Monday, October 31, 2016

ဗမာပြည်ကခရိုနီတောဝါ(ဗကပ ဝဘ်ဆိုက်မှ)

0 comments
ဗမာပြည်ကခရိုနီတောဝါ
ကမ္ဘာ့နိုင်ငံရေးနဲ့စီးပွားရေးလောက၊ နောက်ပြီး မီဒီယာလောကမှာ ခရိုနီဆိုတဲ့အသုံးအနှုန်းကို ပေါပေါများများသုံးတာဟာ ၁၉၉ဝ စုနှစ် အစပိုင်းကစခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ အထွတ်အထိပ်ရောက်တဲ့ အာရှတိုက်ငွေကြေးအကျပ်အတည်းက စတယ်လို့ ပြောကြပါတယ်။

တကယ်က အဲဒီလိုခရိုနီလို့ခေါ်ရမယ့်လူတွေက စောစောကတည်းကပေါ်နေတာပါ။ အထူးသဖြင့် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေ၊ စစ်အာဏာရှင်နိုင်ငံတွေမှာ အများဆုံးနဲ့အဆိုးဆုံးဖြစ်ပါတယ်။

ဗမာပြည်မှာကတော့ ဗမာပြည်ရဲ့စစ်အုပ်စုပထမမျိုးဆက်လို့ခေါ်ရမယ့် ဗိုလ်နေဝင်း-ဗိုလ်အောင်ကြီးတို့ရဲ့ ၁၉၅၈ ခုနှစ် အာဏာသိမ်းပွဲလောက်ကစပြီး သန္ဓေတည်တယ်လို့ဆိုရမယ်ထင်ပါတယ်။ ကူမင်တန် တရုတ်ဖြူနဲ့တိုက်တဲ့စစ်တပ်တွေထဲက ထိပ်သီးတချို့ဟာ ဘိန်းရာဇာတွေနဲ့ချိတ်ဆက်မိကြ၊ ယိုးဒယားနဲ့ဆက်တဲ့ မှောင်ခိုလမ်းကြောင်းတွေအကာအကွယ်ပေးကြနဲ့ ခရိုနီမွေးပြီး စားရသောက်ရတဲ့အရသာကို စပြီးခံတွင်းတွေ့ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါတွေနဲ့ တပြိုင်နက်တည်းလိုမှာလည်း ဂျပန်စစ်လျော်ကြေးထဲကစားပေါက်တွေကိုကြုံရပြန်တော့ စစ်တပ်ထိပ်သီးတွေရဲံ ခရိုနီတွေ စပေါ်လာပါတော့တယ်။

ဒီနေ့ ဗမာပြည်က ခရိုနီတွေထဲမှာ နာမည်ကြီးတဦးဖြစ်တဲ့ဦးတေဇရ့ယောက်ခမ ဒေါ်ထူးတို့ဟာ အဲဒီတုန်းက စစ်အုပ်စုရဲ့ ခရိုနီတွေလို့သတင်းကြီးခဲ့ပါတယ်။ သည့်အရင်တုန်းက ဖဆပလ၊ ပထစ လက်ထက်တွေမှာ အာဏာရသူတို့ကိုထောက်ခံတဲ့၊ သူတို့နဲ့ရင်းနှီးတဲ့တိုင်းရင်းသားဓနရှင်တွေ မရှိမဟုတ်၊ ရှိခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အခုခေတ် ခရိုနီတွေလောက် ကြီးပွားချမ်းသာ၊ အခွင့်ထူးတွေရကြတာမဟုတ်ပါဘူး။ နောက်ပြီး လွတ်လပ်ရေးရပြီးနောက်ကနေ ပထမအကြိမ် အာဏာသိမ်းတဲ့အထိဆိုတဲ့ကာလဟာ အင်မတန်မှတိုတောင်းလွန်းပါတယ်။ ဒါ့အပြင် သူတို့ရဲ့စီးပွားရေးတွေက တစ်ကနေ စတည်ထောင်ရသလိုလည်းဖြစ်နေခဲ့တောင် အရှိန်ရကာစမှာ ဗိုလ်နေဝင်းရဲ့မဆလ“ပြည်သူပိုင်”ထိသွားကြပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်သန်းရွှေတို့ကျတော့ ဗိုလ်နေဝင်းရဲ့ မဆလ စနစ်ကြီးက“ပြည်သူပိုင်သိမ်း”ပြီး စုဆောင်းပေးခဲ့တဲ့ အဆောက်အအုံကြီးရှိပြီးသားဆိုတော့ စစ်အာဏာက ကျောထောက်နောက်ခံပြုထားတဲ့ဦးပိုင်ဟာ အရှင်မွေးနေ့ချင်းကြီး အချမ်းသာကြီးချမ်းသာခဲ့ပါတယ်။ ဒီဗမာပြည်ရဲ့ဒုတိယမျိုးဆက်စစ်အုပ်စုလို့ဆိုရမယ့် ဗိုလ်သန်းရွှေတို့က ခရိုနီစနစ်ကို စတင်ပျိုးထောင်ပေးလိုက်တဲ့ ၁၉၈၈ – ၈၉ ကာလကနေ ဒီနေ့အထိဆိုရင် နှစ်ပေါင်းသုံးဆယ်နီးပါးရှိပြီမို့ ဒီနေ့အခါမှာ ဒီခရိုနီတွေဟာ အမွေးအတောင်သာမက၊ အတက်တွေ၊ ချိုတွေ၊ ဆူးတောင်တွေအကုန်ပေါက်ပြီး အဆီယစ်ဝဖီးနေကြသူတွေ ဖြစ်ပါတယ်။

ဒီနေ့ဗမာပြည်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းကြီးတွေကို ကြည့်လိုက်ပါ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သတ္တု၊ သစ်၊ ကျောက်မျက်ရတနာ အားလုံး ခရိုနီတွေရဲ့လက်ထဲမှာပဲ မဟုတ်လား။ အရပ်သားပြော ပြောရရင် ကောင်းတာဆို ဘာတခုမှ မချန်ဘူးဆိုတဲ့လူမျိုးတွေပါ။ ဒါသာမက မူးယစ်ဆေးဝါးတောင် မကျန်ဘူးလို့လည်း ဖြည့်နိုင်ပါသေးတယ်။

ဒီနိုင်ငံမှာက ခရိုနီဆိုတာဟာ စစ်အာဏာရှင်စနစ်နဲ့အတူပေါ်လာတာဖြစ်လို့ အများစုဟာ စစ်ဗိုလ်ချုပ်တွေရဲ့ဆွေမျိုးသားချင်း၊ ထောက်လှမ်းရေးနဲ့ပတ်သက်သူ၊ ဘိန်းဘုရင်၊ မူးယစ်ဆေးဝါးရာဇဝတ်သားတွေသာ ဖြစ်တယ်။ သဘာဝသယံဇာတတွေကို အဖြုံးတီးဆုံး၊ သဘာဝပတ်ဝန်းကျင်ကိုအဖျက်ဆီးဆုံး၊ လူ့မျိုးဆက်တွေကိုအပျက်စီးစေဆုံး (မူးယစ်ဆေးဝါးစတာနဲ့) ဟာလည်း သူတို့တတွေပဲ ဖြစ်ပါတယ်။

ဒီနေ့ ဗမာပြည်ရဲ့စီးပွားရေးလောကမှာ ဆက်တည်ရှိနေတဲ့ခရိုနီတွေဟာ စစ်အစိုးရ၊ စစ်အုပ်စုရဲ့အဓိကဒေါက်တိုင်တွေ ဖြစ်မြဲဖြစ်နေပါတယ်။
နှစ်လတာရှည်ဖြစ်နေတဲ့(မွေးထားတဲ့) ပြည်တွင်းစစ်ကြီးဖြစ်နေတဲ့ဒေသတွေက ခရိုနီလောင်းတွေဟာ အဲဒီက စစ်မျက်နှာပြင်တွေက စစ်အရာရှိကြီးတွေကို ပဏ္ဍာဆက်၊ ဆရာမွေးရာကနေ သူတို့ရဲ့အမည်းရောင်ငွေတွေကို ခဝါချ၊ မြို့တွေမှာ ရင်းနှီးမြှုပ်နှံတာတွေလုပ်ရင်းကနေ စစ်တပ်ထိပ်ပိုင်းတွေနဲ့ဆက်မိသွားကြပါတယ်။ ထောက်ပြသင့်တာက အခုလို ဆရာမွေး၊ တပည့်မွေးလောကမှာ ဆရာလုပ်သူကရော၊ တပည့်လုပ်သူကပါ တဖက်သားကို ကိုယ့်အိတ်ထဲထည့်ထားနိုင်တယ်လို့ တွက်ထားကြတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း ကွယ်လွန်သူ ဦးဝင်းတင်က ဒီခရိုနီတွေကို အာဏာကပ်ပါးဓားပြများလို့ တင်စားပြောခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ဗမာပြည်မှာသာမက တခြားနိုင်ငံတွေမှာရော ခရိုနီစနစ်ဆိုတာဟာ အကျင့်ပျက်ခြစားမှုနဲ့ တိုက်ရိုက်ဆက်စပ်နေတာပါ။ အာဏာရှိသူတွေက ရိုးသားတည်ကြည်ရင် ဒီလိုဖြစ်မလာပါဘူး။
ကမ္ဘာမှာ ခရိုနီဆိုတာ နိုင်ငံတိုင်းလို့ဆိုရမလောက် ရှိတာပါ။ ဒါပေမဲ့ ဗမာပြည်က ခရိုနီအများတကာ့အများစုဟာ ဗမာပြည်သူတွေကို ဆယ်စုနှစ်ပေါင်းများစွာနှိပ်စက်နေတဲ့ စစ်အုပ်စုနဲ့ ပတ်သက်နေတာ၊ စစ်အုပ်စုကိုအထောက်အကူပြုနေတာမို့ ပြဿနာက ပိုကြီးနေတာပါ။

ခရိုနီတွေကလည်း အာဏာရှိသူတွေကို အိတ်ထဲမှာထည့်ထားနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယူဆကြောင်း အထက်မှာရေးခဲ့ပါတယ်။ တစ္ဆေမွေးထားမိတဲ့မှော်ဆရာဟာ တစ္ဆေရဲ့အမိန့်ကိုနာခံရတာလည်းရှိတတ်တယ် မဟုတ်ပါလား။ ဗိုလ်သိန်းစိန်တို့တတွေ ဗိုလ်သန်းရွှေမြေးတွေကိုကြောက်ရတယ်ဆိုတာ ဘာမှမဆန်းပါဘူး။ ဒီလိုနဲ့ ဒီတစ္ဆေတွေသက်တမ်းရှည်လာ၊ ခိုင်မာလာ၊ ဆွေမျိုးအရ-နောက်ကြောင်းအရ- လူမျိုးအရ- ဘာသာရေးအရ စသဖြင့် သူတို့ချင်းပေါင်းမိလာကြတဲ့အခါမှာ တိုင်းပြည်မှာ ဧရာမအင်အားကြီးတရပ် ဖြစ်လာပါတယ်။ အစတော့ စီးပွားရေးလောကမှာပါ။ နောက်တော့ နိုင်ငံရေးလောကကိုပါ သြဇာပေးလာပါတယ်။

