Tuesday, July 18, 2017

ကညွှတ်ကွင်းအိမ်ပြေး၁၄(မျိုးမြင့်ချို)

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၁၄) ခနနေတော့ အမေခက ဒယ်အိုးအဖုံးကိုဖွင့် ဆားမြည်းပါသည်။ အနေတော်ဘဲပြောပြီး ဒယ်အိုးကိုင်း ၂ ဘက်ကို လက် ၂ ဘက်နှင့်ကိုင်ကာ လှုပ်ပေးလှည့်ပေးပါသည်။ မမွှေပါ။ ဒယ်အိုးကိုပြန်အုပ်ရင်း နင့်အဖေက ဒန်အိုးနဲ့ချက်တဲ့ထမင်းဆို ဘယ်တော့မှ မစားဘူး။ မြေအိုးနဲ့ချက်တာဘဲစားတယ်ဟုပြောကာ မြေအိုးထဲဆန်ထည့်၊ ဆန်ဆေးပြီး မြေအိုးအဖုံးလေးပိတ်ကာ ငါးနုသန်းဟင်း ဆီအပြန်ကိုစောင့်နေပါသည်။

ပြီးတော့မှ လူလေး အဖေအမေတွေက ဘာလုပ်ကြလဲ။ လူလေးမှာ ညီအကိုမောင်နှမတွေရှိလားဟု မေးပါသည်။ ကျနော်လည်း အမှန်တဝက် မုသားတဝက်နှင့် သူ့အမေးကို ပြန်ဖြေပါသည်။ ဤနေရာတွင် ကျနော် မုသားသုံးရခြင်းမှာ အမေခကို စိတ်မဆင်းရဲစေချင်ခြင်းကြောင့် ဖြစ်ပါသည်။ အိမ်လိပ်စာကိုလည်း လှီးလွဲ၍ပြောပါသည်။ ကျနော့်ဘဝအမှန်တွေကိုပြောလိုက်လျှင် အိမ်လိပ်စာအမှန်ကိုပြောလိုက်လျင် ကျနော့်ကို အိမ်ပြန်ပို့မှာစိုးသည့်စိတ်ကြောင့်ဖြစ်ပါသည်။

ကျနော် ရောက်လာသည်မှာ ၂ ရက်ပင်မပြည့်သေးသော်လည်း ဤနေရာတွင် အမေခတို့ အဖေကိုဖိုးထောင်တို့နှင့် ခွေးတွေကြောင်တွေ နွားတွေကြက်တွေနှင့် ပျော်နေပြီဖြစ်ပါသည်။ ကျနော် ကျောင်းလည်း မတက်ချင်တော့ပါ။ ကျနော် ဒီမှာ အမေတို့အဖေတို့နဲ့နေရတာ ပျော်တယ်။ ကျနော် အိမ်လည်းမပြန်ချင်ဘူး။ ဒီမှာဘဲနေတော့မယ်ဟုပြောတော့ အမေခက လူလေးရယ် သားရယ်ဟုပြောကာ မျက်ရည်တွေလည်နေပါသည်။ နေတာက နေလို့ရတယ်။ တသက်လုံးတောင် အမေတို့က နေစေ့ချင်တာ။ ဒါပေမယ့် လူလေးရုပ်ကလေးက သန့်သန့်ပြန့်လေး၊ စကားပြောတော့လည်း ယဉ်ယဉ်ကျေးကျေးလေး၊ လူလေးဟာ ဘယ်လိုမှ လက်လုပ်လက်စားသားသမီး မဖြစ်နိုင်ဘူး။ တောမှာလည်း ကြာကြာနေနိုင်မှာ မဟုတ်ဘူး၊ တော်ကြာနေ လူပျောက်အမှုတွေဘာတွေနဲ့ အမေတို့ဆီလာပြီး ပြဿနာတွေ တက်မှာစိုးတယ်ဟုပြောကာ အသံတွေတုန်နေပါသည်။ ကျနော်လည်း ဘာမှဆက်မပြောတော့ပါ။ အမေခကလည်း ဆက်မမေးတော့ပါ။

ထိုအချိန်တွင်း ငါးနုသန်းဒယ်ထဲမှ ဖျစ်ဖျစ် ဖျစ်ဖျစ်မည်သံလေးတွေ ထွက်လာပါသည်။ အမေခက အိုးအဖုံးဖွင့်ရင်း တချက်နှစ်ချက် လှည့်ပေးလှုပ်ပေးပါသည်။ အကြေးထိုးထားပြီးသား ငါးပနော် တကောင်ကိုလည်း ဖက်ရွက်တရွက်ထဲထည့်ထုပ်ကာ ကြိုးစည်းပြီးမီးဖုတ်သလို၊ ခရမ်းချဉ်းသီးတလုံးလည်း မီးထဲ ဒီအတိုင်း ပစ်ထည့်ပါသည်။ ပြီးတော့မှ ကြောင်အိမ်ထဲက ပုဇွန်ဆိတ်လှော်တွေ ထည့်ထားသည့်ပန်းကန်ကို သွားထုတ်၊ မိုးမျှော်ငရုပ်သီးစိမ်းလေးတွေ အညှာခြွေကာ အိုးကင်းပူ တိုက်ပါသည်။ ပြီးတော့ ငါးပနော်မီးဖုတ်ကို အသားထွင်အရိုးနွှင်ပြီး ပုဇွန်ဆိတ်လှော်လေးတွေ ငရုပ်သီးအိုးကင်းပူတိုက်လေးတွေနှင့် ညက်နေအောင်ရောထောင်းပါသည်။ ကြက်သွန်ဖြူအစိမ်း ၂ တက်လောက်လည်းထည့်ပါသည်။

ပြီးတော့ မီးဖိုဘေးမှာ မြေအိုးဖြင့်ကျိုထားသည့် ငါးပိရည်ကိုပြန်နွှေးကာ ခရမ်းချဉ်သီးမီးဖုတ်ကို မီးညှပ်ဖြင့်ဆယ်ကာ အအေးခံထားပါသည်။ ထမင်းအိုးမြေအိုးကို ဖိုပေါ်တင်ပါသည်။ ငါးပိရည်ကို ကြွေရေသုတ်ဇလုံထဲ ဇွန်းလေးခံပြီး အိုးထဲမှစစ်ချရင်း၊ ဒီငါးပိက ငါးပြေမငါးပိသားရဲ့ သိတ်ချိုတာဟုပြောပါသည်။ ထို့နောက် ခုနင်က ထောင်းထားသည်များကိုထည့်၊ ခရမ်းချဉ်သီးမီးဖုတ်ကို အခွံလေးတွေသင်ပြီး လက်နှင်ဖျစ်ထည့်ကာ မွှေပါတော့သည်။ ကျနော့် မဆာသည့်ဗိုက်သည် ချက်ခြင်း ပြန်ဆာလာပါသည်။

ထမင်းကို ရေခမ်းချက်ခြင်းဖြစ်သဖြင့် ထမင်းရည်ငှဲ့စရာမလိုပါ။ ထမင်းကျက်တော့မှ ဇလုံ ၃ လုံးထဲ ထမင်းတွေခူးထည့် ခနအအေးခံထားပြီး၊ နင့်အဖေသွားနှိုးရမယ်၊ သူဘာမှ မစားရသေးဘူးဆိုကာ အဖေကိုဖိုးထောင်ကို သွားနှိုးပါသည်။ အင်းအင်း အဲအဲတွေနှင့် ယိုင်တိယိုင်ထိုးနှင့် အမေခကိုတွဲကာ အဖေလည်း မီးဖိုချောင်ထမင်းဝိုင်း ရောက်ချလာပါသည်။ နေဦး ငါသေးပေါက်ဦးမယ်ဆိုကာ ခုန ကျနော်ပန်းသည့်နေရာတွင် သူလည်းပန်းပါသည်။

ထို့နောက် ထမင်းစားပွဲပြန်လာပြီး နောက်ချေးနှင့်ရွှံ့နှင့်မံထားသည့် မြေကြမ်းပေါ် ဒီအတိုင်းထိုင်ပါသည်။ မိခ တို့စရာရော၊ ရှင် ရေသွားချိုးတော့ ခူးလာတာတွေဘဲရှိတယ်၊ အေးရှိရင် အဲ့ဒါတွေဘဲချကွာဟုပြောကာ ထမင်းဇလုံထဲ ငါးပိရည်တွေဆမ်းပါသည်။ အမေခက ငါးနုသန်းဟင်းထည့်ပေးတော့ ဇလုံနှုတ်ခမ်းတွင် ပုံထားပါသည်။ ရောတော့မနယ်ပါ။ ပုဇွန်လုံးထည့်ပေးတော့ ချက်ခြင်းပါးစပ်ထဲကောက်ထည့်ပြီး၊ တွေ့တယ်မဟုတ်လား သားကြီး၊ အဖေချက်တဲ့ပုဇွန်လုံးဟင်း ဘယ်လောက်ကောင်းတယ်ဆိုတာဟုပြောတော့ ကျနော် တခုခုပြောမလို့ပါးစပ်လှုပ်သွားတာကို အမေခကမြင်လိုက်ပြီး ဘာမှမပြောနဲ့ဟူသည့် မျက်စေ့ ၂ ဘက်လုံးမှိတ်ပြီး ခေါင်းဆတ်ပြသည်။

ဒါနှင့် ကျနော်လည်း ကောင်းတယ်အဖေ မွှေးနေတာဘဲဟုပြောတော့ အဖေက မချက်ချင်လို့သာမချက်တာ ချက်ရင် မင်းအမေထက်ကောင်းအောင်ချက်တတ်တယ်ဟုပြောရင်း လက်ချောင်းတွေသာမက လက်ဖဝါးတွေပါ ပေကျံကုန်သည်အထိ ငါးပိရည်နှင့်ထမင်းကို ဇလုံထဲတွင် တဇိဇိနှင့် နယ်ပါသည်။ စားတော့လည်း ထမင်းလုပ်ကြီးတွေက အကြီးကြီးတွေဖြစ်ပါသည်။ ခနခနလည်း လက်ချောင်းတွေကို စုပ်လိုက် လက်ဖဝါးကိုလျှက်လိုက်၊ လက်ချောင်းစုပ်လျင် တပြွတ်ပြွတ်မြည်ပြီး ထမင်းဝါးလျင် တပြတ်ပြတ်မည်သည်မို့ ကျနော့်စိတ်ထဲ မသတီသလိုဖြစ်ပါသည်။ တို့စရာတွေကိုလည်း နွား မြက်စားသလို ဂျွိဂျွိ ဂျွိဂျွိနှင့် ပါးစပ်ထဲအတင်းထိုးသွပ်ပါသည်။

သားကြီးစားကွဟု ပြောလည်းပြော ဟင်းတွေ ငါးပိရည်တွေကိုလည်း ကျနော့်ဇလုံထဲ ခပ်ခပ်ထည့်ပါသည်။ အမေခကတော့ သူ့လိုမဟုတ်ပါ။ ငါးနုသန်းအတုံးလေးတွေဆယ်ပြီး သူ့ဇလုံထဲတွင် အရိုးထွင်အသားနွှင်ပြီး လက်လေးနှင့်ချေပြီးမှ ကျနော့်ပန်းကန်ထဲ ထည့်ပေးပါသည်။ ငါးပိရည်က စပ်တယ်သားရဲ့၊ သိပ်မစားနဲ့၊ ပြီးတော့ အငံအစားများရင် ဝက်ခြံလည်းပေါက်တတ်တယ်ဟုပြောကာ ငါးပိရည်တွေရွှဲနေသည့် ကျနော့်ဇလုံထဲက ထမင်းနေရာကို သူ့ဇလုံထဲပြောင်းထည့်၊ ကျနော့်ကို ထမင်းအသစ်ထည့်ပေးပါသည်။
(ဆက်ပါဦးမည်)
မျိုးမြင့်ချို၊ ဇူလိုင် ၁၇၊ ၂ဝ၁၇

(ကညွှတ်ကွင်းအိမ်ပြေး ၁၃) မျိုးမြင့်ချို

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၁၃) အဖေ ကိုဖိုးထောင်ကို သစ်သားကုတင်ကြမ်းကြီးပေါ်မတင် ခေါင်းအုံးခုပေး စောင်လွှမ်းပေး ခြင်ထောင်ချပေးတွေကိုလုပ်နေသည့် အမေခမျက်နှာသည် ကြေနပ်ကြည်နူးနေသလိုဟု ကျနော်ထင်ပါသည်။

ပြီးမှ လာသား မီးဖိုခန်းသွားရအောင်ဟုပြောကာ ကျနော့်လက်ကိုဆွဲပြီး ကြမ်းပြင်ပေါ်ထိုင်စားရသည့် ထမင်းစား စားပွဲဝိုင်းတွင်ထိုင်ခိုင်းပါသည်။ ဖင်ထိုင်ခုံလေးတလုံးလည်း ဖင်အောက်ခုထိုင်ပေးပါသည်။
မီးဖိုပေါ်မှ အဖေကိုဖိုးထောင်ချက်ခဲ့သည့်လယ်ပုဇွန်လုံးဟင်းမှာ အရည်ခမ်းသလောက်ဖြစ်နေပါသည်။ အိုးအဖုံးဖွင့် ခပ်မြည်းကြည့်ပြီး၊ ဒီ ကဖိုးထောင်တယောက်ကတော့လေဟုပြောကာ အိုးကို ဖိုပေါ်မှချကာ၊ ဒယ်အိုးတအိုးပြန်တင် ဆီနည်းနည်းထည့်၊ ဆီကျက်တော့ ကြက်သွန်ဖြူကြက်သွန်နီ ငရုပ်သီး အရောင်တင်မှုန့် နည်းနည်းထည့်၊ နောက်တော့ အရွက်တချို့ကို ကျနော့်ကိုပြပြီး ဒါ ပြင်းတော်သိမ်ရွက်လို့ ခေါ်တယ်သားရဲ့။ လယ်ပုဇွန်အနံ့ကို သူပဲနိုင်တယ်ဟုပြောရင်း ထိုအရွက်တွေကို ဆီသတ်သည့်အထဲ ထည့်ပါသည်။ မီးဖိုတခန်းလုံး မွှေးနေပါသည်။

အမေသည် ကျွမ်းကျင်သည့်ဇယ်ခတ်သမားလို ဆက်တိုက်လုပ်သွားတာဖြစ်ပါသည်။ ကျနော် သည်တော့မှ သတိထားမိသည်၊ အမေခမျက်နှာတွင် သနပ်ခါးလိုလိုဘာလိုလိုတွေ ခပ်ထူထူလိမ်းထားပါသည်။ ဆီသတ်နံ့တွေကြားကပင် အမေခဆီမှ အနံ့တမျိုးထွက်နေပါသည်။ အနံ့ကတော့ သနပ်ခါးနံ့မဟုတ်ပါ။

ကျနော်တို့ ကလေးဘဝက ရေချိုးပြီးတိုင်း အမေက ဝိုင်အိုလက်ပေါင်ဒါတွေ ချိုင်းကြား ပေါင်ကြား ဖင်ကြား မှုံနေအောင် တို့ဖတ်ပုဝါလေးဖြင့်ရိုက်ပေးပြီးနောက် သနပ်ခါးလူးလူးပေးပါသည်။ ကျောက်ပြင်တွင် သနပ်ခါးအခေါက်ကိုသွေးထားသည့် တကယ့်သနပ်ခါးအစစ်ကို လူးပေးပြီးနောက် လက်ညှိုးနှင့်ကော်ပြီး ပါးစပ်ထဲ တခွံ့ ခွံ့ပါသည်။ သနပ်ခါးက ဝမ်းအေးတယ် လူနဲ့လည်းတည့်တယ်ဟုလည်း ပြောပါသည်။ ကျနော် သူ့အရသာကိုမကြိုက်သော်လည်း ကြိတ်မှိတ်မြိုချပါသည်။ သနပ်ခါးနံ့သည် ကျနော် ရင်းနှီးပြီးသား အနံ့ဖြစ်ပါသည်။

သို့သော် ယခု အမေခဆီကရနေသည့်အနံ့သည် သနပ်ခါးနံ့မဟုတ်ပါ။ အမေက ဘာတွေ လူးထားတာလဲဟုမေးတော့ နံ့သာဖြူသားရဲ့။ သူက မိန်းမတွေနဲ့တည့်တယ်ဟုဖြေပါသည်။ မိန်းမတွေနှင့် ဘယ်လိုတည့်မှန်း ကျနော်လည်းမသိပါ။ သို့သော် တည့်တယ်ဆိုသည်မှာကောင်းသည်ဟုတော့ နားလည်မိပါသည်။

ထိုသို့ဖြေနေရင်းက ခုက ဒန်အိုးထဲက လယ်ပုဇွန်လုံးရေခမ်းတွေကို ဒယ်အိုးထဲထည့်ကာ ခတ်သာသာမွှေလိုက် ဒယ်အိုးကိုဖုံးထားလိုက်၊ ခနနေပြန်မွှေလိုက်နှင့် ဟင်းမှာ မွှေးတက်လာပါသည်။ ကျနော် ဗိုက်မဆာသော်လည်း စားချင်စိတ်ပြန်ပေါက်လာပါသည်။

တချိန်တည်းတွင် အမေခသည် မနက်က ဈေးပြန်ဝယ်ခဲ့သည့် ငါးနုသန်းလေးတွေကို ကိုင်ပါသည်။ ပုဇွန်လုံးဒယ် သူကြေနပ်လောက်သည့်အနေအထားဖြစ်တော့ ဖိုပေါ်မှချကာ ဇလုံထဲသွန်ထည့်ပြီး ပန်းကန်ပြားတချပ်နှင့်ဖုံးပါသည်။

ထို့နောက် ဒယ်အိုးကို ဖိုပေါ်ပြန်တင် ရေတခွက်လောင်းထည့်ပါသည်။ ဖိုပေါ် ဒယ်ရှိနေချိန်တွင် ခရမ်းချဉ်သီးလှီးတာ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ရေစိမ်ထားသည့်ငရုပ်သီးအပွတောင့်ခြောက်များကို ထောင်းပါသည်။ ထိုအချိန်တွင် ဒယ်အိုးထဲကရေလည်း ဆူလာပါသည်။ သည်တော့မှ ဒယ်အိုးကိုကျင်းပြီး ထိုရေတွေကို သွန်ပစ်ပါသည်။ ပြီးတော့ ဆီထည့် ကြက်သွန်ဖြူ ကြက်သွန်နီ ငရုပ်သီးဆီသတ်ပါသည်။ ပြီးတော့ အရွယ်တော်လေးတွေတုံးထားသည် ငါးနုသန်းကိုထည့်ပါသည်။ ငရုပ်ဆုံကျင်းထားသည့် လက်ဆေးရည် နည်းနည်းထည့်ပါသည်။

ဒယ်အိုးကိုဖုံးရင်း ရှမ်းနံနံရွက်လေးတွေသင်ပါသည်။ ပုဇွန်လုံးအနံ့က ပြင်းတယ်သားရဲ့။ ဒယ်မဆေးဘဲချက်လိုက်ရင် ငါးဟင်းမှာ အနံ့စွဲသွားရော။ နောက်ပြီးငါးနုသန်းက နံမည်နဲ့လိုက်အောင်နုတာ။ သူ့ကို ဒယ်နဲ့ချက်ရတယ်။ မွှေလည်း မမွှေရဘူး။ မွှေရင်ကြေကုန်ရာ။ ဒယ်အိုးကိုပဲ လှုပ်လှုပ်ပေးရတယ်။ သူက ရှမ်းနံနံလေးအုပ်ပြီး ဆီပြန်လေးချက်လိုက်ရင် သိတ်စားကောင်းတာဟုလည်း စကားအမျှင်မပြတ်ပြောပါသေးသည်။
(ဆက်ပါဦးမည်)
မျိုးမြင့်ချို ဇူလိုင် ၁၆၊ ၂ဝ၁၇

(ကညွှတ်ကွင်းအိမ်ပြေး ၁၂) မျိုးမြင့်ချို

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၁၂) ခနနေတော့ အမေရေချိုးပြီးပြန်လာပါသည်း။ သူ့အခန်းထဲဝင်သွားပြီး ဆယ်မိနစ်လောက်ကြာတော့ပြန်ထွက်လာပါသည်။ လူလေး ဘာစားမလဲဟုမေးရင်း ကဖိုးထောင် ကဖိုးထောင်ဟုခေါ်ကာ အဖေ့အနားသွားပါသည်။ ထိုအချိန်တွင် အဖေ ကိုဖိုးထောင်သည် ခေါင်းမထူနိုင်တော့ပါ။ အမေခက သားကြီး နင့်အဖေကို အခန်းထဲသွင်းရအောင်ဆိုသဖြင့် အမေခနှင့်အတူ အဖေကိုဖိုးထောင်၏ မူးပြီးသတိလစ်နေသောကိုယ်အား အပုတ်ကောင်လင်းဒဆွဲသလို ဆွဲသွင်းရပါသည်။ အဖေကား နတ်ပြည်ရောက်နေပါပြီ။ သို့သော် ပါးစပ်မှ မိခ မိခ ဟုအော်နေပါသည်။ အမေခကလည်း ထိုသို့အော်နေသည်ကို သဘောကျနေပုံပေါ်ပါသည်။
မျိုးမြင့်ချို(ဇူလိုင် ၁၂၊ ၂ဝ၁၇)

ကညွှတ်ကွင်းအိမ်ပြေး ၁၁(မျိုးမြင့်ချို)

0 comments
အမေခ ရေချိုးနေတုန်း မီးဖိုပေါ်ကရေနွေးအိုးမှာ ကျွက်ကျွက်ဆူပါသည်။ ကျနော်လည်လည်း ဘာလုပ်ရမှန်းမသိသဖြင့် အဖေ ကိုဖိုးထောင်အား အဖေ့ ထကြည့်ပါဦး ရေနွေးတွေဆူနေပြီဟု နှိုးရင်းပြောပါသည်။ အဖေက အိပ်မှုံစုံမွှား အမူးတရူးနှင့်ထပြီး အိုကေအိုကေဟုပြောကာ သူ ခုနှင့်က ထုထောင်းထားသည့် ဂဏန်းတွေ ငရုပ်သီးတွေကိုရေနွေးထဲထည့်ပါသည်။ ပြီးတော့ ဆနွင်းမှုန့်တွေ ဆားတွေ အချိုမှုန့်တွေပါထပ်ထည့်ပါသည်။ ပြီးတော့ ဆီနည်းနည်း လောင်းထည့်ပြီး ဒါ စားလို့သိတ်ကောင်းတာကွ သားကြီးရဟုပြောကာ အရက်တွေ တခွက်ပြီး တခွက်သောက်ပါသည်။

သားကြီး မင်း ရည်းစားထားဖူးလားဟု လျှာလေးအာလေးကြီးဖြင့်မေးပါသည်။ ကျနော် အလွန်ရှက်သဖြင့် ဟာ အဖေကလည်းဟုပြောတော့ ငါ့သားကြီးက ရှက်တတ်ရန်ကော၊ အဖေနဲ့ မင်းအမေဆို ၁၃ နှစ် သမီးအရွယ်ကတည်းက ကြိုက်ကြတာ။ ၁၅ နှစ်အရွယ်မှာ ခိုးပြေးကြတယ်ကွာ။ ခုထိ လင်မယားဘဲ။ တခါတလေတော့ ရန်ဖြစ်ကြတာပေါ့ကွာ။ အဖေတို့မှာ သားလေးတယောက် ရဖူးတယ်။ အခါတောင်မလည်လိုက်ဘူး ဆုံးသွားတယ်။ အသက်ရှူ မဝတဲ့ရောဂါဆိုလားဘာလားမသိဘူး။
အဲ့တုန်းက မင်းအမေဟာ ငိုလိုက်တာ ငိုလိုက်တာ အရူးမကြီးလိုဘဲ။ အဖေလည်း စိတ်တော့မကောင်းဘူးပေါ့ကွာ။ ဒါပေမယ့် မင်းအမေလောက်တော့ မဆိုးဘူး။ မင်းအမေဟာလေ ၇ ရက်လောက် ဘာအစားမှမစားဘူး။ သားလေးမြှုတ်ထားတဲ့ သင်းဂျိုင်းကုန်းဘက်ဘဲ သွားသွားနေတာဘဲ။ အဖေလည်း ပြောမရဘူး။ နောက်တော့ သူ့ဘာသူ ဘာစိတ်ကူးပေါက်သွားတယ်မသိဘူး သင်းဂျိုင်းဘက်မသွားတော့ဘူး။ သူ့ကိုယ်သူလည်း မိန်းမလို့မထင်တော့ဘူး။ အဖေ့ကိုလည်း အကပ် မခံတော့ဘူး။ အဖေက အနားသွားကပ်ရင် ရှင်နော် ကဖိုးထောင် နောက်ထပ် ကျမကို ဒုက္ခမပေးပါနဲ့တော့လို့ပြောပြီး ငိုတော့တာဘဲ။

ခုသားကြီးရောက်လာမှ သူ ပြန် ပြုံးပြုံးရွှင်ရွှင်ဖြစ်လာတာ။ အဖေ့ကိုလည်း အနားကပ်ပြန်အခံတာ။ အလှတွေဘာတွေလည်း ပြင်လာတာဟုပြောရင်း ဝမ်းနည်းဝမ်းသာ ငိုပါသည်။ လူတယောက်၏ အပြုံးနှင့်မျက်ရည်တွေကို ထိုတကြိမ်တွင် ကျနော် ပထမဆုံးတွေ့ဖူးခြင်းဖြစ်ပါသည်။

သားကြီးရာ အဖေတို့နဲ့အတူနေနော်၊ ဘယ်မှမသွားနဲ့တော့။ သားကြီးအတွက် အဖေ အစစအရာရာ တာဝန်ယူတယ်ဟုပြောကာ ကျနော့်အား ဖက်ထားပါသည်။ ထိုအချိန်တွင်တွင် အဖေ့ မျက်ရည်များ ကျနော့် ကျောပေါ် ရွှဲရွဲစိုနေပါသည်။ အဖေ ကိုဖိုးထောင်သည် ဝမ်းသာလွန်း၍ငိုနေခြင်း ဖြစ်ပါလိမ့်မည်။ ကျနော့်မှာသာ ဘာခံစားမှုမှန်းမသိဖြစ်နေပါသည်။
(ဆက်ပါဦးမည်) မျိုးမြင့်ချို ဇူလိုင် ၁၂၊ ၂ဝ၁၇

ကညွှတ်ကွင်းအိမ်ပြေး ၁၀(မျိုးမြင့်ချို)

0 comments
အဖေ ဒီမှာ အရက်ဟုပြောလိုက်တော့ အေးဟုဆိုကာ ရေနွေးကြမ်းပန်းကန်လုံးထဲ အပြည့်နီးနီး ငှဲ့ချကာ တမော့တည်းမော့ပါသည်။ ပြီးတော့ အဖေ ပင်ပမ်းတယ်ကွာ ဟုပြောပါသည်။ အဖေ ရေချိုးလိုက်လေဟု ကျနော်ကပြောတော့ ခုနေရေချိုးရင် အပူရှပ်တတ်တယ်ကွဟုပြောပါသည်။ အပူရှပ်တတ်တယ်ဆိုသည်မှာ ဘာမှန်း ကျနော်မသိသော်လည်း မကောင်းသည့်ကိစ္စဟုတော့ထင်ပါသည်။

ထိုအချိန်တွင် အမေပြန်လာပါသည်။ အဖေ ကိုဖိုးထောင် မူးနေပါပြီ။ ကွန်ထိုးတော့မပျက်ပါ။ သားကြီး ဂဏန်းလုံးကင်ကွာဟုပြောရင်း ဂဏန်းအရှင်လတ်လတ်တွေကို ကျောမှဆွဲဆွဲခွာပါသည်။ ကျနော် မကြည့်ရက်သဖြင့် မျက်နှာလွှဲနေသည့်အခါ မင်းက စားစရာကို စားစရာလို့မှမမြင်ဘဲကိုးဟုပြောပြီး ဂဏန်းရင်ပုံသားများကို စဥ့်ငါးရုပ်ဆုံတွင်းထည့်ကာ ထောင်းပါသည်။ အရက်ကလည်း မပြတ်သောက်ပါသေးသည်။ ပြီးနောက် ဂဏန်းသားအကြေတွေကို ဇလုံထဲခပ်ခပ်ထည့်ပြီး ငါးရုပ်သီးစိမ်းတွေဘာတွေ ထည့်ထောင်းပြန်ပါသည်။ ပါးစပ်ကလည်း ဘာတွေမှန်းမသိပြောနေပါသည်။

အမေက ကဖိုးထောင်ရေ ဈေးထဲတောင်မရောက်လိုက်ဘူး ရွာလည်လမ်းမှာတင် အကုန်ပြတ်တယ်ဆိုကာ တဲထဲဝင်လာပါသည်။ အမေ့မျက်နှာကြည့်ရသည်မှာ ပျော်နေပုံပေါက်ပါသည်။ ဘယ်အချိန်က လူးထားမှန်းမသိသည့် သနပ်ခါးတွေလူးထားကာ ဘယ်တုန်းကပန်ထားမှန်းမသိသည့် ပန်းတွေလည်း ပန်ထားပါသည်။ အမေသည် မိခင်နှင့်တူနေပါသည်။ မိန်းမနှင့်တူနေပါသည်။ လှနေသလိုလိုလည်း ရှိပါသည်။

သားလေး ဘာစားပြီးပလဲဟုမေးတော့ အဖေကိုဖိုးထောင်က ငါဂဏန်းကြော်ကျွေးမလို့ ငါးမြွေနဂါးတွေလည်း ဖုတ်ကြွေးမလို့ဟုပြောရာ အမေက အမယ်လေးတော် ကျုပ်သားက မြို့သား၊ ဂဏန်းတွေစားပြီး ဓါတ်မတည့်တွေဘာတွေဖြစ်ကုန်ရင် မခက်ဘူးလားဟုပြောကာ၊ လာ သား အမေ ငါးလေးအိုကပ်ချက်ပေးမယ်။ ပိန်းဥဟင်းချိုလေးလည်းချက်ပေးမယ်။ နင့်အဖေကို ထားခဲ့ သူ့ဘာသာသူ တယောက်တည်း ဘာချက်စားစား၊ တို့သားအမိက ဟိုမှာစားမယ်ဟုပြောပြီး ကျနော့်လက်ကိုဆွဲကာ မီးဖိုချောင်ဘက်ဆီသွားပါသည်။

