ကာစထရို သို့မဟုတ်အနောက်တိုင်းက မီးရှုးတန်ဆောင်
ကျူးဘားနိုင်ငံရဲ့ သမိုင်းဝင်ခေါင်းဆောင်ကြီးဖီဒယ်လ်ကာစထရို
ကွယ်လွန်သွားပြီဆိုတဲ့သတင်းကို ကြားရတဲ့အခါမှာ ကျွန်တော်တို့ဟာ အဖြစ်မှန်မို့သာ လက်ခံလိုက်ရတယ်ဆိုတဲ့ နှမြောတသ၊
ယူကျုံးမရမှုမျိုး လွှမ်းမိုးတာခံစားလိုက်ရပါတယ်။
အမေရိကတိုက်
(မြောက်ပိုင်း+တောင်ပိုင်း)မှာ ပထမဆုံးသောဆိုရှယ်လစ်နိုင်ငံထူထောင်သူ၊
ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာ ဓနအင်အား၊ စစ်အင်အားတွေနဲ့ မောက်မာချင်တိုင်းမောက်မာနေတဲ့၊
ကမ္ဘာအနှံ့မှာငပွကြီးလို့ နာမည်ဆိုးနဲ့ကျော်စောနေတဲ့ အမေရိကန်နယ်ချဲ့ဘီလူးကို သူ့နှာခေါင်းအောက်ကနေ
အန်တုခဲ့ရုံမက နှာခေါင်းကျည်ပွေ့ တွေ့စေခဲ့သူ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့
ပိတ်ဆို့မှုအမျိုးမျိုးကြားကနေ တည်ငြိမ်ကြံ့ခိုင်တဲ့ ကျူးဘားနိုင်ငံကိုထူထောင်၊
ဘက်မလိုက်လှုပ်ရှားမှုတွေမှာ ဦးဆောင်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လုံးပန်းရင်း သဘာဝတရားကိုမလွန်ဆန်နိုင်လို့
ကွယ်လွန်သွားပေမယ့် ကမ္ဘာ့ပြည်သူများရဲ့ရင်ထဲကတော့ ဖီဒယ်လ်ကာစထရိုဆိုတဲ့ပုဂ္ဂိုလ်ကြီးဟာ
ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။
သတိရမိပါသေးတယ်။ ဗမာပြည်ထဲမှာ တရုတ်ဖြူကျူးကျော်မှုရှိနေသေးချိန်၊
အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေရှေ့မှာ ဆန္ဒပြပွဲတွေ ကြာခဏပေါ်နေချိန်၊
ကမ္ဘာအရပ်ရပ်မှာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့
ကမ္ဘာ့ငြိမ်းချမ်းရေးကြွေးကြော်သံနဲ့လှုပ်ရှားမှုတွေ ခြိမ့်ခြိမ့်သဲကျင်းပနေချိန်မှာ
ကျူးဘားမှာ ဘာတစ္စတာအာဏာရှင်ကိုဖြုတ်ချပြီး အောင်ပွဲခံလိုက်တာဟာ တကယ်ပဲ အနောက်က
နေထွက်သလိုဖြစ်ခဲ့ပါတယ်။
အဲဒီတုန်းက တိုးတက်သူတွေရဲ့ပါးစပ်ဖျားမှာ
ကာစထရိုရဲ့နာမည်ဟာ အလွန်ရေပန်းစားနေခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ
ကျူးဘားစီး-ယန်ကီးနိုး (Cuba-Si! Yankee-No!)) ဆိုတဲ့ ကြွေးကြော်သံပျံဝဲနေခဲ့သလို
ဗမာပြည်ကစာပေလောကမှာလည်း ကျူးဘားတော်လှန်ရေးနဲ့ ကျူးဘားခေါင်းဆောင်ကြီးကို
ချီးကျူးတဲ့ကဗျာတွေစာတွေ ပလူပျံခဲ့ပါတယ်။ အရွယ်အစားအားဖြင့်
အမေရိကန်ကပြည်နယ်လေးတခုလောက် တောင်မှမရှိတဲ့၊ လူဦးရေအားဖြင့် နယူးယောက်မြို့နဲ့
မတိမ်းမယိမ်းသာရှိတဲ့နိုင်ငံတခုကို ကမ္ဘာ့ဗိုလ်ပုံအလယ်မှာအရှုံးပေးလိုက်ရတဲ့
အိမ်ဖြူတော်က ခေါင်းဆောင်တွေဟာ ကစထရိုကိုလုပ်ကြံဖို့ နည်းမျိုးပေါင်းစုံအကြိမ်ပေါင်း
၆ဝဝကျော် ကြံစည်ခဲ့တယ် (အဲဒီအထဲက တနည်းက ကာစထရိုသောက်တဲ့ဆေးပြင်းလိပ်မှာ
အဆိပ်ထည့်ဖို့ကြိုးစားတာဖြစ်ပါတယ်) ဆိုတဲ့အချက်ကိုကြည့်ရင် ကျူးဘားတော်လှန်ရေးရဲ့ ဂယက်နဲ့
ဝါရှင်တန်ကခေါင်းဆောင်တွေရဲ့အရှက်ကို ခန့်မှန်းလို့ရနိုင်ပါတယ်။
နောက်ပြီး ၁၉၆၁ခုနှစ်၊ ဧပြီလ ၁၇ရက်နေ့မှာ အမေရိကန်က
တနှစ်မျှလေ့ကျင့်၊ လက်နက်တပ်ဆင်ပေးထားတဲ့ ကျူးဘားက ပြေးလာတယ် ဆိုသူ ၁၅ဝဝ လောက်က
ကာစထရိုကိုဖြုတ်ချဖို့အတွက် အမေရိကန် စစ်သင်္ဘောတစင်းပေါ်ကနေချပေးတဲ့လှေတွေနဲ့
ကျူးဘားနိုင်ငံကို တက်တိုက်တဲ့အရေးအခင်းပေါ်ခဲ့ပါတယ်။
ဒါတွေအားလုံးကို အိုက်စင်ဟာဝါအစိုးရ
စီစဉ်ပြုလုပ်တာပါ။ စီအိုင်အေအစီအစဉ်နဲ့လုပ်ခဲ့တဲ့ အဲဒီကမ်းတက်တိုက်ပွဲကြီးဟာ
ဧပြီလ၂ဝရက်နေ့ မှာပဲ သေသူသေ၊ အဖမ်းခံရသူခံရနဲ့ အဆုံးသတ်သွားပါတယ်။
ဒီအဖြစ်အပျက်ပေါ်ပေါက်ပြီးနောက် လပိုင်းအတွင်းမှာတက်လာတဲ့ ကင်နေဒီ ခမျာမတော့
ပြည်တွင်းရော ပြည်ပမှာပါ အကြီးအကျယ်အဝေဖန်ခံရပါတော့တယ်။ ဒီလိုနဲ့ကာစထရိုတို့က
နောက်တနှစ်အကြာ၊ ၁၉၆၂ခုနှစ် ဒီဇင်ဘာလထဲမှာ အဲဒီဝက်ပင်လယ်အော် (Bay of
Pigs)အရေးအခင်းမှာဖမ်းမိခဲ့တဲ့ သုံ့ပန်း ၁၁၁၃ ဦးကို ပြန်လွှတ်ပေးလိုက်တော့
ဝါရှင်တန် အဖို့ နှစ်ပြန်ရှက်-အခံခက် ဖြစ်ခဲ့ရ ပါတယ်။
ဖီဒယ်ကာစထရိုကို ၁၉၂၆ခုနှစ်မှာ
ကျူးဘားကျွန်းအရှေ့ပိုင်းက ဘီရန်(Birán,)ဆိုတဲ့မြို့ကလေးမှာ မွေးဖွားခဲ့တာပါ။ သူ့မိဘများက
