Thursday, November 26, 2015

အမျိုးသားလုံခြုံရေး ဆိုရာဝယ် (National Security)

0 comments
(မိတ်ဆွေတဦးက မေးလ်ထဲလှမ်းပို့လို့ဖတ်ပြီး စိတ်ဝင်စားစရာ တွေးဆစရာတွေရတာနဲ့ ပြန်တင်လိုက်တာပါ။ ဘယ်သူရေးမှန်းမ သိသေးပါ။ မေးထားပါတယ်။ သိတာနဲ့ ဆာင်းပါးရှင်အမည်နဲ့တကွ ပြန်ဖော်ပြပါ့မယ်။ မိတ်ဆွေတို့ သိထားပြီးဆိုလည်း ပြောပြပေးစေချင်ပါတယ်။ ကျနော်ကတော့ ခင်မမျိုးမျိုးလို့ထင်ပါတယ်)

အမျိုးသားလုံခြုံရေး ဆိုရာဝယ် (National Security)
(စကားချီး- အမျိုးသားလုံခြုံရေးဆိုတဲ့စကားလုံးကို အသုံးပြုပြီး၊ စစ်အာဏာရူးတွေဟာ ပြည်သူတွေကို ဖိနှိပ်ခဲ့ကြတယ်။ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတဲ့ ကာလုံကို အသုံးပြုပြီး၊ အတုအယောင် ဒီမိုကရေစီစနစ်ကို ကြိုးကိုင်ခဲ့ကြတယ်။ အမျိုးသားလုံခြုံရေးဆိုတာ အဲဒီလို စစ်အာဏာရှင်လုံခြုံရေး (military regime security) ကို ဆိုလိုတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့အမျိုးသားလုံခြုံရေးမဟာဗျူဟာတွေနဲ့ မူဝါဒတွေသာရှိခဲ့မယ်ဆိုရင် ကျွန်မတို့မြန်မာနိုင်ငံထဲမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ပိုက်လိုင်းစီမံကိန်း၊ မြစ်ဆုံရေကာတာစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်းတို့တွေက ပေါ်ထွက်လာနိုင်စရာကို မရှိဘူး။ ဒါတွေဟာ အမျိုးသားလုံခြုံရေးဆိုင်ရာပြဿနာများ ဖြစ်ပါတယ်။ ဒါတွေ ပေါ်ထွက်လာကတည်းက အမျိုးသားလုံခြုံရေးကို စစ်အာဏာရှင်တွေ အမှန်တကယ်ဂရုမစိုက်ခဲ့ပဲ၊ စစ်အာဏာရှင်စနစ်လုံခြုံရေးကိုသာ ဦးစားပေးခဲ့ကြောင်း ထင်ရှားနေပါတယ်။ စစ်မှန်တဲ့ အမျိုးသား လုံခြုံရေးအတွက် ဘာတွေကို အာရုံစိုက်သင့်ကြောင်း အောက်ပါဆောင်းပါးမှာ ရေးသားတင်ပြထားပါတယ်)

အမျိုးသားလုံခြုံရေး ဆိုရာဝယ်
နိဒါန်း
စစ်အေးတိုက်ပွဲလွန်ကာလရဲ့ အဆိုးဝါးဆုံးသွင်ပြင်လက္ခဏာတရပ်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များနဲ့ မဟာဗျူဟာများ ချမှတ်ရေးဆွဲမှုတွေကို စစ်အေးတိုက်ပွဲကာလမှာတုန်းကထက် ပိုပြီးခက်ခဲနက်နဲစေတဲ့ မရေရာမသေချာမှုများ (uncertainties)နဲ့ ရှုပ်ထွေးမှုများ(complexities) ရောပြွန်းနေသော လုံခြုံရေးဝန်းကျင်(security environment) ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးဆိုင်ရာ ပညာရှင်များက ဖော်ထုတ်ရေးသားခဲ့ကြပါတယ်။ နိုင်ငံများအကြားမှာ စစ်အင်အားသုံးကျူးကျော်မှုတွေက လျော့နည်းသွားပေမယ့် လက်နက်အင်အားပြိုင်ဆိုင်တိုးချဲ့တပ်ဆင်မှုတွေက ရပ်တန့်သွားခြင်း မရှိပါဘူး။ မြေပိုင်နက်၊ ရေပိုင်နက်၊ ဝေဟင်ပိုင်နက်ဆိုင်ရာ အငြင်းပွားမှုတွေ၊ စစ်အင်အားပြိုင်ဆိုင်မှုတွေနဲ့ ခေတ်မှီလက်နက်များ တိုးချဲ့တပ်ဆင်မှုတွေက နိုင်ငံအများစုရဲ့အမျိုးသားလုံခြုံရေးမူဝါဒတွေမှာ ထိပ်ဆုံးကနေ နေရာယူထားဆဲပဲ ဖြစ်ပါတယ်။

နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေဖြစ်တဲ့ အကြမ်းဖက်မှု(terrorism)၊ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းဝယ်ဖောက်ကားမှု(illicit drug production and trade)၊ လူကုန်ကူးမှု(human trafficking) နဲ့ လက်နက်ကုန်ကူးမှု(arms trafficking) ပြဿနာတွေကလည်း နိုင်ငံတွေရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းချောက်လျက်ရှိပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု(political instability)၊ ပြည်တွင်းစစ်(civil wars)၊ လူဦးရေအဆမတန်တိုးပွားမှု၊ ဆင်းရဲနွမ်းပါးမှု(poverty reduction)၊ အဂတိလိုက်စားမှု(corruption) နဲ့ ကောင်းမွန်သောအုပ်ချုပ်ရေး အားနည်းမှု(lack of good governance) စတဲ့ ပြဿနာတွေကလည်း တိုင်းပြည်အများစုရဲ့ နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်း(state and society) ကို တိုက်ရိုက်ခြိမ်းချောက်လျက် ရှိပါတယ်။

အမျိုးသားလုံခြုံရေး (National Security) ဆိုရာဝယ်
John Schlesser ဆိုသူက အမျိုးသားလုံခြုံရေးဆိုတာ အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကို ဝန်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံး ပြည်သူ့ဝန်ဆောင်မှုဖြစ်တယ်လို့ သတ်မှတ်ပြောဆိုခဲ့ပါတယ်။ အမျိုးသားလုံခြုံရေးဆိုတဲ့သဘောတရားကို ကျဉ်းမြောင်းသောရှုထောင့်နဲ့ ကျယ်ပြန့်သောရှုထောင့်နှစ်မျိုးနဲ့ ရှုမြင်သုံးသပ်ကြပါတယ်။ စစ်အေးတိုက်ပွဲကာလတလျှောက်မှာ နိုင်ငံ တော်တော်များများဟာ ကျဉ်းမြောင်းသောရှုထောင့်ကိုအသုံးပြုခဲ့ကြပြီး၊ စစ်အေးတိုက်ပွဲလွန်ကာလမှာတော့ ကျယ်ပြန့်သောရှုထောင့်ကို အသုံးများလာပါတယ်။

ကျဉ်းမြောင်းသောရှုထောင့်အရ အမျိုးသားလုံခြုံရေးဆိုတာ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ပြည်တွင်း၊ ပြည်ပ ထိပါးခြိမ်းချောက် ခံရခြင်းမှကင်းဝေးစေရန် စစ်တပ်၊ ရဲ၊ ထောက်လှမ်းရေး အဖွဲ့အစည်းများမှကာကွယ်ပေးခြင်းနဲ့ဆက်စပ်ပါတယ်။ နိုင်ငံရေးပညာရှင် Edmonds ဆိုသူက အမျိုးသားလုံခြုံရေးကို ပြည်တွင်း(သို့မဟုတ်)ပြည်ပခြိမ်းချောက်မှုများကိုဖော်ထုတ်ခြင်း၊ သင့်လျော်သောလုပ်ငန်းစဉ်များ ချမှတ်ရေးဆွဲခြင်း၊ ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း အဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေးဆိုတာ coercion (ဥပမာ- The use of force) နဲ့ intrusion (ဥပမာ- The use of secret intelligence) ပါဝါများနဲ့ ဆက်စပ်နေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေးဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်ခြင်းပဲဖြစ်ပြီး၊ ဒီလိုဆောင်ရွက်ရာမှာ အင်အားသုံးဖြေရှင်းမှုနဲ့ တခြား power instruments များကို မျှတအောင်ချိန်ဆဖို့ လိုအပ်ပါတယ်။

ကျယ်ပြန့်သောရှုထောင့်အရ အမျိုးသားလုံခြုံရေးကို အဓိပ္ပာယ်ဖွင့်ဆိုကြရာမှာ လုံခြုံရေးရာနဲ့ဆက်စပ်နေတဲ့ နိုင်ငံသားခံယူခွင့်(citizenship)၊ စီးပွားရေးရာလုံခြုံရေး(economic security)၊ ပတ်ဝန်းကျင်လုံခြုံရေး (environmental security)၊ လူသားလုံခြုံရေး(human security) စတာတွေကိုပါ ထည့်သွင်းဖော်ပြကြပါတယ်။ Stephen Krasner က အမျိုးသားလုံခြုံရေးဆိုရာမှာ မူလရည်မှန်းချက်ဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးကိစ္စတွေတင်မကပဲ၊ စီးပွားရေးလုံခြုံရေး စတဲ့တန်ဖိုးတွေပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနှေးကွေးနေတဲ့နိုင်ငံတွေမှာတော့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးရည်မှန်းချက်ဖြစ်သင့်ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

အချို့သော ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာတော့ တဦးချင်းလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်လုံခြုံရေးနဲ့ လူသားလုံခြုံရေးတွေနဲ့ဆက်စပ်တဲ့ မြေဆီလွှာခြောက်ခန်းမှု၊ သဘာဝပတ်ဝန်းကျင်ပြုန်းတီးမှု၊ အိမ်နီးချင်းနိုင်ငံများမှ ရေကြီးမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ တန်းတူညီမျှခြင်း မရှိမှု၊ ပညာရေးအဆင့်အတန်း၊ ကူးစက်ရောဂါများ စတာတွေကိုပါ အမျိုးသားလုံခြုံရေးမဟာဗျူဟာများရေးဆွဲရာမှာ ထည့်သွင်းဖော်ပြကြပါတယ်။

၂၁ ရာစုကာလ၊ အမျိုးသားလုံခြုံရေးမဟာဗျူဟာများကို လေ့လာသူပညာရှင်များကတော့ နိုင်ငံအများစုရဲ့အမျိုးသားလုံခြုံရေးမှာ ထည့်သွင်းစဉ်းစားရမယ့် ပဓာနကျသောအခြေခံအချက် လေးချက်ရှိကြောင်း ရေးသားခဲ့ကြပါတယ်။ ဒီအချက်လေးချက်ကတော့ အန္တရာယ်ကင်းရှင်းရေး (Safety)၊ ကိုယ်ပိုင် ပြဌာန်းခွင့်(autonomy)၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး(Development) နဲ့ အုပ်စိုးမှု(rule) တို့ပဲ ဖြစ်ပါတယ်။

အန္တရာယ်ကင်းရှင်းရေးဆိုရာမှာ တိုက်ခိုက်ခံရမှုမှကင်းဝေးရေး ဖြစ်ပါတယ်။ နိုင်ငံသားများအနေနဲ့ အန္တရာယ်ကင်းရှင်းစွာနဲ့ မိမိတို့ဘဝကံကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ရေးဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတော်ကိုကာကွယ်ပေးဖို့ တပ်မတော်ဆိုတာ ရှိရပါတယ်။ ရာဇဝတ်မှုများလျော့ပါးစေဖို့ ဥပဒေဘက်တော်သား ရဲတပ်ဖွဲ့ဝင်တွေရှိရပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ အော်တိုနော်မီဆိုရာမှာ နိုင်ငံတော်အစိုးရဟာ ပြည်ပသြဇာလွှမ်းမိုးမှုကင်းတဲ့အစိုးရတရပ် ဖြစ်ရပါမယ်။

နောက်တချက်ဖြစ်တဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုတာက စီးပွားရေး၊ လူမှုရေး၊ ပညာရေးနဲ့နိုင်ငံရေး တိုးတက်မှုများကိုဆိုလိုတာ ဖြစ်ပါတယ်။

နောက်ဆုံးတချက်ကတော့ နိုင်ငံအုပ်စိုးမှုပါ။ အစိုးရတရပ်မှာ နိုင်ငံတော်အုပ်ချုပ်နိုင်တဲ့စွမ်းရည် ရှိရမှာဖြစ်ပါတယ်။ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာ၊ တရားစီရင်ရေးအာဏာသုံးရပ်ကို စနစ်တကျ ကျင့်သုံးဆောင်ရွက်မှုရှိရမှာ ဖြစ်ပါတယ်။ ဒီအချက်လေးချက်ကို ၂၁ ရာစု အမျိုးသားလုံခြုံရေး မဟာဗျူဟာများရေးဆွဲရာမှာ နိုင်ငံအများစုက ထည့်သွင်းစဉ်းစားလာကြပါတယ်။

အမျိုးသားလုံခြုံရေး မဟာဗျူဟာ
နိုင်ငံတကာစစ်ရေးနဲ့ကာကွယ်ရေးဆိုင်ရာစွယ်စုံကျမ်းမှ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ အမျိုးသားလုံခြုံရေးမဟာဗျူဟာဆိုတာ နိုင်ငံတနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးနဲ့ မြှင့်တင်ရေးဆိုင်ရာဦးတည်ချက်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရေးအတွက် နိုင်ငံတော်အာဏာ(state power) ယန္တရားများကို စနစ်တကျပေါင်းစပ်အသုံးပြုရန် ရေးဆွဲထားသောစီမံချက် ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးမှာ အမျိုးသားလုံခြုံရေးမဟာဗျူဟာများ ကိုင်စွဲထားကြပါတယ်။ အချို့ မဟာဗျူဟာများက implicit strategies များဖြစ်ပြီး၊ အချို့ကတော့ explicit strategies များ ဖြစ်ပါတယ်။

Implicit strategy ဆိုတာက အခြားနိုင်ငံများရဲ့ နိုင်ငံတကာလုံခြုံရေးဝန်းကျင်မှာ ပတ်သက်ဆက်စပ်ပုံ (ဥပမာ- ခြိမ်းချောက်မှုများ၊ နိုင်ငံတော် ရည်မှန်းချက်များမှာ ဝင်ရောက်စွက်ဖက်မှုများ စသည်)ကို လေ့လာစောင့်ကြည့်ပြီး၊ သင့်လျော်တဲ့မဟာဗျူဟာများကို အခြေအနေ၊ အချိန်အခါနဲ့တပြေးညီ ချမှတ်ခြင်းဖြစ်ပါတယ်။ ဥပမာ- စစ်အေးတိုက်ပွဲကာလမှာတုန်းက အမေရိကန်ပြည်ထောင်စုရဲ့ Implicit strategy ဟာ ဝါဆောစာချုပ်အဖွဲ့ဝင်နိုင်ငံများရဲ့ deterrence ပေါ်မှာ ဗဟိုပြုထားပါတယ်။ ဒါပေမယ့် စစ်အေးတိုက်ပွဲလွန်ကာလတွေမှာတော့ ဒီလိုဗဟိုပြုမှု နည်းပါးလာပါတယ်။

Explicit strategy ဆိုတာကတော့ နိုင်ငံတကာလုံခြုံရေးဝန်းကျင်မှာ တိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာရည်မှန်းချက်များပြည့်မီအောင် မည်သို့မည်ပုံ ကြိုးပမ်းသွားမယ်ဆိုတာကို အများသို့ အသိပေးကြေငြာထားချက်များ ဖြစ်ပါတယ်။ အချို့အစိုးရများကတော့ အမျိုးသား လုံခြုံရေးမဟာဗျူဟာများ ချမှတ်ရေးဆွဲပြီးတဲ့အခါ အများပြည်သူနဲ့နိုင်ငံတကာကို တရားဝင်အသိပေးကြေငြာထားတတ်ကြပါတယ်။

အမျိုးသားလုံခြုံရေးမဟာဗျူဟာများကို ယေဘုယျအားဖြင့် အမျိုးသားလုံခြုံရေးကောင်စီများက ရေးဆွဲလေ့ရှိကြပါတယ်။ အမျိုးသားလုံခြုံရေးကောင်စီများကိုတော့ သက်ဆိုင်ရာနိုင်ငံများရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများနဲ့ အခြား အစိုးရအမိန့်ကြော်ငြာစာများအရ ဖွဲ့စည်းတည်ထောင်ထားကြပြီး၊ ပါဝင်လေ့ရှိတဲ့အဖွဲ့ဝင်များကတော့ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ သမ္မတလက်ထောက် စတဲ့ ထိပ်တန်းနိုင်ငံခေါင်းဆောင်များ ဖြစ်ပါတယ်။

အကြံပေးအဖွဲ့ကိုတော့ အမျိုးသားထောက်လှမ်းရေးနှင့် စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးအကြီးအကဲများ၊ ပညာရှင်များနဲ့ ဖွဲ့စည်းလေ့ ရှိပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာအရေးပေါ်ပြဿနာများ (အခြားနိုင်ငံများမှ စစ်ကြေငြာခံရခြင်း၊ အရှိန်အဟုန်ကြီးသော ပြည်တွင်းစစ် ဖြစ်ပွားလာခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခံရခြင်း) စတာတွေ ဖြစ်ပွားလာတဲ့အခါ အမျိုးသားလုံခြုံရေးကောင်စီက နိုင်ငံတော်အဆင့် ကွပ်ကဲတာဝန်ပေးမှုများ ပြုလုပ်လေ့ ရှိကြပါတယ်။

မဟာဗျူဟာရေးဆွဲရာမှာ အမျိုးသားလုံခြုံရေးမဟာဗျူဟာ(National Security Strategy) ကို ကနဦး ရေးဆွဲပြီး၊ အမျိုးသားကာကွယ်ရေး မဟာဗျူဟာ(National Defense Strategy) နဲ့ အမျိုးသားစ စ်ရေးမဟာဗျူဟာ(National Military Strategy) များကို ဆင့်ပွားရေးဆွဲ ကြပါတယ်။ အခြား sub-strategies များဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်နှိမ်နင်းရေးမဟာဗျူဟာ(National Strategy for Combating Terrorism) စသည်များကိုလည်း လိုအပ်ချက်နဲ့အညီ ထပ်မံရေးဆွဲလေ့ရှိကြပါတယ်။

