Friday, December 16, 2016

ရှင်ဥက္ကဋ္ဌ (သို့ မဟုတ်) တော်လှန်သောပညာရှင် မောင်သာမည

0 comments
ရှင်ဥက္ကဋ္ဌ (သို့မဟုတ်) တော်လှန်သောပညာရှင်(မောင်သာမည)

၁၉၅၉ ခုနှစ်တွင် မြန်မာဗုဒ္ဓဘာသာလောကကို အကြီးအကျယ်ရိုက်ခတ်၏လှုပ်ရှားသွားစေသည့် စာအုပ်တအုပ် ထွက်ပေါ်ခဲ့သည်။ ယင်းစာအုပ်ကြောင့် စာရေးသူ၊ ထုတ်ဝေသူနှင့် ပုံနှိပ်သူတို့ မှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည်။ တရားစွဲခံရသည်။ လေးနှစ်ကြာအောင် တရားရင်ဆိုင်ရသည်။ စာအုပ်ရေးသူမှာ ဗုဒ္ဓဘာသာဝင်ရဟန်းတပါးဖြစ်လေရာ စာအုပ်ပါအယူအဆကို သဘောမကျသော အခြားရဟန်းတချို့ ၏ဆန့် ကျင်မှုတို့လည်း ပေါ်ပေါက်ခဲ့သည်။

ဗုဒ္ဓဘာသာတွင် အကြီးမားဆုံးဆန့်ကျင်မှုဟုဆိုရမည့် ပကာသနိယကံဆောင်ပွဲများဖြင့် ဆန့်ကျင်သည်အထိ ရှိခဲ့သည်။ ယင်းစာအုပ်၏အမည်မှာ “လူသေလူဖြစ်”။ စာအုပ်ကိုရေးသူမှာ ပဉ္စမပေပင်အဖြစ် နာမည်ကျော်သော တောင်တွင်းကြီး နတ်မှီတောရဆရာတော်ရှင်ဥက္ကဋ္ဌ ဖြစ်သည်။
လူသေလူဖြစ်ဟုအမည်ပေးထားသည့် ယင်းစာအုပ်ကဖော်ကျူးသည့်အယူအဆကို စာရေးသူ ရှင်ဥက္ကဋ္ဌက စာတကြောင်းတည်းဖြင့် အနှစ်ချုပ်ထားသည်။
“လူသားဆိုတဲ့သတ္တ၀ါ သေဆုံးပြီးသွားတဲ့ နောက်အခါ၌အကယ်စင်စစ် ဖြစ်ခွင့်ဖြစ်စရာ
ဖြစ်ဖို့အလားအလာများရှိသေးခဲ့လျှင် လူမှတပါး အခြားဘာမျှဖြစ်စရာလည်းမရှိ” ဟူလို။

ယင်းစာကြောင်းက မိရိုးဖလာဗုဒ္ဓဘာသာဝင်များအပေါ် ဦးနှောက် မုန်တိုင်းကြီးတခုတိုက်ခတ်သကဲ့သို့  တုံလှုပ်ချောက်ချားစေခဲ့သည်မှာ ထူးလျက်နှင့်မဆန်းဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် လူသေလူဖြစ် အယူအဆသည် မိရိုးဖလာဗုဒ္ဓဘာသာ၏မဏ္ဍိုင်ဖြစ်သော “သုံဆယ့်တဘုံ အယူအဆ” နှင့် လုံးဝခြားနား ဆန့်ကျင်သောကြောင့် ဖြစ်ပါသည်။