မြေရှင်တွေပါ။ သူဟာ ငယ်စဉ်က စန်တီယာဂိုနဲ့ဟာဗာနာတို့မှာရှိတဲ့
ပုဂ္ဂလိကသာသနာပြုကျောင်းတွေမှာ ကျောင်းနေခဲ့ပြီး ဟာဗာနာ တက္ကသိုလ်မှာ
ဥပဒေပညာဆည်းပူးခဲ့ပါတယ်။ အဲဒီခေတ်အဲဒီအချိန်မှာ ပညာလေးတတ်လို့သာ မာ့က်စ်ဝါဒနဲ့ထိတွေ့နိုင်တယ်လို့ဆိုရမှာပါ။
တကယ်ကျတော့ ကျူးဘားဟာ
လက်တင်အမေရိကနိုင်ငံတွေထဲမှာ နောက်ဆုံးမှ တရားဝင်လွတ်လပ်ရေးရခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ စပိန်ကိုလိုနီလက်အောက်က လွတ်တယ်ဆိုတာနဲ့ပဲ ဒီကျွန်းနိုင်ငံလေးဟာ
အသစ်ပေါ်ထွက်လာနေတဲ့ အမေရိကန်နယ်ချဲ့သမားရဲ့ လက်ခုပ်ထဲကို ရောက်ခဲ့ရပါတယ်။
အမေရိကန်ဟာ အဲဒီတုန်းက ကျူးဘားနိုင်ငံရဲ့စီးပွားရေးတခုလုံးလိုလိုနဲ့ နိုင်ငံရေးလောကတခုလုံးကို
ချုပ်ကိုင်ထားတာဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမှာ ကျူးဘားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲခဲ့တဲ့
ပလတ်ပြင်ဆင်ချက်(Platt amendment)ဆိုတာဟာ အမေရိကန်က ဒီနိုင်ငံထဲကိုစစ်ရေးအရ စွက်ဖက်ခွင့်ပြုတယ်ဆိုတာတောင်
ပါရှိပါတယ်။
၂ဝရာစုနှစ် ပဌမတဝက်၊ နှစ်ပေါင်း ၅ဝကျော်တိုင်
ကျူးဘားပြည်သူတွေ မကျေမနပ် အောင့်အည်းနေခဲ့ရတဲ့ခံစားချက်ဟာ ကာစထရိုတို့ရဲ့ တော်လှန်ရေးမှာ
ပေါက်ကွဲထွက်လာတာပဲလို့ပြောရမှာပါ။
ကျူးဘားနဲ့ဖီဒယ်ကာစထရိုကို အနောက်နိုင်ငံတွေက
အလွန်တရာမုန်းတီးတဲ့ နောက်အချက်တချက်က ဒီနိုင်ငံဟာ သူတို့တတွေ မတရား ပိတ်ဆို့ညစ်ပတ်ထားတဲ့အကြားကပဲ
သူ့နိုင်ငံတွင်းမှာ အရင်းရှင်-မြေရှင်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့တာ၊ စာမတတ်မြောက်မှုကို
ပပျောက်အောင် လုပ်နိုင်ခဲ့တာ၊ လူတိုင်းအိုးနဲ့အိမ်နဲ့နေနိုင်အောင် ဖန်တီးပေးခဲ့တာ၊
ကမ္ဘာမှာ ပထမတန်းကျန်းမာရေးစနစ် (အမေရိကန်က ပိုက်ဆံရှိသူ တွေတောင်
သွားပြီးအကုသခံကြတယ်)ထူထောင်ခဲ့တာ၊ ကျူးဘားနိုင်ငံသားတွေရဲ့ ပျမ်းမျှလူ့သက်တမ်းကို
အများကြီးဆွဲဆန့်နိုင်ခဲ့တာ (ကျူးဘားနိုင်ငံက ပျမ်းမျှလူ့သက်တမ်းဟာ ၇၉ ဒသမ ၃၉နှစ် ဖြစ်ပြီး