အမျိုးသားလုံခြုံရေးမဟာဗျူဟာမှာ အဓိက အချက်ကြီးလေးချက်ကို အခြေခံရေးဆွဲလေ့ရှိပါတယ်။ ပထမတချက်ကတော့ နိုင်ငံရေးဦးဆောင်မှုနဲ့ တိုင်းပြည်ရဲ့ရည်မှန်းချက်များကနေဆင်းသက်လာတဲ့ တိုင်းပြည်တခုရဲ့ vision ဖြစ်ပါတယ်။

ဒုတိယတချက်ကတော့ နိုင်ငံတော်ရဲ့အမျိုးသားအကျိုးစီးပွား(National Interests) များပဲ ဖြစ်ပါတယ်။ ဒီအမျိုးသားအကျိုးစီးပွားတွေက vision ကို ထင်ဟပ်နေရမှာ ဖြစ်ပါတယ်။ ဒီအကျိုးစီးပွားတွေဟာ တိကျပြီး၊ လူ့အဖွဲ့အစည်းအတွက် အရေးပါတဲ့ကဏ္ဍများ (အရင်းအမြစ် လုံခြုံရေး၊ တန်ဖိုးထားမှု စံနှုန်းများ ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စသည်များ) ကို ခြုံငုံမိဖို့ လိုအပ်ပါတယ်။

တတိယအချက်ကတော့ အမျိုးသားအကျိုးစီးပွားများကိုမြှင့်တင်ရေးနဲ့ တိုင်းပြည်ရဲ့ power instruments (သံတမန်၊ သတင်းအချက်အလက်၊ စစ်တပ်နှင့် စီးပွားရေး စသည်များ)ကို သတ်မှတ်ရွေးချယ်ရာမှာ အတားအဆီး၊ ခြိမ်းချောက်မှုဖြစ်စေနိုင်တဲ့အရာများကိုဆန်းစစ်ချက် ဖြစ်ပါတယ်။

စတုတ္ထအချက်ကတော့ power instruments များကို စုစည်းသုံးပြုပြီး၊ တိုင်းပြည်ရဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နိုင်မယ့် မဟာဗျူဟာချဉ်းကပ်မှု(strategic approach) ကို ရွေးချယ်သတ်မှတ်ခြင်း ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးမဟာဗျူဟာဟာ တိုင်းနိုင်ငံတခုအတွက် အရေးကြီးဆုံးမဟာဗျူဟာပဲ ဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးမဟာဗျူဟာများ ချမှတ်ရာမှာ မှားယွင်းမှုတစုံတရာဖြစ်သွားခဲ့ရင် တိုင်းပြည်ရဲ့ စစ်ရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေးလုပ်ငန်းတာဝန်များအားလုံးကို သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အမျိုးသားလုံခြုံရေးမဟာဗျူဟာနဲ့ပတ်သက်ပြီး ပြန်လည်ဆန်းစစ်ချက်များကို စဉ်ဆက်မပြတ်ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုဆန်းစစ်ရာမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်များကတော့

အစိုးရအဖွဲ့အတွင်းမှ မည်သည့်အဖွဲ့အစည်းများမှ အမျိုးသားလုံခြုံရေးမဟာဗျူဟာရေးဆွဲရန် တာဝန်ရှိသနည်း။ အစိုးရမဟုတ်သော မည်သည့် အဖွဲ့အစည်းများမှ အမျိုးသားလုံခြုံရေးမဟာဗျူဟာ ရေးဆွဲခြင်းတွင် ပါဝင်ပတ်သက်သနည်း။

ဥပဒေပြုအာဏာရှိသူများမှ အသိအမှတ်ပြုလက်ခံထားခြင်း ရှိပါသလား။
မဟာဗျူဟာမှာ အမျိုးသားလုံခြုံရေးကိုခြိမ်းချောက်နေသောအချက်များကို ဖော်ပြထားခြင်း ရှိပါသလား။ မည်သည့်အတိုင်းအတာအထိ ဖော်ပြ ထားသနည်း။
မဟာဗျူဟာမှာ စစ်တပ်ဖွဲ့စည်းပုံများကို ရည်ညွှန်းထားချက် ရှိပါသလား။
မဟာဗျူဟာမှာ အင်အားသုံးဖြေရှင်းခြင်းဆိုင်ရာမူဝါဒများ ပါရှိပါသလား။
မဟာဗျူဟာရေးဆွဲရာမှာ သင့်လျော်သောရည်ညွန်းကိုးကား စာအုပ်စာတမ်းများကို အသုံးပြုခဲ့ခြင်းရှိပါသလား။
စတာတွေပဲ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေး မူဝါဒများ
အမျိုးသားလုံခြုံရေးမဟာဗျူဟာကို ချမှတ်ရေးဆွဲပြီးတဲ့အခါ၊ ဒီမဟာဗျူဟာကို အကောင်အထည်ဖော်ဆောင်ရမယ့် မူဝါဒများ ဆက်လက် ရေးဆွဲဖို့လိုအပ်ပါတယ်။ အမျိုးသားလုံခြုံရေးမူဝါဒများမှာ ကာကွယ်ရေးမူဝါဒ(defence policy)၊ လုံခြုံရေးမူဝါဒ(security policy)၊ နိုင်ငံခြားရေးမူဝါဒ(foreign policy)၊ စီးပွားရေးမူဝါဒ(economic policy) စသည်များပါဝင်ပြီး၊ မူဝါဒများအကြားမှာ နီးစပ်စွာဆက်နွယ်မှု ရှိပါတယ်။

ကာကွယ်ရေးမူဝါဒတွေက နိုင်ငံရဲ့အခြေအနေပေါ်မူတည်ပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ ဘယ်လိုပဲကွဲပြားပေမယ့် ကာကွယ်ရေးမူဝါဒ ရေးဆွဲခြင်းကိုတော့ ပထမဦးစွာပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးမူဝါဒများရေးဆွဲခြင်းက အစပြုလို့၊ အကောင်အထည်ဖော်ဆောင် ခြင်းများပြုလုပ်ခြင်းအဆင့်အထိ အစိုးရနဲ့စစ်တပ်တို့အကြားမှာ နီးကပ်စွာပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အရေးကိစ္စတခု ဖြစ်ပွားလာချိန်မှာ လိုအပ်တဲ့မဟာဗျူဟာလုပ်ငန်းတာဝန်များ(strategic functions) ကို ကာကွယ်ရေးမူဝါဒထဲမှာ တိကျစွာ ရေးဆွဲပြဌာန်းထားဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ပြင်သစ်နိုင်ငံရဲ့ကာကွယ်ရေးမူဝါဒဟာ အစိုးရရဲ့ စက္ကူဖြူစာတမ်း(white paper) ထဲမှာ ပါဝင်ပြီး၊ ဖြစ်ပွားနိုင်ချေရှိတဲ့အရေးကိစ္စများအတွက်လိုအပ်တဲ့ မဟာဗျူဟာလုပ်ငန်းတာဝန်များကို ဖော်ပြထားရာမှာ၊ ကျူးကျော်တိုက်ခိုက် ခံရခြင်းနဲ့ပတ်သက်တဲ့ scenarios ခြောက်ခုကို ထည့်သွင်းဖော်ပြထားပါတယ်။

ကာကွယ်ရေးမူဝါဒများရေးဆွဲရာမှာ နိုင်ငံတော်ကာကွယ်ရေးကို(အပေါ်)သက်ရောက်မှုရှိစေတဲ့အချက်များကို စုံလင်အောင်ထည့်သွင်း စဉ်းစားဖို့လိုအပ်ပါတယ်။ အဓိက သက်ရောက်စေတဲ့အချက်များကတော့ နိုင်ငံရေးတည်ငြိမ်မှု၊ ပြည်သူ့ဝန်ဆောင်မှုရေးရာ ထိရောက်မှု၊ လူမျိုးစုရေးရာနှင့် ဘာသာရေးရာပဋိပက္ခများနှင့် တင်းမာမှုများ၊ သဘာဝပတ်ဝန်းကျင်ရေးရာ ပြဿနာများ၊ ပထဝီနိုင်ငံရေးအခြေအနေ၊ သံတမန်ရေးရာ၊ အိမ်နီးချင်းနိုင်ငံများ၏စစ်အင်အား၊ ဒေသတွင်း စစ်ရေးပူးတွဲဆောင်ရွက်မှုများ စတာတွေ ဖြစ်ပါတယ်။

ကာကွယ်ရေးမူဝါဒဟာ နိုင်ငံတော်ရဲ့ နိုင်ငံရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု အခြေအနေတွေအပေါ်မှာ တိုက်ရိုက် အချိုးကျစွာ မူတည် ပါတယ်။ တည်ငြိမ်သောနိုင်ငံရေးရာသီဥတု(stable political climate) ကို ဖန်တီးနိုင်ရေးအတွက် ကာကွယ်ရေးအင်အားစုများရဲ့ အခန်းကဏ္ဍက အရေးပါတဲ့အတွက် ကာကွယ်ရေးမူဝါဒများရေးဆွဲရာမှာ တည်ငြိမ်သောနိုင်ငံရေးရာသီဥတုဖန်တီးနိုင်ရေးနဲ့ တည်ငြိမ်မှုကို ထိပါးစေသောအရာများကို(အား)တုန့်ပြန်ရေးဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းတာဝန်များ ထည့်သွင်းစဉ်းစားထားဖို့ လိုအပ်ပါတယ်။

နိုင်ငံတနိုင်ငံရဲ့ ပြည်သူ့ရေးရာဝန်ဆောင်မှုကဏ္ဍများ (ရေပေးဝေမှု၊ လျှပ်စစ်ပေးဝေမှု၊ ကျန်းမာရေး၊ ပညာရေးစသည်များ) မှာ ထိရောက်မှု ရှိခြင်းဟာ အစိုးရဲ့စွမ်းပကားကို မီးမောင်းထိုးပြနေတဲ့အချက်ဖြစ်ပါတယ်။ ဒီကဏ္ဍများမှာထိရောက်မှုမရှိတဲ့အခါ အုပ်ချုပ်ရေးအာဏာကို ပြည်သူလူထုက ယုံကြည်မှုကင်းမဲ့လာပြီး၊ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ပေါ်ထွက်လာလေ့ရှိပါတယ်။ ဒီအခြေအနေတွေမှာ ကာကွယ်ရေးမူဝါဒနဲ့ပတ်သက်တဲ့ မဟာဗျူဟာလုပ်ငန်းတာဝန်များလည်း ရှိလာတတ်ပါတယ်။ ဒါကြောင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုကဏ္ဍများရဲ့ ထိရောက်မှုအခြေအနေကို ကာကွယ်ရေးမူဝါဒများရေးဆွဲရာမှာ ထည့်သွင်းသုံးသပ်ဖို့ လိုအပ်ပါတယ်။

လူမျိုးစုရေးနဲ့ ဘာသာရေးဆိုင်ရာတင်းမာမှုများကနေတဆင့် ပဋိပက္ခတွေ ကြီးထွားလာတတ်ပါတယ်။ ဒါကြောင့် ကာကွယ်ရေးမူဝါဒများ ရေးဆွဲရာမှာ လူမျိုးစုရေးဒိုင်မင်းရှင်း(ethnic dimension) နဲ့ ဘာသာရေး ဒိုင်မင်းရှင်း(religious dimension) တွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

သဘာဝပတ်ဝန်းကျင်အရေးကလည်း ၂၁ ရာစုရဲ့ ကာကွယ်ရေးမူဝါဒများမှာ မရှိမဖြစ် ထည့်သွင်းစဉ်းစားရမယ့်အချက်တချက် ဖြစ်လာပါတယ်။ မြေဆီလွှာပျက်သုဉ်းမှု၊ မိုးခေါင်ရေရှားမှု၊ သဘာဝဘေးအန္တရာယ်သက်ရောက်မှု၊ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုစတာတွေ ဖြစ်ပွားရာမှာ နိုင်ငံတော်ကာကွယ်ရေးအင်အားစုများက အရေးပေါ်အခြေအနေ ပါဝင်ဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်များရှိတဲ့အတွက် ကာကွယ်ရေး မူဝါဒများမှာ ဖြစ်နိုင်ချေရှိတဲ့ scenario များကို လေ့လာသုံးသပ်ထားဖို့ လိုအပ်ပါတယ်။
ဒေသတွင်း စစ်ရေးပူးတွဲဆောင်ရွက်မှုများကလည်း collective peace and security အတွက် အရေးကြီးတဲ့အတွက် ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေများနဲ့ ကာကွယ်ရေးအင်အားစုများရဲ့ ပါဝင်ပတ်သက်နိုင်မှုအခန်းကဏ္ဍဆိုင်ရာလိုအပ်ချက်များကို ကြိုတင်သုံးသပ်ထားဖို့ လိုအပ်ပါတယ်။ဒီလိုအချက်များကို ထည့်သွင်းစဉ်းစားထားတဲ့ ကာကွယ်ရေးမူဝါဒများကို များသောအားဖြင့် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများနဲ့ ပညာရှင်များပူးတွဲရေးဆွဲလေ့ရှိပြီး၊ လုံခြုံရေးကောင်စီက အတည်ပြုချမှတ်လေ့ရှိပါတယ်။

ဒီလိုချမှတ်ထားတဲ့ Defense Policy Framework ကိုလည်း အခြေအနေပြောင်းလဲမှုများနှင့်တပြေးညီ စဉ်ဆက်မပြတ်လေ့လာသုံးသပ်မှုများ ပြုလုပ်ဖို့လိုအပ်ပြီး၊ strategic diagnosis of the defense sector ကို အကောင်အထည်ဖော်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ အမျိုးသား အကျိုးစီးပွားကို ထာဝစဉ်ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ကာကွယ်ရေးမူဝါဒကို အချိန်နဲ့တပြေးညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

လုံခြုံရေးမူဝါဒများရေးဆွဲရာမှာ ပြည်သူလူထုရဲ့လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းတာဝန်များချောမွေ့စွာ အကောင်အထည်ဖော်ဆောင်ရေး၊ နိုင်ငံတော်အရေးပေါ်ကာလဖြစ်ပွားလာပါက အုပ်ချုပ်ရေးအာဏာပြိုလဲမှုမဖြစ်ပွားစေရန် လိုအပ်သော ယန္တရားများထားရှိရေး၊ နိုင်ငံတော်လုံခြုံရေးကို အခြားစစ်ရေးမဟုတ်သေခြိမ်းချောက်မှုများမှကာကွယ်ရေး စတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

ဒါတင်မကပဲ ၂၁ ရာစု နိုင်ငံတော်ခြိမ်းချောက်မှုများဖြစ်တဲ့ အကြမ်းဖက်မှု၊ သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာပြဿနာတွေ ဖြစ်ပွား လာချိန်မှာ ပြည်တွင်းပြည်ပ လုံခြုံရေးစွမ်းပကားများကို ပေါင်းစပ်အသုံးပြုနိုင်ရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း ကြိုတင်လေ့လာသုံးသပ် ထားဖို့ လိုအပ်ပါတယ်။ အခြား နိုင်ငံတော်မူဝါဒများဖြစ်တဲ့ နိုင်ငံခြားရေးမူဝါဒနဲ့စီးပွားရေးမူဝါဒများကလည်ဒး အမျိုးသားလုံခြုံရေးနဲ့ တိုက်ရိုက် ဆက်စပ်နေတာဖြစ်တဲ့အတွက် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးအပေါ်မှာအခြေခံပြီး ရေးဆွဲဖို့ လိုအပ်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်ဖြစ်နိုင်ချေ ဆန်းစစ်ချက်

အန္တရာယ်ဖြစ်နိုင်ချေဆန်းစစ်ချက်များပြုလုပ်ရာမှာ အန္တရာယ်ဖြစ်နိုင်ချေရှိတဲ့အချက်တခုချင်းဆီရဲ့ ဖြစ်နိုင်ချေရှိတဲ့အတိုင်းအဆနဲ့ သက်ရောက်မှုပဏာမတွေကိုသုံးသပ်ဖို့ လိုအပ်ပါတယ်။ အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်ဖြစ်နိုင်ချေ ဆန်းစစ်ချက်မှာ ဖြစ်ရပ် သက်ရောက်မှုများကို စီးပွားရေးရာနောက်ဆက်တွဲအကျိုးဆက်များ၊ ထိခိုက်ဒဏ်ရာရမှုများ၊ လူမှုရေးရာအခြေအနေများအပေါ် မူတည်ပြီး ထည့်သွင်းစဉ်းချက်တွေနဲ့ ဆန်းစစ်ချက်ပြုလုပ်ရန် သတ်မှတ်ထားတဲ့အချိန်ကာလတခုအတွင်းမှာ ဖြစ်ရပ် ဖြစ်ပွားနိုင်ချေတွေကို သုံးသပ်ချက်များ ပါဝင်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်ဖြစ်နိုင်ချေ ဆန်းစစ်ချက်များကိုပြုလုပ်ကြရာမှာ နိုင်ငံတခုချင်းစီအလိုက်အသုံးပြုတဲ့ methodology တွေ ကွဲပြားခြားနားပါတယ်။ ဗြိတိန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးအများစုကတော့ သက်ရောက်မှုအတိုင်းအတာ(impact) နဲ့ ဖြစ်နိုင်ချေ အတိုင်းအဆ(Likelihood) တို့အပေါ်မှာအခြေခံထားတဲ့ methodology (ပုံ- ၁) ကို အသုံးပြုထားကြပါတယ်။


