Tuesday, July 18, 2017

(ကညွှတ်ကွင်းအိမ်ပြေး ၁၃) မျိုးမြင့်ချို

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၁၃) အဖေ ကိုဖိုးထောင်ကို သစ်သားကုတင်ကြမ်းကြီးပေါ်မတင် ခေါင်းအုံးခုပေး စောင်လွှမ်းပေး ခြင်ထောင်ချပေးတွေကိုလုပ်နေသည့် အမေခမျက်နှာသည် ကြေနပ်ကြည်နူးနေသလိုဟု ကျနော်ထင်ပါသည်။

ပြီးမှ လာသား မီးဖိုခန်းသွားရအောင်ဟုပြောကာ ကျနော့်လက်ကိုဆွဲပြီး ကြမ်းပြင်ပေါ်ထိုင်စားရသည့် ထမင်းစား စားပွဲဝိုင်းတွင်ထိုင်ခိုင်းပါသည်။ ဖင်ထိုင်ခုံလေးတလုံးလည်း ဖင်အောက်ခုထိုင်ပေးပါသည်။
မီးဖိုပေါ်မှ အဖေကိုဖိုးထောင်ချက်ခဲ့သည့်လယ်ပုဇွန်လုံးဟင်းမှာ အရည်ခမ်းသလောက်ဖြစ်နေပါသည်။ အိုးအဖုံးဖွင့် ခပ်မြည်းကြည့်ပြီး၊ ဒီ ကဖိုးထောင်တယောက်ကတော့လေဟုပြောကာ အိုးကို ဖိုပေါ်မှချကာ၊ ဒယ်အိုးတအိုးပြန်တင် ဆီနည်းနည်းထည့်၊ ဆီကျက်တော့ ကြက်သွန်ဖြူကြက်သွန်နီ ငရုပ်သီး အရောင်တင်မှုန့် နည်းနည်းထည့်၊ နောက်တော့ အရွက်တချို့ကို ကျနော့်ကိုပြပြီး ဒါ ပြင်းတော်သိမ်ရွက်လို့ ခေါ်တယ်သားရဲ့။ လယ်ပုဇွန်အနံ့ကို သူပဲနိုင်တယ်ဟုပြောရင်း ထိုအရွက်တွေကို ဆီသတ်သည့်အထဲ ထည့်ပါသည်။ မီးဖိုတခန်းလုံး မွှေးနေပါသည်။

အမေသည် ကျွမ်းကျင်သည့်ဇယ်ခတ်သမားလို ဆက်တိုက်လုပ်သွားတာဖြစ်ပါသည်။ ကျနော် သည်တော့မှ သတိထားမိသည်၊ အမေခမျက်နှာတွင် သနပ်ခါးလိုလိုဘာလိုလိုတွေ ခပ်ထူထူလိမ်းထားပါသည်။ ဆီသတ်နံ့တွေကြားကပင် အမေခဆီမှ အနံ့တမျိုးထွက်နေပါသည်။ အနံ့ကတော့ သနပ်ခါးနံ့မဟုတ်ပါ။

ကျနော်တို့ ကလေးဘဝက ရေချိုးပြီးတိုင်း အမေက ဝိုင်အိုလက်ပေါင်ဒါတွေ ချိုင်းကြား ပေါင်ကြား ဖင်ကြား မှုံနေအောင် တို့ဖတ်ပုဝါလေးဖြင့်ရိုက်ပေးပြီးနောက် သနပ်ခါးလူးလူးပေးပါသည်။ ကျောက်ပြင်တွင် သနပ်ခါးအခေါက်ကိုသွေးထားသည့် တကယ့်သနပ်ခါးအစစ်ကို လူးပေးပြီးနောက် လက်ညှိုးနှင့်ကော်ပြီး ပါးစပ်ထဲ တခွံ့ ခွံ့ပါသည်။ သနပ်ခါးက ဝမ်းအေးတယ် လူနဲ့လည်းတည့်တယ်ဟုလည်း ပြောပါသည်။ ကျနော် သူ့အရသာကိုမကြိုက်သော်လည်း ကြိတ်မှိတ်မြိုချပါသည်။ သနပ်ခါးနံ့သည် ကျနော် ရင်းနှီးပြီးသား အနံ့ဖြစ်ပါသည်။

