Tuesday, July 18, 2017

ဖြစ်ချစ်တိုင်း....(မျိုးမြင့်ချို)

0 comments
ဘဝဆိုသည်မှာ သူဖြစ်ချင်သလို ဖြစ်နေပါသည်။ ဆရာဝန်ဖြစ်ချင်သည့် ကိုဉာဏ်လင်းမှာ စာရေးဆရာနှင့်အယ်ဒီတာဖြစ်နေပါသည်။

ဆူးပုတ် ကင်ပွန်းနှင့် ကွမ်းခြံလေးစိုက်ကာနေချင်သူမြင့်လွင်မှာ အလှကုန်ဆိုင်ဖွင့်ထားရပါသည်။

စံပယ်တွေ နှင်းဆီတွေ ဒေစီတွေ သစ်ခွတွေချည်းပဲစိုက်ပြီး ဖေါက်သည်အိမ်လာအဝယ်ကိုစောင့်မယ် အဝီစိတွင်းလေးတတွင်းလည်း တူးထားမယ်ဟုပြောသော မြတ်သူလည်း အထည်ချုပ်စက်ရုံတွင် စူပါဗိုက်ဇာဖြစ်နေပါပြီ။

မဟုတ်တာမှန်သမျှ အကုန်လုပ်ကြည့်ချင်သည်ဆိုသည့် စာရေးဆရာဖြစ်ချင်သည်ဆိုသည့်ကျနော်လည်း စစ်ထဲဝင် ထောင်လေး ၁၅ နှစ်လောက်ကျကာ ခု အမေရိကန်တွင် သောင်စဉ်ရေမရ ဘဝနှယ် နေနေရပါသည်။ ဘဝဆိုသည်မှာ ခြင်းကြားရေယိုဖြစ်ပါသည်။ ထင်တိုင်းမပေါက်ပါ။ ထင်တိုင်းပေါက်ခဲ့သည့် ငယ်သူငယ်ချင်းတွေကို အားကျမိသဖြင့် မေးကြည့်တော့ သူတို့လည်း သူတို့ဘဝတွေကို မပျော်ကြပါ။ 

ဒါဆို ဘဝကို ပျော်အောင် ဘယ်လိုနေရမလဲဟု ကျနော် ကိုယ့်ဘာသာ အတန်တန်မေးမိပါသည်။
ဘားတွေ ကလပ်တွေကို ကျနော် တခါတခါသွားပါသည်။ လူတွေပျော်နေကြသလိုလိုမြင်ရပါသည်။ ကကြခုန်ကြ သောက်ကြစားကြ မြူးကြတူးကြပါသည်။ ကျနော် ထောင့်လေးတထောင့်တွင် ဘီယာတခွက်နှင့်ထိုင်နေတုန်း ကိုယ်တဝက်မကဖော်ထားသည့် မိန်းမငယ်လေးတယောက်ရောက်လာပြီး သူ ဘယ်သူဘယ်ဝါဟု မိတ်ဆက်ကာ အတူထိုင်လို့ရမလားဟုမေးပါသည်။

သူ့ကြည့်ရသည်မှာ မူးလည်း အတော်မူးနေပုံပေါ်ပါသည်။ ထိုင်လေ ရပါတယ်ဟုပြောတော့ ငါ့ကို ဘီယာတခွက်လောက် မှာပေးပါလားဟုဆိုပါသည်။ သို့နှင့် ကျနော်လည်း မှာပေးလိုက်ပါသည်။
ဘီယာကို ဇိမ်ဆွဲသောက်ပြီးနောက် မင်း ဒီညအဖော်မရှိရင် ငါအဖော်လုပ်ပေးမယ်လေ အများကြီးလည်းပေးစရာမလိုပါဘူး။ ညစာကျွေးရမယ် ဒေါ်လာ ၅ဝ လောက်ပေါ့တဲ့ ဟုပြောပါသည်။

ကျနော်က အဖော်မလိုကြောင်း ဒါပေမယ့် မင်း ညစာစားချင်ရင်တော့ လိုက်ကျွေးမယ့်
အကြောင်းပြောပြတော့ တော်ပြီတော်ပြီဟုပြောကာ ယိုင်တိယိုင်ထိုးဖြင့် ထထွက်ရန်ပြင်ပါသည်။ ပါးစပ်မှလည်း ဗလုံးဗထွေးဖြင့် ငါ Register Nurse ဖြစ်ချင်တာ၊ လူနာတွေကိုပြုစုချင်တာ၊
ငါ့အိပ်မက်တွေ ဘာတခုမှဖြစ်မလာဘူးဟုပြောရင်း မျက်ရည်တွေတွေနှင့် ဘိုင့်ဘိုင်ဟုပြောပြီး
တခြားစားပွဲဝိုင်းသို့ကူးသွားပါသည်။

ကျနော် ငယ်သူငယ်ချင်းတွေကို သတိရနေမိပါသည်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိမမေ့ပါ။
မျိုးမြင့်ချို ဇူလိုင် ၁၃၊ ၂ဝ၁၇

0 comments:

Post a Comment