Saturday, December 10, 2016

ခြေထောက်ဗွေပေါက်နေတဲ့ကောင် (မျိုးမြင့်ချို)

0 comments
ဖေဖေဒေါ့်အကြောင်း အကောင်းတွေချည်းရေးနေရာက တခါတလေတော့လည်း မကောင်းဘက်ကရေးဦးမှနဲ့တူတယ်လို့ကြံရုံရှိသေး မနေ့ မနက် ၁၁ နာရီလောက်ကစပြီး အိမ်က အင်တာနက်ကြီး ပျက်သွားပါလေ။

ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး အူယားဖားယားနဲ့ ရောက်တာတွေ၊ မုဒမ်းတွေ၊ ဝိုင်ယာလက်စ်တွေ၊ ချိတ်ထားတဲ့ကြိုးတွေ အစအဆုံးလိုက်ကြည့်၊ ပြန်ချိတ်တန်တာချိတ်၊ ရီစတပ်ပေးတန်တာပေး၊ ရီဆက်လုပ်တန်တာလုပ် လုပ်လည်း လုပ်လုပ်ဘဲ။ အင်တာနက်က ရကိုမရဘူး။ သူနဲ့သူဆိုင်တဲ့ ကိရိယာတွေက အယ်လ်အီးဒီမီးလေးတွေလည်း ပုံမှန်အတိုင်း တလစပ်လင်းရမယ့်အကောင်လင်း ပုတ်ခတ်ပုတ်ခတ်လုပ်ရမယ့်အကောင်လည်း လုပ်နေတာပဲ။ ကိုယ်လည်း ကိုယ်တတ်သမျှမှတ်သမျှ အကုန်လုပ်တာပဲ။ ဥုံဖွတွေ အပ်ချလောင်းတွေလည်း လုပ်တာပဲ။ ဒါပေမဲ့ မရဘူး။ ဒါနဲ့ ဒီလောက်တောင်ရှိလှတာ နေပေ့စေဆိုပြီး တို့လို့တန်းလန်းတွေအကုန်လုံး အပုံလိုက်ပစ်ထားခဲ့ပြီး နေ့လည်ပိုင်းတပိုင်းစာ နဝရတ်ဆိုင်မှာ လဘက်ရည်ပေါ့ကျတခွက်မှာပြီး ဝိုင်ဖိုင်ဖရီး အလကားသွားသုံးပလိုက်တာပေါ့ ဘယ်ရမလဲ။

နောက်တော့ မဖြစ်သေးပါဘူးလေ ငါဘယ်လောက် အပြင်ထွက်ထွက်ပြီး သူများ ဝိုင်ဖိုင်သုံးနေနိုင်မလဲ။ ဆောင်းတွင်းကြီး အေးတာကလည်း သွေးတင်မကဘူး ဂွေးပါခဲမတတ်ကြီး။ ဆီဖိုးလည်းကုန် အချိန်လည်းကုန် လွတ်လည်းမလွတ်လပ် အသိတွေဝင်လာပြန်တော့လည်း သူတပြန်ကိုယ်တပြန်နှုတ်ဆက်ရနဲ့ စိတ်တိုချင်စရာကြီး။

