Sunday, December 11, 2016

ထန်ကုန်တဲ့ဆောင်း(မျိုးမြင့်ချို)

0 comments
၂ ရက်အတွင်း ရုတ်ချည်းပြောင်းသွားတဲ့ အအေးချိန်ဟာ ယုံနိုင်စရာကိုမရှိ။ တမြန်နေ့ကအထိ နှင်းလေး တဖွားနှစ်ဖွား၊ နေလေး မပွင့်တပွင့်၊ အနွေးငွေ့လေး မပြည့်တပြယ်နဲ့ သစ်ရွက်ကြွေတွေအပေါ် ဖြတ်လျှောက်နေတဲ့ဟေမန္တဟာ ဖျတ်ကနဲ စိတ်ပြောင်းသွားပုံပဲ။

နှင်းက ခုညကမှ စ ပီပီပြင်ပြင်ကျတာ။ ၄ လက်မလောက်တော့ ရှိမလားပဲ၊ ခြံစည်းရိုးအလှစိုက် ကိုင်းပွင့်တွေ ဖွားနေအောင်ဝေခဲ့တဲ့ မြက်ပင်ရှည်တွေအဖျားမှာ စနိုးတွေပွင့်နေကြပြီ။ အမြဲစိမ်းလို့ခေါ်တဲ့ ထင်းရှူးနွယ်ပင်တွေကလွဲလို့ သစ်ပင်တိုင်းဟာ အရွက်မရှိ ကိုယ်ချည်းစည်းနဲ့။ လှတာလား အကျည်းတန်တာလား သေချာဝေခွဲမရ။ ကိုင်းကြီးကိုင်းငယ် အသွယ်သွယ်ပေါ်က တင်လို့ရတဲ့နေရာမျန်သမျှ နှင်းတွေတင်နေတာ ဘာနဲ့တူသလဲဆိုတော့ တခြမ်းကိုဆေးအနက်ခြယ် တခြမ်းကိုဆေးအဖြူသားလွလွသထားတဲ့ အစာရေစာပြတ်လပ် အဆီအသားခမ်းခြောက်ပြီး ထွက်သက်ငင်နေတဲ့လူမမာတယောက်ရဲ့ လက်ဖျံရိုးတွေလိုလို။

စိမ်းခဲ့ဖူးတဲ့မြက်ခင်းပြင်တွေလည်း အအေးဒဏ်ကြောင့် ဝါကျင်သွေ့ယော်ကနေ ခုတော့ နှင်းနှိပ်စက်ခံရင်း ခေါင်းမဖော်နိုင်ကြတော့။ မနက်တိုင်း စိုးစိုစီစီ တီတီတာတာနဲ့ အစာရှာဖို့ အိပ်တန်းအထစောတဲ့ ငှက်ကလေးတွေတောင် အိမ့်တံစက်မြိတ်မှာ တကောင့်တကောင်ပူးကပ်ရင်း ကိုယ့်ငွေ့နဲ့အနွေးဓာတ်ကူးနေကြလေရဲ့။ ကိုယ်ထဲ ခေါင်းလေးတွေ ဝှက်တဲ့အကောင် ဝှက်လို့။

ခွေးလေး ၂ ကောင်လည်း ခါတိုင်းလို အပြင်ကြည့်ပြီး တဝုတ်ဝုတ်တောင်မဟောင်နိုင်ရှာကြ။ အပြင်က နှင်းတောကြီးကြည့်ပြီး စိတ်တွေ နည်းနည်းထွေသလားမပြောတတ်။ အဇ္ဇီက အိပ်ယာထကတည်းက ပေါင်ပေါ်တက်ထိုင်လိုက် ပြန်ဆင်းလိုက်၊ ပြူတင်းဝကနေအပြင်ကိုကြည့်လိုက် လူဆီပြန်လာလိုက်နဲ့ ခေါင်းလည်းငိုက်စိုက်။ ရော့ကီကတော့ ကျနော့်ဇနီးသည်ရင်ခွင်ထဲ ဖြူကောင်လိုလုံးနေအောင်ကွေးနေလေရဲ့။ ဟဲ့..ထ ရှူရှူးပေါက် အီအီးပါဆိုတော့ မျက်လုံးတချက်ဖွင့်ကြည့်ပြီး ပြန်နှပ်နေလေရဲ့။

