ပြုပြင်ရေးလမ်းကြောင်း(ပြည်သူ့အာဏာဂျာနယ် အမှတ် (၄၀) ဆောင်းပါး)
နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုနဲ့ ပြည်သူ့တော်လှန်ရေးတွေရဲ့သမိုင်းမှာ တည်ရှိနေတဲ့အနေအထားတွေကို တော်လှန်ပြောင်းလဲမလား၊ ပြုပြင်ပြောင်းလဲမလား ဆိုတဲ့အယူအဆနှစ်ရပ်ရဲ့အတိုက်အခံဖြစ်မှုဟာ မကြာခဏ ရှေ့တန်းရောက်ခဲ့ပါတယ်။ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်၊ အစချီတဲ့တိုက်ပွဲ၊ အဆုံးအဖြတ်တိုက်ပွဲ၊ နေရာတကာမှာရင်ဆိုင်ရတတ်ပါတယ်။ မဆန်းတော့ ဘူးလို့တောင် ပြောရမလိုဖြစ်နေပါပြီ။
သမိုင်းသဘောပြောရရင် ဓနရှင်လူတန်းစားက ပဒေသရာဇ်လူတန်းစားဆီကအာဏာကိုသိမ်းယူတဲ့ ဓနရှင်တော်လှန်ရေးတွေဆိုတာ ဓနရှင်လူတန်းစားတခုတည်းက ဆင်နွှဲခဲ့တာမဟုတ်ပါဘူး။ အဲဒီတုန်းက စတင်ပေါ်ပေါက်နေပြီဖြစ်တဲ့ အလုပ်သမားလူတန်းစားနဲ့လယ်သမားတွေလည်း ပါဝင်ပါတယ်။ ၁၇၈၉ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တုန်းက ပြင်သစ်တော်လှန်ရေးကြီးမှာ ဘာစတီးလ်ထောင်ကြီးကို ဝင်စီးကြတာဟာ အလုပ်သမား၊ လယ်သမားနဲ့ မြို့နေဆင်းရဲသားတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဘာမှမကြာလိုက်ဘူး၊ အရင်းရှင်စနစ်ရဲ့လူတန်းစား ဘက်လိုက်မှုဒဏ်ကိုခံကြရတဲ့သူတွေက အရင်းရှင်စနစ်ကိုတွန်းလှန်ဖို့၊ အဲဒီထက်ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းတရပ်ကိုထူထောင်ဖို့ စဉ်းစားကြတဲ့အခါကျတော့ မတူကွဲပြားတဲ့စဉ်းစားမှုတွေ ပေါ်လာပါတယ်။ ဒါဟာ မာ့က်စ်ဝါဒ-ကွန်မြူနစ်ဝါဒလို့ ပီပီပြင်ပြင် မပေါ်ပေါက်သေးခင်ကာလပါ။ ဒီတော့ လူထုအုံကြွမှုကြီးတွေ၊ တော်လှန်ရေးတွေဖြစ်ပေါ်လာရင် လူတန်းစားခံယူချက်အသီးသီးကိုရောင်ပြန်ဟပ်တဲ့ အယူအဆကွဲလွဲမှုတွေ ပေါ်တတ်တယ်ဆိုတာ ဓမ္မတာပဲလို့ပြောရတော့မှာပါ။