ဒါနဲ့ အိမ်ပြန်လာ ကုမ္ပဏီကိုဖုန်းခေါ် ၊ ဖုန်းပေါ်ကနေ သူတို့ပြောတဲ့အတိုင်းတွေ လိုက်လုပ်ရင်းလုပ်ရင်း နောက်ဆုံး ကိုယ်လည်းချွေးပြန် သူတို့လည်း စိတ်မရှည်တဲ့အသံ ထွက်လာတယ်။ ကဲကွာ ထားလိုက်ဦးဆိုပြီး တညလုံး ထပ်ပစ်ထားလိုက်တယ်။ ဒီမနက် ထပ်ကလိတယ် မရဘူး။ အပြင်သွားစရာကလည်း ရှိနေတယ်။ အင်တာနက်သုံးရမယ့်အလုပ်တခုကလည်း ရှိနေတာတယ်။ ဒါနဲ့ ဖုတ်ဖက်ခါထတည့်ပြီး နဝရတ်ပြေး လဘက်ရည်ပေါ့ကျတခွက်မှာ ဝိုင်ဖိုင်ဖရီးသုံး၊ အလုပ်ကိစ္စပြီးတော့ အိမ်ပြန်မလို့လုပ်တုန်း အသိတယောက်ဝင်လာပြီး တော်ကီပွား ထိုင်နားထောင်၊ ပြီးတော့ လဘက်ရည်ဖိုးသူကရှင်းသွား။ တခွက် ၂ ဒေါ်လာ။ လဘက်ရည်သောက်ရင်း ဒေါက်တာအောင်သူ့ သောက်ခွက်ကြီးပေါ်လာလို့ ပျို့ချင်အန်ချင်စိတ်တွေပေါက်လာတာနဲ့ ခွက်တဝက်နဲ့ အသောက်ရပ်လိုက်ရတယ်။

အသိကိုနှုတ်ဆက်ပြီး ထလည်းထ အလုပ်လျှောက်ထားတဲ့အေဂျင်စီက ဖုန်းဝင်လာတယ်။ ဘက်ဂရောင်းချက်အတွက် မင်းလက်ဗွေနှိပ်စစ်ဆေးချက် အဆင်မပြေဘူးတဲ့။ လက်ဗွေနှိပ်စစ်ဆေးပေးတဲ့(အက်ဖ်ဘီအိုင်)ဌာနခွဲက ကလေးသူငယ်ဝန်ဆောင်မှုဌာနကိုပို့လိုက်တာမှာ မှတ်ချက်ပါလာတယ်။ မင်းလက်ဗွေ သူတို့နှိပ်မရဘူးတဲ့။ လက်ဗွေနှိပ်မရတော့ အက်ဖ်ဘီအိုင် ဘက်ဂရောင်းချက် လုပ်လို့မရဘူးတဲ့။ အဲ့ဒါ မင်းလက်ဗွေပြန်နှိပ်ရမယ်တဲ့။ လက်ဗွေနှိပ်ကြေးတော့ ထပ်သွင်းစရာ မလိုဘူးတဲ့။ ကလေးသူငယ်ဝန်ဆောင်မှုဌာနကနေ လက်ဗွေနောက်ခံဘက်ဂရောင်းချက်မှာ အမှုအခင်းကင်းရှင်းကြောင်းထောက်ခံပေးမှ တို့အေဂျင်စီက မင်းကိုအလုပ်ခန့်လို့ရမှာတဲ့..ဆိုပြီး တတန်းကြီးပြောချတယ်။ ကိုယ်ကလည်း ဒါတွေဒီလိုဖြစ်မယ်ဆိုတာ သိပြီးသားပါ။

ထိုင်းကနေမထွက်ခင် လက်ဗွေနှိပ်တုန်းကတခါ၊ ဒီရောက်ပြီး တနှစ်အကြာ ဂရင်းန်းကဒ်လျှောက်တုန်းကတခါ လက်ဗွေနှိပ်တဲ့ကိစ္စမှာ ရီစရာရောမောစရာပါဖြစ်ခဲ့ဖူးတယ်။ ပရောဆက်မှာ ခိုင်လုံတဲ့အကြောင်းပြမှတ်ချက်ထွက်လာဖို့ အချိန်အတော်ကြာစောင့်လည်း စောင့်ခဲ့ရဖူးတယ်။

