချုပ်ရဲ့ပင်လုံမူ (စိုင်းထွန်းအောင်လွင်)
ဒီဇင်ဘာလ ၁၉ ရက် ၂ဝ၁၆ အသွင်မတူတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ အသွင်မတူတဲ့မျိုးနွယ်စုတွေ အမြောက်မြားနေထိုင်တဲ့နိုင်ငံတွေအဖို့ စတိတ်နေးရှင်းသဘော (လူမျိုးစုံချစ်ကြည်နိုင်ငံ)ပုံစံနဲ့ နိုင်ငံတည်ဆောက်ဖို့ ကျယ်ကျယ်ပြန့်ပြန့် အကြံပြုတင်ပြသူတွေအထဲမှာ အဲလ်ဖရက် စတီဖင် ပါဝင်ပါတယ်။ သူဟာဖက်ဒရယ်နဲ့ပတ်သက်တဲ့စာတမ်းတွေကိုလည်း ပြုစုခဲ့ဖူးတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ယေးလ်း တက္ကသိုလ်က ဟွမ်လင့်၊ အိန္ဒိယနိုင်ငံက ယာဒက်ဖ်တို့ပူးပေါင်းပြီး Crafting State Nation ; India and Multinational Democracies ဆိုတဲ့စာအုပ်ကို ရေးသားထားပါတယ် ။

ခေတ်ဟောင်းနိုင်ငံရေးအတွေးအခေါ်တွေမှာ နိုင်ငံတစ်ခုရဲ့နယ်နိမိတ်ပိုင်နက်နဲ့ ယဉ်ကျေးမှုနယ်နမိတ်မျဉ်းတွေက တထပ်တည်းကျနေ ရမယ်လို့ဆိုကြပါတယ်။ အဲဒီလို အနေထားကြောင့် နိုင်ငံတစ်ခုအတွင်းမှာ လူမျိုးတစ်မျိုးတည်းပဲရှိနေရမယ့်သဘောဆောင်ပါတယ်။ ယဉ်ကျေးမှုနဲ့ မတူကွဲပြားတဲ့မျိုးနွယ်စုတွေရှိတဲ့နိုင်ငံမှာ နိုင်သူအကုန်ယူစနစ်နဲ့ဗဟို ရွေးကောက်ပွဲတွေကျင်းပပေးလိုက်ရင် မဂျော်ရတီ Majority လူမျိုး တစ်မျိုးကပဲအမြဲနိုင်နေမှာဖြစ်တဲ့အတွက် တခြားအင်အားနည်း မျိုးနွယ်စုတွေအဖို့ နစ်နာမှုတွေရှိနိုင်တာကြောင့် ပဋိပက္ခတွေ မုချပေါ်လာနိုင်တယ်လို့ အဲဖရက်စတီဖင်ကဆိုပါတယ်။

ဒါဟာ မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက်လည်း ယဉ်ကျေးမှုဓလေ့ထုံတမ်းပေါင်းစုံရှိတဲ့နိုင်ငံတွေမှာ ပြဿနာပေါင်းများစွာကြုံတွေ့ ခဲ့ရခြင်းပဲဖြစ်ပါတယ်။


တစ်ချို့ကလည်း တွေ့ရတဲ့ပြဿနာတွေကို ပြေပြေလည်လည်ဖြေရှင်းနိုင်တဲ့အတွက် ကာလရှည်ပြည်တွင်းစစ်ပြဿနာအဖြစ် မရောက်ကြ ပါဘူး။ မရှင်းနိုင်တဲ့တိုင်းပြည်တွေကတော့ ကာလရှည်ပဋိပက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အောင်မြင်သွားတဲ့ ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံဆိုတဲ့အနေထားမျိုးမဟုတ်ကြပါဘူးလို့ သူတို့က ဆိုပါတယ် ။

အုပ်စု (၁) ။ ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်း များပြားတဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီလိုစုံလင်တဲ့အထဲမှာ တစ်ချို့ယဉ်ကျေးမှုရှိတဲ့လူတွေက သီးခြားစုဖွဲ့နေထိုင်ကြတယ်။ သူတို့အတွက် ထင်ရှားတဲ့အုပ်စုအသီးသီးက နိုင်ငံရေးမျက်နှာစာမှာပြောဆိုနေကြတယ်။ တစ်ချို့အမျိုးသားရေး အရ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကိုသုံးပြီး လွတ်လပ်ရေးဆိုတဲ့အဆင့်အထိ ပြောဆိုနေကြပါတယ်။ အဲဒီအုပ်စုဝင်တွေကို Robustly Multinational လူမှုအဖွဲ့အစည်းတွေလို့ခေါ်ပြီး ကနေဒါက ကွီဘက်ပြည်နယ်၊ စပိန်က ကာတလန်ပြည်နယ်တို့ပါဝင်သလို ဘယ်လဂျီယံ ကတော့ ဖလမ်းဒါးဒေသပါဝင်ပါတယ်။ ပန်ဂျပ်ပြည်နယ်က ဆစ်ခ့်ခွဲထွက်လှုပ်ရှားမှု၊ မီဇိုခွဲထွက်ရေးနဲ့ အရှေ့မြောက်ပြည်နယ် ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့အိန္ဒိယနိုင်ငံကလည်း အဲဒီအုပ်စုထဲပါဝင်သွားပါတယ်။

အုပ်စု (၂) ။ ။ ယဉ်ကျေးမှုအရ အတော်လေးများပြားတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဘာသာစကားယဉ်ကျေးမှုအရအုပ်စုတွေက နိုင်ငံရေးအရထင်ရှားပြီး နယ်မြေအလိုက်အုပ်စုဖွဲ့ စုဖွဲ့တာတွေ လုပ်မနေကြပါ။ လွတ်လပ်ရေးတောင်းဆိုတာတွေလည်း လုပ်မနေကြပါ။ ဆွစ်ဇာလန်နဲ့အမေရိကန်လို နိုင်ငံတွေဖြစ်ပါတယ် ။

အုပ်စု (၃)။ ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ တစ်မျိုးတည်းဖြစ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတာကြောင့် လူမျိုးတစ်မျိုးတည်းက တစ်နိုင်ငံလုံးကို လွှမ်းမိုးထားတယ်လို့တောင် ပြောလို့ရပါတယ်။ အဓိကလူမျိုးကြီးနဲ့အလားတူ ရပိုင်ခွင့်တွေတောင်းနေတဲ့လူမျိုးတွေလည်း မရှိကြပါ။ ဂျပန်၊ ပေါ်တူဂီနဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံအများစုပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံကတော့ တစ်မျိုးတည်းကိုသာအခြေခံတဲ့ နေရှင်း စတိတ် ဖြစ်ပါတယ်။ ၁၉ ရာစု ပြင်သစ်တော်လှန်ရေးပြီးချိန်မှာ ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ၊ အမှတ်သရုပ်လက္ခဏာ တစ်ခုတည်း ရှိစေမယ့် တပြည်ထောင်အမျိုးသားနိုင်ငံ (Unitary Nation State)တည်ထောင်ဖို့ စီမံခဲ့ပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ပတ်သက်လို့ မြန်မာမှာလိုပဲ တကယ့်ကိုကြောက်လန့်စရာ သေဒဏ်ပေးနိုင်တဲ့ပြစ်မှုအဖြစ်ကို သတ်မှတ်ခဲ့ကြပါတယ် ။

ဒေသအလိုက် ကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေကို ပုံစံပေါ်လာအောင် ခွင့်ပြုပေးတာမျိုး မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံတစ်ဝှမ်းကကျောင်းတွေမှာ တူညီတဲ့သင်ရိုးညွှန်းတမ်းတွေပဲ သင်ကြားပေးပါတယ်။ ဒါပေမဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး နိမ့်ချစော်ကားမှုတွေမပါသလို လိုသလိုပုံသွင်းမှုတွေ မပါပါဘူး။ ဆရာတွေအားလုံးကိုလည်း ဗဟိုကနေပဲလေ့ကျင့်သင်ကြားပေး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသား လက္ခဏာတစ်ခုတည်းဖြစ်လာအောင်နဲ့ ပေါင်းစည်းမှုသင်္ကေတအဖြစ် အားလုံးစစ်မှုမထမ်း၏မနေရဥပဒေ ပြဌာန်းပေးထားပါတယ်။


ဒါပေမဲ့ ပြင်သစ်မှာ ပြင်သစ်နိုင်ငံသားဖြစ်မှုအပေါ် ပြဌာန်းချက်တွေအတိုင်း သာတူညီမျှခံစားခွင့်ရှိပါတယ်။ ပေါ်တူဂီ၊ ဂျပန်၊ ဆွီဒင်တို့လည်း အောင်မြင်တဲ့ တပြည်ထောင် နေးရှင်းစတိတ်ဖြစ်သွားဖို့ နီးစပ်သွားသလို ဂျာမန် သြစတြေးလျတို့လို ဖက်ဒရယ်နိုင်ငံတွေကလည်း နေရှင်း စတိတ်ဖြစ်ဖို့ နီးစပ်သွားပါပြီ။ အမျိုးသားနိုင်ငံတစ်ခုကိုတည်ထောင်နေတုန်း လူ့အဖွဲ့အစည်းအတွင်းခြားနားမှုတွေက နိုင်ငံသားတွေအတွင်း သာတူညီမျှရှိတယ်လို့ခံစားရတာ၊ အားလုံးသမိုင်းကြောင်းတူညီတယ်လို့ခံစားရရင် ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မနေဘူးလို့ အဲလ်ဖရက်စတီဖင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုအနေထားတွေက ရင့်ကျက်ခိုင်မာပြီးသားနိုင်ငံမှာပဲ လွယ်လွယ်ကူကူ ကူးပြောင်းနိုင်တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂ဝ ရာစုနောက်ပိုင်းရောက်လာတဲ့အခါ အစိုးရမူဝါဒနဲ့ တပြည်ထောင် အမျိုးသားနိုင်ငံတည်ထောင်ဖို့ဆိုတဲ့ကိစ္စတွေက အခက်အခဲတွေရှိလာတယ်လို့ သူကဆိုပါတယ်။

