တောင်ငူထောင်နေတုန်းက စန်းမင်းဆိုတဲ့ စစ်ပြေးလေးတယောက်နဲ့သိခဲ့ဖူးတယ်။
အသားမဲမဲ အရပ်ပုပု ခြေကလေးကခွင်ခွင်ပေမယ့် ဖင်ပေါ့တယ် ယဉ်ကျေးတယ်။ ဘယ်သူ
ဘာခိုင်းခိုင်း မညည်းမညူ လုပ်ပေးရှာတော့ လူတွေက သူ့ကို ငါးပိကြော်
ငါးခြောက်ကြော်လေးတွေပေးရုံမက ထောင်ဝင်စာလာာတဲ့နေ့ဆို ဟင်းစိုလို့ ခေါ်တဲ့
အိမ်ကချက်ပေးလိုက်တဲ့ အသားဟင်းငါးဟင်းတွေပါ ခေါ်ကျွေးတတ်ကြတယ်။ ကျနော်လည်း
ပါတယ် ဒီကောင့်ကို သနားတဲ့ ခင်တဲ့လူတွေထဲမှာ။
ကျနော့်ကို ကိုကြီးမျိုးက သူများတွေလို သိတ်မလှုပ်ရှားတော့ ညောင်းမှာပေါ့ ကျနော် နှိပ်ပေးမယ် ဇက်တွေဘာတွေချိုးပေးမယ်ဆိုကာ ညတိုင်းလိုလို လာပြီး ပြောပါတယ်။ ကျနော်က အဲ့လို အလုပ်ခံရမှာရှက်လို့ ရပါတယ်ကွာဟုပြောပြီး ငြင်းငြင်းထုတ်တော့ သူမျက်နှာမကောင်းပါ။
တရက် ကျနော် ဖျားတော့ ဆေးရုံလည်း မသွားချင် ထောင်ဆရာဝန် ဒေါက်တာသန်းဝင်းနှင့်လည်း ဆက်ဆံရတာအဆင်မပြေဆိုတော့ ပါရာစီတမောလ်လေး ဘာမီတွန်လေးသောက်ပြီး စောင်ခြုံကွေးနေပါတယ်။ ညကြတော့ စန်းမင်းရောက်လာပြီး ကိုကြီးမျိုး တနေကုန်ကွေးနေတာဆို ဘာဖြစ်လို့လဲဟုမေးလည်းမေး ကျနော့်ခြေချောင်းတွေကိုလည်း စမ်းပါသည်။ အဖျားတက်နေတာဘဲ ကိုယ်တွေလည်းပူနေတာဘဲ။ ကဲ စောင်ခွာလိုက် ကျနော် နှိပ်ပေးမယ် အကြောတွေလျှော့ပေး ချွေးထုပ်တဲ့သဘောပေါ့။ ချွေးထွက်သွားရင် သက်သာသွားလိမ့်မယ်ဟုပြောလည်းပြော ကျနော့်ကိုမှောက်ခိုင်းပြီး ခြေဖျားကနေ စနှိပ်ပါသည်။ နောက် ခြေသလုံး ပေါင် တင်ပါး ခါး ကျောပြင် ဇက်ပိုးတွေအထိ ဆက်တိုက်နှိပ်ပါတယ်။ ခံလို့အလွန်ကောင်းပါတယ်။ ပြီးတော့ ပက်လက်လှန်ခိုင်းပြီး ညို့သကျည်းဘေးကြွက်သားတွေကိုနှိပ်ပါတယ်။ လက်ဖဝါး လက်ဖျံ လက်မောင်း ပခုံးတွေကိုနှိပ်တော့ ဟပြဲနေတဲ့ သူ့အင်္ကျီရင်ဘတ်အောက် သူ့ရင်ညွန့်တွင် ချေဂွေဗားရားပုံ တက်တူးထိုးတာကိုတွေ့ရပါတယ်။ ပုံက လက်ရာအတော်ကောင်းသလို ဆေးသားလည်း စိမ်းစိုနေပါတယ်။ သိတ်မကြာသေးခင်က ထိုးထားပုံပေါ်ပါတယ်။
ဒါနဲ့ကျနော်က စန်းမင်း အဲ့ဒါ ဘယ်သူလဲကွဆိုတော့ ချေခွင်ဘားလားလေ ကိုကြီးမျိုးရ။ ကျနော် ပြုံးမိပါတယ်။ ဒါပေမယ့် စိတ်ပြန်ထိန်း မျက်နှာပြန်ပြင်ပြီး သူက ဘာလဲကွဆိုတော့ အမေရိကန် လမ်းသူရဲဂိုဏ်းခေါင်းဆောင်လေ ကိုကြီးမျိုးကလည်း နိုင်ငံရေးသမားလုပ်ပြီး မသိဘူးလားလို့ပြောတော့ ကျနော် ဖျားနေတဲ့ကြားက အားရပါးရ ရယ်မိပါတယ်။ ဘာလို့တုန်း ကိုကြီးမျိုးလို့မေးတော့ ဘာမှမဟုတ်ပါဘူးကွာဆိုပြီး စကားဖြတ်လိုက်ပါတယ်။
နောက်တပတ်လောက်ရှိတော့မှ သူ့ကို ချေဂွေဗားယားအကြောင်း ပြောပြတော့ သူ ပါစပ်အဟောင်းသားနဲ့ နားထောင်ပါတယ်။ ကျနော့်စကားလည်းဆုံးရော သူ့ရင်ဘတ်သူပြန်ငုံ့ကြည့်ပြီး အဲ့ဒါဆို ခုမှ ပိုမိုက်သွားတယ်ဟုပြောပါတယ်။
မျိုးမြင့်ချို ဇွန် ၁၄ ၂ဝ၁၇

0 comments:
Post a Comment