ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောကိုယ်တိုင်ရေးအထုပ္ပတ္တိ ပဉ္စမတွဲ၊ အခန်း(၈)
နယ်စည်းရုံးရေးဟောပြောပွဲများ
ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို နယ်များက
၁၉၆၁ ခုနှစ်၊ မေလပိုင်းမှစ၍ လာရောက်စည်းရုံးဟောပြောပေးရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ခွဲများဖွဲ့စည်းပေးရန်
ဖိတ်ကြားကြပါတော့သည်။
မြစ်ဝကျွန်းပေါ်ဒေသ (ပုသိမ်ခရိုင်)က ပထမဆုံး ဖြစ်ပါသည်။
ထို့နောက် မြစ်ဝကျွန်းပေါ်ဒေသများဖြစ်သည့် မအူပင်၊ ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ ဇလွန်စသည့်
မြို့များသို့လည်းကောင်း၊ ပဲခူးတိုင်းအတွင်း မြို့အတော်များများ - (ပဲခူး၊ ပြည်၊ ပေါင်းတည်၊
ရွှေတောင်၊ ကြို့ပင်ကောက်၊ မင်းလှ၊ လက်ပံတန်း၊ သာယာဝတီမြို့များ)သို့လည်းကောင်း၊ မန္တလေးတိုင်းအတွင်းလည်း
မန္တလေး၊ ကျောက်ဆည်၊ မြင်းခြံ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့်မြို့များသို့လည်းကောင်း၊
မော်လမြိုင်၊ ထားဝယ်၊ မြိတ်စသည့် မြို့ကြီးများသို့လည်းကောင်း ထိုနှစ် တနှစ်လုံးနှင့်
၁၉၆၂ ခုနှစ် နှစ်ဆန်းပိုင်းအထိ မရပ်မနားလှည့်လည်သွားခဲ့ရပါသည်။
ကျွန်တော်မှာ တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး
အမျိုးသားကော်မတီဥက္ကဋ္ဌလည်းဖြစ်နေသဖြင့် ထိုလုပ်ငန်းမှာလည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့်လည်းဆက်စပ်နေသဖြင့်
နယ်များတွင် ထိုအဖွဲ့နှစ်ဖွဲ့ကို တဖွဲ့တည်းလိုပင်သဘောထား၍ လှုပ်ရှားခဲ့ကြရပါသည်။
နယ်များတွင် ကျွန်တော်တို့သည် ည - လူထုတရားဟောပွဲများပြုလုပ်ကာ
ပြည်သူလူထုကြီးအား ပြည်တွင်းငြိမ်းချမ်းရေးအတွက် တောင်းဆို တိုက်ပွဲဝင်ရန်လှုံ့ဆော်စည်းရုံးဟောပြောရာ
တခါတရံ လူထုဆန္ဒပြပွဲကြီးများသဏ္ဌာန် ဖြစ်သွားတတ်ပါသည်။ မြစ်ဝကျွန်းပေါ်က တချို့ဒေသ များမှာ
ကျွန်တော်တို့အားလာရောက်ကြိုဆိုသည့်လူထုမှာ ကမ်းလုံးညွှတ်မျှပင် ဖြစ်ပါတော့သည်။ နယ်ဒေသအသီးသီးမှာရှိနေကြသည့်
နိုင်ငံရေးသမားများ၊ စစ်ပြန်ရဲဘော်များ၊ ပြည်သူ့ရဲဘော်များ၊ ကျောင်းသားများ၊ လက်လုပ်လက်စားဈေးသည်များ၊
တောင်သူလယ်သမားများ စသဖြင့် အလွှာပေါင်းစုံမှ လူထုများပါဝင်လှုပ်ရှားလာကြပါတော့သည်။
တချို့မြို့များတွင် မြို့လုံးကျွတ်မျှ ထွက်ကြိုဆိုကြပြီး
ကျွန်တော်တို့တတွေမှာ မြို့လယ်လမ်းမတလျှောက် လမ်းလျှောက်သွားရပြီး နှုတ်ဆက် ကြရပါသည်။
တချို့မြို့ရွာများတွင် ကျွန်တော်တို့ကိုကြိုဆိုသည့်အဖွဲ့များက ကြွေးကြော်သံများဟစ်ကြွေးပြီးကြိုဆိုရာ
