Tuesday, July 18, 2017

ကညွှတ်ကွင်းအိမ်ပြေး ၁၁(မျိုးမြင့်ချို)

0 comments
အမေခ ရေချိုးနေတုန်း မီးဖိုပေါ်ကရေနွေးအိုးမှာ ကျွက်ကျွက်ဆူပါသည်။ ကျနော်လည်လည်း ဘာလုပ်ရမှန်းမသိသဖြင့် အဖေ ကိုဖိုးထောင်အား အဖေ့ ထကြည့်ပါဦး ရေနွေးတွေဆူနေပြီဟု နှိုးရင်းပြောပါသည်။ အဖေက အိပ်မှုံစုံမွှား အမူးတရူးနှင့်ထပြီး အိုကေအိုကေဟုပြောကာ သူ ခုနှင့်က ထုထောင်းထားသည့် ဂဏန်းတွေ ငရုပ်သီးတွေကိုရေနွေးထဲထည့်ပါသည်။ ပြီးတော့ ဆနွင်းမှုန့်တွေ ဆားတွေ အချိုမှုန့်တွေပါထပ်ထည့်ပါသည်။ ပြီးတော့ ဆီနည်းနည်း လောင်းထည့်ပြီး ဒါ စားလို့သိတ်ကောင်းတာကွ သားကြီးရဟုပြောကာ အရက်တွေ တခွက်ပြီး တခွက်သောက်ပါသည်။

သားကြီး မင်း ရည်းစားထားဖူးလားဟု လျှာလေးအာလေးကြီးဖြင့်မေးပါသည်။ ကျနော် အလွန်ရှက်သဖြင့် ဟာ အဖေကလည်းဟုပြောတော့ ငါ့သားကြီးက ရှက်တတ်ရန်ကော၊ အဖေနဲ့ မင်းအမေဆို ၁၃ နှစ် သမီးအရွယ်ကတည်းက ကြိုက်ကြတာ။ ၁၅ နှစ်အရွယ်မှာ ခိုးပြေးကြတယ်ကွာ။ ခုထိ လင်မယားဘဲ။ တခါတလေတော့ ရန်ဖြစ်ကြတာပေါ့ကွာ။ အဖေတို့မှာ သားလေးတယောက် ရဖူးတယ်။ အခါတောင်မလည်လိုက်ဘူး ဆုံးသွားတယ်။ အသက်ရှူ မဝတဲ့ရောဂါဆိုလားဘာလားမသိဘူး။
အဲ့တုန်းက မင်းအမေဟာ ငိုလိုက်တာ ငိုလိုက်တာ အရူးမကြီးလိုဘဲ။ အဖေလည်း စိတ်တော့မကောင်းဘူးပေါ့ကွာ။ ဒါပေမယ့် မင်းအမေလောက်တော့ မဆိုးဘူး။ မင်းအမေဟာလေ ၇ ရက်လောက် ဘာအစားမှမစားဘူး။ သားလေးမြှုတ်ထားတဲ့ သင်းဂျိုင်းကုန်းဘက်ဘဲ သွားသွားနေတာဘဲ။ အဖေလည်း ပြောမရဘူး။ နောက်တော့ သူ့ဘာသူ ဘာစိတ်ကူးပေါက်သွားတယ်မသိဘူး သင်းဂျိုင်းဘက်မသွားတော့ဘူး။ သူ့ကိုယ်သူလည်း မိန်းမလို့မထင်တော့ဘူး။ အဖေ့ကိုလည်း အကပ် မခံတော့ဘူး။ အဖေက အနားသွားကပ်ရင် ရှင်နော် ကဖိုးထောင် နောက်ထပ် ကျမကို ဒုက္ခမပေးပါနဲ့တော့လို့ပြောပြီး ငိုတော့တာဘဲ။

ခုသားကြီးရောက်လာမှ သူ ပြန် ပြုံးပြုံးရွှင်ရွှင်ဖြစ်လာတာ။ အဖေ့ကိုလည်း အနားကပ်ပြန်အခံတာ။ အလှတွေဘာတွေလည်း ပြင်လာတာဟုပြောရင်း ဝမ်းနည်းဝမ်းသာ ငိုပါသည်။ လူတယောက်၏ အပြုံးနှင့်မျက်ရည်တွေကို ထိုတကြိမ်တွင် ကျနော် ပထမဆုံးတွေ့ဖူးခြင်းဖြစ်ပါသည်။

သားကြီးရာ အဖေတို့နဲ့အတူနေနော်၊ ဘယ်မှမသွားနဲ့တော့။ သားကြီးအတွက် အဖေ အစစအရာရာ တာဝန်ယူတယ်ဟုပြောကာ ကျနော့်အား ဖက်ထားပါသည်။ ထိုအချိန်တွင်တွင် အဖေ့ မျက်ရည်များ ကျနော့် ကျောပေါ် ရွှဲရွဲစိုနေပါသည်။ အဖေ ကိုဖိုးထောင်သည် ဝမ်းသာလွန်း၍ငိုနေခြင်း ဖြစ်ပါလိမ့်မည်။ ကျနော့်မှာသာ ဘာခံစားမှုမှန်းမသိဖြစ်နေပါသည်။
(ဆက်ပါဦးမည်) မျိုးမြင့်ချို ဇူလိုင် ၁၂၊ ၂ဝ၁၇

0 comments:

Post a Comment