သုံးဆယ့်တဘုံအယူအဆ အရမှာ“ လူသေလျှင် သူပြုခဲ့သည့် ကံအလျောက် ငရဲ တိရစ္ဆာန် ပြိတ္တာ အသူရကာယ် စသည့်ဘ၀ဆိုးများသို့ဖြစ်စေ၊ လူ နတ် ဗြဟ္မာ စသော ဘ၀ကောင်းများသို့ဖြစ်စေ သုံးဆယ်တဘုံအတွင်းက ဘုံတခုဆီသို့ရောက်လိမ့်မည်” ဟူ၏။
လူသေလူဖြစ်ကျမ်းပြုဆရာရှင်ဥက္ကဋ္ဌက ယင်းသုံးဆယ့်တဘုံယုံကြည်မှုကို လူသားတို့၏အကြောက်နှင့် အမျှော်များ တိုးပွားရှင်သန်အောင် မြေဆီလောင်းပေးနေသည့်အရာအဖြစ်မြင်နေခဲ့ရာ လူသေလူဖြစ်စာအုပ်ဖြင့်ကုစားပေးခဲ့ခြင်းဟု ယူဆရပေသည်။
ယင်းသို့ကုစားရာတွင် ဆရာတော်ရှင်ဥက္ကဋ္ဌသည် ခေတ်သစ်သိပ္ပံ တွေ့ရှိချက်တခုဖြစ်သော
ဒါဝင် (Darwin)၏ ဆင့်ကဲဖြစ်စဉ်သဘောတရား (Theory of Evolution) ကိုလည်းကောင်း၊ ဖန်ဆင်းရှင် တန်ခိုးရှင်ကိုလက်သင့်မခံသည့် ဘုရားမဲ့ဝါဒ(Atheism) ကိုလည်းကောင်း၊ ဗုဒ္ဓဟောကြားခဲ့သည့် တရားကိုလည်းကောင်း အခိုင်အမာကိုးကားခဲ့သည်။

လူသေလူဖြစ်စာအုပ်တွင် ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရားကို အသေးစိတ်ထည့်သွင်းဖော်ပြထားသည်မှာ မြန်မာနိုင်ငံအတွင်းသို့ ကိုလိုနီစနစ်နှင့်အတူရောက်ရှိ ကျယ်ပြန့်လာသည့် ခရစ်ယာန်ဘာသာရေးကို စိန်ခေါ်လိုက်ခြင်းဖြစ်ပေသည်။ ဒါဝင်၏ဆင့်ကဲဖြစ်စဉ်သဘောတရားက အနောက်တိုင်းခရစ်ယာန်ဘာသာ၏ ဖန်ဆင်းရှင်ယုံကြည်မှုအား အခြေကကိုင်လှုပ်ခဲ့သည်ကို ဆရာတော်ရှင်ဥက္ကဌ ကောင်းကောင်းသိရှိပုံရသည်။ ဆရာတော်သည် နယ်ချဲ့ဝါဒကို လက်မခံသကဲ့သို့ နယ်ချဲ့ဝါဒနှင့်အတူပါလာသော ခရစ်ယာန်ဘာသာကိုလည်း လက်သင့်ခံပုံမရ။

ယင်းအချက်မှာ ကျောက်ကွင်းအရေးတော်ပုံဖြစ်ရပ်ဖြင့် ထင်ရှားသည်။ ကျောက်ကွင်း အရေးတော်ပုံဖြစ်ရပ်မှာ ဗုဒ္ဓဘာသာဝင်ရဟန်းတပါးက ခရစ်ယာန်ဘာသာအပေါ် ပြတ်ပြတ် သားသား ဝေဖန်သုံးသပ်ပြခဲ့သည့်ဖြစ်ရပ်ဟု ဆိုနိုင်သည်။

