Tuesday, July 18, 2017

ဗကသ အမှတ်အသား ကိုဗဟိန်း (၀င်းအောင်ကြီး)

0 comments
ကျနော်တွေးမိသလို ရေးပါမည် (၂၇၀)

အာဏာနှင့်ပုဂ္ဂိုလ်ရေးရှုပ်ထွေး အငြိုးကြီးအာဃာတထား မြန်မာ့နိုင်ရေးသမားများကြား ရှားရှားပါးပါး သူသာအရှင်နေပါလျှင်---ဟူသောအတွေးနှင့်--
(၁)
၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်လာပြီးနောက် တကသမှခင်မင်ရင်းနှီးသော ရဲဘော်တို့အကြောင်း ရေးသောအခါ၊ ယနေ့လူငယ်စာဖတ်သူများ နားလည်သဘောပေါက်စေရန် နောက်ခံသမိုင်းကိုလည်း ထည့်သွင်းရေးသားပေးရ၏။ ထိုအခါ လူအကြောင်းမည်ရွေ့ နောက်ခံသမိုင်းကမည်မျှဆိုသည်ကို ချိန်ဆရသည်မှာ ခပ်ခက်ခက်။ ကျွန်တော်သည် Professional Writer ဖြစ်သည်နှင့်အညီ အကျိုးသင့်အကြောင်းသင့် ရှာဖွေနိုင်သမျှအထောက်အထားများနှင့်သာ ရေးသားရပါမည်။

အာဏာ ပုဂ္ဂိုလ်ရေးနှင့်ရှုပ်ထွေးမြဲမြန်မာပြည်တွင် အကွဲအပြဲကလည်း များမှများ၊ ဂိုဏ်းဂဏစွဲနှင့် ရေးသားထားသည်များကလည်းနေရာယူထား၍ ရှောင်ဖို့ရှားဖို့ပိုခက်နေပြန်သည်။ အငြိုးကြီးကြီးနှင့် ရေးကြရင်း အကြောင်းအရာအချက်လက်များ လွဲမှားရာနေ ယုတ္တိမဲ့တွေဖြစ်နေသည်ကို ၀မ်းနည်ဖွယ်တွေ့မြင်နေရ၏။
စိတ်ဝင်စားကြသောစာဖတ်သူတို့အား စုပြီး Research လုပ်ကြပါဟုတိုက်တွန်းရင်း ဆက်ရေးပါမည်။
(၂)
၁၉၂၀ ပထမကောလိပ် သပိတ်မှောက်ရာကနေ တကသ (ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ) R.U.S.U ( Rangoon University Students’ Union) ပေါ်လာခဲ့၏။ ၁၉၃၆ ခု၊ ဒုတိယကောလိပ် သပိတ်မှောက်ရာကနေ ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ) A.B.S.U (All Burma Students’ Union) မွေးဖွားပေးလိုက်၏။ ဒုတိယသပိတ်သည် အမျိုးသားရေး၊ လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဆက်နွှယ်နေ၍ အနယ်နယ်အရပ်ရပ်ရှိကျောင်းများသို့ကူးဆက်ကာ တန်းမြင့်ကျောင်းသားများလည်း ပါဝင်လာကြသည်၊ အဖွဲအစည်းများဖွဲ့ကြသည်။


ထိုသို့သောအဖွဲ့များ စုစည်းရန်နှင့် ကျောင်းသားသမဂ္ဂစနစ်တကျဖြစ်စေရေးရည်ရွယ်ပြီး ဗကသ ဖွဲ့စည်းရန် တကသ သပိတ်မှောက်ကောင်စီက ဆုံးဖြတ်ပြင်ဆင်လေတော့သည်။ ရန်ကုန်မြို့ ဂျူဘလီဟောတွင် ပထမဆုံးညီလခံကျင်းပရာသို့ နယ်ကျောင်းသားများတက်လာကြပြီး၊ ဥက္ကဋ္ဌ ကိုရာရှစ်၊ အထွေထွေအတွင်းရေးမှူး ကိုအောင်ဆန်းတို့ပါဝင်သော ဗကသအမှုဆောင်အဖွဲ့ကို ရွေးကောက်တင်မြှောက်လိုက်သည်။ ထိုစဉ်ကမူ ကျောင်းသားကွန်ဖရင့် ( Students’ Conference) ဟုသုံး၏။ အဆင်ပြေ လျော်ကန်၍ တကသခေါင်းဆောင်များသာ ဗကသ ခေါင်းဆောင်များဖြစ်လာကြရသည်။ နယ်ကျောင်းသားအချင်းချင်းမသိနိုင်ကြသေးပါ။ ရန်ကုန်တက္ကသိုလ်တွင်လည်း ရွေးကောက်ပွဲအပြီး တကသအမှုဆောင်အဖွဲ့၌ ကိုရာရှစ်က ဥက္ကဋ္ဌ၊ ကိုအောင်ဆန်းက ဒုဥက္ကဋ္ဌ အသီးသီးဖြစ်လာကြ၏။