ခရိုနီစနစ်ထွန်းကားပြီးဖြစ်နေတဲ့နိုင်ငံတခုမှာ အသစ်တက်လာတဲ့အစိုးရတရပ်ဟာ တိုင်းပြည်နဲ့ပြည်သူတွေအတွက် ဆိုးကျိုးပေးနေတဲ့ခရိုနီစနစ်ကို ဖျက်သိမ်းမလား။ ခရိုနီတွေကိုတည့်အောင်ပေါင်းပြီး ရှေးရိုးအတိုင်းသွားမလား၊ ကိုယ့်ခရိုနီ ကိုယ်မွေးပြီး ခရိုနီဟောင်းတွေကိုပြန်ရင်ဆိုင်မလားဆိုတဲ့ပြဿနာမျိုး ကြုံရတတ်ပါတယ်။ ဗမာပြည်က ခရိုနီတွေက အထက်မှာပြောခဲ့သလို စစ်အာဏာရှင်တွေနဲ့တိုက်ရိုက်ပတ်သက်နေတော့ တော်ရုံတန်ရုံပြတ်သားမှုနဲ့တော့ လုပ်မရပါဘူး။

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ (ရဲဘော် ထွန်းလှ) ဗကပ ဝဘ်ဆိုက်မှ

0 comments

သွေးစုပ်ကောင်တွေ မောင်းထုတ်ကြ
ရဲဘော် ထွန်းလှ
ဦး(ဗိုလ်)သိန်းစိန် အစိုးရလက်ထက်ကစလို့ပဲ ဒေါ်အောင်ဆန်းစုကြည်တယောက် ပြည်တွင်းပြည်ပခရီးတွေ မကြာခဏ သွားပါတယ်။ အာရှ၊ ဥရောပ၊ အမေရိက ကမ္ဘာအနှံ့ခြေဆန့်ပါတယ်။ အခုလို အသက်အရွယ်နဲ့မလိုက် ကျန်းမာရေးအထိခိုက်ခံပြီး အားကြိုးမာန်တက်လုပ်ကိုင်သွားလာနေတာ ကရုဏာသက်စရာပါ။ အိုပေမယ့် စွမ်းသလောက်လုပ်ကိုင်ရှာတယ်။ သူကျန်းမာသန်စွမ်းတုန်း သူလုပ်နိုင်သရွေ့လုပ်သွားမယ်လို့  ပိုင်းဖြတ်ထားပုံရပါတယ်။ ဒါပေမဲ့ သူလုပ်နေတာတွေက ဘယ်သူတွေအတွက် ဖြစ်နေလဲ။ သူ့ကြိုးစားအားထုတ်မှုတွေကနေ ဘယ်သူတွေ ဘယ်လောက်အမြတ်ရနေသလဲ။ သူ့ကြိုးစား အားထုတ်မှုတွေအပေါ်မှာ ဘယ်သူတွေ ဘယ်လို သွေးစုပ်အမြတ်ထုတ်နေကြပါသလဲ။

“လူထုအတွက် အနစ်နာခံဖို့လိုရင် အနစ်နာခံမယ်”လို့ သူဆိုခဲ့တဲ့အတိုင်း လုပ်ကိုင်နေပုံရပါတယ်။ သို့ ပေမဲ့ အခုအချိန်ထိတော့ သူ့အနစ်နာခံမှုတွေ၊ သူ့အားထုတ်မှုတွေရဲ့အသီးအပွင့်တွေကို လူထုက မရရှိ မခံစားနိုင်သေးပါဘူး။ နောင်အခါမှာလည်း ရရှိခံစားနိုင်မယ့်အလားအလာသိပ်မရှိပါဘူး။ နိုင်ငံရေး၊ စီးပွားရေး ဘက်ပေါင်းစုံမှာ လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတဲ့ စစ်အုပ်စု တည်မြဲနေသရွေ့ ၊ သူတို့အချိန်ယူပြင်ဆင်ဖန်တီးခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ခုတ်မောင်းတဲ့ စစ်ဗျူရိုကရေစီယန္တရား လည်ပတ်နေသရွေ့ ဖိနှိပ်သွေးစုပ်မှုတွေကိုသာ လူထုက ခါးစည်းခံနေရမှာပါ၊ တိုင်းပြည်လည်း ချွတ်ခြုံကျနေဦးမှာပဲဖြစ်ပါတယ်။
စစ်တပ်ရဲ့အာဏာလက်ဝါးကြီးအုပ်မှုကို မတိုက်ဖျက်နိုင်ဘဲ စီးပွားရေး၊ လူမှုရေး တရားမျှတမှုတွေ ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဖိနှိပ်အုပ်စိုးတဲ့ယန္တရားဟောင်းကို အလုံးစုံ ဖြိုချဖျက်ဆီးမှုမပြုဘဲ ပိုကောင်းအောင် ပြုပြင်မွမ်းမံမယ်ဆိုတာ စိတ်ကူးယဉ်တာပါ။ ပြုပြင်ပြောင်းလဲရေး နဖူးစည်းအောက်မှာ စစ်ဗျူရိုကရေစီယန္တရားဟောင်းက ပိုမိုခိုင်မာလာတာပဲ ရှိပါလိမ့်မယ်။ လက်ရှိအခြေအနေနဲ့အခင်းအကျင်းကို စစ်အုပ်စုဝင်တွေနဲ့ သူတို့အပေါင်းအပါ ခရိုနီဓနရှင်ကြီးတွေ အင်မတန် သဘောကျပါတယ်။ အခြေမပျက်အနေမပျက်တဲ့အပြင် အာဏာ၊ ဥစ္စာနဲ့အခွင့်ထူးတွေ၊ အခွင့်အလမ်းတွေ တိုးပွားသထက် တိုးပွားလာနေတာကြောင့် ပျော်မဆုံးမော်မဆုံး ဖြစ်နေကြတာပါ။
ဖင်တကြွကြွ ဟန်တပြင်ပြင်နဲ့ ရှေ့ဆက်ရလာမယ့်အကျိုးအမြတ်တွေကိုလည်း သွားရည်တမြားမြား ဖြစ်နေကြတယ်။ လက်ရှိဒီအခြေအနေ ပျက်ဆီးသွားမှာ၊ ဆုံးရှုံးသွားမှာကို သူတို့သိပ်ကြောက်ပါတယ်။ ဒါကြောင့်လည်း အစွယ်တဖွေးဖွေးနဲ့ စားမာန်ခုတ်ကြ မာန်ဖီကြတယ်။ ဟို ရမ်းသည်ရမ်း ရမ်းကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုးအဖုံဖုံ ချီးကျူးဂုဏ်ပြုကြ တယ်။ ဒါပေမဲ့ သူတို့က လူခွဲပြီးကစားတာပါ။ ဆဲဆိုအပုပ်ချ၊ အပြစ်ရှာ၊ အမှားစောင့်ဖမ်းပြီး ဘယ်အချိန် ကန်ထုတ်ရမလဲ ဆိုတာကိုလည်း ချောင်းနေတာပါ။

တယောက်တလှည့် ပင့်လိုက်မြှောက်လိုက် သွားဖြဲပြလိုက်နဲ့ ချော့ခိုင်းတဲ့အခါခိုင်း၊ တဖက်လှည့်နဲ့ ဆဲလိုက်ဆိုလိုက်၊ ခြိမ်းခြောက်လိုက်နဲ့ ခိုင်းလို့ခိုင်း လုပ်နေတာပါ။ တကယ်တော့ သူတို့ဘယ်လောက်ပဲ အကျိုးအမြတ်ထွက်ထွက် မကျေနပ်ဘူး၊ အကောင်းမမြင်ပါဘူး။ ရန်သူလို့ ပဲ မြင်တယ်၊ ရန်ငြိုးဖွဲ့ ကလဲ့စားချေသလို သဘောထားတယ်။ ကနေ့ စစ်အုပ်စုရဲ့လုပ်ရပ်က ခိုင်းလည်းစားသေး၊ ခေါင်းပုံလည်းဖြတ်သေး၊ ဆဲဆိုရိုက်ပုတ်လည်းလုပ်သေးတဲ့ လူရမ်းကားတွေရဲ့လုပ်ရပ်နဲ့ အလားတူပါတယ်။
လူထုခေါင်းဆောင်ကို ငွေကြေးတောင့်တင်းပြီး မကောင်းမှုဒုစရိုက်မျိုးစုံလုပ်တဲ့၊ သတ်ရဲဖြတ်ရဲ ဘာမဆိုလုပ်ရဲတဲ့ ကမ္ဘာ့လူမိုက် လမ်းသရဲတွေဆီ လှည့်လည်ဖြားယောင်းခိုင်းတဲ့အလုပ်ကို လုပ်စေတယ်။ သူတို့နှစ်ပေါင်းများစွာလုပ်လာတဲ့ ဖောက်ပြန်တဲ နိုင်ငံရေးလုပ်ငန်းထဲကို ဆွဲသွင်းလိုက်တာလို့ပဲ အားနာနာနဲ့ ရှင်းရှင်းပဲပြောပါ့မယ်။ အားနာတာက သူတို့ကိုအလုပ်အကျွေးပြုသလို ဖြစ်နေရှာတဲ့ လူထုခေါင်းဆောင်ကိုပါ။ နိုင်ငံရေးအမြတ်ထုတ်ပြီး ကိုယ်ကျိုးစီးပွားအတွက် သွေးစုပ်နေတဲ့ သူတို့ကိုတော့ အားနာစရာ ဘာအကြောင်းမှ မရှိပါ။

လက်ရှိအခြေအနေဟာ တိုင်းပြည်နဲ့လူထုအတွက်တော့ အခြေအနေကောင်း မဟုတ်ပါဘူး။ ကောင်းမွန်တဲ့အနာဂတ်ကို ဦးတည်နေတာလည်း မဟုတ်ပါဘူး။ စစ်တိုက်စားပြီး ကြီးပွားချမ်းသာလာတဲ့ စစ်အာဏာရှင်အဟောင်းအသစ်တွေက ဘယ်တုန်းကမှ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို လိုလားခဲ့တာမဟုတ်ပါဘူး။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေပါ။ ပြည်တွင်းစစ်ကို ရှည်သထက်ရှည်အောင် ဆွဲဆန့်မယ်၊ တိုင်းပြည်အနှံ့မှာလည်း လူထု ကျီးလန့်စာစားဖြစ်နေအောင် နည်းမျိုးစုံသုံးပြီး ပြဿနာ ပဋိပက္ခမျိုးစုံကို ဖန်တီးမယ်။ အခုလို အတိုက်အခံပါတီက အာဏာတချို့ တဝက်ရယူထားချိန်မှာ ပိုလို့တောင် ကသောင်းကနင်း ဖြစ်အောင် လုပ်ပါလိမ့်ဦးမယ်။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဗန်းပြ၊ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ ကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားအတွက် ရင်ကြားစေ့ချင်သူတွေ၊ သွေးစုပ်အမြတ်ထုတ်လိုသူတွေမှာ ပြည်တွင်းက စစ်ဗိုလ်ချုပ်အဟောင်းအသစ်တွေ၊ သူတို့ရောင်းရင်း ခရိုနီတွေ၊ သူတို့သားသမီး၊ မြေးမြစ်တွေ၊ မကပါဘူး။ နိုင်ငံခြားသားအရင်းရှင်၊ ဓနရှင်ကြီးတွေ၊ ကမ္ဘာ့လူမိုက်ဗိုလ် လုပ်နေတဲ့ အနောက်အုပ်စုဂိုဏ်းဆရာကြီးတွေနဲ့ သူတို့လက်ဝေခံ နိုင်ငံရေးလုပ်စားနေတဲ့ ကြေးစားတွေလည်း ပါပါတယ်။
ပြည်တွင်းပြည်ပ အချောင်သမားပေါင်းစုံရဲ့နိုင်ငံရေးလုပ်ငန်းကြီး အင်အားကောင်း ကြီးထွားလာနေတဲ့အချိန်လို့ဆိုရမှာပါ။ ဒီလုပ်ငန်းကြီး ပိုမိုကြီးထွားခိုင်မာလာအောင် နည်းမျိုးစုံသုံးကြတယ်။ လူတော်လူကောင်းတွေ၊ လူမှန်တွေကို နည်းမျိုးစုံသုံးပြီး မြူဆွယ်ဖြားယောင်းတယ်၊ ဖျက်ဆီးတယ်။ ရပ်တည်ချက်ခိုင်မာသူတွေကို ဘက်ပေါင်းစုံကနေ ထိုးနှက်တိုက်ခိုက်တယ်။ အနောက်အုပ်စုနဲ့စစ်အုပ်စုက သူတို့ရဲ့ဘုံရန်သူဖြစ်နေတဲ့၊ သူတို့သွေးစုပ်အမြတ်ထုတ်မယ့်လမ်းခရီးမှာ အတားအဆီး၊ အနှောင့်အယှက်ဖြစ်နေတဲ့လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ပူးပေါင်းထိုးစစ်ဆင်တယ်။