စပိန်တို့ဘယ်လ်ဂျီယံတို့လိုနိုင်ငံတွေတောင် ခွဲထွက်ရေးနဲ့ကြုံရတာကို သူကထောက်ပြပါတယ်။ ဒါကြောင့်နိုင်ငံတစ်ခုမှာ လူမျိုးစုံဘာသာစုံပြီး အဲဒီလို စုံလင်မှုက နိုင်ငံရေးအရလည်း အဓိပ္ပာယ်ထင်ရှားလေးနက်နေရင် (State-Nation) လူမျိုးစုံချစ်ကြည်ရင်းနှီးမှုပါတဲ့ စရိုက်လက္ခဏာ အခြေခံ နိုင်ငံကိုတည်ထောင်ဖို့ စဉ်းစားဖို့၊ ဖန်တီးဖို့၊ အသိအမှတ်ပြုထောက်ခံဖို့လိုအပ်တယ်လို့ အဲဖရက်စတီဖင်က ဆိုပါတယ်။ ဟွမ်လင့်နဲ့ အဲဖရက်စတီဖင်တို့ဟာ State Nation အယူအဆနဲ့ပတ်သက်လို့ စတိတ်နေးရှင်းဆိုတာဟာ တိုင်းရင်းသားမျိုးနွယ်စု လူမျိုးစုံ ယဉ်ကျေးမှုအစုံ ပါဝင်တဲ့ စုံလင်များပြားတဲ့နိုင်ငံဖြစ်တယ် ။

သို့သော် နိုင်ငံတော်အပေါ်သစ္စာရှိ၊ အသိအမှတ်ပြုတယ်လို့ သက်ဆိုင်ရာပြည်သူများကထောက်ခံတဲ့စနစ်မျိုးဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆို ပါ တယ်။ စာရေးသူတို့နိုင်ငံနဲ့ယဉ်ကျေးမှုအရကော လွတ်လပ်ရေးသမိုင်းအရပါဆက်စပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ (State – Nation) လူမျိုးဘာသာ ယဉ်ကျေးမှုအစုံချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ်။

စာရေးသူနဲ့ခင်မင်တဲ့ မီဇိုရမ်ပြည်နယ်က မီဇိုချင်းမျိုးနွယ်မိတ်ဆွေနဲ့ အရုနချန်ပြည်နယ်က Tai Khamtis (မြန်မာက ခန္တီးရှမ်းနဲ့တူတယ်) မိတ်ဆွေတစ်ယောက်ဆိုရင် သူတို့နိုင်ငံအပေါ် သူတို့ချစ်ခင်သစ္စာရှိကြောင်း စာရေးသူကိုပြောပြဖူးပါတယ်။ သူတို့နိုင်ငံရဲ့ပြည်ထောင်စုစနစ်၊ နိုင်ငံသားတွေအပေါ် ဂရုစိုက်မှုတွေကြောင့်လည်း ဒီမိုကရေစီစနစ်နဲ့ အခြေခံဥပဒေအပေါ် နိုင်ငံသားတွေရဲ့ယုံကြည်လေးစားမှုမြင့်တယ် လို့လည်း သူတို့နှစ်ဦးစလုံးက စာရေးသူကိုပြောပြခဲ့ဖူးပါတယ်။

အမှန်တော့ ပါလီမန်ဒီမိုကရေစီကိုအခြေခံတဲ့ အိန္ဒိယနိုင်ငံဟာလည်း စာရေးသူတို့နိုင်ငံလိုပဲ လွတ်လပ်ရေးရစက တပြည်ထောင်ပုံစံရှိခဲ့တပါ။ ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဂျဝါဟာလာနေရူးနဲ့ ကွန်ကရက်ပါတီရဲ့ လိမ္မာပါးနပ်တဲ့ အများသဘောတူာဏာခွဲဝေရေးအစီအမံတွေကြောင့်ပဲ လွတ်လပ်ရေးရပြီးသိပ်မကြာခင် ၁၉၅ဝနဲ့ ၁၉၆ဝ အကြားမှာတင် ဒီမိုကရက်တစ် State – Nation ဖြစ်လာပါတယ်။ လွတ်လပ်ရေးရပြီးပြီးချင်း ပါကစ္စတန်ခွဲထွက်မှုနဲ့ ကြုံခဲ့ရပေမယ့် နောက်ကြုံရတဲ့ ဆစ်ခွဲထွက်မှုတွေနဲ့ တမီလ်နာဒူပြည်နယ်အရေးတွေမှာတော့ တင်းမာမှုမရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့အတွက်လည်း ခွဲထွက်မှုမရှိပဲပြေလည်ခဲ့တာပါ။

နေရှင်းစတိတ်ပေါ်လစီဆိုတာ တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုတွေနဲ့နိုင်ငံရေးနယ်နိမိတ်ကိုကိုက်ညီအောင် နိုင်ငံရေးအင်စတီကျူးရှင်း နည်းလမ်းနဲ့ ကြိုးစားပုံဖော်တာဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတော်တော်များများမှာ ယဉ်ကျေးမှုပုံစံတူညီမှုတွေက တပုံစံတည်းမရှိပဲ ကွဲပြားမှုတွေများတဲ့နေရာတွေ များပါတယ်။ ဒါ့ကြောင့် ကွဲပြားခြားနားမှုတွေကိုဂရုစိုက်ပြီး ကွဲပြားခြားနားမှုတွေအတွက် အခွင့်ထူးပေး လိုက်တာတွေလည်းရှိပါတယ်။ နေးရှင်းစတိတ်တွေကို အကောင်ထည်ဖော်ရာမှ ပျော့ပြောင်းတဲ့နည်းလမ်းတွေသုံးခဲ့တဲ့နိုင်ငံတွေရှိသလို ကြမ်းတမ်းတဲ့နည်းလမ်းတွေသုံးတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ နံပတ်(၁) နိုင်ငံအတွင်းနေထိုင်ကြတဲ့ မတူကွဲပြားသူတွေအကြား သစ္စာခံမှုတမျိုး ထူးထူးခြားခြားပေါ်လာအောင် ဆွဲဆောင်စည်းရုံးနည်း၊ စေ့ဆော်ပေးတဲ့နည်း၊ ဖန်တီးပေးတဲ့နည်း၊ နံပတ်(၂) အဲဒီလိုဖန်တီးပေးမှုအပေါ် နေးရှင်းစတိတ် အမျိုးသားနိုင်ငံတော်ကို မူလက မထောက်ခံသူတွေ နောက်ပိုင်းထောက်ခံလာအောင် အမှတ်လက္ခဏာကို မိမိဆန္ဒအရ ပူးပေါင်းပါဝင်လာအောင် တိုက်တွန်းအားပေးခြင်း၊ နံပတ်(၃) နေးရှင်းစတိတ်ရဲ့ပုံစံကိုလက်ခံလာအောင် အခြားမူကွဲတွေကို လက်မခံပဲ တားဆီးပိတ်ပင်ခြင်း၊ ရှိပြီးသားဆိုရင် အင်အားနည်းသွားအောင်ဖိနှိပ်ခြင်း၊ ပျောက်ကွယ်သွားအောင် ဖိအားပေးခြင်း (မြန်မာမှာ ဗုဒ္ဓဘာသာ တပြည်ထောင်ထူထောင်ရန်ကြိုးစားခြင်း၊ မဆလခေတ်က တိုင်းရင်းသားစာပေတွေကိုနှိပ်ကွပ်ခြင်း၊ အခြားမျိုးနွယ်စု ကိုးကွယ်မှုအမှတ် လက္ခဏာ ပါပါက နိုင်ငံသားမှတ်ပုံတင်ခက်ခဲအောင်လုပ်ခြင်း(အစိုးရအလုပ်အကိုင်ရာထူး တပ်ရာထူးတက်ရန်ခက်ခဲခြင်း)၊ နံပတ်(၄) တစ်ချို့ဖြစ်ရပ်တွေမှာ ဖိအားပေးရာကတစ်ဆင့် လူမျိုးသုဉ်းသတ်ဖြတ်တဲ့အထိကျူးလွန်ခြင်း စတဲ့နည်းလမ်းလေးသွယ်ကတော့ အမျိုးသား နိုင်ငံထူထောင်ဖို့ကြိုးစားရာမှာတွေ့ရတဲ့ နည်းလမ်းတွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်။


အမျိုးအစားကွဲပြားနေပေမဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုအမှတ်လက္ခဏာတွေကို အင်စတီကျူးရှင်းအရ လေးစားလိုက်နာပြီး ချဉ်းကပ်တာကတော့ State Nation ပေါ်လစီဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားနေတာကို နိုင်ငံရေးနည်းလမ်းနဲ့ တရားဝင်ဖော်ပြခွင့် ပြုတာဟာ ယဉ်ကျေးမှုပေါင်းစုံ စီးမျှောစေတဲ့ State Nation ပေါ်လစီပဲဖြစ်ပါတယ်။