ကိုယ်ကလည်းကိုယ် အမိမြေလုံခြုံရေးဝန်ကြီးဌာနကအရာရှိနဲ့ လူဝင်မှုကြီးကြပ်ရေးကအရာရှိကို နောက်သလို ပြောင်သလိုနဲ့ ငါ့မှာ လက်ဗွေနှိပ်စရာလက်ချောင်းထိပ်တွေမှမရှိတော့ ဘယ်လိုနှိပ်မလဲ။ ဒါမှမဖြစ်ဘူး နှိပ်ရမှာပဲဆိုရင်တော့ ဘယ်ဘက်ခြေထောက်မှာ ခြေချောင်း ၅ ချေင်း အကောင်းပကတိရှိတယ်၊ ခြေဗွေသာနှိပ်ပေတော့ဆိုပြီး စားပွဲပေါ်ခြေထောက်ပစ်တင်ခဲ့တာကိုး။ နောက်ဆုံးတော့ ဟုမ်းလန်းဒ်ဆီကျူရယ်တီကရော လူဝင်မှုကြီးကြပ်ရေးကပါ နှိပ်စရာလက်ဗွေမရှိတဲ့ကောင်ဆိုတဲ့မှတ်ချက်နဲ့ ကိစ္စပြီးသွားတယ်။

အခုလည်း ဒါပဲ။ ဟိုနေ့က သွားနှိပ်ကတည်းက အဲ့ဒီကအရာရှိကိုပြောလည်းပြော ပြလည်းပြတယ်။ သူလည်းကြည့်ပြီး ဘာဖြစ်တာလဲတွေဘာတွေမေးပြီး စိတ်မကောင်းဟန်ရော အံ့အားသင့်တဲ့အမူအယာရော မျက်နှာမှာပေါ်လာတယ်။ ဒါပေမယ့် အလုပ်သဘောက အလုပ်သဘောမို့ပါ၊ လက်ဗွေတော့နှိပ်မယူထားလိုက်ဘူး။ ဒါပေမယ့် မင်း ငွေသွင်းပြီးကြောင်းပြေစာရယ် နှိပ်စရာလက်ဗွေမရှိကြောင်းရယ်မှတ်ချက်ရေးပြီး ကလေးသူငယ်ဝန်ဆောင်မှုဌာနကို တွဲတင်ပေးလိုက်မယ်။ ငါလုပ်ပေးနိုင်တာကတော့ ဒီလောက်ပဲပြောပြီး ဘာဗွေမှမနှိပ်ပဲ ပြန်လွှတ်လိုက်တယ်။ ဟော ဒီမနက်လည်းကြရော ခုနအတိုင်းဖုန်းဝင်ချလာတယ်။

ဒါနဲ့ အလုပ်ပေးမယ့်အေဂျင်စီက မမအဖြူမကြီးကို ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံပေးပါဦး၊ ငါတော့ မလုပ်တတ်တော့ဘူး။ လက်ဗွေနှိပ်တဲ့ဌာန နောက်တခါထပ်သွားလည်း နှိပ်စရာမရှိဘူး၊ နှိပ်မရဘူးပြောပြီးပြန်လွှတ်လိုက်မှာပဲ။ အဲ့လိုနဲ့ တိုင်ပတ်ပြီး ပြီးတော့မှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ နှစ်ယောက်သား နားချင်းပါးစပ်ချင်းဆိုင်ကြတယ်၊ တယ်လီဖုန်းပေါ်မှာဆိုတော့ ခေါင်းချင်းတွေ မျက်နျာချင်းတွေမှ ဆိုင်မရဘဲကိုး။ နောက်ဆုံး ၂ ခေါင်းပေါင်း လောင်းကျော်မယ့်အဖြေထွက်လာတယ်။

