လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ တည်ဆောက်ခြင်း State - Nation နဲ့ ဗိုလ်ချုပ်ရဲ့ပင်လုံမူ (စိုင်းထွန်းအောင်လွင်)
ဒီဇင်ဘာလ
၁၉ ရက် ၂ဝ၁၆ အသွင်မတူတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းနဲ့ အသွင်မတူတဲ့မျိုးနွယ်စုတွေ အမြောက်မြားနေထိုင်တဲ့နိုင်ငံတွေအဖို့
စတိတ်နေးရှင်းသဘော (လူမျိုးစုံချစ်ကြည်နိုင်ငံ)ပုံစံနဲ့ နိုင်ငံတည်ဆောက်ဖို့ ကျယ်ကျယ်ပြန့်ပြန့်
အကြံပြုတင်ပြသူတွေအထဲမှာ အဲလ်ဖရက် စတီဖင် ပါဝင်ပါတယ်။ သူဟာဖက်ဒရယ်နဲ့ပတ်သက်တဲ့စာတမ်းတွေကိုလည်း
ပြုစုခဲ့ဖူးတဲ့ပါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ယေးလ်း တက္ကသိုလ်က ဟွမ်လင့်၊ အိန္ဒိယနိုင်ငံက
ယာဒက်ဖ်တို့ပူးပေါင်းပြီး Crafting State Nation ; India and Multinational
Democracies ဆိုတဲ့စာအုပ်ကို ရေးသားထားပါတယ် ။
ခေတ်ဟောင်းနိုင်ငံရေးအတွေးအခေါ်တွေမှာ နိုင်ငံတစ်ခုရဲ့နယ်နိမိတ်ပိုင်နက်နဲ့ ယဉ်ကျေးမှုနယ်နမိတ်မျဉ်းတွေက တထပ်တည်းကျနေ ရမယ်လို့ဆိုကြပါတယ်။ အဲဒီလို အနေထားကြောင့် နိုင်ငံတစ်ခုအတွင်းမှာ လူမျိုးတစ်မျိုးတည်းပဲရှိနေရမယ့်သဘောဆောင်ပါတယ်။ ယဉ်ကျေးမှုနဲ့ မတူကွဲပြားတဲ့မျိုးနွယ်စုတွေရှိတဲ့နိုင်ငံမှာ နိုင်သူအကုန်ယူစနစ်နဲ့ဗဟို ရွေးကောက်ပွဲတွေကျင်းပပေးလိုက်ရင် မဂျော်ရတီ Majority လူမျိုး တစ်မျိုးကပဲအမြဲနိုင်နေမှာဖြစ်တဲ့အတွက် တခြားအင်အားနည်း မျိုးနွယ်စုတွေအဖို့ နစ်နာမှုတွေရှိနိုင်တာကြောင့် ပဋိပက္ခတွေ မုချပေါ်လာနိုင်တယ်လို့ အဲဖရက်စတီဖင်ကဆိုပါတယ်။
ဒါဟာ
မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက်လည်း ယဉ်ကျေးမှုဓလေ့ထုံတမ်းပေါင်းစုံရှိတဲ့နိုင်ငံတွေမှာ
ပြဿနာပေါင်းများစွာကြုံတွေ့ ခဲ့ရခြင်းပဲဖြစ်ပါတယ်။
တစ်ချို့ကလည်း တွေ့ရတဲ့ပြဿနာတွေကို ပြေပြေလည်လည်ဖြေရှင်းနိုင်တဲ့အတွက် ကာလရှည်ပြည်တွင်းစစ်ပြဿနာအဖြစ် မရောက်ကြ ပါဘူး။ မရှင်းနိုင်တဲ့တိုင်းပြည်တွေကတော့ ကာလရှည်ပဋိပက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ အောင်မြင်သွားတဲ့ ဒီမိုကရေစီနိုင်ငံတွေကိုကြည့်ရင် လူမျိုးတစ်မျိုး နိုင်ငံတစ်နိုင်ငံဆိုတဲ့အနေထားမျိုးမဟုတ်ကြပါဘူးလို့ သူတို့က ဆိုပါတယ် ။
အုပ်စု (၁) ။ ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်း များပြားတဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီလိုစုံလင်တဲ့အထဲမှာ တစ်ချို့ယဉ်ကျေးမှုရှိတဲ့လူတွေက သီးခြားစုဖွဲ့နေထိုင်ကြတယ်။ သူတို့အတွက် ထင်ရှားတဲ့အုပ်စုအသီးသီးက နိုင်ငံရေးမျက်နှာစာမှာပြောဆိုနေကြတယ်။ တစ်ချို့အမျိုးသားရေး အရ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာကိုသုံးပြီး လွတ်လပ်ရေးဆိုတဲ့အဆင့်အထိ ပြောဆိုနေကြပါတယ်။ အဲဒီအုပ်စုဝင်တွေကို Robustly Multinational လူမှုအဖွဲ့အစည်းတွေလို့ခေါ်ပြီး ကနေဒါက ကွီဘက်ပြည်နယ်၊ စပိန်က ကာတလန်ပြည်နယ်တို့ပါဝင်သလို ဘယ်လဂျီယံ ကတော့ ဖလမ်းဒါးဒေသပါဝင်ပါတယ်။ ပန်ဂျပ်ပြည်နယ်က ဆစ်ခ့်ခွဲထွက်လှုပ်ရှားမှု၊ မီဇိုခွဲထွက်ရေးနဲ့ အရှေ့မြောက်ပြည်နယ် ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိနေတဲ့အိန္ဒိယနိုင်ငံကလည်း အဲဒီအုပ်စုထဲပါဝင်သွားပါတယ်။