အချင်းချင်းခွဲခြားဆက်ဆံခံရတယ်ထင်လို့ ပဋိပက္ခဖြစ်နေတာ (သို့မဟုတ်)တင်းမာမှုတွေရှိနေတာကိုပြေလည်ဖို့အတွက် ကျေနပ်အောင် အခွင့်အရေးတွေပေးလိုက်တာကလည်း State – Nation ပေါ်လစီပဲဖြစ်ပါတယ်။

အဲဒီလိုပါဝင်အောင်လုပ်တဲ့နေရာမှာ ခွဲခြားဆက်ဆံတဲ့ပုံနဲ့ အထူးအခွင့်ရေးပေးတာ၊ အတင်းအကျပ်လုပ်ယူတာမရှိပါ ။
နိုင်ငံရေးရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ We ကျွန်ုပ်တို့အားလုံးဖြစ်အောင်လည်း State Nation က အားပေးပါတယ်။

တချိန်တည်းမှာလည်း လူ့အဖွဲ့အစည်းအတွင်း လူမျိုး၊ ဘာသာကွဲပြားမှုတွေအကြား လေးစားလိုက်နာဖို့အတွက် အကာကွယ်ဖြစ်စေမယ့် ကိစ္စရပ်တွေကိုလည်း ဖန်တီးပေးပါတယ်။ ငါတို့အားလုံးဆိုတဲ့အမြင်ကို သွင်းပေးမှုမှာ စာပေ၊ ယဉ်ကျေးမှု ဘာသာစကား တန်းတူအခွင့်အရေး၊ သမိုင်းဆိုင်ရာတန်းတူညီမျှဖော်ပြခွင့် (မြန်မာမှာတော့ ဗမာတစ်မျိုးတည်းကိုအသားပေးတဲ့ လိုသလိုဆွဲတဲ့သမိုင်းသင်ရိုးညွှန်းတမ်းတွေကို ကျောင်းတွေမှာသင်ခိုင်းခဲ့ဖူး)၊  ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာဖော်ပြခွင့်တွေကလည်း အရေးပါ ပါတယ်။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ အထိမ်းအမှတ် အမှတ်အသားသင်္ကေတွေမှာ နိုင်ငံတော်အလံကအစ နိုင်ငံသားတွေနှစ်သက်စွဲလမ်းတဲ့စိတ်တွေ ပေါ်လာအောင်၊ နိုင်ငံသားတွေရဲ့ အခြေခံဥပဒေနဲ့နိုင်ငံကို ချစ်စိတ်ပေါ်လာအောင်လည်း အားပေးပါတယ်။

ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဲဒီ State Nation ပုံစံက ဖက်ဒရယ်စနစ်နဲ့ အံဝင်ခွင်ကျပါပဲလို့ဆိုပြီး မတူကွဲပြားမှုတွေများတဲ့နိုင်ငံတွေ ကလည်း ဒီမိုကရေစီတည်တံ့ဖို့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးမှ အဆင်ပြေနိုင်တယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အများကြီးမဟုတ်ပေမဲ့ သီးသန့် တခြားစကားပြောတဲ့မျိုးနွယ်စု နှစ်စုသုံးစုရှိနေပြီး သူတို့က လူနည်းစုဖြစ်နေရင် သူတို့အတွက် မဂျော်ရတီ Majority က အကုန် ဆုံးဖြတ်ဆိုတဲ့ပုံစံမျိုးမဖြစ်ရအောင် ဖက်ဒရယ်မဟုတ်တောင် သူတို့ကိုအခွင့်အရေးပေးထားတဲ့ဖက်ဒရေစီပုံစံမျိုးကို ကျင့်သုံးကြပါတယ်။ ဖက်ဒရေစီဆိုတာ နိုင်ငံရေးနဲ့ယဉ်ကျေးမှုအရထင်ရှားတဲ့ ဒါမှ မဟုတ်သီးသန့်ရှိတဲ့နယ်မြေဒေသတစ်ခုဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က လက်နက်ကိုင်ပဋိပက္ခဖြေရှင်းဖို့ ပြည်နယ်ရွေးကောက်ပွဲမရှိတဲ့အင်ဒိုနီးရှားမှာ အာချေးအတွက် ပြည်နယ်ရွေးကောက်ပွဲလုပ်ပေးပြီး၊ ပြည်နယ်က ဥပဒေပြုခွင့်အချို့နဲ့ အခွန်ကောက်ခံခွင့်၊ ပြည်နယ်ရဲတပ်ဖွဲ့ကိုထိန်းချုပ်ခွင့်၊ အာချေးကထွက်တဲ့ ရေနံဝင်ငွေ ၇ဝ ရာနှုန်းကို ပြည်နယ်က ခွဲဝေရယူခွင့်တွေပေးမှ အာချေးလက်နက်ကိုင်ပဋိပက္ခက ပြေလည်ခဲ့ပါတယ်။ အီတလီမှာလည်း တပြည်ထောင်ဆိုပေမယ့် ဂျာမန်စကားပြော ၈၅ ရာခိုင်နှုန်းရှိတဲ့နယ်မြေတစ်ခုမှာ ဖက်ဒရေစီပုံစံကျင့်သုံးပေးရသလို နယူးဇီလန်မှာတော့ မာအူရီမူလဌာနေမျိုးနွယ်စုတွေအတွက် သီးသန့်ရွေးကောက်ပွဲမဟုတ်ပေမယ့် ဗဟိုလွှတ်တော်မှာမနစ်နာရအောင် အချိုးကျမဲနဲ့ပါဝင်ခွင့် ပေးထားရပါတယ်။ ဆုံးဖြတ်ခွင့်တောင် မတူပါဘူး။

စတိတ်နေးရှင်းစနစ်ကျင့်သုံးရာမှာ အောင်မြင်တဲ့ဒီမိုကရေစီနိုင်ငံအများစုကတော့ ပါလီမန်ဒီမိုကရေစီကျင့်သုံးကြတာဖြစ်ပြီး ပါလီမန်စနစ်က ညွှန့်ပေါင်းနဲ့အားလုံးပါဝင်နိုင်တဲ့အစိုးရ ဖွဲ့စည်းဖို့ ခွဲဝေပေးလို့ရတဲ့စနစ်တွေပါတဲ့အတွက်ဖြစ်ပါတယ်။ မဂျော်ရတီအများစုရတဲ့ပါတီသာမရှိခဲ့ရင် ညွှန့်ပေါင်းဖွဲ့ဖို့လိုလာမှာဖြစ်တဲ့အတွက် မိတ်ဖက်ပါတီတွေရဲ့ထောက်ခံမှုကိုရဖို့ အပေးအယူညှိနှိုင်းမှုတွေ အဆက်မပြတ်လုပ်ရမှာဖြစ်တယ်။ နိုင်ငံအနံ့ပြိုင်နိုင်တဲ့ပါတီတွေက ဗဟိုအစိုးရဖွဲ့စည်းမှုမှာ လိုအပ်တဲ့မဲမရလို့ ဒေသဆိုင်ရာမျိုးနွယ်စုပါတီလေးတွေရဲ့ ထောက်ခံမှုကိုလိုနေမယ် ဆိုရင် ဒေသဆိုင်ရာမျိုးနွယ်စု အစုအဖွဲ့ပါတီတွေရဲ့ထောက်ကူမှုနဲ့ ဗဟိုမှာအစိုးရဖွဲ့နိုင်မှာဖြစ်ပြီး အပြန်လှန်အားဖြင့် မျိုးနွယ်စုပါတီလေးတွေကို လည်း ဗဟိုအစိုးရမှာနေရာပေးခြင်းဖြင့် ဒေသအခြေပြုပါတီတွေကို ဗဟိုလိုလားတဲ့ပါတီဖြစ်အောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်လို့ အဲဖရက်စတီဖင်က ဆိုထားပါတယ် ။