ကြက်အိမ်တံခါးလေးဖွင့်လိုက်တော့ အထဲက သူတို့ ကိုယ်အနွေးဓာတ်လေးနဲ့ သူတို့အနံ့အသက်လေးတွေက နှာဖျားရောမျက်နှာပါ လာပွတ်သပ်ထိတွေ့သွားလေရဲ့။ အစာသစ်ထပ်ထည့်ပြီး ရေလဲမယ်ဆိုကြည့်လိုက်တော့ အပူပေးမထားတဲ့အပြင်ကရေခွက်အကြီးက ခဲနေပြီ။ မာနေပြီ။ ရေခဲနဲ့ကျပ်ပြီး ဘယ်လိုမှဖွင့်မရတော့။ ဒါနဲ့ အိမ်ထဲပြန်ဝင် အခြေကနေ လျှပ်စစ်ဓာတ်နွေးနွေးလေး အချိန်ပြည့်ပေးပြီး ရေမခဲအောင်လုပ်ထားတဲ့ ဆောင်းသောက်ရေခွက်ကိုထုတ် ရေဖြည့် ခလုပ်လေးနှိပ်ပြီးလည်းချပေးလိုက်ရော ရေ အလုအယက်ပြေးသောက်လိုက်ကြတာများ သနားစရာ။ အေးလေ မနေ့က တနေ့လုံး ရေခဲနေတော့ ရေငတ်ပြေနှင်းမွမွတွေချည်း ကောက်စားနေခဲ့ရတာကိုး။ ဥတင်းကာတွေဖွင့်ပေးတော့ ဘယ်ကမ္ဘာကတည်းက ဥချင်လို့စောင့်နေမှန်းမသိတဲ့ ကြက်ဖြူမလေးက လူကိုတွန်းတိုက်ပြီး တင်းထဲဝင်ချသွားလေရဲ့။ ခမျာမလည်း လွယ်ထားရတဲ့ဒုက္ခက သေးပုံမရဘူး။ ကိုယ်ကလည်း ဒီမနက် ခြံအဖွင့်နောက်ကျတာကိုး။

ဟိုးအနောက်ဘက် ခြံအစွန်းသစ်တောအုပ်လေးထဲက ယုန်သားအမိတွေလည်း ဘယ်လိုနေကြမယ်မပြောတတ်။ ဆောင်းတွင်း မြေအပြင်မှာ နှင်းဖုံး ရေခဲဖုံးပလားဆို ခမျာများ အစာရေစာရှားပါးကြတယ် မဟုတ်လား။ အောင်းနေတဲ့တွင်းထဲက မြေသားရဲ့အနွေးဓာတ် သူတို့ကိုယ်ကထွက်တဲ့အပူဓာတ်နဲ့ ရာသီဒဏ်ကာနိုင်ပေမယ့် ဆာတဲ့ဒဏ်တော့ ခံဖို့ခက်ကြမှာပဲ။ မနှစ်ကဆို ဗိုက်ဆာလွန်းလို့ စားစရာလည်း ဘာမှ မယ်မယ်ရရမရှိလို့ ၂ နှစ်သား ပန်းသီးပင်ပျိုလေးတွေရဲ့ ပင်စည်ကအခေါက်တွေ တပတ်လည်လုံးခွာခွာစားကြလို့ ပန်းသီးပင်တချို့သေကြပါရော။ ဒီနှစ်တော့ အပင်ခြေတွေမှာ ပလပ်စတစ်အမာသား အကာလေးတွေပတ်လိုက်တော့ သူတို့ အခေါက် လာခွာစားလို့မရတော့ဘူး။ ပြီးတော့ ဘယ်ရီပင်တွေကိုလည်း ယုန်ကာစည်းရိုးလေးတွေ ကာလိုက်တယ်။ မနှစ်က ဘယ်ရီပင်တွေအဖျားကနေစပြီး သူတို့ကိုက်နိုင်စားနိုင်သမျှသမျှအကုန် ကိုက်စားသွားကြလို့ နွေဦးပေါက်မှာ အညွန့်မလူနိုင်ကြ၊ နွေအခါမယ် မသီးမပွင့်နိုင်ကြဖြစ်သွားတာမှ မနည်းဘဲ။ ဒီတဆောင်းမှာ ကိုယ့်အပင်လေးတွေ ကာကွယ်လိုက်ရပေမယ့် စိတ်ထဲမကောင်းဘူး။ သူတို့ ငတ်ရှာကြရော့မယ်။ နွေဦးပေါက်တာနဲ့ ရေနည်းနည်းဝပ်တဲ့နေရာလေးရွေးပြီး သင်းတို့လေးတွေစားဖို့သက်သက် ကန်စွန်း ဖျာ ၃ ချပ်စာလောက် သပ်သပ်ကြဲပေးမယ်စိတ်ကူးထားတယ်။


