လက်နက်ရောင်းနည်းသစ် (မျိုးမြင့်ချို)
အခု ကမ္ဘာ့စစ်လက်နက်ပစ္စည်း အထုတ်လုပ်အရောင်းချဆုံးနိုင်ကြီးတွေ တနည်းပြောရရင် အချမ်းသာဆုံးနိုင်ငံကြီးတွေက သူတို့ စစ်လက်နက်တွေကို အရင်လို အပုံလိုက်ရောင်းရမယ့်နည်းက သိတ်မလွယ်တော့မှန်း သိလာကြပြီ။
စစ်အေးခေတ်တုန်းက ထိုးပြစရာ အိုင်ဒီယော်လော်ဂျီအရရန်သူရှိတယ်။ ခြောက်လှန့်ပြစရာ ကွန်မြူနစ်တစ္ဆေ အကောင်လိုက်ကြီးရှိနေတယ်။ လူမွေး အစိုးရမွေး ပြည်မွေးပြီး စစ်လက်နက်တွေ သူ့ဘက်ကိုယ့်ဘက် အပြိုင်အဆိုင် ထုတ်လုပ်ရောင်းချကြ တပ်ဆင်ကြလုပ်ကြတယ်။ ရောင်းလိုက်ရမှာ သောက်သောက်လဲပဲ။ စစ်ပွဲတွေကလည်း စစ်အေးသာဆိုတယ် ပူသလားမမေးနဲ့။ လက်နက်ရောင်းဖို့က အပြင်ထွက်ရှာစရာမလိုဘူး။ ဈေးကွက်ကြီးကိုက ကိုယ့်လူတွေပြန်ဖြစ်နေတာမျိုး။ ကိုယ့်အချင်းချင်း ပြန်ရောင်းကြတာမျိုး။ ဆိုတော့ရောင်းရဝယ်ရတာလွယ်တယ်။ ပွဲစားမလိုတော့ ပွဲခတွေ ပွဲညွန့်တွေလည်း ပေးစရာမလိုဘူး။ လူလည်း မသိဘူး။ လက်သိပ်ထိုးလည်း လုပ်စရာမလိုဘူး။ ဗြောင်ပဲ ရှင်းတယ်၊ လုပ်ရလွယ်တယ်။
ဆိုဗီယက်ယူနီယံပြိုပြီးနောက်ပိုင်း လက်နက်ဈေးကွက် ယိုင်ချင်လိုဖြစ်လာတော့ အရှေ့အလယ်ပိုင်းအပါအဝင် ကမ္ဘာပေါ်က ယဉ်ကျေးမှုအရပြဿနာပေါ်နိုင်တဲ့နေရာတွေမှာ ရန်တိုက်သွေးထိုးဘေးတီးပေးပြီး ဒေသန္တစစ်တွေဖန်တီးပေးပြီး ထချကြတဲ့ ငမိုက်သား ၂ ဘက်လုံးကို လက်နက်ရောင်းတဲ့နည်း ကျင့်သုံးတယ်။ ဟိုကောင်တွေကလည်း ဝယ်တာပဲ။ ချကြတာပဲ။ ချကြတာမျ ရစရာမရှိအောင်ကို ချကြတာ။ တချိန်က တိုင်းပြည်မကွဲခင် ဒေသမကွဲချင်က တအိမ့်တအိမ် ထမင်းအိုးလှန်စားနှိုက်စားနေကြတဲ့ကောင်တွေ အခုရန်သူဖြစ်ကြပြီဆိုပြီး အပြန်အလှန် သူ့ထမင်းအိုးကိုယ့်ထမင်းအိုး ရိုက်ခွဲကြတော့တာပဲ။ နောက်တော့ အမြင်မှန်ရသူရ လက်သည်ရင်းသိသူသိတွေဖြစ်ကြပြီး စစ်တွေ အသတ်အဖြတ်တွေရပ်ဖို့ လုပ်ကြတယ်။ ဒီတော့ စစ်ကုန်သည် ငပွကြီးတွေ အသက်ရှူကျပ်လာတယ်။ လက်သည်ပေါ်ကုန်တော့ ဗူးပေါ်သလိုပေါ်လာတော့ အရှက်တကွဲအကျိုးနည်းဖြစ်ပြီး ထိုးကျွေးရမယ့်ကောင် ထိုးကျွေး၊ လုပ်ကြံရမယ့်ကောင် လုပ်ကြံ၊ သုတ်သင်ရမယ့်ကောင် သုတ်သင်၊ ကြိုးစင်ပို့ရမယ့်ကောင် ကြိုးစင်ပို့၊ နိုင်ငံရေးခိုလှုံခွင့်ပေးရမယ့်ကောင် ခိုလှုံခွင့်ပေး၊ ကဲ့ထုတ်ရမယ့်ကောင် ကဲ့ထုတ်၊ သူကောင်းပြုရမယ့်ကောင် သူကောင်းပြုပြက်ပြီး ချောလဲရောထိုင်လုပ်ပလိုက်တယ်။ ဒီနည်းလည်း အလုပ်သိတ်မဖြစ်လိုက်ဘူး။
အဲ့ဒီကာလတွေတုန်းက လက်နက်ရောင်းတယ်ဆိုတာ အပုံလိုက်ကြီးတွေရောင်းတာ။ လက်ကားရောင်းတာ။ ဝယ်လက်ကလည်း မျက်စေ့မှိတ်ပြီး အပုံလိုက်ကြီး မချသွားတာ။ ဈေးစကားနောက်မှပြောဆိုတာချည်းပဲ။ ဝယ်လက်က ကြီးလည်းကြီးတယ်။ အစိုးရတွေလည်း ဖြစ်တယ်။လက်လီစိတ်တာ မဟုတ်တော့ စကားလည်း ဘာမှသိတ်ပြောနေစရာမလိုဘူး။ တခါတလေများ စက်ရုံကြီးပါ ချရောင်းပေးလိုက်တာ။ လူတွေပါ အဆစ်ထည့်ပေးလိုက်သေးတယ်။
ခု အဲ့ဒီနည်းတွေလုပ်ဖို့ နည်းနည်းခက်လာပြီ။ ဒီတော့ နည်းသစ်တွေကြံဆလာကြတယ်။ လိုလျှင်ကြံဆတော့ နည်းလမ်း ၂ ခုရလာတယ်။
နည်းသစ်လို့ဆိုရမယ့်ဟာက ပုံစံ ၂ မျိုးနဲ့ ပေါ်လာတယ်။ တမျိုးက သူတို့ အကာအကွယ်ပေးထားတဲ့ သူတို့ကိုပြန်အကာအကွယ်ပေးနေတဲ့ နိုင်ငံတွေကိုတော့ စစ်ရေးအရ ဘယ်နှဘီလီယံထောက်ပံ့လိုက်သည်ဆိုပြီး အဲ့ဒီထောက်ပံ့ငွေတပြားမကျန် သူတို့ကုမ္ပဏီတွေဆီကနေ လက်နက်ပြန်ဝယ်ရတာမျိုး။ အရင်ကဆို စစ်ရေးအရထောက်ပံ့ငွေရဲ့ဘယ်လောက်ကို သူတို့ဆီကနေပြန်ဝယ်၊ ဘယ်လောက်ကို ဘယ်သူ့ဆီကဝယ်၊ ဘယ်လောက်ကို ပြည်တွင်းမှာထုတ်လုပ်ဆိုတာမျိုးပဲ။ ခုတော့မဟုတ်တော့ဘူး ငါတို့ပေးတဲ့ငွေ ငါတို့ဆီကအကုန်ပြန်ဝယ်ဆိုတာမျိုးပဲ။ အခု ဒီနည်းကို အမေရိကန်က အစ္စရေးကို ဟိုတလောလေးကပဲ ၃၅ ဘီလီယံစစ်ရေးအထောက်အပံ့ပေးလိုက်သည်ဆိုတာနဲ့