စတိတ်နေးရှင်းမှာ ယဉ်ကျေးမှုခြင်းပေါင်းစည်းတာမျိုး ရှိရှိမရှိရှိ၊ နိုင်ငံရေးအရပေါင်းစည်းတာမျိုးရှိဖို့က အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံမှာ ဟင်ဒီနဲ့အင်္ဂလိပ်ကိုရုံးသုံးအဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ ဒေသအလိုက်မျိုးနွယ်စုတွေအသုံးပြုတဲ့ဘာသာစကား ၂၂ မျိုးကို တရားဝင် ဘာသာစကားအဖြစ်သတ်မှတ်ထားပါတယ်။ ဟင်ဒီမသုံးတဲ့မျိုးနွယ်စုတွေက အင်္ဂလိပ်စာကိုအသုံးပြုပြီး နိုင်ငံတဝှမ်းအစိုးရဌာနတွေမှာ အလုပ်လုပ်နိုင်ပါတယ်။ စာရေးသူနဲ့သိကျွမ်းတဲ့ အရုနချန်ပြည်နယ်က Tai Khamtis မိတ်ဆွေတစ်ဦးဆိုရင် ဟင်ဒီဘာသာစကား မတတ်ပေမယ့် အင်္ဂလိပ်ဘာသာစကားနဲ့တင် အရုနချန်ပြည်နယ်အစိုးရရုံးမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ နာဂလန်း ပြည်နယ်ဆိုရင် ဖက်ဒရယ်ယူနစ်ရတဲ့ပြည်နယ်ထဲပါပြီး(အိန္ဒိယမှာ ဖက်ဒရယ်ယူနစ်ရတဲ့ပြည်နယ် မရတဲ့ပြည်နယ်ရှိ၊ ဗဟိုလွှတ်တော်မှာ အမတ် အရေအတွက် အချိုးမညီပါ) မဲဆန္ဒနယ်နည်းပေမယ့် ဗဟိုအစိုးရမှာ မကြာခဏ နေရာရတဲ့သူတွေရှိနေတာဟာ ဗဟိုရွေးကောက်ပွဲတွေမှာ နိုင်ငံလုံးဆိုင်ရာပါတီတွေအနေနဲ့ အပြတ်အသတ်မနိုင်တဲ့အကြိမ် များလာတဲ့အတွက် ဒေသအခြေစိုက်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ရလို့ပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရချိန်မှာပဲ ဟင်ဒီစကားအပြင် အခြားဘာသာစကားတွေကို လူ ၁၃သန်း လောက်က သီးခြားအသုံးပြုနေတဲ့နိုင်ငံ ဖြစ်နေခဲ့တာပါ။ တော်တော်များများကလည်း ကိုယ်ပိုင်အမှတ်လက္ခဏာတွေရှိကြသလို ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဆစ်ခ့် စတဲ့ဘာသာတွေနဲ့ စုံလင်လှတဲ့နိုင်ငံပါ။ မွတ်ဆလင်က ၁၆၁ သန်းရှိပြီး ကမ္ဘာမှာ တတိယ မွတ်ဆ လင်အများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ အစ္စလာမ် သဟဇာတမဖြစ်ဘူးဆိုပြီးယူဆသူတွေဘက်ကကြည့်ရင် အိန္ဒိယက အံ့သြစရာဖြစ်ပြီး ဖက်ဒရယ်စနစ်ကိုလည်း ကျင့်သုံးနေပါတယ်။

ကမ္ဘာပေါ်က သက်တမ်းအကြာဆုံးမျိုးနွယ်စုစုံလင် ဖက်ဒရယ်နိုင်ငံလေးခုဖြစ်တဲ့ ဘယ်လဂျီယံ၊ စပိန်၊ ကနေဒါ၊ အိန္ဒိယ လေးနိုင်ငံမှာ အိန္ဒိယက တစ်ဦးချင်းဝင်ငွေနဲ့ လူနေမှုအဆင့်အတန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံလူဦးရေ သန်း ၁ ထောင်ကျော်နဲ့တွက်ကြည့်ရင် တနှစ်ပျှမ်းမျှ ဝင်ငွေက တစ်ဦးချင်းဆိုရင် ဒေါ်လာ ၄ဝဝဝ ကျော်သာရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ စတိတ်နေးရှင်း(လူမျိုးစုံချစ်ကြည်နိုင်ငံ)ကို အိန္ဒိယက အောင်မြင်စွာထူထောင်ထားနိုင်ပါတယ်။ နက်နက်ရှိုင်းရှိုင်းကွဲပြားနေတဲ့လူ့အဖွဲ့အစည်းကိုစုစည်းဖို့ နိုင်ငံရေးနယ်ပယ်၊ ကျင့်ဝတ်ပိုင်းနဲ့ အခြေခံဥပဒေဆိုင်ရာနယ်ပယ်တွေမှာ ကာလရှည်ကြာ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယမှာ မတူကွဲပြားတဲ့မျိုးနွယ်စုတွေ အများအပြားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ ပြေလည်စေဖို့အတွက် အချိုးမညီဖက်ဒရယ်ကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။

ကိုးကွယ်ရာဘာသာတွေကလည်း နက်နက်ရှိုင်းရှိုင်းကွဲပြားနေကြတာပါ။ မွတ်ဆလင်သမ္မတဖြစ်တဲ့အခါလည်း ပြဿနာကြီးကြီးမားမား မရှိခဲ့ပါဘူး။ တစ်ကယ်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့နိုင်ငံကို ဘယ်လိုအင်စတီကျူးရှင်းတွေနဲ့ တည်ဆောက်မလဲ၊ မတူကွဲပြားမှုတွေကို ဘယ်လိုပေါင်းစည်းမလဲဆိုတာ အင်္ဂလိပ်လက်အောက်မှာရှိနေစဉ် ၁၉၂ဝ လောက်ကတည်းက အိန္ဒိဂကွန်ကရက်ပါတီက ပါတီရဲ့မူဝါဒအနေနဲ့ အသေးစိပ်လေ့လာမှုတွေပြုခဲ့တာပဲဖြစ်ပါတယ်။ အခြေခံဥပဒေမှာ နိုင်ငံသားအဓိပ္ပာယ်ဖွင့်ဆိုချက်က နယ်မြေဒေသကိုအခြေခံတာကြောင့် State Nation နဲ့တော်တော်လေးကို ကိုက်ညီခဲ့ပါတယ်။

လွတ်လပ်ရေးရသွားတဲ့အိန္ဒိယဟာ လွှတ်တော်နှစ်ရပ်ပါတဲ့ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမယ်ဆိုတာ ၁၉၂၈ ခုနစ်ကျော် ကာလကတည်းက ကွန်ကရက်ပါတီအစီရင်ခံစာက အတည်ပြုခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ အိန္ဒိယကို စတိတ်နေးရှင်းအဖြစ် အပြည့်အဝ အသိမှတ်ပြု လိုက်တာ ၁၉၅၇ မှဖြစ်ပြီး ဘာသာစကားတစ်ခုစီနဲ့သုံးစွဲနေတဲ့ပြည်သူတွေက သူတို့သက်ဆိုင်ရာကိုယ်ပိုင်ပြည်နယ်ရသွားပြီး သက်ဆိုင်ရာ ဘာသာစကားနဲ့ အုပ်ချုပ်လို့ရသွားခဲ့တာဖြစ်ပါတယ်။ သီးခြားပြည်နယ်ဖန်တီးလို့ရတာကြောင့် စာရေးသူတို့နိုင်ငံက ချင်းတွေနဲ့မျိုးနွယ်စုတူတဲ့ မီဇိုတွေဟာ မီဇိုရမ်ပြည်နယ်အဖြစ်ရသွားပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုထိန်းသိမ်းခွင့်၊ မီဇိုလူမျိုးတွေပဲမဲပေးလို့ရတဲ့ ဒေသန္တရ ရွေးကောက်ပွဲ၊ မြေယာပိုင်ဆိုင်ခွင့်တွေရခဲ့သလို ၁၉၈၆က မီဇိုသဘောတူညီချက်ကလည်း မီဇိုခွဲထွက်ရေးကိုအပြီးသတ်စေခဲ့ပါတယ်။

ဘာသာရေးနဲ့ပတ်သက်လို့ မတူကွဲပြားတဲ့ဘာသာအလိုက် သာသနာပြုခွင့်၊ အဆောက်အဦးဆောက်ခွင့်တွေကလည်း လွတ်လပ်မှုရှိပြီး ဟာဂ်ျဘုရားဖူးအဖြစ် မက္ကာကိုသွားတဲ့မွတ်ဆလင်တွေကို အိန္ဒိယအစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ ရုံးပိတ်ရက်တွေကလည်း ဟိန္ဒိုတွေအတွက် ၅ ရက် မွတ်ဆလင်တွေအတွက် ၅ ရက် အခြားဘာသာဝင်တွေအတွက် ၅ ရက် သတ်မှတ်ပေးထားပါတယ်။

အိန္ဒိယက တမီလ်ခွဲထွက်ရေးအတွက်လှုပ်ရှားနေချိန် State Nation ပေါ်လစီ အရမျိုးနွယ်စုအခွင့်ရေးတွေ ပေးတဲ့အတွက် ပြေလည်သွား  ပေမယ့် သီရိလင်္ကာနိုင်ငံမှာတော့ တမီလ်တွေကို Nation State ဖြစ်အောင် အတင်းသွတ်သွင်းခဲ့တာကြောင့် လူတွေသိန်းနဲ့ချီ သေကြေပြီးမှ ပြည်တွင်းစစ်အဆုံးသတ်ခဲ့ရပါတယ်။

အဲဖရက်စတီဖင်ဆိုခဲ့တာက ယူကရိန်းအကြောင်းလည်း သူလေ့လာထားပြီး ၁၉၉၁ ယူကရိန်းနိုင်ငံဖြစ်လာတဲ့အခါမှာ အားလုံးခြုံငုံပါဝင်တဲ့ မျိုးနွယ်စုအစုံပါဝင်တဲ့ယူကရိန်းမဖြစ်ခဲ့ဘူးလို့သူက ဆိုပါတယ်။ ဒါကြောင့် နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေနဲ့ ပြဿနာတက်နိုင်တယ် လို့ ၂ဝဝဝ ခုနစ်ကျော်လောက်တည်းက သူက သတိပေးခဲ့ပါတယ်။ တစ်ကယ်လည်း နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေကြောင့် ခရိုင်းမီးယားအရေး ပြဿနာပေါ်ခဲ့ရပြီမဟုတ်ပေလော။