မနေ့ညနေ အပြင်ကပြန်ရောက်တော့ ဇနီးက အိမ်ထဲတန်းမဝင်ပဲ ငါးကန်လေးဘက်ထွက်သွားတယ်။ ကန်ရေမျက်နှာပြင် ခဲနေတာကို ခတ်ဝေးဝေးကတောင် တွေ့နေရတာပဲဟာ သူက ဘာကိစ္စ အထူးအဆန်းလုပ်ပြီး ကန်နားသွားကြည့်သလဲလို့ တွေးမိနေတုန်းရှိသေး မျိုး မျိုး လာကြည့်စမ်း လာကြည့်စမ်းဆိုပြီး အပျော်သံနဲ့ အမောတကောလက်ယပ်ခေါ်တယ်။ ဒါနဲ့သွားကြည့်တော့ နှင်းတဖတ်တဖွားမှတင်မနေတဲ့ ခဲနေတဲ့ကန်မျက်နှာပြင်ဟာ ဖန်သားလိုကြည်ပြီး အောက်ခြေနားအထိ ဖေါက်ထွင်းမြင်နေရတယ်။ ငြိမ်သက်နေတဲ့ရေညှိရေမှော်တွေလည်း မြင်နေရတယ်။ ရေခဲပတ်ထားတဲ့ကြာရွက်တွေလည်း တုတ်တုတ်မှလှုပ်မရရှာကြ။ ဗေဒါဖုတ်ကလေးတွေလည်း ရေခဲဖမ်းညှစ်ထားလို့ အရောင်ပြောင်းပြီး ဈန်ကြွကုန်ကြပါပကော။

ဒါနဲ့ ဘာများလဲ မိန်းမရ လုပ်ပါဦးဆိုတော့ ဟိုမှာလေ ဟိုမှာ မင်းမမြင်ဘူးလား၊ ငါးလေးတွေ ရေကူးနေကြတာဆိုပြီး ရေခဲအကြည်ဆုံး ကန်အခြေအတော်နက်တဲ့အထိ ဖေါက်ထွင်းမြင်ရတဲ့ ကန်မျက်နှာပြင်နေရာကို ထိုးပြတယ်။ ဟုတ်သား သူပြောမှတွေ့တယ်။ ရွှေရောင်ငါးလေးတွေ၊ အနက်ကလေးတွေ၊ အနက်အနီစပ်ကြား၊ အနီအဖြူစပ်ကြားငါးလေးတွေ ရေခဲအောက်က မခဲသေးတဲ့ရေထဲမှာ ခတ်ဖြည်းဖြည်းခတ်လေးလေး ကူးခတ်ပျော်ရွှင် ဆော့ကစားနေကြပါလား။
ဒါနဲ့ ဂိုဒါင်ထဲပြန်ဝင် သံတူရွင်းယူချလာတော့ ဇနီးက ဘာလုပ်မလို့လဲတဲ့။ တနေရာလောက် ရေခဲဖေါက်ပြီး အစာချပေးရအောင်လေဆိုတော့ မလုပ်နဲ့တဲ့ မလိုဘူးတဲ့ အောက်မှာ အယ်လ်ဂျေးတွေ သဘာဝအစာတွေအများကြီးတဲ့ တဆောင်းလုံး ရေခဲအောက်မှာနေရင်းစားတောင်မကုန်ဘူး၊ သူ့သဘာအတိုင်းရှိပေ့စေလို့ဆိုတယ်။ ဒါနဲ့ သံတူရွင်းပြန်ချလိုက်တော့ ဘယ်အချိန်က အနားရောက်လာမှန်းမသိတဲ့ အဇ္ဇီနဲ့ရော့ကီတို့ကို ကန်ပေါ်ရေခဲမျက်နှာပြင်ပေါ်ဖြတ်ပြေးလိုက် တက်ဆော့လိုက် ပြေးလိုက်လွှားလိုက်နဲ့။ ခုမျ ရေကန်ပေါ်လမ်းလျှောက်ရတော့တယ်ဆိုတဲ့ မျက်နှာပေးလေးတွေနဲ့။ ခွေးမသားလေးတွေ။
မျိုးမြင့်ချို ဒီဇင်ဘာ ၁၁၊ ဝ၁၆

0 comments:

Post a Comment