ဒါဝင်၏ဆင့်ကဲဖြစ်စဉ်သဘောတရားကဲ့သို့ပင် ဖန်ဆင်းရှင်အယူဝါဒကိုကိုင်လှုပ်ခဲ့သော အတွေးအခေါ်
တရပ်ကို ရောဘတ်အင်ဂါဆို (Robert Ingersoll) အမည်ရှိ တွေးခေါ်ရှင်က ဒါဝင်နှင့် မရှေးမနှောင်းပင်ဟောပြောတင်ပြခဲ့သည်။
ဘာသာရေးသမားတို့က လူတို့၏ဦးနှောက်အတွင်းသို့ ဖန်ဆင်းရှင် God ကိုလည်းကောင်း၊ ငရဲဘုံနှင့် နတ်ဘုံများကိုလည်းကောင်းသွတ်သွင်းပြီး အကြောက်အမျှော်တိုးပွားအောင်လုပ်ကာ စီးပွားရှာနေသည်ဟု ဆရာကြီးအင်ဂါဆိုက ပြစ်ပြစ်နှစ်နှစ်ဝေဖန်ခဲ့ပါသည်။ အင်ဂါဆို၏ဟောပြောချက်များမှ ကောက်နုတ် ဘာသာပြန်ပြီး လူသေလူဖြစ်ကျမ်းတွင်ဖော်ပြထားလေရာ ဆရာတော်၏ ပြောင်မြောက်လှသော ဘာသာပြန်အစွမ်းကြာင့် ဘာသာပြန်ဟုပင်မသိကြဘဲ ဆရာတော်၏ ယ်ပိုင်အယူအဆများအဖြစ် စွပ်စွဲကြသည်မှာ အံ့သြစရာကောင်းလှသည်။
(အင်ဂါဆို၏ဟောပြောချက်တချို့ ကို ဆရာပါရဂူက “ တော်လှန်သောအတွေးအခေါ်” အမည်ဖြင့် ဘာသာပြန်ထုတ်ဝေခဲ့ဖူးသည်။ ယင်းစာအုပ်လည်း ထွက်ပြီးမှအပိတ်ခံခဲ့ရပါသည်)

ဒါဝင်၏ ဆင့်ကဲဖြစ်စဉ်သဘောတရားကိုလည်းကောင်း၊ အင်ဂါဆို၏ ဘုရားမဲ့အတွေးအခေါ်ကို လည်းကောင်း ကြားဖူးနားဝမရှိသည့်သူတို့ အတွက်မှာ လူသေလူဖြစ်စာအုပ်သည် လုံးဝအသစ်အဆန်း ဖြစ်နေပေလိမ့်မည်။

ဖန်ဆင်းရှင်အယူဝါဒကိုလည်းကောင်း၊ သုံးဆယ့်တဘုံအယူဝါဒကိုလည်းကောင်း စွဲမြဲသက်ဝင်နေသူတို့ အတွက်မှာလည်း အလွန်အန္တရာယ်ကြီးသော မိစ္ဆာအယူဝါဒဖြစ်နေပေလိမ့်မည်။ ဤသို့ ဖြင့်
ဆရာတော်ရှင်ဥက္ကဌကို ပကာသနိယကံဆောင်ကာ ခါးခါးသည်းသည်း ဆန့်ကျင်ခဲ့ခြင်းဖြစ်မည်။

သို့သော် လူသေလူဖြစ်အယူအဆကိုတင်ပြရန် ပန်ကြားခဲ့သူသည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်ဟူသော ပြောဆိုချက်များရှိခဲ့လေရာ ကျမ်းပြုဆရာ၏ရည်ရွယ်ချက်တွင် အမျိုးသားရေးနှင့် နိုင်ငံရေးလည်းပါဝင်ခဲ့မည်လားဟု စဉ်းစားစရာရှိသည်။

လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်ကျော်က အိုးဝေဂျာနယ်တွင် စတင်ဖော်ပြခဲ့သော စာရေးဆရာမင်းအောင်ရေးသားသည့်ဆောင်းပါးတွင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့တပ်မတော်သားများ
သေရဲတိုက်ရဲသည့်စိတ်ဓာတ်ရှိစေရန် ယင်းလူသေလူဖြစ်အယူအဆကို ကျမ်းတစောင်ပြုစုပေးပါဟု ဆရာတော်ရှင်ဥက္ကဌအားပန်ကြားခဲ့သည်ဟု ရေးသားထားသည်။