ပုံ (၁) ရဲ့ ညာဘက်ထိပ်ဆုံးမှာဖော်ပြထားတဲ့ အန္တရာယ်ဖြစ်နိုင်ချေများဟာ ဖြစ်နိုင်ချေအတိုင်းအဆများသာမက၊ သက်ရောက်မှု အတိုင်း အတာလည်း ကြီးမားပါတယ်။ ဒီလို အန္တရာယ်ဖြစ်နိုင်ချေများကို အမျိုးသားလုံခြုံရေးမဟာဗျူဟာရဲ့ high priorities စာရင်းမှာ ထည့်သွင်း သုံးသပ်ဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်ချေအတိုင်းအဆများနဲ့ သက်ရောက်မှုအတိုင်းအတာနည်းပါးတဲ့ အန္တရာယ်ဖြစ်နိုင်ချေများကိုတော့ low priorities စာရင်းမှာ ထည့်သွင်းလေ့ရှိပါတယ်။ အန္တရာယ်ဖြစ်နိုင်ချေများကိုဖော်ထုတ်ခြင်း၊ ဆန်းစစ်ခြင်းနဲ့ ဦးစားပေးစာရင်း ထည့်သွင်း သုံးသပ်ခြင်းတွေဟာ အနာဂတ်ခြိမ်းချောက်မှုများနဲ့ပတ်သက်တဲ့ မဟာဗျူဟာသတိပေးချက် (strategic notice) ကို လုပ်ဆောင်ပေးနိုင်တဲ့ အတွက် အမျိုးသားလုံခြုံရေးရဲ့ ရေတို၊ ရေရှည်ရည်မှန်းချက်များကို ပြည့်မှီစေနိုင်ပါတယ်။

အမျိုးသားလုံခြုံရေးဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ချေဆန်းစစ်ချက်ဟာ မဟာဗျူဟာသုံးသပ်ချက်ဖြစ်ပါတယ်။ အနာဂတ်ဟောစာတမ်းတော့ မဟုတ်ပါဘူး။ နောင်တချိန်ဖြစ်လာမယ့် အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်တရပ်ဟာ ဘယ်အချိန်၊ ဘယ်နေရာမှာဖြစ်ပွားလာမယ် ဆိုတာကို ဘယ်သူမှ သေချာသိနိုင်မှာ မဟုတ်ပါဘူး။ သို့ပေမယ့် အန္တရာယ်ဖြစ်နိုင်ချေများကို ကြိုတင်သုံးသပ်လေ့လာဖော်ထုတ်ထားခြင်း၊ ဦးစားပေးသတ်မှတ်ခြင်းနဲ့ တုန့်ပြန်နိုင်မယ့်နည်းလမ်းတွေကို ရှာဖွေထားခြင်းအားဖြင့် အမျိုးသားလုံခြုံရေးကို တစုံတရာအတိုင်းအတာတခု အထိ ဆောင်ကျဉ်းပေးနိုင်မှာ ဖြစ်ပါတယ်။


နိဂုံး

နိုင်ငံတနိုင်ငံရဲ့ ရှင်သန်ရပ်တည်ရေးအတွက် သက်ဆိုင်ရာ အမျိုးသားအကျိုးစီးပွားတွေကို အစိုးရ၊ စစ်တပ်၊ ပြည်သူဆိုတဲ့ “eternal trinity” သုံးရပ်စလုံးက ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိပြီး၊ အစိုးရတရပ်အနေနဲ့ ပြည်သူလူထုကိုဝန်ဆောင်မှုပေးရမယ့် ပထမဦးဆုံးနဲ့ အရေးကြီးဆုံးပြည်သူ့ဝန်ဆောင်မှုဟာ အမျိုးသားလုံခြုံရေးပဲ ဖြစ်ပါတယ်။

ဒီလိုဝန်ဆောင်မှုပေးရာမှာ နိုင်ငံတော်အာဏာ (state power) ယန္တရားများကို စနစ်တကျပေါင်းစပ်အသုံးပြုနိုင်ရေးအတွက် အမျိုးသားလုံခြုံရေးမဟာဗျူဟာ (National Security Strategy) ကို အမျိုးသားလုံခြုံရေးကောင်စီက ချမှတ်ရေးဆွဲဖို့လိုအပ်ပါတယ်။

ဒီမဟာဗျူဟာကို ထိရောက်စွာအကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် ရှုပ်ထွေးဝေဝါးမှုများမရှိသော တိကျသေချာတဲ့ ကာကွယ်ရေး မူဝါဒ၊ လုံခြုံရေးမူဝါဒ၊ နိုင်ငံခြားရေးမူဝါဒနဲ့ စီးပွားရေးမူဝါဒတွေကိုလည်းပြဌာန်းဖို့ လိုအပ်ပါတယ်။

ဒီမူဝါဒများမှာ အမျိုးသားလုံခြုံရေးဆိုင်ရာအန္တရာယ်ဖြစ်နိုင်ချေများကို မည်သို့မည်ပုံတုန့်ပြန်ဆောင်ရွက်ရန် မဟာဗျူဟာလုပ်ငန်းတာဝန်များကို တိကျစွာဖော်ပြလမ်းညွှန်ထားခြင်း၊ စဉ်ဆက်မပြတ် လေ့လာဆန်းစစ်ခြင်း၊ အမျိုးသားလုံခြုံရေးအတွက် အစိုးရ၊ စစ်တပ်၊ ပြည်သူများရဲ့ အခန်းကဏ္ဍများကို လူအများသို့အသိပေးပြောကြားခြင်းစသည်တို့ကိုလုပ်ဆောင်ရန် အရေးကြီးလှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။

ရည်ညွှန်းကိုးကား

Barnett, Thomas P.M. (2004) The Pentagon’s New Map: War and Peace in the Twenty-First Century. New York: G.P. Putnam’s Sons
Baylis, J. et. Al (2002) Strategy in the Contemporary World, Oxford, OUP
Betts, R. (2000)” Is Strategy an illusion?” International Security, Vol. 25, No.2, Fall 2000
Campbell, KurtM., andMichael E. O’Hanlon. Hard Power: The New Politics of National Security, New York: Basic Books
Drew, Dennis M., and Donald M. Snow (2006) Making Twenty-First-Century Strategy: An Introduction to Modern National Security Processes and Problems. Maxwell Air Force Base: Air University Press
Edmonds, M. (1971) “Armed Forces and the National Security System: The meaning and basics of compliance”, in ed. Holloway, D., European Military Institutions, USSG, Edinburgh
Erica-Irene, A. (1990) Freedom of the individual under Law: An analysis of Article 29 of the Universal Declaration of Human Rights, Human Rights Study Series No.3, UN publications
 Karesner, S. (1983) “National security and Economics”, in Trout, T., Herf, J. (eds) National Security Affairs, New Brunswick: Transaction Books
International Military and Defense Encyclopedia (1993), pp. 2577-78. NY: Brassey’s (US)
Luttwak, E. (1987) Strategy : The Logic of War and Peace, Harvard, Belknap
Liddell Hart, B. H. (1967) Strategy: The Indirect approach, London, Faber & Faber
Murray, W. et. al. (1994) The Making of Strategy: Rulers, States & Wars, Cambridge, Cambridge University Press
Paret, P. (ed) (1986) Makers of modern strategy from Machiavelli to the Nuclear age, Princeton University Press
Pearce & Robinson (1997) Strategic Management: Formulation, Implementation and Control, London, IRWIN
Remark by John Schllesser, Quoted in Fitz-Gerald, A. (2007) Developing in a Comprehensive approach to national security, Chatham House Debate, 21 Feb 2007

“၂ဝ၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်”

0 comments
(ဗမာပြည်ကွန်မြူနစ်ပါတီ ဝဘ်ဆိုဒ်မှ ကူးယူဖော်ပြပါတယ်)
“၂ဝ၁၅ ရွေးကောက်ပွဲလွန်ကာလ ဗမာပြည်ကွန်မြူနစ်ပါတီ၏တင်ပြချက်”
ရဲဘော်တို့ မိတ်ဆွေတို့ ပြည်သူလူထုအပေါင်းတို့
၂ဝ၁၅ နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့လည်း စိတ်ဝင်တစားစောင့်ကြည်ခဲ့ပါတယ်။
အုပ်စိုးသူတွေဘက်က ဒီအဆင့်မှာ အရေးနိမ့်သွားပါပြီ။ ဦးသိန်းစိန်ဦးဆောင်တဲ့ ကြံ့ဖွံ့ပါတီနဲ့အစိုးရ ရှုံးနိမ့်သွားသော်လည်း
၂ဝဝ၈ ခြေ/ဥ အောက်မှာ အခိုင်အမာတည်ဆောက်ထားတဲ့ စစ်ဗျူရိုကရေစီယန္တရားက မပျက်မစီးတည်ရှိနေပါသေးတယ်။ သူတို့
ဘာတွေ လုပ်လာနိုင်စရာတွေ ရှိသေးလဲ။ တိုင်းပြည်ရှေ့ရေးအတွက် ကျွန်တော်တို့မှာတင်ပြစရာတွေ ရှိလာပါတယ်။

(၁)
၂ဝ၁၅ ရွေးကောက်ပွဲ ဘာ့ကြောင့်ဖြစ်ပေါ်လာသလဲ
အမေရိကန်က တရုတ်နဲ့အပြိုင် အာရှပစိတ်ဖိတ်ထဲထိုးဝင်လာပြီး ဒေသစိုးမိုးရေးလုပ်လာရာက ဗမာပြည်ဟာ ပထဝီနိုင်ငံရေးအရ အချက်အချာကျနေတာမို့ ဘက်ပေါင်းစုံကနေ အမေရိကန်က ထိုးဖောက်ချဉ်းကပ်ခဲ့ပါတယ်၊ နောက်ဆုံး အုပ်စိုးသူစစ်အုပ်စုကို ချော့မြှူမက်လုံးပေးပြီး ဒီချုပ်နဲ့ဆွဲစေ့ပေးလိုက်နိုင်ရာက ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ဒီချုပ်ဟာ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခဲ့တယ်။

ဒါ့ကြောင့် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲဟာ ရုပ်ပြကောင်းခဲ့ပြီး စစ်အုပ်စုလည်း အသက်ရှူချောင်ခဲ့တယ်။ အခုတော့ ၂ဝ၁၅ ရွေးကောက်ပွဲ ဖြစ်လာခဲ့တယ်။ ရွေးကောက်ပွဲမှာ ပြဿနာအကြီးအကျယ်မတက်လိုက်ဘဲ ပြည်သူတွေအကြိုက် ဒီချုပ်အနိုင်ရသွားတော့ အိုဘားမားနဲ့
ဟီလာရီကလင်တန်တို့က ‘ငါပစ်တာ’ဆိုတဲ့သဘောနဲ့ လက်မထောင်ပြခဲ့ကြတယ်။

ဒါ့ကြောင့်လည်း ရွေးကောက်ပွဲအပြီးအင်တာဗျူးတခုမှာ ဝါရှင်တန်ပို့စ်သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည်ကို
‘ရွေးကောက်ပွဲအနိုင်ရလို့ အမေရိကန်အစိုးရကို အမှတ်ပေးချင်သလား’လို့ ဗြောင်ကျကျ မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်တယ်။

(၂)
၂ဝ၁၅ ရွေးကောက်ပွဲရဲ့ ထူးခြားတဲ့ဝိသေသများ
နိုင်ငံရေးပါတီ ၉၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဒီချုပ် အနိုင်ရသွားပါပြီ။ ပြည်သူအတွက၊ ဒီချုပ်အတွက်၊ စစ်အာဏာရှင်စနစ်ကိုတိုက်ပွဲဝင်နေသူတွေအတွက် မင်္ဂလာသတင်းပါ။

ဒီပွဲမှာ ပြည်သူတွေအောင်ပွဲခံပြီး စစ်အုပ်စုနဲ့ကြံ့ဖွံ့တို့ရှုံးနိမ့်ခဲ့ရတာဟာ လူတန်းစား၊ လူ့အလွှာအသီးသီး နိုးကြားကာအဆက်မပြတ် တိုက်ပွဲဝင်လာကြရင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ မြင့်မားပေါင်းစည်းလာခဲ့ကြလို့ ဖြစ်တယ်။

အခွင့်အရေးယူကာ ကျိကျိတက်ချမ်းသာလာပြီး စည်းစိမ်ပေါ်က လက်ညှိုးညွှန်အုပ်ချုပ်လာတဲ့စစ်အာဏာရှင်တွေကို ပြည်သူလူထုက တူးတူးခါးခါး ရွံရှာမုန်းတီးတယ်ဆိုတာ ဖော်ထုတ်ပြသလိုက်တဲ့ပွဲ ဖြစ်တယ်။

လူထုက ပေးလိုက်တဲ့မဲဟာ အုပ်စိုးသူတွေနဲ့အပေါင်းအပါတွေ နာလိုခံခက်ပြောနေတဲ့ ပေါ်ပြူလာမဲဆိုတာထက် ပိုလေးနက်ပါတယ်။ လူထုက သူ့ခံယူချက်နဲ့သူ ရပ်တည်လိုက်တာက ပိုနက်ရှိုင်းပါတယ်။ လူထုရဲ့ ခံစားချက်နဲ့နိုင်ငံရေးနိုးကြားမှုက ဒါ့ထက် ပိုနက်ရှိုင်းပါတယ်။

တနည်းပြောရရင် ရာစုနှစ်တဝက်ကျော် ပြည်သူကိုနှိပ်စက်၊ ဆိုးခိုးသတ်ဖြတ် အဓမ္မကျင့်လုပ်လာခဲ့တဲ့ စစ်အာဏာရှင်စနစ်ရဲ့ဆိုးပြစ်ကို မှတ်လောက်သားလောက်အောင် ပြည်သူတွေက ဒဏ်ခတ်လိုက်တာ ဖြစ်တယ်။

စစ်အုပ်စု စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဘောင်အောက်မှာ အရပ်သားနိုင်ငံရေးပါတီတခုက
မဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တာဟာ အလွန်ထူးခြားပါတယ်။ ပြောင်းလဲလာနေပြီဖြစ်တဲ့ ပြည်သူတွေရဲ့ဆန္ဒနဲ့ကိုက်ညီအောင်
ကြွေးကြော်သံတင်၊ အခြေခံအားဖြင့်မှန်ကန်တဲ့ ရွေးကောက်ပွဲဗျူဟာနဲ့ လူထုကြီးတရပ်လုံး လမ်းပေါ်ထွက်ပေါ်လာနိုင်အောင်စည်းရုံးလှုံ့ဆော် လုပ်ဆောင်သွားနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကျွန်တော်တို့ အသိအမှတ်ပြုချီးကျူးပါတယ်။

ကြံ့ဖွံ့ဘာ့ကြောင့်ရှုံးသလဲ
အဘက်ဘက်က အသာစီးယူထားတဲ့ကြားထဲက ခုလိုအပြတ်အသတ် အရှုံးရလဒ်ကြောင့် အုပ်စိုးသူတွေ တုန်လှုပ်ကုန်ကြပါတယ်။ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်ခဲ့ကြတယ်။ ရုတ်တရက် ပြောစရာစကား ရှာမတွေ့ဖြစ်ခဲ့တယ်။

ညဥ့်ဦးယံအာဏာသိမ်းပွဲနဲ့ ဘိသိကမြှောက်ခံလိုက်ရတဲ့ အာဏာရပါတီတွဲဘက်ဥက္ကဌဖြစ်သူက “ကျွန်တော်တို့ ဘာ့ကြောင့် ဒီလို အပြတ်အသတ်ရှုံးတယ်ဆိုတာ မစဉ်းစားတတ်အောင်ပဲ”ဆိုတာမျိုး ပြောထွက်လာတယ်။ စစ်အာဏာရှင်စနစ် ပုံသေနည်းတွေနဲ့
ကြိုတွက်ထားပြီး စိတ်အေးနေခဲ့ပုံရပါတယ်။ ပြည်သူတွေ ဘယ်လောက် နာကြည်းခံပြင်းနေတယ်၊ ဘယ်လောက် ဒေါသထွက်နေကြပြီဆိုတာ သူတို့ မသိနိုင်လောက်အောင်ကို အောက်ခြေလွတ်နေကြတာပါ။

ဒီပွဲမှာ နိုင်ငရေးသံဝေဂ ရသွားကြတဲ့သူတွေလည်း မနည်းဘူး။

မိုက်ရူးရဲတယောက်ကဆိုရင် ရိုင်းရိင်းစိုင်းစိုင်း မောက်မောက်မာမာ ပြောထွက်လာတယ်။ ပြည်သူတရပ်လုံးကို စော်ကားသွားခဲ့တယ်။ “မင်းဆိုးမင်းညစ်လက်ထဲမှာ ခွေးသေဝက်သေ သေကြပေတော့” တဲ့။
ဒီ ၂ ယောက်ကို ဥပမာပြလိုက်ရုံနဲ့ သူတို့ဘာ့ကြောင့် အပြတ်အသတ်ရှုံးတယ်ဆိုတာ ပေါ်လွင်နေပါပြီ။

(၃)
ဤခရီးဝေးသေး၏
နိုင်ငံရေးအခြေအနေသစ်တရပ်ကတော့ ပေါ်ထွန်းလာပါပြီ။ ပြည်သူတွေ ရွှင်မြူးကြရမယ့်အချိန် - ဒါပေမယ့် စိတ်လွတ်ကိုယ်လွတ်
ဘယ်သူမှ မပျော်နိုင်ကြသေး။ ၉ဝ ခုနှစ် ရွေးကောက်ပွဲတစ္ဆေက ခုအထိ ခြောက်လှန့်နေဆဲ၊ ပြည်သူတွေအပြင် ဒီချုပ်တဖွဲ့လုံးလည်း
ရင်မနေရဆဲ။ သရဖူ၊ လက်ထိတ်၊ သံတိုင်၊ အုတ်ရိုး၊ ကျည်ဆန်စတာတွေက မျက်ဝန်းအိမ်ထဲမှာ တလှည့်စီမြင်နေကြရမယ့်ပုံပဲ။
အာဏာလွှဲပြောင်းပွဲမှာ ပြည်သူတွေက အေးအေးချမ်းချမ်း ချောချောမောမော ဖြစ်စေချင်ကြတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲ
ဆန္ဒရှိတယ်။ တရုတ်၊ အမေရိကန်၊ အီးယူ၊ ဂျပန်နဲ့ကုလသမဂ္ဂတို့ကလည်း ဒီသဘောထားမျိုးဖော်ပြကြတယ်။ ခု အာဆီယံ
အစည်းအဝေးမှာ ထပ်မံအတည်ပြုကြတယ်။ ဝိုင်းကြီးချုပ်လက္ခဏာ ဆောင်တယ်။

(၄)
ချောချောမောမောအာဏာလွှဲအပ်ရေး
ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယကနဲ့ ကာချုပ်တို့ကို တွေ့ခွင့်ရဖို့ တင်ပြပါတယ်။

လွှတ်တော်အကြီးအကဲနဲ့တော့ တွေ့ဆုံဆွေးနွေးလို့ ပြီးသွားပါပြီ။ ပြေပြေလည်လည်ရှိကြကြောင်း ကြေညာချက်တခု ထုတ်ပြန်အသိပေး ခဲ့ကြပါတယ်။