လူမှန်တွေ၊ လူကောင်းတွေနည်းလာမှ လူမှားတွေ၊ လူဆိုးတွေနေရာရမယ် မဟုတ်ပါလား။ အခုအခါမှာ လူထုအများစုကြီးရဲ့ ဘ၀က ကျီးလန့်စာစားနဲ့ ငိုရခက်ရယ်ရခက် ဖြစ်နေတယ်။ အရင်က အုပ်စိုးသူကိုကြောက်လို့ ငုံ့ခံရ၊ အခုတော့ ချစ်လို့ငုံ့ခံရမလို ဖြစ်နေတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာတခုအထိသာ ဖြစ်ပါတယ်။ သည်းမခံနိုင်တဲ့အဆုံးမှာ ဘာတွေဖြစ်လာမလဲ။ ဖြစ်သမျှပြဿနာတွေကိုလည်း လူထုအခွင့်အရေးကိုဦးတည်တဲ့၊ လူ့အဖွဲ့အစည်းတခုလုံး တရားမျှတရေးကိုဦးတည်တဲ့ဖြေရှင်းမှု မပြုနိုင်ဘဲ ‘လူ့ အခွင့်အရေး’ဆိုတဲ့ တသီးပုဂ္ဂလအခြေပြုဖြေရှင်းဖို့သာအားသန်တာ တွေ့ရတယ်။ တစတစ အားကောင်းလာနေတဲ့ စစ်ဗျူရိုကရက် အရင်းရှင်းလူတန်းစား စိုမိုးအုပ်ချုပ်မှုလွှမ်းမိုးနေတဲ့လူ့အဖွဲ့အစည်းမှာ စစ်ဗျူရိုကရက်အရင်းရှင်လူတန်းစား အလိုကျ တရားမျှတမှုပဲ ရမှာပါ။ ဒီအုပ်စိုးသူအလိုကျ တန်းတူမှုပဲ ရမှာပါ။

နိုင်ငံရေးအာဏာမညီမျှမှု၊ ဓနအင်အား မညီမျှမှုတွေနဲ့ တိုင်းပြည်မှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ တန်းတူရေးတွေ ဘယ်နည်းနဲ့မှ မထွန်းကားနိုင်ပါ။ မတရားမှုမျိုးစုံ တင်းကျမ်းပြည့်နေဦးမှာပဲ ဖြစ်ပါတယ်။ အာဏာပိုင်ရှင်အစစ်တွေက ထင်တိုင်းကြဲနေဦးမယ့် အပြင် ဆထက်ထမ်းပိုး တိုးပြီး သွေးစုပ်ခြယ်လှယ်ကြဦးမယ်၊ အမြတ်ထုတ်ကြပါဦးမယ်။ ဗျူရိုကရက်လက်ဝေခံ အရင်းရှင်တွေနဲ့ နိုင်ငံခြားသားဓနရှင်ကြီးတွေပေါင်းပြီး တိုင်းပြည်မှာ ကုန်းကောက်စရာ ဘာတခုမှ မကျန်တဲ့အထိ သွေးစုပ်ကြပါလိမ့်ဦးမယ်။ နိုင်ငံရေး၊ စီးပွားရေးဘက်ပေါင်းစုံမှာ လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသူတွေကို မောင်းထုတ်ရပါလိမ့်မယ်။ ၂၀၀၈ အုတ်မြစ်ကို မြေလှန်ဖြိုဖျက်ပြီး စစ်ဗျူရိုကရေစီယန္တရားကို ရိုက်ချိုးရပါလိမ့်မယ်။ လူထုအားနဲ့ ဖြိုဖျက်ရမှာပါ။

အုတ်မြစ်ချတည်ဆောက်ခဲ့သူတွေကိုစည်းရုံးပြီး သူတို့ကိုယ်တိုင်ဖျက်သိမ်းတာကို စောင့်မယ်ဆိုရင်တော့ ‘ဒီဘ၀အတွက်တော့ နှမလက်လျှော့နေလေတော့’ လို့သာ။
သွေးစုပ်ကောင်တွေကို လူထုအားနဲ့ မောင်းထုတ်ကြပါစို့ ။
၃ အောက်တိုဘာ ၂၀၁၆။

နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ (ဗကပ ဝဘ်ဆိုက်မှကူးယူဖော်ပြတာပါ)

0 comments
နိုင်ငံရေးအခြေအနေ ဘာဖြစ်နေသလဲ
 (၁)
သြဇာနဲ့အာဏာ
ပြည်တွင်းပြည်ပ နှစ်နေရာလုံးမှာ ဒေါ်အောင်ဆန်းကြည် သြဇာရှိတယ်ဆိုတာ ဘယ်သူမှ မငြင်းကြပါ။ ရွေးကောက်ပွဲကလည်းနိုင်ထားပြီးဆိုတော့ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သူအာဏာရပြီ….ပေါ့၊ ဒါပေမဲ့ ဗမာပြည်မှာ ဒါမျိုး ဖြစ်မလာခဲ့ဘူး။

သြဇာရှိလို့ အာဏာရှိတာလား၊ အာဏာရှိလို့ သြဇာရှိတာလား၊ ဗမာပြည်စစ်အုပ်စုကတော့ အာဏာရှိခဲ့လို့ သြဇာရှိခဲ့ကြတာအထင်အရှားပဲ။ ဒေါ်အောင်ဆန်းစုကြည်အဖို့တော့ သြဇာရှိတာနဲ့အာဏာရှိတာ တခြားစီဖြစ်နေတယ်၊ သူကိုယ်တိုင် သူ့ပါတီ NLD မှာ သြဇာလည်းရှိတယ်၊ အာဏာလည်း ရှိတယ်၊ ဒါပေမဲ့ တိုင်းပြည်နိုင်ငံရေးမှာကျတော့ သြဇာက အာဏာကို လက်ညှိုးမညွှန်နိုင်ဘူး၊ ၂ဝဝ၈ ခြေဥက ဒါကို ခွင့်မပြုဘူး။

ဒါကို ဆုပ်မိကိုင်မိရှိကြတဲ့ ပြည်ပနိုင်ငံတွေက(နိုင်ငံချင်းဆက်ဆံရေးမှာ) သတိထားဆက်ဆံလာကြတာ တွေ့ရတယ်၊ ကာချုပ်ကို သမ္မတ၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ထပ်တူ ဦးတိုက်ခံစာရင်းထဲထည့်ထားကြရတယ်။ ကာချုပ်ကလည်း ၂ဝဝ၈ ခြေဥထဲက အနှစ်အသားဖြစ်တဲ့ တို့တာဝန်အရေးသုံးပါး၊ မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ဦးဆောင်မှု အခန်းအပြင် တပ်မတော်ရဲ့မူ ၆ ချက်ဆိုတာတွေကို အလျဉ်းသင့်သလို ပြောလွှတ်တတ်တယ်။ သူတို့ကလည်း အစိုးရနဲ့စစ်တပ်ကို အတွဲလိုက်လိုချင်နေကြတာဆိုတော့ အိနြေ္ဒရရနားထောင်ပေးခဲ့ကြတယ်။
အာဏာဟာ ပြည်သူ့ဆီကဆင်းလာတာ မဟုတ်။ ၂ဝဝ၈ ခြေဥက စီးဆင်းလာတာဖြစ်လို့ ဒီပြဿနာဟာ သောင်မတင်ရေမကျ ဖြစ်မြဲဖြစ်နေပါတယ်။

(၂)
လွှတ်တော်နဲ့အစိုးရ
လွှတ်တော်ပိုင်းမှာ ကိုယ်စားလှယ်တချို့ ဥပဒေအသစ်ပြဋ္ဌာန်းတာ၊ ဥပဒေဟောင်းအချို့ပယ်ဖျက်တာ။ ပြင်တာ ဖြည့်စွက်တာတွေ အားသွန်ခွန်စိုက်လုပ်ကြပါတယ်။ အကျိုးရှိတန်သလောက်လည်း ရှိပါတယ်၊ ဒါပေမဲ့ မလုံလောက်ပါဘူး။ ဆင့်ပါးစပ် နှမ်းပက်ပဲ။ အခြေအနေကြည့်ရတာက လွှတ်တော်လမ်းကြောင်းပေါ်က အာဏာကိုတိုးချဲ့ယူလို့ရတယ်လို့ တရားသေသတ်မှတ်ထားပုံပဲ။ စန္ဒဂုတ် စစ်တိုက်ထုံး ပုံပြုပြီး ၂ဝဝ၈ ခြေဥကို မုန့်ပျားသလက်စားသလို အဖျားအနားသားက လှည့်ပတ်ဝါးနေလို့ကတော့ စစ်အာဏာရှင်စနစ်က ဒူးနှန့်နေပါလိမ့်မယ်။

ကြာရင် ‘ရ’ထားပါတယ်ဆိုတဲ့ ပရုပ်လုံး လေသလပ်တာနဲ့ လုံးပါးပါးတော့မှာပါ။
အစိုးရယန္တရားမှာလည်း ဘာမှလုပ်မရတဲ့ အခြေအနေပဲ။ NLD ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က အမြဲတမ်း အတွင်းဝန်တွေ တရွတ်ဆွဲ ကန့်လန့်တိုက်နေတာကို နတ်သံနှောပြောထွက်လာတယ်။ ဖြုတ်လည်း မပစ်ရဲဘူး။ အများစုက စစ်ဗိုလ်လူထွက်တွေဖြစ်လို့ ဓာတ်လိုက်ခံရမှာ စိုးရိမ်ပုံရတယ်။

ဒါ့အပြင် အချိန်မရွေးနဲ့ အချိန်ကိုက်ပေါက်ကွဲလာနိုင်တဲ့ဗုံးတွေက အစီအရီ ရှိနေသေးတယ်။ မြစ်ဆုံကိစ္စ၊ အနောက်ခြမ်းမှာ ရိုဟင်ဂျာ/ ဘင်္ဂါလီ/ အကြမ်းဖက်ဆိုတဲ့အရေး။ တောင်၊ အရှေ့မြောက်ခြမ်းက တိုက်ပွဲတွေစိပ်လာတဲ့ အရေး၊ NCA လက်မှတ်ထိုးကြရေးနဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိစ္စတွေ တန်းစီနေပါတယ်၊ ဒါတွေဟာ စစ်တပ်ဘက်က သူတို့ဖြစ်စေချင်သလို ဖွထားလိုက်တဲ့ပြဿနာတွေပဲ။ NLD က ဖြေရှင်းနိုင်ရင် ဖြေရှင်းပေတော့ပဲ၊ မဖြေရှင်းနိုင်ရင်တော့ တပ်မတော်ကပဲ တိုင်းပြည်ကို ငြိမ်အောင်ထိန်းပြပါလိမ့်မယ်။ စစ်အုပ်ချုပ်ရေးနယ်မြေတွေ၊ ပုဒ်မ ၁၄၄ ထုတ်ပြန်တာတွေ များသထက်များလာမှာပါ၊ ခု ဝ-မိုင်းလားကိစ္စ ရာဇသံပေးပြီးအကဲစမ်းထားတာရှိတယ်၊ စောစောပိုင်းကတည်းက ‘ဘော့စနီးယားလို ဖြစ်သွားမယ်’၊ ‘ဘော်လကန်လို ဖြစ်သွားမယ်’ဆိုတဲ့ ခြောက်လုံးလှန့်လုံးတွေလည်း မမေ့ဖို့လိုတယ်။