အုပ်စု (၂) ။ ။ ယဉ်ကျေးမှုအရ အတော်လေးများပြားတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ဘာသာစကားယဉ်ကျေးမှုအရအုပ်စုတွေက နိုင်ငံရေးအရထင်ရှားပြီး နယ်မြေအလိုက်အုပ်စုဖွဲ့ စုဖွဲ့တာတွေ လုပ်မနေကြပါ။ လွတ်လပ်ရေးတောင်းဆိုတာတွေလည်း လုပ်မနေကြပါ။ ဆွစ်ဇာလန်နဲ့အမေရိကန်လို နိုင်ငံတွေဖြစ်ပါတယ် ။
အုပ်စု (၃)။ ။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ တစ်မျိုးတည်းဖြစ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ အဲဒီလိုဖြစ်နေတာကြောင့် လူမျိုးတစ်မျိုးတည်းက တစ်နိုင်ငံလုံးကို လွှမ်းမိုးထားတယ်လို့တောင် ပြောလို့ရပါတယ်။ အဓိကလူမျိုးကြီးနဲ့အလားတူ ရပိုင်ခွင့်တွေတောင်းနေတဲ့လူမျိုးတွေလည်း မရှိကြပါ။ ဂျပန်၊ ပေါ်တူဂီနဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံအများစုပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံကတော့ တစ်မျိုးတည်းကိုသာအခြေခံတဲ့ နေရှင်း စတိတ် ဖြစ်ပါတယ်။ ၁၉ ရာစု ပြင်သစ်တော်လှန်ရေးပြီးချိန်မှာ ယဉ်ကျေးမှုအရရော နိုင်ငံရေးအရပါ၊ အမှတ်သရုပ်လက္ခဏာ တစ်ခုတည်း ရှိစေမယ့် တပြည်ထောင်အမျိုးသားနိုင်ငံ (Unitary Nation State)တည်ထောင်ဖို့ စီမံခဲ့ပါတယ်။ ဖက်ဒရယ်လစ်ဇင်နဲ့ပတ်သက်လို့ မြန်မာမှာလိုပဲ တကယ့်ကိုကြောက်လန့်စရာ သေဒဏ်ပေးနိုင်တဲ့ပြစ်မှုအဖြစ်ကို သတ်မှတ်ခဲ့ကြပါတယ် ။
ဒေသအလိုက် ကွဲပြားခြားနားတဲ့ယဉ်ကျေးမှုတွေကို ပုံစံပေါ်လာအောင် ခွင့်ပြုပေးတာမျိုး မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံတစ်ဝှမ်းကကျောင်းတွေမှာ တူညီတဲ့သင်ရိုးညွှန်းတမ်းတွေပဲ သင်ကြားပေးပါတယ်။ ဒါပေမဲ့ လူမျိုးတစ်မျိုးနဲ့တစ်မျိုး နိမ့်ချစော်ကားမှုတွေမပါသလို လိုသလိုပုံသွင်းမှုတွေ မပါပါဘူး။ ဆရာတွေအားလုံးကိုလည်း ဗဟိုကနေပဲလေ့ကျင့်သင်ကြားပေး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသား လက္ခဏာတစ်ခုတည်းဖြစ်လာအောင်နဲ့ ပေါင်းစည်းမှုသင်္ကေတအဖြစ် အားလုံးစစ်မှုမထမ်း၏မနေရဥပဒေ ပြဌာန်းပေးထားပါတယ်။
ဒါပေမဲ့ ပြင်သစ်မှာ ပြင်သစ်နိုင်ငံသားဖြစ်မှုအပေါ် ပြဌာန်းချက်တွေအတိုင်း သာတူညီမျှခံစားခွင့်ရှိပါတယ်။ ပေါ်တူဂီ၊ ဂျပန်၊ ဆွီဒင်တို့လည်း အောင်မြင်တဲ့ တပြည်ထောင် နေးရှင်းစတိတ်ဖြစ်သွားဖို့ နီးစပ်သွားသလို ဂျာမန် သြစတြေးလျတို့လို ဖက်ဒရယ်နိုင်ငံတွေကလည်း နေရှင်း စတိတ်ဖြစ်ဖို့ နီးစပ်သွားပါပြီ။ အမျိုးသားနိုင်ငံတစ်ခုကိုတည်ထောင်နေတုန်း လူ့အဖွဲ့အစည်းအတွင်းခြားနားမှုတွေက နိုင်ငံသားတွေအတွင်း သာတူညီမျှရှိတယ်လို့ခံစားရတာ၊ အားလုံးသမိုင်းကြောင်းတူညီတယ်လို့ခံစားရရင် ဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်းမှာ အနှောင့်အယှက်ဖြစ်မနေဘူးလို့ အဲလ်ဖရက်စတီဖင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုအနေထားတွေက ရင့်ကျက်ခိုင်မာပြီးသားနိုင်ငံမှာပဲ လွယ်လွယ်ကူကူ ကူးပြောင်းနိုင်တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂ဝ ရာစုနောက်ပိုင်းရောက်လာတဲ့အခါ အစိုးရမူဝါဒနဲ့ တပြည်ထောင် အမျိုးသားနိုင်ငံတည်ထောင်ဖို့ဆိုတဲ့ကိစ္စတွေက အခက်အခဲတွေရှိလာတယ်လို့ သူကဆိုပါတယ်။