“ဘာပြောင်းလဲစရာလိုသေးလို့လဲ၊ ပြောင်းလဲပေးထားပြီပဲ”လို့ပြောထားတဲ့ သမ္မတဦးသိန်းစိန်နဲ့ “အမှန်တကယ်ပြောင်းလဲဖို့ NLD ကို မဲပေးစို့” ဆောင်ပုဒ်ကိုင်စွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံပွဲ၊

“၂ဝဝ၈ အခြေခံဥပဒေကို ကာကွယ်သားမယ်”လို့ ကြွေးကြော်ထားတဲ့ ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီခြေ/ဥ ကိုပြင်မှဖြစ်မယ် ဆိုတဲ့ဒီချုပ်ဥက္ကဌတို့ တွေ့ဆုံပွဲကို ပြည်သူတွေက စောင့်စားနေကြပါပြီ။

သူတို့ဘက်ကလည်း ကော်မရှင်က တရားဝင်အနိုင်အရှုံးရလဒ်ကိုကြေညာပြီးရင်တွေ့ပါ့မယ်လို့ အကြောင်းပြန်ကြားထားပြီဖြစ်တယ်။ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်လို့လည်း ဆိုထားခဲ့ကြတယ်။ ဒီအတိုင်း ရုပ်လုံးဖော်ကြမယ်ဆိုရင်တော့ ကြိုဆိုရမယ့်ကိစ္စပါ။ လူကြီးလူကောင်းပီသတယ်လို့ အသိအမှတ်ပြုကြပါမယ်။

ကျွန်တော်တို့ ဘာတွေသတိထားသင့်သလဲ-
ဘာတွေ ဘယ်လိုအပေးအယူလုပ်ကြမလဲ- သမ္မတနဲ့ကာချုပ်ကတော့ ၂ဝဝ၈ အထိုင်ပေါ်က တင်ပြဆွေးနွေးကြလိမ့်မယ်လို့
ခန့်မှန်းပါတယ်။ သူတိ့ဘက်က ၂ဝဝ၈ က ပေးအပ်ထားတဲ့ အထူးအခွင့်အရေးတွေ အကုန်ပြန်ယူကြမှာပါ။ ကာလုံ ဆက်ရှိမယ်။
လွှတ်တော်ထဲမှာ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဆက်ထားမယ်။ အစိုးရဝန်ကြီးဌာန ၃ ခု (ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့နယ်စပ်ရေးရာ)
ကို ကာချုပ်က ဆက်ကိုင်ထားလိမ့်မယ်။

ခုဟာက ကြံ့ဖွံ့ရှုံးပေမယ့် စစ်တပ်စစ်ဗျူကရေစီယန္တရားက ရှိနေသေးတယ်။ ဒါပေမယ့် တဖက်မှာ စစ်အုပ်စုနဲ့စစ်တပ်တခုလုံးကို ခွဲကြည့်ဖို့ လိုတယ်။ ဖော်ပြချက်တွေကြည့်တော့ ဒီချုပ်ကိုမဲပေးကြတဲ့အထဲမှာ စစ်တပ်မဲ အတော်အသင့်ပါခဲ့တယ်။ တချို့တပ်နယ်မြေတွေမှာ အထက်က ချုပ်ကိုင်ပြီး ကြံ့ဖွံ့မဲတွေယူသွားလို့ လျော့နည်းသွားတာ ရှိတယ်။

ထိပ်ပိုင်းမှာ သူရဦးရွှေမန်း၊ သူရဦးအောင်ကိုတို့လို ပုဂ္ဂိုလ်တွေကတောင် အပုပ်ကောင်ကိုဖက်တွယ်မထားတော့တာ တွေ့ရတယ်။ တပ်အနေနဲ့ တသွေးတသံတမိန့် နှောင်ကြိုးကြီးရှိနေလို့သာ ပုံပျက်ပန်းပျက်မဖြစ်သေးတာ။ အောက်ခြေတပ်မှူးတပ်သားတွေကိုယ်တိုင်က ပြည်သူတွေနဲ့အတူ ခံစားနေရတာ ဖြစ်တယ်။ ဒါက ဘက်တဖက်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပညာရှင်တချို့က ၉ဝ ခုနှစ်နဲ့ မတူတော့ပါဘူးလို့ အခြေအနေအချက်အလက်အချို့ကို ထောက်ပြကြတယ်။ ငြင်းခုံစရာမရှိပါ။ ဒါပေမယ့် ခုအထိ တူနေသေးတာတွေလည်းကျန်နေသေးတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။

- စစ် ၃ စစ် (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား) ရှိနေသေးတယ်။
- တပ်ကို ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်တယ်။
- စစ်တပ်ဆိုတာပစ်ရင် မှန်အောင်ပစ်တယ်ဆိုတဲ့လမ်းညွှန်ချက် တည်မြဲနေသေးတယ်။

၈ လေးလုံးမှာ ပစ်ကြည်တယ်။ မရမှ ဒေါက်တာမောင်မောင်ရဲ့လေချိုသွေးအဆင့်ကိုလျှော့ချတာ ဖြစ်တယ်။ ခုလည်း ညစ်ကြည့်တယ်။ မရမှ ဆုတ်တာဖြစ်တယ်။ (အတွေ့အကြုံအရ) ထိုးဖို့ဆုတ်တာကော မဖြစ်နိုင်ဘူးလား။ သူတို့မှာ ၂ဝဝ၈ ခံစစ်စည်းရှိသေးတယ်။ စစ်တပ် ၂၅ ရာခိုင်နှုန်းကို ဆုပ်ကိုင်ထားဆဲဖြစ်တယ်။ တပ်ကို အနီရောင်အဆင့်တပ်လှန့်ပြီးမှ အခု လိမ္မော်ရောင်အဆင့် လျှော့တာဖြစ်တယ်။ ဖြစ်နေတာက ငါးတကာယိုတဲ့ချေး ပုစွန်ဆိတ်ခေါင်းပေါ်အကျခံနေရတယ်ဆိုတဲ့စကားပုံလိုပဲ။ ထိပ်က စစ်အုပ်စုလုပ်သမျှနဲ့ လုပ်ခိုင်းသမျှ လုပ်နေရတဲ့ စစ်တပ်တတပ်လုံးနဲ့ ဝန်ထမ်းတွေခေါင်းပေါ် ပုံချခံနေရတာတွေ ရှိတယ်။ ဒါကို ကျွန်တော်တို့ ခွဲခြားကြည့်ပါတယ်။

၂ဝဝ၈ ရှိနေသမျှ ဒါမျိုးတွေ ဆက်ရှိနေမှာပါ။ ဒါတွေ ရှောင်နိုင်ဖို့ ထုံးတမ်းစဉ်လာအရ စစ်တပ်ဟာ အရပ်သားအစိုးရရဲ့လက်အောက်မှာ ရှိကိုရှိနေရပါမယ်။

(၅)
သူပြင်ကိုယ်ပြင်ကာလ
ဒီရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်က ၄၂ နိုင်ငံက သံတမန်တွေကိုဖိတ်ကြားပြီး အခြေအနေတချို့ရှင်းပြတယ်။
သဘောထားတချို့ တင်ပြခဲ့တယ်။ တိုင်တောထားတဲ့သဘောပဲ။ လက်ထဲရောက်ခါနီးမှ ပုတ်ချခံရမှာစိုးပုံ ပေါ်ပါတယ်။

ခု ထိပ်သီး ၂ ဦးက အကြောင်းအမျိုးမျိုးပြပြီး အချိန်တွေဆွဲနေတယ်။ ဒါဟာ လူတွေသွေးအေးမယ့်အချိန် စောင့်နေတာဖြစ်တယ်။ ဒါကို သတိရှိဖို့လိုတယ်။ တိုင်းပြည်ရဲ့ အရှေ့ဘက်နဲ့ မြောက်ဘက်ခြမ်းမှာ စစ်ပွဲတွေ တိုးချဲ့နေတယ်။ ဒါဟာ တိုင်းပြည်ကိုထိန်းချုပ်နိုင်တာ စစ်တပ်ပဲရှိတယ်ဆိုတာ မြင်စေချင်ပုံရတယ်။ တချိန်တည်းမှာ “တိုင်းပြည်ကို ဆူအောင်လုပ်နိုင်တာလည်း ငါတို့ပဲရှိတယ်” ဆိုတဲ့အဓိပ္ပာယ်က တွဲပါလာပါတယ်။ သူတို့မှာ လုပ်ချင်တာလုပ်ဖို့ အကြောင်းပြစရာတွေအများကြီးရှိတယ်။ ၂ဝဝ၈ ခြေ/ဥရှိတယ်။ အကောင်အထည်ဖော်ဖို့ လက်နက်အင်အား၊ လူအင်အားနဲ့ဘဏ္ဍာအင်အား ရှိတယ်။ ဒါကြောင့် ကာချုပ်လုပ်ပိုင်ခွင့်နဲ့ အာဏာသိမ်းနိုင်တယ်ဆိုတဲ့အထိ တွက်ဆထားသင့်တယ်။

ကျွန်တော်တို့က လွှတ်တော်နည်း၊ သံတမန်နည်းလောက်နဲ့ လုံလောက်တယ်မထင်။ လူထုလှုပ်ရှားမှုမပါဘဲ ရည်မှန်းချက်မပေါက်နိုင်။ လူထုကို နိုင်ငံရေးအသိနိုးကြားနေဖို့ အစီအစဉ်ရှိရှိ အသိပေးလှုံ့ဆော်စည်းရုံးထားရပါမယ်။ လူထုရဲ့ တွန်းအားမပါဘဲ နေရာရွေ့မှာမဟုတ်ဘူးလို့ မြင်နေတယ်။ မပြောင်းရင်မဖြစ်မှ ပြောင်းမယ့်သူတွေပါ။

ပြည်သူတွေဘက်ကလည်း ကိုယ့်အောင်ပွဲဆိုတာက လက်ဆုပ်လက်ကိုင် မပြနိုင်သေး။ ဘယ်နည်းနဲ့မှ အဆုံးရှုံးခံလိုက်လို့မဖြစ်တာမို့ နိုးနိးကြားကြား ရှိနေရပါမယ်။ ဒီရွေးကောက်ပွဲ အောင်နိုင်လိုက်တာကြောင့် စစ်အာဏာရှင်စနစ် လုံးဝကျဆုံးတာမဟုတ်ပါ။ ဆက်လက် တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေရပါမယ်။ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအဖွဲ့အစည်းများကလည်း ဒီရလဒ်ကို ဝိုင်းဝန်းကာကွယ်ကြဖို့ ပန်ကြားလိုပါတယ်။ ရှုံးသွားတဲ့စစ်အုပ်စုက ဒီချုပ်ကို ကျန်နိုင်ငံရေးပါတီတွေနဲ့ ရန်တိုက်ပေးနေတာကိုလည်း သတိပြုကြဖို့လိုပါတယ်။

ပြည်သူလူထုလိုလားနေတဲ့အပြောင်းအလဲဆိုတာ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအားလုံးတန်းတူအခွင့်အရေးရှိတဲ့ တစည်းတလုံးတည်းရှိတဲ့ပြည်ထောင်စုတရပ် ပေါ်ပေါက်ရေးပဲ
ဖြစ်တယ်။ မျက်မှောက်ဆင်းရဲဒုက္ခအပေါင်းကိုဖြစ်ပေါ်စေတဲ့ မတရားတဲ့ဖိနှိပ်အုပ်စိုးမှုအောက်က လွတ်မြောက်စေရေး ဖြစ်တယ်။
ဒီလမ်းကြောင်း သွေဖီသွားစေဖို့ ဒီရက်ပိုင်းအတွင်း လူမျိုးရေး၊ ဘာသာရေးကိုအကြောင်းပြပြီး စစ်အစိုးရအကြိုက်လှုပ်ရှားလာတဲ့အဖွဲ့တွေရဲ့ အန္တရာယ်ကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်ထိန်းသိမ်းပေးကြရပါမယ်။

(၆)
အစိုးရသစ် စဉ်းစားဖို့
ဒီချုပ်အစိုးရဟာ နိုင်ငံတော်အာဏာအညှာကို ကိုင်ထားတဲ့ ကာလုံအဖွဲ့ထဲက စစ်ဗိုလ်ချုပ် ၆ ယောက်ရဲ့သဘောဆန္ဒကိုကျော်လွန်ပြီး စစ်အုပ်စုအကျိုးစီးပွားကိုဆန့်ကျင်တဲ့ပြောင်းလဲမှုတွေကို လုပ်ရဲပါ့မလားလို့သံသယရှိပါတယ်။

ကာချုပ်ကိုပေးထားရတဲ့ဝန်ကြီးဌာန ၃ ခုရဲ့ ဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလည်း ကြိုစဉ်းစားထားသင့်ပါတယ်။
- ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ပွတ်တိုက်မှုမှာ အရပ်သားနိုင်ငံခြားရေးဝန်ကြီး ခေါင်းခဲရမယ့်ကိစ္စ။
- နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ တိုင်းရင်းသားတွေနဲ့ဆက်ဆံရေးမှာ အရပ်သားအစိုးရဆိုတဲ့အစိုးရက
လက်ရှောင်ထားရမယ့်ကိစ္စ။
- ပြည်ထဲရေးဝန်ကြီးဌာနက ရဟန်းရှင်လူပြည်သူတွေကို မီးလောင်ဗုံးနဲ့ပစ်လိုက်၊ ဖမ်းချင်သလိုဖမ်း၊ သတ်ချင်သလိုသတ်နေရင်လည်း နှုတ်ဆိတ်နေရမယ့်ကိစ္စ စတာတွေအတွက်လည်း ကြိုစဉ်းစားထားရပါမယ်။

ခုတလော ‘အရပ်သားအစိုးရ’ ‘အရပ်သားအစိုးရ’ဆိုပြီး ရေးကြသားကြ ပြောဆိုကြတာတွေသိပ်များလာပါတယ်။ အထက်မှာ
တင်ပြခဲ့တဲ့ကိစ္စတွေကြည့်ရင် ၂ဝဝ၈ ရှိနေသရွေ့ ‘အရပ်သားအစိုးရ’ခေါ်မရဘူးလို့ ဗမာပြည်ကွန်မြူနစ်ပါတီက ယူဆပါတယ်။

ဒီချုပ်အစိုးရဟာ အလကားမတ်တင်းနဲ့ ကြီးဒေါ်နွားကျောင်းပေးနေရတာပဲ ဖြစ်မယ်။ ဒီဝန်ကြီးဌာနတွေက အစိုးရသစ်
အကျပ်အတည်းတွေ့အောင် ပြည်သူနဲ့ထိပ်တိုက်တိုးအောင် ကောင်းကောင်းမွှေပါလိမ့်မယ်။

ဒါတွေဟာ ဒီချုပ်ခေါင်းကို ဆင်နင်းမယ့်ကိစ္စတွေပဲ။ ပြေလည်အောင် ဖြေရှင်းနိုင်ရင် ဖြေရှင်း၊ မဖြေရှင်းနိုင်ရင် မိမိကိုမဲပေးခဲ့တဲ့
ပြည်သူသန်းပေါင်းများစွာနဲ့ ပြန်လည်ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိပါတယ်။

စစ်အုပ်စုနဲ့အာဏာခွဲဝေရေး
သမ္မတဦးသိန်းစိန်၊ ကာချုပ်မင်းအောင်လှိုငတို့နဲ့ ဒေါ်စုတွေ့ကြရင် သူ့ဘက်ကိုယ့်ဘက်လိုလားချက်တွေ အပြန်အလှန် တင်ပြကြပါလိမ့်မယ်။ စစ်တပ်နဲ့ပတ်သက်တာတွေ ကာချုပ်ကတင်ပြတောင်းဆိုပြီး တခုလုံးကိစ္စတွေကို သမ္မတလုပ်သူကကိုင်တွယ်ဖြေရှင်းရမှာပဲ။

ပြည်သူတွေက ဒီရလဒ်ကို မျှော်လင့်တကြီး စောင့်စားနေကြပါတယ်။ စစ်အုပ်စုရဲ့အကျိုးစီးပွားကိုအကာအကွယ်ပေးတဲ့စေ့စပ်ရေးမျိုး မဖြစ်ပါစေနဲ့လို့လည်း ဆုတောင်းနေကြတယ်။ ဝင်းဝင်း (win-win) ၂ ဘက်နိုင်ဆိုပြီး အပေးအယူလုပ်လိုက်ရင် ပြည်သူအတွက် ဘာမှ မကျန်ဖြစ်သွားမှာကို ကျွန်တော်တို့လည်းစိုးရိမ်ပါတယ်။ ပြည်သူနိုင်ဖို့ အဓိကထားရပါလိမ့်မယ်။

ခုအာဆီယံထိပ်သီးဆွေးနွေးပွဲမှာ အိုဘားမားက အစိုးရဟောင်း အာဏာလွှဲပြောင်းမပေးမီ အဟောင်းအသစ် ၂ ဖွဲ့စလုံးနဲ့တွေ့ပြီး ထောမနာပြုချင်ပါတယ်လို့ ပြောလာပါတယ်။ ဒါဆိုရင် သူလည်း ‘ဝင်း - ဝင်း’ ထဲ ပါနေတဲ့သဘောပဲ။