အမေ့ကိုယ်မှာ နံစော်နေပါသည်။ ငါးညှီနံ့တွေရော ချွေးနံ့တွေရော တခြား ဘာမှန်းမသိသည့်အနံ့တွေရော စုံနေပါသည်။ ကျနော် နှာခေါင်းပွစိပွစိလုပ်တာကို အမေရိပ်မိသွားပါသည်။ မီးသွေးမီးဖိုကိုမွှေးပြီးနောက် သား ခနလေးနေနော် အမေ ရေသွားချိုးလိုက်ဦးမယ်။ အဲဒီ ရေနွေးအိုးကိုကျိုထားဟုပြောကာ အိမ့်နောက်ဖက်က ရေတွင်းဆီ ထမိန်ရင်လျှားဖြင့်ထွက်သွားပါသည်။ အဖေ ကိုဖိုးထောင်က မိခမိခဟုအော်နေပါသည်။ ကျနော်လည်း မီးဖိုပေါ်က ရေနွေးအိုးကို ကြည့်ရင်း ငှက်ပစ်ချင်တာလိုလို ငါးမျှားချင်တာလိုလို အိမ်ပြန်ချင်တာလိုလိုတွေဖြစ်နေပါသည်။ (ဆက်ပါဦးမည်)
မျိုးမြင့်ချို ဇူလိုင် ၁၂၊ ၂၀၁၇

န.က.သ မျက်နှာဖုံးကိုခွာချခြင်း။ ကိုမော်(ရန်ကုန်တက္ကသိုလ်)

0 comments
မိုးကျရွှေကိုယ်တွေ ခေတ်စား လက်ဝါးကြီးအုပ်နေတဲ့ကာလထဲမှာ မကြာခင်သေးမှီကပဲ န.က.သ ဆိုတဲ့ ကျောင်းသားအဖွဲ့အစည်းပေါ်လာတာတွေ့ရတယ်။ သူတို့လည်း မိုးကျရွှေကိုယ်ပဲ။ အချိန်တိုအတွင်းမှာ သိန်းပေါင်းများစွာအကုန်ကျခံတဲ့ပွဲကြီးတွေ ကျင်းပခဲ့တယ်။ အချိန်တိုအတွင်းမှာ အစိုးရက ချက်ချင်းခေါ်တွေ့ ချက်ချင်းဆိုသလို အကူအညီတွေပေးနဲ့။ သူတို့ မြစ်ဖျားခံရာကလည်း အင်မတန်မှ အစဉ်အလာကြီးမားတဲ့ လူတွေဆီကပဲ။ ဘယ်နေရာမှာ အစဉ်အလာကြီးမားတာလည်း မေးရင် သူမတူအာင်ဖောက်ပြန်တဲ့နေရာမှာ အစဉ်အလာကြီးမားတာပဲ။ ဥပမာ-စည်သူမောင်၊ ရှစ်ပူးက ကိုကိုကြီး။ စသဖြင့်ပေါ့လေ။ 

စည်သူမောင်ဆိုတာ ကျောင်းသားအကွဲအပြဲကို ယုတ်မာတဲ့နည်းလမ်းမျိုးစုံသုံးပြီး စင်ပြိုင်လုပ်ခဲ့တယ်၊ အယူဝါဒလွတ်လပ်စွာကွဲပြားခွင့်ကိုပယ်ချပြီး တဖက်သတ်ပုတ်ခတ်တိုက်ခိုက်ခဲ့တယ် သူ့ထက်ငယ်တဲ့မျိုးဆက်က သူ့ကိုတော်လှန်မယ့်လူမျိုး သူ့ထက်အရည်အချင်းရှိသူမျိုးဆိုရင် အညှိုးတကြီးတိုက်ခိုက်တယ် အောက်လမ်းနည်းသုံးပြီးတိုက်တယ်။ ဒါတွေကို ၂၀၁၂ ကနေ ကနေ့အချိန်ထိ ဗကသထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားဖူးသူတိုင်း သိပါတယ်။ 

ကိုကိုကြီးဆိုတာကလည်း လက်ဝေခံအလုပ်တွေကို အစိုးရအလိုကျလုပ်ဆောင်ခဲ့သူဆိုတာ သူတို့ ၈၈ မျိုးဆက်ချင်းက ပိုတောင်မှသိပါသေးတယ်။ ဘာသာရေးပြဿနာတွေစဖြစ်တော့ ကြားကနေ ထိန်းရမယ့်နေရာမှာ မထိန်းပဲ ကျနော်ကတော့တပ်မတော်နဲ့ပူးပေါင်းပြီး ရိုဟင်ဂျာတွေကို လက်နက်စွဲကိုင် တိုက်ခိုက်သွားပါမယ်ဆိုတဲ့ဗီဒီယိုဖိုင် ပေါ်ထွက်လာခဲ့တယ်။ အဲ့ဒီ့မှာပဲ ကိုကိုကြီးရဲ့မျက်နှာဖုံးဟာ ကွာကျသွားတာပဲဖြစ်တယ်။ အဲ့ဒီ့ကိစ္စမှာသူဟာ စစ်တပ်ကိုဆွဲထည့်တယ်။ သူကိုယ်တိုင်ကလည်း စစ်တပ်ကိုအလုပ်အကျွေးပြုပါမယ်ဆိုပြီး အရှက်ကင်းမဲ့လှစွာ ပြောကြားခဲ့တာပဲဖြစ်တယ်။ နောင်မျိုးဆက်သစ်ကျောင်းသားတွေ အကြောင်းစုံသိရအောင် အကျအနပြောပြပါ့မယ်။


နကသ။
နကသဟာ အာဏာရအစိုးရက လက်ဝေခံကျောင်းသားအဖွဲ့အစည်းအဖြစ် ထူထောင်ထားတယ်ဆိုတာ အထူးပြောစရာမလိုတော့ဘူး။ သို့သော်လည်း မျိုးဆက်သစ်ကျောင်းသားတွေဟာ သမိုင်းကို မျက်ခြေဖြတ်ခံရလို့ သေချာရှင်းပြပါဦးမယ်။ ဒီနေရာမှာ သမိုင်းကို သမိုင်းထဲမှာထားခဲ့ဆိုတဲ့စကားတွေကို နားမယောင်မိဖို့လိုပါလိမ့်မယ်။ ရှင်းရှင်းလေးပဲ ပြောပြပါမယ်။ လူငယ်ဘဝဆိုတာမရှိရင် လူကြီးဘဝဆိုတာ မရှိဘူး။ ဒီနေ့မရှိရင် မနက်ဖြန်ဆိုတာမရှိပါဘူး။ ဒါပါပဲ။ ဒါကြောင့် သမိုင်းကို အတိအကျ သိရှိဖို့ဟာ အင်မတန်မှ အရေးကြီးလှတဲ့ ကိစ္စရပ်ပဲဖြစ်ပါတယ်။


သမိုင်းကြောင်းတလျှောက်လုံးမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗ.က.သ)ဟာ ခေတ်အဆက်ဆက် လူထုရဲ့အခက်အခဲတွေ ကြီးကျယ်ခမ်းနားလှတဲ့ပဋိပက္ခတွေ ဖိနှိပ်ခံရတဲ့ ကျောင်းသားထုအခွင့်အရေးတွေမှာ ပြတ်ပြတ်သားသား လူထုဘက်ကရပ်တည်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် ရဲရဲရင့်ရင့် ပေးဆပ်တိုက်ပွဲဝင်ခဲ့တာပဲဖြစ်တယ်။ ဒါကြောင့် ဆရာကြီး ဒေါက်တာသန်းထွန်းက လွတ်လပ်ရေးရပြီး ဗမာပြည်သမိုင်းဟာ ဗကသသမိုင်းပဲလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။


အဲ့ဒီ့မှာပဲ အစိုးရက နကသကို လက်ဝေခံအဖြစ်ဖွဲ့စည်းပေးသလို အစိုးရအဆက်ဆက်ကလည်း နကသလို စင်ပြိုင်ကျောင်းသားသမဂ္ဂတွေဖွဲ့စည်းပေးပြီး ဗကသကို ထိုးနှက်တိုက်ခိုက်ဖိုလုပ်ဆောင်ခဲ့တယ်ဆိုတာကို အခိုင်အမာတွေ့ရပါလိမ့်မယ်။ အစိုးရဖြစ်နေတဲ့အတွက် သူတို့ဟာ အာဏာသြဇာကိုအသုံးပြုပြီး တချို့သောကျောင်းသားတွေ အထူးသဖြင့် သမားရိုးကျကျောင်းသားတွေရဲ့မသိနားမလည်မှုကို အခွင့်အကောင်းယူပြီး စင်ပြိုင်ကျောင်းသားအဖွဲ့တွေ ဖွဲ့စည်းပေးလေ့ရှိပါတယ်။ ၁၉၄၈_၁၉၅၃ကာလတွေမှာ အစိုးရဘက်က ဒီမိုကရက်တစ်ကျောင်းသားများအဖွဲ့ (DSO) ဆိုတာကို ဖွဲ့စည်းခဲ့တယ်။ အစိုးရကိုထောက်ခံတဲ့အင်အားစုအနေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၁၉၅၃ အောက်တိုဘာလမှာဖြစ်ပွားတဲ့ ကျောင်းတလပိတ်ရေးအရေးတော်ပုံမှာ DSO တွေရဲ့မျက်နှာဖုံးဟာ ကွာကျသွားခဲ့ပါတယ်။

အခု န.က.သလည်း ဒီပုံစံပါပဲ။ နကသအနေနဲ့ အခုမှ ဖွဲ့တယ်ဆိုပေမယ့် ဇေယျာလွင်တို့ဟာ ၂၀၁၅ ကျောင်းသားသပိတ် သမိုင်းဝင် ကမ္ဘာကျော်ခရီးရှည်ချီတက်ပွဲမှာ လမ်းတဝက်မရောက်ခင်မှာပဲ လှည့်ပြန်သွားကြသူတွေ ဖြစ်ပါတယ်။ ကျောင်းသားတွေ သွေးသံရဲရဲနဲ့အရိုက်အနှက်ခံပြီး အဖမ်းခံရချိန်မှာ ဇေယျာလွင်တို့ဟာ နိုင်ငံရေးလိုအပ်ချက်အရ လမ်းပေါ်အထွက်ပြခဲ့ရတယ်။ ဒါတောင် ကျောင်းသားတွေ အရိုက်ခံဖမ်းဆီးခံထားရတာကိုပြန်လွှတ်ပေးဖို့ မဟုတ်ပါဘူး။ ပညာရေးသပိတ်အတွက် ဆက်လက် တိုက်ပွဲဝင်မယ်ဆိုပြီး မဟုတ်ပါဘူး။ နိုင်ငံရေးအဆင့်တခုအနေအထားရအောင် ရရာပုဒ်မနဲ့ ထောင်ထဲလိုက်ဝင်တဲ့ အနေအထားဖြစ်ပါတယ်။


၁၉၅၃ DSO ပြိုသွားပြီးတဲ့နောက်မှာ အဲ့ဒီ့ ၁၉၅၃ မှာပဲ ရဲခေါင်ကျောင်းသားအဖွဲ့ဆိုပြီး အစိုးရက ဖွဲ့စည်းခဲ့ပြန်ပါတယ်။ ကျောင်းသားတပ်ဦးကို အပြုတ်တိုက်ရေး ဗကသကို အပြုတ်တိုက်ရေး စတဲ့ကြွေးကြော်သံတွေနဲ့ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကျောင်းသားထုရဲ့တိုက်ပွဲတွေမှာ မျက်နှာဖုံးတွေ ကွာကျခဲ့ရပြန်တာပဲဖြစ်ပါတယ်။ အဲ့ဒီ့ကာလတွေဟာ ကျောင်းသားတွေကို အပြင်းအထန်ဖိနှိပ်နေတဲ့ ကာလတွေဖြစ်ပါတယ်။

နောက်ပိုင်း ၈၈ ကာလတွေမှာ မကသဆိုပြီး ဗကသနဲ့စင်ပြိုင်လုပ်ဖို့ အစိုးရကဖွဲ့စည်းပေးပြန်ပါတယ်။ ဒါပေမယ့် သူတို့လည်း ကျဆုံးရတာပါပဲ။ ဒီနေရာမှာ မျိုးဆက်သစ်ကျောင်းသားတွေဟာ ဗနဲ့မ စကားလုံးအသုံးနှုန်းကို သေချာလေ့လာနားလည်သိရှိဖို့လိုပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာဆိုတဲ့အသုံးနှုန်းကို အထူးလေ့လာထားဖို့လိုပါတယ်။ အကြမ်းဖျင်းပြောရရင် ဗမာနိုင်ငံလုံးဆိုင်ရာဆိုတာ ဗမာတမျိုးထဲကိုပြောတာမဟုတ်ပါဘူး။ ဆရာကြီးဒေါက်တာသန်းထွန်းတို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းတို့ ဆရာမောင်သာနိုးတို့ အခိုင်အမာရှင်းလင်းဖွင့်ဆိုပြီးပြီဖြစ်ပါတယ်။


လက်ရှိပေါ်လာတဲ့ နကသဆိုတာကလည်း အစိုးရအဆက်ဆက်ကလုပ်ဆောင်ခဲ့သလို လက်ဝေခံကျောင်းသားအဖွဲ့အစည်းအဖြစ် ပေါ်ထွန်းလာတာပဲဖြစ်ပါတယ်။ သူတို့ဟာ ကျောင်းသားစစ်စစ်ဆိုတဲ့စကားလုံးကို တွင်တွင်သုံးတယ်။ ဗကသမှာရှိတဲ့ကျာင်းသားခေါင်းဆောင်တချို့ အသက်အရွယ်ကြီးရင့်နေတာကို အောက်လမ်းနည်းနဲ့တိုက်တာဖြစ်ပါတယ်။ ဒီကျောင်းသားတွေ အသက်ကြီးနေရတာဟာ အစိုးရအဆက်ဆက်ရဲ့ ကျောင်းထုတ်ထောင်ချစနစ်ကြောင့်ဖြစ်တယ်ဆိုတာကို နကသဟာ ကွယ်ဝှက်လိမ်ညာထားပါတယ်။


အသက်အရွယ် ခြောက်ဆယ်ရောက်သည့်တိုင် ဆယ်တန်းစာမေးပွဲကိုဖြေနေတဲ့ကျောင်းသားတွေ ဗမာပြည်မှာရှိတယ်ဆိုတာကို နကသက ကွယ်ဝှက်ထားပြန်ပါတယ်။ နောက်တချက်က တိုက်ပွဲအဆက်ဆက်ဖြတ်သန်းခဲ့ရတဲ့ဗကသ မကြာမီကာလကပဲ လက်ပံတန်း ဖြိုခွင်းမှုဒဏ် အကြီးအကျယ်ခံထားရတဲ့ဗကသကို ဆင့်ကဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်ဆိုတာ ဘယ်နည်းနဲ့မှ ကောင်းသောလုပ်ရပ်မဟုတ်ဘူးဆိုတာကို သတိပြုရမှာပဲဖြစ်ပါတယ်။ သမိုင်းကိုမျက်ကွယ်ပြုတာဟာ သမိုင်းကိုဖျက်ပစ်တာပဲဖြစ်ပါတယ်။ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကတောင် နှစ်ကြာလာတာနဲ့အမျှ တန်ဖိုးရှိလာနေသေးရင် အသက်သွေးတွေစတေးပြီး သမိုင်းအစဉ်အလာ ခမ်းနားကြီးကျယ်တဲ့ ဗကသဆိုတာကို ပိုလို့တောင်တန်ဖိုးထားရမှာပဲဖြစ်တယ်ဆိုတာကို သိထားသင့်ပါတယ်။

ကဲ နိဂုံးချုပ်ပါမယ်။
ဗကသရဲ့စင်ပြိုင်အဖြစ်လုပ်ဆောင်ပြီး ဗကသကိုတိုက်ခိုက်တဲ့လုပ်ရပ်တွေ အစိုးရက သူတို့ရဲ့အင်အားစုအနေနဲ့ လက်ဝေခံလုပ်ထားမှုတွေ ကျောင်းသားထုသွေးကွဲအောင်လုပ်ဆောင်နေမှုတွေ စတာတွေကို ပြတ်ပြတ်သားသားသိရှိဖို့လိုအပ်ကြောင်းနဲ့ ဗကသအလံကိုအမြင့်မားဆုံးလွှင့်ထူပြီး ဆက်လက်သယ်ဆောင်သွားကြဖို့လိုအပ်ကြောင်း ပြောကြားလိုက်ရပါတယ်။
ကိုမော် (ရန်ကုန်တက္ကသိုလ်)

ဗကသ အမှတ်အသား ကိုဗဟိန်း (၀င်းအောင်ကြီး)

0 comments
ကျနော်တွေးမိသလို ရေးပါမည် (၂၇၀)

အာဏာနှင့်ပုဂ္ဂိုလ်ရေးရှုပ်ထွေး အငြိုးကြီးအာဃာတထား မြန်မာ့နိုင်ရေးသမားများကြား ရှားရှားပါးပါး သူသာအရှင်နေပါလျှင်---ဟူသောအတွေးနှင့်--
(၁)
၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်လာပြီးနောက် တကသမှခင်မင်ရင်းနှီးသော ရဲဘော်တို့အကြောင်း ရေးသောအခါ၊ ယနေ့လူငယ်စာဖတ်သူများ နားလည်သဘောပေါက်စေရန် နောက်ခံသမိုင်းကိုလည်း ထည့်သွင်းရေးသားပေးရ၏။ ထိုအခါ လူအကြောင်းမည်ရွေ့ နောက်ခံသမိုင်းကမည်မျှဆိုသည်ကို ချိန်ဆရသည်မှာ ခပ်ခက်ခက်။ ကျွန်တော်သည် Professional Writer ဖြစ်သည်နှင့်အညီ အကျိုးသင့်အကြောင်းသင့် ရှာဖွေနိုင်သမျှအထောက်အထားများနှင့်သာ ရေးသားရပါမည်။

အာဏာ ပုဂ္ဂိုလ်ရေးနှင့်ရှုပ်ထွေးမြဲမြန်မာပြည်တွင် အကွဲအပြဲကလည်း များမှများ၊ ဂိုဏ်းဂဏစွဲနှင့် ရေးသားထားသည်များကလည်းနေရာယူထား၍ ရှောင်ဖို့ရှားဖို့ပိုခက်နေပြန်သည်။ အငြိုးကြီးကြီးနှင့် ရေးကြရင်း အကြောင်းအရာအချက်လက်များ လွဲမှားရာနေ ယုတ္တိမဲ့တွေဖြစ်နေသည်ကို ၀မ်းနည်ဖွယ်တွေ့မြင်နေရ၏။
စိတ်ဝင်စားကြသောစာဖတ်သူတို့အား စုပြီး Research လုပ်ကြပါဟုတိုက်တွန်းရင်း ဆက်ရေးပါမည်။
(၂)
၁၉၂၀ ပထမကောလိပ် သပိတ်မှောက်ရာကနေ တကသ (ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ) R.U.S.U ( Rangoon University Students’ Union) ပေါ်လာခဲ့၏။ ၁၉၃၆ ခု၊ ဒုတိယကောလိပ် သပိတ်မှောက်ရာကနေ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ) A.B.S.U (All Burma Students’ Union) မွေးဖွားပေးလိုက်၏။ ဒုတိယသပိတ်သည် အမျိုးသားရေး၊ လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဆက်နွှယ်နေ၍ အနယ်နယ်အရပ်ရပ်ရှိကျောင်းများသို့ကူးဆက်ကာ တန်းမြင့်ကျောင်းသားများလည်း ပါဝင်လာကြသည်၊ အဖွဲအစည်းများဖွဲ့ကြသည်။


ထိုသို့သောအဖွဲ့များ စုစည်းရန်နှင့် ကျောင်းသားသမဂ္ဂစနစ်တကျဖြစ်စေရေးရည်ရွယ်ပြီး ဗကသ ဖွဲ့စည်းရန် တကသ သပိတ်မှောက်ကောင်စီက ဆုံးဖြတ်ပြင်ဆင်လေတော့သည်။ ရန်ကုန်မြို့ ဂျူဘလီဟောတွင် ပထမဆုံးညီလခံကျင်းပရာသို့ နယ်ကျောင်းသားများတက်လာကြပြီး၊ ဥက္ကဋ္ဌ ကိုရာရှစ်၊ အထွေထွေအတွင်းရေးမှူး ကိုအောင်ဆန်းတို့ပါဝင်သော ဗကသအမှုဆောင်အဖွဲ့ကို ရွေးကောက်တင်မြှောက်လိုက်သည်။ ထိုစဉ်ကမူ ကျောင်းသားကွန်ဖရင့် ( Students’ Conference) ဟုသုံး၏။ အဆင်ပြေ လျော်ကန်၍ တကသခေါင်းဆောင်များသာ ဗကသ ခေါင်းဆောင်များဖြစ်လာကြရသည်။ နယ်ကျောင်းသားအချင်းချင်းမသိနိုင်ကြသေးပါ။ ရန်ကုန်တက္ကသိုလ်တွင်လည်း ရွေးကောက်ပွဲအပြီး တကသအမှုဆောင်အဖွဲ့၌ ကိုရာရှစ်က ဥက္ကဋ္ဌ၊ ကိုအောင်ဆန်းက ဒုဥက္ကဋ္ဌ အသီးသီးဖြစ်လာကြ၏။


(၃)
နယ်ကကျောင်းသားသမဂ္ဂများ၏ စိတ်အားထက်သန်မှုနှင့်အပြိုင်ဆိုသလို ဗကသအမှုဆောင်အဖွဲ့မှာလည်း တာဝန်ပိုကြီးလာပြီ။ ကွန်ဖရင့်ကို ရန်ကုန်မှာကျင်းပ တကခေါင်းဆောင်များကဘဲ ဦးဆောင်နေပါသည်။ ဗကသ သည် တကသ၏နို့သက်ခံစို့ဘ၀သို့ရောက်သွားနိုင်သည်၊ ဗကသအခန်းကဏ္ဍ မှေးမှိန် သွားနိုင်သည်၊ နယ်ကျောင်းသားတို့၏ စိတ်အားထက်သန်မှုသည်လည်း လျော့ကျသွားနိုင်သည်ဟု ဗကသအမှုဆောင်အဖွဲ့က စည်းဝေးကာသုံးသပ်၏။


ထို့ကြောင့် (၁) ဗကသ ဒုတိယကွန်ဖရင့်ကို မန္တလေးတွင်ပြုလုပ်ရန်။ (၂) တကသအမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ ကိုရာရှစ်က ကိုအောင်ဆန်း၏တာဝန်များကို တတ်နိုင်သလောက် ပူးတွဲလုပ်ဆောင်ရန်၊ (၃) ဗကသကို အထွေထွေအတွင်းရေးမှူးကိုအောင်ဆန်းက အချိန်ပေးဦးဆောင်ကာလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။


ကိုအောင်ဆန်းသည် ကျောင်းသားသပိတ်တုန်းက မန္တလေးဥပစာကောလိပ်မှ ကျောင်းသားခေါင်းဆောင်ကိုဗဟိန်းကို မျက်စိကျထားလေရာ၊ ခုတော့ဟန်ကျပြီ ကိုဗဟိန်းက ရန်ကုန်တက္ကသိုလ်ရောက်နေပြီ။ နှစ်ယောက်သားအတူတွဲလုပ်ရင်း ခင်မင်သွားရာ အသီးသီး ကွယ်လွန်ချိန်ထိပါ။ နောက်မန္တလေးသား တယောက်ဖြစ်သော အမျိုးသားတက္ကသိုလ်မှ ပထမဆုံးဘွဲ့ရလာသူဦးရာဇတ်ထံ သူတို့နှစ်ဦး ချဉ်းကပ်ကြသည်။


သူကျောင်းအုပ်လုပ်နေသော မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် ကျင်းပခွင့်ပေးမည်ဟု ဦးရာဇတ်ကသဘောတူလက်ခံလိုက်၍ ကိုဗဟိန်းကကွန်ဖရင့်သဘာပတိ (Conference Chairman) ကိုအောင်ဆန်းက အနယ်နယ်အရပ်ရပ်ကကိုယ်စားလှယ်များ ပိုမိုစုံလင်ကျယ်ပြန့်စွာ အဆင်ပြေလွယ်ကူစွာ ကွန်ဖရင့်သို့တက်လာနိုင်ကြရန် စသည်တို့ကို အင်တိုက်အားတိုက်ဆောင်ရွက်ရသည်။


ရန်ကုန်ဂျူဘလီဟောလို အခကြေးငွေပေးရန်မလို၊ မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် အခမဲ့ကျင်းပခွင့်ရမည်၊ မြို့ခံလူကြီးများ အထူးသဖြင့် ကျောင်းအုပ်ကြီးနှင့်ဆရာများကလည်း ဂုဏ်ယူစွာ လိုလိုလားလားနှင့်ဝိုင်းဝန်းကူညီကြ၍ ၀မ်းသာအားတက်နှင့်နေကြပြီ။ နယ်ကိုယ်စားလှယ်များထံ ဧည့်ခံကော်မတီချယ်ယာမင်ကိုဗဟိန်း၏လက်မှတ်နှင့်စာများရောက်ရှိနေသလို သူကျောင်းသားမဂ္ဂဥက္ကဋ္ဌလုပ်ခဲ့သော မန္တလေးဥပစာကောလိပ်တွင်သာမက သူ၏ဇာတိတမြို့လုံး ကိုဗဟိန်း၏နာမည်က ဟိန်းနေနှင့်လေပြီ။


၁၉၃၇ ခု၊ မေလ (၉) ရက်နေ့နံနက် (၉)နာရီတွင် ဒုတိယအကြိမ်မြောက် ဗကသကွန်ဖရင့်ကိုဖွင့်လိုက်ရာ ဧည့်ခံကော်မတီချယ်ယာမင် ကိုဗဟိန်းက နှုတ်ခွန်းဆက်စကားပြောသည်။ အင်္ဂလိပ်လိုပြောသော ကိုဗဟိန်း၏မိန့်ခွန်း ပြည့်စုံကောင်းမွန်လွန်း၍ ဗကသသမိုင်းရေးလျှင် ချန်ထားလို့မရ။ ဧည့်သည်တော်တွေထဲ အိန္ဒယနိုင်ငံကနေ မီးရထား၊ သင်္ဘော ထို့နောက် မီးရထားနှင့် ခက်ခဲစွာလာရောက်သော Jawaharlal Nehru နှင့် သမီး Indira Gandhi ၀တ်လုံတော်ရဦးကျော်မြင့်နှင့် မန္တလေးမှဂုဏ်သရေရှိလူကြီးများရှေ့ ကိုဗဟိန်း၏အရည်အသွေးထင်းကနဲလက်သွားပြီ။
၁၉၃၇-၃၈ ခု၊ ဗကသ အမှုဆောင်အဖွဲ့အတွက် ရေးကောက်တင်မြှောက်သောအခါ ကိုအောင်ဆန်းက ဥက္ကဋ္ဌ၊ ကိုလှရွှေက ဒုဥက္ကဋ္ဌ၊ ကိုဗဟိန်းက ဗကသ၏အာဘော် ၃ လတကြိမ်ထုတ် မျိုးညွန့်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာဖြစ်လာပြီး စက်တင်ဘာလတွင် အမှတ်(၁) စထွက်လာ၏။
၁၉၃၆-၃၇ ခု၊ ဗကသ ဥက္ကဋ္ဌ ကိုရာရှစ်က ဥက္ကဋ္ဌသစ် ကိုအောင်ဆန်း တာဝန်လွှဲပေးပြီး အောင်မြင်စေကြောင်း ဆုမွန်ကောင်းတောင်းသည်။

မေလ(၁၀)ရက်နေ့နံနက်တွင် ဥက္ကဋ္ဌသစ်ကိုအောင်ဆန်း၏မေတ္တာရပ်ခံချက်အရ အထူးဧည့်သည် Jawaharlal Nehru က ဗကသကွန်ဖရင့် ဒုတိယနေ့အစည်းအဝေးကိုဖွင့်ပေးပြီးနောက် မိန့်ခွန်းပြောကြား၏။ ဆုံးဖြတ်ကြသည့်အဆိုများအနက် ကိုအောင်ဆန်းတင်သွင်းသော ဗကသစည်းမျဉ်းကို အတည်ပြုကြောင်း၊ ကမ္ဘာ့ကျောင်းသားသမဂ္ဂနှင့်ဆက်သွယ်ရန် စသည်တို့ပါဝင်၏။
မန္တလေးဥပစာကောလိပ်ကို ဒီဂရီကောလိပ်သို့အဆင့်မြှင့်တင်ပေးရန်ဟူသော ကိုဘသိန်းတင်သွင်းသောအဆိုကိုထောက်ခံ၍ ကိုဗဟိန်း၏နံမည် ပိုမိုထင်ရှားလာပြန်သည်။

(၄)
ဒုတိယအကြိမ်မြောက် ဗကသကွန်ဖရင့်တွင် ပြည်မြို့မှကိုယ်စားလှယ်ကိုသန်းတင်က အဖမ်းခံနေရသော သခင်(၅) ဦးအား ထောင်ထဲ၌ (အေ) အတန်းအစားထားပေးရန်တိုက်တွန်းကြောင်းအဆိုအပေါ် ကိုထွန်းရှိန် (နောင် ရဲဘော်သုံးကျပ်ဝင် ဗိုလ်ရန်နိုင်) က ကျောင်းသားများသည် ပညာရေးနှင့်သက်ဆိုင်သဖြင့် သခင်များကဲ့သို့ မစဉ်းစားသင့်သေးကြောင်း ထင်မြင်ပါသည်၊ မိမိသည် ယနေ့ကျောင်းသား၊ ကျောင်းကထွက်လျှင် ဒို့ဗမာအစည်းအရုံးဝင်ကာ သခင်လုပ်မည်ဟု စိတ်ကူးထားသော်လည်း ကျောင်းနေစဉ်မှာတော့ နိုင်ငံရေးသမား သခင်များကိစ္စ ဘယ်လိုမှမစဉ်းစား၊ ဗကသသည်ကျောင်းသားအရေးကိုသာ ဦးစားပေးသင့်ကြောင်း ဆွေးနွေးကန့်ကွက်သွားသည်။
အလျင်းသင့်တုန်းရေးရပါမည်။