(၃)
နယ်ကကျောင်းသားသမဂ္ဂများ၏ စိတ်အားထက်သန်မှုနှင့်အပြိုင်ဆိုသလို ဗကသအမှုဆောင်အဖွဲ့မှာလည်း တာဝန်ပိုကြီးလာပြီ။ ကွန်ဖရင့်ကို ရန်ကုန်မှာကျင်းပ တကခေါင်းဆောင်များကဘဲ ဦးဆောင်နေပါသည်။ ဗကသ သည် တကသ၏နို့သက်ခံစို့ဘ၀သို့ရောက်သွားနိုင်သည်၊ ဗကသအခန်းကဏ္ဍ မှေးမှိန် သွားနိုင်သည်၊ နယ်ကျောင်းသားတို့၏ စိတ်အားထက်သန်မှုသည်လည်း လျော့ကျသွားနိုင်သည်ဟု ဗကသအမှုဆောင်အဖွဲ့က စည်းဝေးကာသုံးသပ်၏။


ထို့ကြောင့် (၁) ဗကသ ဒုတိယကွန်ဖရင့်ကို မန္တလေးတွင်ပြုလုပ်ရန်။ (၂) တကသအမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ ကိုရာရှစ်က ကိုအောင်ဆန်း၏တာဝန်များကို တတ်နိုင်သလောက် ပူးတွဲလုပ်ဆောင်ရန်၊ (၃) ဗကသကို အထွေထွေအတွင်းရေးမှူးကိုအောင်ဆန်းက အချိန်ပေးဦးဆောင်ကာလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။


ကိုအောင်ဆန်းသည် ကျောင်းသားသပိတ်တုန်းက မန္တလေးဥပစာကောလိပ်မှ ကျောင်းသားခေါင်းဆောင်ကိုဗဟိန်းကို မျက်စိကျထားလေရာ၊ ခုတော့ဟန်ကျပြီ ကိုဗဟိန်းက ရန်ကုန်တက္ကသိုလ်ရောက်နေပြီ။ နှစ်ယောက်သားအတူတွဲလုပ်ရင်း ခင်မင်သွားရာ အသီးသီး ကွယ်လွန်ချိန်ထိပါ။ နောက်မန္တလေးသား တယောက်ဖြစ်သော အမျိုးသားတက္ကသိုလ်မှ ပထမဆုံးဘွဲ့ရလာသူဦးရာဇတ်ထံ သူတို့နှစ်ဦး ချဉ်းကပ်ကြသည်။


သူကျောင်းအုပ်လုပ်နေသော မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် ကျင်းပခွင့်ပေးမည်ဟု ဦးရာဇတ်ကသဘောတူလက်ခံလိုက်၍ ကိုဗဟိန်းကကွန်ဖရင့်သဘာပတိ (Conference Chairman) ကိုအောင်ဆန်းက အနယ်နယ်အရပ်ရပ်ကကိုယ်စားလှယ်များ ပိုမိုစုံလင်ကျယ်ပြန့်စွာ အဆင်ပြေလွယ်ကူစွာ ကွန်ဖရင့်သို့တက်လာနိုင်ကြရန် စသည်တို့ကို အင်တိုက်အားတိုက်ဆောင်ရွက်ရသည်။