(၇)
အစိုးရသစ် လတ်တလောဖြေရှင်းရမယ့်ပြဿနာများ
(၁) ပြည်တွင်းငြိမ်းချမ်းရေး - ဒီအချိန်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သံလွင်ခက်ကိုင်ပြီး ငြိမ်းချမ်းရေးစကားဆိုကြရမယ့် အချိန်ပါ။ ဒါပေမယ့် NCA လက်မှတ်မထိုးသေးတဲ့ အဓိကအဖွဲ့တွေအပေါ် ဗုံးမိုးရွာချနေတယ်။ ဒါကို အလျင်အမြန် ကိုင်တွယ်ပေးရလိမ့်မယ်။
(၂) နိုင်ငံရေးအကျဉ်းသားများကိစ္စ - လွှတ်နေတယ်၊ လွှတ်နေတယ်ပြောပြီး ရောင်ပြလောက်လွတ်၊ ရွေးကောက်ပွဲဘက် အာရုံရောက် နေကြချိန် တိုးဖမ်းလာတယ်။ တိုးပြီးညှင်းပန်းနှိပ်စက်လာတယ်။ အထူးသဖြင့် အဖမ်းခံ ဗကသကျောင်းသားများနဲ့ အားပေးထောက်ခံ ဝန်းရံပြည်သူများကို ကိုယ်ထိလက်ရောက် ရက်ရက်စက်စက်လုပ်ခဲ့တယ်။
လုပ်ခလာစာတိုးရေးတောင်းဆိုတဲ့အလုပ်သမားတွေ ထောင်ချခံရတယ်။ လယ်သမားတွေရဲ့နစ်နာချက်သတင်းတွေကို မှောင်ချထားခဲ့တယ်။ သူတို့တတွေ အမြန်ဆုံးလွတ်ဖို့ ဆောင်ရွက်ပေးသင့်တယ်။
(၃) စစ်ပြေးဒုက္ခသည်များ - တဖက်နိုင်ငံတွေမှာ မျိုးဆက်နဲ့ချီပြီးပြေးရှောင်နေရတဲ့ အရိုးရင့် စစ်ပြေးဒုက္ခသည်များ၊ ရွေးကောက်ပွဲမတိုင်မီ နယ်စပ်ဒေသတွေမှာခိုလှုံနေရတဲ့ နှစ်ကြီးသမားဒုက္ခသည်များ၊ ရွေးကောက်ပွဲကာလနဲ့ရွေးကောက်ပွဲအပြီးမှာ စစ်ရေးတိုးချဲ့လာလို့ ဗုံးရှောင်ရင်း ဗုံးလွတ်၊ ကျည်လွတ် မြို့ပြတွေဆီနဲ့ နယ်စပ်ဒေသတွေ ပြေးဝင်ခိုလှုံနေရတဲ့ ပူပူနွေးနွေးဒုက္ခသည်များအရေးကိုလည်း အချိန်ဆွဲမနေသင့်ပါ။
(၄) ၂ဝဝ၈ ဖျက်သိမ်းရေး - ၂ဝဝ၈ တည်ရှိနေရင် ကာလုံနဲ့ သူ့အာဏာတွေ တည်ရှိနေမယ်။ ကာလုံ အဲဒီလိုတည်ရှိနေသရွေ့ အရွေးကောက်ခံ အစိုးရရဲ့ကံကြမ္မာဟာ နေ့နေ့ညည မရေမရာ မသေမချာဖြစ်နေမှာပဲ။
(၅) ၁၇ (၁) လို ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ ဥပဒေတွေဖျက်သိမ်းရေး။
ဒါတွေကြောင့် နိုင်ငံ့အကျိုးဆောင်ရွက်ခဲ့သူ၊ ဆောင်ရွက်လိုသူတွေ နစ်နာကြလှပါပြီ။

(၈) နိဂုံး
ရဲဘော်တို့ အခြေအနေဟာ အကဲဆတ်နေသေးတဲ့အနေအထားမှာ ရှိနေသေးတယ်။ နိုင်ငံတကာအာဘော်ကလည်း စိတ်မချရသေးတဲ့ဘက်ကို မီးမောင်းထိုးလာကြတယ်။ စစ်အစိုးရဘက်ကိုလည်း ‘ပြောတဲ့အတိုင်းလုပ်ဖို့’ တဖွဖွသတိပေးနေကြတယ်။

တပါတီလုံးအနေနဲ့ သတိထားစောင့်ကြည့်နေရမှာဖြစ်ပြီး ဖြစ်ပေါ်လာတဲ့အခြေအနေနဲ့အညီ ခြေလှမ်းလှမ်းနိုင်ဖို့ ပြင်ဆင်ထားရပါမယ်။ ရဲဘော်တို့ ဒီတင်ပြချက် လက်စသတ်ပြီးချိန်မှာပဲ သတင်းဆိုးတခုဝင်လာပါတယ်။ ကာချုပ်မင်းအောင်လှိုင်က ဝါရှင်တန်ပို့စ်သတင်းစာ အယ်ဒီတာတဦးနဲ့တွေ့ပြီး သူ့သဘောထားတွေ ပြောပြတယ်။ လိုရင်းကတော့- အာဏာလွှဲပြောင်းဖို့ အချိန်မကျသေး- စစ်မှန်တဲ့ တင်းပြည့်ကျပ်ပြည့်ငြိမ်းချမ်းရေးရှိမှ - ပါတီပေါင်းစုံဒီမိုကရေစီရင့်ကျက်ခိုင်မာမှ - တိုင်းရင်းသားတွေနဲ့အစိုးရကြား ကောင်းမွန်တဲ့ဆက်ဆံရေး လိုအပ်သေးတယ်။ ဒါတွေ ပြည့်စုံမှ အရပ်သားအစိုးရထံ ပိုပြီးအာဏာပေးအပ်သွားမယ်။ ၃ ချက်စလုံးက ကြိုက်သလောက် အချိန်ဆွဲနိုင်တယ်။

ဒါတောင် အာဏာအကုန်လွှဲမှာ မဟုတ်သေးဆိုတာ သတိပြုပါ။

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာပြည်ကွန်မြူနစ်ပါတီ
ရက်စွဲ။ ။ ၁၃၇၇ ခု၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်။ ၂ဝ၁၅ ခု၊ နိုဝင်ဘာလ ၂၅ ရက်။