လူတွေကြားက လူအောင်ဆန်းစာအုပ်ရေးဖို့ ကိုအောင်ဆန်းအကြောင်းရှာဖွေဖတ်ရှု လေ့လာသောအခါ သူသည် ဗမာနိုင်ငံလွတ်လပ်ရေးရဖို့ စိတ်အားထက်သန်သည်မှာမှန်ပါ၏။ သို့သော် ကျောင်းသားဘ၀တွင် ဗကသကို တကသလိုခိုင်ခံ့ထည်ဝါရေးကိုသာ အားသွန်ခွန်စိုက်လုပ်ဆောင်သွားကြောင်း တွေ့မြင်ခဲ့ရသည်။


ကဲ ကိုဗဟိန်းကို လေ့လာကြည့်ကြပါစို့။
ကိုဗဟိန်းသည် သူတာဝန်ခံအယ်ဒီတာလုပ်သော ဗကသ အာဘော်မျိုးညွန့်မဂ္ဂဇင်း၌ ဗမာပြည်တွင်းလူထု၏ အခြေအနေနှင့် ကျောင်းသားများ၏ဘ၀ အပြန်အလှန်ထင်ဟပ်စေသည့်ဆောင်းပါးများ ထည့်သွင်းသည်။ ကိုယ်တိုင်လည်းရေးသည်။ ဥပမာ၊ ဆင်းရဲသားပစ္စည်းမဲ့များနှင့်ကျောင်းသားများ ဆောင်းပါး။ နိုင်ငံရေးလုပ်ငန်းအစစ်ဆိုသည်မှာ ဗမာနိုင်ငံ၏ ၉၀% ခန့်ရှိသော တောသူတောင်သား ဆင်းရဲသား အလုပ်သမား လယ်သမားများ လူတန်းစေ့နေနိုင်ကြရန် (၁) အစားအစာ၊ (၂) အ၀တ်၊ (၃) နေအိမ်၊ (၄) ပညာရေး၊ (၅) ကျန်းမာရေး စသည့်အချက်ကြီး ၅ ချက်နှင့် ပြည့်စုံအောင်ကြိုးပမ်းကြရမည်ဟု ရေးသားကြောင်းတွေ့ရှိရ၏။


ကိုဗဟိန်းသည် စာရေးကောင်းသူလည်းဖြစ်သည်။ ဂေါ်ကီ၏၀တ္ထုတိုကို ဆီလျော်အောင် ဘာသာပြန်ရုံမက ပင်ကိုရေးဝတ္ထုတိုများအနက်”လေလွင့်သူ”ကဆင်းရဲသားချင်းဆုံတွေ့ပုံ၊ “ဘ၀ခရီး”ကမူ အကျိုးမဲ့ကုလားဗမာအဓိကရုဏ်းနောက်ခံကို နိုင်ငံရေးအမြင်နှင့်ရေးသားပုံ မှတ်တမ်းများတွေ့ရသည်။ အင်္ဂလိပ်စာရေးဆရာကြီး Charles Dickens ရေးသည့် Great Expectations ကို “လူ့အလို” ဟု နံမည်ပေးကာဘာသာပြန်နေစဉ် စစ်ကြီးဖြစ်လာ၍ အဆုံးမသတ်နိုင်ခဲ့ပါ။


ကဲ ဗကသ ဖက်ပြန်လှည့်ကြပါစို့။
ဒုတိယကွန်ဖရင့်တွင် ကြေညာအသိပေးခဲ့သည့်အတိုင်း ဗကသသည် တကသအဆောက်အအုံ၌သာ နားလည်မှုနှင့်ခိုကပ်နေရပြီး ကိုယ်ပိုင်ရုံးခန်းရယ်လို့ မရှိသေးချေ။ မတ်လတွင်ကျင်းပသော BA နောက်ဆုံးနှစ်စာမေးပွဲအောင်၍ ကိုအောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားမဟုတ်တော့ပြီ။ ကိုရာရှစ်ကလည်း BL အောင်ကာ ရှေ့နေထွက်လုပ်နေပြီ။
တကသဥက္ကဋ္ဌ က ကိုဘဂျမ်း ( ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်တို့လုပ်ကြံခံရစဉ် မသေဘဲ ကျန်ခဲ့သည့် ၀န်ကြီးဖြစ်လာမည့်သူ) ဖြစ်နေ၍ တော်ပါသေးသည်။
ထိုသို့သောအခြေအနေမျိုးတွင် ဗကသတတိယကွန်ဖရင့် ကျင်းပချိန်ရောက်လာလေပြီ။


(၅)
၁၉၃၈ ခု၊ ဧပြီလ (၂၄) ရက်နှင့် (၂၅) ရက်နေ့ ဗကသ တိတယကွန်ဖရင့်ကို ပုသိမ်မြို့တွင်ကျင်းပသည်။ ဧည့်ခံကော်မတီချယ်ယာမင် ဗကသအတွင်းရေးမှူး ကိုမြစိန် (နောင် သံအမတ်ကြီး)၏ နှုတ်ခွန်းဆက်နှင့် ဗကသဥက္ကဋ္ဌကိုအောင်ဆန်းက မိန့်ခွန်းပြောပြီး၊ ဒု ဥက္ကဋ္ဌကိုလှရွှေက နှစ်လည်အစီရင်ခံစာတင်သွင်း၏။ အထွေထွေခန်းတွင် တင်သွင်းကြသည့်အဆိုတခုချင်း မဲခွဲဖို့ဖြစ်လာသောအခါ သဘာပတိ ကိုအောင်ဆန်းက ထောက်ခံသူကိုယ်စားလှယ်များက အိုင်း ဟု၊ ကန့်ကွက်သူများက နိုးဟု အော်စေပြီး အသံနှင့်မဲခွဲကြသည်။


၁၉၃၈-၃၉ ခု၊ ဗကသအမှုဆောင်အဖွဲ့အတွက် ရွေးကောက်တင်မြှောက်သောအခါ ကိုအောင်ဆန်းက ဥက္ကဋ္ဌ၊ ကိုဗဟိန်းက အထွေထွေအတွင်းရေးမှူးဖြစ်လာ၏။ တတိယကွန်ဖရင့်တက်လာကြသူများသည် မော်တင်စွန်းသို့သွားပြီး ကိုဇော်ဝိတ်ဦးဆောင်ကာ လေ့ကျင့်ခန်းများလည်းပြုလုပ်ကြသည်။


၁၉၃၈ ခု၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်သောအခါ ကိုအောင်ဆန်းသည် BL ကျောင်းသားဖြစ်လာသည်။ ၁၉၃၈-၃၉ တကသဥက္ကဋ္ဌဖြစ်လာပြီး ကိုဗဟိန်းက ဒုဥက္ကဋ္ဌဖြစ်လာ၏။ ၁၉၃၈ ခု၊ အောက်တိုဘာလတွင် ကိုအောင်ဆန်းသည် တက္ကသိုလ်ကထွက်ကာ ဒို့ဗမာအစည်းအရုံးသို့ဝင်သွား၍ ကိုဗဟိန်းသည် တကသစည်းမျဉ်းအရ ဥက္ကဋ္ဌတက်လုပ်ရသလို ဗကသတွင်လည်း နောက်ကွန်ဖရင့်အထိ ဥက္ကဋ္ဌ တာဝန်ယူရသည်။


ထိုကာလတွင် အေ၀မ်းရုပ်ရှင်မှာ မြဂနိုင်ရုပ်ရှင်အတွက် ဥက္ကဋ္ဌကိုဗဟိန်းက ရွှေတံဆိပ်ချီးမြှင့်၏။
၁၉၃၈ ခု၊ နိုဝင်ဘာလဆန်းတွင် တပြည်လုံးမှ ကျောင်းသားကိုယ်စားလှယ် (၉၅) ယောက် တက်ရောက်လာသော ပထမဆုံးကျောင်းသားလွှတ်တော်၌ ဗကသဥက္ကဋ္ဌ ကိုဗဟိန်းပြောသည့် မိန့်ခွန်း ထိရောက်ပြောင်မြောက်မှုကြောင့် သူ၏နာမည်သည် သတင်းစာများမှတဆင့်ကျော်ကြားသွား၏။” မကျေနပ်သောအချက်အလက်များလုံလောက်စွာရှိက သပိတ်မှောက်ခွင့်ကို မွေးရာပါအခွင့်အရေးကဲ့သို့မှတ်ယူရမည်” ဟုကိုဗဟိန်းကဆို၏။


၁၉၃၈ ခု၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ရေနံမြေမှ အလုပ်သမား (၂၀၀၀) ခန့်ချီတက်လာရာသို့ ဗကသဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူးကိုဗဆွေ (နောင် ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌ) တို့သည် သခင်လှဖေ (နောင်ဗိုလ်လက်ျာ)၏ တိုက်တွန်းဖိတ်ကြားချက်အရ ဒို့ဗမာအစည်းအရုံးမှ သခင်စိုးတို့နှင့်အတူ မကွေးမြို့သို့ရောက်သွားသည်။


သပိတ်စခန်းတွင် ဗကသဥက္ကဋ္ဌ ကိုဗဟိန်း” မြင်းခွါတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်သွားစေရမည်၊ ရဲဘော်တို့သတ္တိ ကမ္ဘာကသိအောင် ပြကြပါ-“- စသဖြင့် ဟောကြားမှုကြောင့် ကိုဗဆွေ၊ သခင်စိုး စသူတို့နှင့်အတူ အဖမ်းခံရသည်။


ရန်ကုန်တက္ကသိုလ်တွင် တကသ အရေးပေါ်အစည်းအဝေးကို ဒုဥက္ကဋ္ဌကိုလှရွှေ ဦးဆောင်ကျင်ပပြီး ကိုဗဟိန်းနှင့်ကိုဗဆွေတို့အား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ သပိတ်မှောက်ကြသည်။ ဒီဇင်ဘာလ (၂၀)ရက်နေ့၌ အတွင်းဝန်ရုံးကိုဝိုင်းပြီးဆန္ဒပြကြသော ကျောင်းသားများအနက် ဂျပ်ဆင်ကောလိပ်မှ ကိုအောင်ကျော် ပုလိပ်တို့၏ရိုက်ချက်ကြောင့် သေဆုံးသည်။


၁၉၃၉ ခု၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ဗိုလ်အောင်ကျော်သေဆုံးရမှု အမှုမှန်ပေါ်ရေး ၀ိုင်းဝန်းပါဝင်ကြရန်၊ ဗကသနှင့်အမြန်ဆုံးဆက်သွယ်ကြရန် ဥက္ကဋ္ဌကိုဗဟိန်း၏ မေတ္တာရပ်ခံချက် သတင်းစားများ၌ ဖော်ပြကြ၏။
မတ်လစာမေးပွဲအောင်ပြီးနောက် ကိုဗဟိန်းသည် ဒို့ဗမာအစည်းရုံးသို့ဝင်လေတော့သည်။


(၆)
ကိုဗဟိန်းသည် နှစ်လိုဖွယ်ကောင်းသူ၊ ဂီတစာပေကဲ့သို့သောအနုပညာကိုမြတ်နိုး တန်ဖိုးထားသူ၊ ပြုံးနေမြဲ မျက်နှာနှင့်လိုက်အောင် အဖိုးတန်အ၀တ်အစားကောင်း သပ်ရပ်စွာဝတ်လေ့ရှိသူ၊ စိတ်သဘောထားကောင်း နူးညံ့သိမ်မွေ့ငြင်သာစွာ စကားပြောတတ်သူ စသဖြင့် သူ၏ရုပ်ပုံလွှာကို သူနှင့်အရင်းနှီးဆုံး ဒဂုန်တာရာက ”ဗဟိန်း သို့မဟုတ် ကဗျာ” ဟု ခေါင်းစဉ်တပ်ရေးသားသည်။


၁၉၄၇ ခု၊ ဇန်န၀ါရီလထုတ် တာရာမဂ္ဂဇင်း၌ပါရှိသော ထို လူကိုလေ့လာခြင်းဆောင်းပါးကိုဖတ်ပြီး ဗိုလ်ချု့ပ်အောင်ဆန်းက ဗဟိန်း သို့မဟုတ် Romance ဆိုလျှင် ပိုဆီလျော်မည်ဟု မှတ်ချက်ချကြောင်း ဖတ်ဖူးခဲ့သည်။


(၇)
ဒို့ဗမာအစည်းရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ၊ ရဲဘော်ဂိုရှယ်၊ ရဲဘော်နတ်တို့နှင့်အတူ သခင်ဗဟိန်းသည် ၁၉၃၉ ခု၊သြဂုတ်လ ၁၅ ရက်နေ့တွင် မြေအောက် ကွန်မြူနစ်ပါတီဖွဲ့စည်းခဲ့သည်။ သူ့ဖခင် ဦးမှင်က ကိုဗဟိန်းသည် မိဖထက် နိုင်ငံရေးကိုပိုချစ်သည်ဟု မှတ်ချက်ချသည်။ ဂျပန်ခေတ် ဒေါက်တာဗမော်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးသခင်နု၏ အတွင်းဝန်အဖြစ် ဆောင်ရွက်သည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးသခင်သန်းထွန်းနှင့်တွဲကာ မြေအောက်ကွန်မြူနစ် လှုပ်ရှားများလုပ်ဆောင်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗြောင်ထူထောင်သောအခါ သခင်ဗဟိန်း ဗဟိုကော်မတီဝင်ဖြစ်လာသည်။


ဗကပ၏အာဘော် ပြညသူ့အာဏာဂျာနယ်တွင် အယ်ဒီတာချုပ်တာဝန်ယူသည်။ ဗကပတွင် ပေါလစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာပြီးနောက် နာမကျန်းဖြစ်နေစဉ် ၁၉၄၆ ခု၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ဗကပ အား ဖဆပလ က ထုတ်ပစ်လိုက်သည့်သတင်းသိ၍ စိတ်ထိခိုက်ရောဂါဆိုးလာပြီး သေဆုံးသည်။

အကယ်၍သာ--အကယ်၍သာ-- သခင်ဗဟိန်း ထိုသို့စောစီးစွာ မသေဆုံးပါလျှင်-- စသဖြင့် တွေးထင်စရာတွေများစွာရှိ၏။ မေးချင်စရာတွေလည်း ပေါ်လာမည်။ အဖြေကိုလည်း မှန်းဆကြမည်။
သို့သော်လည်း ဤဆောင်းပါး၏ ရည်ရွယ်ချက်က ဗကသအကြောင်းမျှသာဖြစ်ပါ၍ ကိုဗဟိန်းအား ဗကသ၏အမှတ်အသားဟုဆိုကာ အဆုံးသတ်ရပါမည်ဟု တွေးမိကြောင်းပါ။
၂၀၁၇ ခု၊ ဇူလိုင်လ (၁) ရက်။

ရဲဘော်ဘဟိန်းအကြေင်း(ဗိုလ်ကြင်မောင်)

0 comments
ရဲဘော်ဗဟိန်းအကြောင်း
ရဲဘော်ကြင်မောင် ရှင်းလင်းချက်
စစ်ကိုင်းရဲ့ပထဝီအနေအထား
စစ်ကိုင်းဟာ ရှေ့တန်းရောက်နိုင်ငံရေးမြို့ မဟုတ်ခဲ့ဘူး။
ဒါပေမဲ့ သူ့မှာ ထူးခြားချက်ရှိတယ်။

ဧရာဝတီရဲ့ တံတောင်ဆစ်ကွေ့မှာ တည်ထားတဲ့မြို့ဖြစ်လို့
စစ်ကိုင်း အရှေ့ခြမ်းက မန္တလေး၊ အမရပူရနဲ့ အရှေ့အနောက် မျက်နှာချင်းဆိုင်။
စစ်ကိုင်းအနောက်ခြမ်းက အင်းဝ၊ တံတားဦးနဲ့ တောင်မြောက် မျက်နှာချင်းဆိုင်။
အဲဒီတော့ အရှေ့ခြမ်းက တက်ကြွလှုပ်ရှားသူတွေက ကိုခင်မာင်လေး (ဗိုလ်ခင်မောင်လေး) နဲ့ နီးစပ်ကြတယ်။ အနောက်ခြမ်းက ကိုဗဟိန်းနဲ့ နီးစပ်ကြတယ်။ ကျွန်တော်က အနောက်ခြမ်းက

ဒါကြောင့် (၁၉၃၆)ကတည်းက ကိုဗဟိန်းနဲ့ သိကျွမ်းတယ်။ ကျောင်းသား
ကြီး (ခေါင်းဆောင်) နဲ့ ကျောင်းသားငယ် (နောက်လိုက်) ရဲ့ သိကျွမ်းမှု
မျိုးပါ။ ညာလက်ရုံးမဟုတ်သလို ဘယ်လက်ရုံးလည်း မဟုတ်ဘူး။ တောက်တိုမယ်ရ ဆက်သားပဲ။
သူ့ရဲ့စည်းရုံးမှုကြောင့်လည်း ကွန်မြူနစ်ဖြစ်ခဲ့တယ်။
ဒါကြောင့် ဗကပရဲ့ အတိတ်သမိုင်းအမြင်ကို ကျွန်တော်ရေးရ လိမ့်မယ်။ သူတို့စစ်အုပ်စုပြောတဲ့ ဗကပ(လက်ကျန်) ရဲ့ တာဝန်ရှိသူတဦးအနေနဲ့လည်း ကိုဗဟိန်းအကြောင်း ကျွန်တော်ရေးရလိမ့်မယ်။
ဒါကြောင့် လက်ရှောင်မနေဘဲ ရေးပါတယ်။

နောက်တကြောင်းကတော့ အရေးမကြီးလှပါဘူး။ ဒါပေမဲ့ ရေးမှ ပြည့်စုံမှာမို့ ရေးပါတယ်။
အသက်ဝင်လာမယ့် ‘၂၀၀၈ အခြေခံဥပဒေ’ အရ ပေါ်လာမယ့် ‘အစိုးရသစ်’မှာ နေရာဦးဖို့ ဖျာခင်းနေတာ၊ သူတို့တတွေ ဂနာမငြိမ် ဖြစ်နေတာကိုသိနေလို့ ‘တော်ကောက်’ ခံရအောင် ‘ညိုမြ’ လုပ်နေတာ
သိနေလို့ လက်ရှောင်နေခဲ့တာပါ။

အခုတော့ သူတို့ထဲက (၃) ယောက် ‘သတင်းစာ’မှာ နေရာရသွားကြပြီ။ ဒါကြောင့် ရေးလို့ရပြီဆိုပြီး ရေးပါတယ်။

ကိုဗဟိန်းတွေဝေသူလား
ကိုချစ်လှိုင်က သခင်တင်မြလေသံလိုက်ပြီး ကိုဗဟိန်းကို တွေဝေသူလို့
ပြောတာ တွေ့လိုက်တယ်။ သခင်တင်မြကို ကိုဗဟိန်းသာမက ကိုဗဟိန်းနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့အစုများကပါ သခင်စိုးရဲ့ဆက်သားအဖြစ် သူလာတုန်းက ခပ်ရှောင်ရှောင် လုပ်ခဲ့တယ်။ ဒါကို သူမကျေနပ်ဘူး။ သခင်စိုးကို သံတော်ဦးတင်တယ်။ အဲဒီကာလကတည်းက ကိုအောင်ဆန်းတို့၊ ကိုဗဟိန်းတို့၊ ‘ဗကသ’အနွယ်တို့ကို သခင်စိုးက ဂိုဏ်းဂဏနဲ့ ဆက်ဆံခဲ့တာပဲ။ အလံနီပါတီရဲ့အာဘော်
‘အာဏာသစ်’ ဂျာနယ်မှာ ပထမဆုံးရေးတဲ့ ဆောင်းပါးတွေကြည့်။ “ဆောင်ကြာမြိုင်ဗိုလ်ချုပ်” လို့ ကိုအောင်ဆန်းကို ဆဲတယ်။

ကိုဗဟိန်းကိုတော့ “ချွေးတပ်ဗိုလ်ဗဟိန်း”လို့ ဆဲတယ်။
သခင်တင်မြရဲ့ သံတော်ဦးတင်တာကိုလက်ခံပြီး သခင်စိုး အရေးယူခံခဲ့ရသူတွေလည်း ပါတီထဲမှာ မနည်းဘူး။

ကိုဗဟိန်းတွေဝေသူလားဆိုတာကတော့ လက်တွေ့က အဖြေပေးပြီးပါပြီ။ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ကိုဗဟိန်းနဲ့သူ့အစုဝင်တွေပဲ သီးခြား လက်နက်ကိုင်တပ်ဖွဲ့ပြီး တပ်မတော်နဲ့လက်တွဲကာတိုက်ခဲ့ကြတာ ဖြစ်တယ်။ ကျွန်တော်တို့က ( Partisan) ကို ဘယ်လိုဘာသာပြန်ရမလဲ မသိလို့ ‘ပါတီတပ်’ လို့ပဲခေါ်ခဲ့တယ်။ မကောင်းပါဘူး။

ကိုဗဟိန်းကတော့ ‘ရဲခေါင်ပြောက်ကျားတပ်’အမည်ခံခဲ့တာပဲ။ ဂုဏ်နဲ့ဒြပ်ဟပ်မိတယ်။ ကျွန်တော်တို့တပ်က တပ်ခွဲတခုစာသာရှိပေမယ့် ကိုဗဟိန်းတို့တပ်က တပ်ရင်းပေါင်းများစွာ ရှိတာပဲ။ ဒါကြောင့်ပဲ ဗိုလ်အောင်ဆန်းက ဖဆပလဥက္ကဋ္ဌလုပ်ဖို့ တပ်ကထွက်မယ်လုပ်တော့ ကိုဗဟိန်းကိုပဲ တပ်ကိုလွှဲခဲ့ချင်တာ ဖြစ်တယ်။

ဗိုလ်နေဝင်း၊ ဗိုလ်အောင်ကြီးတို့ မခံချိမခံသာဖြစ်တာလည်း အဲဒါကြောင့်ပဲ။ ဗိုလ်အောင်ကြီးရဲ့စာတစောင်မှာ
ဒီကိစ္စရေးထားတာ ဖတ်ဖူးတယ်။
(ရဲဘော်ကြင်မောင်)
အရေးတော်ပုံဂျာနယ်
အတွဲ ၁ ၊ အမှတ် ၃ ၊

ကညွှတ်ကွင်းအိမ်ပြေး ၉(မျိုးမြင့်ချို)

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၉) ထိုအချိန်တွင် အဖေ ကဖိုးထောင် အိမ်ပြန်ရောက်လာပါသည်၊ သားကြီး မင်းအမေရောဟုမေးရာ နွားနို့သွားသွင်းမယ်ပြောတယ်အဖေဟုဆိုတော့ အဖေ ငမြွေထိုးတွေရော ငါးမြွေနဂါးတွေရော ရခဲ့တယ်။

ငါးမြွေနဂါးဆိုသည်မှာ ဘေးတွင်အစင်းကြားကြီးတွေပါ၍ ငါးမြွေထိုးထက် ကြီးလည်းပိုကြီး ဆူလည်းပိုဆူဖြိုးသည့် ငါးမြွေထိုးအကြီးစားကြီးများဖြစ်ပါသည်။ သူတို့အသားကို ကိုက်စားလျင် ပါးစပ်ထဲ ကပ်စေး၍နေပါသည်။ ချိုလည်းအလွန်ချိုပါသည်။ စေးစေးပိုင်ပိုင်လည်းရှိပါသည်။ ကျန်တာတွေတော့ မင့်အမေပြန်လာမှ လုပ်လိမ့်မယ်။ ခုလောလောဆယ် တို့သားအဖ အဲ့ကောင်တွေ ကင်စားစို့ဟုပြောပါသည်။ 

အဖေ ကဖိုးထောင်ကြည့်ရသည်မှာ အလွန်ပင်ပမ်းလာပုံပေါက်ပါသည်။ ပလိုင်းထဲမှ ငါးတွေကိုလည်း အင်ဒုံကြီးပေါ်သွန်နေတာ ခြေလက်မလှုပ်နိုင်လောက်အောင် ပမ်းနေပုံပေါ်ပါသည်။ ငါးတွေကလည်း ပိဿ ၂ဝ လောက် ရှိမည်ဟုထင်ပါသည်။ ကျနော့်ဘဝတွင် ငါးအရှင်လတ်လတ်တွေ အဲ့လောက်များများ တခါမှမတွေ့ဘူးပါ။ သားကြီး ဒါက ငါးဘတ်လို့ခေါ်တယ် ဒါက ငါးနုသန်း၊ ဒါက ငါးပြေမ ဒါက ငါးဖယ်အောင်းဟုပြောပြပါသည်။ 

ဒါနှင့် အဖေ ကျနော်ဘာလုပ်ပေးရမလဲဟုမေးတော့ ဟိုးဘုရားစင်ထောင့်က အိပ်အမည်းလေးထဲမှာ ပိုက်ဆံရှိတယ်၊ သား အဲ့ဒါကိုယူပြီး ရွာစွန်းက ငပျော့တို့ဆီ ချက်အရက်တလုံး သွားဝယ်ချေဟုပြောပါသည်။ သူပြောသည့်အတိုင်း ထိုအိပ်အနက်ထဲတွင် ပိုက်ဆံ ၁၄ ကျပ်လောက်တွေ့ပါသည်။ ကျနော်လည်း ထိုပိုက်ဆံတွေယူပြီး ရွာစွန်းက ငပျော့တို့အိမ် လိုက်ရှာပါသည်။ ငပျော့ ဘယ်သူမှန်း ကျနော်မသိပါ။ 

ပိုက်ကျော်ခြင်းခတ်နေကြသည့် အကိုကြီးများတွေတွေ့တော့ အကိုကြီး ကျနော် ကဖိုးထောင်သားပါ၊ ရွာစွန်းက အရက်ရောင်းတဲ့ ငပျော့အိမ်သိချင်လို့ပါ ဆိုတော့ ငပျော့က မင်းအမေလင်ထက် အသက်ကြီးတယ်ကွ ဦးပျော့လို့ခေါ်ဟုပြောပြီး ခြင်းဆက်ခတ်နေပါသည်။ ကျနော် စိတ်လည်းအတော်ဆိုး ဒေါသလည်းအတော်ထွက်ပါသည်။ လက်ထဲ သေနတ်ရှိလျင် ထို မအေလိုးကြီးများကို ပစ်သတ်မိမှာသေချာပါသည်။ ခြင်းဝိုင်းနားက ထွက်လာတော့ ကျနော့်ထက် အသက် ၃ နှစ်လောက်ကြီးမည်ထင်ရသည့် မိန်းကလေးတယောက်က ငါက ဦးပျော့သမီးဘဲ နင်ဘာလိုချင်လို့တုန်းဟု ငုံးတိတိပြောပါသည်။ ငါ့အဖေက အရက်သောက်ချင်တယ်၊ အဲ့ဒါ ငပျော့ဆိုင်သွားဝယ်ပြောလို့ဟုဆိုတော့ ခုချိန်ဆို အဖေလည်းမူးနေလောက်ပြီ၊ နင့်အရက်ဖိုး ငါ့ကိုပေး ငါအရက်တလုံး ယူပေးလိုက်မယ်ဟုပြောသဖြင့် နင့်အရက်တလုံးက ဘယ်လောက်လဲဆိုတော့ ၃ ကျပ်ဟုပြောပါသည်။ ဒါနှင့် ကျနော်လည်း သူ့ကို ၃ ကျပ်ထုပ်ပေးလိုက်တော့ သူ့ ရှင်မီးအင်္ကျီလေးထဲ ထိုးထည့်ပါသည်။ 

ကျနော်လည်း မနေနိုင်မထိုင်နိုင် လိုက်ကြည့်ပါသည်။ သူ့ရင်သားလေးတွေမှာ စူစထွက်စပြူစပြုစ အရွယ်ဖြစ်နေပါသည်။ ကိုင်ကြည့်ထိကြည့်ချင်စရာလေးတွေလိုဖြစ်နေပါသည်။ သူကတော့ အဲ့ဒါတွေ သတိပြုမိဟန်မပေါ်ပါ။ ကျနော်ပေးလိုက်သည့် ပိုက်ဆံ ၃ ကျပ်ကိုယူပြီး လာ ငါ့နောက်လိုက်ခဲ့ဟုခေါ်ပါသည်။ ကျနော် နောက်ကလိုက်ရင်း သူတို့ တဲထဲရောက်တော့ အရက်တလုံးသွားထုတ်ပေးပါသည်။ 

ကျနော်က ကျေးဇူးဘဲဟုပြောတော့ သူ သိတ်နားလည်ပုံမပေါ်ပါ။ နင့်နံမည်ဘယ်လိုခေါ်လဲ နင်ကတောသားရုပ်မပေါက်ဘူးဟုပြောပါသည်။ ဒါနှင့် ကျနော်လည်း နံမည်တွေဘာတွေပြောပျက်ပြီး အရက်ပုလင်းကိုင်ကာ အိမ်ပြန်လာပါသည်။ (ဆက်ပါဦးမည်)
မျိုးမြင့်ချို(ဇွန် ၂၁၊ ၂ဝ၁၇)

ကညွှတ်ကွင်းအိမ်ပြေး ၈(မျိုးမြင့်ချို)

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၈) ထိုနေ့က တနေ့လုံး အမေခနှင့် အိမ်မှာနေရပါသည်။ အမေခသည် နွားနို့ညှစ်တတ်ပါသည်။ ကျနော့်ဘဝတွင် နွားနို့ညှစ်သည်ကို တခါမှ ခုလောက် စေ့ငုသေချာ အနီးကပ်မကြည့်ဖူးပါ။ ဒူးနှစ်လုံးကြားတွင် ဘာလီပုံးကိုခံလျက် လက်ကို ရေဆွတ်ဆွတ်ပြီး နွားမကြီး၏နို့အုံကို ဗြတ်ဗြတ် ဗြတ်ဗြတ်နှင့်ရိုက်လျက် နို့သီးတံတွေကို ဆွဲဆွဲချလျက် ဗြူးကနဲဗြူးကနဲ နွားနို့တွေ့ထွက်ကျလာအောင် လုပ်သည်မှာ အံ့စရာကြီးဖြစ်နေပါသည်။ နို့ညှစ်နေရင်းက လူလေး အမေပြီးရင် ကျိုတိုက်မယ်သိလား။ ဒါ နွားနို့အစစ်ဘဲ။ ရေမရောဘူးဟုပြောပါသည်။ ရေသည် ဘယ်ထဲသွားရောမှန်း ကျနော်မသိပါ။ သို့သော် အမေခပြောသည့် ရေမရောဘူးဆိုသည်ကို ကျနော် သဘောပေါက်သလိုလိုရှိပါသည်။