ရန်ကုန်ဂျူဘလီဟောလို အခကြေးငွေပေးရန်မလို၊ မန္တလေး ဗဟိုအမျိုးသားအထက်တန်းကျောင်းတွင် အခမဲ့ကျင်းပခွင့်ရမည်၊ မြို့ခံလူကြီးများ အထူးသဖြင့် ကျောင်းအုပ်ကြီးနှင့်ဆရာများကလည်း ဂုဏ်ယူစွာ လိုလိုလားလားနှင့်ဝိုင်းဝန်းကူညီကြ၍ ၀မ်းသာအားတက်နှင့်နေကြပြီ။ နယ်ကိုယ်စားလှယ်များထံ ဧည့်ခံကော်မတီချယ်ယာမင်ကိုဗဟိန်း၏လက်မှတ်နှင့်စာများရောက်ရှိနေသလို သူကျောင်းသားမဂ္ဂဥက္ကဋ္ဌလုပ်ခဲ့သော မန္တလေးဥပစာကောလိပ်တွင်သာမက သူ၏ဇာတိတမြို့လုံး ကိုဗဟိန်း၏နာမည်က ဟိန်းနေနှင့်လေပြီ။


၁၉၃၇ ခု၊ မေလ (၉) ရက်နေ့နံနက် (၉)နာရီတွင် ဒုတိယအကြိမ်မြောက် ဗကသကွန်ဖရင့်ကိုဖွင့်လိုက်ရာ ဧည့်ခံကော်မတီချယ်ယာမင် ကိုဗဟိန်းက နှုတ်ခွန်းဆက်စကားပြောသည်။ အင်္ဂလိပ်လိုပြောသော ကိုဗဟိန်း၏မိန့်ခွန်း ပြည့်စုံကောင်းမွန်လွန်း၍ ဗကသသမိုင်းရေးလျှင် ချန်ထားလို့မရ။ ဧည့်သည်တော်တွေထဲ အိန္ဒယနိုင်ငံကနေ မီးရထား၊ သင်္ဘော ထို့နောက် မီးရထားနှင့် ခက်ခဲစွာလာရောက်သော Jawaharlal Nehru နှင့် သမီး Indira Gandhi ၀တ်လုံတော်ရဦးကျော်မြင့်နှင့် မန္တလေးမှဂုဏ်သရေရှိလူကြီးများရှေ့ ကိုဗဟိန်း၏အရည်အသွေးထင်းကနဲလက်သွားပြီ။
၁၉၃၇-၃၈ ခု၊ ဗကသ အမှုဆောင်အဖွဲ့အတွက် ရေးကောက်တင်မြှောက်သောအခါ ကိုအောင်ဆန်းက ဥက္ကဋ္ဌ၊ ကိုလှရွှေက ဒုဥက္ကဋ္ဌ၊ ကိုဗဟိန်းက ဗကသ၏အာဘော် ၃ လတကြိမ်ထုတ် မျိုးညွန့်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာဖြစ်လာပြီး စက်တင်ဘာလတွင် အမှတ်(၁) စထွက်လာ၏။
၁၉၃၆-၃၇ ခု၊ ဗကသ ဥက္ကဋ္ဌ ကိုရာရှစ်က ဥက္ကဋ္ဌသစ် ကိုအောင်ဆန်း တာဝန်လွှဲပေးပြီး အောင်မြင်စေကြောင်း ဆုမွန်ကောင်းတောင်းသည်။

မေလ(၁၀)ရက်နေ့နံနက်တွင် ဥက္ကဋ္ဌသစ်ကိုအောင်ဆန်း၏မေတ္တာရပ်ခံချက်အရ အထူးဧည့်သည် Jawaharlal Nehru က ဗကသကွန်ဖရင့် ဒုတိယနေ့အစည်းအဝေးကိုဖွင့်ပေးပြီးနောက် မိန့်ခွန်းပြောကြား၏။ ဆုံးဖြတ်ကြသည့်အဆိုများအနက် ကိုအောင်ဆန်းတင်သွင်းသော ဗကသစည်းမျဉ်းကို အတည်ပြုကြောင်း၊ ကမ္ဘာ့ကျောင်းသားသမဂ္ဂနှင့်ဆက်သွယ်ရန် စသည်တို့ပါဝင်၏။
မန္တလေးဥပစာကောလိပ်ကို ဒီဂရီကောလိပ်သို့အဆင့်မြှင့်တင်ပေးရန်ဟူသော ကိုဘသိန်းတင်သွင်းသောအဆိုကိုထောက်ခံ၍ ကိုဗဟိန်း၏နံမည် ပိုမိုထင်ရှားလာပြန်သည်။