Friday, November 20, 2015

ဝေါ်ရှင်တန်ပို့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်အင်တာဗျူး

0 comments
(တချို့ကိစ္စနေရာမယ် ကိုယ့်ရပ်ခံချက်နဲ့မဟပ်တောင် အစပ်တည့်မတည့် မြည်းတော့ကြည့်စေ့ချင်) ဝါရှင်တန်ပို့စ် သတင်းစာက သတင်းထောက် Lally Weymouth နဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံမေးမြန်းခဲ့ တာကို မြန်မာဘာသာနဲ့ပြန်ဆိုပြီး ဖော်ပြလိုက်ပါတယ်။ (Kamayut Media) မှတဆင့်ကူးယူဖော်ပြပါသည်။
ဝါရှင်တန်ပို့စ်သတင်းစာနဲ့ ဒေါ်အောင်ဆန်းစုကြည်
- တစ်နိုင်ငံလုံးမှာ အနိုင်ရခဲ့တာကို အံ့သြလား။
မအံ့သြပါဘူး။ ပြည်သူလူထုရဲ့ထောက်ခံမှုကို ကျမတို့ရရှိထားတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ပုံမမှန်တဲ့ကိစ္စတွေအများကြီး ရှိခဲ့တဲ့အပေါ် တော့ စိတ်ပူခဲ့ရတာပေါ့။ ဒါတွေကတော့ မဲဆန္ဒရှင်စာရင်းတွေ အမှားအယွင်းတွေ အများကြီးကနေ စတာပါ။
- မဲဆန္ဒရှင်စာရင်းတွေမှာ ပြဿနာရှိခဲ့တယ်ပေါ့။
အစောပိုင်း ကျမတို့ မဲဆွယ်စည်းရုံးရေးမစခင်ကတည်းကိုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက သူ့အနေနဲ့ မဲစာရင်း ၃ဝ%ကိုပဲ တာဝန်ယူနိုင်မယ်လို့ ပြောခဲ့ပါတယ်။ ဒါက နည်းနည်းတော့ စိတ်ပူရတာပေါ့။ ဒါ့ကြောင့် ကျမက ပြည်သူတွေကို ပြောခဲ့တယ်။ ဒါဆိုရင် ကျန်တဲ့ ၇ဝ%ကို မှန်အောင်လို့ ကျမတို့ပဲ တာဝန်ယူကြတာပေါ့လို့။ မဟုတ်ဘူးလား။
- တစ်ချို့ဒေသတွေမှာ ပြည်သူတွေက သူတို့တိုင်းရင်းသားပါတီတွေကို မဲမပေးကြဘူး။ ရှင့်ကိုပဲ မဲပေးခဲ့ကြတယ်။
ကျမတို့ အရင်တုန်းကလည်း တစ်နိုင်ငံလုံးမှာ အနိုင်ရခဲ့ဖူးတယ်ဆိုတာကို မမေ့လိုက်ပါနဲ့။
- ၁၉၉ဝတုန်းကလား။ ဒါဆိုရင် တပ်မတော်က အရင်တုန်းကလိုမျိုး ဝင်စွက်ဖက်မယ့်ကိစ္စ စိုးရိမ်လားရှင့်။
ကျမတို့က စစ်တပ်အုပ်ချုပ်မှုကနေ အရပ်သားထိန်းချုပ်မှုရှိတဲ့အုပ်ချုပ်မှုပုံကိုကူးပြောင်းဖို့ဖြစ်စဉ်တွေက မပြီးဆုံးသေးပါဘူး။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင် လာမယ့် မတ်လအထိ စောင့်ရမှာပါ။ ဒါက ၁၉၉ဝနဲ့ မတူတော့ပါဘူး။ စကားပြောဆိုဆက်သွယ်မှုတွေက သိပ်ကောင်း လာတယ်။ ပြည်သူလူထုကလည်း တိုင်းပြည်ကို ဘယ်လိုဖြစ်စေချင်သလဲဆိုတဲ့ဆန္ဒအတိုင်း ဖြစ်လာဖို့အတွက် တက်တက်ကြွကြွရှိနေ ကြတယ်။
- တပ်မတော်က လွှတ်တော်ထဲမှာ ၂၅% ထိန်းချုပ်ထားတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အလုပ်တွဲလုပ်ဖို့ကရော ဖြစ်နိုင်မယ်လို့ ထင်သလားရှင့်။
ကျမတို့က ဘယ်သူနဲ့မဆို တွဲလုပ်နိုင်ပါတယ်။ အစိုးရတစ်ခုဖွဲ့တော့မယ်ဆိုရင်တော့ တပ်မတော်နဲ့တွဲပြီးအလုပ်လုပ်ဖို့ ရှောင်လွှဲလို့မရဘူးလေ။
- ဒါဆို မကြာခင်မှာပဲ သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အသွင်ကူးပြောင်းရေးကိစ္စဆွေးနွေးတော့မှာပေါ့။
သူတို့ပြောတာကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေပြီးတဲ့အခါ ကျမနဲ့တွေ့မယ်လို့ပြောတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ တော့ ကျမကောင်းကောင်း သဘောမပေါက်ဘူး။
- ဒါဆို သူတို့က ဘယ်နေ့တွေ့မယ်ဆိုပြီး မပြောသေးဘူးပေါ့။
မပြောသေးဘူး။ ကြည့်ရတာ သူတို့ ၄၅ရက်ကြာအောင် စောင့်မယ့်သဘောရှိတယ်။ အတိအကျတော့လည်း မဟုတ်ဘူးပေါ့။
- ဒီကိစ္စ ရှင်စိတ်ပူသလား။
ကျမတို့ စိုးရိမ်မှုရှိပါတယ်။ အတိတ်တုန်းက စိတ်မပူရမယ့်ကိစ္စတွေကိုစိတ်ပူခဲ့ရတဲ့ ထူးဆန်းတဲ့အတွေ့အကြုံတွေ ကျမတို့မှာ အများကြီးရှိခဲ့ ပါတယ်။ ဒါပေမယ့် ကျမတို့နောက်မှာ ပြည်သူလူထုတစ်ရပ်လုံးရှိနေတယ်ဆိုတာကျမတို့သိပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့အတွက် ဒီဖြစ်စဉ်မှာ ပါဝင်သူတိုင်းက တရားဝင်ကြေညာရမှာပါ။
- အနှစ် ၂ဝလောက် နေအိမ်အကျယ်ချုပ်ကျခံပြီး ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ စဉ်းကို မစဉ်းနိုင်ဘူး။
အနှစ် ၂ဝလောက် နေအိမ်အကျယ်ချုပ်ကျခံခဲ့ရတာဟာ ခက်ခဲတဲ့ကိစ္စတစ်ခုလို့တော့ ကျမမထင်ဘူး။ ကျမအိမ်ကို ကျမသဘောကျတယ်။ စာတွေအများကြီးဖတ်နိုင်တယ်။ အိပ်ရေးလည်း ကောင်းကောင်းဝတယ်။ အခုတော့ အဲဒါတွေ မရတော့ဘူး။
- ဒီမိုကရေစီဟာ တစ်နေ့တော့ရောက်လာမယ်လို့ ရှင်ယုံကြည်ခဲ့တယ်မဟုတ်လား။
အိုး ..ဟုတ်တာပေါ့။ ပြည်သူတွေကို ယုံကြည်ရင် ဒီမိုကရေစီကို ယုံကြည်ရမယ်။
- မကြာသေးခင်တုန်းက ရှင်ပြောသွားတာက အစိုးရသစ်ထဲမှာ ရှင်က သမ္မတအထက်မှာရှိမယ်လို့ ပြောခဲ့တယ်။ အဲဒါက နိုင်ငံခြားသား ဖြစ်နေတဲ့ ရှင့်ရဲ့ကလေးတွေကြောင့် သမ္မတဖြစ်ခွင့်တားဆီးထားတဲ့ ဖွဲ့စည်းပုံကိုပြင်ဆင်ချင်လို့ဆိုတဲ့ အဓိပ္ပာယ်လား။
သမ္မတဆိုတဲ့ခေါင်းစဉ်ကိစ္စက သိပ်ကိုဆွဲဆောင်မှုရှိတယ်လို့ ကျမကမထင်ပါဘူး။ ကျမတို့လိုချင်တဲ့အခွင့်အရေးဆိုတာက နိုင်ငံအတွက် အလုပ် လုပ်နိုင်တဲ့အနေအထားတစ်ခုပါ။ ကျမကို သမ္မတပဲဖြစ်ဖြစ် အခြားနာမည်တစ်ခုနဲ့ပဲခေါ်ခေါ် အဲဒါက တကယ်တော့ သိပ်တော့မသက် ဆိုင်လှဘူး။
- သိပ်ပြီးသက်ဆိုင်တာပေါ့။ အရှေ့တောင်အာရှနိုင်ငံများအသင်း ထပ်သီးအစည်းအဝေးလို နိုင်ငံအကြီးအကဲတွေ စုဝေးတဲ့ အစည်းအဝေး တွေမှာ သူတို့တွေက ရှင့်ကိုသွားစေချင်မှာပဲလေ။ အခြားတစ်ယောက်ကို ဘယ်သွားစေချင်ပါ့မလဲ။
ကျမသွားမှာပါ။ သမ္မတနဲ့အတူ ကျမသွားမှာပါ။ သူက ကျမနံဘေးမှာ ထိုင်ရမှာပေါ့။
- နိုင်ငံခြားမှာမွေးဖွားကြီးပြင်းတဲ့ကလေးတွေကိစ္စပါဝင်တဲ့ ဖွဲ့စည်းပုံပုဒ်မဟာ သမ္မတမဖြစ်အောင် ရှင့်ကိုတားဆီးထားတာလို့ ယုံကြည်လား။
အဲဒီလိုပဲ ထင်ပါတယ်။
- အဲဒီဟာကို ပြောင်းလဲဖို့ တပ်မတော်ကို ရှင်နားချနိုင်မလား။
အဲဒီဟာကိုတော့ ချက်ချင်းကြီး ပြောင်းလဲနိုင်မယ်မဟုတ်ပါဘူး။ အဲဒီအတွက်လည်း ကျမတို့ ပြင်ဆင်ထားပါတယ်။ ဖွဲ့စည်းပုံပြောင်းလဲ ပြင်ဆင်မှုဟာ အချိန်ယူရမှာပါ။
- အရင်တုန်းက ရှင်ပြောခဲ့တာက ဖွဲ့စည်းပုံကိုပြင်ဆင်ရမယ်ဆို ...။
ဖွဲ့စည်းပုံဟာ တစ်ချိန်မှာ ပြောင်းလဲရမယ်ဆိုတာက ကျမယုံကြည်ပါတယ်။ ဒါပေမယ့် အဲဒီကိစ္စ လာမယ့် ၂လအတွင်းဖြစ်မယ်လို့ ကျမမပြောခဲ့ ပါဘူး။ သင့်တော်တဲ့အချိန်တစ်ချိန်အတွင်းမှာတော့ ပြောင်းလဲရမှာပါ။
- ဒီလိုဆို သမ္မတကို ရှင်ကခန့်တော့မှာပေါ့။
ဟုတ်တာပေါ့။
- ဘယ်သူ့ကို ခန့်မှာလဲ။
ကျမမပြောသေးပါဘူး။
- လွှတ်တော်ဥက္ကဌဆိုတဲ့ ရာထူးကိုရော လက်ခံနိုင်သလား။
ကျမက အစိုးရကို စီမံခန့်ခွဲသူဖြစ်မှာပါ။ အဲဒီနေရာက ကျမသွားရမယ့်နေရာပါ။
- အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာပြည်ကြား ဆက်ဆံရေးကရော ဘယ်လိုလဲ။
ကောင်းပါတယ်။
- ရွေးကောက်ပွဲအနိုင်ရသွားတဲ့ကိစ္စ အမေရိကန်အစိုးရကို အမှတ်ပေးချင်တာရှိလား။
ဟင့်အင်း။ ကျမတို့ရွေးကောက်ခံရတဲ့အကြောင်းရင်းက ကျမတို့ပြည်သူတွေကြောင့်ပါ။ အခြားဘယ်သူကြောင့်မှ မဟုတ်ပါဘူး။
- အိုဘားမားအစိုးရက ဒီနိုင်ငံကို စိတ်ဝင်စားမှုအကြီးအကျယ်ပြခဲ့တယ်။
မြန်မာပြည်မှာဖြစ်နေတဲ့ကိစ္စတွေအပေါ် စိတ်ဝင်စားမှုရှိတဲ့ အစိုးရတွေအများကြီးပါ။
- ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုတွေအများကြီး ဖယ်ရှားပေးခဲ့တယ်။ သမ္မတ အိုဘားမားနဲ့ နိုင်ငံခြားရေးဝန်ကြီး တွေဖြစ်တဲ့ ဟယ်လာရီကလင်တန်နဲ့ ကယ်ရီတို့လည်း လာခဲ့တယ်။ ဒါတွေက အားထုတ်မှုအကြီးကြီးတွေပေါ့။
ဟုတ်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေကလည်း ဒီလိုမျိုးအားထုတ်ခဲ့တာပါပဲ။ ဗြိတိန်၊ နော်ဝေနဲ့ အခြားစကန်ဒီနေးဗီးယန်းနိုင်ငံတွေပေါ့။ နိုင်ငံအများစုက ကျမတို့ရဲ့ဒီမိုကရေစီရေးဖြစ်စဉ်ကို ထောက်ခံကြပါတယ်။ နိုင်ငံတစ်ခုတည်းကိုပဲကွက်ပြီး ကျမမပြောချင်ပါဘူး။
- ကျမကအခု အမေရိကန်သတင်းစာတစ်စောင်အတွက် ရေးနေတာပါ။ အမေရိကန်တွေက သူတို့ရဲ့အားထုတ်မှုတွေအကြောင်း စိတ်ဝင်စား ကြပါတယ်။
ကျမတို့မှာ အမေရိကန်မိတ်ဆွေကောင်းတွေ အများကြီးရှိပါတယ်။ နှစ်ပေါင်းများစွာ သူတို့ကျမတို့အတွက် လုပ်ကိုင်ခဲ့တာတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အကောင်းဆုံးဆက်လုပ်သွားမယ်လို့ ကျမမျှော်လင့်ပါတယ်။
- ကျန်နေသေးတဲ့ ပိတ်ဆို့အရေးယူမှုတွေဖယ်ရှားသွားရေးကို ဆိုလိုတာလား။
ပိတ်ဆို့အရေးယူမှုဆိုတာတစ်ခုတည်း ဒီနိုင်ငံရဲ့တိုးတက်ရေးနဲ့ဆိုင်တာမဟုတ်ပါဘူး။
- အမေရိကန်နဲ့နိုင်ငံတကာအသိုင်းအဝိုင်းက အခြားဘာတွေလုပ်စေချင်သလဲ။
အခုတော့ အားလုံးက ငြိမ်းချမ်းပြီးချောမွေ့တဲ့ အသွင်ကူးပြောင်းရေးကိုပဲ အားပေးထောက်ခံကြပါလိမ့်မယ်။ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ ဆန္ဒသဘောထားကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ခဲ့ပြီဆိုတာ အားလုံးနားလည်ကြပါတယ်။ အဲဒီကိစ္စကို လေးကိုလေးစားရမယ်။
- အဲဒါပြီးတော့ရော ….
ကျမတို့ အစိုးရဖွဲ့ပြီးတဲ့အခါကျရင် ကျမတို့ဘာဖြစ်ချင်လဲ ပြောပါ့မယ်။
- စီးပွားရေးလုပ်ငန်းတွေ လာစေချင်တယ်လို့ ကျမထင်တယ်။
သေချာတာပေါ့။ ကျမလိုချင်တာက ကောင်းမွန်မှန်ကန်တဲ့သဘောထားနဲ့ ကောင်းမွန်မှန်ကန်တဲ့စီးပွားရေးမျိုးပေါ့။ ကျမအမြဲတမ်းပြောပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်စေချင်တယ်။ တစ်ဖက်မှာလည်း ကျမတို့အတွက် အကျိုးအမြတ်လည်းရှိရမယ်။ တစ်ဖက်သတ်စီးပွားရေး မဖြစ်စေချင်ဘူး။
- အမေရိကန်ရဲ့ပိတ်ဆို့မှု ကျန်နေသေးတာတွေ ဖယ်ရှားသွားစေချင်သလား။
စစ်မှန်တဲ့ဒီမိုကရေစီအစိုးရအာဏာရပြီဆိုရင်တော့ ပိတ်ဆို့အရေးယူမှုတွေ ဘာလို့ဆက်ထားနေရဦးမှာလဲ။
- ရှင်အာဏာရတဲ့အခါ ဖြစ်စေချင်တဲ့ဆန္ဒတွေက အခြားဘာတွေရှိလဲ။
ဖြစ်စေချင်တဲ့ဆန္ဒဆိုတာထက် ကျမတို့အလုပ်လုပ်ရမယ့်ခေါင်းစဉ်တွေလို့ပဲ စဉ်းစားပါတယ်။
- မြန်မာပြည်နဲ့တရုတ် ဆက်ဆံရေးကိုရော ဘယ်လိုမြင်လဲ။
ကောင်းပါတယ်။ ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကောင်းဖို့ပဲရည်ရွယ်ပါတယ်။
- ဘက်မလိုက်တဲ့အနေအထားပေါ့။
ဟုတ်ပါတယ်။ ဒီနိုင်ငံခြားရေးမူဝါဒဟာ ကျမတို့ လွတ်လပ်ရေးရပြီးကတည်းက အင်မတန်ကိုအောင်မြင်ခဲ့တဲ့ မူဖြစ်ပါတယ်။
-တရုတ်အစိုးရရဲ့ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး ဆွေးနွေးစရာတွေကတော့အများကြီးပေါ့။ သူတို့ကောင်းလား၊ ဆိုးလား။ တောင်တရုတ် ပင်လယ်ထဲ တရုတ်ရည်ရွယ်ချက်ကဘာလဲ။ ရှင့်အမြင်ကရော။
သေချာတာကတော့ တရုတ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့အမြင်က အခြားသူတွေရဲ့အမြင်နဲ့တော့ တူမှာမဟုတ်ပါဘူး။
- ဒါဆို ရှင့်အမြင်ကရော။
ကျမအမြင်မှာက တရုတ်ပြည်ဟာအိမ်နီးချင်းဖြစ်တယ်။ ကျမတို့အိမ်နီးချင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိဖို့ ရည်ရွယ်ပါတယ်။
- မြန်မာပြည်ကို တကယ်ပဲပြောင်းလဲနိုင်မယ်လို့ ထင်လား။ ပြည်သူတွေရဲ့ နေထိုင်မှုဘဝကို မြှင့်တင်လိုတယ်လို့ ရှင်ပြောတယ်လေ။
ကောင်းမွန်တဲ့အရာတွေအတွက် လုပ်စရာတွေကအများကြီးပါ။ ငြိမ်းချမ်းရေးနဲ့လုံခြုံရေးက စရပါမယ်။
- အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခြားက မကြာသေးခင်က အပစ်အခတ်ရပ်စဲရေးကို ရည်ညွှန်းတာလား။
လုံခြုံမှုဆိုတာ အပစ်အခတ်ရပ်စဲရေးတစ်ခုတည်း မဟုတ်ပါဘူး။ အဲဒါဟာ တရားဥပဒေစိုးမိုးရေးလည်း ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဘဝတွေဟာ လုံခြုံမှုရှိနေရပါမယ်။ ဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ဘယ်ဥပဒေကိုလိုက်နာရမယ်ဆိုတာ မသိခဲ့ကြဘူး။ ကျမတို့ တရားရုံးတွေကို သန့်ရှင်း စေချင်တယ်။ ကောင်းမွန်တဲ့ဥပဒေတွေရှိပေမယ့် အဲဒီဥပဒေတွေဟာ မှန်မှန်ကန်ကန်နည်းနဲ့ အကောင်အထည်ဖော်နေဖို့ လိုပါတယ်။
- နိုင်ငံတကာအသိုင်းအဝိုင်းက မွတ်ဆလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် ဆက်ဆံမှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်နေကြပါတယ်။
အဲဒါက ပြဿနာတစ်ခုပါ။ ကျမမငြင်းပါဘူး။ ဒါပေမယ့် ဒီနိုင်ငံမှာ အခြားပြဿနာတွေမရှိဘူးလို့ သူတို့ထင်နေတာကို အံ့သြတယ်။ ကျမတို့ နိုင်ငံမှာ ပြဿနာတစ်ခုတည်းပဲရှိနေတဲ့ပုံမျိုးကြည့်တာဟာ သိပ်ဆိုးပါတယ်။ ကျမတို့ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအကြောင်း စောစောက ပြောခဲ့တယ်နော်။ (၁၇)ဖွဲ့မှာ (၈)ဖွဲ့ပဲ လက်မှတ်ထိုးရသေးတယ်ဆိုတာ။ အဲဒီကိစ္စကလည်း ပြဿနာတစ်ခုပဲလို့ ကျမတို့ ထင်ပါတယ်။
- ရိုဟင်ဂျာတွေအတွက် စာနာသနားမှု ရှိသလား။
ကမ္ဘာပေါ်က ဒုက္ခခံစားနေသူ လူသားအားလုံးတိုင်းအတွက် ကျမစာနာသနားမှုရှိပါတယ်။ မြန်မာပြည်တစ်ခုတည်း မဟုတ်ပါဘူး။
- တစ်ချို့က လက်ရှိအစိုးရဟာ အစွန်းရောက်ဗုဒ္ဓဘာသာဘုန်းကြီးတွေကို အားပေးအားမြှောက်လုပ်နေတယ်လို့ ဆိုတယ်။ မဘသလိုမျိုးပေါ့။ မဲဆွယ်ကာလမှာ ပြဿနာတွေမီးလောင်လေပင့်ဖြစ်ဖို့နဲ့ မွတ်ဆလင်တွေကိုတိုက်ခိုက်ဖို့ ကိစ္စတွေမှာ။
ဘာသာရေးဝါဒဖြန့်မှုတွေအများကြီးသုံးပြီး မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်မှာ ကျမတို့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တိုက်ခိုက်မှုတွေရှိတယ်လို့ ကျမပြောပါရစေ။ ဒီအတွက်လည်း တရားဝင်တိုင်တန်းမှုတွေ လုပ်ခဲ့ပါတယ်။ တစ်ချို့နေရာမှာတော့ ရဲတွေဆီ အမှုဖွင့်ခဲ့ပါတယ်။
- NLD ကို မဲပေးရင် မြန်မာပြည်ဟာ အမျိုးဘာသာကွယ်ပျောက်သွားမယ်၊ မွတ်ဆလင်တွေက မြန်မာပြည်ကိုအုပ်ချုပ်သွားမယ်လို့ မဘသက လုပ်ကြံစွပ်စွဲခဲ့တယ်။
ဟုတ်တယ်။ ဒါက သိပ်ကိုမှားယွင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လုံးဝမညီပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဘာသာရေးကိုအသုံးမပြုရဘူးလို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ ဒါပေမယ့် အာဏာပိုင်တွေက ဒီဝါဒဖြန့်မှုတွေနဲ့ပတ်သက်ပြီး ဘာတစ်ခု မှ မကိုင်တွယ်ခဲ့ဘူး။
- ဒီလိုဝါဒဖြန့်တိုက်ခိုက်ပေမယ့်လည်း အလုပ်မဖြစ်ခဲ့တာ စိတ်ဝင်စားစရာပဲ။
နယ်စပ်နဲ့နီးတဲ့ တစ်ချို့နေရာတွေမှာတော့ အလုပ်ဖြစ်ခဲ့ပုံပေါ်တယ်။ ဒါပေမယ့် ဒါတွေဟာ မှားယွင်းတဲ့ဝါဒဖြန့်မှုဆိုတာ ပြည်သူတွေ နားလည်အောင် ကျမတို့ လုပ်ခဲ့ပါတယ်။
- လက်ရှိအစိုးရဟာ ပြုပြင်ပြောင်းလဲမှုတွေကနေ နောက်ပြန်လန်နေတယ်လို့ ထင်လား။
သူတို့က နောက်ပြန်လန်နေတာ အခုဆို နှစ်အနည်းငယ်တောင် ရှိနေပါပြီ။
- ဘယ်လိုပုံစံမျိုးလဲ။
Eleven Weekly ဂျာနယ်က အယ်ဒီတာတစ်ယောက်ပေါ့။ သူက ဒီမိုကရေစီရေးလှုပ်ရှားမှုကို အင်မတန်အားပေးသူတစ်ယောက် ပြီးခဲ့တဲ့ (၂) ရက်လောက်က လေဆိပ်မှာ ထွက်ခွာခွင့်ပိတ်ခံခဲ့ရတယ်။ နိုင်ငံခြားကိုအလည်အပတ်ထွက်တာလေ။ ဒီလိုမျိုးလုပ်တာ နည်းနည်းတော့ ထူးဆန်းတာပေါ့။
- တပ်မတော်ဘက်ကို ပြန်သွားရအောင်။ ရှင်တို့အစိုးရအတွက် သူတို့ရဲ့ Red Lines တွေက ဘာတွေဖြစ်မလဲ။ ရှင်တို့ရဲ့ Red Lines တွေ ကရော။
ဒီကိစ္စ အခုဆွေးနွေးလို့ မဖြစ်နိုင်ပါဘူး။ ကျမ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ပထမဆုံးတွေ့ရပါမယ်။
- လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စမျိုးလား။
ကျမတို့ကတော့ အမျိုးသားပြန်လည်ရင့်ကြားစေ့ရေးလို့ သုံးနှုန်းပါတယ်။
- သူတို့ပြုမူ ဆက်ဆံခဲ့တဲ့ပုံနဲ့ပတ်သက်ပြီး အင်မတန်ခါးသီးနေတဲ့သူတွေ ရှိနေမှာပဲလေ။
ခါးသီးမှုက ဘယ်သူ့ကိုအကူအညီဖြစ်စေလဲ။
- ဒါပေမယ့် ထောင်ကျတန်းကျဖြစ်ခဲ့ရတဲ့သူတွေအတွက်တော့ ပြောဖို့ခက်မှာပဲလေ။
ဘဝဟာ ခက်ခဲပါတယ်။ ကျမတို့တွေအားလုံး ထောင်ကျတန်းကျဖြစ်ခဲ့တာပဲ။ ထောင်ကျဖူးတဲ့ NLD ကလူတွေကို သူတို့တွေ အမြဲ ပြောခဲ့တာရှိတယ်။ ထောင်ကျသွားချင်သလား၊ ဘယ်နှစ်နှစ်ကြိုက်လဲ (၅)နှစ်လား၊ (၆)နှစ်လား၊ (၁ဝ)နှစ်လား၊ အနှစ် (၂ဝ)လားဆိုတာ။ NLD က ထောင်ကျခံနိုင်ပါတယ်။ အဲဒီသူတွေက ခါးခါးသီးသီးမရှိပါဘူး။ တစ်ချိန်က ခံစားခဲ့သူတွေဟာ တိုင်းပြည်အနာဂတ်အတွက် တည်ဆောက် ဖို့ ကိုပဲ စိတ်ဝင်စားပါတယ်။
- အခုကစပြီး လာမယ့် ၅နှစ်အတွင်း မြန်မာပြည်ကို ဘယ်လိုဖြစ်စေချင်သလဲ။
အခုရောက်နေတဲ့နေရာတော့ မဟုတ်ပါဘူး။ ကျမအမြဲစဉ်းစားတာက တိုင်းပြည်ရဲ့အနာဂတ်ဟာ မပြီးဆုံးတဲ့ဖြစ်စဉ်တစ်ခုပါ။ လက်ရှိရောက် နေတဲ့နေရာထက် ပိုပြီးခရီးရောက်တဲ့နေရာကို ရောက်စေချင်ပါတယ်။
- လျှပ်စစ်မီးကလည်း ဒီမှာ ပြဿနာတစ်ခုပဲနော်။ ခဏခဏ ပျက်လိုက်၊ လာလိုက်။
မီးပျက်သွားတိုင်း ကျမပြောလေ့ရှိပါတယ်။ အဲဒါ မြန်မာပြည်ပဲလို့။ ဒါက ပုံမှန်ပဲ။ မီးပျက်သွားတဲ့ကိစ္စဟာ ကျမတို့ဆီက ပြဿနာတွေ အားလုံးထဲက တစ်ခုပါ။
- မြေယာပြုပြင်ပြောင်းလဲရေးကလည်း ဘယ်လောက်ကြီးမားလဲ။
လယ်ယာစိုက်ပျိုးရေးက ကြီးမားပါတယ်။ ကျမတို့ပြည်သူ (၇ဝ%) လောက်က ကျေးလက်မှာနေထိုင်ကြရတယ်။
- မြေပိုင်ဆိုင်မှုမရှိဘူးနော်၊ ဟုတ်လား။
ဖွဲ့စည်းပုံအရ နိုင်ငံတော်ကပဲမြေကိုပိုင်ပါတယ်။ မြေပိုင်သူတိုင်းဟာ အစိုးရခွင့်ပြုချက်နဲ့နေရပါတယ်။ လယ်သမားတွေဟာ မြေယာကို အခြေ ပြုပြီး ငွေချေးလို့မရဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့လိုပါတယ်။
- အခွန်စနစ်ကိုဖန်တီးပြီး မြေယာပိုင်ဆိုင်မှုလုပ်ဖို့ လိုသလား။
အခွန်ကောက်တာက ဒီနိုင်ငံမှာ ပြဿနာအကြီးအကျယ်ရှိနေတယ်။ အခွန်ယဉ်ကျေးမှု ကျမတို့ဆီမှာ မရှိခဲ့ဘူး။
- ဒါဆို ဝင်ငွေကို ဘယ်လိုမြှင့်မလဲ။
ပြည်သူတွေ ဘာ့ကြောင့် အခွန်ပေးရတယ်ဆိုတာနားလည်အောင် ကျမတို့အရင်လုပ်ရပါမယ်။ ပြည်သူ့အခွန်ငွေတွေဟာ ပြည်သူတွေအကျိုး အတွက် အသုံးပြုတယ်၊ နှစ်ပေါင်းများစွာဖြစ်နေတဲ့ အာဏာပိုင်တွေရဲ့အိတ်ထဲ အခွန်ငွေတွေရောက်မသွားဘူးဆိုတာ သက်သေပြဖို့လိုတယ်။
- ရှင်ပေးမယ့်အမွေက ဘယ်လိုမျိုးဖြစ်စေချင်လဲ။
ကျမ စတောင် မစရသေးဘူး။ ကောင်းမွေဆိုတာမပြောခင် ဘာတွေလုပ်ရမလဲဆိုတာ စောင့်ကြည့်ပါဦး။

Thursday, November 12, 2015

ထားထားပြီးတွေးမိတာ (မျိုးမြင့်ချို)