စပိန်တို့ဘယ်လ်ဂျီယံတို့လိုနိုင်ငံတွေတောင် ခွဲထွက်ရေးနဲ့ကြုံရတာကို သူကထောက်ပြပါတယ်။ ဒါကြောင့်နိုင်ငံတစ်ခုမှာ လူမျိုးစုံဘာသာစုံပြီး အဲဒီလို စုံလင်မှုက နိုင်ငံရေးအရလည်း အဓိပ္ပာယ်ထင်ရှားလေးနက်နေရင် (State-Nation) လူမျိုးစုံချစ်ကြည်ရင်းနှီးမှုပါတဲ့ စရိုက်လက္ခဏာ အခြေခံ နိုင်ငံကိုတည်ထောင်ဖို့ စဉ်းစားဖို့၊ ဖန်တီးဖို့၊ အသိအမှတ်ပြုထောက်ခံဖို့လိုအပ်တယ်လို့ အဲဖရက်စတီဖင်က ဆိုပါတယ်။ ဟွမ်လင့်နဲ့ အဲဖရက်စတီဖင်တို့ဟာ State Nation အယူအဆနဲ့ပတ်သက်လို့ စတိတ်နေးရှင်းဆိုတာဟာ တိုင်းရင်းသားမျိုးနွယ်စု လူမျိုးစုံ ယဉ်ကျေးမှုအစုံ ပါဝင်တဲ့ စုံလင်များပြားတဲ့နိုင်ငံဖြစ်တယ် ။
သို့သော် နိုင်ငံတော်အပေါ်သစ္စာရှိ၊ အသိအမှတ်ပြုတယ်လို့ သက်ဆိုင်ရာပြည်သူများကထောက်ခံတဲ့စနစ်မျိုးဖြစ်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆို ပါ တယ်။ စာရေးသူတို့နိုင်ငံနဲ့ယဉ်ကျေးမှုအရကော လွတ်လပ်ရေးသမိုင်းအရပါဆက်စပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ (State – Nation) လူမျိုးဘာသာ ယဉ်ကျေးမှုအစုံချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ်။
စာရေးသူနဲ့ခင်မင်တဲ့ မီဇိုရမ်ပြည်နယ်က မီဇိုချင်းမျိုးနွယ်မိတ်ဆွေနဲ့ အရုနချန်ပြည်နယ်က Tai Khamtis (မြန်မာက ခန္တီးရှမ်းနဲ့တူတယ်) မိတ်ဆွေတစ်ယောက်ဆိုရင် သူတို့နိုင်ငံအပေါ် သူတို့ချစ်ခင်သစ္စာရှိကြောင်း စာရေးသူကိုပြောပြဖူးပါတယ်။ သူတို့နိုင်ငံရဲ့ပြည်ထောင်စုစနစ်၊ နိုင်ငံသားတွေအပေါ် ဂရုစိုက်မှုတွေကြောင့်လည်း ဒီမိုကရေစီစနစ်နဲ့ အခြေခံဥပဒေအပေါ် နိုင်ငံသားတွေရဲ့ယုံကြည်လေးစားမှုမြင့်တယ် လို့လည်း သူတို့နှစ်ဦးစလုံးက စာရေးသူကိုပြောပြခဲ့ဖူးပါတယ်။
အမှန်တော့ ပါလီမန်ဒီမိုကရေစီကိုအခြေခံတဲ့ အိန္ဒိယနိုင်ငံဟာလည်း စာရေးသူတို့နိုင်ငံလိုပဲ လွတ်လပ်ရေးရစက တပြည်ထောင်ပုံစံရှိခဲ့တပါ။ ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဂျဝါဟာလာနေရူးနဲ့ ကွန်ကရက်ပါတီရဲ့ လိမ္မာပါးနပ်တဲ့ အများသဘောတူာဏာခွဲဝေရေးအစီအမံတွေကြောင့်ပဲ လွတ်လပ်ရေးရပြီးသိပ်မကြာခင် ၁၉၅ဝနဲ့ ၁၉၆ဝ အကြားမှာတင် ဒီမိုကရက်တစ် State – Nation ဖြစ်လာပါတယ်။ လွတ်လပ်ရေးရပြီးပြီးချင်း ပါကစ္စတန်ခွဲထွက်မှုနဲ့ ကြုံခဲ့ရပေမယ့် နောက်ကြုံရတဲ့ ဆစ်ခွဲထွက်မှုတွေနဲ့ တမီလ်နာဒူပြည်နယ်အရေးတွေမှာတော့ တင်းမာမှုမရှိအောင် ကိုင်တွယ်နိုင်ခဲ့တဲ့အတွက်လည်း ခွဲထွက်မှုမရှိပဲပြေလည်ခဲ့တာပါ။