အခုလည်း အစိုးရနာမည်ခံထားတဲ့သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က ခြေတိုအောင် နိုင်ငံတကာထွက် ချေးငှားတောင်းရမ်း လက်ခံနေကြချိန်မှာ သူတို့က အိမ်မှာနေရင်း ဖြုန်းမလောက်စစ်ကို တိုက်နေကြတယ်၊ ရလာသမျှ ဘဏ္ဍာငွေကြေးနဲ့ အထောက်အပံ့မှန်သမျှဟာ စစ်တပ်ထိုင်ဖြုန်းနေတာနဲ့တင် သဲထဲရေသွန်ဖြစ်နေပါပြီ။

(၃)
တနိုင်ငံလုံး အပစ်ရပ်ရေးကိစ္စ
ဒေါ်အောင်ဆန်းစုကြည် ခုနောက်ပိုင်း ပြောတဲ့စကားတွေအပေါ် တိုင်းရင်းသားတွေအာရုံစိုက်နေကြတယ်။ လက်တွေ့ကျ မကျကြည့်ကြတယ်။ စစ်တပ်အပေါ် သူဘယ်လောက်တာဝန်ခံနိုင်မလဲ သိချင်ကြတယ်။ စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်သဘောထားနဲ့ဆန့်ကျင်ပြီး တိုက်ပွဲတွေတိုးချဲ့နေတာလို့ထင်သူက အများစုဖြစ်တယ်။ စစ်တပ်ကိုတော့ မယုံကြဘူး။ စစ်အုပ်စုဟောင်း/ သစ်တွေနဲ့ ခရိုနီတွေအပေါ်ချမှတ်ထားတဲ့ဆိုင်ရှင်တွေ ရုပ်သိမ်းပြီးပြီးချင်း ပြည်ထဲရေးဝန်ကြီးက လက်လွှတ်ထားပြီးသား အုပ်ချုပ်ရေးအာဏာတွေ ပြန်တောင်းယူတဲ့ကိစ္စကြည့်တာနဲ့ ဗလောင်းဗလဲစစ်တပ်ဆိုတာရှင်းနေပြီပဲ။

တကယ်က စစ်တပ်နဲ့အစိုးရရဲ့အကျိုးစီးပွားဟာ တခါတရံ တထပ်တည်းကျတယ်။ တခါတရံ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတတ်တယ်။ ဒီအခါ စစ်တပ်အလိုကျ လိုက်လုပ်ပေးရတာတွေရှိခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အရာရာကို အေးအေးချမ်းချမ်းဖြစ်စေချင်တဲ့သဘောထား ဖော်ပြတယ်။ စစ်တပ်က မလိုက်နာဘူး။ ပြဿနာရဲ့ ဆုံချက်က အဲဒီမှာရှိတယ်။ ဘာလုပ်နိုင်သလဲ။ ဘာမှ လုပ်မပြနိုင်ဘူး။

ပြောချင်တာက-
နိုင်ငံအနေနဲ့ တလုံးတစည်းတည်း ဆက်လက်တည်ရှိရေးမှာ ခုလိုသွားနေလို့ကတော့ အလုပ်မဖြစ်ဘူး။ စစ်တပ်က နောက်ဆုတ်ချင်ဆုတ်- NLD က ရှေ့တိုးချင်တိုး၊ ဒါပဲရှိတော့တယ်။
လက်ရှိအနေအထားကြီးကိုဖြင့် စစ်တပ်ကလွဲပြီး ဘယ်သူမှ မကြိုက်ပါကြောင်း တင်ပြလိုက်ပါတယ်။
စာတည်းအဖွဲ့
(၂၈၊ ၁ဝ၊ ၂ဝ၁၆)

နန်းမတော်မယ်နု (အတီး-ဝါးလုံးရှည်)

0 comments
နန်းမတော်မယ် နု

နန်းမတော် မယ်နု ဟု အသိများသည့် ရှင်မင်းနုကို မြန်မာ သက္ကရာဇ် ၁၁၄၆ ဝါဆိုလဆုတ် ၅ ရက် အင်းဝမြို့၌ဖွားမြင်သည်။ မိဘများမှာ ထောင်မှူးဦးလွှတ်နှင့် ဇနီးမယ်မှန်တို့ဖြစ်သည်။ မွေးချင်းနှစ်ယောက်ရှိပြီး အကြီးမှာ မောင်အို(စလင်းမင်းသားကြီးဖြစ်လာမည့်သူ)ဖြစ်သည်။ 
နန်းမတော်မယ်နု၏မျိုးရိုးမှာ ထောင်မှူးသမီး ၊ငါးစိမ်းသည်၊ ကုန်သည်မျိုးရိုး၊ မင်းမှူထမ်းမျိုးရိုးဟု အကွဲကွဲအပြားပြား ပေါက်ပန်းလေးဆယ်ပါးစပ်ရာဇဝင်များဖြင့်ရေးသားကြသော်လည်း တူညီစွာတူသည့် သေချာသည့်အချက်မှာကား မင်းမျိုးမင်းနွယ် နန်းတွင်းသူမဟုတ်ခြင်းပင်ဖြစ်သည်။ မယ်နု ငယ်စဉ်က အိမ်မှ လူကြီးမိဘများနှင့် တရွာမှတရွာသို့သွားလာရာ လမ်းတွင် ဇရပ်တစ်ခု၌အိပ်ကြ၏။

မယ်နုက ထမင်းချက်တာဝန်ယူ၍ ချက်ပြုတ်ရာ မနက်မိုးလင်းသော အခါ မယ်နုထမင်းချက်ခဲ့သောနေရာ၌ မှိုပွင့်ကြီးတစ်ပွင့်ပေါက်လာရာ လူကြီးများက အံ့ဘွယ်နိမိတ်ကောင်းဟု မှတ်ယူကြသည်။ 
မယ်နု နန်းတွင်းရောက်လာပုံမှာ ဘယ်သူမှ အတိအကျမသိသော်လည်း ရာဇဝင်များအရ ထူးခြားလှ၏။ အသက် ၁၂နှစ်သမီး မယ်နု မြစ်ဆိပ်၌ရေချိုးချိန်တွင် ရေလဲလုံချည်ကို စွန်ရဲတစ်ကောင်မှ ဘာမှတ်သည်မသိ၊ ချီယူသွားပြီး နန်းတော်အတွင်းရှိ မိဖုရားများစံပယ်ရာတောင်နန်းဆောင်၌ ပစ်ချထားခဲ့သည်။ ဘိုးတော်မင်းတရားက လုံချည်ပိုင်ရှင်ကိုရှာဖွေစစ်ဆေးကာ တောင်နန်းအပျိုတော်အဖြစ် ခန့်ထားလိုက်၏။

ဘိုးတော်ဘုရား၏ အမှတ်မထင်မြှောက်စားလိုက်သောလုပ်ရပ်မှာ အပျိုတော်တစ်ဦးအား
ခန့်ထားလိုက်သည်သာမဟုတ်ပဲ မြန်မာရာဇဝင်ကို ပြောင်းပြန်လှန်ကာ အရှုပ်တော်ပုံဖန်တီးမည့် အဓိက ဇာတ်ဆောင်နှင့်ဒါရိုက်တာတစ်ဦးအား " နန်းတွင်းကို လာမွှေစမ်းဟေ့" လို့ လက်ယက်လှမ်းခေါ် လိုက်သလိုသာဖြစ်ပြီး ထိုမှ အစပြု၏။ ထိုသို့ရောက်ရှိလာရာမှ မှန်နန်းရှင်ခေါ် ဘကြီးတော်စစ်ကိုင်းမင်းက အပျိုတော်များကြားထဲတွင် ထင်ထင်ရှားရှားဖြစ်နေသောမယ်နုကို ခေါ်ယူမြှောက်စားခြင်းဖြစ်သည်။ နန်းမတော်မယ်နု၏ ရုပ်ရည်လက္ခဏာမှာ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိသော်လည်း ကိုယ်ဟန်အနေအထားမှာမှူ ပြေပြစ်လှပတောင့်တင်း၍ သွားလာလုပ်ရှားမှူ ကိုယ်ဟန်အမှူအရာမှာလည်း သိမ်မွေ့၍ ထီးဟန်နန်းဟန်ရှိကြောင်းကိုတော့ ရာဇဝင်စာပေများ၊ အင်းဝရောက်အင်္ဂလိပ်သံအဖွဲ့များ၊ ကုန်သည်များ၏မှတ်တမ်းတင်ချက်များတွင် ညီညွတ်စွာမှတ်တမ်းတင်ခဲ့ပါသည်။

မယ်နုကိုမြှောက်စားစဉ်က ဘကြီးတော်စစ်ကိုင်းမင်းမှာအိမ်ရှေ့မင်းရာထူးသာရှိသေးပြီး မိဖုရားခေါင်ကြီးမှာ ဆင်ဖြုရှင်မယ်ဖြစ်သည်။ မိဖုရားကြီးဆင်ဖြူရှင်မယ်ရှေ့မှ ဘိုးတော်ဦးဝိုင်းမှာ (၁၇၈၂-၁၈၁၉)ထိ ၃၇ နှစ်တိုင်အောင် တဝကြီးနန်းစံသွားလို့ မိဖုရားခေါင်ကြီးမဖြစ်လိုက်ပဲ သူကဦးအောင် အရင်သေရှာသည်။ ထို့ကြောင့် ဘိုးတော်ဦးဝိုင်းက အိမ်ရှေ့မင်းအား မဟာဆီမဟာသွေးအချင်းချင်း အိမ်ထောင်ပြုလိုသည့် သဘောဖြင့် မက္ခရာမင်းသားကြီး၏သမီးတော်ဖြစ်သူ ပန်းတောင်းမင်းသမီးလေးနှင့် အိမ်ထောင်ပြုစေသည်၊ သို့သော်လည်း ထိုအချိန်က ပန်းတောင်းမင်းသမီးလေး၏အသက်မှာ (၈နှ)စ်အရွယ်သာရှိသောကြောင့် လက်ထပ်ပွဲမှာ လက်ထပ်ပွဲနှင့်မတူပဲ ကလေးထိန်းပွဲနှင့်တူသည်ဟု နန်းတွင်း၌ ရယ်စရာသာဖြစ်တော့သည်။ ထို့ကြောင့်လည်း ဘကြီးတော်စစ်ကိုင်းမင်းကောင်းစားသည့်အခါ ဘိုးတော်ဦးဝိုင်းမှာကြားချက်ကို လျစ်လျှူရှူကာ မယ်နုကိုပင် တောင်ညာစံမိဖုရားကြီးအဖြစ် မြှောက်စားခဲ့ခြင်းဖြစ်ဟန်တူသည်။