၇၈ ဒသမ ၉၄ နှစ်ဆိုတဲ့အမေရိကန်နိုင်ငံထက်တောင် သာပါတယ်)၊ ပညာရေး၊ ယဉ်ကျေးမှုရေး၊
အားကစားစတာတွေမှာ ကမ္ဘာ့ထိပ်သီးနိုင်ငံတွေနဲ့ ရင်ဘောင်တန်းလိုက်လာနိုင်တာ
စတာတွေကြောင့်လည်း ဖြစ်ပါတယ်။
၁၉၅၂ခုနှစ်မှာ ဘာတစ္စတာက ဒုတိယအကြိမ်အာဏာသိမ်းတော့
ဖီဒယ်လ်နဲ့သူ့ရဲဘော်တွေ (အဲဒီအထဲမှာသူ့ညီရာအူးလ်၊ သူ့နှမဟေဒီးနဲ့ မယ်လ်ဘာတို့လည်းပါပါတယ်)ဟာ
တိုက်ပွဲဝင်အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ၁၉၅၃ ခုနှစ် ဂျူလိုင်လ ၂၆ရက်နေ့မှာ စန်တီယာဂိုမှာရှိတဲ့
မွန်ကာတာ (Moncada)စစ်တန်းလျားတွေကို ဝင်တိုက်ကြပါတယ်။ သူတို့ရှုံးနိမ့်ပြီး
ပါဝင်သူ လူငယ် ၁၂ဝ လောက်ထဲက တဝက်နီးပါးကို အာဏာရှင် အစိုးရက ဖမ်းမိပြီးနောက်မှာ သတ်ပစ်ခဲ့ပါတယ်။
အဲဒီတုန်းကအဖမ်းခံခဲ့ရတဲ့ ဖီဒယ်လ်ကာစထရိုက တရားရုံးမှာ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရင်း
လေးနာရီကြာ ပြောကြားခဲ့တဲ့မိန့်ခွန်းထဲက နောက်ဆုံးမှာပါတဲ့ “သမိုင်းဟာ ငါ့ကိုအပြစ်မရှိဖော်ပြလိမ့်မယ်”("La
historia me absolverá")ဆိုတဲ့မိန့်ခွန်းဟာ ကမ္ဘာတွင်ခဲ့တယ်လို့ဆိုရပါမယ်။
၁၉၅၈ ခုနှစ်က ဆီယက်ထရာမယ်စ်ထရာ (Sierra
Maestra)တောင်တန်းတွေထဲမှာ လူ ၁၂ယောက်နဲ့ စတင်ခဲ့တဲ့တော်လှန်ရေးဟာ ၁၉၅၉ခုနှစ်၊
ဇန်နဝါရီလ ၁ရက်နေ့မှာ အာဏာရှင်ဘာတစ္စတာကို ကျူးဘားနိုင်ငံက ထွက်ပြေးသွားစေခဲ့ပါတယ်။
ဘာတစ္စ တာအစိုးရကို ပြုတ်ကျစေတဲ့တော်လှန်ရေးရဲ့အဆုံးပိုင်းမှာ ရက်သတ္တပတ်အကြာ
မြို့ပေါ်က အလုပ်သမားသပိတ်ကြီးနဲ့လည်း ပေါင်းစပ်မိသွားလို့ ဖြစ်တယ်လို့ဆိုကြပါတယ်။
သမိုင်းမှာ လူထုတွေအတွက် သူရဲကောင်းတွေ၊
စံနမူနာပြုစရာလူပုဂ္ဂိုလ် လိုအပ်တဲ့ကွက်လပ်တွေ ပေါ်လာလေ့ရှိပါတယ်။ ၂ဝရာ စုနှစ်အတွင်း
ဥရောပမှာလီနင်-စတာလင်၊ အရှေ့အာရှမှာ မော်စီတုန်း-ဟိုချီမင်း၊ ဒီနောက်အနောက်တိုင်း
အမေရိကတိုက်မှာ ကာစထရိုတို့ဟာ အဲဒီ ကွက်လပ်တွေကိုဖြည့်သူတွေလို့ပြောရပါမယ်။
ရဲဘော်အောင်ထက်
0 comments:
Post a Comment