နေရှင်းစတိတ်ပေါ်လစီဆိုတာ တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုတွေနဲ့နိုင်ငံရေးနယ်နိမိတ်ကိုကိုက်ညီအောင် နိုင်ငံရေးအင်စတီကျူးရှင်း နည်းလမ်းနဲ့ ကြိုးစားပုံဖော်တာဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတော်တော်များများမှာ ယဉ်ကျေးမှုပုံစံတူညီမှုတွေက တပုံစံတည်းမရှိပဲ ကွဲပြားမှုတွေများတဲ့နေရာတွေ များပါတယ်။ ဒါ့ကြောင့် ကွဲပြားခြားနားမှုတွေကိုဂရုစိုက်ပြီး ကွဲပြားခြားနားမှုတွေအတွက် အခွင့်ထူးပေး လိုက်တာတွေလည်းရှိပါတယ်။ နေးရှင်းစတိတ်တွေကို အကောင်ထည်ဖော်ရာမှ ပျော့ပြောင်းတဲ့နည်းလမ်းတွေသုံးခဲ့တဲ့နိုင်ငံတွေရှိသလို ကြမ်းတမ်းတဲ့နည်းလမ်းတွေသုံးတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ နံပတ်(၁) နိုင်ငံအတွင်းနေထိုင်ကြတဲ့ မတူကွဲပြားသူတွေအကြား သစ္စာခံမှုတမျိုး ထူးထူးခြားခြားပေါ်လာအောင် ဆွဲဆောင်စည်းရုံးနည်း၊ စေ့ဆော်ပေးတဲ့နည်း၊ ဖန်တီးပေးတဲ့နည်း၊ နံပတ်(၂) အဲဒီလိုဖန်တီးပေးမှုအပေါ် နေးရှင်းစတိတ် အမျိုးသားနိုင်ငံတော်ကို မူလက မထောက်ခံသူတွေ နောက်ပိုင်းထောက်ခံလာအောင် အမှတ်လက္ခဏာကို မိမိဆန္ဒအရ ပူးပေါင်းပါဝင်လာအောင် တိုက်တွန်းအားပေးခြင်း၊ နံပတ်(၃) နေးရှင်းစတိတ်ရဲ့ပုံစံကိုလက်ခံလာအောင် အခြားမူကွဲတွေကို လက်မခံပဲ တားဆီးပိတ်ပင်ခြင်း၊ ရှိပြီးသားဆိုရင် အင်အားနည်းသွားအောင်ဖိနှိပ်ခြင်း၊ ပျောက်ကွယ်သွားအောင် ဖိအားပေးခြင်း (မြန်မာမှာ ဗုဒ္ဓဘာသာ တပြည်ထောင်ထူထောင်ရန်ကြိုးစားခြင်း၊ မဆလခေတ်က တိုင်းရင်းသားစာပေတွေကိုနှိပ်ကွပ်ခြင်း၊ အခြားမျိုးနွယ်စု ကိုးကွယ်မှုအမှတ် လက္ခဏာ ပါပါက နိုင်ငံသားမှတ်ပုံတင်ခက်ခဲအောင်လုပ်ခြင်း(အစိုးရအလုပ်အကိုင်ရာထူး တပ်ရာထူးတက်ရန်ခက်ခဲခြင်း)၊ နံပတ်(၄) တစ်ချို့ဖြစ်ရပ်တွေမှာ ဖိအားပေးရာကတစ်ဆင့် လူမျိုးသုဉ်းသတ်ဖြတ်တဲ့အထိကျူးလွန်ခြင်း စတဲ့နည်းလမ်းလေးသွယ်ကတော့ အမျိုးသား နိုင်ငံထူထောင်ဖို့ကြိုးစားရာမှာတွေ့ရတဲ့ နည်းလမ်းတွေပဲဖြစ်တယ်လို့ ဆိုကြပါတယ်။
အမျိုးအစားကွဲပြားနေပေမဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှုအမှတ်လက္ခဏာတွေကို အင်စတီကျူးရှင်းအရ လေးစားလိုက်နာပြီး ချဉ်းကပ်တာကတော့ State Nation ပေါ်လစီဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်း မတူကွဲပြားနေတာကို နိုင်ငံရေးနည်းလမ်းနဲ့ တရားဝင်ဖော်ပြခွင့် ပြုတာဟာ ယဉ်ကျေးမှုပေါင်းစုံ စီးမျှောစေတဲ့ State Nation ပေါ်လစီပဲဖြစ်ပါတယ်။
အချင်းချင်းခွဲခြားဆက်ဆံခံရတယ်ထင်လို့ ပဋိပက္ခဖြစ်နေတာ (သို့မဟုတ်)တင်းမာမှုတွေရှိနေတာကိုပြေလည်ဖို့အတွက် ကျေနပ်အောင် အခွင့်အရေးတွေပေးလိုက်တာကလည်း State – Nation ပေါ်လစီပဲဖြစ်ပါတယ်။
အဲဒီလိုပါဝင်အောင်လုပ်တဲ့နေရာမှာ ခွဲခြားဆက်ဆံတဲ့ပုံနဲ့ အထူးအခွင့်ရေးပေးတာ၊ အတင်းအကျပ်လုပ်ယူတာမရှိပါ ။
နိုင်ငံရေးရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ We ကျွန်ုပ်တို့အားလုံးဖြစ်အောင်လည်း State Nation က အားပေးပါတယ်။