"မြန်မာ့သမိုင်းတွင် ထိုသို့ အသက် (၈နှ)စ်အရွယ်ကလေးဘဝနှင့် အတင်းအကြပ်အိမ်ထောင်ပြုရခြင်းမှာ ဤ ပန်းတောင်းမင်းသမီးလေးမှာ ပထမဆုံးတော့ မဟုတ်ပါပေ။ အင်းဝခေတ်မှ အိမ်ထောင်ငါးဆက်ပြုခဲ့သည့် မိဖုရားကြီးရှင်ဘို့မယ်သည်လည်း အသက်(၈)နှစ်အရွယ်မှာပင် အင်းဝဘုရင်မင်းခေါင်နှင့် ပထမအိမ်ထောင်ကိုပြူခဲ့ရကြောင်းကို သတိချပ်သင့်သည်။

ထိုသို့ ပန်းတောင်းမင်းသမီးလေးမှာ ဤမျှငယ်ရွယ်သော်လည်း မယ်နုအဖို့ မိမိ၏ရာဇပလ္လင်ကို ထိပါးလာနိုင်မည့်ဆူးငြှောင့်ခလုတ်လေးကိုတော့အလွတ်မပေး အခွင့်အခါရတိုင်း သတ်ဖြတ်ရန်သာ ချောင်းနေလေတော့သည်။ တစ်ခါသော် မယ်နု၏လူများဖြစ်ကြသော မင်းလုလင်များမှ ပန်းတောင်းမင်းသမီးလေးအားဖမ်းကာ ကျွန်းသေတ္တာကြီးထဲထည့်၍ပိတ်ထားရာ ဘယ်သူမှ ရှာမရဖွေမရနှင့် နန်းတော်တစ်ခုလုံးယောက်ယက်ခတ်ကုန်ပါတော့သည်။ နောက်ဆုံး မယ်နု၏ရန်ဘက် သာယာဝတီမင်းသားကြီးကိုယ်တော်တိုင် လိုက်ရှာသည့်အခါတွင်တော့ သေတ္တာကြီးအတွင်းတွင် အသက်မျော့မျော့လေးသာကျန်တော့သည့် နှမတော်မင်းသမီးလေးကိုတွေ့ကာ ကယ်တင်နိုင်တော့လေသည်။ သို့သော်လည်း ပန်းတောင်းမင်းသမီးလေးမှာ မယ်နုမှ လုပ်ကြံသည့်အထောက်အထားသာရှိပြီး လုပ်ကြံခံရပြီးသေသွားသည့်အထောက်အထားများကိုတော့ မတွေ့ရပါ။ နန်းတွင်းမှာလဲ အမျိုးနိမ့်သူ မိဖုရားခေါင်ဖြစ်လာတော့ ဓားထက်လို့သာကြောက်ရတယ် ဘယ်သူကမှ မယ်နုကို မကြည်ဖြူ မချစ်ခင်ပါဘူး။

ဒါ့အပြင် မယ်နုက သူ့မောင်အရင်းဖြစ်တဲ့ မောင်အိုကို စလင်းမြို့စားအရာထားပြီး နန်းတော်တွင်းမှာ သူရဲ့အာဏာစက်ကို ခိုင်မာအောင်တည်ထောင် အားမွေးပါတော့တယ်။ "တို့ဘုရားလည်းမယားဘက်ခပ်ပါပါဆိုသလို" ဘကြီးတော်မင်းဟာလည်း သူ့ယောက်ဖကို မယားမျက်နှာနဲ့မြှောက်စားလိုက်တာမှ ထိပ်တန်း မင်းညီမင်းသားစာရင်းသွင်း၊ လွှတ်တော်တက်ခွင့်ပေးတဲ့အပြင် ရွှေထီးရှစ်ချက်မိုးခစားခွင့်ပေးပါတယ်။ ရှေးခေတ်က မင်းသားတွေရဲ့အဆင့်အတန်းကို ဒီလို ထီးဆောင်းအရေအတွက် အနည်းအများကိုလိုက်ပြီး ခွဲခြားလေ့ရှိပါတယ်။ ညီတော် သာယာဝတီမင်းတောင်မှ ထီးဆယ်ချက်ပဲမိုးခွင့်ရှိတာဆိုတော့ သူ့ယောက်ဖမောင်အိုဟာ သူ့ညီအိမ်ရှေ့မင်းထက် မဆိုသလောက်သာနိမ့်တယ်ဆိုတဲ့ သဘောပေါ့။၊ ဒီလိုနဲ့ မဟာဆီ မဟာသွေး မျိုးရိုးလည်းမပါ၊ အရည်အချင်းကြောင့် မြှောတ်စားခံတာလည်း မဟုတ် အမတော်မျက်နှာတစ်ခုတည်းကြောင့် နန်းတွင်းရောက်လာတဲ့ အရှင်မွေးလို့နေ့ချင်းကြီးမောင်အိုဟာ တန်ခိုးထွားလာလိုက်တာမှ ကုန်းဘောင်မျိုးဆက်ကိုအပြုတ်နှံပြီး သူကိုယ်တိုင်ဘုရင်တက်လုပ်ဖို့ ကြံပါတော့တယ်။ ဒါ့အပြင် နန်းမတော်မယ်နုကိုမကျေနပ်သူတွေထဲမှာ ထိပ်သီးများဖြစ်တဲ့ ဆင်ဖြူမယ် ခမည်းတော်ပြည်မြို့စားနဲ့ ဘထွေးတော်တောင်ငူစားတို့ကို ဖမ်းဆီးချုပ်နှောင်၊ နောက်ပြီး တောင်ငူစားကို အဆုံးစီရင်လိုက်တဲ့နောက်ပိုင်းမှာတော့ မည်သူမျှ တုပ်တုပ်မလှုပ်ဝံ့တော့ပါဘူး။ မိဖုရားနဲ့ပတ်သက်တဲ့ နန်းတွင်းမကျေနပ်မှုလည်း ငြိမ်ဝပ်ပိပြားသွားခဲ့ပါတယ်။ နန်းမတော်မယ်နု မိဖုရားဖြစ်ချိန် တစ်လျှောက်လုံးနီးပါဟာ နိုင်ငံရေး လုံးဝ မငြိမ်သက်ခဲ့ပါဘူး။

ဒီနေရာမှာ စာရှူသူတို့နားမရှင်းမှာစိုးလို့ အဲဒီခေတ်က နိုင်ငံရေးအခင်းအကျင်းနဲကြီးသုံးကြီးတို့ ပါဝါပြိုင်ကြပုံကို ကြိုရှင်းထားပါရစေ။ ဘကြီးတော်မင်းပြီးနောက် နန်းညွန့်နန်းလျာဆက်ခံဖို့အခွင့်အရေးရှိသူထဲမှာ သာယာဝတီမင်းကတော့ ထိပ်ဆုံးကပင်။ သူ့မှာ သူကိုယ်တိုင်လဲ လက်ရုံးရည်နဲ့ပြည့်စုံသလို နောက်လိုက်အင်အားမိုက်ခဲများမှာလည်း ဇ မသေးလှ၊ သူ့ကိုသစ္စာခံသည့်နယ်ပယ်များမှာလည်း အများကြီးပင်၊ ထို့ကြောင့် ယနေ့ခေတ်စကားနဲ့ပြောရရင် လက်နက်အာဏာ(Military Power) ပိုင်ဆိုင်သူပေါ့။

နံပတ်နှစ်ကတော့ မယ်နု၏မောင် စလင်းမင်းသားကြီးမောင်အို။ သူကတော့ နန်းတွင်းမှာ လွှတ်ရုံးတတ် အခွင့်အရေး ရာထူးအတင်အချကိုလည်း စိတ်ကြိုက်ပြုလုပ်နိုင်သည့်အပြင် ဓားထက်လှသည့်အတွက် မှူးမတ်များ၊ အရာရှိအရာခံများကိုပါ အိတ်ထဲထည့် လက်ခုပ်ထဲကရေဖြစ်အောင်
စီရင်ထားနိုင်သည့် နိုင်ငံရေးအာဏာ(Political Power) ပိုင်ဆိုင်သူ

နံပါတ်သုံး စကြာမင်းသားခေါ် ညောင်ရမ်းမင်းသားလေးမှာတော့ မွေးဖွားစဉ်က စကြဝတေးမင်းတို့ ဘုန်းကြီးသည့်လက္ခဏာရပ်များဖြစ်ကြသော ဥက္ကာပျံ ငလျင်လှုပ် တော်လဲမြည်၊ လက်ဝါးများတွင် ..ခရုပတ်.. နှင့် ..မှဲ့ရှင်.. များ ထူးခြားထင်ရှားစွာ တွေ့ရ။ အချင်းစလွယ်သိုင်း။ ခုနစ်ရက်ရလျှင် မယ်တော်ကွယ်လွန်။ ဖွားဖက်တော် ခုနစ်ဦးလည်း ပေါ်။ ရုပ်ရည်လက္ခဏာအနေဖြင့်လည်း အင်မတန်ချောမောလှပ၍ နန်းတွင်းသူနန်းတွင်းသားများ၊ အောက်ခြေပြည်သူများက အလွန် ချစ်ခင်နှစ်သက်ကြသည့်မင်းသားလေး၊ တနည်းဆိုရသော် ပြည်သူ့အင်အား ၊လူထုအင်အား(People Power) ရှိတဲ့ သူ

သို့သော်လည်း နောက်ဆုံးမှာတော့ အချင်းချင်း အာဏာရူးနှင့် စိတ်ကူးယဉ်မှူတို့ကိုသာအခြေခံသည့် မောင်အို၊ မယ်နုနှင့် စကြာမင်းသားလေးတို့မှာ ရေချကွပ်မျက်ခြင်းသာ ခံလိုက်ရပြီး လက်တွေ့ဆန်လှသည့် သာယာဝတီမင်း၏လက်နက်အာဏာ(Military Power) သည်သာလျှင် အားလုံးကိုသိမ်းကျုံးကာ ဆော်ပလော်တီးသွားသည်ကိုတွေ့နိုင်သည်၊ ခေတ်တွေ အလီလီပြောင်းလာခဲ့ပြီဖြစ်သော်လည်း သဘောသဘာဝမှာမူ လက်တွေ့ဆန်ဆန်ရှိနေသေးသည်ကို ကျွန်တော်တို့မြန်မာပြည်သူများ သတိကြီးစွာထားသင့်ပေသည်။ ဤကား စကားချပ်

"မယ်နုနှင့် ကောလဟာလ"
အချို့သောမှတ်တမ်းမှတ်ရာများတွင် မယ်နုသည် စုန်းမကြီးဖြစ်သည်။ စုန်းအတတ်နှင့် လင်ဖြစ်သူ ဘကြီးတော်စစ်ကိုင်းမင်းအား ပြုစားထားသည်။ စလင်းမင်းသားကြီးမောင်အိုမှာလည်း မောင်အရင်း မဟုတ်၊ ငယ်ရည်းစားဖြစ်သည်ဟု ပါးစပ်ရာဇဝင်များဖြင့် အတော်ပင် ပြောကောင်းဆိုကောင်းရှိကြ၏။တကယ့်တကယ်တမ်း ဆင်ခြင်သုံးသပ်ကြည့်ရာတွင် ထိုခေတ်ထိုအခါကတည်းက မိမိ၏ နိုင်ငံရေးပြိုင်ဘက်ကိုအလဲထိုးရာတွင် ဝါဒဖြန့်မှူများ(propaganda)လည်း ရှိရ၏။ ယနေ့ခေတ်လို မီဒီယာ၊ဂျာနယ်၊ အင်တာနက်တို့၊ ဖေ့စ်ဘုတ်တို့ မပေါ်သေးသောကာလဖြစ်သောကြောင့် ဖေ့စ်ဘုတ်ပေါ် ပို့စ်တင်ရုံဖြင့် မဖြစ်နိုင်။

အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းမှာ လူများအကြား အတင်းလည်တုတ်တတ်သောလူများ ငှါးရမ်း၍ အရပ်တကာလှည့်ကာ မိမိပြိုင်ဘက်၏ငယ်ကျိုးငယ်နာဖော် အတင်းတုတ်ပြီး ကောလဟာလဖြန့်ခြင်းပင်ဖြစ်သည်။ ထိုထက်ကောင်းသောနည်းလမ်းတစ်ချို့မှာကား လက်စလက်နရှိသော တေးထပ်ဆရာ သီချင်းရေးဆရာများကိုအသုံးပြုကာ ကိုယ်အလိုရှိရာကို အတိတ်နိမိတ်ပြ တဘောင်လိုလိုတေးထပ်လိုလိုဖြင့် လူအများပါးစပ်ဖျားတွင် စွဲသွားအောင်ပြုလုပ်ခြင်း၊ နန်းတွင်း ရုပ်စုံအငြိမ့်များတွင် သီချင်းလုပ်ဆိုစေ၍ ရှင်ဘုရင်နားထိပေါက်ရောက်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ထိုကောလဟာလများမှာ သာယာဝတီမင်းဘက်မှ မယ်နုအားနည်းလျော့ပါးစေရန်ပြုလုပ်ခဲ့သောကောလဟာလများကို
နှေင်းလူတို့မှအဟုတ်ကြီးမှတ်ကာပြောဆိုနေခြင်းသာဖြစ်တန်ရာသည်။ မယ်နုတို့ဘက်မှလည်း သာယာဝတီမင်းအား သူခိုး၊ဓားပြ တေလေဂျပိုးများအား နောက်လိုက်အဖြစ်မွေးစားကာ ရှင်ဘုရင်ကို ပုန်ကန်ဖို့ကြံစည်နေကြသည်ဟု သတင်းလွှင့်ခဲ့ကြသည်မဟုတ်ပါကလား။

"နန်းတွင်းထိုင်ခုံလုပွဲနှင့် ပထမ အင်္ဂလိပ် - မြန်မာစစ်"

ဘကြီးတော်မင်း ဘိသိက်မင်္ဂလာဆင်ယင်သောအခါ၌ မဏိပူရ ရာဇာမတက်ရောက်ခြင်းသည် မြန်မာတို့ကိုမထီလေးစားပြု၍ ပုန်ကန်ခြင်းဖြစ်သည်ဟု နန်းတွင်းကလွဲ၍ ပထဝီနိုင်ငံရေးမသိရှာပဲ သွေးနားထင်ရောက်နေကြသော မယ်နု၊ မောင်အိုတို့လူစုမှလည်း စစ်ကိုင်းမင်းအား ကျပ်ပေးကြ၏။ ထိုသို့ဆေးထိုးခံ၊ အောက်စီဂျင်အပေးခံပြီး ဉာဏ်နည်းလွန်းလှသော ဘုရင်လုပ်သူကလည်း နောင်ကျဉ်သွားစေရန် မဏိပူရစော်ဘွားကို သင်ခန်းစာပေးရမည်ဖြစ်၍ မြန်မာတပ်ကြီးကို မဏိပူရသို့ "သွားကာ တိုက်စေ"ဆိုပြီး အမိန့်ပေးပါတော့သည်။ ထို စော်ဘွား နောင်ကျဉ် မကျဉ်တော့ မသိ၊ ထိုပြဿနာမှ အစပြုကာ အင်္ဂလိပ်တို့နှင့် နယ်စပ်ပြဿနာ အစပျိုး၍ ပထမ အင်္ဂလိပ် - မြန်မာ စစ်ဖြစ်ရကာ အာသံ၊ မဏိပူရသာမက ရခိုင်နှင့် တနင်္သာရီဒေသပါ အဆစ်ပေးလိုက်ရသည့်အပြင် စစ်လျော်ကြေး ၁ ကုဋေ အရစ်ကျနှင့် ရန္တပိုစာချုပ်ပါ အချက်များကို အောင့်သက်သက်နှင့်လိုက်နာခဲ့ရသည်သာ အဖတ်တင်သွားရ၏။

စစ်စဖြစ်ချိန်က သာယာဝတီမင်းသားက အောက်ပြည်အောက်ရွာကိုကာကွယ်လိုကြောင်း သူစုဆောင်းထားသည့်လူသူများနှင့် ရန်ကုန်သို့ချီတက်လာသည့် အင်္ဂလိပ်စစ်သင်္ဘောများကို ခုခံတိုက်ခိုက်လိုကြောင်းတင်ပြ၏။ နောင်တော်ဘုရင်ကလည်းသဘောတူကာ အမြန်စေလွှတ်စေချင်၏။ သို့သော်လည်း ရန်ဘက် စလင်းမင်းသားကြီးမောင်အိုနှင့်မှူးမတ်များက သာယာဝတီမင်းသားအား လက်နက်ဆင်၍လွှတ်လိုက်လျှင် ပုန်ကန်ကာ မိမိတို့ခေါင်းပြတ်မည်ကို အင်္ဂလိပ်အရေးထက် ပိုပြီးကြောက်ကြ၏။

သဘောမတူကြ။နောက်ဆုံးတွင်တော့ ယောက်ဖတော် ဦးအိုတို့ဘက်မှ စကားအနိုင်ရကာ သူတို့လူ မဟာဗန္ဒုလ ပြန်လာသည်အထိစောင့်ပြီးမှ သွားရောက်တိုက်ခိုက်စေဟု မယုတ်မလွန် အမိန့်ချလိုက်လေသည်။ သို့ဖြင့်ပင် ရခိုင်မှပြန်လာသည့်ဗန္ဒုလကိျုေစာင့်ရင်း ၅လ မကြာသင့်ပဲ ကြာသွားခဲ့သည်။ ထိုသို့အချိန်အတွင်း အင်္ဂလိပ်တို့ကလည်း ရွှေတိဂုံကုန်းတော်တစ်ဝိုက်ကို အခိုင်အမာတပ်စွဲပြီးဖြစ်ကာ အထက်မှဆင်းလာသည့်မြန်မာတပ်များကို အမြောက်နှင့် ဆီးကာထုရုံနှင့်ပင် အသာစီးရသွားတော့သည်။ လက်တွေ့တွင်မူ သာယာဝတီမင်းလို မင်းသားကြီးတစ်ပါးက သူ့လူတစ်သောင်းနှင့် အောက်အရပ်မှလှည့်ဝင်လာသောအင်္ဂလိပ်တပ်များကို ဆီးကြိုတိုက်ခိုက်ပါမူ မြန်မာတို့ဘက်မှ အလုံးစုံ မနိုင်စေကာမူ ဤမျှလောက် သိက္ခာကျစရာအကြောင်းမရှိ။

မြန်မာတို့ထက် သာလွန်ကောင်းမွန်သော အင်္ဂလိပ်တို့၏လက်နက်များကို နဖူးတွေ့ဒူးတွေ့ တွေ့လိုက်ရသော သာယာဝတီမင်းသားကြီးက စောစောစီးစီး စစ်ပြေငြိမ်းရန် နောင်တော်ဘုရင်ထံတင်ပြ၏၊ သို့သော်လည်း မောင်အို၊မယ်နုတို့မှလက်မခံပဲ စစ်ကိုသာထပ်တိုးတိုက်ရန် နန်းတွင်းမှ အခန့်သား အမိန့်သာတွင်တွင်ပေး၏။ ထိုမျှမကသေး ဖမ်းမိသောအင်္ဂလိပ်စစ်သုံ့ပန်းများအား သာယာဝတီမင်းသားက ကောင်းစွာထားလိုသော်လည်း မယ်နုတို့မှ တိတ်တဆိတ်သတ်ရန်ကြံသည်။ ထို့အတွက် နောက်ဆုံးရလဒ်ကား အပြောကြီးသောဗန္ဒုလလည်း ဓနုဖြူမှာ ကျ၊ အင်္ဂလိပ်တပ်တွေလည်း နေပြည်တော်နှင့် မိုင်၄၀သာဝေးသည့် ရန္တပိုရွာသို့ ရောက်တော့မှသာလျှင်
ညီတော်သာယာဝတီမင်း၏စကားကိုနာခံပြီး အပြေးအလွှား စစ်ပြေငြိမ်းရေးစာချူပ်ချုပ်ရတော့၏။

ထို အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲတွင် ထူးခြားချက်မှာကား ရခိုင်တိုင်းရင်းသားတို့သည် အင်္ဂလိပ်တို့ဘက်မှ စစ်ကူပေး၍ မြန်မာတို့အား ပြန်လည်တိုက်ခိုက်ကြသည်။ ဗြိတိသျှတို့သည် မြန်မာတို့အားတိုက်ခိုက်မည့် ရခိုင်စစ်တပ် တတပ်ကိုပင် ဖွဲ့စည်းနိုင်ခဲ့သည်။ သို့သော် ရခိုင်သားတို့သည် ရခိုင်ဒေသမှ မြန်မာတို့ ထွက်ခွာသွားစေရန်ကိုသာအလိုရှိသူများဖြစ်၍ မြန်မာတို့ဆုတ်ခွာရလျင်ပင် ဗြိတိသျှအုပ်ချုပ်မှုကိုလည်း အလိုမရှိဖြစ်ကြသော်လည်း အလွန်နောက်ကျသွားပြီဖြစ်ကာ ရခိုင်သားတို့မှာ ဘကြီးလည်း မမှီ ၊ထီးတင်ပွဲလည်း မတွေ့ဖြစ်သွားရရှာတော့သည်။

"မယ်နုတို့တန်ခိုးထက်ပြီ"
သာမန်အရပ်သူမှ ပြည့်ရှင်မင်း၏အချစ်တော်ဖြစ်ပြီးနောက်ပိုင်း တန်ခိုးထက်ပုံကတော့ မြန်မာတစ်နိုင်ငံလုံး" နု "ဆိုတဲ့ စကားလုံးကိုတောင် ပြည်သူများ သုံးစွဲခွင့် မရှိခဲ့ပါဘူး။ မန်ကျည်းရွက်တွေကိုခေါ်ရင်တောင်မှ နုနုထွဋ်ထွဋ်ဆိုတဲ့ စကားလုံးအစား အိအိထွဋ်ထွဋ် လို့သာ သုံးနှုံးရမယ်ဆိုသတဲ့။ အဲဒီအရင် ဘိုးတော်ဘုရားလက်ထက်တုန်းကတော့ ပလ္လင်ပေါ်မှာ ဘုရင်နဲ့မိဖုရားနှစ်ပါး လူရှေ့သူရှေ့မှာတွဲထိုင်ပြီး အပူဇော်ခံလေ့မရှိပါဘူး။ အဲဒီဓလေ့ထုံးစံလည်း မယ်နုလက်ထက်လောက်မှာတော်လှန်ခဲ့လို့ ပျက်ရတယ်နဲ့တူပါတယ်။ အင်္ဂလိပ်သံအဖွဲ့လာရောက်စဉ်က ပလ္လင်ပေါ်မှာ ဘုရင်၊မိဘုရားပါမကလို့ ကြားမှာ သမီးတော် ဘုစုခရုလေးပါတက်ထိုင်နေတာကို မှတ်တမ်းတင်သွားခဲ့တယ်။