အိန္ဒိယနဲ့လွတ်လပ်ရေးခေတ်ပြိုင် မြန်မာနိုင်ငံမှာတော့ နေရူးရဲ့မိတ်ဆွေလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း State Nation ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြိုးစားတဲ့အချိန်နဲ့ နေရူးကြိုးစားတဲ့အချိန်ကွာတာက ဗိုလ်ချုပ်က သူတစ်ဦးတစ်ယောက်တည်းကသာ ပင်လုံစာချုပ်ကိစ္စတွေလုပ်ခဲ့တာဖြစ်ပြီး ဖဆပလအနေနဲ့ အိန္ဒိယက ကွန်ဂရက်ပါတီလို နှစ်ပေါင်း များစွာကြိုတင်ပြင်ဆင်ခဲ့တာတော့ မဟုတ်ပါဘူး။

ဒါကြောင့် ၁၉၄၆ ပထမပင်လုံမှာ ဖဆပလကိုယ်စားလှယ်ဦးနုဟာ မအောင်မြင်ခဲ့ရသလို ဗိုလ်ချုပ်ကွယ်လွန်လို့ သူ့အနေနဲ့ အရိုက်အရာ ဆက်ခံရချိန်မှာလည်း အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါဘူး။ တစ်နည်းအားဖြင့် အင်စတီကျူးရှင်းအလိုက် State Nation အတွက်မပြင်ဆင်ခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အနေနဲ့ စစ်မဖြစ်မီက အမျိုးသားရေးအရ အမျိုးသားရေးဝါဒီဖြစ်ကောင်းဖြစ်ခဲ့ပေမယ့် ဘီအိုင်အေဝင်ပြီး ခေတ်ကာလ နောက်ပိုင်းကစလို့ လူမျိုးစုံ၊ ဘာသာစုံတည်ရှိနေမှုကိုအကြောင်းပြုပြီး တစ်ဘာသာတည်း၊ လူမျိုးတမျိုးတည်းဆိုတဲ့ကိစ္စတွေကို မလုပ်တော့တာက ဘာသာခြားတွေ၊ မျိုးနွယ်စုတွေကိုတလေးတစားနဲ့ အစိုးရအဖွဲ့ထဲမှာနေရာပေးခဲ့မှုတွေက သက်သေပဲဖြစ်ပါတယ်။

ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ထောင်စုဖွဲ့စည်းဖို့သဘောတူခဲ့တဲ့ အခြေခံခဲ့တဲ့မူတွေကိုကြည့်မယ်ဆိုရင် (၁)၊ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံ၊ လွတ်လပ်သောသဘောဆန္ဒနှင့်အညီ ပြည်ထောင် များနိုင်ငံသစ်တည်ထောင်မှုတွင် ပူးပေါင်းပါဝင် ကြမှု၊ (၃)တန်းတူရေး၊ (၄)ကိုယ်ပိုင်ပြဌာန်းခွင့်၊ (၅)ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စု၊ (၆)လူနည်းစုတွေရဲ့အခွင့်အရေးကို ကာ ကွယ်ခြင်း၊ (၇)ဒီမိုကရေစီနဲ့ပတ်သက်လို့ နိုင်ငံသားတိုင်းခံစားခွင့်၊ (၈)ပါတီစုံဒီမိုကရေစီစနစ်၊ (၉)ဘာသာရေးကိုအခြေမခံတဲ့နိုင်ငံ၊ (၁ဝ) ခွဲထွက်ခွင့်ဆိုတဲ့အချက်တွေကို အခြေခံခဲ့တာဖြစ်ပါတယ်။

ခွဲထွက်ခွင့်အချက်ကလွှဲလို့ ကျန်တဲ့မူတွေက ပြီးခဲ့တဲ့ မိုင်ဂျာယန်ညီလာခံအထိ တိုင်းရင်းသားတွေ တောင်းဆိုနေခဲ့တာဟာ အဲဒီပင်လုံမူတွေကို အခြေခံတောင်းနေကြတာဖြစ်ပါတယ်။ သေချာတာကတော့ နှစ်ပေါင်း ၆ဝ နီးပါး ပြည်တွင်းစစ်ဖြစ်နေတာ၊ စစ်အာဏာရှင်အောက်မရောက်ခင် လွတ်လပ်ရေးရစ ပါလီမန်ခေတ်ကတည်းက ပြည်တွင်းစစ်စခဲ့ပြီး၊ ကျရှုံးနိုင်ငံအဖြစ်ရောက်နေခဲ့တယ်လို့ အကဲဖြတ်တွေကသုံးသပ်ခဲ့တာဟာ နိုင်ငံရဲ့ ပကတိအခြေနေနဲ့ကိုက်ညီတဲ့ လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ State Nation ကို အောင်မြင်စွာမတည်ဆောက်နိုင်ခဲ့တာကြောင့် ပဲဖြစ်ပါတယ်။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်


REF; Crafting State Nation; India and Multinational Democracies
Alfres Stepan, yohindra Radev
ယူတာက http://panglongburmese.blogspot.com/2016/12/state-nation.html ဒီနေရာကဖြစ်ပါတယ်။

Monday, December 19, 2016

ကာစထရို သို့မဟုတ်အနောက်တိုင်းက မီးရှုးတန်ဆောင် (ရဲဘော်အောင်ထက်)

0 comments
ကာစထရို သို့မဟုတ်အနောက်တိုင်းက မီးရှုးတန်ဆောင်
ကျူးဘားနိုင်ငံရဲ့ သမိုင်းဝင်ခေါင်းဆောင်ကြီးဖီဒယ်လ်ကာစထရို ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားရတဲ့အခါမှာ ကျွန်တော်တို့ဟာ အဖြစ်မှန်မို့သာ လက်ခံလိုက်ရတယ်ဆိုတဲ့ နှမြောတသ၊ ယူကျုံးမရမှုမျိုး လွှမ်းမိုးတာခံစားလိုက်ရပါတယ်။

အမေရိကတိုက် (မြောက်ပိုင်း+တောင်ပိုင်း)မှာ ပထမဆုံးသောဆိုရှယ်လစ်နိုင်ငံထူထောင်သူ၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဓနအင်အား၊ စစ်အင်အားတွေနဲ့ မောက်မာချင်တိုင်းမောက်မာနေတဲ့၊ ကမ္ဘာအနှံ့မှာငပွကြီးလို့ နာမည်ဆိုးနဲ့ကျော်စောနေတဲ့ အမေရိကန်နယ်ချဲ့ဘီလူးကို သူ့နှာခေါင်းအောက်ကနေ အန်တုခဲ့ရုံမက နှာခေါင်းကျည်ပွေ့ တွေ့စေခဲ့သူ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုအမျိုးမျိုးကြားကနေ တည်ငြိမ်ကြံ့ခိုင်တဲ့ ကျူးဘားနိုင်ငံကိုထူထောင်၊ ဘက်မလိုက်လှုပ်ရှားမှုတွေမှာ ဦးဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုံးပန်းရင်း သဘာဝတရားကိုမလွန်ဆန်နိုင်လို့ ကွယ်လွန်သွားပေမယ့် ကမ္ဘာ့ပြည်သူများရဲ့ရင်ထဲကတော့ ဖီဒယ်လ်ကာစထရိုဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။

သတိရမိပါသေးတယ်။ ဗမာပြည်ထဲမှာ တရုတ်ဖြူကျူးကျော်မှုရှိနေသေးချိန်၊ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ ကြာခဏပေါ်နေချိန်၊ ကမ္ဘာအရပ်ရပ်မှာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကြွေးကြော်သံနဲ့လှုပ်ရှားမှုတွေ ခြိမ့်ခြိမ့်သဲကျင်းပနေချိန်မှာ ကျူးဘားမှာ ဘာတစ္စတာအာဏာရှင်ကိုဖြုတ်ချပြီး အောင်ပွဲခံလိုက်တာဟာ တကယ်ပဲ အနောက်က နေထွက်သလိုဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက တိုးတက်သူတွေရဲ့ပါးစပ်ဖျားမှာ ကာစထရိုရဲ့နာမည်ဟာ အလွန်ရေပန်းစားနေခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ကျူးဘားစီး-ယန်ကီးနိုး (Cuba-Si! Yankee-No!)) ဆိုတဲ့ ကြွေးကြော်သံပျံဝဲနေခဲ့သလို ဗမာပြည်ကစာပေလောကမှာလည်း ကျူးဘားတော်လှန်ရေးနဲ့ ကျူးဘားခေါင်းဆောင်ကြီးကို ချီးကျူးတဲ့ကဗျာတွေစာတွေ ပလူပျံခဲ့ပါတယ်။ အရွယ်အစားအားဖြင့် အမေရိကန်ကပြည်နယ်လေးတခုလောက် တောင်မှမရှိတဲ့၊ လူဦးရေအားဖြင့် နယူးယောက်မြို့နဲ့ မတိမ်းမယိမ်းသာရှိတဲ့နိုင်ငံတခုကို ကမ္ဘာ့ဗိုလ်ပုံအလယ်မှာအရှုံးပေးလိုက်ရတဲ့ အိမ်ဖြူတော်က ခေါင်းဆောင်တွေဟာ ကစထရိုကိုလုပ်ကြံဖို့ နည်းမျိုးပေါင်းစုံအကြိမ်ပေါင်း ၆ဝဝကျော် ကြံစည်ခဲ့တယ် (အဲဒီအထဲက တနည်းက ကာစထရိုသောက်တဲ့ဆေးပြင်းလိပ်မှာ အဆိပ်ထည့်ဖို့ကြိုးစားတာဖြစ်ပါတယ်) ဆိုတဲ့အချက်ကိုကြည့်ရင် ကျူးဘားတော်လှန်ရေးရဲ့ ဂယက်နဲ့ ဝါရှင်တန်ကခေါင်းဆောင်တွေရဲ့အရှက်ကို ခန့်မှန်းလို့ရနိုင်ပါတယ်။

