မနက်ဖြန်ဆို ကျနော်တို့နေတဲ့ အင်ဒီယားနားပြည်နယ်ထူထောင်ခဲ့တာ
နှစ် ၂ဝဝ ပြည့်ပြီ။
ဒီကပြည်နယ်တိုင်းမှာ နံမည်ပြောင်တွေရှိသလို မြို့တိုင်းမှာလည်းရှိပါတယ်။
အင်ဒီယားနားပြည်နယ်ဆိုရင် Hoosier လို့ အမည်ပြောင်ရှိပါတယ်။
ဘာ့ကြောင့် ဟူရှာလို့တွင်ရတာလဲဆိုတာကတော့ တကျောင်းတဂါထာ
တရွာတပုဒ်ဆန်းပြောကြတာပါပဲ။
မိုက်ကယ်လ်ဂျက်ဆင် မွေးခဲ့ကြီးခဲ့တဲ့ ဂယ်ရီဆိုတဲ့မြို့သိမ်လေးကလည်း
အင်ဒီယားနားပြည်နယ်ထဲကပါဘဲ။ အဲ့ဒီမြို့ကလေးက ကျနော်နဲ့သိတဲ့
အသက် ၉ဝ နီးပါးအဖွားအို(ခုတော့ ဆုံးရှာပါပြီ)တယောက်ကတော့
“ပြည်တွင်းစစ်ကာလတုန်းက ညတိုက်ပွဲတွေဖြစ်တဲ့အခါ သူ့လူကိုယ့်လူထွေးပြီး
မှောင်ကြီးမည်းမည်းထဲ ချိုးချိုးချွတ်ချွတ်အသံကြားရင် အဲ့ဒါ ဘယ်သူလဲ
အဲ့ဒါ ဘယ်သူလဲ Who is there? who is there? လို့ အင်ဒီယားနားဒေသခံစစ်သားတွေက ဒေသလေသံနဲ့ မေးကြတယ်တဲ့။ Who's there? ကို
ဒေသအသံထွက်ရော စစ်သားလေသံရော စိုးရိမ်တကြီးဖြစ်တဲ့စိတ်ရောပါပြီး
ထြက္လိုက္တဲ့အခါ ဟူးဇ္ဇဲ ဟူးဇ္ဇဲလို႔ ထြက္တယ္တဲ့။ အဲ့ဒီကေနမွ
ကာလကြာတော့ ဟူရှာရယ်လို့ဖြစ်လာသတဲ့။
တခြားလည်းပြောကြတာတွေရှိပါတယ်။
မြို့တွေဆိုလည်း ကြီးကြီး သေးသေး နံမည်ပြောင်လေးတွေ ကိုယ်စီရှိကြပါတယ်။ ကျနော်နေတဲ့ ဖို့တ်ဝိန်းဆိုတာ အင်ဒီယားနားပြည်နယ်ရဲ့
ဒုတိယအကြီးဆုံးမြို့ဖြစ်ပါတယ်။ မြို့တဝန်းကျင်လုံး လူဦးရေက ၅ သိန်း
စွန်းစွန်းရှိပါတယ်။ မြို့တွင်းနေကတော့ ၂ သိန်းခွဲလောက်ရှိပြီး
ဘုရားရှိခိုးကျောင်းပေါင်း ၃ ရာကျော်ရှိလို့ City of Churches လို့ခေါ်ကြပါတယ်။ တခါ အင်ဒီယားနားပြည်နယ်ဟာ လွင်ပြင်လိုဖြစ်ပြီး ဖို့တ်ဝိန်းကတော့
အမြင့်ဆုံးနေရာမှာတည်ထားတာမို့ Summit City လို့လည်းခေါ်ကြပါတယ်။
ကျနော် သာယာဝတီထောင်နေတုန်းက ဒီဇင်ဘာ ၁ဝ ရက် လှုပ်ရှားမှု (10-D) နဲ့ ထောင်အချခံရတဲ့ ကိုကျော်ကျော်ဦးနဲ့ဆုံခဲ့ပါတယ်။ တရက်စကားစပ်မိကြရင်း
အင်ဒီယားနားပြည်နယ်အမည် ကျနော့်စကားထဲပါသွားပါတယ်။
ကိုကျော်ကျော်ဦးက “ဟုတ်လို့လား ကိုမျိုးမြင့်ရယ်၊ ကျနော်တော့ အမေရိကန်မှာ အင်ဒီယားနားပြည်နယ်ဆိုတာ မကြားဖူးပါဘူး“လို့ ပခုံးလေးတွန့်ပြီးပြောတာ
ပြန်အမှတ်ရတယ်။ အဲ့ဒီတုန်းက သူက နံမည်တောင်မကြားဖူးတာ။ ကျနော်ကတော့ နံမည်လောက် ကြားဖူးထားပြီ။ ခုတော့ လူအကောင်လိုက်ကြီး ရောက်နေပြီ။
၁၈၁၆ ဒီဇင်ဘာ ၁၁ ရက်မှာ စထောင်တဲ့ပြည်နယ်မို့ မနက်ဖြန် နှစ် ၂ဝဝ ပြည့်မှာပါ။ ၁၈၁၆ ခုဆိုတာ အမေရိကန်မှာတော့ စက်မှုခေတ်ထဲ ချဉ်းနင်းဝင်ရောက်စပြုတဲ့ အချိန်ဖြစ်ပါတယ်။
အဲ့ဒီအချိန်က ဗမာပြည်မှာ ပဒေသရာဇ်တွေ ဓားထက်တုန်း၊ ထီးပြိုင်နန်းပြိုင်တွေ
စစ်ခင်းကြတုန်း၊ သမီးဆက် မယားဆက်တွေလုပ်နေကြတုန်း၊
နန်းညွန့်နန်းလျာတွေ ပလ္လင်လုရင်း တယောက်နဲ့တယောက်
လုပ်ကြံသတ်ဖြတ်လို့ကောင်းတုန်း ကာလကြီးပဲ။
ဒီဇင်ဘာ ၁ဝ၊ ၂ဝ၁၆

0 comments:
Post a Comment