ဘကြီးတော်စစ်ကိုင်းမင်းနှင့် နန်းမတော်မယ်နု၌ သားသမီးသုံးပါးထွန်းကား၏၊
(၁) သမီးတော်ကြီး ငယ်စဉ်က လွန်
(၂) ပလိုင်းရွာစားလေး ကျောက်ရောဂါဖြင့်ပင် အသက် ၆နှစ်၌ ကွယ်လွန်ပြန်
(၃) ငယ်အမည် မယ်သဲ( နောင်အခါ မင်းတုန်းမင်း၏မိဘုရား ဆင်ဖြုမရှင်ဟု ဖြစ်လာမည့်သူ) တို့ပင်ဖြစ်သည်။

မယ်နုအနေဖြင့် အတ္တကြီးခြင်း၊ မကောင်းကြံစည်ခြင်းတို့ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားခဲ့သော်လည်း သာသနာတော်အတွက်ချီးမြှင့်ခဲ့သော ကုသိုလ်တော်များလည်း မနည်းလှပါ။
(၁) အမရပူရ ပုထိုးတော်ကြီး
(၂) အင်းဝနန်းတွင်းမှ အုတ်ကျောင်း
(၃) မဟာသကျသီဟ ရုပ်ပွါးတော်
(၄) စစ်ကိုင်းမှ ရှင်ဖြူ ရှင်လှစေတီနှင့် စောင်းတန်း
(၅) အမရပူရမှ ကြေးချိန်တစ်သိန်း ခေါင်းလောင်း
(၆) ဖလံခုံရွာအနောက်တိုက် ဘုရားကြီး
(၇) ဗုဒ္ဓဂယာမှ မြန်မာဇရပ်တို့ပင်ဖြစ်သည်။

"မယ်နု၏ဇာတ်သိမ်း"
ဘကြီးတော်စစ်ကိုင်းမင်းသည်လည်း ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲနောက်ပိုင်းတွင် စိတ်နောက်ရှုပ်ထွေးကာ သူ့လက်ထက်တွင်မှ ကုန်းဘောင်ဆက်မြန်မာနိုင်ငံတော်ကြီး တစစီပဲ့ထွက်ရပါသည်ဟု စိတ္တဇဝေဒနာစွဲကပ်ကာ အုပ်ချုပ်ရေးပိုင်းကိုမကိုင်တွယ်နိုင်တော့ပဲ အစစအရာရာကို မယ်နုနှင့် စလင်း မင်းသားကြီးမောင်အိုတို့ဖြင့်သာ လွှဲအပ်ထားလေတော့သည်။ မိမိရဲ့ဆူးငြှောင့်ခလုတ်ဖြစ်တဲ့ သာယာဝတီမင်းကိုရှင်းချင်နေတဲ့မောင်အိုတို့လူစုအတွက်တော့ အကြိုက်ပေါ့။ ထုံးစံအတိုင်း ပါပဲ။ ဓားမြမှူဖြင့် အမှူဆင်ကာ သာယာဝတီမင်း၏ညီမတော်အရင်း ပုဂံမင်းသမီး၏ကျွန်အား မောင်အိုတို့လူစုမှ အမှူဆင်ဖမ်းရာတွင် ပါးနပ်သောသာယာဝတီမင်းက မောင်အိုတို့လူစုလက်မဦးခင် ရွှေဘိုသို့ သွားရောက်ရှောင်တိမ်းကာ စတင် ပုန်ကန်ပါတော့သည်၊ အဆုံးတွင်တော့ ပုန်ကန်မှူအောင်မြင်ပြီး ဘကြီးတော်စစ်ကိုင်းမင်းသည်လည်း နန်းကျ၊ မယ်နုနှင့်အတူ အကျယ်ချုပ်စံရ၊ မောင်အိုတို့လူစုမှာလည်း ထောင်ထဲရောက်နှင့် ဇာတ်သိမ်းရတော့သည်။ ဒါတောင်မှ အင်္ဂလိပ်တို့ကို စာလွှတ်ဆက်သွယ်၍ အင်္ဂလိပ်တို့အလိုရှိသမျှ အကုန်ပေးပါ့မည်။ ညီတော်အား အမြန်လာတိုက်၍ ဘကြီးတော်အား ပြန်လည်နန်းတင်ပေးရန် အကြံကြီးလိုက်ကြသေး၏၊

သို့သော်လည်း အင်္ဂလိပ်တို့က နန်းကျဘုရင်တပါးအနေဖြင့် ဂရုပင်မစိုက်တော့ပဲ ဘာအကြောင်းမှ မပြန်တော့သဖြင့် ခဲလေသမျှသဲရေကျရလေတော့သည်။ သာယာဝတီမင်းလည်း သဘောထားကြီးစွာဖြင့် ကောင်းမွန်စွာထားသော်လည်း အငြိမ်မနေ။ အပြင်မှ မောင်အိုတို့နောက်လိုက်များကပုန်ကန်ကြသောကြောင့် အမရပူရမြို့အကျဉ်းထောင်တွင်ချုပ်ထားသော စလင်းမင်းသားကြီးမောင်အို၊ မယား၊ သမီး၊ အတွင်းဝန် ငပါရောက်၊ မြို့လယ်ဝန် ငရေး၊ သံတော်ဆင့် ငရွှေသာ၊ ပခန်း ငရံမင်း၊ စာရေးကြီး ငပျို၊ တောင်ငူဝန် ငကူး၊ အဆောင်မြဲ ငထွန်းညိုတို့ကို သက္ကရာဇ် ၁၂၀၂ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်နေ့တွင် အပြစ်နှင့်အညီ တသီတတန်းကြီး ကွပ်မျက်လိုက်ခြင်းခံရပါသည်

အကောင်းမြင်ရှူထောင့်နဲ့ကြည့်ရရင် မယ်နုကိုတော့ သေခါနီး မင်းမျိုးမင်းနွယ်အဖြစ် အသိအမှတ်ပြုလိုက်ပြီး မဟာဆီမဟာသွေး မြေမကျရစေရန် ရေတွင်ဖျောက်ဖျက်ဖို့ အမိန့်တော်ရှိ၏။ မယ်နုကို ရေချဖို့ လမ်းတွင်ခေါ်လာရာတွင် တငိုငိုနှင့်လိုက်ပါလာသော သမီးတော်မယ်သဲလေး(နောင်တွင် ဆင်ဖြူမရှင်)အား လမ်းတွင် ပုဂံမင်း၏နှမတော်၊ မင်းတုန်းမင်း၏မိဘုရားခေါင်ကြီးဖြစ်လာမည့်စကြာဒေဝီမိဘုရားမှ လမ်းတွင်ဆွဲယူကာ မွေးစားခဲ့ရလေသည်။ နောက်ဆုံးအနေဖြင့် မယ်နုမှာ မိမိကိုးကွယ်သည့် ဆရာတော်ဦးဗုဒ်အားဖူးမြှော်ခွင့်ကို မြို့ဝန်နှင့်အာဏာပါးကွက်သားတို့အားခွင့်တောင်းရာ ခွင့်ပြုသောကြောင့် ကျောင်းသို့ရောက်အောင်ပို့ဆောင်လေ၏။ မယ်နု ကျောင်းသို့ရောက်သောအခါ ဆရာတော်မှာ စာကြည့်နေခိုက်ဖြစ်၏။ မယ်နုမှ ဆရာတော်အား နောက်ဆုံးဖူးမြှော်ရအောင် လာရခြင်းဖြစ်ကြောင်းလျှောက်ထားရာ ဆရာတော်ဦးဗုဒ်မှ ရာဇဝင်တွင်မည့်တရားကို ဤသို့ တိုတိုတုတ်တုတ် ဟောတော်မူ၏။

"ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည်" ဟူသတဲ့။

မယ်နုလည်း ဦးချပြီးပြန်ဆင်းလာရာ လှေကားအရောက်တွင် "တော်ပြီ၊ ငါသေဝံ့ပြီ၊ ငါသေရဲပြီ၊ငါသေပျော်ပြီ၊ ဆရာတော်ဘုရားကို နှစ်ပေါင်းများစွာကိုးကွယ်လာတာ ဘယ်အခါမှ ငါ့နာမည်တပ်၍ စကားမပြောဖူးဘူး။ ဤကဲ့သို့ စာကြည့်ရာမှနေ၍ငါ့ဘက်သို့လှည့်၍ ကြည့်သည်ဟူ၍လည်းမရှိ၊ သည်ကနေ့မှပဲ ငါ့ဘက်လှည့်တယ်။ ငါ့နာမည်ကို ခေါ်တော်မူတယ်။ ဟောလိုက်တဲ့တရားကလည်း ဟဲ့ မိနု၊ သူ့ကြွေးရှိရင် ဆပ်ရလိမ့်မည် တဲ့။ တော်ပြီ၊ သေလမ်းဖြောင့်ပြီ၊ ငါ့ကိုဆရာတော်က သေစရိတ်ပေးလိုက်ပြီ" ဟု ထပ်တလဲလဲပြောကာ ဝမ်းမြောက်ဝမ်းသာစွာနှင့်ပင် အာဏာပါးကွက်သားတို့၏ခေါ်ဆောင်ရာကို ပျော်ပျော်ကြီးလိုက်ပါသွားလေတော့သည်။

တစ်ချိန်က နန်းတွင်း၌ဓားထက်ခဲ့သော မိဖုရားခေါင်ကြီးနန်းမတော်မယ်နုမှာကား သူနှင့် သူ၏ လင်တော်မောင် ဘကြီးတော်စစ်ကိုင်းမင်း၏အကျယ်ချုပ်စံမြန်းရာ နန်းတွင်းအိမ်တော်နှင့်သိပ်မဝေးလှသော တောင်သမန်အင်းရေပြင်ရဲ့အရှေ့မြောက်ထောင့် မယ်ဘယက်ကုန်းကမ်းစပ်မှာ ကတ္တီပါအိတ်အနီအတွင်းထည့်သွင်းပြီး ရေချကွပ်မျက်ခဲ့ပါတော့သည်။ ။ ဆက်ရန်

ကိုးကား
-မြန်မာနိုင်ငံရေး သမိုင်း ဒုတိယတွဲ၊ပထမပိုင်း
-ညိုမြ (ကုန်းဘောင်ရှာပုံတော်)
-ကုန်းဘောင်ခေတ်စစ်တမ်း (မောင်သော်)
-ဒဂုန်ခင်ခင်လေး(ရာတနာပုံ၏ နိဒါန်းနှင့် နိဂုံး)

လေးစားစွာဖြင့်
အတီး(ဝါးလုံးရှည်)

ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော် (မင်းဝေ)

0 comments
ကာချုပ်နဲ့စစ်တပ်မျက်နှာကို ကြည့်နေရသော အစိုးရနဲ့လွှတ်တော်
မင်းဝေ
(အရေးတော်ပုံဂျာနယ်၊ အတွဲ(၂) အမှတ် ၇)
 “ရာနှုန်းပြည့်သာ အနိုင်ရအောင်မဲပေးပါ၊ ကျန်တာ ကျွန်မတို့ ကြည့်လုပ်ပါ့မယ်”ဆိုတဲ့ ဒီချုပ်အစိုးရ ကြည့်လုပ်နေရတဲ့ပုံပါပဲ။

လတ်တလောပေါ်ပေါက်ဖြစ်ပွားလာနေတဲ့အခြေအနေတွေရဲ့ဖိအားမျိုးစုံက
ဒီချုပ်အစိုးရအဖို့ (ကာလုံ)အစည်းအဝေးမဟုတ်သော်လည်း ကာလုံကိစ္စတွေကို
အဆုံးအဖြတ်ပေးကြတဲ့ အထူးအစည်းအဝေးခေါ်ကြရတဲ့အနေအထားကို
ဆိုက်ရောက်သွားစေပါတယ်။