(၄)
ဒုတိယအကြိမ်မြောက် ဗကသကွန်ဖရင့်တွင် ပြည်မြို့မှကိုယ်စားလှယ်ကိုသန်းတင်က အဖမ်းခံနေရသော သခင်(၅) ဦးအား ထောင်ထဲ၌ (အေ) အတန်းအစားထားပေးရန်တိုက်တွန်းကြောင်းအဆိုအပေါ် ကိုထွန်းရှိန် (နောင် ရဲဘော်သုံးကျပ်ဝင် ဗိုလ်ရန်နိုင်) က ကျောင်းသားများသည် ပညာရေးနှင့်သက်ဆိုင်သဖြင့် သခင်များကဲ့သို့ မစဉ်းစားသင့်သေးကြောင်း ထင်မြင်ပါသည်၊ မိမိသည် ယနေ့ကျောင်းသား၊ ကျောင်းကထွက်လျှင် ဒို့ဗမာအစည်းအရုံးဝင်ကာ သခင်လုပ်မည်ဟု စိတ်ကူးထားသော်လည်း ကျောင်းနေစဉ်မှာတော့ နိုင်ငံရေးသမား သခင်များကိစ္စ ဘယ်လိုမှမစဉ်းစား၊ ဗကသသည်ကျောင်းသားအရေးကိုသာ ဦးစားပေးသင့်ကြောင်း ဆွေးနွေးကန့်ကွက်သွားသည်။
အလျင်းသင့်တုန်းရေးရပါမည်။


လူတွေကြားက လူအောင်ဆန်းစာအုပ်ရေးဖို့ ကိုအောင်ဆန်းအကြောင်းရှာဖွေဖတ်ရှု လေ့လာသောအခါ သူသည် ဗမာနိုင်ငံလွတ်လပ်ရေးရဖို့ စိတ်အားထက်သန်သည်မှာမှန်ပါ၏။ သို့သော် ကျောင်းသားဘ၀တွင် ဗကသကို တကသလိုခိုင်ခံ့ထည်ဝါရေးကိုသာ အားသွန်ခွန်စိုက်လုပ်ဆောင်သွားကြောင်း တွေ့မြင်ခဲ့ရသည်။


ကဲ ကိုဗဟိန်းကို လေ့လာကြည့်ကြပါစို့။
ကိုဗဟိန်းသည် သူတာဝန်ခံအယ်ဒီတာလုပ်သော ဗကသ အာဘော်မျိုးညွန့်မဂ္ဂဇင်း၌ ဗမာပြည်တွင်းလူထု၏ အခြေအနေနှင့် ကျောင်းသားများ၏ဘ၀ အပြန်အလှန်ထင်ဟပ်စေသည့်ဆောင်းပါးများ ထည့်သွင်းသည်။ ကိုယ်တိုင်လည်းရေးသည်။ ဥပမာ၊ ဆင်းရဲသားပစ္စည်းမဲ့များနှင့်ကျောင်းသားများ ဆောင်းပါး။ နိုင်ငံရေးလုပ်ငန်းအစစ်ဆိုသည်မှာ ဗမာနိုင်ငံ၏ ၉၀% ခန့်ရှိသော တောသူတောင်သား ဆင်းရဲသား အလုပ်သမား လယ်သမားများ လူတန်းစေ့နေနိုင်ကြရန် (၁) အစားအစာ၊ (၂) အ၀တ်၊ (၃) နေအိမ်၊ (၄) ပညာရေး၊ (၅) ကျန်းမာရေး စသည့်အချက်ကြီး ၅ ချက်နှင့် ပြည့်စုံအောင်ကြိုးပမ်းကြရမည်ဟု ရေးသားကြောင်းတွေ့ရှိရ၏။


ကိုဗဟိန်းသည် စာရေးကောင်းသူလည်းဖြစ်သည်။ ဂေါ်ကီ၏၀တ္ထုတိုကို ဆီလျော်အောင် ဘာသာပြန်ရုံမက ပင်ကိုရေးဝတ္ထုတိုများအနက်”လေလွင့်သူ”ကဆင်းရဲသားချင်းဆုံတွေ့ပုံ၊ “ဘ၀ခရီး”ကမူ အကျိုးမဲ့ကုလားဗမာအဓိကရုဏ်းနောက်ခံကို နိုင်ငံရေးအမြင်နှင့်ရေးသားပုံ မှတ်တမ်းများတွေ့ရသည်။ အင်္ဂလိပ်စာရေးဆရာကြီး Charles Dickens ရေးသည့် Great Expectations ကို “လူ့အလို” ဟု နံမည်ပေးကာဘာသာပြန်နေစဉ် စစ်ကြီးဖြစ်လာ၍ အဆုံးမသတ်နိုင်ခဲ့ပါ။


