Friday, December 16, 2016

သတင်းနဲ့မှတ်ချက်

0 comments
သတင်းနဲ့မှတ်ချက်
သင့်မြတ်ရေးဘတ်ဂျက် (သို့) တပ်တမျက်နှာကြည့်ဘတ်ဂျက်
ဒီဇင်ဘာ ၁၃ ရက်နေ့ ပြည်ထောင်စုလွှတ်တော်ကနေ “၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်း” အတည်ပြုလိုက်ကြပါတယ်။ ဝေဖန်သံ၊ ကန့်ကွက်သံ ဘယ်ဘက်ကမှ မကြားရပါဘူး။ ဘီဘီစီကပေးတဲ့ သတင်း မှာတော့ ဝန်ကြီးဌာန စုစုပေါင်းရဲ့ (ဖြည့်စွက်) တောင်းခံငွေ ကျပ်ဘီလီယံပေါင်း ၁၃၀၀ ကျော်ထဲကနေ ၆၀ ရာခိုင်နှုန်းကျော်ကို ဖြတ်တောက်ခဲ့သော်လည်း၊ စစ်တပ်က တောင်းတဲ့ ဖြည့်စွက်တောင်းခံငွေ ကျပ်ဘီလီယံ ၁၀၀ ကျော်ကို လွှတ်တော်က အတည်ပြု ပေးလိုက် တယ်လို့ဆိုပါတယ်။
ကာကွယ်ရေးဘတ်ဂျက် (ဝါ) စစ်အသုံးစရိတ်ဟာ ဘတ်ဂျက်တစ်ခုလုံးရဲ့ ၁၄ ရာခိုင်နှုန်းရှိတယ်လို့ဆိုပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကတော့ ၈ ရာခိုင်နှုန်းနဲ့ ၆ ရာခိုင်းနှုန်းအသီးသီးဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရပိုင်သတင်းစာတွေမှာကြည့်တော့ ဝန်ကြီးဌာန ၁၁၊ ဗဟိုဘဏ်နဲ့ နေပြည်တောင်ကောင်စီတို့ရဲ့ ဖြည့်စွက်တောင်းခံငွေ တွေကို ဖော်ပြပြီး ဘယ်လောက်လျှော့ချရမယ်ဆိုတဲ့ ပမာဏကိုလည်း ယှဉ်တွဲဖော်ပြထားပါတယ်
ကာကွယ်ရေးဘတ်ဂျက် (ဝါ) စစ်အသုံးစရိတ် ကိုတော့ တလုံးတပါဒမျှဖော်ပြထားခြင်းမရှိပါဘူး။
- ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကျပ် သန်း (၃၆၉၂၈ ဒသမ ၅၇၉) မှ ငွေကျပ်သန်း(၉၀၇၈ ဒသမ ၁၈၄)လျှော့ချရန်၊
- နယ်စပ်ရေးရာဝန်ကြီးဌာန၊ ငွေကျပ်သန်း (၃၅၅၅)မှ ငွေကျပ်သန်း (၅၉၂ ဒသမ ၅၀၀)လျှော့ချရန်၊
- ပညာရေးဝန်ကြီးဌာန၊ ငွေကျပ်သန်း (၅၀၉၄၆ ဒသမ ၁၄၄)မှ ငွေကျပ်သန်း (၂၄၆ ဒသမ ၉၅၄)လျှော့ချရန်၊
- စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ သာမန်သုံးငွေ ငွေကျပ် သန်း (၂၂၈၄၃၆ ဒသမ ၆၉၁)မှ ငွေကျပ်သန်း(၄၀) လျှော့ချရန်၊
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေလုံးငွေရင်းသုံးငွေ ငွေကျပ်သန်း(၁၂၃၈ ဒသမ ၇၂၃)မှ ငွေကျပ်(၃၅) သန်း လျှော့ချရန်၊
- ဆောက်လုပ်ရေးဝန်ကြီးဌာန၊ သာမန်သုံးငွေငွေကျပ်သန်း(၁၃၄၆ ဒသမ ၃၂၃)မှ ငွေကျပ်သန်း (၂၆၁ ဒသမ ၀၃၃)လျှော့ ချရန်၊
- ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ငွေလုံးငွေရင်းသုံးငွေ ငွေကျပ်သန်း(၅၀၂၅၇ ဒသမ ၈၀၈)မှ ငွေကျပ်သန်း (၂၃၀၀)လျှော့ ချရန်၊
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ငွေကျပ်သန်း(၁၃၀၂၅၄ ဒသမ ၆၄၈)မှ ငွေကျပ်သန်း (၅၄၆၆၈ ဒသမ ၉၁၀) လျှော့ချရန်
ကိန်းဂဏန်း ၄ လုံးကနေ ၆ လုံးအကြားရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဘတ်ဂျက်တွေကို ကောက်နုတ်ပြလိုက် ပါ တယ်။ ဒီလိုဖော်ပြထားတာထဲမှာ ကျန်းမာရေးဝန်ကြီးဌာနအသုံးစရိတ်ပါ မလာဘူး။
ဘတ်ဂျတ်ရေးတာမှာ သုံးမျိုးရေးလေ့ရှိကြတယ်လို့ဆိုကြပါတယ်။ ပိုငွေပြဘတ်ဂျက်၊ ဘက်မျှဘတ်ဂျက်၊ လိုငွေပြဘတ်ဂျက် စသဖြင့်ဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်တို့ ကြံ့ဖွံ့အစိုးရကတော့ လိုငွေပြဘတ်ဂျက်နဲ့အသုံးတော်ခံသွားတာပါ။
စစ်တပ်ရဲ့ ဘတ်ဂျက်တောင်းခံရေးမူက တောင်းသလောက်ပေး၊ လိုရင်ထပ်တောင်းမယ်၊ ဘယ်မှာဘာတွေသုံးသလဲဆိုတော့ မမေးနဲ့ မပြောနိုင်ဘူး၊ မပြနိုင်ဘူးဆိုတဲ့မူ ဖြစ်လိမ့်မယ် ထင်ပါတယ်။
လက်ရှိ ဒီချုပ်ပါတီအစိုးရရဲ့ဘတ်ဂျက်မူကတော့ အရပ်ဘက်ဝန်ကြီးဌာနတွေကနေ ဖြတ်တောက်၊ လှီးထုတ်လို့ရသမျှကို စစ်တပ်လိုသမျှ ဖြည့်စွက်ပေးဖို့ပဲလို့ထင်ပါတယ်။
ဒါကြောင့် ဒီလိုဘတ်ဂျက်မျိုးကို “သင့်မြတ်ရေးဘတ်ဂျတ် (သို့မဟုတ်) တပ်တစ်မျက်နှာကြည့်ဘတ်ဂျက်” လို့ ခေါ်ရမယ်လို့ ထင်ပါ တယ်။
(အရေးတော်ပုံဂျာနယ်မှ ကူးယူဖော်ပြပါတယ်)

0 comments:

Post a Comment