နွားမ သုံးကောင်လုံးဆီမှ အမေခ နို့ညှစ်ချိန်မှာ ၂ နာရီခန့်ကြာမည်ထင်ပါသည်။ နွားနို့တွေမှာ ဘာလီပုံး လေးလုံးခန့် ရှိမည်ထင်ပါသည်။ သား ဒါကို ကြည့်ထား။ ဟိုကောင်တွေ မသောက်စေနဲ့ဟုပြောရင်း ကြောင်တွေခွေးတွေဘက် မေးထိုးပြပါသည်။

ဟုတ်ကဲ့အမေ ဟုပြောတော့ ဟုတ်ကဲ့သည် သူ့အတွက် အလွန်ယဉ်ကျေးလွန်းသောစကားလုံးလိုဖြစ်သလား မပြောတတ်ပါ၊ အမယ်လေး သားကြီးရယ် ယဉ်ကျေးလိုက်တာဟုပြောပြီး အမေ ဒါသားအတွက်ချန်ထားခဲမယ် အမေနို့သွားသွင်းလိုက်ဦးမယ် မကြာဘူး ပြန်လာခဲ့မယ်ဟု ပြောရင်း ကောက်ရိုးတွေ ပဲဖတ်တွေနှင့် နွားစာတွေနယ်နေပါသည်။ ကျနော်လုပ်ပေးမယ်လေ အမေ ဆိုတော့ မလုပ်နဲ့မလုပ်နဲ့သားကြီး သားကြီး အဲ့ဒါတွေမလုပ်တတ်ဘူးဟုပြောပါသည်။ နွားမကြီးများကလည်း နို့အုံတွေတင်းသည့်ဒဏ်ခုမှလျော့သွားသလိုမျိုး လှုပ်လှုပ်ရှားရှားနှင့် ဖျတ်ဖျတ်လတ်လတ်ပြန်ဖြစ်လာပါသည်။
အမေခသည် နို့ပုံးကြီးခေါင်းရွက်ကာ အပြင်ထွက်သွားပါသည်။ ကျနော်နှင့် နွားသုံးကောင် ခွေးသုံးကောင် ကြောင်တသိုက်နှင့်သာ အိမ်မှာကျန်ပါသည်။ ဘာလုပ်လို့လုပ်ရမှန်းလည်းမသိပါ။
မျိုးမြင့်ချို(ဇန် ၁၈၊ ၂ဝ၁၇)

ကညွှတ်ကွင်းအိမ်ပြေး ၇(မျိုးမြင့်ချို)

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၇) ကျနော် အိပ်မက်ထဲတွင် ရှူးရှူးပေါက်ပေါက်ပါသည်။ အပြင်တွင်တကယ်မပေါက်ပါ။ ဆီးအိမ်တင်းပြီး ရှူရှူးပေါက်ချင်တာမျိုးဖြစ်ပါသည်။ ရန်ကုန်က ကျနော့်အိမ်တွင် ရှူရှူး ဘယ်နေရာပေါက်မည်မှန်းသိသော်လည်း အမေခတို့ အဖေ ကဖိုးထောင်တို့အိမ်တွင် ဘယ်နားပေါက်ရမည်မှန်းမသိပါ။ သို့နှင့်ငုတ်တုတ်ထိုင်မိသော်လည်း ဘယ်နားသွားပေါက်ရမှန်းမသိပါ။

ထိုအချိန်တွင် အမေခလည်း လွန့်ပြီးနိုးလာလျက် လူလေး အိပ်လေ မအိပ်ဘူးလားဟုမေးပါသည် အမေ ကျနော် သေးပေါက်ချင်လို့ဟုဆိုတော့ သြော် သားရယ်ဟုရေရွတ်ကာ လာ ထ အမေလိုက်တည်မယ်ဟုပြောပြီး အိပ်မှုံစုံမွှားဖြင့်ထလာပါသည်။

အိမ်အပြင် ရေစိုစိစိုစိနေရာရာရောက်တော့ သားအဲ့မှာပေါက်လိုက် အိမ်သာထိသွားမနေနဲ့ဟုပြောသဖြင့် ကျနော်လည်း ကော့ပန်းလိုက်ပါသည်။ ကျနေ် ရှူရှူးပန်းပြီးသည်အထိ အမေခစောင့်နေပါသည်။ လူလေး ပြီးပလားဟုမေးပြီး ပြန်တွဲခေါ်ပါသည်။ ကျနော်လည်း အမေခရင်ခွင်တွင် ပြန်အိပ်ပျော်သွားပါသည်။

နောက်တော့ လူလေးထတော့ထတော့ဟုဆိုသဖြင့်ကျနော်ထတော့ အဖေ ကဖိုးထောင်က ကောင်ကြီး နိုးဘလားဟုမေးပါသည်။ နိုးပြီအဖေဆိုတော့ ထမင်းကြော်စားကွာ ပြီးရင် ဟိုးဒိုက်ဦးချောင်းဘက် သွားရအောင် ဟုပြောပါသည်။

အမေခက ရှင်က ခလေးကို တောင်တောင်အီအီတွေရှောက်ခေါ်မသွားနဲ့။ သူ့ဖာသာသူ အိမ်မှာနေပေ့စေပေါ့ဟုပြောပါသည်။ အဖေ ကဖိုးထောင်က ဟ ဒါဆို သူဘာနဲ့လုပ်စားမှာလဲဟုပြောတော့ အမေခက သူက မြို့သားလေ သူ့ဟာသူ ဘာလုပ်စားစားပေါ့၊ ရှင်နဲ့တော့ မြစ်ကြားချောင်းကြား ငါးနှိုက်ဖားရှာ ကိုယ့်သားကို မလုပ်စေချင်ဘူးဟုပြောပါသည်။

အေးလေ ဒါဆိုလည်းပြီးတာဘဲဟုဆိုကာ အဖေ ကဖိုးထောင်သည် ကွန်ကိုမကာ အပြင်ထွက်သွားပါသည်။ ဒေါသအမူအရာ တစိုးတစိမျှမရှိပါ။ သားကြီး အဖေ ငါးမြွေထိုးတွေ ဖမ်းခဲ့မယ်သိလားဟုပြောပြီး ကွန်ထမ်းပြီးထွက်သွားပါသည်။
(ဆက်ပါဦးမည်)
မျိုးမြင့်ချို ဇွန် ၁၇၊ ၂ဝ၁၇

ခြေခွင်ဘားလားစန်းမင်း(မျိုးမြင့်ချို)

0 comments
တောင်ငူထောင်နေတုန်းက စန်းမင်းဆိုတဲ့ စစ်ပြေးလေးတယောက်နဲ့သိခဲ့ဖူးတယ်။ အသားမဲမဲ အရပ်ပုပု ခြေကလေးကခွင်ခွင်ပေမယ့် ဖင်ပေါ့တယ် ယဉ်ကျေးတယ်။ ဘယ်သူ ဘာခိုင်းခိုင်း မညည်းမညူ လုပ်ပေးရှာတော့ လူတွေက သူ့ကို ငါးပိကြော် ငါးခြောက်ကြော်လေးတွေပေးရုံမက ထောင်ဝင်စာလာာတဲ့နေ့ဆို ဟင်းစိုလို့ ခေါ်တဲ့ အိမ်ကချက်ပေးလိုက်တဲ့ အသားဟင်းငါးဟင်းတွေပါ ခေါ်ကျွေးတတ်ကြတယ်။ ကျနော်လည်း ပါတယ် ဒီကောင့်ကို သနားတဲ့ ခင်တဲ့လူတွေထဲမှာ။

ကျနော့်ကို ကိုကြီးမျိုးက သူများတွေလို သိတ်မလှုပ်ရှားတော့ ညောင်းမှာပေါ့ ကျနော် နှိပ်ပေးမယ် ဇက်တွေဘာတွေချိုးပေးမယ်ဆိုကာ ညတိုင်းလိုလို လာပြီး ပြောပါတယ်။ ကျနော်က အဲ့လို အလုပ်ခံရမှာရှက်လို့ ရပါတယ်ကွာဟုပြောပြီး ငြင်းငြင်းထုတ်တော့ သူမျက်နှာမကောင်းပါ။ 

တရက် ကျနော် ဖျားတော့ ဆေးရုံလည်း မသွားချင် ထောင်ဆရာဝန် ဒေါက်တာသန်းဝင်းနှင့်လည်း ဆက်ဆံရတာအဆင်မပြေဆိုတော့ ပါရာစီတမောလ်လေး ဘာမီတွန်လေးသောက်ပြီး စောင်ခြုံကွေးနေပါတယ်။ ညကြတော့ စန်းမင်းရောက်လာပြီး ကိုကြီးမျိုး တနေကုန်ကွေးနေတာဆို ဘာဖြစ်လို့လဲဟုမေးလည်းမေး ကျနော့်ခြေချောင်းတွေကိုလည်း စမ်းပါသည်။ အဖျားတက်နေတာဘဲ ကိုယ်တွေလည်းပူနေတာဘဲ။ ကဲ စောင်ခွာလိုက် ကျနော် နှိပ်ပေးမယ် အကြောတွေလျှော့ပေး ချွေးထုပ်တဲ့သဘောပေါ့။ ချွေးထွက်သွားရင် သက်သာသွားလိမ့်မယ်ဟုပြောလည်းပြော ကျနော့်ကိုမှောက်ခိုင်းပြီး ခြေဖျားကနေ စနှိပ်ပါသည်။ နောက် ခြေသလုံး ပေါင် တင်ပါး ခါး ကျောပြင် ဇက်ပိုးတွေအထိ ဆက်တိုက်နှိပ်ပါတယ်။ ခံလို့အလွန်ကောင်းပါတယ်။ ပြီးတော့ ပက်လက်လှန်ခိုင်းပြီး ညို့သကျည်းဘေးကြွက်သားတွေကိုနှိပ်ပါတယ်။ လက်ဖဝါး လက်ဖျံ လက်မောင်း ပခုံးတွေကိုနှိပ်တော့ ဟပြဲနေတဲ့ သူ့အင်္ကျီရင်ဘတ်အောက် သူ့ရင်ညွန့်တွင် ချေဂွေဗားရားပုံ တက်တူးထိုးတာကိုတွေ့ရပါတယ်။ ပုံက လက်ရာအတော်ကောင်းသလို ဆေးသားလည်း စိမ်းစိုနေပါတယ်။ သိတ်မကြာသေးခင်က ထိုးထားပုံပေါ်ပါတယ်။ 

ဒါနဲ့ကျနော်က စန်းမင်း အဲ့ဒါ ဘယ်သူလဲကွဆိုတော့ ချေခွင်ဘားလားလေ ကိုကြီးမျိုးရ။ ကျနော် ပြုံးမိပါတယ်။ ဒါပေမယ့် စိတ်ပြန်ထိန်း မျက်နှာပြန်ပြင်ပြီး သူက ဘာလဲကွဆိုတော့ အမေရိကန် လမ်းသူရဲဂိုဏ်းခေါင်းဆောင်လေ ကိုကြီးမျိုးကလည်း နိုင်ငံရေးသမားလုပ်ပြီး မသိဘူးလားလို့ပြောတော့ ကျနော် ဖျားနေတဲ့ကြားက အားရပါးရ ရယ်မိပါတယ်။ ဘာလို့တုန်း ကိုကြီးမျိုးလို့မေးတော့ ဘာမှမဟုတ်ပါဘူးကွာဆိုပြီး စကားဖြတ်လိုက်ပါတယ်။

နောက်တပတ်လောက်ရှိတော့မှ သူ့ကို ချေဂွေဗားယားအကြောင်း ပြောပြတော့ သူ ပါစပ်အဟောင်းသားနဲ့ နားထောင်ပါတယ်။ ကျနော့်စကားလည်းဆုံးရော သူ့ရင်ဘတ်သူပြန်ငုံ့ကြည့်ပြီး အဲ့ဒါဆို ခုမှ ပိုမိုက်သွားတယ်ဟုပြောပါတယ်။
မျိုးမြင့်ချို ဇွန် ၁၄ ၂ဝ၁၇

မျောက်လိုလိုအကောင်(မျိုးမြင့်ချို)

0 comments
ကျနော်သည် စကားကို ပြေပြေပြစ်ပြစ် ဖွဲ့ဖွဲ့နွဲ့နွဲ့ပြောတတ်သူမဟုတ်ပါ။ တုတ်ထိုးအိုးပေါက်ကောင်ဖြစ်ပါသည်။ စာရေးလျင်လည်း လိုရင်းအသားပါလျင်ပြီးရောဟုဆိုကာ အနုရသ မပါတာတွေများပါသည်။ သတင်းသမားလိုလားဆိုတော့လည်း မဟုတ်ပါ။ ရသစာပေဖန်တီးသူလားဆိုတော့လည်း မဟုတ်ပါ။ လအော့လအယ် စာအဖွဲ့အနွဲ့မျိုးဖြစ်ပါသည်။

တခါတလေ စိတ်ထဲရှိတာတွေကို လက်ကစီးဆင်းသွားရင်း ကီးဘုတ်ခလုပ်တွေကို လျှောက်နှိပ်နေတာမျိုးဖြစ်ပါသည်။ သူ့ဟာသူ ထွက်ချင်တာတွေ ထွက်ကုန်ပါသည်။ တော်သင့်ပြီဟုထင်သည့်အချိန်ရပ်လိုက်ပြီး တိုင်မ်းလိုင်ပေါ်တင်လိုက်ပါသည်။ ထိုရောအခါ ကိုယ်ပြောချင်တာ ဘာမှန်းမသိတွေလည်း များပါသည်။

 ဥပမာ ကျနော် ဂျူးတွေကို လူသားအဖြစ်နှင့် ကျနော် မမုန်းပါ။ မမုန်းသည့်သည့်အပြင် ဟစ်တလာ့ဒဏ်ခံရသည့် လူသားတွေအဖြစ် ရင်နင့်အောင်ခံစားရပါသည်။ သို့သော် ဓနအင်အားကိုသုံးပြီး ဟော်လိုးကော့စ်ဆိုသည်နှင့် အော့ဇဝတ်ဆိုသည်နှင့် ပြတိုက်တွေဆောက် ရုပ်ရှင်တွေရိုက်ရင်း ကမ္ဘာမြေဆီက အလွန်အမင်းမျက်ရည်ချူပြီး ပါလက်စတိုင်းတွေကို သတ်ချင်တိုင်းသတ် ဖြတ်ချင်တိုင်းဖြတ် ဗုံးတွေကြဲချင်တိုင်း ကြဲနေသည့်အခါ နယ်မြေတွေ လုချင်တိုင်းလုနေသောအခါ ဟစ်တလာ့ကိုကျိန်ဆဲမိပါသည်။ ဘာလို့ အဲဒီ ဂျူးအစွန်းရောက်တွေကို တယောက်မကျန် မသတ်ခဲ့တာလဲဟု ဟစ်တလာ့ကို မေးမေးပြီး ပါးချည်းလှိမ့်ရိုက်ချင်ပါသည်။

ကျနော် အဲ့ဒါမျိုးတွေပြောတော့ ဘုမသိဘမသိငတိတွေက လူစိတ်မရှိဘူးဟုပြောကြပါသည်။ အမှန်က လူတွေမှာ လူစိတ်မရှိကြပါ။ လူဆိုသည်မှာ လူဖြစ်လာမည့် မျောက်လိုလိုအကောင်ကနေမှ လူဖြစ်လာတာဖြစ်ပါသည်။ ထို့ကြောင့် လူတွေမှာ မျောက်လိုလိုအကောင်၏ ဗီဇသန္ဓေပါပြီးသားဖြစ်ပါသည်။
ကျနော်လည်း လူဖြစ်နေသည့် မျောက်လိုလိုအကောင်၏ သားစဉ်မြေးဆက်ဖြစ်ပါသည်။
မျိုးမြင့်ချို ဇွန်၁၄၊ ၂ဝ၁၇

ကညွှတ်ကွင်းအိမ်ပြေး ၆ (မျိုးမြင့်ချို)

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၆) ဟဲ့သား နင့်အဖေနိုးပြီနဲ့တူတယ်ဟုပြောရင်း အမေခသည် အဖေ့ရင်ဘတ်ကိုဖိရင်းပြောပါသည်။ အဖေက မိခ မိခ ဟုသာ ရွတ်နေသော်လည်း ဘာမှသိပုံမပေါ်ပါ။ ကဖိုးထောင် အခန်းထဲသွားမလား ဒီမှာဘဲအိပ်မလားဟုမေးတော့ ဟင်းဟင်း ဟင်းဟင်းဟုဘဲဖြေပါသည်။ ဒါနှင့်အမေက သားဒီမှာခနနေ အမေပြန်လာမယ်ဆိုကာ အိပ်ခန်းဘက်ထွက်သွားပါသည်။ ပြန်လာတော့ ခေါင်းအုံး ၂ လုံး စောင် ၂ ထည်ပိုက်လာပါသည်။ အခင်းစောင်တထည်လည်း ပါလာပါသည်။ အခင်းစောင်ကို အဖေ ကဖိုးထောင်နားတွင်ဖြန့်ပြီး ဟို့သားအမိက ဒီမှာအိပ်မယ်ဟုပြောရင်း ကျနော့်ကိုထွေးပွေ့ရင်း သားဗိုက်ဆာသေးလား ကောက်ညှင်းပြာရည်ထုပ်တွေရှိတယ်ဟုပြောပါသည်။ ကောက်ညှင်းထုပ်ကို ကျနော်သိသော်လည်း ကောက်ညှင်းပြာရည်ထုပ်ကို ကျနော်မသိပါ။ ဒါနှင့် အမေ ပြာရည်ထုပ်ဆိုတာဘာလဲဟု လှဲကာနီးဆဲဆဲ အမေခအားမေးတော့ ပြာနဲ့ပြုပ်တာသားရဲ့ဟုပြောပါသည်။ မီးဖိုထဲက ပြာတွေနဲ့လားအမေ ဆိုတော့ အေးပေါ့တဲ့။ အဲ့ဆိုလည်း မစားတော့ပါဘူး မနက်ကြမှဟုပြောရင်း ကျနော် အမေခရင်ခွင်ထဲ အိပ်ပျော်သွားပါသည်။
ဘယ်လောက်ကြာကြာအိပ်သွားသလဲမသိပါ အဖေ ကဖိုးထောင်ဆီမှ မိခ မိခ ဟုခေါ်သံတွေကြားတော့ ကျနော်နိုးလာပါသည်။ အမေခကား တခူးခူး တခေါခေါနှင့် အိပ်နေပါသည်။ ကျနော့်ကိုယ်ပေါ်လည်း သူ့လက်ကို တင်ထားပါသည်။ ကျနော်က အဖေအဖေ ကျနော်တို့ဒီမှာ အဖေနိုးပြီလားဟုမေးတော့ နိုးပြီသားကြီး အဖေ ရေငတ်တယ်ကွာဟုပြောသဖြင့် အမေခ လက်တွေကို ဖြည်းဖြည်းလေးဖယ်ကာ မီးဖိုချောင်ရေအိုးမှ ဖန်ခွက်တခွက်အပြည့်ရေခပ်ပေးလိုက်ပါသည်။ အဖေသည် ရေကို နွားသောက်သလိုသောက်ပါသည်။ ပြီးတော့မှ အား..ခုမှ နေလို့ထိသွားတယ်ဟုပြောပါသည်။ နေလို့ထိသွားသည်ဆိုသည်မှာ ဘာမှန်း ကျနော်မသိပါ။
သားကြီး အဖေ ဗိုက်ဆာတယ် နည်းနည်း ခူးခပ်ပေးပါဦးဆိုသဖြင့် ကျနော် မီးဖိုချောင်ဘက်သွားကာ ထမင်းအိုးထဲကလက်ကျန်ထမင်းတွေအကုန် ဇလုံထဲထည့် ကန်စွန်းရွက်ကြော်တွေထည့် ပုဇွန်လုံးငါးပိချက်တွေ အကုန်သွန်ထည့် အတို့အမြှုတ်တွေရသမျှကြုံးယူကာ ရော့အဖေ ဒီမှာစားဟု ချပေးပါသည်။ သူ ခေါင်းမထူနိုင်ပါ။ သားကြီး အဖေ အဖန်ရည်သောက်ချင်တယ်ဟုပြောတော့ အဖေ ရေနွေးကတော့ ခု မီးမွှေးပြီးတည်လို့ရတယ် လဘက်ခြောက်တို့ဘာတို့က ဘယ်နားမှန်းမှမသိတာဆိုတော့ အာ့ဆို မင်းအမေကိုနှိုးကွာဟု အာလေးလျှာလေးသံကြီးနှင့်ပြောပါသည်။
အမေလည်း နိုးလာပါသည် ကဖိုးထောင် ဘာတုန်းဆိုတော့ မိခ ရေနွေးကြမ်းလေး တခွက်လောက်သောက်ချင်တယ်ဟု ခေါင်းလည်းမထူ မျက်လုံးလည်းမပွင့်ဘဲပြောပါသည်။ ကျမလုပ်ပေးမယ် ရှင်ခနလေးမှိန်းနေလိုက် သားလည်း ရှင့်ဘေးမှာရှိတယ်ဟုဆိုတော့ သားကြီးသားကြီးဟုရေရွတ်ရင်း ပြန်အိပ်ပျော်သွားပြန်ပါသည်။
အမေခ က သား အမေရေနွေးကျိုပြီး လဘက်ခြောက် ခပ်ထားတယ်။ အမေလည်း အိပ်ချင်တယ်။ သားလည်းအိပ် နင့်အဖေက အဲ့လိုဘဲ။ ပြီးတော့ ဘာမှလည်းမဟုတ်ဘူး။ သူ့ဟာသူ ယူသောက်လိမ့်မယ် နောက်တရေးနိုးရင်၊ လာ အမေတို့ အခန်းထဲ သွားအိပ်ကြမယ်ဆိုပြီး စောင်တွေပိုက် ခေါင်းအုံးတွေပိုက်ကာခေါ်သဖြင့် ကျနော့် အမေ့ဆီပြန်လာပါသည်။ အဖေ ကဖိုးထောင်ကား တယောက်တည်း အပြင်မှာကျန်ခဲ့ပါသည်။ ကျနော်တို့အိပ်ယာမှာ အတော်လေးအိပ်ပျော်သည့် အနေအထားဖြစ်ပါသည်။ ဂွမ်းကပ်ခင်းထားပါသည်။ စောင်လည်း ၂ ထည်ရှိပါသည်။
အမေခ က ကျနော့်အား သူ့ရင်ခွင်ကြားခေါင်းအပ်စေကာ အိပ်ပါသည်။ ကျနော်သည် အမေအရင်းနှင့်ပင် ထိုသို့မအိပ်ဖူးပါ။ အမေခ ရင်ခုန်သံတွေ ကျနော်ကြားနေရပါသည်။ အမေခ၏ နူးညံ့သော သားမြတ်အစုံ၏ အထိအတွေ့တွင် ကျနော်သည် ကလေးပေါက်စလေးလို ခနလေးအတွင်း အိပ်ပျော်သွားပါသည်။
(ဆက်ပါဦးမည်)
ျိုးမြင့်ချို(ဇွန် ၁၄၊ ၂ဝ၁၇)

စစ်သားချင်းမှားတာ(မျိုးမြင့်ချို)

0 comments
အပြင်ထွက်ခါနီး အေးသဖြင့် စစ်ဂျင်းဂျက်ကက်ဝတ်ပါသည်။ ခွေးလေး ၂ ကောင်ကလည်း မလိုက်ရလျှင် အိမ်မီးတင်ရှို့မည့်အတိုင်း လုပ်နေပါသည်။ ဒါနှင့် ဂျင်းဘောင်းဘီ စစ်ဂျာကင်နှင့် ခွေး ၂ ကောင်တင်ပြီး အရက်ဆိုင်သွားကြပါသည်။

အရက်ဆိုင်ရှေ့ကားရပ်တော့ ဘေးကားက အဖြူမကြီးက ဆင်းချလာပြီး နင့်ခွေးတွေလား ဘာညာမေးပြီး တံခါးဖွင့်ခိုင်းပြီး ခွေးနမ်းပွဲကြီး ဝှဲချီးကျင်းပပါသည်။ ထို့နောက် ကျနော့်အား ခနလေးဆိုသည့်အထာပြပြီး ဆိုင်ထဲ ဝင်သွားပါသည်။ ကျနော်လည်း ဂျိုင်းထောက်ထုတ် ပိုက်ဆံအိပ်ထုတ် ကားတံခါးသော့ပြန်ပိတ်နှင့် အလုပ်ရှုပ်နေပါသည်။ ကားရှေ့ခန်းထဲကနေ နောက်ခန်းတွင်ထားသည့် ဂျိုင်းထောက် ၂ ချောင်းကို ဘာကိုမှ မထိမိမခိုက်မိစေဘဲ အထုတ်အသွင်းလုပ်ရသည်မှာ ဒုက္ခအလွန်များပါသည်။ ခွေးလေးတွေပါလာလျှင် ပိုဆိုးပါသည်။ 

ထိုအချိန်တွင် ခုန ခနလေးဆိုသည့်အထာနှင့်မိန်းမဖြူကြီး ပြန်ထွက်လာပါသည်။ လက်ထဲတွင် ဘိဖ်ဂျာကီဟုခေါ်သည့် လူတွေအရက်နှင့် မြည်းသည့် အမဲသားကျပ်တင် ၂ ထုပ် ပါလာပါသည်။ သူတို့ကို ကျွေးလို့ရမလားဟု ခွင့်တောင်းတော့ ရပါတယ် ဒါပေမယ့် ငါ ဘီယာသွားဝယ်မလို့ နင်နဲ့ ခွေး ၂ ကောင် ထားခဲ့လို့ဖြစ်ပါ့မလားမေးတော့ ဆြာ..ခနလေး ငါ အထဲလိုက်ဝင်ပေးမယ် ပြီးမှ နင့်ခွေးလေးတွေအလှည့်ပေါ့လို့ပြောကာ အရက်ဆိုင်တံခါး သွားဖွင့်ပေးပါသည်။ ခွေးလေး ၂ ကောင် ကားထဲထားပြီး သောက်ချင်သည့်ဘီယာ အမျိုးအစားလိုက်ရှာနေရပေမင့် စိတ်ကမဖြောင့်ပါ။ 

ကိုယ်လိုချင်တာတွေ့သဖြင့် အရောင်းသမားကို လှမ်းခေါ်မည်အလုပ်မှာ ခုန မိန်းမဖြူဖြူကြီးက စက္ကူအိပ်အညိုရောင်ကြီးကိုင်ကာ အနားရောက်လာပြီး ကျနော်လိုချင်သည့်ဘီယာ ၅ လုံး အိပ်ထဲထည့်ပေး ကောင်တာပေါ်အထိတင်ပေးပြီးနောက် ငါ နင့်ခွေးလေးတွေ ဘိဖ်ဂျာကီသွားကျွေးလိုက်ဦးမယ် ကားသော့ပေးလေဟုပြောပါသည်။ ဒါနှင့်ကျနော်လည်း အသိမဲ့နေသည့်စက်ရုပ်လို ကားသော့ သူ့ပေးလိုက်ပါသည်။ ကောင်တာထိုင်လူက အသက် ၂၁ နှစ်ကျော်မှန်းသေချာစေရန် အိုင်ဒီပြပါဆို၍ ပြလိုက်ရသည်။ ပိုက်ဆံပေးဖို့ ကဒ်ခြစ်ဖို့လုပ်တော့ ထိုလူက ဟိုအမျိုးသမီးက သူပေးမယ်လို့ပြောသွားပါတယ် မင်းပေးစရာမလိုပါဟုပြောပါသည်။ ထို့နောက် သူလည်း ဘီယာဗူးတွေဆွဲပြီး ကားအထိလိုက်ပို့ပါသည်။ 

ကားဆီရောက်တော့ ခုန မိန်းမဖြူကြီးက ရော့ကီနှင့်အဇ္ဇီအား သူတို့ချင်းနားလည်သည့် ခွေးစကားတွေပြောကာ အတော်အလွမ်းသင့်နေသည်ကိုတွေ့ရပါသည်။ 

မင်း ငါ့ ဘီယာဖိုးတွေပေးတာ ကျေးဇူးတင်ပါတယ် ငါ့ခွေးလေးတွေ ချစ်လို့လည်း ဝမ်းသာပါတယ်ဆိုတော့ သူက ကားနောက်ခန်းထဲကနေ ကိုယ်ကိုလိမ်လည်လှည့်ထွက်ပြီး ကျနော့်ကို ရင်ချင်းအပ် ကျစ်နေအောင်ဖက်ပြီး ဆြာ...ငါတို့ မင်းတို့ကိုချစ်တယ်ဆိုတာ မင်းတို့ ငါတို့တိုင်းပြည်ကို ငါတို့ကိုချစ်တယ်ဆိုတာရဲ့ အပုံတသိန်းပုံတပုံလောက်တောင် မရှိပါဘူး။ ငါတို့အတွက် မင်းတို့ထမ်းခဲ့တဲ့အမှုအတွက် ငါ တခါတလေလေး ဘီယာတိုက်ခွင့်ကြုံတာ မင်းခွေးလေးတွေကို မုန့်ကျွေးခွင့်ကြုံတာပါလို့ပြောပြီး ကျနော့် ကျောကို အထပ်ထပ်ပုတ်ပါသည်။

ကျနော် အပြန်လမ်းတွင် တယောက်တည်း ကြိတ်မျက်ရည်ကျပါသည်။ ကျနော် အမေရိကန်စစ်သားမဟုတ်ပါ။ အမေရိကန်များ သူတို့စစ်သားကို အဲ့လိုချစ်ကြပါသည်။ ဗမာပြည်မှာ စစ်သားကို စစ်သားမယားတွေလောက်ကဘဲ ချစ်ကြပါသည်။
မျိုးမြင့်ချို(ဇူလိုင် ၁၆၊ ၂ဝ၁၇)

မယုံရမနေနိုင်(မျိုးမြင့်ချို)