ကဲ ဗကသ ဖက်ပြန်လှည့်ကြပါစို့။
ဒုတိယကွန်ဖရင့်တွင် ကြေညာအသိပေးခဲ့သည့်အတိုင်း ဗကသသည် တကသအဆောက်အအုံ၌သာ နားလည်မှုနှင့်ခိုကပ်နေရပြီး ကိုယ်ပိုင်ရုံးခန်းရယ်လို့ မရှိသေးချေ။ မတ်လတွင်ကျင်းပသော BA နောက်ဆုံးနှစ်စာမေးပွဲအောင်၍ ကိုအောင်ဆန်းသည် တက္ကသိုလ်ကျောင်းသားမဟုတ်တော့ပြီ။ ကိုရာရှစ်ကလည်း BL အောင်ကာ ရှေ့နေထွက်လုပ်နေပြီ။
တကသဥက္ကဋ္ဌ က ကိုဘဂျမ်း ( ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ ဗိုလ်ချုပ်တို့လုပ်ကြံခံရစဉ် မသေဘဲ ကျန်ခဲ့သည့် ၀န်ကြီးဖြစ်လာမည့်သူ) ဖြစ်နေ၍ တော်ပါသေးသည်။
ထိုသို့သောအခြေအနေမျိုးတွင် ဗကသတတိယကွန်ဖရင့် ကျင်းပချိန်ရောက်လာလေပြီ။


(၅)
၁၉၃၈ ခု၊ ဧပြီလ (၂၄) ရက်နှင့် (၂၅) ရက်နေ့ ဗကသ တိတယကွန်ဖရင့်ကို ပုသိမ်မြို့တွင်ကျင်းပသည်။ ဧည့်ခံကော်မတီချယ်ယာမင် ဗကသအတွင်းရေးမှူး ကိုမြစိန် (နောင် သံအမတ်ကြီး)၏ နှုတ်ခွန်းဆက်နှင့် ဗကသဥက္ကဋ္ဌကိုအောင်ဆန်းက မိန့်ခွန်းပြောပြီး၊ ဒု ဥက္ကဋ္ဌကိုလှရွှေက နှစ်လည်အစီရင်ခံစာတင်သွင်း၏။ အထွေထွေခန်းတွင် တင်သွင်းကြသည့်အဆိုတခုချင်း မဲခွဲဖို့ဖြစ်လာသောအခါ သဘာပတိ ကိုအောင်ဆန်းက ထောက်ခံသူကိုယ်စားလှယ်များက အိုင်း ဟု၊ ကန့်ကွက်သူများက နိုးဟု အော်စေပြီး အသံနှင့်မဲခွဲကြသည်။


၁၉၃၈-၃၉ ခု၊ ဗကသအမှုဆောင်အဖွဲ့အတွက် ရွေးကောက်တင်မြှောက်သောအခါ ကိုအောင်ဆန်းက ဥက္ကဋ္ဌ၊ ကိုဗဟိန်းက အထွေထွေအတွင်းရေးမှူးဖြစ်လာ၏။ တတိယကွန်ဖရင့်တက်လာကြသူများသည် မော်တင်စွန်းသို့သွားပြီး ကိုဇော်ဝိတ်ဦးဆောင်ကာ လေ့ကျင့်ခန်းများလည်းပြုလုပ်ကြသည်။