နောက်ပြီး ၁၉၆၁ခုနှစ်၊ ဧပြီလ ၁၇ရက်နေ့မှာ အမေရိကန်က တနှစ်မျှလေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားတဲ့ ကျူးဘားက ပြေးလာတယ် ဆိုသူ ၁၅ဝဝ လောက်က ကာစထရိုကိုဖြုတ်ချဖို့အတွက် အမေရိကန် စစ်သင်္ဘောတစင်းပေါ်ကနေချပေးတဲ့လှေတွေနဲ့ ကျူးဘားနိုင်ငံကို တက်တိုက်တဲ့အရေးအခင်းပေါ်ခဲ့ပါတယ်။

ဒါတွေအားလုံးကို အိုက်စင်ဟာဝါအစိုးရ စီစဉ်ပြုလုပ်တာပါ။ စီအိုင်အေအစီအစဉ်နဲ့လုပ်ခဲ့တဲ့ အဲဒီကမ်းတက်တိုက်ပွဲကြီးဟာ ဧပြီလ၂ဝရက်နေ့ မှာပဲ သေသူသေ၊ အဖမ်းခံရသူခံရနဲ့ အဆုံးသတ်သွားပါတယ်။ ဒီအဖြစ်အပျက်ပေါ်ပေါက်ပြီးနောက် လပိုင်းအတွင်းမှာတက်လာတဲ့ ကင်နေဒီ ခမျာမတော့ ပြည်တွင်းရော ပြည်ပမှာပါ အကြီးအကျယ်အဝေဖန်ခံရပါတော့တယ်။ ဒီလိုနဲ့ကာစထရိုတို့က နောက်တနှစ်အကြာ၊ ၁၉၆၂ခုနှစ် ဒီဇင်ဘာလထဲမှာ အဲဒီဝက်ပင်လယ်အော် (Bay of Pigs)အရေးအခင်းမှာဖမ်းမိခဲ့တဲ့ သုံ့ပန်း ၁၁၁၃ ဦးကို ပြန်လွှတ်ပေးလိုက်တော့ ဝါရှင်တန် အဖို့ နှစ်ပြန်ရှက်-အခံခက် ဖြစ်ခဲ့ရ ပါတယ်။

ဖီဒယ်ကာစထရိုကို ၁၉၂၆ခုနှစ်မှာ ကျူးဘားကျွန်းအရှေ့ပိုင်းက ဘီရန်(Birán,)ဆိုတဲ့မြို့ကလေးမှာ မွေးဖွားခဲ့တာပါ။ သူ့မိဘများက မြေရှင်တွေပါ။ သူဟာ ငယ်စဉ်က စန်တီယာဂိုနဲ့ဟာဗာနာတို့မှာရှိတဲ့ ပုဂ္ဂလိကသာသနာပြုကျောင်းတွေမှာ ကျောင်းနေခဲ့ပြီး ဟာဗာနာ တက္ကသိုလ်မှာ ဥပဒေပညာဆည်းပူးခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအချိန်မှာ ပညာလေးတတ်လို့သာ မာ့က်စ်ဝါဒနဲ့ထိတွေ့နိုင်တယ်လို့ဆိုရမှာပါ။

တကယ်ကျတော့ ကျူးဘားဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ နောက်ဆုံးမှ တရားဝင်လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ စပိန်ကိုလိုနီလက်အောက်က လွတ်တယ်ဆိုတာနဲ့ပဲ ဒီကျွန်းနိုင်ငံလေးဟာ အသစ်ပေါ်ထွက်လာနေတဲ့ အမေရိကန်နယ်ချဲ့သမားရဲ့ လက်ခုပ်ထဲကို ရောက်ခဲ့ရပါတယ်။ အမေရိကန်ဟာ အဲဒီတုန်းက ကျူးဘားနိုင်ငံရဲ့စီးပွားရေးတခုလုံးလိုလိုနဲ့ နိုင်ငံရေးလောကတခုလုံးကို ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ကျူးဘားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲခဲ့တဲ့ ပလတ်ပြင်ဆင်ချက်(Platt amendment)ဆိုတာဟာ အမေရိကန်က ဒီနိုင်ငံထဲကိုစစ်ရေးအရ စွက်ဖက်ခွင့်ပြုတယ်ဆိုတာတောင် ပါရှိပါတယ်။

၂ဝရာစုနှစ် ပဌမတဝက်၊ နှစ်ပေါင်း ၅ဝကျော်တိုင် ကျူးဘားပြည်သူတွေ မကျေမနပ် အောင့်အည်းနေခဲ့ရတဲ့ခံစားချက်ဟာ ကာစထရိုတို့ရဲ့ တော်လှန်ရေးမှာ ပေါက်ကွဲထွက်လာတာပဲလို့ပြောရမှာပါ။

ကျူးဘားနဲ့ဖီဒယ်ကာစထရိုကို အနောက်နိုင်ငံတွေက အလွန်တရာမုန်းတီးတဲ့ နောက်အချက်တချက်က ဒီနိုင်ငံဟာ သူတို့တတွေ မတရား ပိတ်ဆို့ညစ်ပတ်ထားတဲ့အကြားကပဲ သူ့နိုင်ငံတွင်းမှာ အရင်းရှင်-မြေရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့တာ၊ စာမတတ်မြောက်မှုကို ပပျောက်အောင် လုပ်နိုင်ခဲ့တာ၊ လူတိုင်းအိုးနဲ့အိမ်နဲ့နေနိုင်အောင် ဖန်တီးပေးခဲ့တာ၊ ကမ္ဘာမှာ ပထမတန်းကျန်းမာရေးစနစ် (အမေရိကန်က ပိုက်ဆံရှိသူ တွေတောင် သွားပြီးအကုသခံကြတယ်)ထူထောင်ခဲ့တာ၊ ကျူးဘားနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းကို အများကြီးဆွဲဆန့်နိုင်ခဲ့တာ (ကျူးဘားနိုင်ငံက ပျမ်းမျှလူ့သက်တမ်းဟာ ၇၉ ဒသမ ၃၉နှစ် ဖြစ်ပြီး ၇၈ ဒသမ ၉၄ နှစ်ဆိုတဲ့အမေရိကန်နိုင်ငံထက်တောင် သာပါတယ်)၊ ပညာရေး၊ ယဉ်ကျေးမှုရေး၊ အားကစားစတာတွေမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေနဲ့ ရင်ဘောင်တန်းလိုက်လာနိုင်တာ စတာတွေကြောင့်လည်း ဖြစ်ပါတယ်။

၁၉၅၂ခုနှစ်မှာ ဘာတစ္စတာက ဒုတိယအကြိမ်အာဏာသိမ်းတော့ ဖီဒယ်လ်နဲ့သူ့ရဲဘော်တွေ (အဲဒီအထဲမှာသူ့ညီရာအူးလ်၊ သူ့နှမဟေဒီးနဲ့ မယ်လ်ဘာတို့လည်းပါပါတယ်)ဟာ တိုက်ပွဲဝင်အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ၁၉၅၃ ခုနှစ် ဂျူလိုင်လ ၂၆ရက်နေ့မှာ စန်တီယာဂိုမှာရှိတဲ့ မွန်ကာတာ (Moncada)စစ်တန်းလျားတွေကို ဝင်တိုက်ကြပါတယ်။ သူတို့ရှုံးနိမ့်ပြီး ပါဝင်သူ လူငယ် ၁၂ဝ လောက်ထဲက တဝက်နီးပါးကို အာဏာရှင် အစိုးရက ဖမ်းမိပြီးနောက်မှာ သတ်ပစ်ခဲ့ပါတယ်။ အဲဒီတုန်းကအဖမ်းခံခဲ့ရတဲ့ ဖီဒယ်လ်ကာစထရိုက တရားရုံးမှာ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရင်း လေးနာရီကြာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲက နောက်ဆုံးမှာပါတဲ့ “သမိုင်းဟာ ငါ့ကိုအပြစ်မရှိဖော်ပြလိမ့်မယ်”("La historia me absolverá")ဆိုတဲ့မိန့်ခွန်းဟာ ကမ္ဘာတွင်ခဲ့တယ်လို့ဆိုရပါမယ်။

၁၉၅၈ ခုနှစ်က ဆီယက်ထရာမယ်စ်ထရာ (Sierra Maestra)တောင်တန်းတွေထဲမှာ လူ ၁၂ယောက်နဲ့ စတင်ခဲ့တဲ့တော်လှန်ရေးဟာ ၁၉၅၉ခုနှစ်၊ ဇန်နဝါရီလ ၁ရက်နေ့မှာ အာဏာရှင်ဘာတစ္စတာကို ကျူးဘားနိုင်ငံက ထွက်ပြေးသွားစေခဲ့ပါတယ်။ ဘာတစ္စ တာအစိုးရကို ပြုတ်ကျစေတဲ့တော်လှန်ရေးရဲ့အဆုံးပိုင်းမှာ ရက်သတ္တပတ်အကြာ မြို့ပေါ်က အလုပ်သမားသပိတ်ကြီးနဲ့လည်း ပေါင်းစပ်မိသွားလို့ ဖြစ်တယ်လို့ဆိုကြပါတယ်။