0 comments
ထားထားပြီးတွေးမိတာ (မျိုးမြင့်ချို)
အင်န်အယ်လ်ဒီအနေနဲ့ လွှတ်တော် ၂ ရပ်ကနေ ဒုသမ္မတလောင်း ၂ ယောက်တင်နိုင်ရုံမက လွှတ်တော်ဥက္ကဌတွေ၊ လွှတ်တော်က ဖွဲ့စည်းပေးတဲ့ နိုင်ငံတော်အဆင့်ကော်မတီတွေ/ကော်မရှင်တွေမှာလည်း ဦးစီးခွင့်ရတဲ့အပြင် သမ္မတအရည်အချင်းစစ်အဖွဲ့မှာဆုံးဖြတ်နိုင်ဖို့၊ ဖွဲ့စည်းပုံကြီးပြင်နိုင်ဖို့ စတဲ့စတဲ့ကိစ္စတွေအတွက် ဗောင်းလန်အောင်ပိုလျှံတဲ့အမတ်အရေအတွက်ရပြီး ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့နိုင်သွားပြီလို့ပဲ ထားပါ။ ရွေးကော်ဗိုလ်တင်အေးရဲ့လုပ်ပိုင်ခွင့်နဲ့ လှည့်ကွက်တွေရယ်။ သမ္မတဗိုလ်သိန်းစိန်ရဲ့အကြောင်းပြန်ချက်ပါ ကော်မရှင်၏ရွးကောက်ပွဲဆိုင်ရာလုပ်ငန်းများပြီးဆုံးချိန်တွင် ဆိုတာတွေကိုလည်း ခနဘေးဖယ်ထားပါ။ လွှတ်တော်အသစ်၊ အစိုးရအသစ်ဆိုတာတွေလည်း ခနထားပါ။ အားလုံးကို သံသယနဲ့မကြည့်ပဲ၊ ထားပါနဲ့ထားပြီး သွေးရိုးသားရိုးမြင်တယ်ဆိုရင်တောင် ကြိုတွေးစရာတချို့ ရှိနေပါတယ်။

ဒီနေရာမှာ အင်န်အယ်လ်ဒီကိုပဲ “တည်” ပြောမှာမို့ ဒီမိုကရေစီအင်အားစုများဆိုတဲ့ဝေါဟာရကို “ရှောင်”သုံးပါရစေ။

အောင်မြင်တာ မမြင်တာအသာထား ပြီးခဲ့တဲ့စစ်လွှတ်တော်မှာ လူထုအတွက်တိုင်းပြည်အတွက် တစုံတရာအကျိုးရှိနိုင်မယ့်အဆိုတချို့ကို NLD အမတ်တွေ တင်ခဲ့တာရှိပါတယ်။ အကုန်လိုလို အဟောသိကံဖြစ်ရပါတယ်။ ဒီမိုကရေစီဆိုတာ လူများစုအဆုံးအဖြတ်အတိုင်းတည်ရတာမို့ အရေအတွက်ဟာ အလွန်အရေးပါပါတယ်။ သူ့တို့အဆိုတွေရှူံးတာ သူ့တို့စကားနဲ့ပြန်ပြောရရင် ဒီမိုကရေစီကျတာပါ။ လက်ခံလိုက်ရပါတယ်။ ဒီနည်းနဲ့ ဗိုလ်ရွှေမန်းဇာတ်စီးတဲ့လွှတ်သဘင်က ပြည်ကျိုးပြုဥပဒေတွေထက် စစ်အုပ်စုက ဘက်ပေါင်းစုံကနေ တရားဥပဒေနဲ့အညီအမြတ်ထုတ်နိုင်တဲ့ဥပဒေတွေ ပြဌာန်းသွားတာ လူတိုင်းအသိပါ။

ဒီနေရာမှာ ၂ဝဝ၈ ဖွဲ့စည်းပုံထဲက သီးသန့်ကန့်သတ်ပုဒ်မကြီးတွေပြင်ချင်ရင် အဆိုတင် ၂ဝ ရာခိုင်နှုန်း အရင်ထောက်ခံ၊ အဆိုထောက်ခံမဲပည့်လို့ ဥပဒေကြမ်းအတည်ပြုဖို့မဲခွဲဆုံးဖြတ်ရင် အမတ် ၇၅ ရာခိုင်နှုန်းထက်ကျော် ထပ်ထောက်ခံ။ ၇၅ ရာခိုင်နှုန်းကျော်လည်း ထောက်ခံတယ်ထားဦး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကြီးထပ်လုပ် အဲဒါကြီးကမှ တပြည်လုံးမဲပေးနိုင်သူရှိသမျှရဲ့ ၅၁ ရာခိုင်နှုန်းကျော် ထောက်ခံမဲလာပေး ဒါမှ ပြင်လို့ရမှာဖြစ်တယ်ဆိုတာရယ်သာမန်ပုဒ်မတွေပြင်ချင်တော့ ၇၅ ရာခိုင်နှုန်းထက်ကျော်ရင်ပင်လို့ရတယ်ဆိုတဲအပေါ်တွေမှာ လေးနက်ဖို့လိုမယ်ထင်ပါတယ်။ ပုဒ်မ ၄၃၆ ပြင်မယ်ဆိုတဲ့သဘောဟာ ဒါကိုပြင်ဖို့ပါ။ ဒါ့ကြောင့်မို့ ၄၃၆ ဟာ ကီး Key လို့ တံခါးမကြီးတို့ ဂိတ်ပေါက်တို့ သော့တို့ဆိုပြီး တင်စားပြောဆိုကြတာပါ။ ဒါတောင် လွှတ်တော်ရှိတဲ့အကြိမ်တိုင်း အမတ်စေ့ခုံစေ့ အပျက်အကွက်မရှိတက်နေတာလို့ထားပြီး တွက်တာပါ။ စစ်အမတ်တွေကတော့ အမြဲတမ်း ခုံပြည့်လူစေ့ရှိနေမှာပါ။ ၂၅ ရာခိုင်နှုန်း ဝင်ထိုင်နေတာ ဒါအတွက်ပါ။ ခုလည်း စစ်အမတ်အစိတ်သားဟာ ထိုင်ခုံမြဲနေဆဲပါ။ စစ်အမတ်ဆိုတာ ပြောင်းစရာပါတီမရှိပါ။ ပါတီပြောင်းလို့ မရပါ။ တသီးပုဂ္ဂလ လို့မရပါ။ နိုင်ငံရေးအမတ်က ပါတီရှိပါတယ်။ ပြောင်းလို့ ရပါတယ်။ တသီးလည်း ပုဂ္ဂလချင် ဂလလို့ရပါတယ်။

နောက်တချက်က လွှတ်တော်တွင်းမဲပေးနည်းပါ။ ဒါလည်း လေးနက်ရမှာပါ။ လျှို့ဝှက်မဲပေးနည်းက အဓိကပါ။ မတ်တပ်ထရပ်ပြပါတို့၊ လက်ထောင်ပြတို့၊ အသံပြုပါတို့ ခုထိ မရှိသေးပါ။ လွှတ်တော်မဲပေးနည်းကျင့်ထုံးဘာညာတွေမှာတော့ အဲ့ဒါမျိုးတွေရှိသလားမပြောတတ်ပါ။ ရှိဦးတောင် လျှို့ဝှက်မဲပေးနည်းက အခြေခံအကျဆုံးနည်းဖြစ်သလို အဓိကအဆုံးအဖြတ်ကြီးတွေပေးရာမှာ သုံးနေရဦးမှာပါ။ စက်ခလုပ်နဲ့ပးရတဲ့ လျှို့ဝှက်မဲစနစ်အမှန်ဆိုရင်၊ ဘယ်သူကမှ ခိုးကြည့် ချောင်းကြည့် ထိန်းချုပ်တာမျိုးလုပ်မရအောင်စီစဉ်ထားတာဆိုရင် မဲပေးရတာ ပိုတောင်မှလွတ်လပ်သလို လူလည်း မသိနိုင်ပါ။ လက်ပ်ါဖို့လည်း ခက်ပါတယ်။

လူတန်းစားအဘိဓမ္မာနဲ့တည်ဆောက်ထားတဲ့ပါတီတွေမှာတောင်မှ အကြောင်းအမျိုးမျိုးနဲ့ အတွေးအခေါ်ပြောင်း ဘက်ပြောင်း ရပ်တည်သွားကသူတွေ အနမတဂ္ဂပါ။ အကျိုးစီးပွားနဲ့အဆက်အစပ်မို့ နားလည်ရလွယ်ပါတယ်။ ဒီမိုကရေစီလို့ဆိုတဲ့ပါတီတွေမှာတော့ ဒါဟာ စကားလုပ်ပြောနေစရာတောင်မလိုပါ။ ပါတီပြောင်းတာအပြင် ပါတီတခုကနေဝင်အရွေးခံ ပါလီမန်ထဲရောက်တော့မှ နောက်တခုပြောင်းတာ၊ တသီးပုဂ္ဂလအဖြစ် ရပ်တည်တာ၊ ပါတီသစ်ထောင်တာတွေလည်း ဒုနဲ့ဒေးပါ။ ဝေးဝေးမကြည့်ပါနဲ့။ လက်ရှိလွှတ်တော်အခင်းအကျင်းကိုကြည့်ရင် မြင်သာပါပြီ။ နိုင်ငံရေးသမားဘက်ပြောင်းတာ သိတ်ဆန်းတဲ့ကိစ္စမဟုတ်ပေမယ့် များရာစုမဲနဲ့အဆုံးအဖြတ်တွေအတည်ပြုရတဲ့အမတ်ကြတော့ ကိစ္စရှိပါတယ်။ ရှိတာမှ အကြီးကြီးပါ။ ဒီနေရာမှာ အမတ်ကို နိုင်ငံရေးသမားလို့မြင်တာထက် လွှတ်တော်ထဲက မဲတမဲလို့မြင်ရင် ကွက်ကွက်ကွင်းကွင်း ပိုဖြစ်မလားတွေးမိပါတယ်။ အမတ်ကို သူ့မဲဆန္ဒနယ်က မဲပေးနိုင်သူ ဘယ်နှရာခိုင်နှုန်းအားနဲ့ ပြန်ဖြုတ်ချလို့ရနိုင်တယ်ဆိုပေမယ့် ဒါက ဆောက်ဖြစ်မှ ကျောင်းဒကာပါ။

ခု NLD ကနေဖြစ်လာတဲ့အမတ်ထဲမှာ သူ့လူဘယ်လောက်ပါသလဲ။ ဘယ်လောက်မြှုတ်ထားလဲ လောလောဆယ် လက်မပေါ်သေးလို့ မသိရသးပါ။ လွှတ်တော်ထဲရောက်ခါမှ ခုန်မယ့်သူ ဘယ်လောက်ရှိမလဲ ဒါလည်းမပြောနိုင်သေးပါ။ လွှတ်တော်ထဲမှာ ခုန်လည်းမခုန်ဘူး ဗြောင်လည်း ဘက်မပြောင်းဘူး၊ ပါတီထဲမှာလည်း ကန့်လန့်မတိုက်ဘူး ဒါပေမယ့် မဲခွဲဆုံးဖြတ်ရတဲ့အခါကြမှ လက်သိပ်ထိုးခြေပုန်းခုတ်ပြီး ဆန့်ကျင်ဘက်မဲပေးမည့်သူ ဘယ်နှယောက်ရှိလာနိုင်မလဲ ဒါလည်းမပြောနိုင်သေးပါ။ တစုံလုံးအပေါ်တော့မဟုတ်ပဲ တင်လာမယ့်ဥပဒေ တခုချင်းစီလိုက်ပြီး ဈေးကစားရင်း အရောင်းအဝယ်တည့် တည့်သလို မီးစဉ်ကြည့်ကမယ့် အမတ်ရော မရှိနိုင်ဘူးလား ဒါလည်းပြောမရပါ။ နောက်တခုက ကိုယ့်အမတ်တော့ ကိုယ့်အမတ်အစစ်ပဲ ဒါပေမယ့် ကိုယ့်လူတင်လာတဲ့ဥပဒေကို တကယ့်ကိုမနှစ်ခြိုက်တာနဲ့ ကန့်ကွက်မဲပးမယ့်သူရော ပေါ်မလာနိုင်ဘူးပြောနိုင်မလား ဒါလည်း ထည့်တွေးစရာပါ။ နောက်ထပ် ချင့်တွက်စရာတွေလည်း ရှိလာဦးမယ်ထင်ပါတယ်။ ဘာတွေပဲဖြစ်ဖြစ် လွှတ်တော်တက်အမတ်တွေ ဥပဒေတခုခုကိုမဲခွဲဆုံးဖြတ်တဲ့အခါ များရာစုဘက်ကိုပဲအနိုင်ပေးရမှာပါ။ ဒါ့ကြောင့် အမတ်ကို လူလို့မ့မြင်ပဲ မဲလို့ကြည့်ဖို့တွေးရတာပါ။

ဒါမျိုးတွေ ဖြစ်လာမစိုးလို့ NLD မဟုတ်တဲ့လူတွေ အမတ်လောင်းစာရင်းလာတင်တာကို အားလုံးနီးပါးပယ်ချပြီး ကိုယ့်သြဇာငြောင်းမယ့် မီးသေမယ့်သူတွေချည်းရွေးပြီး လူမကြည့်နဲ့ပါတီကြည့်လုပ်ခဲ့တာလို့ပြောရင်လည်း မမှားတန်ဘူးထင်ပါတယ်။ တကယ်သေမသေ ငြောင်းမငြောင်းကတော့ ပြောဖို့စောပါသေးတယ်။

ခုကျနော်တွေးမိတာတွေက အပေါ်ဆုံးမှာပြောခဲ့သလို “ထားပါ” “ထားပါ”တွေနဲ့ ထားထားပြီး တွေးမိတာတွေဖြစ်ပါတယ်။ ထားလို့ မရတာတွေလည်း ရှိလာနိုင်ပါတယ်။ အဲ့ဒီအထဲမှာ “ရွေးကောက်ပွဲကော်မရှင်ရဲ့အဆုံးအဖြတ်ဟာအတည်ဖြစ်ပြီး လူတိုင်း လိုက်နာလက်ခံရမှာဖစ်သလို စစ်တပ်ကလည်းလက်ခံလိုက်နာမယ်”လို့ သေနတ်ခါးချိတ်ပြီးပြောတဲ့မင်းအောင်လှိုင်ရဲ့စကားက ထိပ်ဆုံးကပါပါတယ်။
မျိုးမြင့်ချို နိုဝင်ဘာ ၁၂ ရက်၊ ၂ဝ၁၅


Tuesday, November 10, 2015

ဒေါ်စုတရားခံမဟုတ်ပါ (မျိုးမြင့်ချို)

0 comments
ကျမက သမ္မတအထက်မှာနေမှာဆိုတဲ့စကားကို ဒေါ်စု ဘာရည်ရွယ်ချက်နဲ့ လူသိရှင်ကြားပြောခဲ့သလဲကို ကျနော်သဘောမပေါက်ပါ။ သူ မပြောလည်း သူဟာ အင်န်အယ်လ်ဒီရဲ့ Policy Maker and Decision Maker မှန်း လူတိုင်း သဘောပေါက်ပါတယ်။

နောက်တချက်က ပါတီခေါင်းဆောင်တိုင်း သမ္မတတွေဝန်ကြီးချုပ်တွေမလုပ်ကြ မဖြစ်ကြဦးတောင် သူ့ပါတီကဖြစ်သွားတဲ့ သမ္မတ/ဝန်ကြီးချုပ်၊ သူ့ပါတီအစိုးရစတာတွေဟာ မိခင်ပါတီရဲ့ဦးဆောင်မှု လမ်းညွှန်မှု ပေါ်လစီတွေကိုအကောင်အထည်ဖော်ရုံတင်မက ပါတီရဲ့စည်းမျဉ်းစည်းကမ်း အထက်အောက်နာခံမှု တာဝန်ခံမှုတာဝန်ယူမှုတွေရှိကြရစမြဲပါ။

ဒေါ်စု ဘာလို့ အဲ့သလိုပြောရသလဲကို ကျနော် နားမလည်ပေမယ့် ဒီစကားပြောလိုက်လို့ စစ်တပ်ကရမယ်ရှာပြီး အာဏာသိမ်းလိမ့်မယ်ဆိုပြီး လူထုကို သွယ်ဝိုက်ခြိမ်းခြောက်တဲ့သဘောဆန်ဆန် အကောက်အယူနဲ့ အပြောအဆိုကိုတော့ လုံးဝလက်မခံပါ။

စစ်တပ်ဟာ အာဏာနဲ့ယဉ်ပါးလာတာကြာပါပြီ။ အာဏာနဲ့ သူဌေးဖြစ်နည်းဖေါ်မြူလာကို ကိုင်တွယ်ကျင့်သုံးနေတာပါ။ စစ်တပ်အာဏာမဲ့သွားရင် ဒါမှမဟုတ် အာဏာချိနဲ့သွားရင် သူတို့လည်ပင်းပေါ်စွပ်လာမယ့်ကြိုးကွင်း ဘယ်နှကွင်းမှန်း ကျနော်တို့ထက် သူတို့ပိုသိပါတယ်။ အာဏာနဲ့ပတ်သက်ရင်း ငမ်းငမ်းတက်သလို မလုပ်ဝံ့မလုပ်ရဲမလုပ်ရက်တာ ဘာမှမရှိပါ။

ဖဆပလ မကွဲလည်း၊ ဦးနုနံမည်ကောင်းယူပြီး စာ ၂ စောင်ပြ နိုင်ငံရေးသူတော်စင်မလုပ်လည်း ဆိုရှယ်လစ်တပ်မှူးတွေလွှတ်ပြီး အာဏာအေးဓမြတိုက်တာ အသာတကြည်ထုတ်မပေးရင် ဗိုလ်နေဝင်း အာဏာလုမှာပါ။

တောင်ကြီးညီလာခံတို့၊ ဖက်ဒရယ်လ်ကိစ္စတို့၊ ၁ဝ နှစ်ကြာပြီးခွဲထွက်ရေးကိစ္စတို့ မပြောလည်း ချောက်ထဲကျဖို့အကြောင်းပြချက်က ရှိထားပြီးသားပါ။

ခေါင်းဖြတ်လူသတ် ဂိုဒေါင်ဖေါက် ကုန်သွယ်ရေးရုံးကတပ်စု သေနတ်အသိမ်းမခံရလည်း ဗိုလ်စောမောင် ဗိုလ်ခင်ညွန့်တို အာဏာသိမ်းဖို့ ရက်ရာဇာရွေးပြီးသားပါ။

ဦးကြည်မောင် နူးရင်ဘာ့ဂ်ကိစ္စမပြောလည်း ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီကို အာဏာမလွှဲရေးသဘောထား ရှိထားနှင့်ပြီးသားပါ။