၁၉၃၈ ခု၊ ဇွန်လ ရန်ကုန်တက္ကသိုလ် ပြန်ဖွင့်သောအခါ ကိုအောင်ဆန်းသည် BL ကျောင်းသားဖြစ်လာသည်။ ၁၉၃၈-၃၉ တကသဥက္ကဋ္ဌဖြစ်လာပြီး ကိုဗဟိန်းက ဒုဥက္ကဋ္ဌဖြစ်လာ၏။ ၁၉၃၈ ခု၊ အောက်တိုဘာလတွင် ကိုအောင်ဆန်းသည် တက္ကသိုလ်ကထွက်ကာ ဒို့ဗမာအစည်းအရုံးသို့ဝင်သွား၍ ကိုဗဟိန်းသည် တကသစည်းမျဉ်းအရ ဥက္ကဋ္ဌတက်လုပ်ရသလို ဗကသတွင်လည်း နောက်ကွန်ဖရင့်အထိ ဥက္ကဋ္ဌ တာဝန်ယူရသည်။


ထိုကာလတွင် အေ၀မ်းရုပ်ရှင်မှာ မြဂနိုင်ရုပ်ရှင်အတွက် ဥက္ကဋ္ဌကိုဗဟိန်းက ရွှေတံဆိပ်ချီးမြှင့်၏။
၁၉၃၈ ခု၊ နိုဝင်ဘာလဆန်းတွင် တပြည်လုံးမှ ကျောင်းသားကိုယ်စားလှယ် (၉၅) ယောက် တက်ရောက်လာသော ပထမဆုံးကျောင်းသားလွှတ်တော်၌ ဗကသဥက္ကဋ္ဌ ကိုဗဟိန်းပြောသည့် မိန့်ခွန်း ထိရောက်ပြောင်မြောက်မှုကြောင့် သူ၏နာမည်သည် သတင်းစာများမှတဆင့်ကျော်ကြားသွား၏။” မကျေနပ်သောအချက်အလက်များလုံလောက်စွာရှိက သပိတ်မှောက်ခွင့်ကို မွေးရာပါအခွင့်အရေးကဲ့သို့မှတ်ယူရမည်” ဟုကိုဗဟိန်းကဆို၏။


၁၉၃၈ ခု၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ရေနံမြေမှ အလုပ်သမား (၂၀၀၀) ခန့်ချီတက်လာရာသို့ ဗကသဥက္ကဋ္ဌ ကိုဗဟိန်းနှင့် အတွင်းရေးမှူးကိုဗဆွေ (နောင် ဆိုရှယ်လစ်ပါတီဥက္ကဋ္ဌ) တို့သည် သခင်လှဖေ (နောင်ဗိုလ်လက်ျာ)၏ တိုက်တွန်းဖိတ်ကြားချက်အရ ဒို့ဗမာအစည်းအရုံးမှ သခင်စိုးတို့နှင့်အတူ မကွေးမြို့သို့ရောက်သွားသည်။


သပိတ်စခန်းတွင် ဗကသဥက္ကဋ္ဌ ကိုဗဟိန်း” မြင်းခွါတချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်သွားစေရမည်၊ ရဲဘော်တို့သတ္တိ ကမ္ဘာကသိအောင် ပြကြပါ-“- စသဖြင့် ဟောကြားမှုကြောင့် ကိုဗဆွေ၊ သခင်စိုး စသူတို့နှင့်အတူ အဖမ်းခံရသည်။


ရန်ကုန်တက္ကသိုလ်တွင် တကသ အရေးပေါ်အစည်းအဝေးကို ဒုဥက္ကဋ္ဌကိုလှရွှေ ဦးဆောင်ကျင်ပပြီး ကိုဗဟိန်းနှင့်ကိုဗဆွေတို့အား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။ သပိတ်မှောက်ကြသည်။ ဒီဇင်ဘာလ (၂၀)ရက်နေ့၌ အတွင်းဝန်ရုံးကိုဝိုင်းပြီးဆန္ဒပြကြသော ကျောင်းသားများအနက် ဂျပ်ဆင်ကောလိပ်မှ ကိုအောင်ကျော် ပုလိပ်တို့၏ရိုက်ချက်ကြောင့် သေဆုံးသည်။


၁၉၃၉ ခု၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ဗိုလ်အောင်ကျော်သေဆုံးရမှု အမှုမှန်ပေါ်ရေး ၀ိုင်းဝန်းပါဝင်ကြရန်၊ ဗကသနှင့်အမြန်ဆုံးဆက်သွယ်ကြရန် ဥက္ကဋ္ဌကိုဗဟိန်း၏ မေတ္တာရပ်ခံချက် သတင်းစားများ၌ ဖော်ပြကြ၏။
မတ်လစာမေးပွဲအောင်ပြီးနောက် ကိုဗဟိန်းသည် ဒို့ဗမာအစည်းရုံးသို့ဝင်လေတော့သည်။


