Tuesday, July 18, 2017

မယုံရမနေနိုင်(မျိုးမြင့်ချို)

0 comments
ကျနော်တို့သည် မိမိတောင်းဆိုမှု အလိုဆန္ဒ သဘောတူညီမှု ဘာတခုမှမပါဘဲ လူလာဖြစ်ကြရပါသည်။

ငယ်နုစဉ်က မိဘတို့ဘက်မှ ဝတ္တရားရှိသည့်အတိုင်း ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်တွေနှင့် လူမဖြစ်ဖြစ်အောင် လုပ်ပေးကြသည်မှာ ချစ်တာလည်းပါသလို မေတ္တာလည်းပါသလို ငါတို့အသက်ကြီးရင်ဆိုသည့် မျှော်လင့်အားကိုးလိုစိတ်လည်းပါပါသည်။

ကျနော်တို့လူလားမြောက်သည့်အခါ ကိုယ့်ဘဝကိုယ် ရုန်းရပါတော့သည်။ သူဌေးသားသမီးတွေကတော့ တမျိုးဖြစ်ပါမည်။ ကျနော်တို့ကား ဘဝကိုယ်စီကို လောကထဲပစ်ချရင်း နစ်မွန်းမသေအောင် အားကုန်ထုတ်ကာ ကူးခပ်ရပါသည်။

ထိုအခါ အတွေးဝင်ပါသည်။ လူ့ဘဝသည် ဆင်းရဲလား ချမ်းသာလားဟူ၍။ ၃၁ ဘုံ ယုံသူများကတော့ ဝိမုတ္တိခေါ် သံသရာမှလွတ်မြောက်ရေးအတွက် လူ့ဘဝသည် တံတားဖြစ်သည်ဟုပြောကြပါသည်။ 

သူတို့လည်း သူတို့ရှေ့က သူများတွေပြောတာကို သံယောင်လိုက်လျှောက်ပြောနေကြခြင်းဖြစ်ပါသည်။ သူတို့လည်း ဘာမှသိကြသည်မဟုတ်ပါ။ အဲ့ဒါတွေ ဘယ်လို သက်သေပြနိုင်မလဲဟုမေးလျင် ဘုရားဟောထဲပါသည် ကျမ်းစာတွေထဲပါသည်ဟုဖြေပါသည်။ 

ဘုရားဟောတွေကျမ်းစာတွေထဲဟာတွေအမှန်လို့ ခင်ဗျားဘာလို့ ယုံတာတုန်းဟုမေးလျင် ဘုရားဟောမို့လို့ ကျမ်းစာတွေမို့လို့ပြန်ဖြေပါသည်။

လူဆိုသည်မှာ တခုခုကိုယုံနေရမှ နေသာထိုင်သာရှိပါသည်။ ဘာသာတခုခုကို ဘုရားတပါးပါးကို ကိုးကွယ်နေရမှ နေပျော်ပုံပေါ်ပါသည်။ ငရဲတို့ဘာတို့ကိုလည်းကြောက်နေရမှ နတ်ပြည်တို့ ထာဝရအသက်တာတို့ ဂျန္နတ်သ်သုခဘုံတို့ နောက်ဘဝတို့ ရှေ့ဘဝတို့ရှိသည်ဟုယုံကြည်နေကြရမှ ပျော်ပုံပေါ်ပါသည်။ ကျနော်ကလည်း အဲ့ဒါတွေဘာတခုကိုမှမယုံပါ။

အဲ့ဒါတွေကို မယုံခြင်းကိုကလည်း ယုံကြည်ခြင်းတခုဖြစ်ပါသည်။ ထို့ကြောင့် ကျနော်လည်း မယုံရမနေနိုင်သူဖြစ်ပါသည်။ ကျနော်လည်း လူလာဖြစ်နေရပါသည်။
မျိုးမြင့်ချို၊ ဇွန် ၁၆၊ ၂ဝ၁၇

0 comments:

Post a Comment