0 comments
ကျနော်တို့သည် မိမိတောင်းဆိုမှု အလိုဆန္ဒ သဘောတူညီမှု ဘာတခုမှမပါဘဲ လူလာဖြစ်ကြရပါသည်။

ငယ်နုစဉ်က မိဘတို့ဘက်မှ ဝတ္တရားရှိသည့်အတိုင်း ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်တွေနှင့် လူမဖြစ်ဖြစ်အောင် လုပ်ပေးကြသည်မှာ ချစ်တာလည်းပါသလို မေတ္တာလည်းပါသလို ငါတို့အသက်ကြီးရင်ဆိုသည့် မျှော်လင့်အားကိုးလိုစိတ်လည်းပါပါသည်။

ကျနော်တို့လူလားမြောက်သည့်အခါ ကိုယ့်ဘဝကိုယ် ရုန်းရပါတော့သည်။ သူဌေးသားသမီးတွေကတော့ တမျိုးဖြစ်ပါမည်။ ကျနော်တို့ကား ဘဝကိုယ်စီကို လောကထဲပစ်ချရင်း နစ်မွန်းမသေအောင် အားကုန်ထုတ်ကာ ကူးခပ်ရပါသည်။

ထိုအခါ အတွေးဝင်ပါသည်။ လူ့ဘဝသည် ဆင်းရဲလား ချမ်းသာလားဟူ၍။ ၃၁ ဘုံ ယုံသူများကတော့ ဝိမုတ္တိခေါ် သံသရာမှလွတ်မြောက်ရေးအတွက် လူ့ဘဝသည် တံတားဖြစ်သည်ဟုပြောကြပါသည်။ 

သူတို့လည်း သူတို့ရှေ့က သူများတွေပြောတာကို သံယောင်လိုက်လျှောက်ပြောနေကြခြင်းဖြစ်ပါသည်။ သူတို့လည်း ဘာမှသိကြသည်မဟုတ်ပါ။ အဲ့ဒါတွေ ဘယ်လို သက်သေပြနိုင်မလဲဟုမေးလျင် ဘုရားဟောထဲပါသည် ကျမ်းစာတွေထဲပါသည်ဟုဖြေပါသည်။ 

ဘုရားဟောတွေကျမ်းစာတွေထဲဟာတွေအမှန်လို့ ခင်ဗျားဘာလို့ ယုံတာတုန်းဟုမေးလျင် ဘုရားဟောမို့လို့ ကျမ်းစာတွေမို့လို့ပြန်ဖြေပါသည်။

လူဆိုသည်မှာ တခုခုကိုယုံနေရမှ နေသာထိုင်သာရှိပါသည်။ ဘာသာတခုခုကို ဘုရားတပါးပါးကို ကိုးကွယ်နေရမှ နေပျော်ပုံပေါ်ပါသည်။ ငရဲတို့ဘာတို့ကိုလည်းကြောက်နေရမှ နတ်ပြည်တို့ ထာဝရအသက်တာတို့ ဂျန္နတ်သ်သုခဘုံတို့ နောက်ဘဝတို့ ရှေ့ဘဝတို့ရှိသည်ဟုယုံကြည်နေကြရမှ ပျော်ပုံပေါ်ပါသည်။ ကျနော်ကလည်း အဲ့ဒါတွေဘာတခုကိုမှမယုံပါ။

အဲ့ဒါတွေကို မယုံခြင်းကိုကလည်း ယုံကြည်ခြင်းတခုဖြစ်ပါသည်။ ထို့ကြောင့် ကျနော်လည်း မယုံရမနေနိုင်သူဖြစ်ပါသည်။ ကျနော်လည်း လူလာဖြစ်နေရပါသည်။
မျိုးမြင့်ချို၊ ဇွန် ၁၆၊ ၂ဝ၁၇

ဖြစ်ချစ်တိုင်း....(မျိုးမြင့်ချို)

0 comments
ဘဝဆိုသည်မှာ သူဖြစ်ချင်သလို ဖြစ်နေပါသည်။ ဆရာဝန်ဖြစ်ချင်သည့် ကိုဉာဏ်လင်းမှာ စာရေးဆရာနှင့်အယ်ဒီတာဖြစ်နေပါသည်။

ဆူးပုတ် ကင်ပွန်းနှင့် ကွမ်းခြံလေးစိုက်ကာနေချင်သူမြင့်လွင်မှာ အလှကုန်ဆိုင်ဖွင့်ထားရပါသည်။

စံပယ်တွေ နှင်းဆီတွေ ဒေစီတွေ သစ်ခွတွေချည်းပဲစိုက်ပြီး ဖေါက်သည်အိမ်လာအဝယ်ကိုစောင့်မယ် အဝီစိတွင်းလေးတတွင်းလည်း တူးထားမယ်ဟုပြောသော မြတ်သူလည်း အထည်ချုပ်စက်ရုံတွင် စူပါဗိုက်ဇာဖြစ်နေပါပြီ။

မဟုတ်တာမှန်သမျှ အကုန်လုပ်ကြည့်ချင်သည်ဆိုသည့် စာရေးဆရာဖြစ်ချင်သည်ဆိုသည့်ကျနော်လည်း စစ်ထဲဝင် ထောင်လေး ၁၅ နှစ်လောက်ကျကာ ခု အမေရိကန်တွင် သောင်စဉ်ရေမရ ဘဝနှယ် နေနေရပါသည်။ ဘဝဆိုသည်မှာ ခြင်းကြားရေယိုဖြစ်ပါသည်။ ထင်တိုင်းမပေါက်ပါ။ ထင်တိုင်းပေါက်ခဲ့သည့် ငယ်သူငယ်ချင်းတွေကို အားကျမိသဖြင့် မေးကြည့်တော့ သူတို့လည်း သူတို့ဘဝတွေကို မပျော်ကြပါ။ 

ဒါဆို ဘဝကို ပျော်အောင် ဘယ်လိုနေရမလဲဟု ကျနော် ကိုယ့်ဘာသာ အတန်တန်မေးမိပါသည်။
ဘားတွေ ကလပ်တွေကို ကျနော် တခါတခါသွားပါသည်။ လူတွေပျော်နေကြသလိုလိုမြင်ရပါသည်။ ကကြခုန်ကြ သောက်ကြစားကြ မြူးကြတူးကြပါသည်။ ကျနော် ထောင့်လေးတထောင့်တွင် ဘီယာတခွက်နှင့်ထိုင်နေတုန်း ကိုယ်တဝက်မကဖော်ထားသည့် မိန်းမငယ်လေးတယောက်ရောက်လာပြီး သူ ဘယ်သူဘယ်ဝါဟု မိတ်ဆက်ကာ အတူထိုင်လို့ရမလားဟုမေးပါသည်။

သူ့ကြည့်ရသည်မှာ မူးလည်း အတော်မူးနေပုံပေါ်ပါသည်။ ထိုင်လေ ရပါတယ်ဟုပြောတော့ ငါ့ကို ဘီယာတခွက်လောက် မှာပေးပါလားဟုဆိုပါသည်။ သို့နှင့် ကျနော်လည်း မှာပေးလိုက်ပါသည်။
ဘီယာကို ဇိမ်ဆွဲသောက်ပြီးနောက် မင်း ဒီညအဖော်မရှိရင် ငါအဖော်လုပ်ပေးမယ်လေ အများကြီးလည်းပေးစရာမလိုပါဘူး။ ညစာကျွေးရမယ် ဒေါ်လာ ၅ဝ လောက်ပေါ့တဲ့ ဟုပြောပါသည်။

ကျနော်က အဖော်မလိုကြောင်း ဒါပေမယ့် မင်း ညစာစားချင်ရင်တော့ လိုက်ကျွေးမယ့်
အကြောင်းပြောပြတော့ တော်ပြီတော်ပြီဟုပြောကာ ယိုင်တိယိုင်ထိုးဖြင့် ထထွက်ရန်ပြင်ပါသည်။ ပါးစပ်မှလည်း ဗလုံးဗထွေးဖြင့် ငါ Register Nurse ဖြစ်ချင်တာ၊ လူနာတွေကိုပြုစုချင်တာ၊
ငါ့အိပ်မက်တွေ ဘာတခုမှဖြစ်မလာဘူးဟုပြောရင်း မျက်ရည်တွေတွေနှင့် ဘိုင့်ဘိုင်ဟုပြောပြီး
တခြားစားပွဲဝိုင်းသို့ကူးသွားပါသည်။

ကျနော် ငယ်သူငယ်ချင်းတွေကို သတိရနေမိပါသည်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိမမေ့ပါ။
မျိုးမြင့်ချို ဇူလိုင် ၁၃၊ ၂ဝ၁၇

Wednesday, June 14, 2017

လူများ (၁) မျိုးမြင့်ချို

0 comments
လူများ (၁) ကျနော့်ကို ကျောင်းပြေးတတ်အောင် ပထမဆုံးဆွယ်သူမှာ ပူစူးဖြစ်ပါသည်။
တနေ့သား သူနှင့်ကျနော်ကျောင်းအတူလာရင်း ဟေ့ကောင် ဒီနေ့ ကျောင်းပြေးရအောင်ဟု ဆိုပါသည်။ ကျနော်က ဘာပြန်ဖြေရမှန်းမသိသေးသဖြင့် ပြေးတော့ပြေးကြည့်ချင်တယ်ကွ။ အေးလေပြေးလေကွာဟု မရေမရာ ကျနော်ပြောလိုက်ပါသည်။ ကျနော် ကျောင်းလည်း တခါမှမပြေးဖူးပါ။ ထိုအချိန်တွင် ပြည်အေးကလည်း ကျနော်တို့ရှေ့နားလေးက လျှောက်နေပါသည်။ ဟေ့ကောင် ပြည်အေး ခနခနဆိုတော့ ငါနဲ့ချစ်တူးကျောင်းပြေးမလို့ မင်းလိုက်မလားဟုမေးပါသည်။ ပြည်အေးသည် တချက်တွေသွားပြီး အေးလိုက်မယ် ဘယ်ကိုပြေးမှာလဲဟုမေးပါသည်။ သာဓုကန်ဘက်ဟု ပူစူးကဖြေပြီး မင်းမှာ ပိုက်ဆံပါလား၊ ငါ့မှာတော့ ၃ ကျပ်ပါတယ်၊ မျိုးမြင့်က တမတ်ဘဲပါတယ်ဟုပြောတော့ ပြည်အေးက ကွန်ပါဗူးကိုဖွင့်ကြည့်ပြီး ၆ ကျပ် ပါတယ်ဟုပြောပါသည်။ ဒါဆို အိုကေပဲ လစ်ကြစို့ဆိုကာ ကျောင်းအဝရောက်ကာမှ နောက်ကြောင်းပြန်ကြပါသည်။ ကျနော် လန့်လည်းလန့်နေသလို ကျောင်းလည်းပြေးကြည့်ချင်နေပါသည်။ သို့သော် သူတို့ ၂ ယောက်မှာ တယောက်က ၃ ကျပ် တယောက်က ၆ ခြောက်ကျပ်ဖြစ်ပြီး ကျနော်ကတမတ်သာပါသဖြင့် စိတ်ထဲ တမျိုးဖြစ်ပါသည်။ လမ်းဆုံရောက်တော့ မင်းတို့ ခနစောင့်မလား ငါ အိမ်ပြန်ပြီး ပိုက်ဆံနည်းနည်း ယူလိုက်ဦးမယ်ဆိုတော့ ပူစူးက မလိုပါဘူး ချစ်တူးရာ နောက်တခါကြမှ မင်း ခံပေါ့ဟုပြောပါသည်။
ဤသို့ဖြင့် မှော်ဘီထောက်ကြန့်ကားဂိတ်တွင် လှော်ကားဘက်သွားမည့် ကားများကိုစောင့်နေပါကြပါသည်။ ပူစူးနှင့်ပြည်အေးကတော့ ဘယ်လိုနေမည်မသိပါ ကျနော်ကတော့ အဖေအမေ့အသိတွေ အမကြီး အကိုကြီးအသိတွေ မြင်သွားရင်ဒုက္ခဘဲဟုတွေးရင်း လွယ်အိပ်ကို နောက်ကျောဘက်မှနေ၍ုပုဆိုးကြားထဲ ထည့်ထားပါသည်။ မှော်ဘီထောက်ကြန့်ဂိတ်မှူးကိုဆန်းမြင့်မှာ ကျနော့်ကို ဆရာဦးဝင်းမြင့်ညီမှန်းသိပါသည်။ သူ့သားသမီးတွေသည် ကျနော့်အကိုကြီး ကျူရှင်တက်နေသူများဖြစ်ပါသည်။ ထို့ကြောင့် သူမမြင်အောင် ကုက္ကိုပင်ကြီးအားကွယ်၍ လှော်ကား ကားအလာကိုစောင့်နေပါသည်။ ပူစူးက မင်းကလည်း ခတ်တည်တည်နေစမ်းပါကွာ ဂဏှာမငြိမ်ရင် ပိုရိပ်မိကုန်မယ် လီးလိုဘဲဟု ငေါက်ပါသည်။ ပြည်အေးကတော့ အေးဆေးပါ။
နောက်တော့ လှော်ကားကို လှော်ကားကိုဆိုပြီး ဒေါ့ဂျစ်ကားတစင်း ဝင်လာပါသည်။ကားပေါ်တက်ကြပါသည်။ ဤသို့ဖြင့် လှော်ကားသာဓုကန်ကို ကျနော်တို့ရောက်ကြပါသည်။ ရေကူးကြပါသည်။
အပြန်လည်းကြရော ကားမရှိသဖြင့် ခြေလျင်လျှောက်ပြီး ထောက်ကြန့်အထိပြန်ရပါသည်။ အိမ်ရောက်တော့ မှောင်ပါပြီ။ လမ်းတွင် ပူစူးက ကျနော်မျက်စေ့မျက်နှာ ပျက်နေသည်ကိုကြည့်ပြီး ဟေ့ကောင်ချစ်တူး လုပ်ရဲရင်ခံရဲရမယ်ကွ။ အရိုက်ခံရလည်း ခံလိုက်ကွာ။ ဒါပေမယ့် အမှန်အတိုင်းတော့ပြောပြလိုက် မလိမ်နဲ့ကွဟုပြောပါသည်။
အိမ်ရောက်တော့ ကျနော်အရိုက်ခံရပါသည်။ သို့သော် မလိမ်ခဲ့ပါ။
ခု ပူစူးရှိသေးလား မရှိတော့လားလည်း ကျနော်မသိတော့ပါ။ ကျနော်နှင့် နောက်ဆုံးတွေ့ချိန်က မှော်ဘီ သန္ဓေပင် သံချပ်ကာနှင့်ယန္တယားတပ်တွင် လက်မောင်း ၂ ဘက်၌ ပအရာခံဗိုလ် တံဆိပ်ကြီးနှင့်ဖြစ်ပါသည်။
ပူစူးသည် ကျနော့်အား လုပ်ရဲခံရဲစိတ်နှင့် မလိမ်တတ်အောင် သင်ကြားပေးသူဖြစ်ပါသည်။

ကညွှတ်ကွင်းအိမ်ပြေး (၅)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၅) အဖေ ကဖိုးထောင်ကို နှိုးမရသည့်အဆုံး အမေခသည် စောင်တထည်နှင့်ခေါင်းအုံး သွားယူလာပြီး အဖေ့ခေါင်းကိုမကာ ခေါင်းအုံးထိုးသွင်းပါသည်။ ထို့နောက် စောင်ကို ကိုယ်ပေါ်လွှားပေးပြီး ဒန်ဂျိုင့်ဟောင်းတလုံးကိုလည်း အဖေ့မျက်နှာနားတွင် ချပေးပါသည်။ ကျနော်က အမေ အဲ့ဒီဂျိုင့်ကဘာလုပ်ဖို့လဲဟုမေးတော့ နင့်အဖေ အန်ချင်ရင် အန်လို့ရအောင်ပေါ့ဟုပြောပါသည်။

ပြီးတော့မှ အမေထမင်းစားဦးမယ် သားအဖေ့အနားမှာထိုင်နေ၊ သူတကယ်လို့အန်ရင် ထူပေးပြီးကျောကို မနာအောင်ထုထုပေးဟုပြောပြီး ခုက ကျနော်စားပြီး ဆေးထားသည့်ဇလုံထဲ ထမင်းကြမ်းခဲသုံးလေးခဲထည့် လယ်ပုဇွန်လုံးငါးပိချက်တွေဆမ်း ကန်းစွန်းရွက်ကြော် ခပ်ထည့်ပြီး အဖေချိုးလာသည့် အတို့အမြှုတ်တွေကို ထမင်းပေါ်တင်ရင်း ကျနော့်တို့ အနားလာထိုင်ပြီး စားပါသည်။

အမေ့ထမင်းစားသံမှာ တပြတ်ပြတ်အသံမည်သဖြင့် ကျနော့်စိတ်ထဲမနှစ်မျို့ပါ။ စားနေရင်းတန်းလန်း လက်တွေကိုလည်း ခနခနစုပ်ပါသည်။ တို့စရာတွေကို ဝါးသည့်အခါလည်း ဂျွိဂျွိ ဂျွိဂျွိနှင့်နေပါသည်။ စားနေရင်း ပါးစပ်ထဲ ထမင်းပလုပ်ပလောင်းနှင့် စကားတွေလည်းပြောပါသည်။ ထမင်းစေ့တွေထွက်ကျတော့ ကောက်ကောက်ပြီး နချေးကျံမြေကြမ်းခင်းပေါ် ပုံထားပါသည်။ စားနေရင်းက ဟော့တော့ဟု အမေဋိတ်သံပြုပါသည်။ ဘာလဲအမေဟုကျနော်မေးတော့ နင့်အဖေ ကြွက်ကြော်တွေ ကုန်အောင် မမြည်းသွားဘူး၊ မှန်းစမ်းဟုဆိုပြီး ကြွက်ကြော်ပန်းကန်ကို ကျနော့်ကို လှမ်းခိုင်းပါသည်။ ပန်းကန်သည် ကျနော့်နှင့်နီးပါသည်။

ကျနော် ပန်းကန်ကိုပေးလိုက်တော့ ပန်းကန်ထဲ လက်ညှိုးနှင့်မွှေနှောက်ပြီး အသားအရိုးတွဲဖတ်တွေကို တကြပ်ကြွပ်ကိုက်လိုက် သူ့ဇလုံဇောင်း တနေရာတွင် အရိုးလေးတွေ ထွေးထုတ်လိုက်နှင့် အားရပါးရ စားနေပါသည်။ ဒါလယ်ကြွက်တွေသားရဲ့၊ အရမ်းသန့်တယ်၊ စပါးပေါ်ချိန်ဆို စားလို့သိပ်ကောင်းတာဟုပြောပါသည်။ စားနေရင်း သား ပါးစပ်ဟဟုပြောတော့ ကျနော်လည်း အလိုလို ဟပေးမိလိုက်ပါသည်။ အဲ့ဒါ အသည်းဖတ်လေး၊ ကြွက်မှာ အသည်းနဲ့ခေါင်းက အဆိမ့်ဆုံးဟုပြောရင်း ကျနော့်ပါးစပ်ထဲ ကြွက်အသည်းကို ခွံ့ပေးပါသည်။

ကျနော်သည် ထိုအချိန်က ကြွက်ဆိုသည်မှာ စားရကောင်းမှန်း မသိသည့်အပြင် ရွံစရာအကောင် ရောဂါတွေသယ်လာသည့်အကောင်ဟုသာ သိနေချိန်ဖြစ်ပါသည်။ သို့သော် အမေခွံ့ကြွေးသည့် ကြွက်အသည်းမှာ တကယ့်ကိုကောင်းပါသည်။ ဆိမ့်နေပါသည်။ မြိုချရမှာပင် သမြောစရာကောင်းပါသည်။ အမဲအသည်းတို့ ကြက်အသည်းတို့ထက် ပိုဆိမ့်ပါသည်။

ခနနေတော့ နေဦး ကြောင်အိမ်ထဲ လက်ကျန်ရှိသေးလားမသိဘူးဟုပြောရင်း ထမင်းဇလုံကို ကျနော့်ဘေးချပြီး မီးဖိုချောင်ဘက်ထသွားပါသည်။ ကြွေရည်သုတ်ပန်းကန်ပြားတချပ်နှင့် ပြန်ရောက်လာပြီး ငါ့သားကံကောင်းတယ် ခေါင်းမှ ၂ လုံးတောင်ကျန်သေးတယ်ဟုပြောပြီး ကျနော့်ကိုတလုံးပေးပါသည်။ ကြွက်သွားတွေက ရှေ့ကို ခတ်ငေါငေါပြူထွက်နေပြီး ခေါင်းကတော့ ပြောင်ချောနေပါသည်။ ကျနော် ကြည့်ရင်းရွံသလို ကြောက်သလိုလည်းဖြစ်ပါသည်။ ပျို့လည်း ပျို့ချင်လာပါသည်။ ကြွက်ခေါင်းတွင် နားရွက်တွေမရှိပါ။ ပုံကြည့်ရသည်မှာ အရေဆုတ်ပြီး ကြော်ချက်ကို ခြောက်နေအောင် ချက်ထားပုံရပါသည်။
ကျနော်လည်း ကြွက်ခေါင်းကိုင်ပြီး ဘယ်လိုစားရမှန်းမသိ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် အမေက သူ့ Quota ကြွက်ဦးနှောက်ကို ပြွတ်ပြွတ် ပြွတ်ပြွတ်နှင့် စုပ်ပြီးရုံမက ဂုတ်ပိုးသားလေးကိုပါ စားနေပါပြီ။ စားရင်း ကျနော့် မကြည့်ပဲ ဦးနှောက်ကို အရင်စုပ်၊ သားက လူငယ်ဆိုတော့ သွားကောင်းတယ် ပြီးရင် ခေါင်းကိုဝါး အရည်စုပ်ပြီး အရိုးဖတ်အကြေတွေကို ထွေးထုတ်ပစ်လိုက်၊ အမေတို့ကတော့ မဝါးနိုင်တော့ဘူးဟုပြောတော့ အမေ ဦးနှောက်ကို ဘယ်လိုစုပ်ရတာလဲဆိုတော့ အာ ငါ့သားကလည်းဟုပြောပြီး ဒီမှာတွေ့လား ဒီနေရာမှာ ပါးစပ်ကိုတေ့လိုက်၊ ပြီးရင် အသားကုန် စုပ်လိုက်၊ ပါးစပ်ထဲကို ဗြွတ်ကနဲဝင်လာလိမ့်မယ်ဟုပြောရင်း ကြွက်နောက်စေ့နေရာကို ပြပါသည်။ နောက်စေ့နေရာလေးမှာ အုတ်ခွံကို ဟက်ထားတာတွေ့ရပါသည်။

ဒါနှင့် ကျနော်လည်း သူပြောသလို စုပ်ထည့်လိုက်ရာ ကြွက်ဦးနှောက်တွေက ကျနော့်လည်မျိုထဲအထိရောက်သွားပြီး လေပြွန်တွင်းဝင်ကာ တဟွတ်ဟွတ် သီးပါတော့သည်။ ကျနော် ထွေးထုပ်ပစ်လိုက်ပါသည်။ အမေက ပျာပျာသလဲနှင့် အဖေ့ရေဂျိုင့်ကိုယူပြီး သား ပလုပ်ကျင်းလိုက် ဒီထဲတွေးထုပ်လိုက်ဆိုကာ ခုန အဖေအန်ဖို့ချထားသည့် ဒန်ဂျိုင့်ကို ပေးပါသည်။ အခံရအတော်ခက်ပါသည်။ ချက်ထားတာကလည်း ကြွက်ချောက်စပ်ဆိုတေ့ လူလည်း မျက်ရည်တွေကျ နှပ်ရည်တွေကျနှင့်ဖြစ်နေပါသည်။

နောက်ဆို အမေ ကြွက်ခေါင်းခွဲပြီး ဦးနှောက်ထုပ်ပေးမယ်၊ သားက စားမှမစားတတ်သေးတာဟုပြောရင်း ကဲကဲ ဆက်မစားနဲ့တော့ဟုပြောရင်း သူ့စားလက်စကိုလည်း လက်စသိမ်းပါသည်။ ထိုအချိန်တွင် အဖေ ကဖိုးထောင်ဆီက မိခ မိခ ဟု အသံထွက်လာပါသည်။ မျက်လုံးတွေတော့ မပွင့်ပါ။ (ဆက်ပါဦးမည်)

မှုံကြီး (မျိုးမြင့်ချို)

0 comments
မှုံကြီးတင်ညွန်ု့သည် ဒုတပ်ကြပ်ဖြစ်ပါသည်။ ဂျုတီ ရှိရှိ မရှိရှိမူးနေတတ်ပါသည်။ ရှေ့တန်းဆိုလည်းကြိုက်သည့်အတန်းပို့ပို့ အေးဆေးသွားပါသည်။ သတ္တိကောင်းသည့် စစ်သားကောင်းတယောက်ဖြစ်ပါသည်။ နောက်တန်းပြန်ရောက်လျင်လည်း တပ်မှူးကစ ဘယ်မအေလိုးမှ လူမထင်သူဖြစ်ပါသည်။

တရက်ကျနော့်ကို ဟေ့ကောင် ငမျိုး ငါ့အခန်းထဲ ညနေကြလာခဲ့ အရက်တလုံးတော့ ဆွဲလာခဲ့ဟု ခေါ်ပါသည်။ ကျနော်တို့လူပျိုရိပ်သာတွင် ခန်းခွဲလေးများမရှိပါ။ သူတို့နေသည် မယ်ဇယ်ပင်ကြီးအောက်က တပ်ကြပ်ကြီးစာရေးတွေနေသည့် အဆောင်တွင် ခန်းခွဲလေးများရှိပါသည်။ သူသည် တပ်ကြပ်ကြီးစာရေး မဟုတ်သော်လည်း ထိုအဆောင်ဆောင်တွင်နေခွင့် တပ်မှူးက သူ့ကိုပေးထားပါသည်။ 

ကျနော်ညနေစောင်းတွင် ရှမ်းအရက်တလုံးဆွဲပြီး သူ့အခန်းသွားပါသည်။ အခန်းသည် ရှုပ်ပွနံစော်နေပါသည်။ ရေအိုးတအိုးတော့ရှိပါသည်။ ကျနော်ဝင်လာတော့ သူ ကတုန်ကယင်နှင့် တခုခု စားစရာတွေ လုပ်နေပါသည်။ ဆရာ ဘာတွေလုပ်နေလဲ ကျနော်လည်း ကူလုပ်ပေးမယ်လေဆိုတော့ ကျွတ် မင်းဟာမင်းထိုင်းနေစမ်း ငါ မန်ကျည်းရွက်သုတ်နေတာ ပုဇွန်ငါးပိကတော့ အစိမ်းအတိုင်းဘဲ မင်း အရက်ပါလားတဲ့။ ပါတယ်ဆရာ ကျနော် တခုခုထွက်ဝယ်ရမလား ချိုချိုချဉ်ချဉ်လေးပေါ့ဆို့ ဟေ့ကောင် ငါဒီမှာ သုတ်နေတယ်လေ ဘာမှထွက်မဝယ်နဲ့ မင်း သူများ သေနတ်ပစ်ခံရပြီးသေလိမ့်မယ့် စစ်သားဟာစစ်သားလိုနေကွ သေနတ်မပါဘဲအပြင်ထွက်ရင် မသာပေါ်လိမ့်မယ် အရပ်သားလိုနေရင် မသာ ခနလေးနဲ့ပေါ်လိမ့်မယ်ပြောပြီး ထိုတနေ့ကို မန်ကျီးရွက်သုတ်နှင့် ရှမ်းအရက်နှင့် ဆရာတင်ညွန့်နှင့် သောက်ခဲ့မြည်းခဲ့ပါသည်။

နောက်နှပတ်လောက်အကြာမှာ သူ တပ်မ ၉၉ က တပ်ရင်း ၁ဝ၉ နှင့်ရှေ့တန်းပါသွားပါသည်။ တိုက်ပွဲကျသွားပါသည်။ ကျနော်လည်း မန်ကျည်းပင်တွေမြင်တိုင်း သူ့အား သတိရနေပါသည်။ ကျနော်တို့ စစ်သားတွေဖြစ်ခဲ့ကြပါသည်။ စစ်သားဆိုသည်မှာ စစ်တိုက်ရင်းသေရင်သေ မသေရင် အကျိုးအပြတ်ဒုက္ခိဘဝနှင့် နိဌိတံပါသည်။

တရက်သား ၂ ယောက်လုံး ဂျူတီဖရီးသဖြင့် ကျနော် မှုံကြီးတင်ညွန့်(ဒုတပ်ကြပ်တင်ညွန့်)အခန်းဘက် ကွတ်ခိုင်ဘက်ကထွက်သည့် ပြောင်းအရက်ကလေးတလုံး ဆေးပေါ့လိပ်လေး လေးငါးလိပ်နှင့် ရောက်လာပါသည်။ ကျနော်က ဆရာတင်ညွန့်ဟု အသံပြုတော့ လာလေကွာဝင်လေဟုပြောပြီး ယိုင်တီးယိုင်တိုင်နှင့် တံခါးထဖွင့်ပေးပါသည်။ သူ့စစ်ခြင်ထောင်မှာ ခြင်မထောင်နိုင်တော့လောက်အောင် စုတ်ပြတ်နေပါပြီ။ သူ့စစ်စောင်မှာလည်း စစ်မဆောင်နိုင်တော့ပါ့။ သို့သော် သူသည် သူ့ဟာနှင့်သူ ပြည့်စုံနေသူဖြစ်ပါသည်။ ကျနော်ရောက်သည့်အချိန်မှာ ကိုယ့်ဆရာက ကွဲနေပါပြီ။ ရှောက်ရွက်တွေနိုင်းချင်းနှင့် နှဘတ်ချဉ်(နှမ်းဖတ်ချဉ်)ကို တို့ကာတို့ကာ ကလော်ကာကလော်ကာနှင့် ကျနော်တို့ ထွေးညိုဟုဆိုသည့်သုံးကျပ်တန် တောအရက်နှင့် ပြည့်စုံနေပါပြီ။ ဘာမှမဟုတ်ဘူးဆရာ ကွတ်ခိုင်ဘက်က မျောက်သွေးအရက်တလုံးရလာလို့ အဲ့ဒါလာပို့တာဟုပြောတော့ အာ့ဆိုလည်း ချ ချတာပေါ့ကွာဟုပြောပြီး သူ့ နဘတ်ချဉ်သုတ်အမြည်းကို ပွဲတော်တည်ကာ သူ့သစ်သားကုတင်လေးပေါ်ပြန်လှဲကာ နှပ်နေပါသည်။