လူထုဆန္ဒပြပွဲကြီး၊ လူထု စီတန်းလမ်းလျှောက်ပွဲကြီးသဏ္ဌာန် ဖြစ်သွားပါတော့သည်။
ကျွန်တော်တို့ ညပိုင်းဟောပြောပွဲများပြီးသွားလျှင် တချို့ရွာများက
တက်လာသည့်ပြည်သူများသည် မပြန်ကြဘဲ ကျွန်တော်တို့နှင့် တွေ့ဆုံခွင့် တောင်းကာ သူတို့ရဲ့အခက်အခဲပြဿနာများကို
တင်ပြပြောဆိုကြရာ တခါတရံ မိုးပင်လင်းသွားတတ်ပါသည်။
ကျွန်တော်သည် ဤညပိုင်း ဆွေးနွေးပွဲများကို အလွန်ပင်သဘောကျခဲ့ပါသည်။
နယ်ပြည်သူလူထုနှင့် ကျွန်တော် ပထမဆုံးအကြိမ် ရင်းနှီးစွာ နီးကပ်စွာတွေ့ဆုံထိတွေခဲ့ရပါသည်။
ဤလိုမျိုး ပြည်သူလူထု၏ ယုံကြည်ရင်းနှီးမှုအပြည့်ဖြင့် မိမိအား သူတို့စိတ်ဆန္ဒ၊ ခံစားချက်များကို
ဖွင့်ဟ ပြောဆိုခြင်းခံရသော မည်သည့်မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ်မဆို ထိုပြည်သူလူထုကြီးကို
မေ့ပျောက်နိုင်ခြင်းလည်းမရှိ၊ သူတို့၏ဆင်းရဲဒုက္ခကို ဖြေရှင်းပေးလိုစိတ်၊ စာနာစိတ်ကိုလည်း
မေ့ပျောက်နိုင်ခြင်းမရှိဘဲ ထိုပြည်သူများအတွက် ဘာပဲပေးဆပ်ရပေးဆပ်ရ၊ ပေးဆပ်ချင်သည့်
သန္နိဋ္ဌာန်မှာ ပိုမိုခိုင်မာ၍ပင်လာပါတော့သည်။ ပြည်သူလူထုသည် ဤမျှပင် အစွမ်းထက်ပါသည်။
ပြည်သူလူထုသည် ငြိမ်းချမ်းရေးကို လှိုက်လှိုက်လှဲလှဲ လိုလားကြပါသည်။
ပြည်တွင်းငြိမ်းချမ်းရေးသည် သူတို့၏ အဓိကပြဿနာဖြစ်နေသည် ဆိုသည်ကိုလည်း သဘောပေါက်ကြသည်။
စီးပွားရေး၊ နိုင်ငံရေးနှင့် သူတို့၏ကိုယ်ရေးကိုယ်တာပြဿနာအားလုံးသည် ဤငြိမ်းချမ်းရေး
ပြဿနာပေါ်တွင်တည်ရှိနေကြောင်း ပြောဆိုကြပါသည်။ မြစ်ဝကျွန်းပေါ်တွင် ကရင်အမျိုးသားများနှင့်လည်းတွေ့ခဲ့ရာ
ပြည်တွင်းငြိမ်းချမ်း ရေးနှင့်ပတ်သက်ပြီး သူတို့က လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း၊
ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးအနေနှင့် ဆက်တိုက်အောင်မြင်အောင် ဆောင်ရွက်ဖို့နှင့်
သူတို့အဖို့ ပြည်တွင်းစစ်ကြောင့် ရွာပျက်လျှင် မြို့ကိုကပ်နိုင်သူများမဟုတ်၍ အလွန်ဒုက္ခရောက်ကြရကြောင်း၊
ထို့ကြောင့် ငြိမ်းချမ်းရေးရအောင်ကြိုးစားကြပါလို့ အလွန်လှိုက်လှဲစွာ ပြောဆိုခဲ့ကြပါသည်။
ထို့ပြင် ကျေးလက်ဒေသများမှ ပြည်သူလူထု၏ ဆင်းရဲ ကျပ်တည်းမှုများသည် ကျွန်တော်တို့ထင်တာထက်
အများကြီး ပိုမိုဆိုးဝါးတာတွေ့ရပါသည်။ ပြည်သူလူထုသည် ထို ၁၃ နှစ်ကျော်ကာလ အတွင်း သူပုန်အမည်တပ်ပြီး
ဖြစ်ပွားခဲ့သော အဖိအနှိပ်၊ အထုအထောင်း၊ အခက်အခဲများကြားတွင် ကြီးစွာသောဇွဲနှင့် ရပ်တည်ခဲ့ကြရပါသည်။