ဆရာတော်ကိုယ်တိုင်ရေးသားသည့် “ လူသေလူဖြစ်စစ်တန်းနှင့် ထောင်ကျမှတ်တမ်း” စာမူတွင် “ကွယ် လွန်သူ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဗမာ့တော်လှန်ရေးတပ်မတော်ကြီးကို တည်ထောင်ဖွဲ့စည်းခဲ့တယ် မဟုတ်လား - - - အဲဒီတပ်မတော်အတွက် တိကျပြတ်သားတဲ့ အဘိဓမ္မာကျောထောက်နောက်ခံရှိတဲ့ Slogan (၀ါ) ကြွေးကြော်သံတခုလိုနေတာ တွေ့ရတယ်။ အဲဒါကြောင့် လူသေလူဖြစ်အဘိဓမ္မာ ကျောထောက်နောက်ခံရှိတဲ့ လူသေလူဖြစ်၊ လူဖြစ်လူသေ၊ တိုးလိုက်ဟေ တိုက်လိုက်ဟေဆိုတဲ့ ဆလိုဂန်ကို ဖော်ထုတ်လိုက်ခြင်းဖြစ်တယ်” ဟု ဖော်ပြထားပါသည်။

မည်သို့ဖြစ်စေ လူသေလူဖြစ်စာအုပ်ကိုရေးသားခဲ့သည့် ဆရာတော်ရှင်ဥက္ကဌသည်ကား သူ အသက်ရှင်နေ စဉ်ကာလတွင် ပကာသနိယကံဖြင့် အကြဉ်ခံခဲ့ရသကဲ့သို့ ပျံလွန်တော်မူပြီးနောက်တွင်လည်း သူ၏ လူသေလူဖြစ်အယူအဆကို အဓမ္မ၀ါဒအဖြစ်သတ်မှတ်ခံခဲ့ရသည်။
(ဤနေရာတွင် အဓမ္မ၀ါဒဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည်ဟူသောအနက်ကိုသာ ရည်ညွှန်းပါသည်။ အဓမ္မအဖြစ် သတ်မှတ်သူများမှာ ထေရ၀ါဒဗုဒ္ဓဘာသာ၏ သံဃနာယကအဖွဲ့ဝင်များသာ ဖြစ်သောကြောင့်ပင်။ မူရင်းမူလဗုဒ္ဓဘာသာနှင့် ခြားနားသည်ဟူသောအနက် မရှိပါ။ ထေရ၀ါဒသည် ဂိုဏ်းခွဲတခုသာဖြစ်သည်။ ဗုဒ္ဓလွန်ပြီး အတော်ကြာမှပေါ်လာသည့်ဂိုဏ်းတခု ဖြစ်သည်။ ထေရ၀ါဒတွင် ဟိန္ဒူ အယူဝါဒများစွာပါဝင်နေသည်မှာ ထင်ရှားသည်။ ထို့ကြောင့် အဓမ္မ၀ါဒဆိုလျှင် မှားယွင်းသောအရာများဟု မမှတ်သင့်။ ထေရဝါဒနှင့်ဆန့်ကျင်သော အယူအဆဟုသာ ဆိုလိုပါသည်။ ဘာသာရေးအယူအဆအများစုမှာ မှန်မမှန် သက်သေပြနိုင်သော အရာများမဟုတ်ဘဲ ယုံကြည်မှုသက်သက် တရားသေအယူအဆသာ များပါသည်။)

ဆရာတော်ရှင်ဥက္ကဋ္ဌသည်ကား ယင်းကဲ့သို့သော ဆန့်ကျင်ဝေဖန်မှုများကို ကြိုတင်မျှော်လင့်ပြီးသား ဖြစ်ပုံရသည်။ ဆရာတော်၏ဘ၀တလျောက်လုံး ယင်းကဲ့သို ဆန့်ကျင်ခံရမှုများမှာ အများအပြားရှိခဲ့သည်။