သမိုင်းမှာ လူထုတွေအတွက် သူရဲကောင်းတွေ၊ စံနမူနာပြုစရာလူပုဂ္ဂိုလ် လိုအပ်တဲ့ကွက်လပ်တွေ ပေါ်လာလေ့ရှိပါတယ်။ ၂ဝရာ စုနှစ်အတွင်း ဥရောပမှာလီနင်-စတာလင်၊ အရှေ့အာရှမှာ မော်စီတုန်း-ဟိုချီမင်း၊ ဒီနောက်အနောက်တိုင်း အမေရိကတိုက်မှာ ကာစထရိုတို့ဟာ အဲဒီ ကွက်လပ်တွေကိုဖြည့်သူတွေလို့ပြောရပါမယ်။
ရဲဘော်အောင်ထက်

သတင်းနဲ့မှတ်ချက်(၁၉-၁၂-၂၀၁၆) စုဖုရား မလွမ်းဝံ့လို့ သီပေါလွမ်းရတဲ့အဖြစ်

0 comments
သတင်းနဲ့ မှတ်ချက်(၁၉-၁၂-၂၀၁၆)
စုဖုရား မလွမ်းဝံ့လို့ သီပေါလွမ်းရတဲ့ အဖြစ်

နှစ်ပေါင်း ၁၀၀ ကြာတော့မှ “ ရတနာဂီရိအကျဉ်းသား” ကွယ်လွန်ခြင်းအတွက် အခုလို ကောက်ကာငင်ကာ ရေးကြီးခွင်ကျယ်ထလုပ်ကြတာ ဘာကြောင့်လဲ။ အကြောင်းတော့ ရှိကို ရှိလိမ့်မယ်။
 

ရတဲ့အချက်အလက်တွေအပေါ်ကနေ ထင်မြင်ယူဆချက်ကို ဖော်ထုတ်ကြည့်ကြရအောင်။
အဆင့်နေရာဘက်ကပြောရင် ဒုတိယသမ္မတအဆင့်နဲ့ စစ်တပ်ထိပ်သီးကာချုပ် တက်တဲ့ပွဲဖြစ်တယ်။ အစိုးရဘက်က ဒုတိယသမ္မတ(၁) ဦး(ဗိုလ်)မြင့်ဆွေ၊ စစ်တပ်ဘက်က “ကာချုပ်”ကိုယ်တိုင်တက်တယ်။ ကာချုပ်အနေနဲ့ စစ်ဝတ်စုံ ဝတ်ပြီးတက်လို့တော့ မဖြစ်ဘူးဆိုပြီး ကြိုတင်ဆုံးဖြတ်ခဲ့ကြပုံပဲ။ နှစ်ယောက်စလုံးဟာ အငြိမ်းစားစစ်ဗိုလ်နဲ့ တာဝန်ထမ်းဆောင်ဆဲ စစ်ဗိုလ်တွေဖြစ်တယ်။ ဒုတိယသမ္မတဗိုလ်မြင့်ဆွေကို ကာချုပ်စေလွှတ်တဲ့ စစ်ဗိုလ် (၁၆၆) ဦးအစုက ရွေးထားတာဖြစ်တယ်။ ပြီးတော့ ဒီနှစ်ယောက်စလုံးက အနားယူနေတဲ့ ကာချုပ် ဗိုလ်သန်းရွှေရဲ့အချစ်တော်တွေဖြစ်နေပြန်တယ်။
 

ဒီချုပ်ပါတီအစိုးရ ဒီကိစ္စနဲ့ကင်းကင်းရှင်းရှင်းနေချင်ပုံရပြီး စစ်တပ်(စစ်အုပ်စု) ဘက်က ရေးကြီးခွင်ကျယ်လုပ်ချင်တာဖြစ်လိမ့်မယ်လို့ ယူဆတယ်။ ဒါကြောင့် ဒီကိစ္စမှာ ဒီချုပ်ပါတီအစိုးရနဲ့ သူတို့ချင်း နားလည်မှုရှိရှိ (သို့မဟုတ်) သင့်မြတ်ရေးစိတ်ထားနဲ့ မတူတာကို ခွဲလုပ်လိုက်ကြတဲ့ပုံပဲ။ မြန်မာ့အလင်းနဲ့ကြေးမုံက “လက်နက်ကိုင်ပူးပေါင်းအဖွဲ့”လို့ ရေးပြီး၊ မြဝတီသတင်းစာ “အကြမ်းဖက်သောင်း ကျန်းသူပူးပေါင်းအဖွဲ့များ” လို့ ခွဲပြီးရေးကြသလိုမျိုးပေါ့။
 

ဒီကနေ့ ဗြောင်ကျကျလုပ်နေကြတဲ့ “အမျိုးသားရေး”ဆိုတာဟာ လက်တွေ့အားဖြင့် “စစ်အုပ်စု” ပင့်ဖိတ်ခေါ်ယူဖို့အတွက် ဖြန့်ချိနေတဲ့ ဝါဒဖြန့်ကြွေးကြော်သံသာဖြစ်တယ်။ “တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်/ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ်/ တပ်မတော်မရှိလို့မဖြစ်ဘူး/ သူ့ကျွန်ဘဝရောက်တာ တပ်မတော်မရှိလို့”ဆိုတဲ့ လော့ဂျစ်လိမ်တွေကို ဆင်ခြေကန်ဖို့ဖြစ်တယ်။ ၁၉၆၂ က စပြီး စစ်တပ်က တိုင်းပြည်နိုင်ငံရေးစီးပွားရေး ဘက်ပေါင်းစုံချုပ်ကိုင်ခဲ့တာပဲ။ ဘာဖြစ်ခဲ့သလဲ။ အဆင်းရဲဆုံး တိုင်းပြည်(LDC)ဖြစ်သွားခဲ့တယ်။ အခုထိ နာလန်မထူနိုင်သေးပါဘူး။ “ပါးစပ်နဲ့နယ်ချဲ့ဆန့်ကျင်ရေး/ကိုလိုနီလက်သစ် ဆန့်ကျင်ရေး”တွေအော်ပြီး လက်တွေ့မှာတော့ နိုင်ငံပေါင်းစုံကနေ အကူအညီမျိုးစုံယူခဲ့ကြတယ်။ ယူနေကြဆဲ။ ဒါဟာ လက်တွေ့ အကျဆုံး အဖြေပါပဲ။
 

တပ်မတော်ကို စစ်အုပ်စုက ရေရှည်ဂုတ်ခွစီးထားနိုင်ဖို့ဆိုရင် စစ်တပ်ထဲမှာ၊ အရပ်သားပြည်သူတွေထဲမှာ “အမျိုးသားရေး”အလံ ထူထားရလိမ့်မယ်လို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်စဉ်းစားပြီး ခပ်မိုက်မိုက်လုပ်နေပုံပဲ။ သီတဂူဘုန်းကြီးလို “ဆရာတွေ”ကလည်း ဒကာရင်းတွေအတွက် ဝိနည်းတို့၊ သိက္ခာပုဒ်တို့ကိုဘေးချိတ်ပြီး ခပ်မိုက်မိုက်တရားတွေဟောပြီး သွေးထိုးလှုံ့ဆော်ပေးနေတယ် မဟုတ်လား။
 

“ရတနာဂီရိအကျဉ်းသား”ကို အရင်းတစ်ခုပြုပြီး သူတို့ကို သူတို့ အမျိုးသားရေးသိက္ခာ ထပ်ကြတာပါ။ ဒါကြောင့် “ရတနာဂီရိ အကျဉ်းသား” ကွယ်လွန်ခြင်းရာပြည့်ပွဲနဲ့အတူ သူတို့ကိုယ်သူတို့ “မျိုးချစ်တွေ” ဖြစ်ကြောင်း ကြော်ငြာတဲ့ပွဲသာဖြစ်တယ်လို့ ယူဆပါတယ်။
“မင်းသားနီ” သာ သက်ရှိထင်ရှားရှိနေအုံးမယ်ဆိုရင် သူ့ဘိုးလောင်းတော်ကို အသုံးချနေကြတာနဲ့ပတ်သက်ပြီး သူ့ဆီက ထက်မြက်စူးရှတဲ့ ဝေဖန်ချက်တော့ကြားရမှာ သေချာတယ်။
ဂျပန်ရောက်သွားတော့ ဖက်ဆစ်စစ်ဗိုလ် ကာနယ်ဆူဇူကီးအုတ်ဂူမှာ ပန်းစီးချ ဂါရဝပြုခဲ့တယ်။
ဖက်ဆစ်ဂျပန်တော်လှန်ရေး၊ အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူးကြီးဗထူးရာပြည့်ပွဲတုန်းက ဝတ်ကျေတန်းကျေ လုပ်ခဲ့တဲ့၊ “ကာချုပ်” ခမျာ အကျဉ်းစံပဒေသရာဇ်ဘုရင်ကျတော့မှ ပန်းခွေချပြီး လက်အုပ်ချီမိုးရှိခိုးကန်တော့နေရှာပါကလား။(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြတာဖြစ်ပါတယ်)

Sunday, December 18, 2016

နောင်ကျော်၊ ရန်မျိုးသိမ်းနဲ့ တစ္ဆေခြောက်သူများ(မျိုးမြင့်ချို)

0 comments
ကိုဌေးသိန်း(နောင်ကျော်)နဲ့ (ရန်ကြီး)ရန်မျိုးသိမ်းတို့ကို စာတမ်းတင်ဖို့ဖတ်ဖို့ တရားဝင်ဖိတ်တယ်။ တင်တဲ့စာတမ်းကို ပယ်တယ်။ ဖတ်ခွင့်မပေးဘူး။