လူထုလက်ထဲက တိုင်းပြည့်အာဏာကို စစ်တပ်က မတရားသိမ်းပိုက်ရင် သိမ်းပိုက်တဲ့စစ်တပ်သာ တရားခံပါ။ သူ ကျူးလွန်ခဲ့သမျှအစုစုအတွက် သူသာ တရားခံပါ။

ဦးကြည်မောင် တရားခံမဟုတ်ပါ။
ဒေါ်အောင်ဆန်းစုကြည် တရားခံမဟုတ်ပါ။
၂ဝ၁၅၊ နိုဝင်ဘာ ၁ဝ ရက်။

ဦးကြည်မောင်၊ နူးရင်ဘာ့ခ်နှင့်ဥပဒေစိုးမိုးရေး (မျိုးမြင့်ချို) ၂ဝ၁၃ ဇန်နဝါရီ ၂ ရက်

0 comments
ဦးကြည်မောင်၊ နူးရင်ဘာ့ခ်နှင့်ဥပဒေစိုးမိုးရေး (မျိုးမြင့်ချို) ၂ဝ၁၃ ဇန်နဝါရီ ၂ ရက်
မနေ့က (ဆရာ)ဇော်ဇော်အောင်၏ “ကျနော်သဘောမတူပါ”ကိုဖတ်နေရင်း ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးစအချိန်ကို စိတ် ပြန်ရောက်၏။ ထိုကြားဖြတ်ရွေးပွဲပြီးစက မိတ်ဆွေတစ်ဦး၏ မေးပြောပြောသည့်စကားကိုလည်း ပြန်တွေးမိ၏။ ထိုမိတ်ဆွေက ခုမှ ကောက်ကာငင်ကာ “အမေစု” ဖြစ်သူမဟုတ်ပဲ “အန်တီစု”ခေတ်က စကာ နိုင်ငံရေးကို ခရီးသွားဟန်လွှဲစိတ်ဝင်စားသူခဲ့ဖြစ်၏။ ထောင်တန်းအကျခံပြီးလုပ်နေကြသူ တွေကိုကျတော့“နိုင်ငံရေးစိတ်ဝင်စားလို့၊ နိုင်ငံရေးဝါသနာပါလို့”လုပ်နေသူတွေအဖြစ်မျှသာ သဘောထားသူဖြစ်၏။ သူနှင့်ကျနော် ခု ပြန်ဆုံ တော့ အနှစ်(၂ဝ) ကျော်လာခဲ့ပြီ။ သို့သော် သူ့နိုင်ငံရေးသက်က သူ့ လူ့ အသက်အရွေ့ကို မေ့နေဟန်တူ၏။ ခုတော့ သူလည်း “အမေစု”။ သူ့ဘာသာ “အမေ”ဖြစ်ဖြစ် “အန်တီ”ဖြစ်ဖြစ်အရေးမကြီး။ အရေးကြီးသည်က သူ့ စကားများ။ စကားဆိုသည်က နောက်ကွယ်တွင် တရားရှိ၏။ ယခု ပြောချင်သည်က ထို တရား။

(၉ဝ)ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီထံ အာဏာမလွှဲခဲ့သည့်အပေါ် သူနှင့်မိမိ အတိုင်းအတာတခုအထိ အမြင်တူခဲ့ဖူး၏။ (၂ဝ၁၁) ကြားဖြတ်ရွေးကောက်ပွဲလည်းပြီးရော “အဲ့ဒီတုန်းက ဦးကြည်မောင်က ဦးခင်ညွန့်ကို နူးရင်ဘာ့ခ်ခုံရုံးတင်မယ် သွားပြောတာကိုး၊ ပြီးတော့… အာဏာကလည်း မက်သေး”ဟု ဖြစ်ကာ လေသံပြောင်းသွား၏။ ဒါက တစ်ခု။

“အမျိုးသားပြန်လည်သင့်မြတ်ရေးပြောနေပြီး အရင်အစိုးရလုပ်ခဲ့တာတွေကို ပြန်ဖော်ထုတ်ရမယ်ပြောနေတာတော့ မဟုတ်သေးဘူးနဲ့တူတယ်။ ကျနော်ကတော့ နားလည်ပါတယ်။ ခင်ဗျားတို့ဖြစ်နေတာက မဟောသဓာနဲ့ကေးဝဋ်ပုဏ္ဏားလို …….”ဟုစကားခံကာ “ချေ ၂ ချေ”တရား ဟော၏။ ဒါက နောက်တစ်ခု။

“ခေတ်က ပြောင်းနေပြီဗျ၊ ချမဟဲ့ဆော်မဟဲ့ လုပ်ရမှာမဟုတ်ဘူး၊ တိုင်းပြည်ကို ဆန္ဒပြပွဲနဲ့သေနတ်နဲ့တည်ဆောက်လို့မရဘူးဗျ” ဆိုကာ ပညာခေတ်အကြောင်း ပညာပေး၏။ ဒါကလည်း နောက်ထပ်တစ်ခု။

ထိုမိတ်ဆွေ၏ “အာဏာမက်နှင့်နူးရင်ဘာ့ခ်”ကို ကျနော်က “ဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာ”အဖြစ်မြင်ထား၏။ ဦးကြည်မောင်သည် “အာဏာပြဿနာနှင့်ဥပဒေစိုးမိုးရေး”ကို တစ်ခုတည်းအဖြစ်တွဲမြင်သူဟု ကျနော်က အမှတ်ပြုယုံကြည်သူဖြစ်၏။ ထို့ကြောင့် ထိုကိစ္စ သက်သက်ကွက်၍ ဤနေရာပြောချင်လာ၏။ ကျန်ကိစ္စများကိုတော့ နောင်တွင်ပြောမည်တွေး၏။

အရင်ဆုံး (၉ဝ)ရွေးကောက်ပွဲကို ပြောချင်၏။ နောက်ခံများသိကြပြီးသားမို့ ပြောရေးမချဲ့လိုတော့။ (၉ဝ) ပြည့်ရွေးကောက်ပွဲကို အင်န်အယ်လ်ဒီ ဝင်ခဲ့သည်က အာဏာ(၃)ရပ်လုံး လွတ်လွတ်ကျွတ်ကျွတ် ရနိုင်ခြေရှိမှုအောက်က ဝင်ခဲ့ခြင်းဖြစ်၏။ တနည်းပြောရလျှင် အစိုးရဖွဲ့၊ လွှတ်တော် ခေါ်၊ ဥပဒေပြုဖို့(ဖွဲ့စည်းပုံဆွဲ)ဖြစ်၏။ အလွန်ရှင်း၏။ ထွေပြားစရာ ဘာမှမရှိ။ သို့သော် ဝေဝါးခဲ့ကြသည်ထင်၏။ ထိုအချိန်က နှစ်ဘက်စလုံးတွင် ပြဿနာ၏အရင်းတရားကို “ဘာမှန်း”သေချာသိမြင်သူများလောက်သာ ဗူးလုံးနားထွင်းခဲ့ကြ၏။ အချို့က “အာဏာမမက်”တို့၊ “အာဏာလိုချင် လို့မဟုတ်”တို့၊ “အမျိုးသားနိုင်ငံရေး”တို့ဟုဆိုကာ အမောင်တောင်မြောက်မကွဲခဲ့ကြ။

တကယ်တမ်းအရင်းခံက “အာဏာပြဿနာ”။ ထို့ကြောင့် “အာဏာလွှဲပေး”ဟု တင်းတင်းရင်းရင်း မပြောဝံ့သူတို့လည်းရှိခဲ့ကြ၏။ ပြောဝံ့သူက ပြော၏။ သို့တိုင် မိမိဘက်က တချက်ကလေးတွေဝေလိုက်သည်နှင့် သူ့ဘက်ကလက်ဦးမှုယူကာ တစ်သက်စာနာလံမထူအောင် ချေမှုန်း ပစ်လိုက်၏။ ထိုတွင် အာဏာရယူရေးမျှော်မှန်းချက်နှင့် ဝေးသွားတော့၏။ ဗမာ့လက်တွေ့နိုင်ငံရေး၏လက်သည်မှာ အာဏာပြဿနာမှန်း ဦးကြည်မောင်လိုခေါင်းဆောင်တချို့က အလွန်အလေးအနက်ထားခဲ့၊ သိခဲ့ကြ၏။ ဦးကြည်မောင်ထိုသို့သိမှန်း စစ်ဗိုလ်တွေကလည်းသိထား၏။ ဤတွင် ယိုးမယ်ဖွဲ့ဖို့ရမယ်ရှာတော့ ဦးကြည်မောင်ကို တွေ့၏။ အမှန်က ဤကိစ္စသည် ဦးကြည်မောင်နှင့်မဆိုင်၊ အာဏာနှင့်သာဆိုင်၏။ ဦးကြည်မောင်ကိစ္စမဟုတ်။ “အာဏာကိစ္စ”။ ဤမျှ သိသိနှင့်မျက်စေ့စုံမှိတ်ကာ ထို(၉ဝ)ရလဒ်ကို နိုင်ငံ့သမိုင်းထဲမှာပဲ ထားထား၊ နိုင်ငံတော် ပြန်တမ်းထဲမှာထားထား၊ ထားလို့ရ၏။ ထားသူတို့ ထားခဲ့လိုက်ကြပြီဖြစ်၏။ ထားခဲ့ပြီမို့ ပြောနေစရာမလို ဆိုလျှင်တော့မဟုတ်သေး။ ခုတောင် ပြောရပြီမဟုတ်လား။

(၂ဝ၁၂)ကြားဖြတ်ဝင်တာကျတော့ အာဏာယူဖို့မဟုတ်တော့။ ယူချင်လို့မရတော့။ အာဏာရနိုင်ခြေရှိမှုအောက်ကဝင်ခဲ့တာ မဟုတ်တော့။ ရှိနေသည့်အစိုးရကိုအသိအမှတ်ပြု၊ ဆွဲပြီးသားဖွဲ့စည်းပုံကိုကာကွယ်စောင့်ရှောက်၊ ဖွဲ့ပြီးသားလွှတ်တော်ထဲ အိမ်ဖြည့်သဘောဝင်ထိုင်ပေးဖို့။ မိမိဘက်က ဤမျှသာ။ (“ဒီ့ထက်မက”ဆိုသူများလည်း ရှိနိုင်ပါ၏) သူ့ဘက်ကကြတော့ ခိုင်၏။ ချည်ပြီးသားတုတ်ပြီးသား။ “လေးစားလိုက်နာ ဖြစ်ဖြစ်၊ ကာကွယ်စောင့်ရှောက်ဖြစ်”အရေးမကြီး။ ဒါတောင် နောက်ဆုံး “ကာကွယ်စောင့်ရှောက်”နှင့် အနိုင်ပိုင်း ခံလိုက်ရသည်မဟုတ်လား။ ဒီ့မတိုင်ခင်ကလည်း တင်ရေး/မတင်ရေးအစတွေ ပလူပျံအောင်ထွက်လာ၏။ နောက်ဆုံး တင်ရေးက ပေါက်ကောင်ပွင့်ခဲ့၏။ တခါ မှတ်ပုံတင် ပြီး ကြားဖြတ်ဝင်မယ်ဆိုတော့ မဝင်ခင်မှာ ဝင်-ပြင် နှင့် ပြင်-ဝင် အကြိတ်အနယ်။ နောက်ဆုံး ဝင်-ပြင်လိုင်းကျ၏။ အမှန်က ဝင်-ပြင်နှင့် ပြင်-ဝင်တွေတို့သည် တင်/မတင်ကာလကပင် အစပျိုးပြီးသား။ ဒီလိုနှင့် ဖွဲ့စည်းပုံပြင်ရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းစစ်ရပ်စဲရေးကြွေးကြော်သံနှင့် လွှတ်တော်ထဲဝင်သွား၏။ ပြည်တွင်းစစ်မီးလည်းတောက်ဆဲ၊ ၂ဝဝ၈ ဥပဒေလည်းစိုးမိုးဆဲ၊ ဖွဲ့စည်းပုံလည်း ပုံမပျက်ရှိနေဆဲ။

ဆိုတော့ ကြားဖြတ်ဝင်ခြင်းသည် အာဏာကိစ္စလို့ တိတိပပပြောဖို့ခက်၏။ သူ့စိတ်ကြိုက်တည်ဆောက်ပြီး၊ အထိုင်ချထားသည့်အာဏာကို ဖြိုချဖို့အသာထား ထိပါးလို့ပင်မရသေး။ သည်အနေအထားမှာ “အာဏာစကား”ပြောလို့မဖြစ်။ “အာဏာလွှဲပေး”ပြောလို့မရ။ ဒီတော့ “စစ်ဗိုလ် တွေနဲ့တည့်အောင်ပေါင်း”ပဲ ပြောရတော့မည်။ ခု “သမ္မတဖြစ်ချင်သည်၊ အာဏာလိုအပ်သည်”ဟုပြောင်းလာ၏။ ကောင်း၏။ ကြိုဆို၏။ ထို စကားက အနှစ်နှဆယ်ကျော်အကြာကပင် ကြားချင်သည့်စကား။ စိတ္တဇနာမ်ဖြစ်သော၊ စစ်တပ်ဝါဒဖြန့်စကားလုံးဖြစ်သည့် “အမျိုးသား နိုင်ငံရေး” ဆိုသည်ကိုလွှတ်ချပြီး “အစိုးရဖြစ်ချင်တယ်၊ အာဏာလိုအပ်တယ်” ကို အတိအလင်းထုတ်ပြောလိုက်သဖြင့် ရှင်းသွားပြီဟု ယူဆ၏။ အစိုးရဖြစ်ချင်ခြင်းနှင့် နိုင်ငံရေးအာဏာကိစ္စသည်“မက်”စရာမဟုတ်။ “လိုအပ်ချက်” သာဖြစ်၏။ သို့သော် ထို လိုအပ်ချက်နှင့် ဖြစ်ချင်သည့်သမ္မတအတွက် ကျော်နင်းရမည့်ကန်သင်းတို့ကား ထူထူပြောပြော။  

ဥပဒေပြုရေးဘက်ကကြည့်လျှင်လည်း (၉ဝ)တုန်းကလို “ဥပဒေပြုရေး”ပြောမရ။ “ဥပဒေစိုးမိုးရေး” ပြောင်းရ၏။ မပြောင်းလို့မရ။ ကိုယ့်ရွေးလမ်းနှင့်ကိုယ် ဖြစ်နေ၏။ သို့သော် ဘယ် ဥပဒေစိုးမိုးရေးလဲ။ ဘယ်ပုံစိုးမိုးအောင် လုပ်မလဲဆိုသည်ကတော့ သဲသဲကွဲကွဲမရှိလှ။ “တရား”ဥပဒေစိုးမိုးဖို့ဆိုလျှင် “စိုးမိုးမည့်” ဥပဒေသည် “တရားမှ”ဖြစ်မည်။ ဥပဒေစိုးမိုးသည့်လူ့အဖွဲ့အစည်း ကောင်းမှန်း လူတိုင်းသိသလို၊ ကောင်းသည့်(တရားသည့်) ဥပဒေစိုးမိုးမှ ဖြစ်ကြောင်းလည်း လူတိုင်းသိကြ၏။ ထို့ကြောင့် ဥပဒေစိုးမိုးရေးတွင် တိကျရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်လို၏။ သို့မဟုတ်လျှင် “ဘယ်သူပြုသည့် ဘာဥပဒေ၊ ဘယ်သူတွေအပေါ်စိုးမိုးမှာလဲ”ဆိုသည့် အမေးတို့နှင့်သာ လုံးလည်နေလိမ့်မည်ထင်၏။ ဥပဒေစိုးမိုးရေးနှင့်ဆိုင်သည့် (ဦး)အောင်ထူး-ရှေ့နေရေးသည့်စာကို ဤနေရာတွင် ကောက်နှုတ်ကိုးကားချင်၏။ သူက …. ဥပဒေစိုးမိုးရေး၏အခြေခံမှာ ပြစ်မှုကျူးလွန်သူကို အဓိကထားသည်။ တရားမျှတမှု၏အခြေခံမှာ ပြစ်မှုကျူးလွန်ခံရသူအား အဓိက ထားသည်။ ဥပဒေစိုးမိုးရေးကို တကယ်တန်းလိုက်နာကျင့်သုံးလျှင် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးကို ပေးရပါမည်။ ရှောင်လွှဲ၍မရပါ။ ပြစ်မှုကျူးလွန်သူအား အပြစ်ပေးရေးမူကိုကျင့်သုံးခြင်းမှာ ထိုသူအား အာဃာတထားလို၍မဟုတ်။ အပြစ်ပေးခြင်းအားဖြင့် ပြစ်မှုကျူးလွန်သူ ကိုယ်တိုင် နောင်တရသွား စေချင်သည့်အပြင် အခြားသူများကလည်းသင်ခန်းစာယူ၍ နောင်ကိုအလားတူပြစ်မှုများထပ်မံမကျူးလွန်စေရန် ဟန့်တားလို၍ဖြစ်သည်။ 

ပြန်ကောက်ရလျှင် ဖြစ်ခဲ့သမျှကိစ္စတို့သည် တရားဥပဒေစိုးမိုးရေးနှင့်အာဏာပြဿနာ။ ဦးကြည်မောင်က ထိုနှစ်ခုကို တစ်ခုတည်းဖြစ်မှန်း သေချာထားသူ။ (၉ဝ)ရွေးကောက်ပွဲအပြီး အာဏာ မအပ်ရတာက“နူးရင်ဘာ့ခ်”ကြောင့်ဟု ဦးကြည်မောင်အားလက်ညှိုးထိုးယိုးစွပ်သည့် “အာဏာမက်”သူတို့၏နှုတ်ထွက်စကားကို တရားလုပ်ပြောလာသောကျနော့်မိတ်ဆွေအား သေချာဃဏ ဖြစ်စေချင်လှ၏။

မျိုးမြင့်ချို (ဇန်နဝါရီ ၂ ရက် ၂ဝ၁၃)
လွှတ်တော်ထဲ (ဝင်)တာကအရင်၊ ဖွဲ့စည်းပုံ(ပြင်)တာကနောက်(ဝင်-ပြင်)။
ဖွဲ့စည်းပုံ(ပြင်)တာကအရင်၊ လွှတ်တော်ထဲ(ဝင်)တာကနောက်(ပြင်-ဝင်)။
စာကိုး- (ဦး)အောင်ထူး- https://www.facebook.com/ahtoo1