အစည်းအဝေးအစီအစဉ်ကို ကြည့်ပြန်တော့လည်း
စစ်တပ်နဲ့သက်ဆိုင်တာတွေချည်းအဓိက ဖြစ်နေတယ်။
ကြည့်ရတာ “အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်းသည့်အထူးအစည်းအဝေး”ဆိုတဲ့ ဒီအစီအမံကို
ဒီချုပ်အစိုးရဘက်က အရေးပေါ် ထွင်လိုက်ရတာပဲလို့ယူဆပါတယ်။

ဒါဟာ လက်တွေ့အားဖြင့် ၁၁ ဦးပါ(ကာလုံ)ကို ရှောင်လွှဲလိုက်တဲ့သဘောလို့မြင်တယ်။ (ကာလုံ) အစည်းအဝေးသာခေါ်ရင် ဒီချုပ်အစိုးရရဲ့အဆုံးအဖြတ်အခန်းက အားနည်းလှတယ် မဟုတ်လား။ ၁၁ ဦး(ကာလုံ)မှာ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီးပဲ ဒီချုပ်အစိုးရဘက်က ပီပီပြင်ပြင်
ရပ်တည်မယ့်သူရှိတာ မဟုတ်လား။ အကယ်၍ ၁၁ ဦးပါ (ကာလုံ)အစည်းအဝေးသာခေါ်လိုက်ရင် အစည်းအဝေးရလဒ်ဖြစ်တဲ့ “သမ္မတရုံးသတင်းထုတ်ပြန်ချက် (၁/၂၀၁၆)” ထဲက ဝေါဟာရတွေ၊ အသုံးအနှုန်းတွေ၊ လေသံတွေက အခုလိုမဟုတ်ဘဲ၊ တမျိုးတမည်ပြောင်းလဲသွားနိုင်တယ်လေ။

စစ်တပ်ဘက်က“အကြမ်းဖက်တိုက်ခိုက်မှု”ကို မီးကုန်ယမ်းကုန်လုပ်ချင်ပုံရတယ်။ ဒါမျိုးတွေကို ဒီချုပ်အစိုးရက ပါးချပ်တပ်ပေးရတာလား၊ အမြီးဆွဲရတာလား တစ်ခုခုပဲ။ ဒါတွေကို ညှိပြီးမှ ဒီသတင်းထုတ်ပြန်ချက် ထွက်လာတာပါ။ ဒီလိုညှိကြရတယ်ဆိုတာကို အစိုးရပြောခွင့်ရက ဖုံးကွယ်မထားပါဘူး။
“အစိုးရနဲ့တပ်မတော် ကြေကြေလည်ဖြစ်အောင်ဆွေးနွေးပြီးမှထွက်လာတာ”
လို့ဆိုပါတယ်။

ကြံ့ဖွံ့ပါတီဥက္ကဋ္ဌသစ် (ဗိုလ်)ဦးသန်းဋ္ဌေးရဲ့သဘောထား၊ အရေးအသားနဲ့
သုံးနှုန်းထားတဲ့စကားလုံးတွေကိုပဲ သာဓကဆောင်ပါရစေ။
- “ပဒေသရာဇ်ခေတ် ပြည်ထောင်စုတပ်မတော်က ရာမူးပန်းဝါဒေသထိ
အောင်မြေချဲ့ကာ ကုလားဖြူကုလားနက်တို့၏ ခန့်ညားလေးစားမှုရယူခဲ့သည် ”--- တဲ့။
- “မြန်မာအင်္ဂလိပ်တတိယစစ်ပွဲကာလ၊ ကျူးးကျော်သူကိုခုခံချေမှုန်းရန် စနစ်တကျစုဖွဲ့စစ်ပြင်နေသည့် မြန်မာ့တပ်မတော် ရှေ့တန်းတပ်မှူးတပ်သားများထံ ရွှေနန်းတော်က အမိန့်စာတစ်စောင် ရောက်ရှိခဲ့သည်၊ ‘အင်္ဂလိပ်တပ်များကို ခုခံတိုက်ခိုက်ခြင်း မပြုရ ၊ ခုခံသူကို သူပုန်ဟုသတ်မှတ်မည်’ နယ်ချဲ့ပရိယာယ် စစ်ပရိယာယ်များကိုနားမလည်သောနိုင်ငံရေးသမား၏ မိုက်မဲမှားယွင်းသောအဆုံးအဖြတ်နှင့်ညွှန်ကြားမှုက တစ်မျိုးသားလုံးကို အလွယ်တကူ ကျွန်ဖြစ်စေခဲ့သည်” တဲ့။

ဗိုလ်သန်းဋ္ဌေး ဒီသဘောထားနဲ့အသုံးအနှုန်းတွေက ဗိုလ်သန်းဋ္ဌေးတစ်ဦးချင်းရဲ့
သဘောထားသာမကဘူး၊ စစ်အုပ်စုဝင်အားလုံးရဲ့သဘောထားကိုပါ တိုက်ရိုက်ထင်ဟပ်ပြနေတာဖြစ်ပါတယ်။ ဒါဟာ စစ်အုပ်စုရဲ့အခြေခံသဘောထားပါပဲ။ ကြံ့ဖွံ့ပါတီဟာ ဒီသဘောထားကိုကိုင်စွဲပြီးလှုပ်ရှားနေမှာလည်း သေချာပါတယ်။
ကြံ့ဖွံ့ပါတီသာအာဏာရထားချိန်ဆိုရင် ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရဲ့ဒီသဘောထားတွေဟာ
ကြံ့ဖွံ့အစိုးရသဘောထားနဲ့ လက်တွေ့ကျင့်သုံးမယ့်ပေါ်လစီတွေဖြစ်လာမှာသေချာပါတယ်။ ဒီသဘောထားနဲ့ပေါ်လစီတွေကို စစ်တပ်ဘက်ကလည်း နှစ်ကိုယ့်တစ်စိတ် ပစ် ထောက်ခံမှာဖြစ်ပါတယ်။

ရွေးကောက်ပွဲရှုံးနိမ့်ထားရတဲ့အနေအထားမို့သာ ဆိုရှယ်မီဒီယာပေါ်ကနေ
အခုလိုမဖြစ်ညစ်ကျယ် ရေးသားနေတာပါ။ စစ်အုပ်စုချင်းဆိုတော့ ဘယ်စကားလုံး သုံးရမယ်ဆိုတာ သိတယ်။ သူရေးတာထဲမှာ ဖုံးကွယ်မထားနိုင်တဲ့အချက်တစ်ခုကတော့ နိုင်ငံရေးသမားတွေကိုမုန်းတီးတဲ့အာဃာတကို
ဖုံးကွယ်မထားဘူးဆိုတဲ့အချက်ပါပဲ။
ဗိုလ်သန်းဋ္ဌေးတို့ အာဃတထားတဲ့ နိုင်ငံရေးသမားဆိုတာတွေထဲမှာတော့
“ဂျီဟတ်စစ်ပွဲ”လို့ သဘောထားထုတ်ပြန်ချက်ထဲထည့်ရေးတဲ့ နိုင်ငံရေးပါတီနဲ့
နိုင်ငံရေးသမားတွေတော့ မပါဘူးထင်ပါတယ်။ ဒီပါတီက ကြံ့ဖွံပါတီနဲ့
ညီနောင်မဟာမိတ်တွေမဟုတ်လား။

သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာ အချက် ၁၂ ချက်ပါသော်လည်း တိတိကျကျ
ကိန်းဂဏန်းနဲ့ဖော်ပြတာဆိုလို့ သေကျေ ဒဏ်ရာစာရင်း၊ လက်နက်ဆုံးရှုံးစာရင်း၊
ဖမ်းမိသူ၊ သိမ်းဆည်းရတဲ့လုပ်သေနတ်ပစ္စတို (သုံးမရ)တစ်လက်ဆိုတာမျိုးတွေလောက်သာ ပါရှိတာပါ။ ကျန်တာတွေကတော့ ဝေဝေဝါးဝါးပဲ။

အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်များ၏ ငွေကြေးထောက်ပံ့မှု
အလုံးအရင်းယူခဲ့တယ်လို့ဆိုသော်လည်း ဘယ်နိုင်ငံ၊ ဘယ်သူလို့ တိတိကျကျမဖော်ပြပါဘူး။ ငွေကြေးထောက်ပံ့မှုဆိုတာမှာလည်း လူတဦးဆက်သွယ်မှုဖြင့်
လျို့ဝှက်ဆောင်ရွက်ခဲ့တယ်လို့ လုံးထားပြန်တယ်။ သိမ်းဆည်းရမိတဲ့လက်နက်တွေဆိုလို့ ကြည့်ပြန်တော့လည်း ဓားတွေပဲ တွေ့ရပါတယ်။
အရှေ့အလယ်ပိုင်းနိုင်ငံတချို့ကနေ ငွေကြေးထောက်ပံ့မှု အလုံးအရင်းနဲ့ယူထားတယ်ဆိုတဲ့ “(RSO) အကြမ်းဖက်အဖွဲ့နဲ့ဆက်နွယ်သော အကာလ်မူလ် မူဂျာဟီဒင်န် (Aqa Mul Mujahidin ) အဖွဲ့” ဟာ ဒီလို ဓားလွတ်တွေပဲကိုင်နိုင်သလားလို့မေးခွန်းထုတ်စရာနဲ့ ရယ်ပွဲ ဖွဲ့စရာဖြစ်လို့နေပါတယ်။
ဓားလွတ်ကိုင်ပြီး စခန်းဝင်စီး၊ လူသတ်၊ သေနတ်သိမ်းသွားတယ်ဆိုတဲ့အဖြစ်ကလည်း ဗိုလ်သန်းဋ္ဌေး၊ ဗိုလ်ခင်ရီ၊ တက္ကသိုလ်မြတ်သူတို့ရဲ့ ရာမူးပန်းဝါဇာတိမာန်ကို အိုးမဲသုတ်ခံရတာမို့ အလွန်ကိုပဲ မချိမခံသာဖြစ်ကြမှာပါ။

ဒီချုပ်အစိုးရနဲ့စစ်တပ်အကြားမှာ အမြင်မတူတာတွေ၊ ပွတ်တိုက်မှုတွေက ပြဿနာတိုင်း၊ ဖြစ်ရပ်တိုင်းမှာ ရှောင်လွှဲမရနိုင်ဘဲ ထိပ်တိုက်ကိုကြုံနေရတာပါ။
ဆက်ပြီးတော့လည်း ကြုံနေကြရဦးမှာပါ။

ဒီချုပ်အစိုးရဘက်က “သင့်မြတ်ရေး/သဟဇာတဖြစ်ရေးမူ”ဆိုတာနဲ့ လျှော့လျှောပေါ့ပေါ့လုပ်ပြီး ကိုင်တွယ်နေတာကိုလည်း သတိပြုမိပါတယ်။

လွှတ်တော်ထဲမှာလည်း အလားတူပါပဲ။ “ တပ်မတော်သားတွေပါဝင်နေမှုကြောင့် လွှတ်တော်လုပ်ငန်းတွေ အခက်အခဲမရှိပါဘူး” ဆိုတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးဦးဝင်းမြင့်ရဲ့လေပြေထိုးသံကိုလည်း ကြားလိုက်ကြရမှာပါ။

အစိုးရနဲ့လွှတ်တော်ဟာ “ ကာချုပ်နဲ့စစ်တပ်” ရဲ့မျက်နှာကိုကြည့်ပြီး လုပ်နေရတယ်ဆိုတာကလည်း စည်းကမ်းပြည့်ဝသောဒီမိုကရေစီစည်းဝိုင်းထဲမှာ လွှဲရှောင်လို့မရတဲ့ ပကတိအခြေအနေတစ်ရပ်ပဲ မဟုတ်ပါလား။