တချိန်တည်းမှာလည်း လူ့အဖွဲ့အစည်းအတွင်း လူမျိုး၊ ဘာသာကွဲပြားမှုတွေအကြား လေးစားလိုက်နာဖို့အတွက် အကာကွယ်ဖြစ်စေမယ့် ကိစ္စရပ်တွေကိုလည်း ဖန်တီးပေးပါတယ်။ ငါတို့အားလုံးဆိုတဲ့အမြင်ကို သွင်းပေးမှုမှာ စာပေ၊ ယဉ်ကျေးမှု ဘာသာစကား တန်းတူအခွင့်အရေး၊ သမိုင်းဆိုင်ရာတန်းတူညီမျှဖော်ပြခွင့် (မြန်မာမှာတော့ ဗမာတစ်မျိုးတည်းကိုအသားပေးတဲ့ လိုသလိုဆွဲတဲ့သမိုင်းသင်ရိုးညွှန်းတမ်းတွေကို ကျောင်းတွေမှာသင်ခိုင်းခဲ့ဖူး)၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာဖော်ပြခွင့်တွေကလည်း အရေးပါ ပါတယ်။ နိုင်ငံတော်နဲ့ပတ်သက်တဲ့ အထိမ်းအမှတ် အမှတ်အသားသင်္ကေတွေမှာ နိုင်ငံတော်အလံကအစ နိုင်ငံသားတွေနှစ်သက်စွဲလမ်းတဲ့စိတ်တွေ ပေါ်လာအောင်၊ နိုင်ငံသားတွေရဲ့ အခြေခံဥပဒေနဲ့နိုင်ငံကို ချစ်စိတ်ပေါ်လာအောင်လည်း အားပေးပါတယ်။
ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဲဒီ State Nation ပုံစံက ဖက်ဒရယ်စနစ်နဲ့ အံဝင်ခွင်ကျပါပဲလို့ဆိုပြီး မတူကွဲပြားမှုတွေများတဲ့နိုင်ငံတွေ ကလည်း ဒီမိုကရေစီတည်တံ့ဖို့ ဖက်ဒရယ်စနစ်ကိုကျင့်သုံးမှ အဆင်ပြေနိုင်တယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အများကြီးမဟုတ်ပေမဲ့ သီးသန့် တခြားစကားပြောတဲ့မျိုးနွယ်စု နှစ်စုသုံးစုရှိနေပြီး သူတို့က လူနည်းစုဖြစ်နေရင် သူတို့အတွက် မဂျော်ရတီ Majority က အကုန် ဆုံးဖြတ်ဆိုတဲ့ပုံစံမျိုးမဖြစ်ရအောင် ဖက်ဒရယ်မဟုတ်တောင် သူတို့ကိုအခွင့်အရေးပေးထားတဲ့ဖက်ဒရေစီပုံစံမျိုးကို ကျင့်သုံးကြပါတယ်။ ဖက်ဒရေစီဆိုတာ နိုင်ငံရေးနဲ့ယဉ်ကျေးမှုအရထင်ရှားတဲ့ ဒါမှ မဟုတ်သီးသန့်ရှိတဲ့နယ်မြေဒေသတစ်ခုဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က လက်နက်ကိုင်ပဋိပက္ခဖြေရှင်းဖို့ ပြည်နယ်ရွေးကောက်ပွဲမရှိတဲ့အင်ဒိုနီးရှားမှာ အာချေးအတွက် ပြည်နယ်ရွေးကောက်ပွဲလုပ်ပေးပြီး၊ ပြည်နယ်က ဥပဒေပြုခွင့်အချို့နဲ့ အခွန်ကောက်ခံခွင့်၊ ပြည်နယ်ရဲတပ်ဖွဲ့ကိုထိန်းချုပ်ခွင့်၊ အာချေးကထွက်တဲ့ ရေနံဝင်ငွေ ၇ဝ ရာနှုန်းကို ပြည်နယ်က ခွဲဝေရယူခွင့်တွေပေးမှ အာချေးလက်နက်ကိုင်ပဋိပက္ခက ပြေလည်ခဲ့ပါတယ်။ အီတလီမှာလည်း တပြည်ထောင်ဆိုပေမယ့် ဂျာမန်စကားပြော ၈၅ ရာခိုင်နှုန်းရှိတဲ့နယ်မြေတစ်ခုမှာ ဖက်ဒရေစီပုံစံကျင့်သုံးပေးရသလို နယူးဇီလန်မှာတော့ မာအူရီမူလဌာနေမျိုးနွယ်စုတွေအတွက် သီးသန့်ရွေးကောက်ပွဲမဟုတ်ပေမယ့် ဗဟိုလွှတ်တော်မှာမနစ်နာရအောင် အချိုးကျမဲနဲ့ပါဝင်ခွင့် ပေးထားရပါတယ်။ ဆုံးဖြတ်ခွင့်တောင် မတူပါဘူး။
စတိတ်နေးရှင်းစနစ်ကျင့်သုံးရာမှာ အောင်မြင်တဲ့ဒီမိုကရေစီနိုင်ငံအများစုကတော့ ပါလီမန်ဒီမိုကရေစီကျင့်သုံးကြတာဖြစ်ပြီး ပါလီမန်စနစ်က ညွှန့်ပေါင်းနဲ့အားလုံးပါဝင်နိုင်တဲ့အစိုးရ ဖွဲ့စည်းဖို့ ခွဲဝေပေးလို့ရတဲ့စနစ်တွေပါတဲ့အတွက်ဖြစ်ပါတယ်။ မဂျော်ရတီအများစုရတဲ့ပါတီသာမရှိခဲ့ရင် ညွှန့်ပေါင်းဖွဲ့ဖို့လိုလာမှာဖြစ်တဲ့အတွက် မိတ်ဖက်ပါတီတွေရဲ့ထောက်ခံမှုကိုရဖို့ အပေးအယူညှိနှိုင်းမှုတွေ အဆက်မပြတ်လုပ်ရမှာဖြစ်တယ်။ နိုင်ငံအနံ့ပြိုင်နိုင်တဲ့ပါတီတွေက ဗဟိုအစိုးရဖွဲ့စည်းမှုမှာ လိုအပ်တဲ့မဲမရလို့ ဒေသဆိုင်ရာမျိုးနွယ်စုပါတီလေးတွေရဲ့ ထောက်ခံမှုကိုလိုနေမယ် ဆိုရင် ဒေသဆိုင်ရာမျိုးနွယ်စု အစုအဖွဲ့ပါတီတွေရဲ့ထောက်ကူမှုနဲ့ ဗဟိုမှာအစိုးရဖွဲ့နိုင်မှာဖြစ်ပြီး အပြန်လှန်အားဖြင့် မျိုးနွယ်စုပါတီလေးတွေကို လည်း ဗဟိုအစိုးရမှာနေရာပေးခြင်းဖြင့် ဒေသအခြေပြုပါတီတွေကို ဗဟိုလိုလားတဲ့ပါတီဖြစ်အောင် ဆွဲဆောင်နိုင်ပါလိမ့်မယ်လို့ အဲဖရက်စတီဖင်က ဆိုထားပါတယ် ။