အဖြေက ကျနော့်မိသားစုဆရာဝန်ဆီသွား၊ အကျိုးအကြောင်းပြောပြ၊ ဆရာဝန်ကနေ ဟုတ်ပါတယ် ဒီငတိမှာ လက်ဗွေနှိပ်စရာလက်ချောင်းထိပ်တွေမရှိတဲ့အပြင် ခြေချောင်းကလည်း ၅ ချောင်းပဲရှိတဲ့ကောင်ပါ၊ ငါသူ့ကို ကောင်းကောင်းသိပါတယ်၊ ငါ့လူနာဖေါက်သည်ပါ ဘာညာဆိုတဲ့ ဆရာဝန့်ထောက်ခံစာ ကျနော်ကသွားယူ၊ ရပြီဆိုရင် အဲ့ဒီစာကို မမဖြူကြီးကယူပြီး သက်ဆိုင်ရာဌာနတွေကို သွားပို့မယ်၊ ပါးစပ်ကနေလည်း အကျိုးအကြောင်းရှင်းပြမယ်၊ မင်း ဘာမှမပူနဲ့ မင်းကို အဲ့ဒီဌာနကလူတချို့လည်း သိတာပဲ၊ မင်းလည်း သူတို့နဲ့အလုပ် လုပ်ဖူးတာပဲ စိတ်အေးအေးထား၊ ငါကြည့်ကျက်လုပ်ပေးမယ်ဆိုပြီး။

ဒါနဲ့ပြနေကြဆရာဝန်ရှိတဲ့ဆေးရုံသွားတော့ ဒီနေ့ အဲ့ဆရာဝန်အလုပ်မဆင်းဘူးတဲ့။ ကံကောင်းပုံများမပြောနဲ့။ ဒါနဲ့ နာ့စ်ပရက်တင်န်ရှင်န်နာကို တွေ့ခွင့်တောင်း၊ နားပေါက်အောင်ပြောပြတော့ မယ်မင်းကြီးမက မတ္တာရှင်မလေးပေါ်လီယာနာလိုလို မာသာထရီဇာလိုလို စတိုင်လ်နဲ့ အိုကေလေ မင်းဆရာဝန်မရှိလည်းအခြားဆရာဝန်တယောက်ယောက်ကို ပြောပြပြီး
ထောက်ခံစာရအောင် တောင်းပေးမယ် မင်းဖုန်းနံပတ်ပေးခဲ့၊ ရတာနဲ့ ဖုန်းလှမ်းခေါ်လိုက်မယ် လာယူလှည့်တဲ့။ ရက်စ်တွေ သိုင်းခယူးတွေ မိုးမွှန်အောင်ပြောပြီး ထွက်လာတော့ ဗိုက်ကဆာနေပြီ။

ဒါနဲ့ သစ်သီးဆိုင်ဘက်သွား အသီးအနှံဝယ်မယ်လုပ်တော့ ပဲသီးစိမ်းလတ်လတ်ဆတ်ဆတ် ၂ ပေါင်ထုတ်တွေ တထုတ်မှ ၃ ဒေါ်လာ ဆင့်ကိုးဆယ်တဲ့။ တထုတ်ဝယ်တယ်။ ပန်းဂေါ်ဖီစိမ်းလို့ ကျနော်တို့ခေါ်တဲ့ ဘရိုကိုလီအပွင့်သေး ၃ ပွင့်ပါတစည်းဝာယ်တယ်။ ငှက်ပျောသီး ၆ လုံးပါ တတွဲဝယ်တယ်။ အမေ့အိမ်ဘက် မောင်းခဲ့တယ်။ အမေ့ကို ပဲသီးကြော်လေးစားချင်လို့ဆိုတော့ အဲ့ဒါလုပ်နေရင်ကြာမယ်၊ မင်းအခုဗိုက်ဆာနေပြီမဟုတ်လား၊ လာ ရှိတာနဲ့စားနှင့်ဆိုပြီး ငါးပိရည်ကျို တို့စရာ၊ ငါးပတ်မွှေ၊ ဗူးသီးကြော်ချက်တွေနဲ့ ခူးခပ်ကျွေးတော့ မဆန့်မပြဲစားတယ်။