သိသာသောဖြစ်ရပ်တခုမှာ ၀န်ကြီးချုပ်ဟောင်းဦးနုဦးဆောင်ခဲ့သည့်
ဆဋ္ဌသံဂါယနာတင်ပွဲတွင် ဖြစ်သည်။ ဆရာတော်၏အမြင်တွင် သံဂါယနာတင်ပွဲဆိုသည်မှာ မှတ်တမ်းတင်ထားသည့် ဗုဒ္ဓ၏တရားတော်များကို ပြန်လည်စိစစ်ပြီးတည့်မတ်အောင် ပြင်ဆင်ရေးဖြစ်သည်။
ဗုဒ္ဓခေတ်က နှုတ်ဖြင့်ဆေင်ထားခဲ့သည့် တရားများကို ကျောက်ထက်အက္ခရာဖြင့်လည်းကောင်း၊ စာပေ ကျမ်းစာဖြင့်လည်းကောင်း မှတ်တမ်းတင်ကြရာတွင် နှစ်ကာလကြာရှည်သည်နှင့်အမျှ တိမ်းစောင်းသည်များလည်းရှိသကဲ့သို့  တရားမသိ တရားမရှိသူများက လိုသလို ဖြည့်စွက်နုတ်ပယ်ပြုပြင်သည်များရှိသည်ဟု ဆရာတော်ကယူဆသည်။ နငယ် အမြီးတိုသည်ကို ရှည်အောင်လုပ်ပေးရုံထက်မကသော သာသနာရေးဆိုင်ရာမဟာတာဝန်ကြီးအဖြစ် ယူဆသည်။
သို့သော် ဆဋ္ဌသံဂါယနာတင်ပွဲတွင် ပါဝင်ဦးဆောင်သူအများစုမှာ မင်းတုန်းမင်းကြီးတင်ခဲ့သည့် ပဉ္စမသံဂါယနာမူအတိုင်းပင် ပုံနှိပ်မှတ်တမ်းတင်လိုရာ ဆရာတော်ရှင်ဥက္ကဋ္ဌနှင့်
လုံးဝသဘောကွဲလွဲခဲ့ပုံရသည်။

ဆရာတော်က သံဂါယနာအစည်းအဝေးများကိုမတက်ဘဲ သပိတ်မှောက်ခဲ့ပြီး အစာငတ်ခံဆန္ဒပြသည် အထိ ဖြစ်ခဲ့သည်ဟုဆိုသည်။

နောက်ထပ်ဖြစ်ရပ်တခုမှာ ဖက်ဆစ်ဂျပန်များလွှမ်းမိုးခဲ့သည့်ကာလတွင် ညီညွတ်သောသာသနာ့တပ်ဦး ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းသည့်အတွက်
ဖက်ဆစ်တို့၏ဖမ်းဆီးမှုကိုခံရခြင်း ဖြစ်သည်။ စစ်ဦးဘီလူး ခေတ်ဆိုးကြီးအတွင်း ဆရာတော်၏ကြိုးပမ်းမှုသည် ဖက်ဆစ်တို့အတွက် အကြီးမားဆုံးရာဇ၀တ်မှုကြီးဖြစ်လေရာ သေဒဏ်ပေးခံရတော့သည်။

သို့သော် ဆရာတော်နည်းတူ တော်လှန်သောဘာသာရေးပညာရှင်တဦးဖြစ်သူ ရှင်အာဒိစ္စ၀ံသ၏ ကြိုးပမ်းမှုဖြင့် သေဒဏ်လွတ်ခဲ့သည်။
(ရှင်အာဒိစ္စ၀ံသသည် ရဟန်းများ အင်္ဂလိပ်စာသင်ရေးနှင့် အမျိုးသမီးများကိုဘိက္ခုနီဝတ်ခွင့်ပြုရေးအတွက် ကြိုးပမ်းမှုကြောင့် ပကာသနိယကံဖြင့် ရှင်ဥက္ကဋ္ဌအရင် အကြဉ်ခံခဲ့ရသူဖြစ်ပါသည်) သေဒဏ်ကို ငံ့လင့်နေသောရှင်ဥက္ကဋ္ဌထံသို့ပေးပို့လိုက်သည့်ရှင်အာဒိစ္စ၀ံသ၏စာတစောင်မှာ တော်လှန်သော
ပညာရှင်တို့၏ဘ၀ခံယူချက်ကို ရည်ညွှန်းနေပါသည်။
“ဂျင်နရယ်အီဒါးထံ ရောက်အောင်သွား၍ သေဒဏ်ကိုဖျက်သိမ်းစေခဲ့ပြီ။ ကျန်တဲ့အပြစ်ဒဏ်ကိုတော့ ဗဟုသုတရအောင် ခံပါ“ ဟူလို။