ဒီတော့ ၁၉ရာစုနှစ်က ဆိုရှယ်လစ်စနစ်-ဆိုရှယ်လစ်လောကထူထောင်ရေးကို အမျိုးမျိုးအဖုံဖုံ စဉ်းစားကြသူတွေထဲမှာ အထိအခိုက်အနာအကျင်မဲ့စွာထူထောင်ရေး၊ ဘယ်သူနဲ့မှ ကဏ္ဍကောဇမဖြစ်ရေး၊ လူ့ဘောင်သစ်တခုကို ရှောရှောရှူရှူထူထောင်ရေး စတဲ့အယူအဆတွေအမျိုးမျိုး ပေါ်လာခဲ့ကြပါတယ်။ တည်ရှိနေတဲ့စနစ်ကို ပြုပြင်ပြောင်းလဲယူလို့ရမယ်ဆိုတဲ့ အယူအဆတွေလည်း အသွင်အမျိုးမျိုးနဲ့ ပေါ်ခဲ့ပါတယ်။
ဆိုရှယ်လစ်ဝါဒသမိုင်းမှာ အဦးဆုံးပေါ်ခဲ့သူတွေထဲမှာပါဝင်တဲ့ ဖူးရီးယားနဲ့အိုဝင် (Charles Fourier and Robert Owen) တို့ရဲ့အယူအဆကို မာ့က်စ်နဲ့အိန်ဂယ်တို့က စိတ်ကူးယဉ်ဆိုရှယ်လစ်ဝါဒဖြစ်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။ ဒီလို ပြောရတဲ့အဓိက အကြောင်းရင်းကတော့ သူတို့နှစ်ဦးဟာ သူတို့မျက်စိအောက်မှာတင် အရှိန်ရလာနေတဲ့ အရင်းရှင်စနစ်ကြီးရဲ့ဆိုးဝါးမှုကို တွေ့မြင်နိုင်ကြပေမယ့် ဆိုရှယ်လစ်စနစ်အတွက် တော်လှန်ရေးမပြောနဲ့ ပြုပြင်မှုတောင်မလိုဘဲ ကိုယ့်ဖာသာ
သီးခြားလူ့အဖွဲ့အစည်းလေးတွေတည်ထောင်ပြီး နေထိုင်သွားရင်ရတယ်လို့ ဆိုခဲ့တာကြောင့်ပါပဲ။ အိုဝင်ဆိုရင် သူပြောတဲ့ဆိုရှယ်လစ်ဝါဒဟာ အထက်တန်းစား၊ အောက်တန်းစား၊ သူကြွယ်၊ သူဆင်းရဲတွေအတွက် အကျိုးရှိစေမှာပါလို့ရေးခဲ့ပါတယ်။ သူက သူ့ရဲ့အဓိက ရေးသားချက်တွေကို“ဝီလျံအရှင်မင်းမြတ်ထံသို့”ဦးတိုက် ရေးလေ့ရှိပါတယ်။
လီနင်နဲ့ထိပ်တိုက်တွေ့သူတွေထဲက ဘန်းစတိန်း Bernstein ရဲ့နောက်လိုက်များကျတော့ သူတို့ကိုယ်သူတို့ “ပြုပြင်ရေးသမား” (Reformists) လို့တောင်မပြောရဲလို့ ပြန်လည်ပြင်ဆင်ရေးသမား (Revisionists)လို့ ကိုယ့်ကိုယ်ကို နာမည်ပေးခဲ့ကြပါတယ်။ သူတို့ကရှိနေတဲ့အယူအဆတွေကို တော်လှန်ဖို့နေနေသာသာ ပြုပြင်တယ်လို့တောင်မဖြစ်ဝံ့လို့
ပြင်ဆင်တာပါလို့ သမိုင်းရေးသူတွေက ရေးကြပါတယ်။ လီနင်ရဲ့လက်ထက်၊ ၁၉၂၀ ခုနှစ်မှာ တတိယအင်တာနေရှင်နယ်ကိုခေါ်ဆိုတော့ လီနင်က “ကွန်မြူနစ်အင်တာနေရှင်နယ်ထဲ ပါဝင်ရေးအတွက် သတ်မှတ်ချက်များ” (Terms of Admission into Communist International) ဆိုတာကိုရေးခဲ့ပါတယ်။ အဲဒီအထဲမှာပါတာတချက်က- “တတိယအင်တာနေရှင်နယ်ကိုထောက်ခံသူများဟာ သူတို့လက်လှမ်းမီရာ စင်မြင့်မှန်သမျှ- သတင်းစာဂျာနယ်၊ လူထုစည်းဝေးပွဲ၊ အလုပ်သမားသမဂ္ဂ၊ သမဝါယမ အဖွဲ့အစည်းတွေ-မှာ ဓနရှင်လူတန်းစားကိုသာမက သူ့ရဲ့အပေါင်းပါဖြစ်တဲ့ ပြုပြင်ရေးသမားအသွင်မျိုးစုံကိုလည်း စနစ်တကျနဲ့ မပြတ်ဖွင့်ချရ မယ်”လို့ ရေးခဲ့ပါတယ်။
ပြောရရင် မာ့က်စ်နဲ့အိန်ဂယ်တို့ နိုင်ငံရေးလမ်းကြောင်းပေါ်တက်ခဲ့တဲ့အချိန်မှာ ခေတ်သစ်အလုပ်သမားလှုပ်ရှားမှုတွေ စပေါ်နေပါပြီ။ သူတို့နှစ်ဦးဟာ သူတို့အရင်ပေါ်နှင့်နေတဲ့ စိတ်ကူးယဉ်ဆိုရှယ်လစ်စနစ်နဲ့ ဂျေကိုဘင် (Jacobin) လမ်းကြောင်းတွေကိုမလိုက်ဘဲ တော်လှန်တဲ့လမ်းကြောင်းကို လိုက်ခဲ့ကြပါတယ်။ တည်ရှိနေတဲ့ အဆောက်အအုံဟောင်းနဲ့ ရေလိုက်ငါးလိုက်နေသွားဖို့အယူအဆကို သူတို့က ငြင်းပယ်ခဲ့ကြပါတယ်။ သူတို့ခေါင်းထဲမှာ ပြုပြင်ရေးလမ်းကြောင်းကိုတောင်မှ သူတို့မထည့်ခဲ့ပါဘူး။ ၁၈၄၈ ခုနှစ်မှာထွက်လာတဲ့ သူတို့ရဲ့ကွန်မြူနစ်ပါတီကြေညာစာတမ်းရဲ့ ငါးပုံနှစ်ပုံဟာ လုံးဝအသစ်ဖြစ်တဲ့ဆိုရှယ်လစ်စနစ်ကို မိတ်ဆက် ရှင်းပြထားတာဖြစ်ပါတယ်။ သူတို့ခေတ်အနေအထားနဲ့အညီ ချီတက်ရာလမ်းကြောင်းသုံးကြောင်းအဖြစ် သူတို့တင်ပြခဲ့တာက အလုပ်သမားလှုပ်ရှားမှု- တော်လှန်ရေးအသိနိုးကြားမှု-တော်လှန်ရေးရယ်လို့ ဖြစ်ပါတယ်။
တိုင်းပြည်အနှံ့မှာ ကြဲကွဲနေတဲ့၊ အယူအဆတွေလည်း မတူညီကြတဲ့သူတွေဟာ အလုပ်သမားသမဂ္ဂတွေဖွဲ့ရင်းစုစည်းမိလာကြ၊ ဒီကနေ တော်လှန်ရေးဆင်နွှဲကြမယ်လို့ထောက်ပြပါတယ်။
တကယ်တော့ လီနင်-စတာလင်တို့ရဲ့ရုရှားတော်လှန်ရေးဟာ ပါတီတည်ထောင်ကာစအချိန်ကစလို့ ၁၉၀၅ ခုနှစ် တော်လှန်ရေး၊ ပထမကမ္ဘာစစ်ကာလလို ပါတီအရှိန်ရလာချိန်၊ အောက်တိုဘာတော်လှန်ရေးအောင်ပွဲရကာနီး၊ ရကာစ၊ ရပြီးနောက် အဆင့်တိုင်းမှာ ပြုပြင်ရေးသမား၊ ပြုပြင်ရေးအယူအဆတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သမိုင်းကပြသခဲ့တာကတော့ ဒီဟာတွေကို အောင်မြင်ကျော်လွှားနိုင်မှ မိမိတို့ရဲ့အရေးတော်ပုံအောင်ပွဲခံတယ်ဆိုတာပါပဲ။