(၆)
ကိုဗဟိန်းသည် နှစ်လိုဖွယ်ကောင်းသူ၊ ဂီတစာပေကဲ့သို့သောအနုပညာကိုမြတ်နိုး တန်ဖိုးထားသူ၊ ပြုံးနေမြဲ မျက်နှာနှင့်လိုက်အောင် အဖိုးတန်အ၀တ်အစားကောင်း သပ်ရပ်စွာဝတ်လေ့ရှိသူ၊ စိတ်သဘောထားကောင်း နူးညံ့သိမ်မွေ့ငြင်သာစွာ စကားပြောတတ်သူ စသဖြင့် သူ၏ရုပ်ပုံလွှာကို သူနှင့်အရင်းနှီးဆုံး ဒဂုန်တာရာက ”ဗဟိန်း သို့မဟုတ် ကဗျာ” ဟု ခေါင်းစဉ်တပ်ရေးသားသည်။


၁၉၄၇ ခု၊ ဇန်န၀ါရီလထုတ် တာရာမဂ္ဂဇင်း၌ပါရှိသော ထို လူကိုလေ့လာခြင်းဆောင်းပါးကိုဖတ်ပြီး ဗိုလ်ချု့ပ်အောင်ဆန်းက ဗဟိန်း သို့မဟုတ် Romance ဆိုလျှင် ပိုဆီလျော်မည်ဟု မှတ်ချက်ချကြောင်း ဖတ်ဖူးခဲ့သည်။


(၇)
ဒို့ဗမာအစည်းရုံး အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်လှဖေ၊ ရဲဘော်ဂိုရှယ်၊ ရဲဘော်နတ်တို့နှင့်အတူ သခင်ဗဟိန်းသည် ၁၉၃၉ ခု၊သြဂုတ်လ ၁၅ ရက်နေ့တွင် မြေအောက် ကွန်မြူနစ်ပါတီဖွဲ့စည်းခဲ့သည်။ သူ့ဖခင် ဦးမှင်က ကိုဗဟိန်းသည် မိဖထက် နိုင်ငံရေးကိုပိုချစ်သည်ဟု မှတ်ချက်ချသည်။ ဂျပန်ခေတ် ဒေါက်တာဗမော်အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးသခင်နု၏ အတွင်းဝန်အဖြစ် ဆောင်ရွက်သည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီးသခင်သန်းထွန်းနှင့်တွဲကာ မြေအောက်ကွန်မြူနစ် လှုပ်ရှားများလုပ်ဆောင်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ ဗြောင်ထူထောင်သောအခါ သခင်ဗဟိန်း ဗဟိုကော်မတီဝင်ဖြစ်လာသည်။


ဗကပ၏အာဘော် ပြညသူ့အာဏာဂျာနယ်တွင် အယ်ဒီတာချုပ်တာဝန်ယူသည်။ ဗကပတွင် ပေါလစ်ဗျူရိုအဖွဲ့ဝင် ဖြစ်လာပြီးနောက် နာမကျန်းဖြစ်နေစဉ် ၁၉၄၆ ခု၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ဗကပ အား ဖဆပလ က ထုတ်ပစ်လိုက်သည့်သတင်းသိ၍ စိတ်ထိခိုက်ရောဂါဆိုးလာပြီး သေဆုံးသည်။

အကယ်၍သာ--အကယ်၍သာ-- သခင်ဗဟိန်း ထိုသို့စောစီးစွာ မသေဆုံးပါလျှင်-- စသဖြင့် တွေးထင်စရာတွေများစွာရှိ၏။ မေးချင်စရာတွေလည်း ပေါ်လာမည်။ အဖြေကိုလည်း မှန်းဆကြမည်။
သို့သော်လည်း ဤဆောင်းပါး၏ ရည်ရွယ်ချက်က ဗကသအကြောင်းမျှသာဖြစ်ပါ၍ ကိုဗဟိန်းအား ဗကသ၏အမှတ်အသားဟုဆိုကာ အဆုံးသတ်ရပါမည်ဟု တွေးမိကြောင်းပါ။
၂၀၁၇ ခု၊ ဇူလိုင်လ (၁) ရက်။

0 comments:

Post a Comment