ကျနော်က အဘဆောင်းဆိုင်က ကြက်ခြေထောက်သုတ်လေး သွားဝယ်လိုက်ဦးမယ်ဆိုကာ စက်ဘီးနင်းထွက်တော့ ဟေ့ကောင် ငမျိုး ချဉ်ငံစပ်လေးလုပ်ခဲ့တဲ့။ ကြက်ခြေထောက်သုတ်တပွဲ လဘက်ချဉ်စပ်တပွဲနှင့် ကျနော်ပြန်ရောက်တော့ ကိုယ့်ဆရာက မှောက်နေပါပြီ။ အတင်းနှိုးနှက်ပြီး ရေလေးဘာလေးရိုက်မှ ဂုတ်ပိုးအုပ်လိုက်မှ အင်းအင်းအဲအဲနှင့်ထလာပါသည်။ ဒီမှာကြက်ခြေထောက်သုတ် ဒီမှာ လဘက်ဂျင်းကြက်သွန်ဖြူချဉ်စပ်ဆိုတော့ သူ ထလာပါသည်။ ပြီးတော့ အရက်တွေ တခွက်ပြီးတခွက် နွားငတ်ရေကျလို ဆက်တိုက်သောက်ပါသည်။ ပြီးတော့ ဟေ့ကောင် စစ်မှာ မတရားတွေတရားတာတွေ ဘာမှမရှိဘူး။ စစ်သားအလုပ်က သူဝင်တိုက်နေတဲ့ဘက်က တိုက်ဖို့ဘဲ။ မင်း မတရားဘူးထင်ရင် မတိုက်နဲ့ပေါ့ကွ စစ်ပြေးလုပ်ပေါ့ကွ။ တရားသောစစ်တို့ မတရားသောစစ်တို့က နိုင်ငံရေးသမားတွေ ပြောကြလိမ့်မယ့်။ တို့က စစ်သား စစ်တိုက်ဖို့ဘဲ ဟုပြောက ပြန်မှောက်သွားပါသည်။ ကြက်ခြေထောက်သုတ်လေးပင် မစားနိုင်ပါ။

ကညွှတ်ကွင်းအိမ်ပြေး (၄) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၄)
ကျနော်လည်း အဖေ့ ကွန်ဘေးတွင်ထိုင်ရင်း ဘာလုပ်ရမှန်းမသိဖြစ်လာပါသည်။ ဗိုက်ကလည်းဆာလာပါသည် ဒါနှင့် အဖေ ကျနော်ဗိုက်ဆာတယ် ထမင်းစားချင်တယ်ဟုပြောတော့ ဟာ ငါ့သားကြီးရာ စားရမှာပေါ့ ဖေကြီးလုပ်ပေးမယ်ဟုပြောပြီး ဒယီးဒယိုင်နှင့်ထကာ စတီးလ်ဇလုံတလုံးကိုဆွဲကာ ထမင်းအိုးထဲကထမင်းတွေခူးခပ် သူပြောသည့် လယ်ပုဇွန်လုံးချက်တွေကော်ထည့် ကန်စွန်းရွက်ကြော်တွေခပ်ထည့်ပြီး ရော့စားသားကြီး ဖေကြီးငါးပိထောင်း ထောင်းပေးဦးမည်ဟု ယိုင်တီးယိုင်တိုင်နှင့်ပြောပါသည်။

ကြောင်တွေကလည်း တညောင်ညောင်နှင့် တချိန်လုံးအိမ်လုံး ပွက်နေပါသည်။ ခွေး ၃ ကောင်ကလည်း တဲထဲ ဝင်လိုက်ထွက်လိုက် ကြောင်တွေကိုရန်ရှာလိုက်နှင့် ဆူညံပွက်နေပါသည်။ အဖေ ကြွက်ချက်ကျွေးမယ်ဟုမယ်ဆိုပြီး ထလိုက်တော့မှ ပစ်လဲကျသွားပါသည်။ သူ့ဟာသူလည်း ငါးပိထောင်းလား ကြွက်လား သွဲကွဲပုံမရတော့ပါ။ ထိုအချိန်တွင် အဖေ ကဖိုးထောင်သည် နောက်ချေးကြံ (နွားချေးကြံ) ခင်းထားသည့်မြေအခင်းပေါ်မှောက်နေပါပြီ။ ကျနော်က အဖေအဖေ ဟုခေါ်တော့ ဟေ ဟေ ဟုသာ ထူးနိုင်ပါတော့သည်။

ကျနော်လည်း ဘာလုပ်ရမှန်းမသိသဖြင့် ရေတွင်းဘက်ပြေးပြီး အမေအမေ အဖေလဲကျသွားတယ်ဟု သွားအော်ပြောပါသည်။ ခေါင်းတွေဘာတွေကွဲသေးလား လူလေး ဟု မေးပါသည်။ မကွဲဘူးထင်တယ်အမေဟု အေးမကွဲရင် ဘာမှမဖြစ်ဘူး မင်း သွား အိမ်ထဲမှာနေ၊ အမေရေချိုးလျှော်ဖွပ်လိုက်ဦးမယ်ဆိုပြီး ထမိန်ရင်လျှားပြင်ဝတ်ရင်းပြောပါသည်။

ဒါနှင့်ကျနော်လည်း တဲထဲပြန်ဝင်လာပါသည်။ အဖေ ဒါမျိုးဖြစ်နေကြမို့ အမေ့အတွက် ရိုးတာနေပုံရပါသည်။ ကျနော်လည်း ဇလုံထဲက ကန်စွန်းရွက်ကြော် လယ်ပုဇွန်လုံးငါးပိချက်ကို နယ်ကာဖတ်ကာစားရင်း မဝသဖြင့် ထမင်းလည်းထပ်ထည့် ငါးပိချက်လည်းထပ်ဆမ်းကာ အဖေလဲကျနေသည့်နေရာအနားတွင် ထိုင်စားပါသည်။ အဖေ့ပါးစပ်က ဘာတွေမှန်းလည်းမသိတွေ ရေရွတ်နေပါသည်။ ပက်လက်လန်လိုက် မှောက်ခုံဖြစ်သွားလိုက် ဘေးစောင်းသွားလိုက်နှင့် အငြိမ်မနေနိုင်ဖြစ်နေပုံရပါသည်။
ကျနော်လည်း ထမင်းစားပြီးနောက် ဇလုံကို အင်တုံကြီးထဲနှစ် အင်တုံနှုတ်ခမ်းပေါ်တွေ့သည် ရေပတ်ဝတ်နှင့်တိုက်ပါသည်။ ပန်းကန်ဆေးဆပ်ပြာတော့ မတွေ့ပါ။

ခနနေတော့ အမေ လျှော်ပြီးသားအဝတ်တွေနှင့် တဲထဲ ပြန်ဝင်လာပါသည်။ သားကျောင်းဝတ်စုံလည်း အမေလျှော်ခဲ့တယ်။ ခနနေမှ ထုတ်လှန်းမယ်ဟုပြောရင်း ကဖိုးထောင် ကဖိုးထောင်ဟု လေးငါးခွန်းခေါ်သော်လည်း အဖေကား ပြန်မထူးနိုင်တော့။ တခေါခေါနှင့်ပင် ဟောက်နေပါသေးသည်။
အရက်သာမသောက်ရင်ဟာ သူတော်ကောင်းပဲ သားရဲ့။ သူတခြားဘာမှလုပ်ဘူး။ ကွန်ပစ်တယ် ငါးထောင်တယ် နို့ညှစ်ရောင်းတယ်။ ဘယ်သူ့အပေါ်မှ မတရားမလုပ်ဘူး။ သူများက ဖိနပ်တောင်းရင် အင်္ကျီရော ခေါင်းပေါင်းတဘက်ရော ချွတ်ပေးခဲ့တာ။ အမေ့အပေါ်လည်း သစ္စာရှိရှာတယ်ဟုပြောရင်း အဖေ့ကိုကြည့်ကာ မျက်ရည်တွေ လည်နေပါသည်။ ကျနော်လည်း ဘာလို့မှန်းမသိ ရင်ထဲနင့်ပြီး ငိုချင်လာပါသည်။
(ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး (၃)

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၃)
တဲကြီးဆီပြန်ရောက်တော့ ဒေါ်ခ က ကဖိုးထောင် သားကိုဖင်တုံးလုံးပြန်ခေါ်ရသလားဟု ဆူပါသည်။ မိန်းမရာ သူက ခလေးဘဲဟာပြန်ပြောတော့ ဒေါ်ခက ခလေးမဟုတ်ဘူးရှတ်တတ်နေပြီ လူပျိုပေါက်လေ ကဖိုးထောင်ဟု ပြောပြီး ကျနော့်အား လာ သား အဖေ့အဝတ်အစားတွေရှိတယ် အမေလဲပေးမယ်ဟုပြောကာ တဲနောက်ခန်းထဲခေါ်ကာ လဲပေးပါသည်။

ပုဆိုးကွင်းကျယ်ကြီးနှင့် စွပ်ကျယ်လက်စကကြီးနှင့်ဖြစ်ပါသည်။ ကျနော် တခါမှမဝတ်ဖူးသည့် အဝတ်အစားများဖြစ်ပါသည်။ အနံ့တွေ့ကလည်း လူကြီးစော်နံသလိုဖြစ်နေပါသည်။ ဘယ်တုန်းထဲကရထားမှန်းမသိသည့် ဝိုင်အိုလက်ပေါင်ဒါတွေလည်း လူးပေးပါသည်။ ကျနော်က ဒေါ်လေး အဲ့ဒီပေါင်ဒါတွေက ကလေးတွေလိမ်းရတာလေ ကျနော်က ခလေးမှမဟုတ်တာဆိုတော့ မင်းက ခလေးဘဲ ဒို့မလည်းလိမ်းပေးစရာက ဘာမှမရှိဘူး ပြီးတော့ မင်းကရန်ကုန်သားလေဟုပြောပြီး ထိုဝိုင်အိုလက်ပေါင်ဒါတွေလူးပေးပါသည်။ 

သား ဘာစားချင်သလဲပြော ဒေါ်လေးချက်ကျွေးမည်ဟုပြောချိန်တွင် ကျနော့်စိတ်ထဲ သူ့ကို အမေဟုခေါ်ချင်စိတ်ပေါက်လာပါသည်။ ဒါနဲ့ အမေ အဖေတို့စရာတွေခူးလာတယ်ဟုပြောလိုက်တော့ သားရယ်သားရယ်ဟုခေါ်ပြီး ကျနော့်ခေါင်းကိုသူ့ရင်ခွင်ထဲထည့်ကာ ကျနော့်ဆံပင်တွေကိုပွတ်ပေးပါသည်။ သူ့ကိုယ်အနံ့မှာ ချွေးစော်တွေနံစော်နေပါသည်။ ခနလေးလေးနေတော့မှ အမေ ရေသွားချိုးဦးမယ် နင့်အဖေနဲ့စကားပြောနေနှင့်ဆိုကာ ထမိန်အပိုအင်္ကျီပိုတွေယူကာရေတွင်းဘက် ထွက်သွားပါသည်။ 

ကျနော်လည်း အပြင်ခန်း ပြန်ထွက်လာပါသည်။ ထိုအချိန်တွင် အဖေဦးဖိုးထောင်သည် အတော်လေးမူးနေပါပြီ။ ကွန်ကတော့ အထိုးမပျက်ပါ။ ကျနော့်တွေ့တော့ လာ သားကြီးထိုင်။ မင့်အမေ ဘာတွေပြောနေတာလဲဟု မူးသံကြီးနှင့်မေးပါသည်။ ဘာမှမဟုတ်ဘူးအဖေ အဲ့လိုဘဲဟုဖြေတော့ မင်း လှေလှော်တတ်လားဟုမေးပါသည် လှော်တတ်တယ်အဖေ ရေလည်းကူးတတ်တယ်ဟု ပြန်ဖြေတော့ ကောင်းကွာကွက်တိဘဲဟုပြောပြီး မင်းမစားတာဘာရှိလဲဟု မူးသံကြီးနှင့်မေးပါသည်။ 

ကျနော်က နောက်ချင်သဖြင့် ရေသားဆိုလျင် သင်္ဘောတို့ လှေတို့ မော်တော်ဘုတ်တို့ မစားကြောင်း၊ ကုန်းသားဆိုလျင် မော်တော်ကားတို့ ကရိန်းတို့မစားကြောင်း၊ ဝေဟင်သားဆိုလျင် လေယဉ်ပျံတို့ ရဟတ်ယဉ်တို့မစားကြောင်းပြောပြတော့ ဟားဟားဟားဟားနဲ့ရယ်ရင်း ငါ့သားအရင်းဘဲဖြစ်လိုက်ပါတော့ကွာဆိုပြီး အရက်သောက်ပြန်ပါသည် ကြွက်ကြော်မြည်းပြန်ပါသည်။ (ဆက်ပါဦးမည်)

ကညွှတ်ကွင်အိမ်ပြေး (၂) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်အိမ်ပြေး (၂)
ကျနော်လည်း ဒေါ်ခနောက်မှ ခတ်ရိုရို့လေးအထဲဝင်လိုက်လာပါသည်။ ကဖိုးထောင် ဒီမှာ အရက်တလုံးဝယ်လာတယ် သားတယောက်လည်း ရလာတယ်ဟုပြောပြီး အရက်ပုလင်းကိုချပေးရင် ကျနော့်ကို မေးနှစ်ချက် ဆတ်ပြပါသည်။ သဘောက သူသင်ထားသလိုအဖေလို့ခေါ်လိုက်ခေါ်လိုက် ဟူသည့်အနက်ပင်ဖြစ်ပါသည်။ ကွန်ကို သဲကြီးမဲကြီးထိုးနေသည့် ဦးဖိုးထောင်က သည်တော့မှ တချက်မော့ကြည့်ပြီး ဟား ငါ့ကောင်က လူချောဘဲ။ နံမည်ဘယ်လိုခေါ်လဲ၊ ဘယ်ကနေဘယ်လို ဒီကိုရောက်လာတာလဲတွေမေးရင်း ကျနော်ဘာမှပြန်မဖြေရသေးခင် မိခရေ ကြောင်အိမ်ထဲမှာ ကြွက်ကြော်ပန်းကန်ရှိတယ်ဟ ယူခဲ့ပါဦး ပြီးတော့ အကြမ်းကန်လုံးတလုံးနဲ့ ရေလည်း တဖလားလောက်ဆွဲခဲ့ပါဟု လှမ်းအော်ပါသည်။

ကျနော့်နံမည်မျိုးမြင့်ပါ ရန်ကုန်ကပါ၊ ကျောင်းပြေးတာတွေများပြီး အိမ်မပြန်ရဲတာနဲ့ အိမ်ပြေးလာတာပါ၊ ဒီရောက်တော့ ဆင်းချင်စိတ်ပေါ်လာတာနဲ့ ကားပေါ်ကဆင်းလာတာပါ၊ ဗိုက်ဆာနေတာလည်းပါပါတယ်၊ ဖိနပ်သဲကြိုးကလည်း သူများ နောက်ကတက်နင်းလို့ပြတ်သွားတာလည်း ပါပါတယ်၊ အဲ့ဒါ ဈေးနားမှာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေတုန်း ဒေါ်လေးနဲ့တွေ့ပြီး ဒီရောက်လာတာပါ အဖေ၊ ဆိုတော့ ဟေ..မင်း ငါ့ကို အဖေခေါ်တယ်ဟုတ်လားဆိုပြီး ရှေ့ကိုဖင်နည်းနည်းရွှေ့ပြီး တက်လာပါသည်။

ထိုအချိန်တွင် ဒေါ်ခကလည်း ကြွက်ကြော်ပန်းကန် ရေဖန်တဂေါင်း ရေနွေးကြမ်းပန်းကန်တလုံး လာချပါသည်။ ကဖိုးထောင် သားက လူချောနော် ကုလားဆင်လေး ဒို့မွေးစားလိုက်ရင်ကောင်းမယ်ဟု ဆိုပါသည်။ အေးဟုတ်တယ် ဒါပေမယ့် သူ့အဖေအမေဘယ်သူလဲ ဘာတွေလုပ်ကြသလဲ အဲ့ဒါတွေတော့ သိဖို့လိုတယ်။ တော်ကြာနေ ရုံးရောက်ဂတ်ရောက်တွေ ရောက်ကုန်မှခက်မယ်ဟုပြောပြီး အရက်ငှဲ့ပါသည်။

၂ ခွက်ဆက်တိုက်မော့ပြီးမှ နေဦး နောက်မှ ပြောကြတာပေါ့ မင်းကိုယ်က နံနေတယ်၊ လာမင်းနဲ့ငါ ရေသွားချိုးမယ် သား ဟုဆိုကာ ခြံအစပ်ကရေတွင်းဆီခေါ်သွားပါသည်။ ကျနော့်တွင် ခါးဝတ်ခါးစားသာပါပါသည်။ ရေလဲပုဆိုးလည်း မပါပါ။ ချိုးလျင် ဘယ်လိုချိုးရပါ့မလဲတွေးနေတုန်း ဦးဖိုးထောင်က သား အဝတ်အစားတွေချွတ်ဟု ပိုင်ပိုင်နိုင်နိုင်ကြီးပြောသလို ကျနော့်အင်္ကျီကြယ်သီးတွေ ဖြုတ်ပေးပါသည်။ အကုန်သာ ချွတ်ချလိုက်ကွ မရှက်နဲ့ဟုပြောပါသည်။ သူ့အသံတွင် ဖခင်ရင်းတယောက်၏ကြင်နာမှုပါနေသလို ခံစားရပါသည်။ ဒါနှင့် ကျနော်လည်း ကိုယ်လုံးတီး ချွတ်ချလိုက်ပါသည်။ လူပျိုပေါက်အရွယ်မို့ ရှက်ရကောင်းမှန်းသိသော်လည်း တခြားလည်းရွေးချယ်စရာမရှိ သူ့၏ဖခင်ဆန်သောအပြုအမူကြောင့်လည်း စိတ်ကအလိုလို မငြင်းတော့ဘဲ အကုန်ချွတ်ချလိုက်ပါသည်။ ကျနော့် ဂွေးငေါက်တောက်လေးကိုမြင်တော့ အဟား မင်းက မွတ်စလင်မ်ကိုးဟုပြောပြီး ရေငင်ပါသည်။

တပုံးသူလောင်း တပုံးကျနော့်လောင်းပေးနှင့် တယောက် ၃ ပုံးလောက်ရှိတော့ ဆင်ချီးတုံးဆပ်ပြာအမဲကြီးနှင့် သူလည်းတိုက် ကျနော့်တကိုယ်လုံးလည်းတိုက်ပေး ချေးတွန်းပေးပါသည်။ ပြီးတော့ နောက်ထပ် တယောက် ဆယ်ပုံးလောက်ချိုးကြပါသည်။ ရေတပုံး ကျနော့်ကိုယ်ပေါ်လောင်းတိုင်း ချေးတွန်းကွသားရ ဖင်ကြားပေါင်ကြား ချိုင်းကြားတွေကိုသေချာပွတ် အဲ့နေရာနေမှာဆပ်ပြာမစင်ရင် ယားနာဘုတွေ ထွက်တတ်ဟုပြောပါသည်။ ရေချိုးပြီးသွားတော့ ခနလေး သား ဒီမှာနေဦး အဖေ အတို့အမြှုတ်လေး နည်းနည်းခူးလိုက်ဦးမယ်ဆိုကာ ကျနော့်အား ဖင်တုံးလုံးထားပြီး ဟိုးခြံအစပ်က ကန်လေးနားသွားပြီး ဉာဏ်ညွန့်တွေ ကနဖေါ့တွေ လယ်ကန်းစွန်းအရိုးနီအညွန့်လေးတွေ ကညှို့တွေ သွားချိုးပါသည်။ လက် ၂ ဆုပ်အပြည့်နှင့်ပြန် ပေါက်ချလာပြီး ရေတပုံးငင်ကာ စင်ဆောင်ဆေးပါသည်။ ပါးစပ်ကလည်း ဒီကောင်တွေက အစိမ်းတို့မှကောင်းတာ သားရ။ ဒါပေမယ့် ရေမစင်ရင် ဝမ်းကိုက်တတ်တယ်။ အိမ်မှာ လယ်ပုဇွန်လုံးငါးပိချက်လည်း အဖေချက်ထားတာရှိတယ်ဟုပြောပါသည်။

ကျနော်က အဖေ ကျနော် ဒီအတိုင်းပြန်သွားရမှာလားဟု ငယ်ပါကိုလက်ဖြင့်အုပ်ရင်းမေးတော့ အေး ဒီအတိုင်းလာခဲ့။ အိမ်မှာဘယ်သူရှိတာလိုက်လို့ မင့်အမေနဲ့အဖေဘဲရှိတာ၊ အိမ်ထဲရောက်မှ အဖေ့အင်္ကျီပုဆိုးတွေ ထုတ်ဝတ်တာပေါ့၊ မင့် ဟာတွေတော့ဒီမှာဘဲထားခဲ့ မင့်အမေ တော်ကြာနေ ရေလာချိုးတော့ လျှော်လိမ့်မယ်ဟုပြောပြီး ကျနော်တို့ တို့စရာတွေနှင့် တဲကြီးဆီပြန်လာခဲ့ပါသည်။ (ဆက်ပါဦးမည်)

ကညွှတ်ကွင်းအိမ်ပြေး (၁) မျိုးမြင့်ချို

0 comments
ကညွှတ်ကွင်းအိမ်ပြေး (၁)ဒေါ်ခသည် ကညွှတ်ကွင်းတွင်နေပါသည်။ ကညွှတ်ကွင်းသည် သခင်သန်းထွန်း၏ ချက်မြုတ်မြေဖြစ်ပါသည်။ ဒေါ်ခနှင့်သခင်သန်းထွန်း ဘာအဆက်အစပ်မှမရှိသလို ကျနော်နှင့်ဒေါ်ခလည်း ဘာသွေးသားမှမတော်စပ်ပါ။ သို့သော် ကျနော် အိမ်ပြေးဘဝနှင့် ယောင်လည်လည်ဖြစ်နေချိန်တွင် ဟင်းရွက်ကန်စွန်းဗန်းကြီး ခေါင်းပေါ်တင်ကာ အသီးအရွက်စုံရမယ် အသီးအရွက်စုံရှင့်ဟုအော်ရင်း ကျနော့်နားရောက်လာတော့ ငါ့သားကကျောင်းသားလား ဒီမှာဘာလာလုပ်နေတာလဲဟု မေးပါသည်။

ထိုအချိန်က ကျနော့်လက်ထဲ ပိုက်ဆံငါးမူးလောက်ပဲ ရှိပါတော့သည်။ ဖိနပ်ကလည်း ပြတ်နေပါသည်။ ဗိုက်ကလည်း အတော့်ကိုဆာနေပါသည်။ ဒေါ်လေး ကျနော် ရန်ကုန်ကပါ အိမ်ပြေးလာတာ ဒီကကျောင်းသား မဟုတ်ပါဘူးဆိုတော့ ဟယ် ဒါဆိုလာ ဒေါ်လေး ထမင်းဘဲဥဟင်း လိုက်ကျွေးမယ်ဆိုပြီး ဈေးစပ်နားခေါ်သွားပါသည်။ ဆိုင်ရောက်တော့ ဟေ့ မယ်မျှင်း ဒါငါ့တူ ရန်ကုန်က ဒီကိုအလည်လာတာ အဲ့ဒါဘဲဥချဉ်ရေနဲ့ ထမင်းတပွဲထည့်ပေးလိုက်၊ ငါ အခုပြန်လာခဲ့မယ်ဆိုပြီး ထွက်သွားပါသည်။ 

ကျနော်လည်းစိတ်ပူပူနှင့် တဝကြုံးပါတော့သည်။ ငါးပိရည်ကျိုတို့စရာတွေကလည်း တပုံကြီးပါပါသည်။ လိုက်ပွဲပါတောင်းပါသေးသည်။ ခနနေတော့ ဒေါ်ခပြန်ရောက်လာပါသည်။ ထမင်းဖိုး တကျပ်ခွဲရှင်းပြီးတော့ သူ့ ဘေးလွယ်လိပ်လေးထဲမှ လက်ဝါးတံဆိပ် ရော်ဘာဖိနပ်အသစ်လေးပါ ထုပ်ပေးပါသည်။ ကျနော်ဝမ်းသာ၍ ငိုမိပါသည်။ ပြီးတော့မှ တိတ်တိတ် လာ ဒေါ်လေးနောက်လိုက်ခဲ့ နောက် တပတ်လောက်ပတ်လိုက်ရင် ဒါတွေကုန်ပြီဆိုကာ သူ့ ကုန်စိမ်းဗန်းကြီးကို ထိုးပြပါသည်။ ဒါနှင့် ကျနော်လည်း သူ့နောက်က တကောက်ကောက်လိုက်ကာ ရပ်ကွက်တပတ်ပတ်တော့ သူပြောသလိုဘဲ အကုန်ကုန်ပါသည်။ ပိုက်ဆံတွက်ကြည့်တော့ ဆယ့်ရှစ်ကျပ်လောက် ရသည်ဟုထင်ပါသည်။ ပြန်ကြမယ် ဟင်းစားလေး နည်းနည်းဝင်ဝယ်မယ်ဆိုကာ ဈေးထဲဝင်ပြီး ငါးနုသန်းလေး သုံးလေးကောင် ခရမ်းချဉ်သီးလေး ၂လုံး ၃လုံးဝယ်ပြီး ပြန်လာကြပါသည်။ 

လမ်းတဝက်ရောက်တော့ ကျနော် တခါမှမမြင်ဖူးသည့် သူယောက်ျားအား နင့်ဦးလေးအတွက် ချက်အရက်လေးတလုံးဝယ်ရမယ်။ ခမျာပင်ပမ်းရှာတယ်ဟုပြောကာ အရက်ပုန်းဆိုင်လေးမှ တောအရက်တလုံး ဝယ်ပါသည်။ ဆိုင်ရှင် မျက်စိစွေစောင်းစောင်းနှင့်လူက ဒေါ်ခ ပုလင်းခွံတော့ ပြန်လာပေးဦးနော်ဆိုတော့ ဟဲ့ ငါပြန်လာမပေးတာများရှိဖူးလားဟု ပြန်ငေါက်ပါသည်။ ပြီးနောက် လာ သား သွားကြမယ်ဆိုပြီး ဗန်းကြီးတဖက် ပုလင်းတဘက်နှင့် အိမ်ပြန်ရောက်လာပါသည်။ အိမ်မှာ မြေစိုက် တဲအကြီးကြီးတလုံးဖြစ်ပါသည်။ နွားသုံးကောင်ကိုလည်း ထိုတဲကြီး၏အစွန်းဘက်တွင် ကောက်ရိုးတွေ စားနေတာတွေ့ရပါသည်။ သား ဒါ ဒေါ်လေးတို့အိမ်ဘဲ။ အထဲမှာ ဦးလေးရှိတယ် ကွန် ထိုးနေတယ်။ ဒေါ်လေးတို့မှာ သားသမီးမရှိဘူး။ ဦးလေးကိုတွေ့ရင် အဖေလို့သာခေါ်လိုက်ကြားလားဟုပြောပါသည်။ (ဆက်ပါဦးမည်)

Thursday, April 13, 2017

ဆု(မျိုးမြင့်ချို)