သို့သော် ယခု အမေခဆီကရနေသည့်အနံ့သည် သနပ်ခါးနံ့မဟုတ်ပါ။ အမေက ဘာတွေ လူးထားတာလဲဟုမေးတော့ နံ့သာဖြူသားရဲ့။ သူက မိန်းမတွေနဲ့တည့်တယ်ဟုဖြေပါသည်။ မိန်းမတွေနှင့် ဘယ်လိုတည့်မှန်း ကျနော်လည်းမသိပါ။ သို့သော် တည့်တယ်ဆိုသည်မှာကောင်းသည်ဟုတော့ နားလည်မိပါသည်။

ထိုသို့ဖြေနေရင်းက ခုက ဒန်အိုးထဲက လယ်ပုဇွန်လုံးရေခမ်းတွေကို ဒယ်အိုးထဲထည့်ကာ ခတ်သာသာမွှေလိုက် ဒယ်အိုးကိုဖုံးထားလိုက်၊ ခနနေပြန်မွှေလိုက်နှင့် ဟင်းမှာ မွှေးတက်လာပါသည်။ ကျနော် ဗိုက်မဆာသော်လည်း စားချင်စိတ်ပြန်ပေါက်လာပါသည်။

တချိန်တည်းတွင် အမေခသည် မနက်က ဈေးပြန်ဝယ်ခဲ့သည့် ငါးနုသန်းလေးတွေကို ကိုင်ပါသည်။ ပုဇွန်လုံးဒယ် သူကြေနပ်လောက်သည့်အနေအထားဖြစ်တော့ ဖိုပေါ်မှချကာ ဇလုံထဲသွန်ထည့်ပြီး ပန်းကန်ပြားတချပ်နှင့်ဖုံးပါသည်။

ထို့နောက် ဒယ်အိုးကို ဖိုပေါ်ပြန်တင် ရေတခွက်လောင်းထည့်ပါသည်။ ဖိုပေါ် ဒယ်ရှိနေချိန်တွင် ခရမ်းချဉ်သီးလှီးတာ ကြက်သွန်နီ ကြက်သွန်ဖြူနှင့် ရေစိမ်ထားသည့်ငရုပ်သီးအပွတောင့်ခြောက်များကို ထောင်းပါသည်။ ထိုအချိန်တွင် ဒယ်အိုးထဲကရေလည်း ဆူလာပါသည်။ သည်တော့မှ ဒယ်အိုးကိုကျင်းပြီး ထိုရေတွေကို သွန်ပစ်ပါသည်။ ပြီးတော့ ဆီထည့် ကြက်သွန်ဖြူ ကြက်သွန်နီ ငရုပ်သီးဆီသတ်ပါသည်။ ပြီးတော့ အရွယ်တော်လေးတွေတုံးထားသည် ငါးနုသန်းကိုထည့်ပါသည်။ ငရုပ်ဆုံကျင်းထားသည့် လက်ဆေးရည် နည်းနည်းထည့်ပါသည်။

ဒယ်အိုးကိုဖုံးရင်း ရှမ်းနံနံရွက်လေးတွေသင်ပါသည်။ ပုဇွန်လုံးအနံ့က ပြင်းတယ်သားရဲ့။ ဒယ်မဆေးဘဲချက်လိုက်ရင် ငါးဟင်းမှာ အနံ့စွဲသွားရော။ နောက်ပြီးငါးနုသန်းက နံမည်နဲ့လိုက်အောင်နုတာ။ သူ့ကို ဒယ်နဲ့ချက်ရတယ်။ မွှေလည်း မမွှေရဘူး။ မွှေရင်ကြေကုန်ရာ။ ဒယ်အိုးကိုပဲ လှုပ်လှုပ်ပေးရတယ်။ သူက ရှမ်းနံနံလေးအုပ်ပြီး ဆီပြန်လေးချက်လိုက်ရင် သိတ်စားကောင်းတာဟုလည်း စကားအမျှင်မပြတ်ပြောပါသေးသည်။
(ဆက်ပါဦးမည်)
မျိုးမြင့်ချို ဇူလိုင် ၁၆၊ ၂ဝ၁၇

0 comments:

Post a Comment