သမိုင်းတစ်လျှောက်မှာ နိုင်ငံတကာအလုပ်သမားလူတန်းစားလှုပ်ရှားမှုဟာ အနှစ်သာရအားဖြင့် ပဒေသရာဇ်၊ လက်ဝါးကြီးအုပ်-ခရိုနီအရင်းရှင်စနစ်၊ အာဏာရှင်စနစ်ဆန့်ကျင်ရေးဖြစ်တဲ့ ဒီမိုကရေစီရေးအတွက်တိုက်ပွဲဝင်နေကြတဲ့ လယ်သမား၊ အမှုထမ်း၊ ကျောင်းသား၊ မြို့နေဆင်းရဲသား၊ ဓနရှင်ပေါက်စလူတန်းစား၊ စာပေးအနုပညာရှင်များစတဲ့ အခြားသော အဖိနှိပ်ခံပြည်သူတွေရဲ့လှုပ်ရှားမှုတွေနဲ့ သဘောသဘာဝအရကိုပဲ တဆက်စပ်တည်းဖြစ်နေခဲ့ပါတယ်။ အောင်ပွဲရခဲ့တဲ့တော်လှန်ရေးတိုင်းမှာ အလုပ်သမားလူတန်းစားဟာ အဲဒီတခြားမဟာမိတ်အင်အားစုတွေနဲ့ လက်တွဲတိုက်ပွဲဝင်နိုင်လို့သာ အောင်ပွဲရခဲ့တယ်ဖြစ်တယ်ဆိုတာကို တွေ့ရမှာပါ။
ဒီလိုဆိုတဲ့အတွက် ကွန်မြူနစ်တွေဟာ ပြုပြင်ရေးကိုလုံးဝလက်မခံတာမဟုတ်ပါဘူး၊ ကိုယ်က အာဏာရရင် ပြုပြင်ပြောင်းလဲသင့်တာကို ပြုပြင်ပြောင်းလဲမှာဖြစ်သလို ကိုယ်အာဏာရမထားတဲ့ကာလမှာလည်း မှန်ကန်၊ သင့်တော်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံသွားမှာသာဖြစ်ပါတယ်။ ဒါပေမဲ့ အုပ်စိုးသူတွေက သူတို့အာဏာတည်မြဲရေးကိုရည်ရွယ်ပြီး ပြည်သူလူထုကို မျက်စေ့လည်အောင်လှည့်စားတဲ့၊ သူတို့မပုန်ကန်အောင် မဗေဒါရေခပ်ခိုင်းသလိုလုပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေကိုတော့
မူအရကိုပဲ ဆန့်ကျင်ရမှာဖြစ်ပါတယ်။
တော်လှန်ရေးဆိုတာက အချိန်အကြာကြီးယူ ပြင်ဆင်ပြီး အချက်အလက်တွေအများကြီးပြည့်စုံမှ ဆင်နွှဲနိုင်တာပါ။ ဒီလိုတော်လှန်ရေးကြီးတရပ်မဖြစ်ပေါ်မီ အောင်ပွဲမခံမီကာလတခုအတွင်း
ပြည်သူလူထုရဲနေထိုင်စားသောက်မှု၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုရေး စတဲ့ ဘက်မျိုးစုံမှာ သူတို့အခက်အခဲတွေကိုဖြေရှင်းဖို့၊ တိုးတက်ကောင်းမွန်စေဖို့ ပြုပြင်မှုတွေလုပ်ရပါတယ်။ ဒီလိုပြုပြင်ရေးမျိုးကို ကွန်မြူနစ်တွေက မဆန့်ကျင်ပါဘူး။ ဒီလိုအခွင့်အရေးတွေ တိုးတက်စေရေးအတွက် တောင်းဆိုတိုက်ပွဲဝင်တာတွေကိုလည်း ကွန်မြူနစ်တွေက မဆန့်ကျင်ပါဘူး။ ထောက်ခံပါတယ်။ ကွန်မြူနစ်တွေ အဓိကဆန့်ကျင်တာက တော်လှန်ရေးတွေကို လှီးလွှဲဖို့အတွက်၊ ပြည်သူတွေကို မျက်စိလည်အောင်လုပ်တဲ့၊ ဝါဒဖြန့်တဲ့အုပ်စိုးသူလူတန်းစားတွေနဲ့ သူတို့ကို အကာအကွယ်ပေးသူ၊ ရှေ့နေလိုက်ပေးသူတွေရဲ့လုပ်ရပ်တွေကို ဖြစ်ပါတယ်။ တချို့က စနစ်တခုလုံးကို တော်လှန်ပစ်ရမယ်လို့မမြင်နိုင်သေးဘဲ ပြုပြင်ပြောင်းလဲယူရမယ်လို့ယူဆနေတာတွေ ရှိပါတယ်။ ဒီလိုလူမျိုးတွေကို ကွန်မြူနစ်တွေက လက်ခံ- လက်တွဲနိုင်ပါတယ်။ တကယ်က တချို့အနေအထားမှာ ဖိနှိပ်သူတွေနဲ့အဖိနှိပ်ခံတွေကွဲပြားနေတဲ့စနစ်တခုကို မကြိုက်တာ၊ မကျေနပ်တာကိုက မဆိုးတော့ဘူးလို့ပြောရမှာပါ။ တော်လှန်ရေးသမားတွေရဲ့ အဓိကရန်သူဟာ စနစ်ဆိုးကြီးကိုမှီခိုပြီး ကြီးပွားချမ်းသာ၊ နောက်ပြီးအဲဒီစနစ်ကို
နည်းမျိုးစုံနဲ့ကာကွယ်နေသူတွေသာဖြစ်ပါတယ်။
ပြုပြင်ရေးဝါဒရဲ့အန္တရာယ်ဟာ ပြည်သူလူထုရဲ့အုံကြွမှုတွေ အရှိန်ယူချိန်၊ အရှိန်ကောင်းနေချိန်၊ အောင်ပွဲရကာနီးချိန်တို့မှာ ပြည်သူတွေကိုဝေဝါးမှုအမျိုးမျိုးဖြစ်စေတာလည်း ပါပါတယ်။ ဦးတည်တိုက်နေသူကို တိုက်သင့်ရဲ့လားလို့ဝေဝါးလာစေတာ၊ ဒီလို အနစ်နာခံစွန့်လွှတ် တိုက်ပွဲဝင်နေမယ့်အစား အေးအေးဆေးဆေး တောင်းယူဖြေရှင်းလို့မရနိုင်ဘူးလားလို့ စဉ်းစားလာစေတာ စတဲ့ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ ဖော်ပြတတ်ပါတယ်။
တချို့က ဒီပြုပြင်ရေးအယူအဆကို ရိုးရိုးသားသား ထင်မြင်ဖော်ထုတ်ကြတာပါ။ ဒါပေမဲ့ တချို့ကတော့ လူထုတိုက်ပွဲတွေကိုဖျက်ဆီးဖို့၊ လူထုရဲ့ဦးတည်ရန်သူကိုကယ်တင်ဖို့ အကြံအစည်ဆိုးနဲ့
တင်လာကြတာဖြစ် ပါတယ်။
လူထုလှုပ်ရှားမှုတွေထဲကို ပြုပြင်ရေးဝါဒဟာ နည်းမျိုးစုံနဲ့ဝင်လာတတ်ပါတယ်။ လှုပ်ရားမှုက ဦးတည်တိုက်ခိုက်တာခံရသူ၊ အဲဒီ ဦးတည်တိုက်ခိုက်ခံရသူတွေကိုအကာကွယ်ပေးနေတဲ့ အုပ်စိုးသူအစိုးရ၊ ဒါမှမဟုတ် ကိုယ့်လိုဘ အကြောင်းအမျိုးမျိုးကြောင့် ပြည်သူလူထုတွေကို တိုက်ပွဲလမ်းကြောင်း မလိုက်စေလိုသူ (ပြည်တွင်း-ပြည်ပ)ရဲ့ဆန္ဒအတိုင်း လူထုလှုပ်ရှားမှုတွေကို အညွန့်တုံးအောင်လုပ်တာဟာ အဆိုးဆုံးဖြစ်ပါတယ်။ ဒီလိုလူ တော်တော်များများ ကာလတခုကြာတော့ ရန်သူ့ဘက် ပါသွားတာမျိုးတွေ မကြာခဏတွေ့ရပါတယ်။