0 comments
အရာရာသည် သူ့ဇယားကျအတိုင်း သွားရပါသည်။ ကမ္ဘာလည်း သူ့ကို ဘယ်သူ့မှ သွားမလှည့်ပဲ ခုထိ လည်နေမြဲပါသည်။ ဤနေရာတွင် သိတ်မသေချာသည်မှာ ကမ္ဘာလည်တာလား ကျနော်တို့ အလှည့်ခံထားရတာဆိုတာပင်ဖြစ်ပါသည်။ ထားပါတော့ ကမ္ဘာလည်လည် ကျနော်တို့လည်လည် ပြဿနာတော့သိတ်မရှိပါ။ လည်တော့ လည်နေမှဖြစ်ပါမည်။ အလည်ရပ်နေလျှင် သို့မဟုတ် အလည်ရပ်သွားလျှင် ရှုပ်ထွေးမှုတွေများကာ ကိစ္စတွေရှိလာပါလိမ့်မည်။ ထိုအခါ လူ့ဆရာတွေက ငါတို့ အစောကြီးထဲကမပြောဘူးလား ကမ္ဘာပျက်မယ်ဆိုတာကိုဟုဆိုက လက်ခမောင်းတွေခတ်ကြပါလိမ့်မည်။ ထိုလူတွေ နားမထွင်းဖြစ်နေသည်မှာ ကမ္ဘာပျက်လျှင် သူတို့လည်း ခေါင်းနှင့်ကိုယ် အိုးစားကွဲမည့်အရေး မတွေးမိကြတာဖြစ်ပါသည်။ လူတကာသေလျှင် ငတေလည်းခေါင်းမာလို့မရပါ။ ထို့ကြောင့်ကျနော်သည် ကမ္ဘာဖျက်ရန် ယောင်လို့ပင်စိတ်မကူးမိပါ။ ကမ္ဘာဖျက်လက်နက်များ ကိုင်ထားသည့်နိုင်ငံတွင်နေရသည့်တိုင် ကမ္ဘာဖျက်မည့်အကြံဆိုး ဉာဏ်ဆိုး ကျနော့်တွင် မရှိပါ။ ဘယ်သူ ကမ္ဘာဖျက်ဖျက် ကမ္ဘာပျက်လျှင် အကုန်ပျက်ပါမည်။ ကမ္ဘာကို လူတို့ အကြိမ်ကြိမ်ဖျက်ခဲ့ကြပါသည်။ ကမ္ဘာစစ်ကြီးတွေဖြစ်ပြီးကို ဖျက်ကြပါသည်။ ကမ္ဘာပျက်မသွားပဲ သူတို့သာ ကိုယ်ကျိုးတွေနည်းကြပါသည်။ ကိုယ်ကျိုးစီးပွားတွေလည်း ဖြစ်ကြပါသည်။ ခုလည်း မြောက်ကိုးရီယားကို ရန်သွားထောင်နေပါသည်။ မြောက်ကိုးရီးယားမှာလည်း ကမ္ဘာဖျက်လက်နက်တွေရှိပါသည်။ အစ္စရေးလ်ကို မြှောက်ပေးပြီး ဂျုးနှင့် အာရဗ်တွေကို မီးမွှေးပေးနေပါသည်။ ဂျပန်ကို ထောင်ပေးပြီး တရုတ်ကိုရန်စောင်ခိုင်းနေပါသည်။ တရုတ်တွင်လည်း ကမ္ဘာဖျက်လက်နက်တွေရှိပါသည်။ အန်ကယ်လ်ဆမ်သည် သူ့မြေပေါ် ကျည်တတောင့်မှအကျမခံပဲ ကမ္ဘာပတ်စစ်တိုက်စားနေသူဖြစ်ပါသည်။ သူ့နိုင်ငံသားသူ့စစ်သားတွေ နိုင်ငံ့ပြင်ပတွင် မည်မျှသေသေ သူ အလေးမထားပါ။ အခေါင်းတွေ အလံအုပ်ပြီး လေယဉ်ပျံနှင့်ပြန်သယ်ကာ စစ်သဂျိုင်းတွင် သေနတ်အောက်စိုက်အလေးပြုကာ ဘလန့်ခ်ကျည်တွေမိုးပေါ်ထောင်ပစ်ပေးကြကာ အမြောက်တွေဖေါက်ကြလုပ်ကာ စစ်သားမယားနှင့် ကျန်ရစ်သူများအား နှစ်သိမ့်ပေးပါမည်။ ပြီးလျှင် ကျနော်တို့အိပ်ထဲကငွေနှင့် ကျန်ရစ်သူများကို မသေမချင်း မစို့မပို့ထောက်ပံ့ပါမည်။ သမ္မတဆုတို့ဘာတို့လည်း ရင်ဘတ်ထိုးပေး လည်ပင်းချိတ်ပေးလုပ်ကြပါမည်။ ထိုသတ္ထုပြားကြီးမှာ အခန်းထောင့်ကစားပွဲတင်ထားသည့် ဆုတံဆိပ်တွေအဖြစ် ကြာလျှင်ဖုန်တက်ကုန်ပါသည်။ သို့သော် ထိုဆုတံဆိပ်တွေကို လူတွေမက်မောကြပါသည်။ သန်းရွှေအပါအဝင် ဗမာပြည်ကစစ်ဗိုလ်တွေ နေ့ကြီးရက်ကြီးဆိုလျှင် စစ်ယူနီဖောင်းနှင့် ထိုတံဆိပ်တွေ ရင်ဘတ်အပြည့်ချိတ်ပြီး တက်လာကြပါသည်။ ကျနော့် ခွေးလေး ၂ ကောင်တွင်လည်း လည်ပတ်နှင့် ဆုပြားလေးတွေကိုယ်စီ လည်တွင် ဆွဲထားကြပါသည်။ စစ်သားမယားကား ဆုအပြားကြီးရပါသည်။

ကြက်ဆင်ဒုက္ခ(မျိုးမြင့်ချို)

0 comments
ဒီမနက် အလုပ်သွားတော့ ကားကို အတော်သတိထားမောင်းရပါသည်။ ခုရာသီသည် ကြက်ဆင်များ အုပ်လိုက်အုပ်လိုက် ထွက်တတ်သလို ငန်းညိုရိုင်းကြီးများလည်း မိတ်လိုက်ရန် သားပေါက်ရန်ပြန်လာသည့်ကာလဖြစ်ပါသည်။ သမင်တွေလည်း အထွက်များပါသည်။ ရက်ခွန်းဆိုသည့် ရှည့်အကြီးလိုလို ဝက်ဝံပေါက်စငယ်လိုလို မျက်ကွင်းညိုကြီးများနှင့်အကောင်လေးတွေလည်း လမ်းပေါ်အလွန်ထွက်သည့် သမယဖြစ်ပါသည်။ ဒေါင်းတွေလည်း တွန်ကြတောက်ကြပါပြီ။ ရာသီလေးနွေးစပြုလာသဖြင့် အကောင်ဗလောင်စုံ တောလည်ကြ မျိုးဆက်ရင်သွေးတွေမွေးမြူ ပေါက်ဖွားရင်း လောကကိုသစ်ဖို့ အသက်ဆက်ကြဖို့ ပြင်ဆင်ကြချိန်ဖြစ်ပါသည်။ အချစ်၊ လိင်စိတ်နှင့် မိသားစုဘဝများဆောက်ကြမည်ဖြစ်ပါသည်။ အင်ဒီယားနား ၈ Indiana 8 လမ်းပေါ်ရောက်တော့ ထင်သည့်အတိုင်း ကြက်ဆင်တအုပ်က လမ်းကို စိမ်ပြေနပြေ ဖြတ်နေတာနှင့် တည့်တည့်သွားတိုးပါသည်။ ခန့်မှန်းခြေ အကောင် ခြောက်ဆယ်ခန့် ရှိမည်ထင်ပါသည်။ တောလည်း နည်းနည်းနက်သည့်နေရာဖြစ်ပါသည်။ လူနေအိမ်ခြေပြတ်သည့်နေရာလည်းဖြစ်ပါသည်။ ဒါနှင့် ကားရပ်ပြီး သူတို့ဖြတ်တာ မပြီးမချင်းစောင့်ရပါသည်။ တော်တော်နှင့်မပြီးနိုင်ပါ သူတို့အမေ့လင်ပိုင်သည့်စင်ပေါ် ထင်သလိုကြဲမည်ဆိုသည့် အထာမျိုးတွေနှင့်ဖြစ်နေပါသည်။ ကျနော့်နောက်မှာလည်း ကားက ဆယ်စီးလောက်တန်းမိနေပါပြီ။ တချို့ကားတွေက ဘာမှန်းမသိသဖြင့် ဟွမ်းတဗွမ်ဗွမ်လုပ်နေပါပြီ။ မျက်နှာချင်းဆိုင်တဘက်လမ်းကြောမှာလည်း ကားက ဆယ့်လေးငါးစီးဖြစ်နေပါပြီ။ ကြက်ဆင်တွေကတော့ ဘာမှအရေးလုပ်စရာမလိုဆိုသည့်အထာနှင့် ကိုယ်ဟန်ပြမယ်တွေလို ဖက်ရှင်မယ်တွေလို အေးအေးလူလူ လမ်းပေါ်ဖြတ်နေကြပါသည်။ ကျနော် နောက်ထပ် မိနစ် ၂ဝ နီးပါးမောင်းရပါဦးမည်။ အလုပ်ကလည်း ၇ နာရီတွင် စရပါမည်။ ခု နာရီကြည့်လိုက်တော့ ၆ နာရီ ၄၃ မိနစ်ဖြစ်နေပါပြီ။ သူတို့ကိုစောင့်ရသည်မှာ ၅ မိနစ်ကျော်ပါပြီ။ ဒါနှင့် ကားကို ခတ်ဖြည်းဖြည်းလေးလှိမ့်ကာ သူတို့အနားထိသွားပြီး ဟွန်းကို ဗွမ်းကနဲတချက် နှိပ်လိုက်တော့မှ သူတို့တွေ လမ်းဖြတ်သည့်အကောင်ကဖြတ် နောက်ပြန်ဆုတ်သည့်အကောင်ကဆုတ်ပြီး ရှဲပေးကြပါသည်။ ကျနော်လည်း ဆက်မောင်းသွားလို့ရပါသည်။ ထိုကိစ္စသည် အမေရိကန်ကျေးလက်က လမ်းများတွင် နေ့စဉ်ဖြစ်နေသည့် သာမန်ကိစ္စ နိစ္စဓူဝဆိုသော်လည်း ပြဿနာအတော်ရှိပါသည်။

ပေါက်စီ ငရုပ်ဆီ(မျိုးမြင့်ချို)

0 comments
ကက်သားပေါက်စီ ၂ လုံးရှိပါသည်။ အမှန်က ခြောက်လုံးပါ လေးလုံးက စားလို့ကုန်သဖြင့် ၂ လုံးကြွင်းတာဖြစ်ပါသည်။ ပေါက်စီသည် ငြုပ်ဆီနှင့်စားမှ အရသာပြည့်ပါသည်။ ဒီက ငြုတ်ဆီတွေသည် အက်ဖ်ဒီအေခေါ် အစားအစာဆေးဝါးဌာနက မီးစိမ်းပြမှထုတ်ရဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည်ပြောရပါမည်။ ဗမာပြည်က ငြုတ်ဆီသည် သူ့ဟာသူ ကျန်းမာရေးနှင့် ညီညွတ်ညွတ်မညွတ်ညွတ် စားလို့အတော် ခံတွင်းလိုက်ပါသည်။ ဒန်ပန်းကန်ပြားလေးနှင့် မဟုတ်ဘဲ ထုတ်ထိုးကို တုတ်နှင့်ဘဲထိုးစားရတာကြိုက်သည့် ဝက်သားတုတ်ထိုးစွဲသူတချို့ဆိုလျှင် ခြင်းတောင်းဘေးက အချဉ်ရည်ပုလင်းလေးထဲ ထုတ်မှာထိုးထားသည့် ဝက်သားဖတ်ကလေးကို ထိုးထည့်လိုက် တပြွပ်ပြွပ်စုပ်လိုက် နောက်ပြန်ထိုးထည့်လိုက်နှင့် ဗမာ့ငြုတ်ဆီအစပ်အဟပ်၏အရသာကို တင်းပြည့်ကြပ်ပြည့်ခံစားနေကြတာ ကျနော် မြေနီကုန်းနှင့် လှည်းတန်းတဝိုက်တွင် မျက်ဝါးထင်ထင်မြင်ဖူးပါသည်။ ရွှေရေးထင်ထင်ကိုတော့ ခုထိ လူအကောင်လိုက်ကြီး မမြင်ဖူးပါ။ သူလည်း ဝက်သားတုတ်ထိုးလို နံမည်အလွန်ကျော်ပါသည်။ ငြုပ်ဆီပုလင်းထဲ တုတ်ထိုးထိုးစားရတာကိုရွံလျင် အိမ်မှာဘဲ ကိုယ့်ဟာကိုလုပ်စားကြပါ။ သို့သော် ထိုအရသာသည် လမ်းလေးတုတ်ထိုးသည်ငြုပ်ဆီအရသာကို မည်သို့ မမီနိုင်ဟုထင်ပါသည်။

နံနံပင်နိုင်ငံရေး(မျိုးမြင့်ချို)

0 comments
ကျနော်တို့ နိုင်ငံရေးအကြောင်းပြောကြသည့်အခါ နိုင်ငံရေးဆိုတာ နိုင်ငံရေးဆိုတာတွေနှင့်စကြပါသည်။ အမှန်က ကျနော်တို့ နိုင်ငံရေးဆိုတာကို နံနံပင်အကြောင်းလောက်ပင် မသိ၍ဖြစ်နိုင်ပါသည်။ နိုင်ငံရေးဘာမှန်းသိသည့်လူများ အာဏာရပြီး ကျနော်တို့အပေါ် အစိုးတရလုပ်တော့လည်း ကျနော်တို့ခံရပါသည်။ သို့သော် ကျနော်တို့သည် အောက်ကလည်းနေသေး ဟာဒီးတော့မလျှော့ဆိုသည့်အထာနှင့် နိုင်ငံရေးဆိုတာ နိုင်ငံရေးဆိုတာတွေ လုပ်နေကြရပါသည်။ ကံကောင်းလျှင် လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီး၏ မျက်စေ့အောက်ရောက် သွားနိုင်သေးသည်။ မျက်စေ့အောက်ရောက်သည်ဆိုသည်မှာ ထောင်ထဲ ဆွဲသွင်းခြင်းဖြစ်ပါသည်။ ထို့ထက်ပို ကံကောင်းလျှင် တောထဲ မောင်းအပို့ခံရပါမည်။ ထို့ကြောင့် ကျနော်တို့ နိုင်ငံရေးကို နားမလည်သေးမှန်း သိသာပါသည်။

ဆေးလိပ်အပြတ်(မျိုးမြင့်ချို)

0 comments
ကျနော် ဆေးလိပ်ဖြတ်သည့်အကြောင်းများတွင် ကရိကထများလွန်းသည့်ဒဏ် မခံနိုင်တာပါပါသည်။ ကျနော်လုပ်သည့်အလုပ်တွေမှာ ရုံးခန်းတွေနှင့်အဆက်အစပ်ဖြစ်ပါသည်။ မည်သည့်ရုံးခန်းထဲတွင်မှ ဆေးလိပ်သောက်ခွင့်မရှိပါ။ သောက်ချင်လျှင် အပြင်ထွက် အဆောက်အဦးနှင့် ပေ ၂ဝ အကွာမှာ သောက်ရပါသည်။ ကား ဂရပ်ခ်ျများတွင်လည်း သောက်မရပါ။ ကိုယ့်အိမ်ဆိုပြီးလည်း အိမ်ထဲလည်းသောက်မဖြစ်ပါ။ ဒီကအိမ်တွေသည် အလုံပိတ်တွေဖြစ်ပါသည်။ ဆေးလိပ်နံ့စွဲသွားလျှင် ပျောက်ဖို့အတော်ခက်ပါသည်။ အိမ်လာလည်သည့် ဧည့်သည်များတွင် ဆေးလိပ်မသောက်သူလူကြီးများ၊ ကလေးငယ်များပါလာလျှင် အတော်မျက်နှာပူစရာဖြစ်ပါသည်။ ကားဆိုလည်း ငါ့ကားဘဲ ငါ့ဟာငါသောက်ဖို့သည်မှာ မလွယ်ပါ။ ကားထဲအနံ့စွဲသွားလျှင်တော်တော်လေး မကောင်းပါ။ ဆောင်းတွင်း နှင်းတွေက ဒူးလောက်ပေါင်လောက်ကျနေချိန် ဆေးလိပ်သောက်ဖို့ အပြင်ထွက်ရသည့်ဒုက္ခမှာ အလွန်ကြီးပါသည်။ သို့သော် ထိုဒဏ်တွေကို ကြံဖန်ခံလို့ရပါသေးသည်။ အဓိက အကြောင်းရင်းမှာ ဗမာပြည်ကလို လမ်းဘေး ဟင်းလင်းပွင့်လဘက်ရည်ဆိုင်လေးများမရှိခြင်းနှင့် ဒီကရှိသည့် ကော်ဖီဆိုင်တွေမှာ ဆေးလိပ်သောက်မရတာဖြစ်ပါသည်။ ဒါနှင့် စိတ်တိုတိုဖြင့် ဆေးလိပ်ဖြတ်ပလိုက်ပါသည်။ ၆ နှစ်နီးပါးရှိပါပြီ။
မျိုးမြင့်ချို(ဧပြီ၊ ၁၃၊ ၂ဝ၁၇)

နွေဦးပေါက်(မျိုးမြင့်ချို)

0 comments
ကျနော် ချစ်ခင်ရင်းနှီးရသည် မိတ်ဆွေတိုင်းကို ခုလို နွေဦးလေးပေါက်ပလားဆို အိမ်လာလည်စေချင်ပါသည်။ ထင်းမီးဖြင့် ဖုတ်သောကင်သော အသားငါးအသီးအရွက်များနှင့် ဧည့်ခံချင်ပါသည်။ ဟို့ ခြံအနောက်က တောစပ်ထဲက ကေဘင်န်လေးထဲလည်း ရေနံဆီမီးအိမ်လေးတွေနှင့် လူကြီးတွေစာဖတ် ကလေးတွေ အထပ်ခိုးလေးတက်လိုက်ဆင်းလိုက် နေနေကြတာကို ပျော်ပါသည်။ ငါးတွေလည်း အစာကြွေးကြပါမည်။ ကြက်ဥတွေလည်း အတူကောက်ကြပါမည်။ ခွေးလေးတွေနှင့်လည်း ပြေးလွှားကစားကြပါသည်။ မှိုတွေလည်း ပွင့်တော့ပါမည်။ ကညွှတ်တွေတော့ အစို့ထွက်လာနေပါပြီ။ ကြက်သွန်ဖြူတွေလည်း လက် ခြောက်သစ်ခန့်အမြိတ်တွေရှည်နေပါပြီ။ စထရော်ဘယ်ရီတွေလည်း လန်းလာကြပါပြီ။ စပျစ်တွေတွေ ပုရစ်ဖူးပါပြီ။ ပန်းတွေလည်း ပွင့်ကြပါပြီ။ ဘေ့စ်စ်မင်န့်ထဲတွင် ဒရမ်ဆက်အပြည့်အစုံရော ပီယာနိုရော အသံဆိုင်ရာလျှပ်စစ်ပစ္စည်းတွေပါ အပြည့်ရှိသည့်အပြင် နံရံတွင်ကြိုက်သလောက်ရေး ဆေးဖျက်ရသည့်ဆေးများလည်း သုတ်ထားပါသည်။ ကလေးတွေ မြေဖြူရောင်စုံတွေနှင့် ကြိုက်သလောက် ခြစ်ရေးသွားလည်း ဖျက်လို့ဖျက်သည့်ဆေးသုတ်ထားပါသည်။ ကလေးတွေခေါ်ပြီး ကျနော့် တောကအိမ်လေးထဲ လာလည်ကြစေချင်ပါသည်။
မျိုးမြင့်ချို(ဧပြီ ၁၄၊ ၂ဝ၁၈)

လက်ပံ(မျိုးမြင့်ချို)

0 comments
ကျနော် ကျောက်ဆည်နေတုန်းက ကျနော်တို့တပ်ကနေ မြင်းလှည်းဖြင့် တနာရီမရှိတတ်ရှိတတ်မောင်းရသည့်နေရာတွင် လက်ပံဟုခေါ်သော ရွာကြီးရှိပါသည်။ ထိုရွာကြီးတွင် အားလုံးလိုလိုမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်ကြပါသည်။ ကျောက်ဆည်နှင့်အနီးမြို့များ၏ အမဲသားလိုအပ်ချက်ကို သူတို့ ဖြည့်ဆည်းပေးနေတာဖြစ်ပါသည်။ ရွာထဲဝင်လိုက်လျှင်ပင် ဖုန့်နံ့ ဆိတ်ချေးနံ့ နွာချေးနံ့များနှင့်သင်းနေပါသည်။ လတ်လတ်ဆတ်ဆတ်ပေါ်ထားသည့် အမဲသားဝမ်းတွင်းသားကို တောအရက်နှင့် အဆီမခဲခင် ပူပူနွေးနွေးချက်မြည်းကြရင်း ပျော်ခဲ့ရပါသည်။ တခါတလေ ကျနော်တို့က အာမီရမ်လေးဘာလေးများ သယ်သွားလျှင် သူတို့အလွန်ဝမ်းမြောက်ကြပြီး သင်းပြီးနောက် သိမ်းထားထားသည့် နွားဂွေးဥ ဆိတ်ဂွေးဥများပါ ပြုတ်ကျော်လုပ်၍ကျွေးပါသည်။ ဦးနှောက်တွေလည်း ကြော်ကျွေးကြပါသည်။ မုန်လာချဉ်ဖတ် ပဲတီချဉ်ဖတ် နှမ်းဖတ်ချဉ်များ ပဲဖတ်ချဉ်များလည်း သုတ်သုတ်ကျွေးကြပါသည်။ အဲ့လူတွေ ချစ်ဖို့ကောင်းပါသည်။

ကွေ့တယိုသူဌေးမ(မျိုးမြင့်ချို)

0 comments
ကျနော် မဲဆောက်နေတုန်းက တနေ့ဈေးထဲသွားရင်း ဂျင်းဘောင်းဘီနှင့် တီရှပ်လေးနှင့် အသက်သုံးဆယ်ခန့် ကောင်မလေးတယောက်ကို မျက်နှာချင်းဆိုင် ဆုံမိပါသည်။ စိတ်ထဲ ထူးထူးဆန်းဆန်း ဒီကောင်မလေးဟာ တယောက်ယောက်နဲ့ တူလိုက်တာဟုဖြစ်ပြီး လွန်သွားမှ နောက်ကနေ ပြန်လှည့်ခေါ်ပြီး ဦးလေးနံမည် ဘယ်သူဘယ်ဝါဟုမိတ်ဆက်ရင်း နင့်ကို ငါသိတဲ့လူတယောက်ယောက်နဲ့ ရုပ်ခြင်းချွပ်စွပ်တူသလိုထင်မိလို့ပါ။ နင့်အဖေနံမည် ဘယ်သူလဲ၊ ဗမာပြည် ဘယ်နယ်မှာနေကြသလဲဆိုတော့ သူ့အဖေနံမည်ပြောပြပါသည်။ လက်ပံတန်းဘက်ကဖြစ်ပါသည်။
ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေကို သာယာဝတီထောင်တွင် အဆောင်ထားသူထား တိုက်ခန်းတွေထဲထားချင်ထားပြီး လိုသလိုနှိပ်ကွပ်ရန် ခွဲထားပါသည်။ အဓိက က လူမစုမိစေရန်ဖြစ်ပါသည်။ ထိုအချိန်က ကျနော်က ၁ တိုက်တွင်နေရပါသည်။ သာယာဝတီထောင်ရောက်စ ကျနော်တို့ အပြင်ထွက်ချိန်မှာ တနေ့လျှင် ၄၅ မိနစ်ဖြစ်ပါသည်။ ကျန်သည့် ၂၃ နာရီနှင့် ၁၅ မိနစ်ကို ၈ ပေ၊ ၁၂ ပေ အခန်းထဲတွင် လူ သုံးလေးယောက်အတူနေရပါသည်။
ထိုအချိန်က ကျနော်တို့သောက်ရေအိုးတွေဖြည့်ဖို့(သောက်ရေအိုးတွေမှာ အခန်းအပြင်တွင် ထားပါသည်။ သောက်ချင်လျှင် သံတိုင်ကြားလက်ထုတ်ပြီး ခပ်သောက်ရပါသည်) ကျနော်တို့စားဖို့ ထမင်း၊ တာလဘောစသည်များ ဖိုကြီးမှသွားယူပြီး ဝေပေးဖို့၊ ကျနော်တို့ စွန့်ပစ်စုပုံထည့်ထားသည် စည်ပိုင်းပြတ်ကြီးတွေထဲက ချေးသေးများအား မိလ္လာကြီးဆိုသည့်နေရာအထိ ထမ်းယူသွားပြီး မြေမြှုတ် စသည့်အလုပ်များ လုပ်ရန် ရာဇဝတ်မှုဖြင့်ကျလာသည့် ထောင်သားတွေကို ကျနော်တို့တိုက်တန်းတွေအစွန်က တိုက်ခန်းတခန်းတည်း ထည့်ထားပါသည်။ သူတို့သည် ထောင်ဖွင့်ချိန်မှ ထောင်ပိတ်ချိန်အထိ အပြင်တွင်နေရပြီး ထိုအလုပ်များလုပ်ရပါသည်။ သူတို့ကို အမြဲဆင်းဟုခေါ်ပါသည်။
ထိုအမြဲဆင်းများတွင်တယောက်က ခုနကောင်မလေး၏ဖခင်ဖြစ်ပါသည်။ သူထောင်ကျလာသည်မှာ သူတို့မိသားစုကိုဆင်းရဲသဖြင့် နှိမ်သည်ဆိုသည့် ရွာထဲက ပိုက်ဆံနည်းနည်းရှိသည့် ငနဲတယောက်ကို ခေါင်းရိုက်ခွဲမှုဖြစ်ပါသည်။ ကျုပ်သမီး အပျိုဖြန်းလေးကို အိမ်ပေါ်အထိ တက်ကြံတဲ့ကောင်ဗျ သူပြောပါသည်။
ထိုအမြဲဆင်းကြီးသည် ထစ်ကနဲဆို ခြေပါလက်ပါ ပါတတ်သည့် လူဖြောင့်စိတ်တိုကြီးဖြစ်ပါသည်။ စကားပြောလျှင် ပါးစပ်နှင့်တလုံးအပြည့်ကြီး ပြောတတ်ပါသည်။ သူ့တွင် ထောင်ဝင်စာလာတွေ့သူမရှိပါ။ ကျနော်တို့ကလည်း အထဲတွင်နေနေရသူတွေမို့ အပြင်က သူ့အညီအများကြီးလိုပါသည်။ စာတွေ ခိုးရေး ခိုးဖတ် ခိုးဖြန့်ကြသည်။ အဲ့တုန်းက ထောင်ထဲတွင် စာဖတ်ခွင့် မရှိသည့်ကာလလည်းဖြစ်ပါသည်။ စာလေး တထွာအညို တလာစီရင်း မိသွားလျှင် သေလုမျောပါးအရိုက်ခံရချိန်လည်း ဖြစ်ပါသည်။ သူပဲ တခန်းနှင့်တခန်း တတိုက်နှင့် ထောင်ဝါဒါတွေမသိအောင် အသွားအပြန် စာတွေ ကဗျာတွေ စာအုပ်တွေကို ခိုးဝှက်ယူပေးပါသည်။ သူသည် နိုင်ငံရေးသာ တလုံးတပါဒမှ မသိသော်လည်း နိုင်ငံရေးသမားတွေကို အတော် ချစ်ခင်လေးစားပါသည်။ သူ့အကိုတယောက် ကွန်မြူနစ်ဖြစ်ပြီး ပဲခိုးရိုးမတနေရာမှာ တိုက်ပွဲကျသွားသည်ဟုပြောပါသည်။ ကျနော်တို့ကလည်း သူပိုကြည်ဖြူစေရန်ရော စေတနာရောထည့်ပြီး ထောင်ဝင်စာလာတိုင်း အကြော်အလှော် အခြောက်အခြမ်းလေးများ ခွဲခွဲပေးပါသည်။ ထိုင်အခါမျိုးတွင် သူကျေးဇူးတင်စကားပြောပုံမှာ ထိုင်ဦးချမတတ်ဖြစ်သဖြင့် ကျနော်တို့က ပြန်အားနာရပါသည်။ နောက်တော့ သူ လွတ်ရက်စေ့၍လွတ်သွားပါသည်
အခုကျနော်နှင့် ဈေးထဲလာတွေ့သည့် ကောင်မလေးမှာ သူ့သမီးလေးဖြစ်ပါသည်။ နင့်အဖေရောရှိသေးလားဆိုတော့ ရှိတော့ ရှိသေးတယ် လေဖြတ်ပြီး အလုပ်မလုပ်နိုင်တော့လို့ အိမ်မှာဘဲ နှီးထိုးရောင်းစားနေတယ်ဟုပြောပါသည်။ ကျနော့် မျက်ရည်ဝဲရပါသည်။ နင်ကရော ဒီမှာ ဘယ်စက်ရုံမှာ လုပ်နေတာလဲဟုမေးတော့ စက်ရုံမဟုတ်ဘူးဦးလေး ကွေ့တယိုဆိုင်မှာလုပ်တာ။ ဒိနေ့တော့ သူဌေးမက နင်ဒီနေ့နား ငါလည်းဆိုင်ပိတ်မယ်ပြောလို့ လိုတာလေးတွေ လာဝယ်တာ။ ဘယ်နားကဆိုင်လဲ နောက်နေ့ ငါတို့လာစားမယ်ဟုပြောတော့ နေရာပြောပြပါသည်။
နောက်နေ့ ကျနော်တို့ သွားစားကြပါသည်။ ဆိုင်မှာ ဗမာပြည် လမ်းဘေးက မုန့်ဟင်းခါးဆိုင်ထက်ပိုမကြီးပါ။ ကျနော်တို့စားနေ စကားပြောနေသည့် နာရီဝက်လောက် အချိန်တွင် လာစားသူမှာ ၆ ယောက်ပဲရှိပါသည်။ သို့သော် ထိုဆိုင်ရှင်သည့် သူ့ အလုပ်ရှင်မ သူဌေးမအခေါ်ခံသည့်နေရာရောက်နေပါသည်။
ကျနော် ထပ်မျက်ရည်ဝဲမိပါသည်။ ထိုင်းမှာအလုပ် လုပ်နေကြသည့် ဗမာပြည်သား မျက်နှာမွဲတွေအတွက် ချောက်ချီးချောက်ချက် ကွေ့တယိုဆိုင်ပိုင်ရှင်လည်း သူဌေးမဖြစ်ရသည့် အဖြစ်ဆိုး ဘဝဆိုးတွေနှင့်ဖြစ်ကြရပါသည်။
ဧပြီ ၁၃၊ ၂ဝ၁၈)

Saturday, March 25, 2017

သွေး (ဘာသာပြန်သူ - မြတ်ငြိမ်း)

