Monday, October 31, 2016

မိုးသည်းသည်း၌ကားမောင်းခြင်း (မျိုးမြင့်ချို)

0 comments
(မိုးသည်းသည်း၌ကားမောင်းခြင်း)

တနေ့က ရှီကားဂိုးကို တခေါက်ပြန်ရောက်တယ်။ ၅ ရက်အတွင်း ၂ ခေါက်ရောက်ဖြစ်သွားတာပါ။ ဆီယက်တဲလ်ပြန်မယ့် ဧည့်သည်တယောက်ကို အိုဟဲယားလေဆိပ်ကို လိုက်ပို့တာပါ။ အပြန်မှာ မိုးတွေသည်းလိုက်ပုံက လန့်စရာကြီး။ အသွားတုန်းကတော့ ဇနီးကမောင်းတာ။ မိုးကလေး ခတ်ဖွဲဖွဲဆိုတော့ ဘာမှသိတ်ကိစ္စမရှိဘူးပေါ့။ အပြန်လည်းကြရော လေဆိပ်ကထွက်ကတည်းက ရွေပစ္စုန်က သည်းကြီးမည်းကြီးကိုချနေတာ။ မိုးချုပ်နေဝင်လို့ မှောင်လည်း မှောင်နေပြီ။

ဒါနဲ့ ကိုယ့်စိတ်ထဲ ညဘက်မှောင်မည်းကြီး မိုးသည်းသည်းထဲမှာ ကားမောင်းချင်စိတ်ပေါက်လာတယ်။ ဒါနဲ့ ငါတလှည့်မောင်းမယ်ကွာ ဖို့တ်ဝိန်းအထိဆိုတော့ ဇနီးက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ ဖြစ်ပါ့မလား။ မိုးချုပ်နေပြီ မိုးတွေကလည်း ဒီလောက်ကြီးနေတာတဲ့။ ရပါတယ် ခါတိုင်းထက် သတိ ၂ ဆ ထားပြီးမောင်းမယ်။ ဒီလိုမှ မမောင်းရင် ဒီအခွင့်အရေးမျိုး ဒီအတွေ့အကြုံမျိုး ရဖို့မလွယ်ဘူးလေ။ ငါက ညဘက်တော့မောင်းတာတွေတော့ ရှိပါရဲ့။ ဒါပေမယ့် ခုလိုမျိုး မိုးသည်းသည်းမှာမှမဟုတ်တာ။ ခု အခွင့်အလမ်းလေးရတုန်း မောင်းကြည့်ချင်တယ်။ ချောချောမောမော ဖို့တ်ဝိန်းပြန်ရောက်သွားတော့လည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးလာတာပေါ့။ တကယ်လို့ မချောမောတော့ဘူးထင်ရင် နင့်ကို ငါပြောမယ်လေ၊ နင်ဆက်မောင်းပေါ့ဆိုတော့ အေးကောင်းသားပဲဆိုပြီး ရှိကားဂိုးကထွက်ပြီး ယူအက်စ် ၃ဝ နားလည်းရောက်ရော အရေးပေါ်မီးဖွင့် လမ်းဘေးခနထိုး လူချင်းနေရာလဲပြီး ကိုယ်စမောင်းလာလိုက်တာ ဖို့တ်ဝိန်းက ညီမအိမ်အထိပဲ။ မောင်းချိန် ၂ နာရီကျော်ပဲ။

လမ်းမှာ အခက်အခဲတွေတော့ အများသားပဲ။ မိုးသည်းတာ၊ လမ်းက မီးရောင်ရောင်ပြန်ဟပ်တာ၊ နောက်ကားမီးက နောက်ကြည့်မှန်ကတဆင့် မျက့်စေ့ကိုထိုးတာ၊ မျက်နှာချင်းဆိုင်း ကားရှေ့မီးကြီးတွေ စူးတာ၊ ကျော်တက်တဲ့ ထရပ်ကားကြီးတွေဆီက စင်ထွက်လာတဲ့ ရေမှုန်ရေမွှားတွေကြောင့် ရှေ့မြင်ကွင်းပျောက်သွားတာ၊ တချို့နေရာတွေမှာ ရေဝပ်လို့ ဘီးနည်းနည်းချော်ချင်တာ စတာတွေပါ။

လက်တဘက်ခြေတဘက် မျက်စေ့တလုံးတည်းဆိုတော့ ခြေကောင်းလက်ကောင်းမျက်စေ့ကောင်းတွေထက် ပိုပင်ပမ်းတာတော့ အမှန်ပါပဲ။ တခါတလေ မိုးလေးတချက်အပါးမှာ တနာရီ မိုင်ခြောက်ဆယ်မောင်းရမယ့်နေရာတွေမှာ မိုင် ၇ ဆယ်လောက်အထိ တင်မောင်းတော့ ဇနီးက မိုင်ခွက်ကြည့် မိုင်ခွက်ကြည့်လို့သတိလှမ်းလှမ်းပေးတယ်။ ကိုယ်ကလည်း မိုးပါးတုန်းလေးမို့ ဖိနင်းတာ။ သူစိုးရိမ်တော့လည်း ပြန်လျှော့ရတာပါပဲ။ တခါတလေများ ထရပ်ကားကြီးတွေ လေးငါးခြောက်စီးကို ဆက်တိုက်ကျော်တက်ရရင် စတီယာရင်ကိုင်ထားတဲ့လက်တင်မက မျက်နှာ လည်ပင်း ရင်ဘတ်တွေမှာပါ ချွေးစီးတွေနဲ့ ထန်းလာတယ်။ ဒီလိုနဲ့ နောက်ဆုံးတော့ ဖို့တ်ဝိန်းကို ဘေးမသီရန်မခပြန်ရောက်လာကြတယ်။

ညီမအိမ်ရောက်လို့နာရီကြည့်တော့ ဆယ်နာရီခွဲနေပြီ။ လူလည်း ချွေးပြန်နေပြီ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုတော့ တိုးခဲ့တာပါပဲ။
အောက်တိုဘာ ၂၈၊ ၂ဝ၁၆
(မျိုးမြင့်ချို)

0 comments:

Post a Comment