အဲ့ဒီကိစ္စက ပြန်ဝန် ဒေါက်တာဖေဖြင့်(ကြက်စွပ်ပြုတ်)က ခေါင်းရင်းပေးရတာ၊ ဗိုက်အငှားလိုက်ရတာ။ ဒေါက်တာဖေမြင့်မှာ ဘာအာဏာမှမရှိသလို ဒေါ်စုတို့ ဦးထင်ကျော်တို့ဆိုတာလည်း မင်းအောင်လှိုင်ပြုသမျှ နုရတဲ့အခြေအနေတွေနဲ့ နိုင်ငံရေးလုပ်နေရတာ။ စစ်တပ်ကစိတ်ကြိုက်ခင်းပေးထားတဲ့လမ်းကို မယိမ်းမယိုင် မသွေမဖည်ပဲလျှောက်လှမ်းနေကြရတာ။ မီးစင်ကြည့်ကနေရတာဆိုတာထက် ကြိုးစင်ကြည့်“လှုပ်“နေကြရတာဖြစ်ပါတယ်။

ဒီစာတမ်းတွေကိုဖတ်ခွင့်မပေးတာက စစ်အုပ်စုမငြိုငြင်ရေး စစ်အုပ်စုအလိုကျလိုက်လျောရေးဆိုတဲ့ “မူမဲ့“အမျိုးသားရင်ကြားစေ့ရေးအောက်ကလာတဲ့ အမြော်အမြင်နည်းပြီး တိုင်းပြည့်မျက်နှာမထောက်တဲ့ နိုင်ငံရေးအရ ကိုယ့်လည်ပင်းကိုယ်ကြိုးကွင်းပြန်စွပ်တဲ့ ဉာဏ်ကင်းတဲ့လုပ်ရပ်လိုဖြစ်သွားတယ်။

ခုလိုပိတ်တော့ ဖတ်ခွင့်မပေးတော့ ဘာဖြစ်လဲ။ ပိုတောင် လူထုကြားထဲ ကျသွားသေးတယ်။ အရင်က အဲ့ဒါမျိုးတွေနဲ့ ဘာသိဘာသာနေသူတွေတောင် ဘာများလဲဟဆိုပြီး ခေါင်းထောင်ကြည့်လာကြတယ်။ စာတမ်းရှင်တွေကို စာတမ်းတွေကိုရော စိတ်ဝင်တစားဖြစ်လာသူတွေ ဆထက်ထမ်းပိုးဖြစ်လာတယ်။ မပေးမဖြစ်ဖွင့်ပေးထားရတဲ့ အင်တာနက်မီဒီယာတွေ လူမှုကွန်ယက်တွေရဲ့ စွမ်းပကားဟာ လန့်စရာကောင်းလောက်အောင်ကို ထက်မြက်ပါတယ်။ အင်တာနက်ခေတ်ဆိုတာ တခုခုကို ပိတ်ပင်ထိန်းချုပ်ဖို့အလွန်ခက်ခဲသလို ပြန့်နှံ့မှုနှုန်းကလည်း ကြောက်စရာကောင်းလောက်အောင်မြန်ပါတယ်။ ဒါကို အင်န်အယ်လ်ဒီစစ်တပိုင်းအစိုးရရော စစ်အုပ်စုရော မသိတာမဟုတ်
သိသိနဲ့မိုက်တွင်းနက်ကြတာ။ သေတွင်းတူးကြတာ။

နောက်တချက်က မပေးချင့်ပေးချင်နဲ့ပေးထားရတဲ့ မသဓာရေစာ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်။ ဒါကို ခုနေကြမှ အကြောင်းတခုပြပြီးပြန်ရုပ်ဖို့ လျှော့ချဖို့မဖြစ်နိုင်ဘူး။ အပြတ်ပိတ်ချင်ရင် စစ်တပ်က အရင်လိုဗြောင်ကျကျ သေနတ်ခါးထိုးပြီး အာဏာထဲပြန်ဝင်မှရမှာ။ ခုလို နောက်ကနေကိုင်ထားပြီး စေစားခိုင်းစားနေတဲ့အချိန်မှာ လွတ်လပ်စွာပုံနှိပ်ထုတ်ဝေခွင့်ကို သွား“တိ“လိုက်ရင် စစ်အုပ်စုရော စစ်တပိုင်းအစိုးရရော ပိုပြီးအထိနာမှာပဲ။ ဒီ မသဓာရေစာလွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်လေးကိုပဲ ဖြဲရဲအသုံးချပြီး လူထုကြား ကျသထက်ကျအောင် လုပ်လို့ရတဲ့အကြောင်း ကိုဌေးသိန်းနဲ့ ရန်မျိုးသိမ်းက ပြလိုက်တာလို့မြင်ပါတယ်။

အခမ်းအနားမှာ မဖတ်ရတောာဘာဖြစ်လဲ။ အင်တာနက်မှာတင်မယ်။ ကမ္ဘာအရပ်ရပ်က ဗမာတွေဖတ်လို့ရသွားပြီ။ စာတမ်းဆိုရင်မှ ပြန်ဝန်ခွင့်ပြုချက်တို့ သက်ဆိုင်ရာခွင့်ပြုချက်တို့လိုနေဦးမယ်။ ခုက အင်တာနက်မှာတင်ရင် ပိုတောင်လွတ်လပ်သွားတယ်။ ဒီ့ထက်ပို ကမ္ဘာပြန့်ချင်ရင် အင်္ဂလိပ်လိုပြန်ပြီးသာ တင်လည်းတင်လိုက် စာအုပ်အဖြစ်လည်းထုတ်လိုက်ပါ။ ထုတ်လည်းထုတ်စေ့ချင်ပါတယ်။
တခါ ပြည်တွင်းကနေ ဒီစာတမ်းတွေကို ခုလို ဈေးချိုချိုနဲ့ စာအုပ်အဖြစ် ပြန်ရိုက်ထုတ်ဖြန့်ချိတော့ လူတိုင်းလိုလို ဝယ်နိုင်ဖတ်နိုင် သိမ်းနိုင်ဆည်းနိုင်သွားတယ်။ ပိုတောင် ကောင်းသွားသေးတယ်။ စာတမ်းဖတ်ပွဲတင်ဆိုမှ ချက်ခြင်းပုံနှိပ်ဖြန့်ချိဖို့အရေး မူပိုင်ခွင့်ဘာတို့က လာရှုပ်နေဦးမှာပါ။

ခုလိုစာမျိုး စာတမ်းမျိုး နိုင်ငံရေးစာပေမျိုးကို ကာယကံရှင့်အနေနဲ့ အင်တာနက်တင်တင် စာအုပ်အဖြစ်ထုတ်ထုတ် လက်ရှိ သူတို့ပြဌာန်းထားတဲ့ဥပဒေတွေအရ ဘာမှလုပ်မရဘူး။ စာတမ်းတွေကိုထုတ်ဝေပေးတဲ့ ထုတ်ဝေသူကိုလည်း ဗိုလ်ကြင်မောင့်ဆောင်းပါးတွေ ဗကပစာတွေထုတ်လို့ဆိုပြီး နှင်းဆီနီစာပေက မတင်တင်ချိုကိုလုပ်သလိုမျိုး လုပ်လို့မရဘူး။ ဖမ်းဖို့ဆီးဖို့ တရားစွဲဖို့မပြောနဲ့ လက်ဖျားနဲ့တောင်တို့မရဘူး။ နေသေးသပချုံထဲက ဂျိုသွေးတမြမြနဲ့ ခြေလှမ်းအမှားစောင့်ဖမ်း ဂွင်ရှာပြီး မသာအကွက်ဆင်လုပ်ကြံတာတွေတော့ လုပ်ရင်လုပ်လာနိုင်တယ်။ လူမိုက်ငှားပြီး ချောင်းရိုက်တာတို့၊ စာအုပ်တိုက်သွားဖျက်ဆီးတာတို့တွေလည်း လုပ်မယ်ဆိုလုပ်လာနိုင်တယ်။ ကာယကံရှင်တွေအနေနဲ့ သတိရှိကြဖို့တော့လိုပါလိမ့်မယ်။

စစ်အုပ်စုရော စစ်တပိုင်းအစိုးရရော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရော ကြက်စွပ်ပြုတ်ဒေါက်တာဖေမြင့်ရော ခုလောက်ဆို နိုင်ငံရေးကြိမ်မီးအုံးဖြစ်နေမလား ဖင်ကြားခဲညပ်နေမလားတော့ မပြောနိုင်ပေမယ့် မျက်ခွက်ပြောင်ပြောင်တွေနဲ့ ဒီမိုကရေစီတွေ လွတ်လပ်ခွင့်တွေဆိုတာကိုတော့ အသံကုန်ဆက်အော်ပြနေကြမှာကတော့ သေချာပါတယ်။
(စာကြွင်း။ စာတမ်းတွေကိုမဖတ်ရသေးတော့ စာတမ်းပါအကြောင်းအရာတွေကိုတော့ ဘာမှမပြောတတ်သေးပါ။ သေချာတာကတော့ စစ်အုပ်စုနဲ့အပေါင်းအပါတွေမကြိုက်ဘူးဆိုကတည်းက ပြည်သူ့အတွက်တိုင်းပြည်အတွက် အကျိုးရှိမယ့်စာတွေဖြစ်မှာပါပဲ)