စတိတ်နေးရှင်းမှာ ယဉ်ကျေးမှုခြင်းပေါင်းစည်းတာမျိုး ရှိရှိမရှိရှိ၊ နိုင်ငံရေးအရပေါင်းစည်းတာမျိုးရှိဖို့က အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံမှာ ဟင်ဒီနဲ့အင်္ဂလိပ်ကိုရုံးသုံးအဖြစ် သတ်မှတ်ထားပြီး ကျန်တဲ့ ဒေသအလိုက်မျိုးနွယ်စုတွေအသုံးပြုတဲ့ဘာသာစကား ၂၂ မျိုးကို တရားဝင် ဘာသာစကားအဖြစ်သတ်မှတ်ထားပါတယ်။ ဟင်ဒီမသုံးတဲ့မျိုးနွယ်စုတွေက အင်္ဂလိပ်စာကိုအသုံးပြုပြီး နိုင်ငံတဝှမ်းအစိုးရဌာနတွေမှာ အလုပ်လုပ်နိုင်ပါတယ်။ စာရေးသူနဲ့သိကျွမ်းတဲ့ အရုနချန်ပြည်နယ်က Tai Khamtis မိတ်ဆွေတစ်ဦးဆိုရင် ဟင်ဒီဘာသာစကား မတတ်ပေမယ့် အင်္ဂလိပ်ဘာသာစကားနဲ့တင် အရုနချန်ပြည်နယ်အစိုးရရုံးမှာ အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်။ နာဂလန်း ပြည်နယ်ဆိုရင် ဖက်ဒရယ်ယူနစ်ရတဲ့ပြည်နယ်ထဲပါပြီး(အိန္ဒိယမှာ ဖက်ဒရယ်ယူနစ်ရတဲ့ပြည်နယ် မရတဲ့ပြည်နယ်ရှိ၊ ဗဟိုလွှတ်တော်မှာ အမတ် အရေအတွက် အချိုးမညီပါ) မဲဆန္ဒနယ်နည်းပေမယ့် ဗဟိုအစိုးရမှာ မကြာခဏ နေရာရတဲ့သူတွေရှိနေတာဟာ ဗဟိုရွေးကောက်ပွဲတွေမှာ နိုင်ငံလုံးဆိုင်ရာပါတီတွေအနေနဲ့ အပြတ်အသတ်မနိုင်တဲ့အကြိမ် များလာတဲ့အတွက် ဒေသအခြေစိုက်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ရလို့ပဲ ဖြစ်ပါတယ်။ တစ်ကယ်တော့ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးရချိန်မှာပဲ ဟင်ဒီစကားအပြင် အခြားဘာသာစကားတွေကို လူ ၁၃သန်း လောက်က သီးခြားအသုံးပြုနေတဲ့နိုင်ငံ ဖြစ်နေခဲ့တာပါ။ တော်တော်များများကလည်း ကိုယ်ပိုင်အမှတ်လက္ခဏာတွေရှိကြသလို ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်၊ ဆစ်ခ့် စတဲ့ဘာသာတွေနဲ့ စုံလင်လှတဲ့နိုင်ငံပါ။ မွတ်ဆလင်က ၁၆၁ သန်းရှိပြီး ကမ္ဘာမှာ တတိယ မွတ်ဆ လင်အများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ အစ္စလာမ် သဟဇာတမဖြစ်ဘူးဆိုပြီးယူဆသူတွေဘက်ကကြည့်ရင် အိန္ဒိယက အံ့သြစရာဖြစ်ပြီး ဖက်ဒရယ်စနစ်ကိုလည်း ကျင့်သုံးနေပါတယ်။
ကမ္ဘာပေါ်က သက်တမ်းအကြာဆုံးမျိုးနွယ်စုစုံလင် ဖက်ဒရယ်နိုင်ငံလေးခုဖြစ်တဲ့ ဘယ်လဂျီယံ၊ စပိန်၊ ကနေဒါ၊ အိန္ဒိယ လေးနိုင်ငံမှာ အိန္ဒိယက တစ်ဦးချင်းဝင်ငွေနဲ့ လူနေမှုအဆင့်အတန်း အနိမ့်ဆုံးနိုင်ငံဖြစ်ပါတယ်။ နိုင်ငံလူဦးရေ သန်း ၁ ထောင်ကျော်နဲ့တွက်ကြည့်ရင် တနှစ်ပျှမ်းမျှ ဝင်ငွေက တစ်ဦးချင်းဆိုရင် ဒေါ်လာ ၄ဝဝဝ ကျော်သာရှိပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ စတိတ်နေးရှင်း(လူမျိုးစုံချစ်ကြည်နိုင်ငံ)ကို အိန္ဒိယက အောင်မြင်စွာထူထောင်ထားနိုင်ပါတယ်။ နက်နက်ရှိုင်းရှိုင်းကွဲပြားနေတဲ့လူ့အဖွဲ့အစည်းကိုစုစည်းဖို့ နိုင်ငံရေးနယ်ပယ်၊ ကျင့်ဝတ်ပိုင်းနဲ့ အခြေခံဥပဒေဆိုင်ရာနယ်ပယ်တွေမှာ ကာလရှည်ကြာ ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ အိန္ဒိယမှာ မတူကွဲပြားတဲ့မျိုးနွယ်စုတွေ အများအပြားရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာ ပြေလည်စေဖို့အတွက် အချိုးမညီဖက်ဒရယ်ကို ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။