ပြုjပြင်ရေးသမားတွေနဲ့က တော်လှန်ရေးသမားတွေအကြားမှာ လုပ်နည်းကိုင်နည်း-သွားတဲ့လမ်းကြောင်းသာ ကွဲပြားတာ၊ ရည်မှန်းချက်ဦးတည်ချက်မှာတော့ အတူတူပဲလို့ တချို့က ပြောတတ်ကြပါတယ်။ ဒါ မှားပါတယ်။ ပြုပြင်ရေးသမားနဲ့တော်လှန်ရေးသမားဟာ ဦးတည်ချက်ကိုပဲ ကွဲပြားခြားနားပါတယ်။
တကယ်တော့ တခုက အရေးတော်ပုံအောင်ပွဲခံရေးအတွက်လုပ်တာဖြစ်ပြီး နောက်တခုကတော့ အရေးတော်ပုံ မပေါ်ပေါက်ရေး၊ အောင်ပွဲမရရေးအတွက် လုပ်တာဖြစ်ပါတယ်။ သူတို့အတွက် အစပြုချက် ၏ တွေထဲမှာ အများဆုံးတွေ့ရတာကတော့ တည်ရှိနေတဲ့၊ အားကောင်းနေတဲ့လူထုလှုပ်ရှားမှု၊ အင်အားစုတွေကို ဂိုဏ်းခွဲဖို့လုပ်တာပါပဲ။ အလုပ်သမားထဲမှာဆိုရင် အလုပ်သမား မင်းညီမင်းသားတွေမွေးသလို၊ ကျောင်းသားထဲမှာဆိုရင်လည်း- တခေတ်က ဖဆပလအစိုးရရဲ့ ဒီအက်စ်အို(DSO)လို- စုန်းပြူးတွေကို မွေးတာတွလုပ်ပါတယ်။ ငွေ-အခွင့်အရေးစတာတွေပေးပြီး ဝယ်ယူတာ၊ ဖျက်ဆီးတာတွေလုပ်ပါတယ်။
တော်လှန်ရေးသမားတွေကတော့ အခြေအနေ၊ အချိန်အခါကိုလိုက်လို့ ဒီအင်အားစုကို ပြန်လည်သိမ်းသွင်းဖို့ကြိုးစားရတာ၊ အနည်းဆုံး တပ်ပေါင်းစုအဖြစ်လက်တွဲလုပ်နိုင်အောင် လုံးပန်းရတာတွေရှိပါတယ်။
မှန်ပါတယ်။ ကွန်မြူနစ်တွေဟာ စေ့စပ်ဖြေရှင်းနည်းကို မပစ်ပယ်ပါဘူး။ မလိုလားအပ်တဲ့ စွန့်လွှတ်ဆုံးရှုံးမှုတွေကို မလိုလားပါဘူး။ ဒါပေမဲ့ ပြဿနာက အာဏာရထားသူတွေက သူတို့ရှုံးနိမ့်ကြောင်း အလွယ်တကူ လက်ခံအလျှော့ပေးလေ့မရှိရုံမက လက်နက်နဲ့တုံ့ပြန်တာ၊ နှိမ်နင်းတာတွေ လုပ်လေ့ရှိလို့ဖြစ်ပါတယ်။ အာဏာရှင်တွေကို တရားပြ၊ တရားချတာလောက်နဲ့ ပြောင်းလဲပစ်နိုင်ရင် ကမ္ဘာစစ်ကြီးတွေ ဖြစ်ခဲ့မှာမဟုတ်ပါဘူး။
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုက်မှာ ဖော်ပြထားတဲ့ ဆောင်းပါးပါ)

0 comments:
Post a Comment