ပိဋကတ်သုံးပုံကို ထုံးလိုချေ ရေလိုနှောက်နိုင်သော၊ ဗုဒ္ဓဘာသာကိုသာမက ဟိန္ဒူဘာသာ၊ ခရစ်ယာန် ဘာသာ၊ အစ္စလာမ်ဘာသာများကိုပါ နက်နက်နဲနဲ လေ့လာသင်ယူထားသော၊ မြန်မာ၊အင်္ဂလိပ်၊ ဟိန္ဒူ၊ အာရဗီ၊ ပါဠိ၊ သက္ကဋ၊ ဘင်္ဂါလီ စသည့်ဘာသာစကားများကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ထားသော၊ အင်္ဂလိပ်စာ ထွန်တုံးပေါ်ရောက်ရေးရည်ရွယ်ချက်ဖြင့်
ဗုဒ္ဓသာသနာပြုအမျိုးသားအထက်တန်းကျောင်းကြီးကို ထူထောင်ပြီး ကိုယ်တိုင်ကျောင်းအုပ်လုပ်ခဲ့သော၊ ကျမ်းစာအုပ်ပေါင်းများစွာကိုရေးသားပြုစုပြီး အသိပညာနယ်ပယ်ကိုချဲ့ထွင်ခဲ့သော တောင်တွင်းကြီး နတ်မှီတောရဆရာတော် ရှင်ဥက္ကဌသည် တော်လှန်သောပညာရှင်တို့တွေ့ကြုံရသည့်လောကဓံအမျိုးမျိုးကို အပြုံးမပျက်ဖြတ်သန်းကာ ၁၉၇၈ ခုနှစ် နိုဝင်ဘာလ ၂၇ တွင် ပျံလွန်သွားခဲ့သည်။

ဆရာတော်သည် ဘာသာရေး၊သာသနာရေး၊အမျိုးသားရေး၊ နိုင်ငံရေး၊ ပညာရေး အစစတွင် ကိုယ်တိုင် ဆင်းရဲဒုက္ခခံကာ ပြုပြင်ပြောင်းလဲရေးကို အားစိုက်ခွန်စိုက်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံနှင့်ချီသော၊ တမျိုးသားလုံးနှင့်ချီသော ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမျိုးသည် စကားလှရုံ၊ ပါးစပ်က ပြောနေရုံလောက်နှင့် လည်းကောင်း၊ တော်ရုံတန်ရုံ စွန့်လွှတ်မှုနှင့်လည်းကောင်းမဖြစ်နိုင်ပုံကို ဆောင်းပါးရေး၍သတိပေးခဲ့သည်။ ကိုလိုနီခေတ်ကရေးခဲ့သောဆောင်းပါးဖြစ်သည်။
ယင်းသတိပေးစကားသည်ကား -
“ပြုပြင်ပြောင်းလဲရာ၌ တကယ့် သံမဏိခေါင်းဆောင်လိုချေသည်။ ယခုလက်ရှိ အပျော့စား၊ ဗန္ဓတ်ကပြား၊ ယောကျားမမည်၊ မိန်းမ မမည်၊ ပရိယာယ်များလှတဲ့၊ မနုဿီဟ ဖင်နှစ်ခွ၊ ခေါင်းဆောင်မျိုးဖြင့်ကား၊ ဘာမျှ အကျိုးမထင်ဘဲ၊ သောင်ပြင်ရေကျ၊ တထေ၀ ဖြစ်ပေလိမ့်မည်” ဟူလို။ ။

0 comments:

Post a Comment