ကိုးကွယ်ရာဘာသာတွေကလည်း နက်နက်ရှိုင်းရှိုင်းကွဲပြားနေကြတာပါ။ မွတ်ဆလင်သမ္မတဖြစ်တဲ့အခါလည်း ပြဿနာကြီးကြီးမားမား မရှိခဲ့ပါဘူး။ တစ်ကယ်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့နိုင်ငံကို ဘယ်လိုအင်စတီကျူးရှင်းတွေနဲ့ တည်ဆောက်မလဲ၊ မတူကွဲပြားမှုတွေကို ဘယ်လိုပေါင်းစည်းမလဲဆိုတာ အင်္ဂလိပ်လက်အောက်မှာရှိနေစဉ် ၁၉၂ဝ လောက်ကတည်းက အိန္ဒိဂကွန်ကရက်ပါတီက ပါတီရဲ့မူဝါဒအနေနဲ့ အသေးစိပ်လေ့လာမှုတွေပြုခဲ့တာပဲဖြစ်ပါတယ်။ အခြေခံဥပဒေမှာ နိုင်ငံသားအဓိပ္ပာယ်ဖွင့်ဆိုချက်က နယ်မြေဒေသကိုအခြေခံတာကြောင့် State Nation နဲ့တော်တော်လေးကို ကိုက်ညီခဲ့ပါတယ်။
လွတ်လပ်ရေးရသွားတဲ့အိန္ဒိယဟာ လွှတ်တော်နှစ်ရပ်ပါတဲ့ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမယ်ဆိုတာ ၁၉၂၈ ခုနစ်ကျော် ကာလကတည်းက ကွန်ကရက်ပါတီအစီရင်ခံစာက အတည်ပြုခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ အိန္ဒိယကို စတိတ်နေးရှင်းအဖြစ် အပြည့်အဝ အသိမှတ်ပြု လိုက်တာ ၁၉၅၇ မှဖြစ်ပြီး ဘာသာစကားတစ်ခုစီနဲ့သုံးစွဲနေတဲ့ပြည်သူတွေက သူတို့သက်ဆိုင်ရာကိုယ်ပိုင်ပြည်နယ်ရသွားပြီး သက်ဆိုင်ရာ ဘာသာစကားနဲ့ အုပ်ချုပ်လို့ရသွားခဲ့တာဖြစ်ပါတယ်။ သီးခြားပြည်နယ်ဖန်တီးလို့ရတာကြောင့် စာရေးသူတို့နိုင်ငံက ချင်းတွေနဲ့မျိုးနွယ်စုတူတဲ့ မီဇိုတွေဟာ မီဇိုရမ်ပြည်နယ်အဖြစ်ရသွားပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုထိန်းသိမ်းခွင့်၊ မီဇိုလူမျိုးတွေပဲမဲပေးလို့ရတဲ့ ဒေသန္တရ ရွေးကောက်ပွဲ၊ မြေယာပိုင်ဆိုင်ခွင့်တွေရခဲ့သလို ၁၉၈၆က မီဇိုသဘောတူညီချက်ကလည်း မီဇိုခွဲထွက်ရေးကိုအပြီးသတ်စေခဲ့ပါတယ်။
ဘာသာရေးနဲ့ပတ်သက်လို့ မတူကွဲပြားတဲ့ဘာသာအလိုက် သာသနာပြုခွင့်၊ အဆောက်အဦးဆောက်ခွင့်တွေကလည်း လွတ်လပ်မှုရှိပြီး ဟာဂ်ျဘုရားဖူးအဖြစ် မက္ကာကိုသွားတဲ့မွတ်ဆလင်တွေကို အိန္ဒိယအစိုးရက ထောက်ပံ့ကြေးပေးပါတယ်။ ရုံးပိတ်ရက်တွေကလည်း ဟိန္ဒိုတွေအတွက် ၅ ရက် မွတ်ဆလင်တွေအတွက် ၅ ရက် အခြားဘာသာဝင်တွေအတွက် ၅ ရက် သတ်မှတ်ပေးထားပါတယ်။
အိန္ဒိယက တမီလ်ခွဲထွက်ရေးအတွက်လှုပ်ရှားနေချိန် State Nation ပေါ်လစီ အရမျိုးနွယ်စုအခွင့်ရေးတွေ ပေးတဲ့အတွက် ပြေလည်သွား ပေမယ့် သီရိလင်္ကာနိုင်ငံမှာတော့ တမီလ်တွေကို Nation State ဖြစ်အောင် အတင်းသွတ်သွင်းခဲ့တာကြောင့် လူတွေသိန်းနဲ့ချီ သေကြေပြီးမှ ပြည်တွင်းစစ်အဆုံးသတ်ခဲ့ရပါတယ်။
အဲဖရက်စတီဖင်ဆိုခဲ့တာက ယူကရိန်းအကြောင်းလည်း သူလေ့လာထားပြီး ၁၉၉၁ ယူကရိန်းနိုင်ငံဖြစ်လာတဲ့အခါမှာ အားလုံးခြုံငုံပါဝင်တဲ့ မျိုးနွယ်စုအစုံပါဝင်တဲ့ယူကရိန်းမဖြစ်ခဲ့ဘူးလို့သူက ဆိုပါတယ်။ ဒါကြောင့် နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေနဲ့ ပြဿနာတက်နိုင်တယ် လို့ ၂ဝဝဝ ခုနစ်ကျော်လောက်တည်းက သူက သတိပေးခဲ့ပါတယ်။ တစ်ကယ်လည်း နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေကြောင့် ခရိုင်းမီးယားအရေး ပြဿနာပေါ်ခဲ့ရပြီမဟုတ်ပေလော။
