Tuesday, July 18, 2017

ကညွှတ်ကွင်းအိမ်ပြေး၁၄(မျိုးမြင့်ချို)

0 comments
(ကညွှတ်ကွင်းအိမ်ပြေး ၁၄) ခနနေတော့ အမေခက ဒယ်အိုးအဖုံးကိုဖွင့် ဆားမြည်းပါသည်။ အနေတော်ဘဲပြောပြီး ဒယ်အိုးကိုင်း ၂ ဘက်ကို လက် ၂ ဘက်နှင့်ကိုင်ကာ လှုပ်ပေးလှည့်ပေးပါသည်။ မမွှေပါ။ ဒယ်အိုးကိုပြန်အုပ်ရင်း နင့်အဖေက ဒန်အိုးနဲ့ချက်တဲ့ထမင်းဆို ဘယ်တော့မှ မစားဘူး။ မြေအိုးနဲ့ချက်တာဘဲစားတယ်ဟုပြောကာ မြေအိုးထဲဆန်ထည့်၊ ဆန်ဆေးပြီး မြေအိုးအဖုံးလေးပိတ်ကာ ငါးနုသန်းဟင်း ဆီအပြန်ကိုစောင့်နေပါသည်။

ပြီးတော့မှ လူလေး အဖေအမေတွေက ဘာလုပ်ကြလဲ။ လူလေးမှာ ညီအကိုမောင်နှမတွေရှိလားဟု မေးပါသည်။ ကျနော်လည်း အမှန်တဝက် မုသားတဝက်နှင့် သူ့အမေးကို ပြန်ဖြေပါသည်။ ဤနေရာတွင် ကျနော် မုသားသုံးရခြင်းမှာ အမေခကို စိတ်မဆင်းရဲစေချင်ခြင်းကြောင့် ဖြစ်ပါသည်။ အိမ်လိပ်စာကိုလည်း လှီးလွဲ၍ပြောပါသည်။ ကျနော့်ဘဝအမှန်တွေကိုပြောလိုက်လျှင် အိမ်လိပ်စာအမှန်ကိုပြောလိုက်လျင် ကျနော့်ကို အိမ်ပြန်ပို့မှာစိုးသည့်စိတ်ကြောင့်ဖြစ်ပါသည်။

ကျနော် ရောက်လာသည်မှာ ၂ ရက်ပင်မပြည့်သေးသော်လည်း ဤနေရာတွင် အမေခတို့ အဖေကိုဖိုးထောင်တို့နှင့် ခွေးတွေကြောင်တွေ နွားတွေကြက်တွေနှင့် ပျော်နေပြီဖြစ်ပါသည်။ ကျနော် ကျောင်းလည်း မတက်ချင်တော့ပါ။ ကျနော် ဒီမှာ အမေတို့အဖေတို့နဲ့နေရတာ ပျော်တယ်။ ကျနော် အိမ်လည်းမပြန်ချင်ဘူး။ ဒီမှာဘဲနေတော့မယ်ဟုပြောတော့ အမေခက လူလေးရယ် သားရယ်ဟုပြောကာ မျက်ရည်တွေလည်နေပါသည်။ နေတာက နေလို့ရတယ်။ တသက်လုံးတောင် အမေတို့က နေစေ့ချင်တာ။ ဒါပေမယ့် လူလေးရုပ်ကလေးက သန့်သန့်ပြန့်လေး၊ စကားပြောတော့လည်း ယဉ်ယဉ်ကျေးကျေးလေး၊ လူလေးဟာ ဘယ်လိုမှ လက်လုပ်လက်စားသားသမီး မဖြစ်နိုင်ဘူး။ တောမှာလည်း ကြာကြာနေနိုင်မှာ မဟုတ်ဘူး၊ တော်ကြာနေ လူပျောက်အမှုတွေဘာတွေနဲ့ အမေတို့ဆီလာပြီး ပြဿနာတွေ တက်မှာစိုးတယ်ဟုပြောကာ အသံတွေတုန်နေပါသည်။ ကျနော်လည်း ဘာမှဆက်မပြောတော့ပါ။ အမေခကလည်း ဆက်မမေးတော့ပါ။