၏စားပြီးပြန်ကာနီးတော့ ယောက်ဖဖြစ်တဲ့ ရဲမော်ထူးက အပြင်သွားဖို့ အိမ်ပေါ်ကဆင်းလာတယ်။ သူ့ကို အင်တာနက် အဆင်မပြေတဲ့အကြောင်း ရောက်တာ၊ မုဒမ်း၊ ဝိုင်ယာလက်စ်တွေ ဝယ်ရမလားမသိဘူးဆိုတော့ သက်တမ်းပြည့်ရင် ဒါမှမဟုတ် ပျက်သွားရင် ကုမ္ပဏီက အလကားပေးပါတယ်အကိုရ လို့ပြောတယ်။ ဟေဟုတ်လား မသိပါဘူး၊ ကျနော်က ဝယ်ရမယ်မှတ်တာ၊ ဒါဆို ခနနေ ဖုန်းဆက်ဦးမှဆိုတော့ ကျနော့်မှာ မုဒမ်း၊ ရောက်တာဝိုင်ယာလက်စ် ကွန်ဘိုင်နေးရှင်န်းတခုရှိတယ်၊ ဖရန်တီယာကုမ္ပဏီကဟာ၊ အသစ်ပဲ၊ အကိုက ဗရိုင်ဇုံဆိုတော့ သုံးရမရတော့ မပြောတတ်ဘူး၊ အကိုယူသွားပြီး ဆင်ကြည့်စမ်းကြည့်ပေါ့၊ ရရင် ယူသာထားလိုက်ဆိုပြီး ပေးလိုက်တယ်။

ဒါနဲ့စားသောက်ပြီး အဲ့ဒါကြီးယူပြီးအိမ်ပြန်လာတယ်။ အိမ်ရောက်တော့ ကိုယ့်ဘာသာဆင်တယ်။ ပထမတော့ မရဘူး။ နောက်တော့ ဟိုလုပ်ဒီလုပ် ဆက်တင်ပြန်ပြောင်းဘာညာနဲ့ နောက်ဆုံးအဆင်ပြေသွားတယ်။

ခုအင်တာနက်လည်းပြန်ရပြီ။ အဟောင်းအစုပ်ပလုပ်တွေလည်း အမှိုက်ခြင်းထဲပစ်လိုက်ပြီ။ လဘက်ခြောက်ကျကျနဲ့ ရေနွေးကြမ်းတခွက်နှပ်ပြီး စက်ရှေ့ထိုင် ဖေဖေဒေါ့်မကောင်းကြောင်းရေးမယ် ပြန်ကြံရုံရှိသေး စားပွဲစောင်းက ရေနွေးကြမ်းခွက် ခွေးလေးအဇ္ဇီပဒပ်ရပ်ဟပ်လိုက်တာ ဒက်စ်တော့ပ်နဲ့သုံးတဲ့ကီးဘုတ်ကြီးပေါ်တခွက်လုံးမှောက်ကျပြီး ကြွသွားပါလေရော။ တော်သေးတယ် လက်မြန်ခြေမြန်နဲ့ကြိုးတွေ ဆွဲဆက်ဖြုတ်မိလို့။ နို့မို့ဆို စီပီယူပါ ထိမလားမသိဘူး။

ခုတော့ သိလည်းသိ အမြင်မှန်လည်းရသွားပါပြီ၊ ဖေဖေဒေါ့်ရှေ့မှောက်မှာ လက်နက်ရောခြေနက်ရော အကုန်ချလိုက်ပါပြီ။ နောက်နောင် ဖေဖေ့အကြောင်း မကောင်းရေးဖို့မပြောနဲ့ စိတ်နဲ့တောင် မပစ်မှားမိအောင်ဆင်ခြင်ပါ့မယ် ဖေဖေဒေါ်။
ဒီဇင်ဘာ ၈၊ ၂ဝ၁၆

0 comments:

Post a Comment