ထို့ပြင် ကျေးလက်လူထုသည် အပြုတ်တိုက်ရေးဆိုတာကို အလွန်ရွံမုန်းပြီး၊ မနှစ်သက်တာကိုလည်း
တွေ့ရပါသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်း အဖြေရှာ၍
ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးကြွေးကြော်သံကို ထောက်ခံကြခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ ဤကဲ့သို့ လှည့်လည်ဟောပြောရာတွင် ကျွန်တော်နှင့်အတူ
ပုဂ္ဂိုလ် ၃-၄ ဦး အလှည့်ကျ လိုက်ပါကြပါသည်။ အများစု ပါကြသူများမှာ စာရေးဆရာကြီးဗန်းမော်တင်အောင်၊
ကျောင်းသားခေါင်းဆောင် ဦးလှဝင်း (နောင် မဆလခေတ် အထူးအရာရှိ)၊ ပြည်သူ့ရဲဘော် ခေါင်းဆောင်ဟောင်းများဖြစ်ကြသော
ဗိုလ်အုန်းတင်နှင့်ဗိုလ်အောင်နိုင်၊ ဦးသန့်ဇင် (တော်ဘုရားလေး)၊ ကျုံမငေး သခင်တင်မောင်စသူတို့
ဖြစ်ကြပါသည်။ တခါတရံ ရှေ့နေကြီးဦးထွန်းတင်လည်း ပါတတ်ပါသည်။ ကျွန်တော်တို့သည် နယ်များတွင်
ညတရားပွဲများကျင်းပရုံမက ထိုနယ်များတွင် ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ခွဲလေးများကိုလည်း
ဒေသခံနိုင်ငံရေးသမားများကိုအခြေခံ၍ ဖွဲ့စည်းပေးခဲ့ကြပါသည်။
ကျွန်တော်တို့တတွေ ဤကဲ့သို တိုင်းပြည်တဝန်း လှည့်လည်စည်းရုံးဟောပြောလုပ်ဆောင်ရာတွင်
ပြည်သူလူထုအများစုမှာ တခဲနက်ကြိုဆို ထောက်ခံအားပေးကြသော်လည်း၊ မနည်းလှသော အနှောင့်အယှက်၊
အဖျက်အဆီးများကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါသည်။ ကျွန်တော်တို့အားဖိတ်ခေါ်သည့် အဖွဲ့ထဲတွင်ရော၊
ကြိုဆိုဧည့်ခံသည့်အဖွဲ့ထဲတွင်ရော၊ တက်ရောက်လာသည့် လူထုပရိသတ်အတွင်းတွင်ရော၊ လမ်းခရီးတလျှောက်မှာရော
အထူးထောက်လှမ်းရေးများ၊ စုံထောက်များ၊ သတင်းပေးများ ပါနေတတ်ပါသည်။
ထိုသူများက ကျွန်တော်တို့၏ခရီးစဉ်များ အဆင်မပြေ၊ မချောမွေ့ရန်၊
အဖုအထစ်များဖြစ်ရန်၊ လူထုက ကျွန်တော်တို့အား ပြဿနာများ မတင်ပြရဲရန် အမျိုးစုံနှောင့်ယှက်ကြပါသည်။
တခါတရံ လူထုတရားဟောပြောပွဲများတွင်တပ်ဆင်သည့် စကားပြောခွက်များ အသံ မထွက်တထွက် ဖြစ်နေစေရန်မျိုး၊
တရားပွဲအနီးတွင်ကပ်၍ အငြိမ့်ကတာမျိုး၊ တရားပွဲကျင်းပရန်နေရာ ကျယ်ကျယ်ဝန်းဝန်းမရအောင်
လုပ်တာမျိုး၊ အဆောက်အအုံ (ဥပမာ-ရုပ်ရှင်ရုံများ)များ မငှားရမ်းရဲအောင် ပိုင်ရှင်များအားခြိမ်းခြောက်တာမျိုးစသဖြင့်
နည်းလမ်းပေါင်းစုံနှင့် နှောင့်ယှက်ကြပါသည်။
သို့သော် ပြည်သူများက ဒါတွေအားလုံးကို အန်တုရဲပါသည်။
ကျွန်တော်သည် ဤခရီးများသွားနေစဉ်အတွင်း ကျွန်တော် မသိသော ပြည်သူ အများအပြား၏ အကူအညီ၊