ထိုအချိန်တွင်း ငါးနုသန်းဒယ်ထဲမှ ဖျစ်ဖျစ် ဖျစ်ဖျစ်မည်သံလေးတွေ ထွက်လာပါသည်။ အမေခက အိုးအဖုံးဖွင့်ရင်း တချက်နှစ်ချက် လှည့်ပေးလှုပ်ပေးပါသည်။ အကြေးထိုးထားပြီးသား ငါးပနော် တကောင်ကိုလည်း ဖက်ရွက်တရွက်ထဲထည့်ထုပ်ကာ ကြိုးစည်းပြီးမီးဖုတ်သလို၊ ခရမ်းချဉ်းသီးတလုံးလည်း မီးထဲ ဒီအတိုင်း ပစ်ထည့်ပါသည်။ ပြီးတော့မှ ကြောင်အိမ်ထဲက ပုဇွန်ဆိတ်လှော်တွေ ထည့်ထားသည့်ပန်းကန်ကို သွားထုတ်၊ မိုးမျှော်ငရုပ်သီးစိမ်းလေးတွေ အညှာခြွေကာ အိုးကင်းပူ တိုက်ပါသည်။ ပြီးတော့ ငါးပနော်မီးဖုတ်ကို အသားထွင်အရိုးနွှင်ပြီး ပုဇွန်ဆိတ်လှော်လေးတွေ ငရုပ်သီးအိုးကင်းပူတိုက်လေးတွေနှင့် ညက်နေအောင်ရောထောင်းပါသည်။ ကြက်သွန်ဖြူအစိမ်း ၂ တက်လောက်လည်းထည့်ပါသည်။

ပြီးတော့ မီးဖိုဘေးမှာ မြေအိုးဖြင့်ကျိုထားသည့် ငါးပိရည်ကိုပြန်နွှေးကာ ခရမ်းချဉ်သီးမီးဖုတ်ကို မီးညှပ်ဖြင့်ဆယ်ကာ အအေးခံထားပါသည်။ ထမင်းအိုးမြေအိုးကို ဖိုပေါ်တင်ပါသည်။ ငါးပိရည်ကို ကြွေရေသုတ်ဇလုံထဲ ဇွန်းလေးခံပြီး အိုးထဲမှစစ်ချရင်း၊ ဒီငါးပိက ငါးပြေမငါးပိသားရဲ့ သိတ်ချိုတာဟုပြောပါသည်။ ထို့နောက် ခုနင်က ထောင်းထားသည်များကိုထည့်၊ ခရမ်းချဉ်သီးမီးဖုတ်ကို အခွံလေးတွေသင်ပြီး လက်နှင်ဖျစ်ထည့်ကာ မွှေပါတော့သည်။ ကျနော့် မဆာသည့်ဗိုက်သည် ချက်ခြင်း ပြန်ဆာလာပါသည်။

ထမင်းကို ရေခမ်းချက်ခြင်းဖြစ်သဖြင့် ထမင်းရည်ငှဲ့စရာမလိုပါ။ ထမင်းကျက်တော့မှ ဇလုံ ၃ လုံးထဲ ထမင်းတွေခူးထည့် ခနအအေးခံထားပြီး၊ နင့်အဖေသွားနှိုးရမယ်၊ သူဘာမှ မစားရသေးဘူးဆိုကာ အဖေကိုဖိုးထောင်ကို သွားနှိုးပါသည်။ အင်းအင်း အဲအဲတွေနှင့် ယိုင်တိယိုင်ထိုးနှင့် အမေခကိုတွဲကာ အဖေလည်း မီးဖိုချောင်ထမင်းဝိုင်း ရောက်ချလာပါသည်။ နေဦး ငါသေးပေါက်ဦးမယ်ဆိုကာ ခုန ကျနော်ပန်းသည့်နေရာတွင် သူလည်းပန်းပါသည်။