အိန္ဒိယနဲ့လွတ်လပ်ရေးခေတ်ပြိုင် မြန်မာနိုင်ငံမှာတော့ နေရူးရဲ့မိတ်ဆွေလည်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလည်း State Nation ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြိုးစားတဲ့အချိန်နဲ့ နေရူးကြိုးစားတဲ့အချိန်ကွာတာက ဗိုလ်ချုပ်က သူတစ်ဦးတစ်ယောက်တည်းကသာ ပင်လုံစာချုပ်ကိစ္စတွေလုပ်ခဲ့တာဖြစ်ပြီး ဖဆပလအနေနဲ့ အိန္ဒိယက ကွန်ဂရက်ပါတီလို နှစ်ပေါင်း များစွာကြိုတင်ပြင်ဆင်ခဲ့တာတော့ မဟုတ်ပါဘူး။

ဒါကြောင့်
၁၉၄၆ ပထမပင်လုံမှာ ဖဆပလကိုယ်စားလှယ်ဦးနုဟာ မအောင်မြင်ခဲ့ရသလို ဗိုလ်ချုပ်ကွယ်လွန်လို့
သူ့အနေနဲ့ အရိုက်အရာ ဆက်ခံရချိန်မှာလည်း အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါဘူး။ တစ်နည်းအားဖြင့်
အင်စတီကျူးရှင်းအလိုက် State Nation အတွက်မပြင်ဆင်ခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အနေနဲ့
စစ်မဖြစ်မီက အမျိုးသားရေးအရ အမျိုးသားရေးဝါဒီဖြစ်ကောင်းဖြစ်ခဲ့ပေမယ့် ဘီအိုင်အေဝင်ပြီး
ခေတ်ကာလ နောက်ပိုင်းကစလို့ လူမျိုးစုံ၊ ဘာသာစုံတည်ရှိနေမှုကိုအကြောင်းပြုပြီး တစ်ဘာသာတည်း၊
လူမျိုးတမျိုးတည်းဆိုတဲ့ကိစ္စတွေကို မလုပ်တော့တာက ဘာသာခြားတွေ၊ မျိုးနွယ်စုတွေကိုတလေးတစားနဲ့
အစိုးရအဖွဲ့ထဲမှာနေရာပေးခဲ့မှုတွေက သက်သေပဲဖြစ်ပါတယ်။
ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပြည်ထောင်စုဖွဲ့စည်းဖို့သဘောတူခဲ့တဲ့ အခြေခံခဲ့တဲ့မူတွေကိုကြည့်မယ်ဆိုရင် (၁)၊ လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်ဆိုင်သောနိုင်ငံ၊ လွတ်လပ်သောသဘောဆန္ဒနှင့်အညီ ပြည်ထောင် များနိုင်ငံသစ်တည်ထောင်မှုတွင် ပူးပေါင်းပါဝင် ကြမှု၊ (၃)တန်းတူရေး၊ (၄)ကိုယ်ပိုင်ပြဌာန်းခွင့်၊ (၅)ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စု၊ (၆)လူနည်းစုတွေရဲ့အခွင့်အရေးကို ကာ ကွယ်ခြင်း၊ (၇)ဒီမိုကရေစီနဲ့ပတ်သက်လို့ နိုင်ငံသားတိုင်းခံစားခွင့်၊ (၈)ပါတီစုံဒီမိုကရေစီစနစ်၊ (၉)ဘာသာရေးကိုအခြေမခံတဲ့နိုင်ငံ၊ (၁ဝ) ခွဲထွက်ခွင့်ဆိုတဲ့အချက်တွေကို အခြေခံခဲ့တာဖြစ်ပါတယ်။
ခွဲထွက်ခွင့်အချက်ကလွှဲလို့ ကျန်တဲ့မူတွေက ပြီးခဲ့တဲ့ မိုင်ဂျာယန်ညီလာခံအထိ တိုင်းရင်းသားတွေ တောင်းဆိုနေခဲ့တာဟာ အဲဒီပင်လုံမူတွေကို အခြေခံတောင်းနေကြတာဖြစ်ပါတယ်။ သေချာတာကတော့ နှစ်ပေါင်း ၆ဝ နီးပါး ပြည်တွင်းစစ်ဖြစ်နေတာ၊ စစ်အာဏာရှင်အောက်မရောက်ခင် လွတ်လပ်ရေးရစ ပါလီမန်ခေတ်ကတည်းက ပြည်တွင်းစစ်စခဲ့ပြီး၊ ကျရှုံးနိုင်ငံအဖြစ်ရောက်နေခဲ့တယ်လို့ အကဲဖြတ်တွေကသုံးသပ်ခဲ့တာဟာ နိုင်ငံရဲ့ ပကတိအခြေနေနဲ့ကိုက်ညီတဲ့ လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ State Nation ကို အောင်မြင်စွာမတည်ဆောက်နိုင်ခဲ့တာကြောင့် ပဲဖြစ်ပါတယ်။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်
REF; Crafting State Nation; India and Multinational Democracies
Alfres Stepan, yohindra Radev

ယူတာက
http://panglongburmese.blogspot.com/2016/12/state-nation.html
ဒီနေရာကဖြစ်ပါတယ်။
0 comments:
Post a Comment