ထောက်ခံမှုများကို မရေမတွက်နိုင်အောင် ရရှိခဲ့ပါသည်။ တချို့သူများသည် ကျွန်တော့်နားကပ်၍
“ဘယ်သူဟာ စုံထောက်၊ သူ့ကို သတိထားပါ”ဆိုသည့်စကားမျိုး။ “နောက်တွဲမှာ စစ်စုံထောက်နှစ်ယောက်ပါတယ်”
ဆိုသည့်သတင်းမျိုး။ “ဘယ်သူကတော့ ဘယ်တုန်းက သစ္စာဖောက်ဖူးတယ်”ဆိုတာမျိုး ပြောကြပါသည်။
တချို့စာလိပ်ကလေးများ အိတ်ထဲထည့်ပေးလိုက်ပါသည်။ ကျွန်တော့်နား တိုက်ရိုက်မကပ်နိုင်သော်လည်း
ကျွန်တော့်နားပါသည့်တဦးဦးကို ပြောဆိုတတ်ကြပါသည်။ ဤနည်းဖြင့် ကျွန်တော်တို့သည် ထောက်လှမ်းရေး
များ၏ အန္တရာယ်၊ မိမိတို့အတွင်းဝင်၍လှုပ်ရှားနေသောသူများ၏အန္တရာယ်မှ အတော်အတန်လွတ်ကင်းခဲ့ကြရပါသည်။
နောက်ပိုင်းတွင်လည်း ဤအဖြစ်အပျက်မျိုး အများအပြား ကြုံခဲ့ရပါသည်။
ယခုနောက်ပိုင်း ကျွန်တော်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
ဒေါ်အောင်ဆန်းစုကြည်အကြောင်းများကို နိုင်ငံခြားရောက် ဗမာလူမျိုး များနှင့် တွေ့ဆုံဆွေးနွေးရင်း
“တချို့လူများက ဒေါ်အောင်ဆန်းစုကြည်က သိပ်လူကဲခတ်တော်တယ်။ တချို့ထောက်လှမ်းရေးတွေ၊ သူလျှိုတွေ
ဆိုရင် သူအရင်သိတတ်တယ်”လို့ ပြောကြပါသည်။ ဤတွင် ကျွန်တော်စဉ်းစားမိသည်မှာ သူ့ကိုလည်း
ကျွန်တော့်ကို ပြည်သူတွေက အနားကပ် ပြောကြသလိုပြောတာလည်းပါနိုင်ကြောင်း ထင်မြင်မိပါသည်။
နောက်တကြောင်း ကျွန်တော်စဉ်းစားမိသည်မှာ ကျွန်တော်တို့ လှုပ်ရှားလုပ်ကိုင်နေသောနိုင်ငံရေးမှာ
ပြည်သူလူထုအတွက်၊ လူထုအကျိုးစီးပွားအတွက်ဖြစ်လေရာ လူထုကိုဆန့်ကျင်သော၊ လူထုကို ရန်သူလိုသဘောထားသောသူများ
(ဥပမာ-ထောက်လှမ်းရေး၊ သူလျှို၊ သတင်းပေးများ)၏ အပြောအဆို၊ အပြုအမူများမှာ ဘယ်လောက်ပင်
ဟန်ဆောင်ကောင်းစေကာမူ၊ တကွက်မဟုတ်တကွက်မှာ ပေါ်လာတတ်ပါသည်။ ကျွန်တော့် အတွေ့အကြုံအရတော့
အထူးသဖြင့် လူထု၏ ဒုက္ခဝေဒနာကို မခံစားနိုင်၊ မစာနာနိုင်နှင့် လက်လွတ်စပယ်ပြောတတ်ဆိုတတ်၊
လုပ်တတ်ကိုင်တတ်သူများသည် လက်ရှိထောက်လှမ်းရေး သော်လည်းကောင်း၊ နောင်တနေ့ ဖောက်ပြန်သွားသူများသော်လည်းကောင်း
ဖြစ်နေတတ်ပါသည်။ ဗမာပြည်နိုင်ငံရေးမုန်တိုင်းကလည်း အလွန်ပြင်းထန်လေရာ အခြေခံစိတ်များ
တကွေ့မဟုတ်တကွေ့ ဖျတ်ခနဲဖျတ်ခနဲပေါ်လာတတ်ပြီး အဆင့်တဆင့်ရောက်သည့်အခါ သစ္စာဖောက်များ
ဖြစ်သွားကြပါတော့သည်။ နိုင်ငံရေးခံယူချက်ပြတ်သားပြင်းထန်ပါက၊ သတိအလွန်ထားပါက အတော်စောစောကပင်
လူတယောက်၏စိတ်နေစိတ်ထားကို အကဲဖြတ်နိုင်ပါသည်။ သို့သော်လည်း ကျွန်တော်၏အကဲဖြတ်ချက်များ
တခါတရံ မှားယွင်းတတ်သည် လည်း ရှိပါသည်။
0 comments:
Post a Comment