ထို့နောက် ထမင်းစားပွဲပြန်လာပြီး နောက်ချေးနှင့်ရွှံ့နှင့်မံထားသည့် မြေကြမ်းပေါ် ဒီအတိုင်းထိုင်ပါသည်။ မိခ တို့စရာရော၊ ရှင် ရေသွားချိုးတော့ ခူးလာတာတွေဘဲရှိတယ်၊ အေးရှိရင် အဲ့ဒါတွေဘဲချကွာဟုပြောကာ ထမင်းဇလုံထဲ ငါးပိရည်တွေဆမ်းပါသည်။ အမေခက ငါးနုသန်းဟင်းထည့်ပေးတော့ ဇလုံနှုတ်ခမ်းတွင် ပုံထားပါသည်။ ရောတော့မနယ်ပါ။ ပုဇွန်လုံးထည့်ပေးတော့ ချက်ခြင်းပါးစပ်ထဲကောက်ထည့်ပြီး၊ တွေ့တယ်မဟုတ်လား သားကြီး၊ အဖေချက်တဲ့ပုဇွန်လုံးဟင်း ဘယ်လောက်ကောင်းတယ်ဆိုတာဟုပြောတော့ ကျနော် တခုခုပြောမလို့ပါးစပ်လှုပ်သွားတာကို အမေခကမြင်လိုက်ပြီး ဘာမှမပြောနဲ့ဟူသည့် မျက်စေ့ ၂ ဘက်လုံးမှိတ်ပြီး ခေါင်းဆတ်ပြသည်။

ဒါနှင့် ကျနော်လည်း ကောင်းတယ်အဖေ မွှေးနေတာဘဲဟုပြောတော့ အဖေက မချက်ချင်လို့သာမချက်တာ ချက်ရင် မင်းအမေထက်ကောင်းအောင်ချက်တတ်တယ်ဟုပြောရင်း လက်ချောင်းတွေသာမက လက်ဖဝါးတွေပါ ပေကျံကုန်သည်အထိ ငါးပိရည်နှင့်ထမင်းကို ဇလုံထဲတွင် တဇိဇိနှင့် နယ်ပါသည်။ စားတော့လည်း ထမင်းလုပ်ကြီးတွေက အကြီးကြီးတွေဖြစ်ပါသည်။ ခနခနလည်း လက်ချောင်းတွေကို စုပ်လိုက် လက်ဖဝါးကိုလျှက်လိုက်၊ လက်ချောင်းစုပ်လျင် တပြွတ်ပြွတ်မြည်ပြီး ထမင်းဝါးလျင် တပြတ်ပြတ်မည်သည်မို့ ကျနော့်စိတ်ထဲ မသတီသလိုဖြစ်ပါသည်။ တို့စရာတွေကိုလည်း နွား မြက်စားသလို ဂျွိဂျွိ ဂျွိဂျွိနှင့် ပါးစပ်ထဲအတင်းထိုးသွပ်ပါသည်။

သားကြီးစားကွဟု ပြောလည်းပြော ဟင်းတွေ ငါးပိရည်တွေကိုလည်း ကျနော့်ဇလုံထဲ ခပ်ခပ်ထည့်ပါသည်။ အမေခကတော့ သူ့လိုမဟုတ်ပါ။ ငါးနုသန်းအတုံးလေးတွေဆယ်ပြီး သူ့ဇလုံထဲတွင် အရိုးထွင်အသားနွှင်ပြီး လက်လေးနှင့်ချေပြီးမှ ကျနော့်ပန်းကန်ထဲ ထည့်ပေးပါသည်။ ငါးပိရည်က စပ်တယ်သားရဲ့၊ သိပ်မစားနဲ့၊ ပြီးတော့ အငံအစားများရင် ဝက်ခြံလည်းပေါက်တတ်တယ်ဟုပြောကာ ငါးပိရည်တွေရွှဲနေသည့် ကျနော့်ဇလုံထဲက ထမင်းနေရာကို သူ့ဇလုံထဲပြောင်းထည့်၊ ကျနော့်ကို ထမင်းအသစ်ထည့်ပေးပါသည်။
(ဆက်ပါဦးမည်)
မျိုးမြင့်ချို၊ ဇူလိုင် ၁၇၊ ၂ဝ၁၇

0 comments:

Post a Comment