0 comments
သွေး (ဘာသာပြန်သူ - မြတ်ငြိမ်း)သူ ဝင်လာချိန်တွင် စကားတစ်ခွန်းမျှ မပြော။ ကျွန်တော်က ကျွန်တော်၏ သင်တုန်းဓားတွေထဲက အကောင်းဆုံး တစ်ချောင်းကို သားရေပြားပေါ်တွင် အပြန်အလှန် ခတ်နေသည်။ ဝင်လာသူသည် သူမှန်း သိလိုက်သည်နှင့် ကျွန်တော် စိတ်လှုပ်ရှားမှုကို ဖုံးကွယ်နိုင်မလား ဆိုပြီး သင်တုန်းဓားကို ဆက်ခတ်နေလိုက်၏။ ဓားသွားကို လက်မဖြင့် စမ်းကြည့်သည်။ ပြီးတော့ အလင်းရောင်ထဲတွင် ထောင်ကြည့်သည်။ ထိုအခိုက်တွင် သူက ကျည်ဆန်တွေ တန်းစီထည့်ထားပြီး သေနတ်အိတ် တွဲလောင်းကျနေသည့် ခါးပတ်ကို ချွတ်သည်။ နံရံပေါ်ရှိ ချိတ်တွင် ချိတ်သည်။ စစ်သုံး ကက်ဦးထုပ်ကို ခါးပတ်ပေါ်မှာ ထပ်ချိတ်သည်။ ထို့နောက် လည်စည်းကို ဖြေရင်း ကျွန်တော့်ဘက် လှည့်သည်။
“ပူပါ့ကွာ၊ ငရဲကျနေတာပဲ။ ကျုပ်ကို မုတ်ဆိတ် ရိတ်ပေးစမ်းဗျာ”
သူက ဆံပင်ညှပ်ခုံတွင် ဝင်ထိုင်သည်။
သူ့ မုတ်ဆိတ်တွေ လေးရက်စာလောက် ရှည်နေပြီဟု ကျွန်တော် မှန်းမိသည်။ ကျွန်တော်တို့၏ တပ်သားတွေကို နောက်ဆုံး လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့သည့် လေးရက်။ သူ့မျက်နှာ နီစပ်စပ် ဖြစ်နေ၏။ နေလောင်သောကြောင့် ဖြစ်မည်။ ကျွန်တော် ဂရုတစိုက်ဖြင့် ဆပ်ပြာတုံးကို စကိုင်သည်။ ခပ်ပါးပါး အလွှာကလေးတွေ ရအောင် ဓားဖြင့် လှီးသည်။ ဆပ်ပြာလွှာကလေးတွေကို ခွက်တစ်ခွက်ထဲ ထည့်၊ ကြက်သိမ်းနွေး ရေအနည်းငယ် ရော၊ စုတ်တံဖြင့် မွှေ ချက်ချင်းပင် ဆပ်ပြာမြှုပ်တွေ ထလာသည်။
“ဆရာတို့ တပ်က တခြားသူတွေလည်း မုတ်ဆိတ်တွေ ဆရာ့လောက် ရှည်နေကြရောပေါ့နော်”
ကျွန်တော် ပြောရင်း ဆပ်ပြာရည်ကို ဆက်မွှေ နေလိုက်၏။
“ဒါပေမဲ့ ကျုပ်တို့ အောင်မြင်ပါတယ်။ အဓိက ကောင်တွေကို ဖြိုလိုက် နိုင်တယ်လေ။ တချို့ကို အသေဖမ်းလာတယ်။ တချို့ကတော့ အသက်ရှင်နေတုန်းပဲ။ ဒါပေမဲ့ ဒီကောင်တွေလည်း မကြာခင် ဇီဝိန် ကြွေကြရမှာပါ”
“ဘယ်နှစ်ယောက်တောင် မိခဲ့လို့လဲ ဆရာ”
“ဒီကောင်တွေကို တွေ့ဖို့ တောထဲ တော်တော် နက်အောင် လိုက်ရတာကလား။ ဒါပေမဲ့ အပင်ပန်း ခံရကျိုး နပ်အောင် လုပ်မှာပါ။ ဒီပွဲမှာ ဒီကောင်တွေ တစ်ယောက်ဆို တစ်ယောက်မှ အသက်ရှင်ရက် ထွက်မလာစေရဘူး”
ကျွန်တော့် လက်ထဲက ဆပ်ပြာရည် သုတ်ထားသည့် စုတ်တံကို တွေ့တော့ သူက ဆံပင်ညှပ်ခုံ ကျောမှီကို မှီလိုက်၏။ သူ့ကို ကိုယ်ရုံစ ခြုံပေးရဦးမည်။ အံဆွဲထဲမှ ကိုယ်ရုံစ တစ်စယူပြီး ကျွန်တော့် ဖောက်သည်တော်၏ လည်ပင်းမှာ ပတ်သည်။ သူက စကားပြော မရပ်။ ကျွန်တော့်ကို သူ့ဘက်သားဟု ထင်နေသလား မသိ။
“ဟိုနေ့က ကျုပ်တို့ လုပ်ပြလိုက်တာ မြင်ပြီး ဒီမြို့ကတော့ သင်ခန်းစာ ရသွားလောက် ပါပြီ”
“ဟုတ်ကဲ့” ဟုပြောပြီး ချွေးဖြင့် မည်းပြောင်နေသော သူ့ လည်တိုင်ကို အဝတ်စဖြင့် ချည်လိုက်၏။
“အဲဒီ ပွဲကတော့ တကယ့် ပွဲကြီးပွဲကောင်းပဲနော်”
“သိပ်ကောင်းတဲ့ ပွဲပါ” ကျွန်တော် ဖြေရင်း စုတ်တံကို လှမ်းယူသည်။ ငတိက ပင်ပန်းနွမ်းနယ် ဟန်ဖြင့် မျက်စိစုံမှိတ် ထားသည်။ သူ့အသားနှင့် အေးမြသော ဆပ်ပြာရည် ထိတွေ့ချိန်ကို ငံ့လင့်နေသည်။ ကျွန်တော်သည် ငတိနှင့် တစ်ကြိမ်တစ်ခါမျှ သည်လောက် နီးနီးကပ်ကပ် မဆုံဖူးခဲ့။ သူပုန် လေးယောက်ကို ကြိုးပေးသတ်တာ မြင်ရအောင် စာသင်ကျောင်း ဆင်ဝင်အောက်သို့ တစ်မြို့လုံး တန်းစီ ဝင်ရမည်ဟု အမိန့်ထုတ်သည့် နေ့က သူနှင့် ခဏမျှ မျက်နှာချင်းဆိုင် ဖြစ်ခဲ့သည်။ သို့ပေမဲ့ အကွပ်မျက်ခံများ၏ အလောင်းများ မြင်ကွင်းကြောင့် သည်လိုလုပ်ဖို့ စီစဉ်ညွှန်ကြားသူ၏ မျက်နှာကို မကြည့်ဖြစ်ခဲ့။ ခုတော့ သည် မျက်နှာကြီး ကျွန်တော့် လက်ခုပ်ထဲ ရောက်နေပြီ။ မျက်နှာက အရုပ်ဆိုး အကျည်းတန် မျက်နှာမျိုး မဟုတ်တာတော့ သေချာသည်။ သူ၏ ရှိရင်းစွဲ အသက်ထက် ပိုပြီး ရင့်ရော်ဟန် ပေါက်နေစေသည့် မုတ်ဆိတ်မွေးတွေကလည်း သူ့မျက်နှာပေါ်မှာ သိပ်ပြီး ပုံဆိုးပန်းဆိုးကြီး ဖြစ်မနေ။
သူ့နာမည်က တော်ရေး။ ဆရာ တော်ရေး၊ ကြံကြီးစည်ရာ စီမံတတ်သူ။ ကြည့်လေ ... ကိုယ်လုံးတီး သူပုန်များကို ကြိုးပေး ကွပ်မျက်ပြီး အလောင်းများပေါ်တွင် သတ်မှတ်ထားသည့် နေရာများကို သေနတ်ပစ် လေ့ကျင့်ဖို့ ဆိုတာမျိုးကို ဘယ်သကောင့်သားက ကြံစည် စိတ်ကူးပါမည်လဲ။ ကျွန်တော် ဆပ်ပြာရည်ဖြင့် ပထမတစ်လွှာ သုတ်လိုက်၏။ သူက မျက်စိတွေ မှိတ်ထားလျက်နှင့်ပင် ဆက်ပြောနေသည်။
“ခုနေမှာ ကျုပ် နည်းနည်းလေးမှ အားမထုတ်ရပဲ တစ်ခါတည်း တန်း အိပ်ပျော်သွား နိုင်တယ်ဗျ။ ဒါပေမဲ့ ဒီညနေ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လေ”
“ကွပ်မျက်ရေးတပ်ဖွဲ့ ကိစ္စလား”
ကျွန်တော်က ဆပ်ပြာရည် သုတ်လိမ်းခြင်းကို ရပ်ပြီး စိတ်ဝင်စားမှု မရှိဟန်ဖြင့် မေးလိုက်၏။
“အဲဒီလိုမျိုး ဆိုပါတော့။ ဒါပေမဲ့ ဒီ့ထက် နည်းနည်းကြာမယ်”
သူ့ မုတ်ဆိတ်ကို ဆပ်ပြာရည် ဆက်သုတ် နေလိုက်၏။ ကျွန်တော့် လက်တွေ တုန်လာပြန်ပြီ။ ငတိကတော့ ရိပ်မိမည် မဟုတ်။ သူ မရိပ်မိတော့ ကျွန်တော့်အတွက် အခွင့်သာတာပေါ့။ သို့ပေမဲ့ သူ ခုလို ဝင်မလာလျှင် ကျွန်တော် ပို စိတ်ချမ်းသာမည် ဖြစ်၏။ ကျွန်တော့်ဆိုင်ထဲ သူ ဝင်လာသည်ကို ကျွန်တော့တို့ အဖွဲ့သား တော်တော်များများက မြင်တွေ့သွားဖို့ အလားအလာ များသည်။ တစ်ဦးတစ်ယောက်၏ အမိုးအကာ အောက်မှာ ရန်သူတစ်ဦး ရောက်နေခြင်းက အကျဉ်းအကျပ်များ ဖြစ်ပေါ်စေပါသည်။ သည်လူကို ကျွန်တော်၏ အခြား အခြားသော ဖောက်သည်များ နည်းတူ မုတ်ဆိတ် ရိတ်ပေးချင်သည်။ ဂရုတစိုက် ညင်ညင်သာသာနှင့် သွေးတစ်စက်မျှ မထွက်စေရအောင် အထူး သတိဝီရိယ ထားပြီး ဆောင်ရွက် ပေးချင်သည်။ သူ့ မုတ်ဆိတ် ရှုပ်ရှုပ်ထွေးထွေးများကို ရိတ်ရင်း တစ်ချက်ကလေးမျှ ဓားချက် ချော်မသွားစေချင်။ သူ့ မေးစေ့ အောက်က အရေပြားသည် ပြောင်စင် နေရမည်။ နူးညံ့ချောမွတ် နေရမည်။ ကျွန်တော့် လက်ခုံဖြင့် ပွတ်ကြည့်၊ စမ်းကြည့်လျှင် ကြမ်းတာ ရှတာမျိုး နည်းနည်းကလေးမျှ မရှိစေချင်။
ဟုတ်ကဲ့။ ကျွန်တော်က တိတ်တိတ်ပုန်း သူပုန်တစ်ဦးပါ။ သို့ပေမဲ့ တာဝန်သိသော ဆံပင်ညှပ်သမားလည်း ဖြစ်၏။ နောက်ပြီး ကိုယ့်အလုပ်ကို တိတိကျကျ တာဝန်ကျေကျေ ဆောင်ရွက်ခြင်းကို ဂုဏ်ယူတတ်သူလည်း ဖြစ်၏။ ယခု လေးရက်စာ ရှည်နေသော မုတ်ဆိတ်မွေးကို ကျွန်တော့် လုပ်ရည်ကိုင်ရည်ကို စိန်ခေါ်နေခြင်းဖြစ်၏။
ကျွန်တော် သင်တုန်းဓားကို ယူသည်။ ဓားအိမ်ထဲမှ ဓားသွားပေါ်အောင် ထုတ်သည်။ ပြီးတော့ ပါးတစ်ဖက်ပေါ်မှ ပါးသိုင်းမွေးများကို ရိတ်ချဖြင်း လုပ်ငန်းစသည်။ သင်တုန်းဓားက ကျွန်တော့် စေစားချက်ကို တိတိကျကျ တုံ့ပြန်သည်။ သူ့ မုတ်ဆိတ်မွေးက သိပ်ရှည်လှသည် မဟုတ်။ သို့ပေမဲ့ မာပြီး ကြမ်းပြီး ထူထဲသည်။ အရေပြား နည်းနည်းချင်း ပေါ်လာသည်။ သင်တုန်းဓားက တရွှီးရွှီး မြည်သံပြုပြီး ရိတ်ချသွားသည်။ ဓားသွားပေါ်တွင် ဆပ်ပြာရည်နှင့် မုတ်ဆိတ်မွေးတွေ လုံးထွေးပြီး ကပ်နေသည်။ ဓားသွားကို သန့်စင်ပစ်ဖို့ ခဏ နားလိုက်၏။ သားရေပြားကို ဆွဲယူပြီး ဓားသွားဖြင့် ခတ်သည်။ ဘာ့ကြောင့်ဆို ကျွန်တော်က အလုပ်ကို ကျကျနန လုပ်တတ်သည့် ဆံသသမား တစ်ဦးမို့ပါ။
မျက်လုံးတွေ မှိတ်ထားသည့် ငတိက ခုမှ မျက်လုံးတွေ ဖွင့်သည်။ ခြုံထည်အောက်မှ လက်တစ်ဖက် ထုတ်သည်။ ဆပ်ပြာရည် စင်သွားသည့် နေရာကို စမ်းကြည့်ရင်း ပါးစပ်ကလည်း ပြောသည်။
“ညနေ ခြောက်နာရီကျ ကျောင်းကို လာခဲ့”
“ဟိုနေ့ကလိုပဲ လုပ်မှာလား” ဟု ကျွန်တော် အထိတ်တလန့် မေးလိုက်၏။
“အဲဒီထက် ပိုပြီး သားနားနိုင်တယ်”
“ဆရာ ဘယ်လိုလုပ်ဖို့ စီစဉ်ထားလို့လဲဟင်”
“မသိသေးဘူး၊ ဒါပေမဲ့ ကျုပ်တို့ကိုယ် ကျုပ်တို့ မြူးထူးအောင်တော့ လုပ်ရမယ်”
သူ့ မျက်လုံးတွေ မှိတ်ပြီး ကျောမှီချလိုက်ပြန်၏။ ကျွန်တော်က သင်တုန်းဓားကို အသင့်ပြင်ပြီး သူ့အနားသို့ ကပ်သည်။
“ဆရာက သူတို့အားလုံးကို ပြစ်ဒဏ် ခတ်မလို့လား”
ကျွန်တော် အားစိုက်ပြီး ကြောက်ကြောက်လန့်လန့် မေးသည်။
“အားလုံးကိုပဲ”
သူ့ မျက်နှာပေါ်မှာ ဆပ်ပြာရည် ခြောက်နေပြီ။ ကျွန်တော် လက်သွက်မှ ဖြစ်တော့မည်။ လမ်းဘက်ကို မှန်ထဲမှ လှမ်းကြည့်သည်။ ခါတိုင်းလိုပါပဲ။ ကုန်စုံဆိုင်ထဲတွင် ဝယ်သူ နှစ်ဦး သုံးဦး ရှိသည်။ ထို့နောက် တိုင်ကပ်နာရီကို ကြည့်သည်။ မွန်းလွဲ နှစ်နာရီနှင့် မိနစ်နှစ်ဆယ်။ သင်တုန်းဓားက အထက်မှ အောက်သို့ ရိတ်ချသွားသည်။ သည်တစ်ခါတော့ အခြား ပါးတစ်ဖက် ပေါ်က ပါးသိုင်းမွေးတွေ။ ထူထဲပြီး စိမ်းနေသော ပါးသိုင်းမွေးတွေ။ သည်လူ ကဗျာဆရာ တချို့ သို့မဟုတ် ဘုန်းကြီးတွေလို မုတ်ဆိတ် အရှည်ထားလျှင် ကောင်းမည်။ သူ့အတွက် အဆင်ပြေမည်။ လူ တော်တော်များများက သူ့ကို မှတ်မိမည် မဟုတ်။ သို့ဆိုလျှင် သူ့အတွက် အကျိုးရှိမည်ဟု သူ့လည်ပင်းတစ်ဝိုက်ကို ချောမွေ့အောင် ရိတ်ပေးရင်း ကျွန်တော် စဉ်းစားမိ၏။ သည်နေရာ တစ်ဝိုက်က အမွေးအမှင်တွေမှာ ပျော့ပျောင်းသော်လည်း ခွေလိမ်ရစ်ထုံးနေ သဖြင့် သင်တုန်းဓားကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်ရတော့မည်။ မုတ်ဆိတ်မွေး ကောက်ကောက်ကွေးကွေးတွေ။ အရေပြားပေါ်ရှိ မွေးညင်းပေါက်ကလေး တစ်ခု ပွင့်သွားသည်နှင့် သွေးတွေ ဥထွက်လာလိမ့်မည်။ ဆံပင်ညှပ်သမားကောင်း အဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်သော ကျွန်တော်လို လူက ကိုယ့်ဆီ မုတ်ဆိတ် လာရိတ်သူ တစ်ဦးအား ထိုအဖြစ်မျိုး ဘယ်တော့မျှ အဖြစ်ခံလိမ့်မည် မဟုတ်။
နောက်ပြီး သည် ဧည့်သည်က ပထမတန်းစား ဧည့်သည်။ ကျွန်တော်တို့ အထဲက ဘယ်နှယောက်ကို ပစ်သတ်ဖို့ သူ အမိန့်ပေးခဲ့ပြီလဲ။ ကျွန်တော်တို့ အထဲက ဘယ်နှယောက်ကို ကြိုးပေးသတ်ဖို့ သူ အမိန့်ပေးပြီးပြီလဲ။ သည်အကြောင်း မတွေးတာ ကောင်းသည်။ ကျွန်တော်သည် သူ့ရန်သူဖြစ်ကြောင်း တော်ရေး မသိ။ သည်အကြောင်း သူ မသိသလို တခြား သူ့လူတွေလည်း မသိ။ ဤကား ကျွန်တော်တို့ လူနည်းစုကလေးသာ သိသည့် လျှို့ဝှက်ချက်။ သို့မှ မြို့ထဲမှာ တော်ရေး ဘာလုပ်နေကြောင်း၊ သူပုန်တွေကို လိုက်တိုက်ဖို့ ဘာ အစီအစဉ်တွေ လုပ်ထားကြောင်းတို့ကို တော်လှန်ရေးသမားများအား တိတိကျကျ သတင်းပေးနိုင်မည် မဟုတ်လား။ သည်တော့ တော်ရေး ဆိုသည့် ငတိ ကျွန်တော့် လက်ခုပ်ထဲ ရောက်ခဲ့ပါလျက် မုတ်ဆိတ်ကျင်စွယ် ရိတ်ပေးပြီး အသက်နှင့်ကိုယ် အိုးစား မကွဲဘဲ အေးအေးချမ်းချမ်း ပြန်သွားခွင့် ပြုလိုက်လျှင် ကျွန်တော့်အနေဖြင့် ရှင်းပြရ တော်တော် ခက်လိမ့်မည်။
ခုဆို မုတ်ဆိတ်တွေ ပြောင်တလင်း ခါသလောက် ရှိနေပြီ။ သူ့ ကြည့်ရတာ ပိုပြီး ပျိုမျစ်သွားသည်။ လက်ရှိ အသက်အရွယ်ထက် နှစ်ပေါင်းများစွာ ငယ်နုသွားသလို ရှိ၏။ ဆံပင်ညှပ်ဆိုင်သို့ လာသည့် ယောက်ျားတိုင်း သည်လို ဖြစ်သွားလေ့ ရှိပါသည်။ ကျွန်တော့် ဓားချက်များ အောက်တွင် တော်ရေးသည် ပြန်လည် နုပျိုလာသည်။ ဘာကြောင့်ဆို ကျွန်တော်က ဆံသသမားကောင်း တစ်ဦး၊ သည်မြို့မှာ အတော်ဆုံး ဆံသသမားတစ်ဦး ဖြစ်သောကြောင့်ဟု ကျွန်တော် ပြောရပါလိမ့်မည်။
သူ့ မေးစေ့ အောက်မှာ သူ့ စလုတ် ပေါ်မှာ သည် သွေးပြန်ကြောကြီး ပေါ်မှာ ဆပ်ပြာရည်ကလေး နည်းနည်းစီ ထပ်သုတ်။ အမယ်လေး ... ပူလိုက်တာနော်။ ကျွန်တော့်လိုပင် တော်ရေးလည်း ချွေးပြန် နေလိမ့်မည်။ သို့ပေမဲ့ သူက အကြောက်အရွံ့ မရှိသူ။ သွေးအေးသူ။ ညနေကျလျှင် အကျဉ်းသားများကို ဘယ်လို စီရင်မည် ဆိုတာကိုပင် မစဉ်းစားသူ။ တစ်ဖက်တွင် သင်တုန်းဓားကြီး လက်ထဲကိုင်ပြီး သူ့အရေပြားကို ခြစ်ရင်း ဆွဲရင်း မွေးညင်းပေါက်ကလေးတွေမှ သွေးတွေ ဥထွက် မလာအောင် ကြိုးပမ်းနေသည့် ကျွန်တော့်မှာတော့ ဘာကိုမျှ ရေရေရာရာ ပြတ်ပြတ်သားသား မစဉ်းစားနိုင်။ သည်လူ သည်ကို လာတာကိုက သက်သက် ဒုက္ခ လာပေးတာ။ ဘာ့ကြောင့်ဆို ကျွန်တော်က တော်လှန်ရေးသမား ဖြစ်သော်လည်း လူသတ်သမား မဟုတ်သောကြောင့်ပင်။ နောက်ပြီး သူ့ကိုသတ်ဖို့ ဘယ်လောက် လွယ်လိုက်သလဲ။ နောက်ပြီး သည်ငတိက အသတ်ခံထိုက်သူ။ ဟုတ်ရဲ့လား။ မဟုတ်သေး။ ဘာကိစ္စ သတ်ရမည်လဲ။ လူတစ်ဦး လူသတ်သမား ဖြစ်ရလောက်အောင် ဘယ်သူမျှ အသတ်မခံရသင့်။ သည်လို သတ်လိုက်လို့ သင့်မှာ ဘာ အကျိုး ရှိမည်လဲ။ ဘာမျှ အကျိုးမရှိ။ အခြား သူတွေ ... ပြီးတော့ နောက်ထပ် အခြားသူတွေ လာမည်။ ပထမလူတွေက ဒုတိယလူတွေကို သတ်၊ နောက်လူတွေက သူ့ကို ပြန်သတ်။ သည်လိုဖြင့် သံသရာ မဆုံးနိုင်ဘဲ အရာရာတိုင်းသည် သွေးပင်လယ်ကြီး ဖြစ်သွားလိမ့်မည်။
ယခု သည်လည်ပင်းကို ကျွန်တော် တိခနဲ လှီးဖြတ်ချလိုက်လို့ ရသည်။ သူ ညည်းညူချိန်ပင် ရလိုက်မည် မဟုတ်။ နောက်ပြီး သူက မျက်လုံးတွေ မှိတ်ထားတော့ အရောင် တလက်လက် တောက်နေသည့် ဓားသွားကို မြင်မည် မဟုတ်သလို အရောင် တဖျပ်ဖျပ် လက်နေသည့် ကျွန်တော့် မျက်လုံးတွေကိုလည်း တွေ့မြင်မည် မဟုတ်။ သို့ဖြစ်သည့်တိုင် ကျွန်တော်က လူသတ်မှုတကယ် ကျူးလွန်ထားသူ တစ်ဦးလို တဆတ်ဆတ် တုန်နေ၏။ သူ့လည်ချောင်းမှ သွေးတွေ ပန်းထွက်လာပြီး ကိုယ်ရုံပေါ်သို့ ကျမည်။ ကုလားထိုင်ပေါ်သို့ ကျမည်။ ကျွန်တော့် လက်တွေပေါ်သို့၊ အောက်ခင်း ကြမ်းပြင်ပေါ်သို့ ကျမည်။ ကျွန်တော် တံခါးပေါက်ကို ပိတ်ပစ်ရလိမ့်မည်။ သွေးတွေက ကြမ်းပေါ်မှာ တရွေ့ရွေ့ စီးဆင်းသွားမည်။ ပူပူနွေးနွေး သွေးတွေ။ ထိန်းမရ တားမရ လမ်းပေါ် ရောက်သည်ထိ နီစွေးသော စမ်းချောင်းကလေး တစ်စင်းလို စီးဆင်းသွားလိမ့်မည်။ ဖိအားထည့်ပြီး ခပ်နက်နက်ကလေး လှီးလိုက်လျှင် ဝေဒနာ ခံစားရမည် မဟုတ်ကြောင်း ကျွန်တော် ကျိန်းသေ သိသည်။ သူ ခံစားနေရမည် မဟုတ်တာ သေချာသည်။
သို့ဖြစ်စေကာမူ ...
သူ့ အလောင်းကြီးကို ဘယ်လို စီမံရမည်လဲ။ ဘယ်နေရာမှာ သွား ဝှက်ထားရမည်လဲ။ ကျွန်တော် ထွက်ပြေးရလိမ့်မည်။ ကိုယ့်မှာ ရှိရှိသမျှ ပိုင်ဆိုင်သမျှ အရာတွေ အားလုံး ထားပစ်ခဲ့။ ဝေးသော ... ဝေးလွန်းမက ဝေးသော အဝေး တစ်နေရာမှာ သွားပြီး ခိုလှုံနေ။ သို့သော် ကျွန်တော့်ကို ဖမ်းမိသည့်အထိ သူတို့ လိုက်လာကြလိမ့်မည်။
“ဆရာ တော်ရေးကို သတ်တဲ့ကောင်။ ဆရာ မုတ်ဆိတ်ရိတ် ခံနေတုန်း လည်ပင်းကို ဓားနဲ့ လှီးသတ်သွားတာ ...၊ သရဲဘောကြောင်တဲ့ ကောင်”
တခြား တစ်ဖက်ကတော့ကော။
“ငါတို့ အားလုံးရဲ့ ကိုယ်စား လက်စားချေ သွားတဲ့ ပုဂ္ဂိုလ်။ အမှတ်တရ ဖြစ်နေရမယ့် နာမည်ပေါ့။ (သူတို့ ကျွန်တော့် နာမည်ကို ပြောကြလိမ့်မည်။) သူဟာ တို့မြို့က ဆံပင်ညှပ်သမား။ ငါတို့ရဲ့ အရေးတော်ပုံကို သူ ကာကွယ်သွားတယ် ဆိုတာ ဘယ်သူမှ မသိလိုက်ဘူး”
သည်တော့ ဘာတွေ ဖြစ်လာမည်လဲ။ လူသတ်သမားလား။ သူရဲကောင်းလား။ ကျွန်တော့် ကံကြမ္မာသည် သည်ဓားသွားပေါ်မှာ တည်မှီနေ၏။ ကျွန်တော့်လက်ကို နည်းနည်းကလေး စောင်းလိုက်၊ သင်တုန်းဓားကို နည်းနည်းကလေး ပိုပြီး လည်ချောင်းထဲ မြုပ်ဝင်သွားအောင် လှီးလိုက်၊ အရေပြားသည် ပိုးသားလို၊ ရော်ဘာပြားလို၊ သားရေပြားလို တိခနဲ ပြတ်သွားလိမ့်မည်။ လူသား၏ အရေပြားထက် နူးညံ့တာ မရှိ။ နောက်ပြီး သည် အရေပြား အောက်မှာ သွေးတွေက အမြဲရှိသည်။ ပန်းထွက်ဖို့ အသင့်ဖြစနေသည်။ သည် ဓားသွားမျိုးက ဘယ်တော့မျှ ချွတ်ချော်တိမ်းစောင်းမှု မဖြစ်။ သည်ဓားက ကျွန်တော့် ဓားတွေထဲမှာ အထက်ဆုံး ဓား။
သို့ပေမဲ့ ကျွန်တော် လူသတ်သမား မဖြစ်ချင်။ မဖြစ်ပါရစေနဲ့ ဆရာသမားရယ်။ ခင်ဗျားက မုတ်ဆိတ်ရိတ်ဖို့ ကျွန်တော့်ဆီ လာတယ်။ ကျွန်တော်က ကိုယ့်အလုပ်ကိုယ် ဂုဏ်ရှိရှိ လုပ်တယ်။ ကျွန်တော့်လက်ကို သွေးမစွန်းချင်ပါဘူး။ ဆပ်ပြာရည်ပဲ စွန်းပါစေ။ ဒါလောက်ပါပဲ။ ခင်ဗျား အဆုံးစီရင်ရေးသမား။ ကျွန်တော်က ဆံပင်ညှပ်သမားလောက်ပါ။ လူတစ်ဦးချင်း တစ်ဦးချင်းဟာ လူ့ဘုံခန်းဝါမှာ သူ့ ကိုယ်ပိုင်နေရာနှင့်သူ ရှိပါတယ်။ ဒါအမှန်ပဲ။ သူ့ ကိုယ်ပိုင်နေရာနှင့် သူပါ။
ခုတော့ သူ့မေးစေ့သည် ရှင်းသန့်သွားအောင် ရိတ်သင်ပြီး၍ ချောမွတ်နေပြီ။ သကောင့်သားက ခါးမတ်ပြီး မှန်ထဲကို လှမ်းကြည့်သည်။ သူက သူ့လက်တွေဖြင့် သူ့ အရေပြားကို ပွတ်ကြည့်သည်။ လတ်ဆတ်သစ်လွင်ခြင်းကို ခံစားသည်။
“ကျေးဇူးပဲ”
သူ ပြောသည်။ ခါးပတ်၊ ပစ်စတိုနှင့် ကက်ဦးထုပ်ကို ယူဖို့ နံရံချိတ်ဆီသို့ သွားသည်။ ကျွန်တော့်မျက်နှာ ဖြူဖျော့နေမှာ သေချာသည်။ ကျွန်တော့် ရှပ်အင်္ကျီမှာ ချွေးတွေ ရွှဲနစ်နေ၏။ တော်ရေးက ခါးပတ်ခေါင်းကို တပ်သည်။ သေနတ်အိတ်ထဲတွင် ပစ်စတိုကို နေသားတကျ ထည့်သည်။ သူ့ ဆံပင်တွေကို လက်ဖြင့် သပ်ပြီး ကက်ဦးထုပ် ဆောင်းသည်။ ကျွန်တော့်ကို ဝန်ဆောင်ခပေးဖို့ သူ့ ဘောင်းဘီအိတ်ထဲမှ ငွေအကြွေ အတော်များများ ထုတ်ယူသည်။ ပြီးတော့ တံခါးပေါက်ဆီ လျှောက်သွားသည်။ တံခါးဝသို့ ရောက်မှ ခဏ ရပ်သည်။ ကျွန်တော့်ဘက် လှည့်ပြီး ပြောသည်။
“မောင်ရင်က ကျုပ်ကို သတ်လိမ့်မယ်လို့ သူတို့က ပြောတယ်ကွ။ အဲဒါ ဟုတ်၊ မဟုတ် သိရအောင် လာခဲ့တာပဲ။ ဒါပေမဲ့ လူသတ်တယ် ဆိုတာ လွယ်တာမှ မဟုတ်ဘဲကွာ။ မောင်ရင် ကျုပ်ပြောတာ မှတ်ထား၊ သိလား”
ပြီးတော့ လမ်းမဆီသို့ ထွက်သွားတော့၏။
(Just Lather, That's All by Fernando Tellez)
---------
မြတ်ငြိမ်း
သည်းထိတ်ရင်ဖို မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၂၀၀၃။
အင်္ဂလိပ် ဘာသာဖြင့်
https://www.dropbox.com/s/cyzvzv…/just_lather_thats_all.pdf…