(မသေခင်က)
သေတာရဲ့ဟိုဘက်မှာ
ဘာရှိတယ်မရှိဘူးဆိုတာကို ငယ်ငယ်က ခနခန တွေးဖူးတယ်။
ရှိတယ်ဆိုတဲ့သူတွေပြောပြတာတွေမှာတော့ လိုချင်စရာတွေတပုံကြီးပဲ။ ဒါပေမယ့်
အဲ့ဒါတွေရချင်ရင် ဒီဘဝဆိုတဲ့ဟာနဲ့ အလဲအလှယ်လုပ်မှရတဲ့။ ဒီဘဝရဲ့
ဘာတွေနဲ့လဲလှယ်ရမတုန်းဆိုတော့ ဘဝတဏှာအပါအဝင် သူတို့သတ်မှတ်ထားတဲ့
“မကောင်းမှု“ဆိုတာတွေအကုန်လုံးနဲ့တဲ့။ ကိုယ်က
ဘဝကိုတပ်မက်တွယ်တာစိတ်အပြည့်နဲ့ဖက်တွယ်ထားသူဆိုတော့ မလဲနိုင်ဘူး။
မလဲရက်ဘူး။ ဒါနဲ့ သေတာရဲ့ဟိုဘက်မှာ ရှိသေးတယ်ဆိုတာကို ခင်ဗျားကို
ဘယ်သူပြောတာလဲဆိုတော့ ဘုရားဟောကွ ဘုရားဟော၊ ကျမ်းဂန်တွေထဲမှာလည်းပါတယ်တဲ့။
ဘုရားဟောဆိုတာကိုမှန်တယ်လို့ ခင်ဗျားက ဘာလို့အတိအကျပြောပြီးလက်ခံရတာလဲ၊ ဘယ်လိုလုပ်သိသလဲလို့မေးကြည့်တော့ ဆွဲထိုးတော့မတတ်ဒေါသတွေထွက်သွားတယ်။
ဒီတော့
တွေးမိတယ် လူတွေဟာ ဘာမှန်းမသိခင် မိခင်ဝမ်းကကျွတ်ကတည်းက
အဆင်သင့်ရှိပြီးသားယုံကြည်ရာမှာ ကိုးကွယ်ဖို့ အသွန်သင်ခံရတာပဲ။
အသွပ်သွင်းခံရတာပဲ။ သူတို့ မသိခင်ကတည်းက သေသည်၏အခြားမဲ့ဆိုတာ
ရှိနှင့်ပြီးသားပဲ။ သူတို့ယုံကြည်တဲ့ပုဂ္ဂိုလ်တဦးဦးကပြောရင်
ပြောသမျှအကုန်မှန်တယ်လို့ အသေစွဲမှတ်ပြီးသားပဲဆိုပြီး။ သူတို့အဖို့ရာ
ဘဝဆိုတာ သေချာပြီးသား။ သူတို့နေမယ်။ ပြီးရင်သေမယ်။ သေပြီးရင်လည်း ဟိုဘက်မှာ
လားရာက အဆင်သင့်ရှိပြီးသား။ ဘာပြီးရင် ဘာဖြစ်မယ်။ ဘာလုပ်ရင် ဘာရမယ်ဆိုတာ
ကျိန်းသေပြီးသား။ ဘဝဟာ ဘယ်လောက် စိတ်လက်ချမ်းသာစရာ ကောင်းလဲ။ တသက်လုံး
သူတို့ပြောတဲ့မကောင်းမှုတွေလုပ်ခဲ့သူတောင်မှ မသေခင်လေးအချိန်ရလို့
နောင်တရခဲ့ရင် ဒါမှမဟုတ် ဆောက်တည်ရာမှာ ခနလေးစွဲမြဲမိလိုက်ရင် လားရာဟာ
သုဂတိဖြစ်တာပဲ။ ကိုယ့်မှာသာ ခုထိ ဟိုဖတ် ဒီဖတ် ဟိုမေးဒီမေး
ဟိုတွေးဒီတွေးနဲ့ လေအတိုက်မှာ လဲအိပ်ဖွင့်လိုက်သလို ဘဝဟာအတွေးတွေနဲ့
ဖွားကနဲဖွားကနဲ။
အောက်တိုဘာ ၂၇၊ ၂ဝ၁၆
မျိုးမြင့်ချို
0 comments:
Post a Comment