စပွဲထွက်လာတယ်။ ပွဲစားမလိုဘူး။ မှောင်ခိုဈေးကွက်မဟုတ်ဘူး။
မြက်မြက်ကလေး ပြန်ရတယ်။ ကျေးဇူးလည်းအတင်ခံရတယ်။
အိုဘားမားလက်မှတ်ထိုးပြီးပြီ။
နောက်တမျိုးက တလက်ချင်း နည်းနည်းချင်း လက်လီစိတ်ရောင်းတာ။ ကိစ္စရှိနေတဲ့နေရာတွေ(ပြဿနာဖြစ်နေတဲ့ဒေသတွေ)ကို ဒေသခံလူခံတွေသုံးပြီး တဖက်လှည့်နဲ့ ရောင်းတာ။ ပြဿနာဖြစ်နေတာတွေလည်း နိုင်ငံနဲ့ချီဖြစ်နေတာမဟုတ်တော့ တိုက်လေယဉ်တွေ တင့်ကားကြီးတွေတော့ ဈေးကွက်နဲ့မဆန့်ဘူးပေါ့။ သေနတ်လောက် ပခုံးထမ်းလောင်ချာလောက် ဖေါက်ခွဲဖျက်ဆီးရေးပစ္စည်းတွေလောက် ယူနီဖေါင်းအီကွပ်မင်န့်လောက် စတာတွေများပါတယ်။ အရေအတွက်ကလည်း နည်းနည်းချင်း လီ လီ ပြီးရောင်းရ၊ ဝယ်လက်ကလည်း အစိုးရမဟုတ် ဘာမဟုတ်၊ တော်လှန်ရေးမဟုတ် ဘာမဟုတ်တွေဆိုတော့ ဇောတိကတွေမဟုတ်ကြဘူး။ သိတ်လည်း မဖြုံးနိုင်ဘူး။ ခြစ်ခြစ်ဖြုပ်ဖြုပ် တပြားကို နှစ်ပြားခွာနေရသူတွေ။ ပြီးတော့ တခါတလေ ဂဂျီဂဂျောင်ကများ ဈေးကဆစ်သေးဆိုတော့ စိတ်မရှည်ချင်စရာပဲ။ ဒါပေမယ့် မတတ်နိုင်ဘူး ဒီလိုပဲ စိတ်ရှည်ရှည်ထားပြီး လီရောင်းရမှာပဲ။ ဆီးရီးယားက အာဆဒ်အစိုးကိုဆန့်ကျင်တဲ့ လူမျိုးစုပိစိကွေးလေးအထိ ချိတ်ဆက်ပြီးရောင်းပေးသလို အီရတ်က ကာ့ဒ်တွေဘက်လည်း မလွတ်စေရဘူး။
ဒါက အခု သူတို့ ကြံဆရုံမက လက်တွေ့ချသုံးကြည့်နေကြတဲ့ နည်းလမ်းပဲ။ ဒီနည်း ဘယ်လောက်ခံမယ် မခံဘူး၊ အလုပ်ဖြစ်မယ် မဖြစ်ဘူးကတော့ ပြောဖို့စောဦးမယ်လို့လည်း ပြောကြတယ်။
ဘာပဲဖြစ်ဖြစ်ပါ ဒီနည်း အလုပ်မဖြစ် အသုံးမတည့်လည်း နောက်တနည်းတော့ ပေါ်ရ ဖော်ရမှာပဲမဟုတ်လား။
လက်နက်ဆို စစ်မရှိရင် ဘယ်သူ့သွားရောင်းရမှာလဲ။ လက်နက်ဆန်းဆိုတာ စမ်းသတ်ပစ်ခတ်ပြဖို့ စစ်ပွJaတွနဲ့သေပေးရမယ့်လူတွေလိုတယ်မဟုတ်လား။
ဒီဇငသ်ဘာ ၂၊ ၂ဝ၁၆

0 comments:
Post a Comment